> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 14
"ဘယ်လိုကြီးကြီးမားမားတစ်ခုလဲ…"
ဘာ ပြဿနာကြီးလဲ။ ရွှေတွင်းအကြောင်း သူသိနေတာလား။
ထိုအတွေးသည် ဘယ်ရွန်မြို့စား၏စိတ်ကို ဖြတ်သွားသော်လည်း ဖယ်ဆန်၏ မျက်နှာပေါ်တွင်ပျော်ရွှင်ခြင်းထက် စိတ်ပျက်မှုနှင့် မတရားမှုများက ပြည့်နှက်နေသည် မြင်လိုက်ရသောကြောင့် အခြားအကြောင်းကိုပြောနေမှန်း သူသဘောပေါက်သွားခဲ့သည်။
"ပြဿနာကြီးက ဘာကိုဆိုလိုတာလဲ မြို့စားငယ်"
"လူနာ... လူနာက စက်ဆုပ်စရာကောင်းတဲ့လူနဲ့ချိန်းတွေ့နေတယ်!"
"စက်ဆုပ်စရာကောင်းတဲ့လူလား..."
"ဟုတ်တယ်! လူနာက ဒီကမ္ဘာပေါ်က စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး အမျိုးသားနဲ့ ပတ်သတ်နေတာ ဒီကမျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့ရတာ!"
ဖယ်ဆန်သည် ထိုအကြောင်းအား သူ့စိတ်မှမထုတ်နိုင်ဖြစ်နေသည်။သူက ဘယ်ရွန်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်လာကာ အော်ဟစ်လိုက်သည်။
ထိုစက်ဆုပ်ဖွယ်ကောင်းသောသူသည် မည်သူဆိုတာကို သူမသိသော်လည်း အရင်ဆုံး ဖယ်ဆန်အားစိတ်ငြိမ်အောင်လုပ်ရမည်ဖြစ်သည်။ ဘယ်ရွန်သည် အစေခံများကိုကြည့်လိုက်ကာ လျှို့ဝှက်ထားသင့်ကြောင်း ညွှန်ပြလိုက်သည်။
"အခုလောလောဆယ်တော့ စိတ်အေးအေးထားပြီး စကားပြောဖို့ လက်ဖက်ရည်သောက်ကြရအောင်။ လူနာက အဲ့လိုမိန်းကလေးမျိုးမဟုတ်ပါဘူး၊ဒါကြောင့် စိတ်မပူပါနဲ့"
ထို့နောက် ဘယ်ရွန်သည် တုန်လှုပ်နေဆဲဖြစ်သော ဖယ်ဆန်၏ပခုံးတစ်ဝိုက်ကို ထိန်းကိုင်လိုက်ကာ အခန်းထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
"သူမကို...သူမကို တားရမယ် ဘယ်ရွယ်မြို့စား! လူနာ အန္တရာယ်ရှိနေပြီ... သူမ ဒီလိုလူယုတ်မာနဲ့ မပတ်သက်သင့်ဘူး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ နားလည်ပါတယ်။ စိတ်မပူပါနဲ့၊ အခု ဒီတိုင်းစိတ်အေးအေးထားပါ"
လူနာက မည်သူနှင့် တွေ့ခဲ့သောကြောင့် ဖယ်ဆန်ယခုကဲ့သို့ မတည်မငြိမ်ဖြစ်နေသည်ကိုမသိပေ။ ဘယ်ရွန်သည် ဖယ်ဆန်ကို နှစ်သိမ့်ပေးနေစဉ်တွင် စိတ်မပူပင်ဘဲမနေနိုင်တော့ပေ။
လူနာ ယူလာသောငွေများက ဖယ်ဆန် စိတ်ပူနေသည့်သူဆီက ရခဲ့တာများလား။
ထိုအတွေးက သူ့စိတ်ထဲ ဖြတ်သွားခဲ့သည်။
'မဟုတ်ဘူး၊ လူနာက ရွှေတွင်းတစ်ခု ရှာတွေ့တယ်လို့ ပြောခဲ့တာ။ သမီးက ငါ့ကိုလိမ်မှာမဟုတ်ဘူး''
လူနာသည် ထိုယောက်ျားထံမှ ပိုက်ဆံရခဲ့လျှင် သူမသည် အမှန်အတိုင်းပြောလိမ့်မည်ဖြစ်သည်။ ဘယ်ရွန်မြို့စားသည် အခြားသူများအပေါ်တွင်တော့ မသေချာသော်လည်း အနည်းဆုံး သူ့သမီးလူနာကမူ သူ့ကိုလိမ်မည်မဟုတ်ပေ။
ခဏအကြာတွင် ဘယ်ရွန်သည် ဖယ်ဆန်၏အခန်းသို့ ရောက်ရှိလာခဲ့ပြီးအိမ်စေတစ်ယောက်ယူလာပေးသော လက်ဖက်ရည်ပူပူကို ငုံ့သောက်ကာ ဖယ်ဆန်၏အတွေးများပြန်တည်ငြိမ်သွားမည့်အချိန်ကိုစောင့်နေလိုက်သည်။
ဖယ်ဆန်သည် အလွန်ဒေါသထွက်နေခဲ့ပြီး ရေခဲရေတစ်ခွက်ကို တစ်ကျိုက်ထဲမော့သောက်ကာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
နောက်ဆုံးတွင် ဘယ်ရွန်မြို့စားသည် ပြတ်တောက်သွားသောစကားစ ကိုသင့်လျော်သလိုစတင်ဖို့ပြင်လိုက်သည်။
"တဆိတ်လောက်ပါ သခင်လေး ဖယ်ဆန်။ အရေးကြီးတဲ့ စကားဝိုင်းကို အနှောင့်အယှက်ရတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် လေဒီဂရန်းဒါကို ဆက်သွယ်လို့ရမလား။ သူမ သခင်လေးကို တစ်ချိန်လုံး စိတ်ပူနေခဲ့တာ"
အိမ်တော်ထိန်းက နောင်တရသောအမူအရာဖြင့် ဦးညွှတ်ကာပြောလာသည်။
လေဒီဂရန်းဒါသည် ဖယ်ဆန်ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီး နေ့တိုင်း သူ့အကြောင်း မေးနေခဲ့သည်။ထို့ကြောင့် အိမ်တော်ထိန်းသည် ဖယ်ဆန်းအား ဦးစွာအသိပေးသင့်သည်ဟု ထင်ခဲ့သည်။ သူက ဖယ်ဆန်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ထိုသို့ပြုလုပ်ရန် ခွင့်ပြုချက်ရခဲ့သည်။
"မင်းကြိုက်သလိုလုပ်"
အိမ်တော်ထိန်း ဖယ်ဆန်၏အခန်းထဲမှ ထွက်သွားသည်နှင့် ပြင်းထန်သောစကားစမြည် ပြောခြင်းသည် စတင်ခဲ့သည်။
"ဒါဆို လူနာက တစ်ယောက်ယောက်နဲ့တွေ့နေ့တာလို့ ပြောနေတာလား"
"အန်းသန့်စ်။သူက အန်းသန့်စ်ဗင်းဆင့်ပဲ။ သူတို့တစ်ယောက်နဲ့တစ်ယောက် အဆက်မပြတ်တွေ့နေတဲ့ပုံပဲ။ ညပေါင်းများစွာ အတူနေခဲ့ကြတယ်တဲ့!"
ဖယ်ဆန်သည် အခြေအနေကို ပြန်သတိရသွားပြီး သူ့ဒေါသများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
အန်းသန့်စ်လား။ မားကွစ်ဗင်းဆင့်မြို့စားရဲ့အကြီးဆုံးသားလား...
ဘယ်ရွန်မြို့စားသည် စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် မေးလိုက်သည်။
"ဒါကို တစ်ယောက်ယောက်ဆီက ကြားခဲ့တာလား"
"မဟုတ်ဘူး အဲဒါကို အန်းသန့်စ်ဆီက တိုက်ရိုက်ကြားခဲ့တာ!"
"တိုက်ရိုက်လား..."
လူနာသည် တစ်ခါမှ လိမ်ညာမပြောဖူးသလို ဖယ်ဆန်သည်လည်း လိမ်ညာတတ်သည့်ပုံစံမဟုတ်ပေ။သူသည် မွေးကတည်းက ရိုးသားဖြောင့်မတ်သူဖြစ်သည်။ သူသည် တခါတရံ စိတ်ပျက်စရာကောင်းသော်လည်း ဘယ်တုန်းကမှ မလိမ်ညာတတ်ပေ။
ဘယ်ရွန်မြို့စားက ထိတ်လန့်သွားပြီး ဘာမှပြန်မပြောနိုင်သဖြင့် ဖယ်ဆန်က ဆက်ပြောခဲ့လိုက်သည်။
"သူမက ဗင်းဆင့်နယ်မြေကို သွားခဲ့တာ။ သူတို့အဲဒီမှာ ရက်ပေါင်းများစွာ အတူနေခဲ့ကြတယ်။ သူတို့ဘာတွေ ထူးထူးဆန်းဆန်းတွေ လုပ်ခဲ့ကြလဲ တွေးကြည့်လို့တောင် မရဘူး! ဒေါသတွေထွက်လွန်းလို့ တစ်ညလုံးတောင် မအိပ်နိုင်ဘူး"
"…"
ဖယ်ဆန်သည် စိတ်ပျက်နေသည့်ပုံဖြင့် စားပွဲကို လက်နှင့်ထုလိုက်သောကြောင့် ဘယ်ရွန်မြို့စားမှာ အတွေးများနေရာမှ အသိပြန်ဝင်လာခဲ့သည်။
'ဒါက အချိန်တိုက်နေသလိုပဲ အဓိပ္ပါယ်သိပ်မရှိဘူး တစ်ခုခုတော့တစ်ခုခုပဲ...'
ဗင်းဆင့်နယ်မြေသို့သွားရောက်ရန် ပုံမှန်အားဖြင့် လေးရက်ခန့်ကြာမြင့်ကာ အပြန်ခရီးသည်လည်း အတူတူပင်ဖြစ်သည်။ လူနာသည် ဗင်းဆင့်နယ်မြေသို့ထွက်ခွာပြီး ဆယ်ရက်အကြာတွင် မြို့တော်သို့ပြန်လာခဲ့သည်။
အသွားအပြန် ရှစ်ရက်နှင့် ထိုနေရာတွင်နှစ်ရက်မျှသာကြာခဲ့သည်။ထို့ကြောင့် အန်းသန့်စ် နှင့် ရက်အတော်ကြာအောင်အတူမနေနိုင်ခဲ့ပေ။
"ဘယ်နှစ်ရက်လောက်ပြောခဲ့တာလဲ"
"သေချာမသိဘူး။ ဒေါသအရမ်းထွက်နေလို့ ချက်ခြင်းပဲ ရန်ဖြစ်ခဲ့ကြတာ…"
ဖယ်ဆန်သည် သူ့နားထင်ကို လက်ဖြင့်ထောက်ကာ ပြန်ပြောလာခဲ့သည်။ သူ့ကြည့်ရသည်မှာ ခေါင်းကိုက်နေပုံရသည်။ သူသာ် လိမ်ပုံမပေါက်သော်လည်း အတည်ပြုချက်တော့ လိုအပ်ပေသည်။
"ဒါဆို အရင်ဆုံး လူနာကို မေးပြီးအတည်ပြုသင့်တယ်"
"လူနာ ပြန်ရောက်နေပြီလား"
"ဟုတ်တယ် မနေ့ညက ပြန်ရောက်လာတာ"
"...ဒါဆို သူမ လုရှန်ကိုသွားတယ်ဆိုတာက လိမ်တာပေါ့!!"
အန်းသန့်စ်! သူရဲဘောကြောင်တဲ့ မကောင်းဆိုးဝါး ခွေးကောင်!!
ဖယ်ဆန်သည် ဒေါသပေါက်ကွဲသွားကာ ထိုင်ခုံမှထရပ်လိုက်သည်။
"ဒါဆို အခုချက်ချင်း လူနာနဲ့သွားဆွေးနွေးပြီး သေချာအောင်လုပ်ရမယ်"
"ခဏလေး ချက်ချင်းက နည်းနည်းတော့ အဆင်မပြေဘူး။ မြို့စားကြီးနဲ့ ဆွေးနွေးစရာလေးရှိသေးလို့"
"အတည်ပြုပြီးရင် ပြန်လာလို့ရတာပဲ မဟုတ်ဘူးလား။လူနာက အဲ့ကောင်နဲ့တွေ့ဖို့ နောက်တစ်ခေါက် ပြန်ထွက်သွားရင် ဘယ်လိုလုပ်မလဲ"
ဖယ်ဆန်သည် ဒေါသများကို မထိန်းနိုင်တော့ပေ။
သူဘာလို့ဒီလောက်ဒေါသဖြစ်နေရတာလဲ..
လူနာသည် အရွယ်ရောက်ပြီးသူဖြစ်သောကြောင့် ရည်းစားထားသည်မှာ မထူးဆန်းနေပေ။ အကယ်၍ သူမက ဗင်းဆင့်နယ်မြေကို လျှို့ဝှက်သွားကာ အမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့သည်မှာ အမှန်ဆိုလျှင်ပင် ခဏတာမျှတုန်လှုပ်စရာဖြစ်သွားမည်ဆိုသော်လည်း သူမကိစ္စပင်ဖြစ်သည်။
သို့သော် အမှန်တရားကို ချက်ချင်းအတည်ပြုနိုင်မလား မပြုနိုင်ဘူးလားဆိုတာမသချာပေ။ ဘယ်ရွန်သည် ဖယ်ဆန် ဤမျှဒေါသထွက်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးသောကြောင့် ထိတ်လန့်တကြားဖြစ်ခဲ့ရပြီး သူ၏ပခုံးကို လက်ဖြင့်အသာပုတ်လိုက်ရင်း ခံစားချက်များကို နှစ်သိမ့်ပေးလိုက်သည်။
"နားလည်ပါတယ်။ စိတ်အေးအေးထားပါ ။ သခင်လေးနဲ့ အမှန်တရားအတည်ပြုဖို့က ပိုအရေးကြီးတယ်။ ဒါဆိုအခုပဲ အတူတူသွားကြရအောင်။ ငါ မနက်ဖြန်မှ မြို့စားကြီးကို အကြောင်းကြားလိုက်မယ်"
"မြန်မြန်သွားရအောင်"
ဖယ်ဆန်သည် တံခါးဝသို့ လျှင်မြန်စွာလျှောက်သွားခဲ့သောကြာင့် ဘယ်ရွန်မြို့စားသည် သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့နောက်သို့ လိုက်သွားခဲ့လိုက်သည်။
* * *
လူနာသည် အန်းသန့်စ် ယူလာသော စာရွက်စာတမ်းများကို စစ်ဆေးနေခဲ့ကာ စာရွက်များကိုစားပွဲပေါ် ပြန်ချထားလိုက်သည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်ရာ အန်းသန့်စ်သည် ဆိုဖာပေါ် မှီ၍ထိုင်နေပြီး သူမကိုကြည့်နေခဲ့သည်ကိုတွေ့လိုက်ရသည်။ သူမလှည့်ကြည့်လာသည်နှင့် ဗင်းဆင့်သည် မျက်လုံးများ မှေးကျဉ်းကာပြုံးပြလာခဲ့သည် ။
"ကျွန်မကိုကြည့်နေတာ ရပ်လိုက်တော့"
သူဘာလို့ဒီလိုကြည့်နေရတာလဲ!!
လူနာသည် ထိုအချက်ကိုထောက်ပြလာသောကြောင့် ဗင်းဆင့်သည် 'ကြည့်တော့ဘာဖြစ်လို့လဲ'ဆိုသည့်ပုံဖြင့် ပခုံးတွန့်ပြလာခဲ့သည်။
"ဘာလို့လဲ"
"ကျွန်မ ထူးဆန်းသလိုခံစားရလို့။ စာရွက်စာတမ်းတွေအပေါ်အာရုံစိုက်လို့မရဘူး"
"မစိုးရိမ်ပါနဲ့။ကိုယ်က စာရွက်နောက်ကျောကိုလည်း ကြည့်နေတာပါ"
အန်းသန့်စ်၏အဖြေကြောင့် လူနာသည်စာရွက်များ၏ အနောက်ကိုလှန်လိုက်သည်။ ထို့နောက်တွင် ဗလာစာမျက်နှာများကိုသည သူမ တွေ့လိုက်ရသည်။
ရှက်စရာကောင်းသော အခြေအနေဖြစ်နေသော်လည်း အန်းသန့်စ်သည် ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
"အဲဒီမှာ ဘာဖြည့်ရမလဲ ကိုယ်စဉ်းစားနေတာ"
"…"
စာရွက်စာတမ်းများစစ်ဆေးခြင်း၏ လေးနက်မှုကို ခံစားပြီးနောက် လူနာသည် သူမ၏လက်နှစ်ဖက်ကိုပိုက်ကာ သူ့ကိုမေးလိုက်သည်။
"စာချုပ်နောက်မှာ ရှင်ဘာဖြည့်မှာမို့လဲ"
"မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ လေဒီလူနာပဲလ်, အမျိုးသမီးမြို့စားက ကျွန်တော် အန်းသန့်စ်ဗင်းဆင့်ကို စိတ်ဝင်စားနေပါသည်..."
"!!!"
မဟုတ်သေးပါဘူး!သူ အခုအချိန်အထိ ဒါကို စဉ်းစားနေခဲ့တာလား။
လူနာသည်လန့်ဖျပ်သွားကာ တောင့်ခဲသွားပြီး အန်းသန့်စ်သည် ပြန့်ကျဲနေသော စာရွက်စာတမ်းများကို သေသေသပ်သပ် ပြန်စီပေးလာရင်း ထပ်ပြောလာခဲ့သည်။
"မင်း ပြန်မဖြေဘူးလား.... ကိုယ့်နာမည်ကိုပြောခဲ့တယ်ဆို..."
ကောင်းပြီ ဒါကအမှန်ပဲ။ ဒါပေမယ့် အဲဒါက အခုအရေးကြီးနေလို့လား
လူနာသည် မျက်တောင်များ တဖျပ်ဖျပ်ခတ်လိုက်ပြီး အန်းသန့်စ်က ဆက်ပြောလာခဲ့သည်။
"ကိုယ့်အတွက် အရေးကြီးတယ်"
"ဟမ်…ဘာလို့လဲ"
"ဒါမှ ကိုယ်အနာဂတ်ကျရင် လေဒီ့ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာလေ"
ပန်းချီခန်းထဲသို့ လက်ဖက်ရည်ယူဆောင်လာသည့် လော်ရာသည် ဝင်ဝင်ချင်းပင် သူတို့၏ စကားစကို ကြားလိုက်ရပြီး တိတ်တဆိတ် ပြန်ထွက်သွားကာ ပျောက်ကွယ်သွားခဲ့သည်။
အန်းသန့်စ်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သောကြောင့် လူနာသည် ရိုးရိုးသားသား မဖြေမီ ခဏလောက် စဉ်းစားခဲ့သည်။
"ကျွန်မမှာ ရှင့်အပေါ်မကောင်းတဲ့ အမြင်မျိုးတော့ မရှိပါဘူး၊ ဒါပေမယ့်… ကျွန်မ အဲ့ဒီလိုတူတာတစ်ခုတော့ပြောခဲ့ဖူးတယ်"
"မင်း ဘာပြောခဲ့တာလဲ"
အန်းသန့်စ်၏မျက်လုံးများတွင် မျှော်လင့်ချက်များပြည့်လာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ကျွန်မပြောခဲ့တာက ဖယ်ဆန်အစား ရူးနေတယ်လို့ ကောလဟာလထွက်နေတဲ့ အန်းသန့်စ်ဗင်းဆင့်နဲ့ တွဲတာမှဟုတ်အုံးမယ် လို့ပဲ"
"…"
"ဖာဆန်နဲ့ ကျွန်မကြားက ဆက်ဆံရေးအကြောင်း နားလည်မှုလွဲနေတဲ့သူတွေကို ရှင်းပြဖို့ ကျွန်မပြောခဲ့မိတာ"
သူမ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် နူးညံ့စွာ ပြုံးပြနေခဲ့သော အန်းသန့်စ်၏ မျက်နှာသည် အေးစက်သွားခဲ့သည်။
သူတို့ကြား ခဏလောက် တိတ်ဆိတ်သွားခဲ့ကြသည်။
အမ် သူမ အမှန်တွေအရမ်းပြောမိသွားတာလား။ဒါပေမယ့်လည်း နားလည်မှုလွဲမှားမှုတွေကို ရှင်းထုတ်ဖို့အတွက် ရိုးသားဖို့လိုတယ်လို့ သူမခံစားရသည်။
သူမ ချုံပုတ်တစ်ခုက သွားရိုက်နှက်ခဲ့သည်ပင်လျှင် ၎င်းသည် နောက်ထပ်အခြေအမြစ်မရှိသော ကောလဟာလတစ်ခုကို မွေးဖွားနိုင်ပေသည်။ ကောလဟာလများသည် တကယ်ကို ပင်ပန်းစရာကောင်းလှသည်။
"အခုချိန်ထိ အဲ့လိုတွေးနေသေးလား..."
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အန််းသန့်စ်သည် လေးနက်သော အမူအရာဖြင့် မေးလာခဲ့သည်။
"ဘာကိုဆိုလိုတာလဲ"
"မင်းမျက်လုံးထဲမှာ ကိုယ်က ဖယ်ဆန်ထက် ပိုကောင်းနေသေးလား"
"ဒါကမေးစရာတောင် လိုသေးလို့လား။ ဒါပေါ့ ရှင်က သူ့ထက်အဆပေါင်း သန်းနဲ့ချီ ပိုကောင်းတယ်"
ဒီနှစ်ခုကို ဘာလို့ နှိုင်းယှဉ်ရတာလဲသူမ မသိပေ။ လူနာသည် ဤကမ္ဘာပေါ်တွင် ဖယ်ဆန်ထက်ပိုမုန်းသော မည်သူမျှ မရှိပေ။ သူမသည် ဖယ်ဆန့်ကို အမြဲတမ်း မကြိုက်ခဲ့ပေ။ ယခု သူမ သူ့ကို ပိုလို့တောင် မကြိုက်နေပေ။
သူမအဖြေကို ကျေနပ်သလိုမျိုး ဗင်းဆင့်၏ မျက်နှာသည် ပြောင်းလဲသွားခဲ့သည်။
"ဒါဆို အခုကိုယ်ပြောမှာက နည်းနည်း ရုတ်တရတ်ဆန်ပေမယ့်-"
မထင်မှတ်ပဲ သူ ရပ်တန့်သွားခဲ့သည်။ ယခုအချိန်အထိ သူသည်စကားများကို ဖြောင့်ဖြောင့်တန်းတန်း ပြောဆိုခဲ့ပြီး တုံ့ဆိုင်းသည်မှာ ရှားပါးလှသည်။
"မင်း ကိုယ်နဲ့ ချိန်းတွေ့ချင်လား"
"…ဘာဖြစ်တယ်"
ရုတ်တရက် တံခါးအပြင်ဘက်မှတစ်စုံတစ်ရာ ကွဲအက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ၎င်းနှင့်အတူ လူနာ၏ အတွေးများသည် အပိုင်းပိုင်းကွဲသွားခဲ့သည်။
"ရှင် ဘာပြောလိုက်တယ်..."
"ကိုယ်က ဖယ်ဆန်ထက် အဆပေါင်း သန်းပေါင်းများစွာ သာလွန်တယ်ဆို...ဒါဆို ကိုယ်နဲ့ ချိန်းတွေ့ကြရအောင်လေ"
"…ဟမ်"
သူက ရူးနေတာပဲဖြစ်ရမယ်...
အန်းသန့်စ်ဗင်းဆန့်သည် ရူးသွပ်နေသောသူဟူသည့် ကောလာဟလများမှာ အမှန်ဖြစ်ပုံရသည်။ လူနာသည် သူ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဆိုပြုချက်ကို ပြန်မတုံ့ပြန်နိုင်ခဲ့သေးသော်လည်း သူက စကားကို တစ်ဖန် စတင်လာခဲ့ပြန်သည်။
"ကိုယ်က လေဒီ့ကို သဘောကျလို့ ပြောလိုက်တာပါ"
အန်းသန့်စ်သည် ရယ်မောလာခဲ့ပြီး သူ့နောက်တွင် ပန်းပွင့်များဖြာထွက်လာသလိုခံစားလိုက်ရသည်။သူသည် ရုပ်ဆိုးသောပန်းချီခန်းကိုပင် ပန်းပွင့်များဖြင့် အလှဆင်နိုင်ပေသည်။
"ကိုယ်တို့တွေ့တာ ရက်ပိုင်းပဲရှိသေးတာဆိုပေမယ့် ကိုယ် မင်းကို တကယ်အရမ်းစိတ်ဝင်စားသွားတာ"
သူသည် လူနာတွေးတောဖို့ အချိန်တစ်ခုပေးလာသလိုမျိုး စကားကိုအဆုံးသတ်လိုက်ကာ သူမ၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်မျှော်နေခဲ့သည်။ သူမ၏ စိတ်သည် ဖရိုဖရဲဖြစ်နေကာ ခဏတာမျှ အေးခဲသွားခဲ့သည်။
သူမသည် ဒီကိစ္စကိုမြန်မြန်အပြတ်ဖြတ်ရမည်ဟု ခံစားလိုက်ရသည် ။
"ဒါက ဒီတိုင်း စနေတဲ့စကားမလား"
"စနေတဲ့စကားလား... မဟုတ်ပါဘူး"
"ဒါက တစ်စုံတစ်ယောက်ကသဘောကျတဲ့လူကို ခံစားချက်ဝန်ခံတဲ့မျက်နှာဟုတ်လို့လား"
သူ့မျက်နှာသည် ပန်းတိုင်ကို ရောက်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပုံရသော မျက်နှာမျိုးပင်။ထိုသည်မှာ အန်းသန့်စ်ဆီမှ လူနာ ခံစားရသော ခံစားချက်ပင်ဖြစ်သည်။
ဗင်းဆင့်သည် ပါးစပ်ထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်ပြီး အံ့သြတကြီး တုံ့ပြန်လိုက်သည်။ ထိုအချက်ကို သူမထောက်ပြမည်ကို သူမမျှော်လင့်ထားပေ။
"အိုး မင်း သတိထားမိတာလား"
"ဘာလို့လဲဆိုတော့ ရှင် တခုခုကို လိုချင်တဲ့အချိန်တိုင်း မြှောက်ပင့်ပြီးမဟုတ်တာတွေ ပြောလေ့ရှိလို့လေ"
လူနာ၏ ပြောဆိုမှုက အန်းသန့်စ်ကို ရယ်မောသွားစေခဲ့သည်။
"လူတိုင်းသိပေမယ့် ဒီတိုင်းလျှောချလိုက်ကြတယ်လေ"
"မယုံနိုင်စရာပဲ"
ဒါဟာအမှန်ပင်ဖြစ်သည်။သူက တကယ်ကို အရှက်မရှိပေ။
လူနာသည် သူမ၏ မယုံကြည်မှုကို ထုတ်ဖော်လိုက်သောကြောင့် အန်းသန့်စ်သည် ရယ်မောခြင်းကို ရပ်လိုက်ပြီး သူ၏ တောက်ပြောင်နေသော ရွှေရောင်ဆံပင်ကို တစ်ချက်သပ်တင်လိုက်သည်။
"ဒါပေမယ့် မင်းကို စိတ်ဝင်စားတယ်ဆိုတာက ကိုယ်တကယ်ပြောတာ။ဒီလိုချိန်းတွေ့ဖို့ ပြောတာကလည်း ကိုယ်တကယ်မင်းနဲ့ ဒိတ်ချင်လို့ပဲ။ ပြီးတော့ ကိုယ်နဲ့ ပူးပေါင်းလိုက်ရင် မင်းအတွက် ပိုကောင်းမှာ မဟုတ်ဘူးလား"
"…ဘာလို့လဲ"
"ကိုယ်တို့တောင် တစ်ခါမှမတွေ့ဖူးတဲ့ လူတွေက မင်းနဲ့ ဖယ်ဆန်ကြားက ဆက်ဆံရေးကို နားလည်မှုလွဲနေကြတယ်မလား။ ပြီးတော့ သူက မင်းကိုရှာဖွေဖို့ ဗင်းဆင့်နယ်မြေကို ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ ကိုယ့်ကိုတောင် ဒေါသထွက်သွားခဲ့တာ။ကိုယ်နဲ့တွဲလိုက်ရင် အဲဒီနားလည်မှုလွဲမှားမှုတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလား... ပြီးတော့ တကယ်တမ်းပြောရရင် ဒီတိုင်းလွှတ်ထားရင် သူတို့က ပိုဆိုးလာနိုင်တယ်"
"ဖယ်ဆန်က ဗင်းဆင့်နယ်မြေကိုလာခဲ့တာလား!"
"ဟုတ်တယ်၊ သူက မင်းကို ရှာနေတာ။ ဟိုမှာ မင်းကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုပြီးတော့ အရှုပ်တွေတောင် လုပ်ခဲ့သေးတယ်"
သူတကယ်ရူးနေတာလား...
လူနာ၏ စိတ်သည် သူ၏မထင်မှတ်ထားသော လုပ်ဆောင်ချက်များကြောင့် ရှုပ်ထွေးသွားမိသည်။ အမှန်တကယ်ပင် အန်းသန့်စ် ပြောခဲ့သည့်အတိုင်း နားလည်မှုလွဲမှားမှုများက ပို၍နက်ရှိုင်းလာနိုင်ပေသည်။
"အဲဒါကြောင့် မင်းကို ကိုယ်နဲ့ချိန်းတွေ့ဖို့ ပြောနေရတာ။ ဒါဆိုရင် လူတိုင်းမှာရှိနေတဲ့ နားလည်မှုလွဲမှားနေတာတွေကို ရှင်းပစ်နိုင်မှာမလား။အဲ့တော့ ကိုယ့်ကိုသုံးလိုက်လေ။ မင်းနောင်တရမှာမဟုတ်ဘူး"
အန်းသန့်စ်သည် မြှောက်ပင့်ပြောဆိုခြင်းမရှိဘဲ လေးနက်စွာပြောလာခဲ့သည်။ သူ့စကားတွင် ကစားလိုသောအရိပ်အမြွက်များမရှိနေပေ။
TK Team