>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 16
ကြီးကျယ်ခမ်းနားသော ပွဲကို ပြင်ဆင်နေခဲ့သည် အမ်မာသည် မမျှော်လင့်စွာပဲသာမန်ဟင်းလျာများကိုသာတည်ခင်းလာခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမသည် လူနာ နှင့် အန်းသန့်စ်တို့၏ စကားများကိုခိုးနားထောင်ပြီး သူတို့အား တနေကုန် အာရုံစိုက်နေရသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အန်းသန့်စ်သည် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ စားသောက်ခဲ့သည်။ ထိုကဲ့သို့သောရိုးရှင်းသောဟင်းလျာများကိုသာ တည်ခင်းနိုင်မှုအတွက် ဘယ်ရွန်မြို့စား၏ ရံဖန်ရံခါတောင်းပန်မှုများကို အန်းသန့်စ်သည်ကိစ္စမရှိမကြောင်းပြောခဲ့၍ ၎င်းသည်လုံးဝပြဿနာမဟုတ်သလိုတုံ့ပြန်ခဲ့သည်။
"အင်း… ငါ အခုစဉ်းစားကြည့်မှ သိချင်နေတဲ့ဟာ တစ်ခုရှိတယ်"
ဖယ်ဆန်အကြောင်း မပြောကြဘဲ စားသောက်နေကြစဉ်တွင် ဘယ်ရွန်မြို့စားသည် မမျှော်လင့်စွာ ခေတ္တရပ်လာပြီး စကားပြောလာခဲ့သည်။
အန်းသန့်စ်နှင့် ပတ်သတ်ပြီး သူ့စိတ်ထဲတွင် တစ်ခုခုရှိနေပုံရသည်။ အန်းသန့်စ်သည်လည်း မေးခွန်းကိုဖိတ်ခေါ်သလိုမျိုး သူ့ရဲ့ ခက်ရင်းကို ချလိုက်ကာ ဖြောင့်မတ်သော ကိုယ်ဟန်အနေအထားကို ယူလာခဲ့သည်။
"ဒါက နားလည်မှုလွဲတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အမှန်တော့ဖြစ်ခဲ့တဲ့ဟာပဲ... မင်း ငါတို့ လူနာနဲ့ ဘာဆက်နွယ်မှုမှမရှိဘူးဆိုတာ သေချာရဲ့လား။ဒါပေမယ့် ညပေါင်းများစွာ အတူနေခဲ့တယ်ဆိုတာဘာကိုဆိုလိုတာလဲ…"
"အဟွတ်!"
ရေသောက်နေသော လူနာသည် ရေသီးသွားပြီးချောင်းဆိုးလာကာ စားပွဲပေါ်ရှိလက်သုတ်ပုဝါကို လှမ်းယူလိုက်သည်။ အန်းသန့်စ်က သူ့ဘေးရှိ လက်သုတ်ပုဝါကို လူနာအားလှမ်းပေးလိုက်ပြီး ဘယ်ရွန်မြို့စား၏ မေးခွန်းကို ချက်ခြင်း တုံ့ပြန်လိုက်သည်။
"ကျွန်တော်တို့ ညပေါင်းများစွာ အတူနေခဲ့ကြတယ်ဆိုတာက နားလည်မှုလွဲနေတာပါ။ အဲ့တာက လေဒီနဲ့ ကျွန်တော်နဲ့ ခရီးအတူတူသွားခဲ့ကြတော့ ရက်အနည်းငယ်လောက်လမ်းခရီးမှာအဖော်ပြုခဲ့ကြတာကိုပြောတာပါ။ဒါကိုသူက နားလည်မှုလွဲပြီးတော့ ရှင်းပြတာကိုတောင်နားမထောင်ဘဲ ထွက်ပြေးသွားခဲ့တာ"
"သိပြီ သိပြီ"
ဘယ်ရွန်မြို့စားသည် စိတ်သက်သာရာရမှု၊ စိတ်ပျက်မှုအနည်းငယ်ဖြင့် သက်ပြင်းချလိုက်သည်။ လူနာသည် ယခင်က ယောက်ျားလေူများအပေါ် စိတ်ဝင်စားမှု မပြခဲ့သဖြင့် အန်းသန့်စ်အပေါ်တွင် အချို့သော မျှော်လင့်ချက်များကို သူဆုပ်ကိုင်ထားခဲ့မိသည်။
အန်းသန့်စ်သည် ဘယ်ရွန်မြို့စားကို စောင့်ကြည့်နေပြီး ပြုံးကာထပ်ပြောလိုက်သည်။
"ကျွန်တောိတို့ ဆက်ဆံရေးရှိလား မရှိဘူးလားဆိုတဲ့ မေးခွန်းအတွက်ကတော့.....အင်း ဟုတ်တယ်ရော မဟုတ်ဘူးရောနှစ်ခုလုံးပြန်ဖြေရလိမ့်မယ်"
အန်းသန့်စ်၏ထင်ရှားသောမှတ်ချက်စကားပြီးနောက်တွင် ဘယ်ရွန်မြို့စားသည် မျှော်လင့်ချက်ရှိလာသောမျက်လုံးများဖြင့် သူ့ကိုဆက်ပြောရန်တိုက်တွန်းလာခဲ့သည်။
အာ! ရှင်ဘာကိုပြောချင်နေတာလဲ!
လူနာသည် အထိန်းအကွပ်မဲ့စွာ ချောင်းထပ်ဆိုးမိလိုက်ကာ သူ့စကားကိုပင် မချေပနိုင်တော့ဘဲ ဒုက္ခရောက်နေမိသည်။
အန်းသန့်စ်သည် သူမကိုကြည့်ရန် ခေါင်းကိုခဏလေးလှည့်လာခဲ့ကာ သူ့မျက်နှာသည် သေလောက်အောင် တောက်ပနေသည်။
ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားနော်! ရှင် ကျွန်မနဲ့တွဲချင်တယ်လို့ဝန်ခံလာတာကို မဖော်ပြပါနဲ့။ကျွန်မ အဖေ့ရဲ့အမျက်ဒေါသက ကောင်းကင်ကို ရောက်သွားလိမ့်မယ်။ရှင် မနက်အထိ နှိပ်စက်ခံရလိမ့်မယ်!
"လေဒီလူနာလို ထက်မြက်ပြီးလှပတဲ့မိန်းမပျိုကို သဘောမကျတဲ့ယောက်ျားလေးဆိုတာ ရှားတယ်လေ"
"ဟားဟား!"
ဘယ်ရွန်မြို့စား၏ ရွှင်လန်းသောရယ်မောသံများထမင်းစားခန်းထဲ ပြည့်နှက်သွားတော့သည်။ အန်းသန့်စ်သည် လူနာကို စနောက်ပြီးနောက်တွင် 'ကျေနပ်ပြီလား' ဆိုပြီးမေးလာသကဲ့သို့ ခပ်ပါးပါး ပြုံးပြလာခဲ့သည်။
လူနာသည် နောက်ဆုံးတွင် သူမ၏ ချောင်းဆိုးခြင်းကို ရပ်တန့်နိုင်ခဲ့ပြီး ကို့ရို့ကားယားပြုံးပြလိုက်သည်။ချောင်းဆိုးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သူမ၏ မျက်လုံးများသည်နီရဲနေကာ လှုပ်ခတ်နေခဲ့သည်။
လူနာသည် မတတ်နိုင်စွာဖြင့် အမှိုက်တစ်စကို ဖယ်ရှားပြီးနောက်တွင် နောက်ထပ် ချိန်ကိုက်ဗုံးတစ်လုံးက သူမဘဝထဲ လှိမ့်ဝင်လာခဲ့သလားဟုတွေးလိုက်မိသည်။
* * *
ဘယ်ရွန်မြို့စားသည် အန်းသန့်စ်ကိုအလွန်နှစ်သက်နေပေသည်။
ညစာစားပြီးနောက် ဝိုင်အတူတူသောက်ကြကာ ဘယ်ရွန်မြို့စားသည် အန်းသန့်စ်အား ဘယ်ရွန်စံအိမ်၌ တစ်ညနေရန်ပင် အကြံပြုခဲ့သည်။
ကံကောင်းသည်လား ကံဆိုးသည်လားမသိစွာ သူမ၏အဖေသည် အန်းသန့်စ်အပေါ် တခြားသူများ၏အမြင်ကို စိတ်မဝင်စားပေ...
ကံကောင်းထောက်မစွာဖြင့် ဘယ်ရွန်မြို့စားသည် အန်းသန့်စ်နှင့် ပတ်သက်သော ကောလာဟလများကို မသိသည့်အလျောက် ရန်လိုမှု မရှိခဲ့ပေ။
ထို့ကြောင့် သူသည် သူမနှင့် ဖယ်ဆန်၏ ကောလာဟလများကို တစ်ချိန်လုံးသတိမထားမိခဲ့ပေ။
ထို့အပြင် ဘယ်ရွန်မြို့စားသည် အပြင်မှကိစ္စများကို စိတ်မဝင်စားသော်လည်း ဘယ်ရွန်မြို့စားသည် အခြားသူများ၏စကားများကို ယုံကြည်ကာ ရင်းနှီးမြုပ်နှံခဲ့သောကြောင့် သူစုဆောင်းထားသောငွေများကို ဖြုန်းတီးမိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အကြောင်းပြချက်အချို့ကြောင့် လူနာသည် အန်းသန့်စ် ၏စကားကိုစောင့်ကြည့်ရန် ဝိုင်သောက်ရာတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် သူမသည် အနည်းငယ်မျှပင် သောက်ရသေးသော်လည်း သူမ၏ အရက်ခံနိုင်စွမ်းသည် နည်းပါးသောကြောင့် ကမ္ဘာကြီးတစ်ပတ်လည်နေသကဲ့သို့မူးလာခဲ့သည်။
သူမ ဒီတိုင်းမူးပြီးအိပ်ပျော်သွားပါက နှစ်ရက်လောက် ခေါင်းကိုက်နေတော့မှာဖြစ်သည်။ ထို့ကြောင့် လူနာသည် အမူးပြေစေရန် ပန်းခြံထဲထွက်လာပြီးစားပွဲနားတွင်ထိုင်ကာ အေးစိမ့်စိမ့်ညချမ်းကို ခံစားနေလိုက်သည်။
တွေးကြည့်ပါက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသော နေ့တစ်နေ့သည် အတော်လေး အေးချမ်းစွာအဆုံးသတ်သွားခဲ့သည်။
"အပြင်မှာအရမ်းအေးနေတာကို...ဒီမှာဘာလုပ်နေတာလဲ"
အန်းသန့်စ် ပေါ်မလာခင်အထိပင်...
မတိုင်ခင်အချိန်ကထိ သူသည် သူမကို မြှောက်ပင့်စကားတွေပြောနေခဲ့သော်လည်း အခုတွင်မူ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် သူ၏ကုတ်အင်္ကျီကို လူနာ ၏ပုခုံးပေါ်တင်ပေးလာပြီး သူမနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လာခဲ့သည်။
လူနာသည်အမူးပြေရန် ထွက်လာခဲ့သော်လည်း အန်းသန့်စ်၏ နွေးထွေးမှုများက အေးစိမ့်စိမ်လေထုကို ပိတ်ဆို့လာခဲ့သည်။
'ဆိုင်ယာက သူ့ကို မူရင်းဝတ္ထုမှာ ကြွေသွားဖူးတာမစမ်းပါဘူး'
အန်းသန့်စ်တွင် ပြုံးလိုက်သောအခါတိုင်း ပတ်ဝန်းကျင်ကို တောက်ပသွားစေနိုင်သည့် ချောမောလှပတဲ့ မျက်နှာလေးရှိသော်လည်း သူ၏အခြေခံသွင်ပြင်များက ထက်မြက်ပြီး အေးစက်သောကြောင့် စူးရှရှခံစားချက်များကို ချန်ထားစေခဲ့သည်။ ထို့အပြင် ရှည်လျားသောအရပ်သည် သူ၏ ခံ့ညားထည်ဝါမှုကို ထပ်ဖြည့်လာခဲ့သည်။
သူ၏ အပြောအဆိုကင်းမဲ့သော အမူအရာများသည် ရိုးရှင်းသော နှုတ်ဆက်ဖလှယ်စကားစရန်ပင် ခက်ခဲစေမည့် လေထုကို ဖန်တီးပေးနိုင်သည်။ သူတို့နှစ်ယောက် ပထမဆုံးစတွေ့ချိန်တုန်းက သူသည်ကြောက်စရာကောင်းသော ကြေးစားများကြားတွင် အတော်လေး အဆင်ပြေပုံရခဲ့သည်။
"အိုး မင်းကိုယ့်ကို ကြွေသွားပြန်တာလား"
"မဟုတ်ပါဘူး။ရှင်က ကျွန်မရှေ့မှာရှိနေလို့သာကြည့်မိသလိုဖြစ်သွားတာ"
အန်းသန့်စ်သည် ပေါ့ပေါ့ပါးပါး အပြုံးဖြင့် မေးလာပြီး လူနာသည်လည်း ခါတိုင်းကဲ့သို့ သူ၏ အကြည့်များကို မရှောင်ဘဲ တည်ငြိမ်မှု မပျက်ပြန်ဖြေနိုင်ခဲ့သည်။
ဒါက အရက်၏စွမ်းအားပင်ဖြစ်သည်။
သူမ မမူးနေသောအချိန်တွင် မျက်လုံးချင်းဆုံရုံဖြင့် အဆင်မပြေသလိုခံစားရကာ သူ့မျက်နှာကို စေ့စေ့ကြည့်ဖို့ တွေးနေမည်မဟုတ်ပေ။ သို့သော် အရက်သည် သူမ၏သွေးကြောထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သက်ရောက်မှုမရှိတော့သလို ခံစားခဲ့ရသည်။
လူနာသည် ထူးထူးခြားခြား တုံ့ပြန်မှု မပြသည်ကို အန်းသန့်စ်မကြိုက်သောကြောင့် စားပွဲကို လက်ညှိုးဖြင့် ခေါက်လိုက်သည်။
အရက်၏ အစွမ်းအစမှရလာသောသတ္တိများဖြင့် လူနာသည် အန်းသန့်စ်၏ အပြုံးအပေါ် မယိမ်းယိုင်ဘဲ သူမသိချင်နေသော မေးခွန်းကို ထုတ်မေးခဲ့လိုက်သည်။
"ရှင်ပြောတော့ ရိုသေသမှုပြစကာပြောကို မသုံးနိုင်ဘူးဆို..."
"မှန်တယ်..."
"ဒါပေမယ့် ရှင်စောနက ကောင်းကောင်းလုပ်ခဲ့တယ် မဟုတ်ဘူးလား"
"အဲဒါက မင်းလေးရဲ့ အဖေမို့လို့လေ"
"အဲဒါနဲ့ ဘာဆိုင်လို့လဲ"
"ဟော...ကိုယ့်ကို သူအထင်ကြီးလာအောင် လုပ်ရမှာပေါ့"
ဘာလို့ သူကအဖေ့ဆီကနေ အထင်ကြီးခံချင်တာလဲ။သူမ မသိသော်လည်း အဆုံးတွင်မူ သူသည် ရိုသေသမှုပြစကားပြောကို သုံးနိုင်သည်ဟု ဆိုလိုပေသည်။
လူနာ၏ အမူအရာက တင်းမာလာသောကြောင့် အန်းသန့်စ်သည် စားပွဲကို လက်ညှိုးဖြင့် ခေါက်ခြင်းကို ရပ်လိုက်ပြီး ဆင်ခြေများပြောစပြုလာသည်။
"တကယ်တော့ ကိုယ်ဒီလိုစကားပြောကို သုံးတာ ပထမဆုံးပဲ"
"ဒါပေမယ့် ရှင်ဒီလောက်တောင် ကျွမ်းကျင်တယ်လေ"
"ကိုယ် အဲ့လိုစကားပြောမျိုးကို တစ်ခါမှမသုံးဖူးခဲ့တာအမှန်ပါ။ ဒါပေမယ့် မင်းကိုဒေါသထွက်အောင်အထိ ကောင်းကောင်းပြောနိုင်ခဲ့လို့ ကိုယ်ပျော်တယ်"
လူနာသည် သူလိမ်နေသလား မလိမ်ဘူးလာဆိုတာကို တိုင်းတာဖို့ ကြိုးစားသည့်ပုံစံဖြင့် မျက်လုံးများကို မှေးကျဉ်းလာခဲ့သည်။ သို့သော်လည်း သူမသည်မူးဝေနေသောကြောင့် မျက်လုံးမှေးကျဉ်းလိုက်သောအခါတွင် ဘာကိုမှ ပြတ်ပြတ်သားသားမမြင်ရတော့ပေ။
အဆုံးတွင် သူမ၏မျက်လုံးများကို မှေးကျဉ်းထားခြင်းမှာ အဓိပ္ပါယ်မရှိဟု သဘောပေါက်သွားပြီ သူမ၏အမြင်အာရုံကို ပြန်လည်ရရှိရန် မျက်တောင် နှစ်ချက်ခတ်လိုက်သည်။ သူမ၏ ချစ်စရာကောင်းသော အမူအရာကြောင့် စောင့်ကြည့်နေခဲ့သော အန်းသန့်စ်သည် တိုးတိုးလေး ရယ်မောမိလိုက်သည်။
"ရှင်ပဲပြောတော့ ရိုသေသမှုပြစကားပြောကို ကျွန်မကို အရင်ပြောမယ်ဆို..."
"ဒါပေမယ့် ကိုယ်က ကြေးစားတွေနဲ့ အပေးအယူလုပ်ခဲ့တယ်လေ"
"…"
ဟုတ်သားပဲ။ဒါက ဒီလိုဖြစ်ခဲ့တာကြောင့် အမှားမရှိဖြစ်သွားရသည်။
မူရင်းဝတ္ထုတွင် ဘာလို့ သူကစက်ဆုပ်ရွံရှာဖွယ် ဖယ်ဆန်၏ သားကောင်ဖြစ်ခဲ့ရတာလည်း သူမ မသိပေ။
သူသည် ဖယ်ဆန်အပေါ် သိမ်ငယ်စိတ်တစ်ခုရှိပုံရသည်။ ရာထူးနှင့် စည်းစိမ်ဥစ္စာကိုရဖို့အတွက် မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့သည်။
သူ့ကို လူချင်းတွေ့ပြီးချိန်တွင် ပို၍ပင်ယုံရခက်သော်လည်း ဖယ်ဆန် နှင့် အန်းသန့်စ်သည် ဆွေမျိုးတွေပင်ဖြစ်ကြသည်။
မြို့စားကြီးရိုဒရီယန် နှင့် မားကွစ် ဗင်းဆင့်မြို့စားတို့သည်မိသားစုများဖြစ်ခဲ့ကြသည်။ မားကွစ်မြို့စားသည် သားစဉ်မြေးဆက်နှင့် ရာထူးတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး နှင်ထုတ်ခံခဲ့ရသည်။ ၎င်းသည် ဇာတ်လမ်းဟောင်းဖြစ်သည်။ သို့သော် ထိုသို့သောအတိတ်တည်ရှိနေသောကြောင့် အန်းသန့်စ်သည် သိမ်ငယ်ရှုပ်ထွေးမှုဖြင့် ဖယ်ဆန်၏ရာထူးကို ပြန်လည်ရယူရန် လုပ်ရပ်များကို အမြဲလုပ်ဆောင်ခဲ့သည်။
သေချာသည်မှာ ထိုသည် ဆိုင်ယာ၏အမြင်ဘက်ကနေရေးထားသောကြောင့် အပြည့်အဝယုံကြည်လို့မရနိုင်ပေမယ့်လည်း ထိုသို့ဆိုရင်တောင်မှ စာရေးသူက ထိုနည်းနှင့် ဇာတ်ကောင်ကိုတည်ဆောက်ထားသောကြောင့် မူရင်းဝတ္ထုရှိ အန်းသန့်စ် နှင့် သူမရှေ့ရှိ အန်းသန့်စ်သည် သိသာထင်ရှားသော ခြားနားမှု မရှိသည်မှာ သေချာသည်။
"ဘာလို့လဲ... ဒါဆို ကိုယ်အခုရိုသေသမှုပြုကို စသုံးသင့်တာလား။မင်းသာ ဆန္ဒရှိရင် ကိုယ်လုပ်မှာပဲ...လှပပြီး ဉာဏ်ပညာရှိသော ကိုယ့်ရဲ့ လေဒီလူနာပဲလ်"
သို့သော် သူမဘယ်လိုပဲကြည့်ကြည့် သူသည် မူရင်း အန်းသန့်စ်နှင့်အသွင်မတာနေသောကြောင့် လူနာသည် သူ့မျက်နှာကို တိတ်တဆိတ်စိုက်ကြည့်နေချိန်တွင် သူသည် တောက်ပစွာပြုံးလာပြီး ထိုစကားများကို ပြောလာခဲ့သည်။
အား သူ၏ မလိုအပ်သောမြှောက်ပင့်ပေးမှုများက သူမကို တုန်လှုပ်သွားစေသည်။ လူနာက သူမလက်မောင်းကို ပွတ်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အာ ထားလိုက်တော့ အလွတ်သဘော ပြောတာကမှ ပိုကောင်းအုံးမယ်"
"ဒါကို ကြားရတာ ကြည်နူးစရာပဲ။ကိုယ် တကယ်ကိုမလိုအပ်ဘဲနဲ့ ရိုသေသမှုပြစကားတွေကို မသုံးချင်ဘူး။ အဲဒါက ကိုယ့်ကို ကျက်သီးထစေတယ်"
ထို့နောက် သူတို့သည်သဘောတူညီမှုရရှိခဲ့ကြပြီး ဆွေးနွေးမှု ပြီးဆုံးခဲ့သည်။ လူနာ သည် မေးလိုသောမေးခွန်းများစွာရှိခဲ့သော်လည်း သူမပါးစပ်ကိုပိတ်ထားခဲ့သည်။
ဘယ်ရွန်မြို့စား၏တစ်ဦးတည်းသောသမီးအနေဖြင့် အမျိုးသားဇာတ်ဆောင်နှင့် ဗီလိန်ကြားရှိ လေးနက်သောတိုက်ပွဲအကြောင်းမေးမြန်းခြင်းသည် မလိုအပ်သောသံသယများကိုသာ တိုးပွားစေလိမ့်မည်ဖြစ်သည်။ ထို့အပြင် အရက်သောက်ထားသောကြောင့် သူမ၏စိတ်သည်ပုံမှန်မဟုတ်နေသေးပေ။
"ကောင်းပြီ…ဒါဆို ကျွန်မ အထဲဝင်တော့မယ်။ မနက်ဖြန်မနက်ကျချိန်းထားသေးတယ်။ အပြင်မှာအေးလာပြီမို့ ရှင်လညအထဲကို မြန်မြန်ဝင်သင့်တယ်။ မဟုတ်ရင် ရှင် အအေးမိသွားလိမ့်မယ်"
အန်းသန့်စ်သည် သူမကြောင့်သာ ပန်းခြံထဲသို့ ထွက်လာသကဲ့သို့ လူနာအထဲဝင်သည်နှင့် နောက်ကလိုက်ဝင်လာကာ သူမ၏ မနက်ဖြန်အကြောင်းကို မေးလာခဲ့သည်။
"မနက်ဖြန်ကျရင် စာရွက်စာတမ်း အတူတူသွားလုပ်ကြမှာ မဟုတ်ဘူးလား"
"မနက်ပိုင်းလေး အပြင်ခဏထွက်မလို့။ ရှင် ဗင်းဆင့်နယ်မြေကနေ လာရတာဆိုတော့ပင်ပန်းရနေမှာမလား။ နောက်ကျတဲ့အထိမနေသင့်ဘူး။ ကောင်းကောင်းအနားယူပါ"
"မင်း မနက်ဖြန်ဘယ်သွားမလို့လဲ"
"အင်း… သွားစရာနေရာလေးတစ်ခုပဲ ရှိလို့။ ကျွန်မမှာ ပိုက်ဆံလေးပြန်ဆပ်စရာရှိလို့လေ ရှင်သိလား"
အတိအကျပြောရလျှင် ပြန်ဆပ်ရန် လိုအပ်သောပိုက်ဆံမှာ ချေးယူထားခြင်းမဟုတ်ဘဲ မျက်နှာကိုပစ်ပေါက်ရန် လိုအပ်တာဖြစ်သည်။
ပြောရလျှင် သူမသည် ပဲလ်နယ်မြေကိုဆင်းပြီး ရွှေတွင်းသွားတူးရခြင်းမှာဆိုင်ယာအား ချက်လက်မှတ်ဖြင့်ပစ်ပေါက်ရန် အတွက်ဖြစ်သည်။ အချိန်တစ်ခုကြာသွားပြီးနောက် ရုတ်တရက်ဟုထင်ရသော်လည်း ထိုသို့လုပ်ခြင်းသည် သူမအား စိတ်သက်သာရာရစေမည်ဖြစ်သည်။
"အိုး!မင်းက ပိုက်ဆံချေးမယ့်သူလည်းမဟုတ်ပါဘူး"
"ရိုးရိုးသားသားပြောရရင် အဲဒါက ကျွန်မမလိုချင်ခဲ့တဲ့ငွေပဲ။ ကျွန်မ လုံးဝမသုံးခဲ့ဘူး"
"ကြည့်ရတာနောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုရှိမယ့်ပုံပဲ"
"ဒီလိုပဲရှိတယ်"
ထိုအကြောင်းသည် နှစ်သက်စရာကောင်းသောဇာတ်လမ်းမဟုတ်သောကြောင့် အသေးစိတ်ရှင်းပြဖို့မလိုအပ်ဘူးဟု သူမ ခံစားရပေသည်။
သူတို့သည် ဒုတိယထပ်သို့တက်သည့် လှေကားထစ်နားသို့ ရောက်လာခဲ့ကြသည်။ လူနာသည် သူမ၏ ပခုံးထက်တွင် ရှိနေသော ကုတ်အင်္ကျီကို အန်းသန့်စ်ထံသို့ ပြန်ပေးခဲ့လိုက်သည်။
"ဒါဆို... ကောင်းသောညဖြစ်ပါစေ"
"အာ...ဒီတိုင်းခွဲရတာက နှမြောစရာပဲ။ဒါဆို ကိုယ်တို့အိမ်မက်ထဲမှာ ဆုံကြရအောင်"
"… ရှင်နဲ့ဆုံရင် အဲ့တာအိပ်မက်ဆိုးကြီး ပဲဖြစ်လာလိမ့်မယ်!"
'သူဘာလို့ဒီလိုဖြစ်နေရတာလဲ! တကယ်ပါပဲ အဘိုးကြီးမဟုတ်ပဲနဲ့ မရယ်ရတဲ့ဟာသတွေပြောနေရတာလဲ'
စိတ်ဆိုးနေသော လူနာသည် ခြေကိုဆောင့်ကာ လှေကားဆီသို့ ဦးတည်သွားခဲ့လိုက်ပြီး သူမ၏အနောက်မှ ရယ်မောသံများကို ကြားလိုက်ရသည်။
ဖရိုဖရဲဖြစ်ခဲ့သော်လည်း ဆိုးရွားသောညတော့ မဟုတ်ခဲ့ပေ....
TK Team