Chapter 15
Viewers 2k

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 15


သူက ဘာလို့ဒီလိုဖြစ်နေရတာလဲ...


မြှောက်ပင့်ပေးတာကမှ ရှက်စရာပိုနည်းပေအုံးမည်။ရုတ်တရက်ကြီး လေးနက်သောဆက်ဆံရေးကို အကြံပြုလာခြင်းကြောင့် လူနာသည် အဆင်မပြေမှုတစ်ခုကိုခံစားလိုက်ရပြီး သူမ၏ပါးပြင်သည်နီရဲလာခဲ့သည်။


လူနာသည် လက်ကို မြှောက်ကာ ယပ်ခတ်လိုက်ပြီး ရာသီဥတုကို အကြောင်းပြချက်မရှိအပြစ်တင်လိုက်သည်။


"အာ... ရုတ်တရက် ပူလာသလိုပဲ"


"ဟုတ်လား၊ မစိုးရိမ်ပါနဲ့ မကြာခင် ဆောင်းရာသီရောက်လာတော့မှာ။ဆိုတော့ မင်းက အပူဒဏ်ကိုမခံနိုင်တဲ့သူပဲ"


အန်းသန့်စ်သည် သူမ၏မှတ်ချက်ကို အရှက်မရှိတုံ့ပြန်လာခဲ့သည်။ အရှက်ကင်းမဲ့ခြင်းတွင် အဆင့်များရှိပါက သူက အမြင့်ဆုံးအဆင့်၌ ပေါ့ပေါ့ပါးပါး ထိုင်နေလိမ့်မည်ဖြစ်သည်။


လူနာသည် အန်းသန့်စ်အား မယုံကြည်နိုင်သောအကြည့်ဖြင့် တုံ့ပြန်လိုက်သည်။အန်းသန့်စ်သည် လူနာ၏တုံ့ပြန်မှုကို ချစ်စရာကောင်းမှန်းရှာတွေ့သွားသောကြောင်ြ နှုတ်ခမ်းထောင့်များကို ပင့်တင်လိုက်ကာ သူမအား စဉ်းစားရန်အချိန်တစ်ခုပေးခဲ့သည်။


"ဒါဆို စဉ်းစားဖို့ အချိန်ယူလိုက်လေ။ ကိုယ် ဒီမှာခဏနေနေမယ်။ လေဒီ့အတွက် ဘာအကျိုးရှိနိုင်လဲ ဆိုတာကို အခြေခံပြီး ဆုံးဖြတ်လိုက်ပါ"


"ကျွန်မ သိချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်”


"ဘာများလဲ"


အန်းသန့်စ်သည် သူ့အား မည့်သည့်အကြောင်းကိုမဆိုမေးနိုင်သလိုမျိုး ခေါင်းညိတ်ပြလာသည်။


"ရှင်နဲ့ကျွန်မသာ ဆက်ဆံရေးရှိကြမယ်ဆိုရင် နားလည်မှုလွဲမှားတာတွေကို ရှင်းပစ်နိုင်မယ်လို့ ရှင်ပြောတယ်မလား။ ဒါပေမယ့် ရှင်ကရော...အဲဒါကနေ ဘာရနိုင်မှာမို့လို့လဲ"


"ကိုယ်က ဘာရနိုင်မှာလဲလား...."


"ဟုတ်တယ်၊ ကျွန်မကို ရှင့်ကိုယ်သုံးပြီးတော့ စွန့်ပစ်လိုက်တာကနေ အကျိုးရနိုင်တယ်။ ဒီနားလည်မှုလွဲမှားနေတဲ့ဟာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကူညီပေးဖို့ဆန္ဒရှိတဲ့သူကို ကျွန်မမှာ ငြင်းစရာအကြောင်းမရှိဘူး။ ဒါပေမယ့် ရှင်ကကော။ ရှင် ကျွန်မကိုအသုံးချလိုက်လို့ ဘာအကျိုးရမှာမို့လဲ"


"မင်းကိုအသုံးချလို့ ကိုယ်ဘာရလဲဆိုတော့..."


အန်းသန့်စ်သည် လူနာ၏မေးခွန်းကို စဉ်းစားပြီးနောက် ဧည့်ခန်းတံခါးဆီသို့ လှည့်ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။


"ကိုယ်ပြောနိုင်တာကတော့ လေဒီနဲ့ ပျော်ရွှင်စရာအချိန်တွေကုန်ဆုံးနိုင်မယ်ဆိုတာပဲ။ ဒါပေမယ့် ဒီအကြောင်းပြောဖို့အချိန်မှန်လို့တော့မထင်ဘူး။ပြီးတော့ မင်းရဲ့ လူတွေက စောနထဲစ တံခါးရှေ့ကနေ မထွက်သွားနိုင်ကြသေးဘူး"


"ဘာကိုဆိုလိုတာလဲ…"


"ညစာစားချိန်နီးလို့ဖြစ်မယ်။သူတို့ တော်တော်စိတ်လှုပ်ရှားနေပုံပဲ"


အန်းသန့်စ် ပြောသည့်အတိုင်း တံခါးအပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။


"နောက်ပြီး နောက်တစ်ယောက်လည်းရောက်လာသလိုပဲ"


လူနာ စိတ်တည်ငြိမ်မှုပြန်ရလာသည်နှင့်အမျှ လှည်းရထားဘီးသံများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။


"အိုး ကြည့်ရတာကျွန်မအဖေရောက်လာတဲ့ပုံပဲ"


လူနာသည် ဆိုဖာပေါ်မှ အမြန်ထရပ်ကာပန်းချီခန်းမှ အမြန်ထွက်လိုက်သည်။


သူမ၏အသွင်အပြင်က ရယ်စရာကောင်းနေသလိုမျိုး နောက်ကျောဘက်မှ အန်းသန့်စ်၏ရယ်မောသံကထွက်လာခဲ့သည်။ ဆက်ဆံရေးတစ်ခုစတင်ရန် မည်သူက အကြံပြုခဲ့မှန်းကိုပင် မသိနိုင်အောင်ဖြစ်သွားခဲ့သည်။


အဆင်မပြေမှုအား သတိမထားမိသေးသော အမ်မာနှင့် လော်ရာသည် ကွဲနေသောလက်ဖက်ရည်ခွက်များကို ကောက်နေဆဲဖြစ်ကာ တံခါးဝကိုထွက်လာသည့် လူနာ နှင့် အန်းသန့်စ်တို့အား လှည့်ကြည့်လာခဲ့ကြသည်။


သူမသည် ဘယ်ရွန်မြို့စားအားအလျင်အမြန်ခေါ်ဆောင်ပြီး ဤအဆင်မပြေသောလေထုကို တွန်းလှန်ရန် လိုအပ်သည်။ ထိုအတွေးဖြင့် လူနာသည် ဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်ပြီးလမ်းတစ်ဝက်တွင် ရုတ်တရက်ရပ်လိုက်သည်။


အန်းသန့်စ်သည် အလွတ်သဘောပြောဆိုမှုကိုသာ သုံးနိုင်သည်ကို သူမ သတိရမိလိုက်သည်။


အကယ်၍ သူမတို့ ဘယ်ရွန်မြို့စားနှင့် တွေ့ဆုံရမည်ဆိုပါက အန်းသန့်စ်သည် အလွတ်သဘောမျိုးမလေးမစားပြောဆိုမည်မှာ သေချာပေသည်။ သူမသည် ထိုကဲ့သို့ မဖြစ်စေချင်ပေ။


လူနာက နောက်လှည့်လိုရ်ပြီး အန်းသန့်စ်ကို တိတ်တဆိတ် သတိပေးလိုက်သည်။


"အခုကစပြီး စကားမပြောနဲ့"


ဒီတိုင်းတိတ်တိတ်နေလိုက်!


အန်းသန့်စ်သည် အံ့ဩသွားကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြလာသည်။


"ဟုတ်တယ်၊ ရှင့်ကိုပြောနေတာ။

ရှင်က အလွတ်သဘောပဲ ပြောနိုင်တယ်ဆို။ ရှင် ကျွန်မအဖေနဲ့ အလွတ်သဘောပြောတော့မှာ မလား။ အဲဒါကို ကျွန်မ သည်းမခံနိုင်ဘူး။ဒါကြောင့် ရှင့်ပါးစပ်လေး ပိတ်ထားပေးရင် ပိုကောင်းတယ်။ ကျွန်မဘာသာအကုန်ရှင်းပြလိုက်မယ်"


"အာ မင်းဆိုလိုတာနားလည်ပြီ...."


အန်းသန့်စ်သည် လူနာ၏စကားကို စိတ်ရှုပ်ထွေးသောအပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။


"ကောင်းပြီ။ကိုယ် သတိထားပါ့မယ်။ ကိုယ်တို့ ဆက်ဆံရေးတောင် မစရသေးဘဲ အကြောင်းပြချက်မရှိ ကိုယ့်အပေါ်လေဒီ သဘောမကျတာမျိုးမလိုချင်ဘူး"


"ရှင် ဘာတွေပြောနေပြန်တာလဲ! ဒါမျိုးတွေ အခုထပ်မပြောနဲ့တော့!"


"…အိုး"


လော်ရာက သူမပါးစပ်ကိုဖုံးထားကာ နေရာ၌ခုန်ပေါက်နေချိန်တွင် အမ်မာသည် သူမအလုပ်ရှင်၏အချစ်ဇာတ်လမ်းကြားရှိ ပန်းရောင်လေထုကို မခံစားမိဘဲမနေနိုင်ခဲ့ချေ။


လူနာသည်ခေါင်းကိုက်လာသလိုခံစားအိကာ သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် ရထားပေါ်မှ ဆင်းလာသော ဘယ်ရွန်မြို့စားသည် အိမ်ကြီးထဲသို့ ၀င်လာခဲ့သည်။


"လူနာ သမီးက အဖေ့ကို ကြိုဖို့ ထွက်လာတာလား။ အဖေ့မှာ သမီးမင်းကိုမေးစရာရှိတယ်...ဟမ်!နေပါအုံး သူက ဘယ်သူလဲ?"


"…အန်သန့်စ်! မင်း၊ မင်း လူယုတ်မာကောင်!"


"ဖယ်ဆန်...!"


"…"


မျက်လုံးပြူးနေသည့် ဘယ်ရွန်မြို့စား၏နောက်မှ ဖယ်ဆန်သည် တောက်လောင်နေသော မီးကဲ့သို့ ဒေါတကြီး ထွကိပေါ်လာခဲ့သည်။


ထိုကဲ့သို့ ဖယ်ဆန်ကိုမြင်လိုက်ရသောကြောင့် လူနာသည် အံ့အားသင့်သွားပြီး နောက်သို့ခြေတစ်လှမ်းပြန်ဆုတ်မိသွားသည်။အန်းသန့်စ်သည်လည်း တိတ်တိတ်ဆိတ်ဆိတ် မျက်ခုံးပင့်လိုက်ကာ မကျေနပ်မှုကို ထုတ်ဖော်လိုက်သည်။


ကမ္ဘာမှာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ နောက်ထပ်ရှိနိုင်ပါ့မလား။


အမ်း....အနည်းဆုံးရော ဒီမှာဆိုင်ယာမရှိသေးဘူး ဒါကြောင့် အခုလောလောဆယ်မှာ အဆိုးဆုံးအခြေအနေမဖြစ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူမတွေးတောင်မတွေးချင်သော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောကြောင့် လူနာသည် မည်သို့အရင်ဖြေရှင်းရမည်ကို စဉ်းစားမရတော့ပေ။


တိတ်တိတ်နေရန်ပြောထားသော လူနာ၏သတိပေးချက်ကို လျစ်လျူရှုကာ အန်းသန့်စ်သည် ခေါင်းညွှတ်ကာ ဘယ်ရွန်မြို့စားကို နှုတ်ဆက်လိုက်သည်။


"ဘယ်ရွန်ပဲလ်မြို့စား....တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က မားကွစ်ဗင်းဆင့်ရဲ့အကြီးဆုံးသား အန်းသန့်စ်ဗင်းဆင့်ပါ။အခုလုပ်နေတဲ့ ရွှေတွင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းစရာလေးရှိလို့ နောက်ကျတဲ့အထိဆွေးနွေးမိခဲ့တာပါ"


'အလွတ်သဘောစကားပြောပဲသုံးတတ်တယ်လို့ ဘယ်သူကပြောတာလဲ' ဟုဆိုလိုသကဲ့သို့ အန်းသန့်စ်သည် ယဉ်ကျေးသိမ်မွေ့သော ရိုသေသမှုပြုစကားပြောဖြင့် ယဉ်ကျေးစွာပြောလာခဲ့သည်။ သူကိုယ့်သူနှစ်လိုဖွယ်ကောင်းအောင်ပြုမူ၍ ပိုမိုကောင်းမွန်သော အထင်အမြင်များဖြစ်စေခဲ့သည်။


ချောမောလှပသော လူငယ်လေးထံမှယဉ်ကျေးစွာ နှုတ်ဆက်ခြင်းကို မည်သူမှ မကြိုက်ဘဲမနေနိုင်ပေ။ ရုတ်တရက် ဘယ်ရွန်မြို့စားသည် အမူအရာများ ပျော့ပြောင်းသွားကာ နွေးထွေးစွာပြုံးပြပြီး အန်းသန့်စ်ကို နှုတ်ဆက်လိုက်သည်။


"အိုး ငါသိပြီ။ လူနာပြောတဲ့ ရွှေတွင်းရောင်းဝယ်တဲ့အဖွဲ့အစည်းက မားကွစ်မိသားစုရဲ့အဖွဲ့အစည်းကိုး။ဒီလိုနိမ့်ကျတဲ့ နေရာက မင်းအတွက် အဆင်မပြေဖြစ်မှာကို ငါစိုးရိမ်မိတယ်"


"ကျေးဇူးပြုပြီး သက်တောင့်သက်သာလို ဆက်ဆံပါ။ကျွန်တော်က ငယ်ရွယ်သေးပြီး အတွေ့အကြုံမရှိသေးတဲ့အပြင် မြို့စားဘွဲ့လည်းမရသေးပါဘူး"


"အိုး ဘာလို့အဲ့လိုပြောတာလဲ"


သူက မယဉ်မကျေးနဲ့ အလွတ်သဘောစကားပြောကိုပဲသုံးနိုင်တယ်ဆိုတာဘာကိုဆိုလိုတာလဲ!


လူနာ ရှက်သွေးဖြာနေချိန်တွင် ဖယ်ဆန်သည် ဘယ်ရွန်မြို့စားအပေါ် ဒေါသထွက်သွားသလိုမျိုး ဒေါသတကြီးဖြင့် အန်းသန့်စ်၏ပုခုံးကိုတွန်းလိုက်သည်။ 


"ရွှေတွင်းလား။မင်း ဘာမဟုတ်တာတွေပြောနေတာလဲ။ရိုးသားတဲ့ လူနာ နဲ့ ဘယ်ရွန်မြို့စားကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"


ကံမကောင်းစွာပဲ အန်းသန့်စ်က မည်သည့်တုံ့ပြန်မှုကိုမှမပြခဲ့ပေ။ ဖယ်ဆန်ထက် အရပ်အနည်းငယ်မြင့်သော အန်းသန့်စ်ရှုတ်ချသော အကြည့်ဖြင့် ငုံ့ကြည့်လာကာ ဖယ်ဆန်၏အမေးကို ပြန်ဖြေလိုက်သည်။


"လေဒီ လူနာက ရွှေတွင်းကို ရှာတွေ့ရှိခဲ့တာလေ။ ဒါပေမယ့်ကြည့်ရတာ မင်းတစ်ယောက်ထဲမသိသေးတဲ့ပုံပဲ။နောက်ပြီးငါတို့ကြားက စာချုပ်ကလည်း အပြီးသတ်ပြီးသား"


"ဘာရွှေတွင်းလဲ!မင်း ရိုးသားတဲ့ လူနာကို လိမ်ညာလှည့်ဖြားနေတာပဲဖြစ်ရမယ်!"


"မင်း! ဟမ့် မင်းကြည့်ရတာ လေဒီလူနာကို လျှော့တွက်နေတဲ့ပုံပဲ။တကယ်မရှိတဲ့ရွှေတွင်းနဲ့ အလှည့်စားခံရလောက်အောင် သူမက ရူးနေလို့လား"


"ငါ..ငါ လူနာ ကို ဘယ်တုန်းက လျှော့တွက်ခဲ့လို့လဲ!ငါက ဒီတိုင်း ညီမလေးလိုချစ်ရတဲ့ လူနာက မင်းလို လူဆိုးတစ်ယောက်ရဲ့စီကလှည့်စားခံရမှာ စိုးလို့ကွ"


"သခင်လေး ဖယ်ဆန်ဧည့်သည်အပေါ် ဒီလိုဒေါသမထွက်ပါနဲ့"


ဖယ်ဆန်သည် အန်းသန့်စ်ကို အလွန်ဒေါသထွက်လာသည်နှင့်အမျှ ဘယ်ရွန်သည် နှစ်ယောက်ကြားတွင် လျင်မြန်စွာ ဝင်ရပ်တန့်ခဲ့လိုက်သည်။ ဖယ်ဆန်သည် ဘယ်ရွန်ဘက်သို့ လှည့်ကာ ညည်းညူလာခဲ့သည်။


"ဘယ်ရွန်မြို့စား၊ဒီ အန်းသန့်စ်ဆိုတဲ့ကောင်က လေဒီလူနာနဲ့ ညပေါင်းများစွာ အတူနေခဲ့သူပဲ။ မြို့စားကြီးအိမ်မှာ ကျွန်တော်ပြောခဲ့တဲ့လူလေ။ လူနာက ရွှေတွင်းကိုသွားတာမဟုတ်ဘူး ဒီကောင့်ဆီသွားတာ။သူ့ကိုချက်ခြင်းအဝေးပို့မှရမယ်!"


"နင်ဘာပြောလိုက်တယ်! ဖယ်ဆန် နင် ဘာအဓိပ္ပာယ်မရှိတာတွေပြောနေပြန်တာလဲ။ မူးနေတာလား!"


လွန်ခဲ့သော မိနစ်ပိုင်းက ဖြစ်ပျက်ခဲ့သောအရှုပ်အထွေးသည် တဖြေးဖြေးပိုများလာလေသည်။ ဖယ်ဆန် မငြင်းနိုင်သောသက်သေကြောင့် သေလောက်အောင်ဒေါသထွက်လာခဲ့သည်။ဒေါသထွက်လွန်းသောကြောင့် လူနာ၏မူးနေလားဟု မေးသောမေးခွန်းကိုတောင် မကြားနိုင်ခဲ့ပေ။


"သခင်လေး ဖယ်ဆန်...."


ထိုအချိန်တွင် ဘယ်ရွန်မြို့စားမှ ဖယ်ဆန် ၏ အမည်ကို ခေါ်လာခဲ့သည်။ သူ့အမူအရာသည် ဖယ်ဆန်ဘက်လိုက်သွားသကဲ့သို့ လေးနက်လာခဲ့သည်။


သူမအဖေသည် ဖယ်ဆန်ကို ကြိုက်ပေသည်။ ဒါကြောင့် ဒီတစ်ခါလည်း သူ့ဘက်မှာပါလောက်သည်။ဒါပေမယ့် လူနာကတော့ သူမအဖေ့ကိုစိတ်မဆိုးချင်ပေ။


လူနာသည် ဘယ်ရွန်မြို့စား၏ စကားကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီး နောင်လာမည့် စိတ်ပျက်အားငယ်မှုအတွက် သူမမည်ကဲ့သို့ ကျော်လွှားရမည်ကို တွေးတောနေခဲ့သည်။


"ငါ့သမီး လူနာက ဘယ်တော့မှလိမ်မှာမဟုတ်ဘူး"


သို့သော် ဘယ်ရွန်မြို့စား၏နှုတ်မှထွက်လာသောစကားများသည် လူနာ၏စိုးရိမ်ပူပန်မှု၏ဆန့်ကျင်ဘက်ဖြစ်သည်။


"ဘယ်ရွန်မြို့စား!"


"သခင်လေး ပြောခဲ့တာတွေက မှန်တယ်ဆိုရင်တောင်၊ သူမက သခင်လေး ဗင်းဆင့်နဲ့ ညပေါင်းများစွာ အတူနေခဲ့တယ်ဆိုရင်တောင်မှ ဒါက လူနာရဲ့ ကိုယ်ပိုင်လွတ်လပ်မှုပဲ။ ဘယ်လိုပဲဖြစ်ပါစေ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ လူငယ်တွေကြားဝင်မနှောင့်ယှက်သင့်ဘူး"


ဖယ်ဆန်သည် ဘယ်ရွန်မြို့စားအား ထိုသူ့ဘက်ကိုရောက်သွားမည်ဟု မမျှော်လင့်ထားသကဲ့သို့ မျက်တောင်ပင်မခတ်နိုင်တော့ဘဲ အေးခဲသွားသည်။


ဖယ်ဆန်၏မျက်နှာထားကို မြင်လိုက်ရသော်လည်း ဘယ်ရွန်မြို့စားသည် စိတ်မသက်မသာခံစားနေရကာ ဖယ်ဆန်ကို မနားဘဲဆက်၍ ဆုံးမနေခဲ့သည်။


"ပြီးတော့ သခင်လေးက ဘာလို့အခြေအနေကို နားလည်ဖို့တောင် မကြိုးစားဘဲနဲ့ဒေါသထွက်နေရတာလဲ။ ဗင်းဆင့်ရဲ့စကားတွေက မှန်နေရင်တောင် လူနာ သဘောကျတဲ့ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့တာဆိုတော့ ဒါကအောင်ပွဲခံစရာပဲမဟုတ်ဘူးလား။ လူနာ က ယောက်ျားလေးတွေအပေါ်စိတ်မဝင်စားခဲ့ဘူး။ဒါပေမယ့် အခု သူမကရက်အတော်ကြာ ခရီးထွက်ပြီးသွားတွေ့ဖို့ ဆန္ဒရှိတဲ့ လူတစ်ယောက်ကိုတွေ့တာက ကောင်းတာမဟုတ်ဘူးလား"


"ဘာ!"


"သခင်လေး လူနာမှာရည်းစားရှိသွားတော့ ကောင်းတယ်လို့မတွေးမိဘူးလား"


မည်သို့ပင်ဆိုစေကာမူ သူသည် မြို့စားကြီးမိသားစု၏အမွေဆက်ခံသူဖြစ်သောကြောင့် သူ့ကိုဆက်မငေါက်နိုင်တော့ပေ။ အဆုံးမှာတော့ ဘယ်ရွန်သည် ဖယ်ဆန်၏ ကျောကို ပုတ်လိုက်ပြီး ရယ်မောကာ ကောင်းမွန်သောမှတ်ချက်နှင့်သာ အဆုံးသတ်ခဲ့ပေသည်။


"ဘယ်ရွန်မြို့စား!"


ထို့နောက် ဖယ်ဆန်သည် ယုံကြည်ရသော ရဲဘော်တစ်ဦး၏ သစ္စာဖောက်ခံလိုက်ရသကဲ့သို့ ဒဏ်ရာရနေသောကျားနာတစ်ကောင်အမူအရာဖြင့် အော်ဟစ်လာခဲ့သည်။ ဖယ်ဆန်သည် သူ့ကို ဆန့်ကျင်သူတိုင်းကဗီလိန်များဟုထင်နေသကဲ့ မနှစ်မြို့သောမျက်နှာထားဖြင့်ကြည့်နေလေသည်။


လူနာသည် သူမကိုပြောဆိုပါက လျှောချသွားနိုင်ပေမယ့် သူမအဖေကို အော်လာသောအခါမှာတော့ သည်းမခံနိုင်တော့ပေ။ လူနာသည် ဖယ်ဆန်၏ခြေထောက်အား မတုံ့ဆိုင်းနေဘဲ ကန်ဖို့ချိန်ရွယ်လိုက်သည်...


"…!"


လူနာသည် မနှစ်မြို့သောအမူအရာဖြင့် ဖယ်ဆန်ကို စိုက်ကြည့်နေစဉ်မှာပင် အန်းသန့်စ်သည် ဖယ်ဆန်အား ရုတ်တရက်ကော်လာမှဆွဲကိုင်ကာ အိမ်ရှေ့တံခါးကနေအပြင်ဆွဲထုတ်လိုက်တော့သည်။


"သ...သခင်လေး ဗင်းဆင့်!"


မြို့စားကြီး၏ အမွေဆက်ခံသူအပေါ် မလေးမစားဆက်ဆံလိုက်သော ဗင်းဆင့်၏အပြူအမူကြောင့် ဘယ်ရွန်၏မျက်နှာသည် အရောင်ဖျော့သွားခဲ့သည်။ လူနာသည်လည်း ဒီလိုပဲ ခံစားရပေသည်။


သူမတို့ ဂရုစိုက်စိုက် မစိုက်စိုက် အရာအားလုံးကို လျစ်လျူရှုထားသော အန်းသန့်စ်သည် ဖယ်ဆန်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ကိုအေးစက်စွာ စိုက်ကြည့်လိုက်သည်။


"မင်း လည်ပင်းကို ငါမချိုးပစ်ခင်မြန်မြန်လေး ဒီကနေထွက်သွားလိုက်တော့"


ဖယ်ဆန်သည် ပစ်ချခံလိုက်ရသောကြောင့် သူ့ခါးကို ဆုပ်ကိုင်ထားကာ ကိုယ်ဟန်အနေအထားသည်အနည်းငယ်ကောက်ကွေး၍ တုံ့ပြန်မှုမရှိနေပေ။


'ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ!'


လူနာသည် ထိတ်လန့်စရာကောင်းသော အခြေအနေကြောင့် စကားများ ဆုံးရှုံးသွားခဲ့သည်။ ဘယ်သူကများ ဖယ်ဆန့်ကို ကြောင်တစ်ကောင်လိုမျိုးဂုတ်ကနေဆွဲပြီးလွှင့်ပစ်ခံတာကိုစိတ်ကူးနိုင်ကြမှာလဲ!


သူမသည် စောနကမှမြင်ဖူးသည့် မြင်ကွင်းထဲတွင် သူမကိုယ်သူမ ထည့်ကာတွေးကြည့်မိလိုက်သည်။ သူမသည် ခပ်ရွဲ့ရွဲ့ရယ်မောရင်း ဖယ်ဆန်ကို ကော်လာကနေ ဆုပ်ကိုင်ကာ အပြင်ဘက်ကိုလွှင့်ပစ်လိုက်သည်ကိုစိတ်ကူးမိသွားသည်။ လက်တွေ့ကျပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စရာ မြင်ကွင်းတစ်ခုပင်။


ထိုသို့သောမြင်ကွင်းကို ခဏတာ စိတ်ကူးကြည့်ပြီးနောက် လူနာသည် စိတ်ရှုပ်နေသေးပုံပေါ်ရသော ဖယ်ဆန်အားပြောဆို လိုက်သည်။


"နင်နားလည်အောင်လို့ ငါဘယ်နှစ်ခါပြောရမှာလဲ။ နင့်မျက်နှာကို မမြင်ချင်တော့ပါဘူး။နင့်ကို ထပ်မကြားချင်တော့ဘူး။ နင် ငါ့အနားတစ်ဝဲလည်လည်လုပ်နေတာကို ငါသည်းမခံနိုင်တော့ဘူး။ ဒါကြောင့် ငါတို့ရဲ့ဆက်ဆံရေးကို ဒီအတိုင်းအဆုံးသတ်ကြရအောင်။ နင့်ကြောင့် ငါဘယ်လောက်နာကျင်ခဲ့ရလဲ နင်သိမှာမဟုတ်ဘူး။နင်အရမ်းတုံးတာပဲ။အဲဒါကို နင်တောင် သတိမထားမိဘူး။ နင်သာသိရင်ဒီလိုပြုမူနေနိုင်သေးအုံးမှာလားသိချင်မိသည်။ မကောင်းတဲ့ကောင်!"


လူနာသည် အချိန်အတော်ကြာအောင် သူမတစ်ခါမှ မပြောဖူးသော ကြမ်းတမ်းသည့်စကားလုံးများကိုပြောလိုက်၍ တံခါးကိုပိတ်ကာ လှည့်ထွက်လိုက်သည်။


ထို့နောက် အိမ်ထဲ၌တစ်ခုခုပြောချင်သလိုမျိုး မျက်ခုံးပင့်ကာ အံ့အားသင့်နေကြသော ဘယ်ရွန်မြို့စား နှင့် အန်းသန့်စ်ကို သူမတွေ့လိုက်ရသည်။


ဖယ်ဆန်သာ သူမစကားများကို နားလည်နိုင်သူဆိုပါက ကိစ္စများသည် ချောချောမွေ့မွေ့ဖြေရှင်းသွားနိုင်မှာဖြစ်သည်။သို့ပေမယ့် သူသည် နားမလည်ခဲ့ပေ။ ဒါကြောင့် သူမသည် သူနားလည်အောင်အားရပါးရပြောဆိုခဲ့ပြီးနောက်တွင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။


လူနာသည် ထမင်းစားခန်းဆီသို့ ယုံကြည်ချက်အပြည့်ဖြင့်လျှောက်သွားလိုက်ပြီး သူမနောက်သို့ မလိုက်လာသေးသော နှစ်ယောက်အား တိုက်တွန်းလိုက်သည်။


"‌အာ ဘာလုပ်နေကြတာလဲ။ ညစာစားကြမယ်လေ။ အဲ့ဒီမှာပဲ ရပ်ပြီးအတွေးပျောက်နေကြနဲ့လေ။ အမ်မာက ဟင်းတွေပင်ပင်ပန်းပန်းချက်ထားရတာ ဒါကြောင့် မအေးခင် စားသင့်တယ်"


လူနာသည် ဘာမှမဖြစ်သွားသကဲ့သို့ ညစာစားရန် တိုက်တွန်းလာသောကြောင့် ဘယ်ရွန်မြို့စား နှင့် အန်းသန့်စ်တို့သည် စကားမပြော‌နိုင်သောခံစားချက်များစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြတော့သည်။


TK Team