Chapter 13
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >13


လူနာ၏ ဆွံ့အနေသောအမူအရာကို ကြည့်ပြီး အန်းသန့်စ်သည် သူမမေ့လျော့နေခဲ့သော မှတ်ချက်တစ်ခုကို ထပ်ထည့်သွင်းလာခဲ့သည်။

"အိုး... အတိအကျပြောရရင် ကိုယ်ကြားခဲ့တာက မင်းက ဖယ်ဆန်ထက် အန်းသန့်စ်ဗင်းဆင့်ကို ပိုစိတ်ဝင်စားတယ်ဆိုပဲ"

ဖယ်ဆန်ထက် အန်းသန့်စ်ဗင်းဆင့်ကို ပိုစိတ်ဝင်စားတာလား။ အဲဒါက ဘာကိုဆိုလိုတာလဲ။

လူနာသည် သူ့အားပြန်မေးတော့မည့်အချိန်မှာပဲ သူမ၏မှတ်ဥာဏ်တစ်ခုပြန်ပေါ်လာခဲ့သည်။

"ဖယ်ဆန်လိုလူကို ဒူးထောက်တောင်းဆိုပြီး ယူခိုင်းရင်တောင် ငါမလိုချင်ဘူး...ဒါကြောင့် ငါ့ကို အနှောင့်အယှက်ထပ်မပေးပါနဲ့တော့....သူနဲ့တွဲမယ့်အစား ရူးနေတယ်လို့ ကောလဟာလထွက်နေတဲ့ အန်းသန့်စ် ဗင်းဆင့်နဲ့ တွဲတာမှဟုတ်အုံးမယ်"

အဲ့တာသည် မကြာသေးမီက ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်များမှာ အနည်းငယ်ကွဲပြားသော်လည်း အန်းသန့်စ်ဗင်းဆင့်နဲ့တွဲရသည်က ဖယ်ဆန်နှင့်တွဲရခြင်းထက် သာလွန်သည်ဟု ပြောဖူးခဲ့သည့်အမှတ်တရတစ်ခုရှိလေသည်။ ဖယ်ဆန်သည် အန်းသန့်စ်လောက်ပင် မကောင်းမွန်ဟု ဆိုခဲ့သည်။

ဒါပေမယ့် အဲဒါနဲ့ အခုက ဘာဆိုင်လို့လဲ။

လူနာသည် ဘာဆက်စပ်မှုရှိလို့လဲဟုမေးတော့မည် အချိန်တွင် တစ်ခုခုကိုချိတ်ဆက်မိသွားပြီး ရယ်စရာကောင်းသောအတွေးတစ်ခုကြောင့် နေရာမှာတင်အေးခဲသွားသည်။

"မ...မဖြစ်နိုင်ဘူး၊ ရှင်က အန်းသန့်စ်ဗင်းဆင့် မဟုတ်ဘူးမလား"

ဘယ်လိုမှမဖြစ်နိုင်ပေ။ အန်းသန့်စ်ဗင်းဆင့်တွင် ကြောက်စရာကောင်းသောမျက်နှာထားရှိသည်ဟုကောလဟာလများရှိသည်။ သူပေါ်လာချိန်တိုင်း လူတိုင်းသည် ရေခဲများကဲ့သို့အေးခဲသွားရသည်ဟုလည်း ပြောကြသည်။ ထို့အပြင် သူသည်ဒေါသကို မထိန်းနိုင်ဘဲ ရူးသွပ်သွားသည်ဟု ကောလာဟလများလည်းရှိသည်။

မူရင်းဝတ္ထုတွင် အန်းသန့်စ်ဗင်းဆင့်သည် ဖယ်ဆန်နှင့် စကားစမြည်ပြောနေစဉ်အတွင်း ဖယ်ဆန်၏လက်နှင့်ခြေထောက်ကို လျှပ်တပျက် ကျိုးအောင်လုပ်ခဲ့သည်။ သူသည် ဖယ်ဆန်ကို ဓားဖြင့်ပင်ထိုးခဲ့ကာ သနားစရာကောင်းသောအခြေအနေတွင် ထားခဲ့သည်။ ထို့အပြင်သူသည် သူ့ဒေါသများကို ဆိုင်ယာအပေါ် မဆိုင်းမတွ ထုတ်လွှတ်တတ်သည်...

ဟင်းးး တွေးကြည့်ရရင်‌တော့ အန်းသန့်စ်လုပ်ခဲ့သော လုပ်ရပ်များမှာ ဖြစ်နိုင်ပါက လူနာကိုယ်တိုင် သူတို့ကိုလုပ်ချင်နေသည့်အရာများဖြစ်သည်။ ထို့အပြင် ဆိုင်ယာသည် ဖယ်ဆန်အပေါ် မည်မျှပင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသည်ဖြစ်ပါစေ သူမသည်လည်း ထိုမျက်နှာကို မြင်သောအခါတွင် ချောမောလှသည်ဟု မပြောဘဲမနိုင်လောက်ပေ။

ဒါကြောင့် သူမရှေ့ကထိုလူသည် သေချာပေါက် မဟုတ်လောက်...

"ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ ကိုယ်က အန်းသန့်စ်ပဲ။ အန်းသန့်စ်ဗင်းဆင့်၊ ဗားကွစ်ဗင်းဆင့်မြို့စားရဲ့အကြီးဆုံးသား"

-အန်းသန့်စ် ဗင်းဆင့်။

သေစမ်း!

တစ်စုံတစ်ယောက်က သူမ၏ဦးခေါင်းကို သံတူဖြင့်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရကာ အလွန်တုန်လှုပ်သွားသည်။

ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲ့တာဆို အခု ငါက အန်းသန့်စ်နဲ့လုပ်ငန်းအတူလုပ်နေကြတယ်လို့ ပြောချင်တာလား။လက်လွတ်စပယ် အကြမ်းဖက်တတ်ပြီးတော့ ဖယ်ဆန်ရဲ့နေရာကိုလုဖို့ကြိုးစားနေတယ်ဆိုတဲ့ ဆိုက်ကိုအရူးကောင်နဲ့လေ!! 

ကောလဟာလ၏ ဇာတ်ဆောင်ဖြစ်သော အန်းသန့်စ်သည် နူးညံ့သောမြစိမ်းရောင်မျက်လုံးများဖြင့် လူနာကို စိုက်ကြည့်နေသည်။ သူက မျက်တောင်ကို ကျော့ရှင်းစွာခတ်လိုက်ပြီးမေးလိုက်သည်။

"အာ...မင်း အံ့သြသွားလား"

"ဘာလို့...ဘာလို့ အစောထဲက မပြောတာလဲ။ ကျွန်မတို့အတူတူခရီးထွက်တုန်းက ရှင်ပြောပြခဲ့ရင် ပိုကောင်းလိမ့်မှာ။ ရှင်သာပြောခဲ့မယ်ဆိုရင်…"

"မင်း ထွက်ပြေးသွားမှာစိုးလို့"

သူက အလိုလျောက်ပြောလာခဲ့ပြီး လူနာ၏နှလုံးသားကို စူးခနဲဖြစ်သွားစေသည်။ သူ့မျက်နှာတွင် စိုးရိမ်မှုအရိပ်အယောင်မပြနေပေ။သူ့အကြောင်းကောလဟာလများကို ကောင်းကောင်းသိနေပုံရသည်။

"ကိုယ် မင်းကို ထွက်ပြေးမသွားစေချင်ဘူး။ ကိုယ် မင်းကိုသဘောကျတာ မင်းသိတယ်မလား။ နောက်ပြီးတော့ ကိုယ့်ကို မားချက်စ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လို့ခေါ်တာကလည်းလုံးဝ မမှားနေဘူး"

မင်းကို သဘောကျတယ်...

သူ ဘာလို့ဒီလိုစကားကို ပေါ့ပေါ့ပါးပါး ထုတ်ပြောနိုင်တာလဲ။ ဒါက ရှက်စရာကြီးကို!

သူတို့ကြား ဖြစ်ပေါ်လာသည့်ထူးဆန်းသောလေထုကြား လော်ရာသည် နံနက်ခင်းပြဇာတ်ကို ကြည့်နေရသလိုမျိုးခံစားလိုက်ရပြီး သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ကာ လူနာ၏ တုံ့ပြန်မှုကို စောင့်မျှော်လိုက်သည်။

"...'သဘောကျတယ်' ဆိုတာ ရှင်ဘာကိုဆိုလိုတာလဲ"

"မင်းလည်း ဖယ်ဆန်ကိုမကြိုက်တဲ့အပိုင်းကို"

"အိုး...."

ရုတ်တရက် လေထုသည် အေးခဲသွားခဲ့သည်။ လူနာ၏ မျက်နှာ၊ သူမ၏ နှလုံး၊ လော်ရာ၊ အမ်မာနှင့် အဝေးက စိတ်လှုပ်ရှားသောနှလုံးသားဖြင့်ကြည့်နေသော ဟင်နရီတို့အားလုံး အေးခဲသွားကြသည်။

ငါမမျှော်လင့်ထားတဲ့ဟာကို နင်ကငါ့ကိုမျှော်လင့်လာအောင်လုပ်ပြီးတော့မှ ငါ့ရဲ့စိတ်လှုပ်ရှားနေတဲ့ နှလုံးသားလေးကို ရေအေးနဲ့လောင်းချပေးလိုက်ရသလား!

အန်းသန့်စ်သည် လူနာ၏ အေးစက်သွားသောအမူအရာကို သတိပြုမိလိုက်ပြီး စကားဆက်မပြောမီတွင် ရယ်မောလိုက်သည်။

"ပြီးတော့ မင်းရွှေတူးဖို့ ပဲလ်နယ်မြေကို တစ်ယောက်တည်း ဆင်းလာရဲတဲ့ သတ္တိကိုရော၊ ကြေးစားဒါဇင်နဲ့ချီတဲ့ အဖွဲ့ထဲမတုန်မလှုပ်ဘဲလိုက်လာရဲတဲ့ရဲရင့်မှုကိုရော ဆုံးရှုံးမှုကို ရှောင်ဖို့ ဂရုတစိုက် တွက်ချက်တတ်ပုံကိုရော ကိုယ်သဘောကျတယ်။ ဒီလိုမျိုး မင်းရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ချပြတာကိုလည်း ကိုယ်သဘောကျတယ်"

ခဏတာမျှအေးခဲသွားပြီးနောက်တွင် ဒရာမာဇာတ်လမ်းက ပြန်စတင်လာခဲ့သည်။ လော်ရာသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြန်သည်။

သူသည် အမှန်တကယ်ပင် လူများ၏ နှလုံးသားအား မည်သို့ကစားရမည်ကို သိသူဖြစ်သည်။ လူနာသည် ရှက်သွေးဖြာမိသွားပြီး သူ့ကိုရပ်တန့်ဖို့ အရိပ်အယောင်ပြရန်အလို့ငှာ လက်ကို ဆန့်ထုတ်လိုက်သည်။

"ကိုယ့်မှာ ပြောစရာတွေအများကြီးရှိသေးတယ်။နားထောင်ချင်လား"

"မလိုတော့ဘူး၊ အဆင်ပြေတယ်"

"ကောင်းပြီလေ ဒါဆို မင်းကို ပြောပြဖို့ ကိုယ်အချိန်ယူရမှာပေါ့"

အန်းသန့်စ်သည် လူနာ၏အမူအရာ သိသိသာသာပျော့ပြောင်းလာကြောင်း အတည်ပြုပြီးနောက်တွင် သူမအနားသို့ ခပ်သွက်သွက်လျှောက်သွားလိုက်ကာ သူမဘေးတွင် ရပ်၍ မေးလိုက်သည်။

"မင်း...စာချုပ်ကို ဖျက်ချင်သေးလား"

သူမ မဖျက်ချင်ဘူးဟုပြောပါက လိမ်ညာနေတာသာဖြစ်ပေလိမ့်မည်။ သို့ပေမယ့် သူမရလာသောငွေများဖြင့် ဝတ်စုံများဝယ်နှင့်ပြီးပြီဖြစ်သည်။ သူမက သူမအဖေ၊ အမ်မာ၊ လော်ရာ နှင့် ဟင်နရီတို့ထံ ပြသခဲ့ပြီးဖြစ်သည်။သူမသည် ဆိုင်ယာ၏ သူငယ်ချင်းများကိုလည်း ကြွားဝါခဲ့ပေသည်။ ပယ်ဖျက်ရန်မှာ နောက်ကျလွန်းနေပြီဖြစ်သည်။

ထို့အပြင်…

'…ဘာလို့မှန်းမသိပေမယ့် သူက ဒီလောက်လဲဆိုးပုံမရပါဘူး'

သူ့၏ နတ်ဘုရားလိုမျက်နှာကြောင့်ပင် မဟုတ်ပေ။ သူမသည် သူ့ထံမှ မည်သည့်အန္တရာယ်ကိုမျှ မခံစားမိသောကြောင့်ဖြစ်သည်။ သူက ကောလဟာလများတွင် ဖော်ပြထားသလောက် ရူးသွပ်နေပုံမပေါ်နေသလို သူမကို ရက်ရက်ရောရော ငွေအမြောက်အများပေးခဲ့ပြီး နေရာထိုင်ခင်းလည်းပေးခဲ့သည်။

လူနာ၏ အတွေးများ သည် ထိုအချက်များသို့ ရောက်ရှိ လာသည်နှင့်အမျှ သူမ ခေါင်းကို မော့ကာ အန်းသန့်စ်နှင့်အကြည့်ချင်း ဆုံလိုက်သည် ။

"မဟုတ်ဘူး၊ အဲ့တာက ပြန်ဖျက်ဖို့က မလွယ်ဘူး။ ရှင်က ကောလဟာလတွေထဲပါချင်ပါလိမ့်မယ်။ကျွန်မရောပဲပါတတ်တယ်လေ။ ဒါပေမယ့် ကျွန်မတို့အတူရှိခဲ့တဲ့ရက်အနည်းငယ်အတွင်း တွေ့ကြုံခဲ့ရတာတွေကို အခြေခံပြီးပြောရရင် ရှင်က အဲ့လိုလူစားမျိုးလို့ ကျွန်မ မထင်ဘူး။ နောက်ပြီးတော့…"

"နောက်ပြီးတော့..."

"ကျွန်မလည်း ဖယ်ဆန်ကို မကြိုက်တဲ့သူကို ကြိုဆိုပါတယ်။ ရန်သူရဲ့ရန်သူက အကောင်းဆုံးမဟာမိတ်ပဲလေ"

"အင်း...ဒါက လွယ်လွယ်နားလည်နိုင်တဲ့ အကြောင်းပြချက်ပဲ"

အန်းသန့်စ်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ နေဝင်ချိန်ဆည်းဆာများဖြာကျနေခဲ့သော သူ၏ရွှေရောင်ဆံပင်များမှာ လှပစွာ တောက်ပနေကြသည်။ ကမ္ဘာပေါ်ရှိ သဘာဝဖြစ်စဉ်များအားလုံးသည် သူ့အလှကို မြှင့်တင်ပေးနေသလိုပင်။

လူနာသည် သူ့မျက်နှာကို ဆက်ကြည့်လိုစိတ်ကို တွန်းလှန်ကာ အိမ်ကြီးဆီသို့ အမြန်လျှောက်သွားလိုက်သည်။

"ဒါဆို အိမ်ထဲဝင်ပြီး စကားပြောရအောင်။ နေဝင်ခါနီးပြီမို့လို့ မြန်မြန်လုပ်သင့်တယ်"

"ကိုယ်တို့ အချိန်ယူဖို့လိုတယ်။ အရင်ဆုံး ဒီစာချုပ်တစ်ခုပဲရသေးတယ်။ နောက်တစ်ခုက ဥပဒေအတိုင်းလုပ်ဆောင်နေတုန်းပဲ"

အန်းသန့်စ်သည် လူနာ၏အနားကို ချဉ်းကပ်ကာ ပြောလိုက်သည်။

"ဒါဆို မနက်ဖြန်မှပြန်တွေ့ကြမလား"

နောက်ကျနေပြီဆိုသောကြောင့် သူ့ကို ပြန်လွှတ်လိုက်ပြီး မနက်ဖြန်မှ အရာအားလုံးကို သေချာစစ်ဆေးသည်က အကြံဆိုးတော့မဟုတ်ပေ။ အန်းသန့်စ်သည် ထိုအကြံကို မကြိုက်သလိုမျိုး လူနာ၏ နာမည်ကိုတိုးဖွစွာ ခေါ်လာခဲ့သည်။

"ဘယ်ရွန်အမျိုးသမီးမြို့စား လူနာပဲလ်..."

နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသောအသံကြောင့် လူနာသည် အံ့သြသွားကာ မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်၍ ပြန်ဖြေလိုက်သည်။

"ဟင်"

"ကိုယ်တို့ဒီမှာ ညစာအတူတူစားကြရင် မကောင်းဘူးလား။ ကိုယ် ဒီကို တလမ်းလုံး မနားဘဲလာခဲ့ရတာ။ကိုယ့်ကို ညစာကျွေးတာက မျှတတယ်မဟုတ်ဘူးလား။ကိုယ် တစ်နေ့လုံးသေချာ အနားမယူရသေးဘူး"

ကောင်းပြီ၊အကယ်၍ သူမကသာမာန်မြို့စားအနွယ်ဝင်မိသားစုဖြစ်ခဲ့လျှင် ကိစ္စရှိမှာမဟုတ်သော်လည်း ဒါကဆင်းရဲလှသော ဘယ်ရွန်မိသားစု၏အိမ်ဖြစ်သည်။

သူမမှာ ပိုက်ဆံရှိနေပြီဖြစ်သော်လည်းအန်းသန့်စ်က ရုတ်တရက်ရောက်လာသောကြောင့် ဘာမှမပြင်နိုင်‌တော့ပေ။ ပြင်ဖို့အချိန်လည်း မရှိနေပေ။

အန်းသန့်စ်သည် လူနာ၏ တုံ့ဆိုင်းနေမှုကို ခံစားရသောကြောင့် ခေါင်းကိုနိမ့်ကာ သူမနှင့် အကြည့်ချင်းဆုံကာ စကားပြောလာခဲ့သည်။သူ့မျက်နှာသည် အလွန်နီးကပ်နေသောကြောင့် သူမသည် အသက်ကိုပင်အောင့်ထားလိုက်မိသည်။

"ကိုယ်က အမွှေးအကြိုင်နည်းတဲ့ အာလူးဟင်းချိုပဲဆိုရင်တောင် စားနိုင်တယ်ဆိုတာ မင်းသိပါတယ်။ ကိုယ်ဘာမဆိုစားနိုင်တယ်။ ဒါကြောင့် မင်းကိုယ့်ကို ဘာကျွေးကျွေး ကိုယ်တန်ဖိုးထားမှာပါ။ ခြောက်နေတဲ့ ကြက်သွန်မြိတ်တွေဆိုရင်တောင် အဆင်ပြေတယ်။ သွေးတွေရှိနေရင်တောင်မှ ကိုယ်ကောင်းကောင်းစားမှာပါ"

"…!"

လူနာ သဘောပေါက်သွားသည့်တစ်ခုမှာ ထိုလူသည် တစ်ခုခုလိုချင်သောအခါတွင် သူ့ချောမောမှုကိုအသုံးပြုကာ အရယူလိမ့်မည်ဆိုတာပင်။ ပြီးတော့ အဲဒါကလည်း အရမ်းသက်ရောက်မှုရှိပေသည်။

လူနာသည် အန်းသန့်စ်မျက်နှာနှင့်လွန်စွာ နီးကပ်နေကာ တောင့်တင်းနေသည့်အချိန်တွင် အမ်မာသည် ထိုနှစ်ယောက်ကိုကြည့်ရင်း မျက်နှာများနီရဲလာကာ အော်လုမတက်ဖြစ်သွားသည်။ ထို့နောက်သူမသည် အခုမှသတိရလာသလို စားပွဲပြင်ရမည်ဖြစ်ကြောင်း အော်ပြောလိုက်သည်။

"အိုး သခင်မလေး! ကျွန်မ...ကျွန်မသွားပြီးတော့ ချက်ပြုတ်ဖို့သွားကြည့်လိုက်အုံးမယ်!"

"ကျွန်...ကျွန်မက လက်ဖက်ရည်ပြင်ရမယ်! လက်ဖက်ရည်သွားပြင်လိုက်အုံးမယ်။ လက်ဖက်ရည်! လက်ဖက်ရည် အားး!"

အမ်မာနှင့် သိပ်မကွာခြားနေသော အခြေအနေဖြင့် လော်ရာသည် လက်ဖက်ရည်သွားယူလိုက်အုံးမည်ဟု ကျယ်လောင်စွာ ကြေညာလာခဲ့သည်။

“…”

"အမ်းး ဒါဆို ကိုယ်တို့ အခုအိမ်ထဲဝင်ကြတော့မလား"

အန်းသန့်စ်က ပြုံးလိုက်ကာ ခေါင်းကို မော့လိုက်သည်။သူတို့သာ ညနေစာအတူတူစားပါက ဗင်းဆင့်သည် သူမအဖေနှင့် တိုးမိနိုင်ပေသည်။

သူမ စိတ်ပူနေသော်လည်း လူနာမှလွဲ၍ အားလုံးက အန်းသန့်စ်ကို ကြိုဆိုနေကြပြီဖြစ်သည်။

* * *

ဘယ်ရွန်ပဲလ်မြို့စားသည် အချိန်အတော်ကြာပြီးနောက် ရွှင်လန်းသောစိတ်ဖြင့် အလုပ်သွားနိုင်ခဲ့သည်။ မျိုးဆက်ပေါင်းများစွာ ဆင်းရဲတွင်းထဲနက်လာခဲ့ကာ ရုန်းကန်နေခဲ့ရသည့် ပဲလ်မိသားစုအတွက် ရွှေတွင်းတစ်တွင်းကထွက်ပေါ်လာခဲ့သည်။ဒီ့ထက် ပိုပျော်နိုင်စရာပင် မရှိလောက်တော့ပင်။

ထို့အပြင် သူ၏ချစ်လှစွာသောသမီးလေး လူနာသည်၎င်းကိုရှာဖွေတွေ့ရှိခဲ့သူဖြစ်သည်။

ထိုနေရာ၌ ရွှေရှိသည်ကို သူမ မည်သို့ သိခဲ့မှန်းသို သူ မသိကာအလွန်အံ့ဩမိသော်လည်း လူနာသည် ထိုကဲ့သို့ လုပ်ဆောင်နိုင်လောက်အောင်အထိ ထက်မြက်ပြီး လိမ္မာသည်ဟုယုံကြည်ခဲ့သည်။

ဘယ်ရွန်မြို့စားသည် လူနာကို အပြည့်အဝယုံကြည်ပေသည်။

"မင်္ဂလာနံနက်ခင်းပါ"

ဘယ်ရွန်မြို့စား၏ ရွှင်မြူးသော နှုတ်ခွန်းဆက်မှုကို မြို့စားကြီး၏ အစေခံများသည် အေးစက်စွာခေါင်းညိတ်ပြလာသည်။

သူတို့သည် အမူအရာမဲ့ မျက်နှာများနှင့် စည်းကမ်းကို တင်းတင်းကြပ်ကြပ် လိုက်နာကြသော အေးစက်စက်စိတ်ထားများရှိကြသည်။

သူသည် မြို့စားကြီး၏စံအိမ်တွင်အနှစ်နှစ်ဆယ်ကျော်အောင်အလုပ်လုပ်ကိုင်ခဲ့သော်လည်း သူနှင့် မရင်းနှီးဘူးဟုခံစားရသောသူ အများအပြားရှိပေသည်။

ဖယ်ဆန်မှလွဲ၍ ဤစံအိမ်ကြီးရှိလူတိုင်းသည် ထိုကဲ့သို့သာပြုမူကြသည်။ ကံမကောင်းစွာဖြင့် ဘယ်ရွန်မြို့စားတွင် ဖယ်ဆန်မှလွဲကာ မည်သည့်အဖော်မျှ မရှိပေ။

လူနာ နှင့် ဖယ်ဆန် သူငယ်ချင်းမဖြစ်ခင်အထိ ဖယ်ဆန်သည် ဘယ်ရွန်မြို့စားနှင့် မရင်းနှီးခဲ့ပေ။ အဲဒီမတိုင်ခင်အတွင်းတွင် ဖယ်ဆန်နှင့် ဘယ်ရွန်ကြား မည်သည့်အထူးနီးစပ်မှုမျှ မရှိခဲ့ပေ။

သူ့အလုပ်၌ အနှစ်နှစ်ဆယ်‌ အပ်နှံပြီးနောက်တွင်ပင် သူ့တွင်နောင်တရစရာ ဘာမှမရှိဘူးဟု တွေးကာ အထီးကျန်သလို ခံစားလိုက်ရသည်။ထို့နောက် ဘယ်ရွန်သည် စာရွက်စာတမ်းနှင့် ပြေစာများကို ယူလာသောအစေခံကို မေးလိုက်သည်။

" မြို့စားကြီး ဒီမှာရှိလား "

"မြို့စားကြီးလား။ သူဒီမှာ မရှိဘူး။ ချိန်းထားတာတွေ ရှိလို့ မနက်စောစော ထွက်သွားခဲ့တာ။ ညနေစောင်းမှ ပြန်လာမယ် ထင်တယ်"

"သိပြီ"

သူ နေ့ခင်းအထိ စောင့်ရမည်ဖြစ်သည်။သူသည်အလုပ်မြန်မြန်ထွက်ပြီး အိမ်ပြန်ချင်နေပြီဖြစ်သည်။

သူစိတ်မရှည်ဖြစ်နေသော်လည်း အခုချက်ချင်း မသွားနိုင်သေးပေ။ သူလုပ်ချင်ရင်တောင်မှ မလုပ်နိုင်သော အခြေအနေများရှိပေသည်။ သူ့ နေရာကိုဆက်ခံရမည့်လူအား လက်ရှိတာဝန်များကို အနည်းဆုံး အကျဉ်းချုံးရှင်းပြရအုံးပေမည်။

မြို့စားကြီး ကိုစောင့်ဆိုင်းနေစဉ် ဘယ်ရွန်မြို့စားသည်တစ်နေ့တာအတွက်အလုပ်များအားလုံးကိုအဆုံးသတ်ခဲ့ပြီးသူ့နေရာအား အစားထိုးဝင်ရောက်လာမည့်သူအတွက်စာရွက်စာတမ်းများကိုပြင်ဆင်ခဲ့သည်။ ထိုစာရွက်စာတမ်းများ ပြင်ဆင်ပြီးဖြစ်တာကြောင့် ဒီနေ့တင် အလုပ်ထွက်ခွင့်ရမည်ဟု သူထင်ခဲ့သည်။ သူ့တွင် မြို့စားကြီးအပေါ် မည်သည့်တွယ်တာမှုမှ မရှိပေ။

နေ့လယ်စာတောင် မစားဘဲ စာရွက်စာတန်းများကို ပြင်ဆင်ခဲ့သည်။ထိုအချိန်မှာပဲ ဖွင့်ထားသော ပြတင်းပေါက်အပြင်ဘက်မှ ရထားသံကို ကြားလိုက်ရသည်။ နောက်တော့ အစေခံများ၏ခြေသံများကို ကြားလိုက်ရပြီး ပြန်လာပါပြီလားဟု နှုတ်ဆက်သံကိုကြားလိုက်ရသည်။

'မြို့စားကြီး ပြန်ရောက်လာတာလား'

အချိန်ကို စစ်ကြည့်လိုက်ရာ ညနေ ငါးနာရီထိုးနေပြီဖြစ်သည်။မြို့စားကြီးသည် ချိန်းထားသည်ကို စောစီးစွာပြီးသွားခဲ့၍ ပြန်လာတာ ဖြစ်နိုင်ပေသည်။

ဘယ်ရွန်မြို့စားသည် သူ့လက်ထဲမှ ဘောပင်ကို ချလိုက်ပြီး အိမ်ကြီး၏ အဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

"ဟမ်... မြို့စားငယ် ဖယ်ဆန်မဟုတ်ဘူးလား"

မမျှော်လင့်စွာ မြို့စားကြီး ရိုဒရီယန်ပြန်လာတာမဟုတ်ဘဲ ဖယ်ဆန် ပြန်လာတာဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ဖယ်ဆန်၏ မျက်နှာသည် ဘယ်ရွန်မြို့စားတစ်ခါမှမမြင်ဖူးသည့် တင်းမာသောအမူအရာရှိနေပြီး သုန်မှုန်နေကာ ကုတ်အင်္ကျီကို အိမ်တော်ထိန်းထံ လွှဲပေးလိုက်သည်။

"… ဘယ်ရွန်မြို့စား!

ထို့နောက်တွင် သူ၏စိတ်ခံစားချက်များကို လွတ်မြောက်စေမည့် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့သလိုမျိုး ဖယ်ဆန်သည် အရေးတကြီးဟန်ဖြင့် ဘယ်ရွန်မြို့စားဆီသို့ ပြေးလာခဲ့သည်။

"ဘယ်ရွန်မြို့စား၊ လူနာမှာ ကြီးကြီးမားမား တစ်ခု ဖြစ်သွားတာကိုသိရဲ့လား!"

TK Team