Chapter 12
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 12


လူနာသည် မနေ့ည၌ ဘယ်ရွန်မြို့စားနှင့် အချိန်အတော်အတန်ကြာအောင် ကိစ္စအမျိုးမျိုး ဆွေးနွေးခဲ့ပြီး နောက်ကျမှ အိပ်ယာဝင်ခဲ့သောကြောင့် နောက်တစ်နေ့တွင်ကောင်းကင်၌ နေမြင့်နေပြီးမှသာ နိုးလာနိုင်ခဲ့သည်။

"ဖေဖေရော ဘယ်မှာလဲ"

"ဘယ်ရွန်မြို့စားလား...ခါတိုင်းလိုပဲအလုပ်သွားတယ်လေ သခင်မလေး.."

ကံကောင်းထောက်မစွာဖြင့် လူနာကဲ့သို နောက်ကျမှအိပ်ရာဝင်ခဲ့သော ဘယ်ရွန်မြို့စားသည် အလုပ်သို့ အချိန်မှန်သွားနိုင်ခဲ့သည်။

သူမသည် သူမအဖေကနှုတ်ထွက်ခြင်းနှင့်ပတ်သက်သည့် စကားဝိုင်းကို အောင်မြင်စွာ နိဂုံးချုပ်ပြောကြားနိုင်ဖို့မျှော်လင့်မိသည်။

ထိုအချိန်တွင် သူမ၏စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေသည့်သာယာသောရနံ့တစ်ခုသည် လူနာ၏နှာဖျားတိုးဝင်လာခဲ့ပြီးသူမကိုဗိုက်ဆာလာစေသည်။

"ဒါတွေအားလုံးကဘာတွေလဲ"

လူနာသည် မွေးနေ့ပွဲကျင်းပသလိုပင် တည်ခင်းထားသည့်ဟင်းပွဲများကြောင့် အံ့အားသင့်သွားကာ အမ်မာကို မေးလိုက်သည်။ အမ်မာက ယုံကြည်ချက်ရှိရှိပြန်ဖြေလာခဲ့သည်။

"ကျွန်မ နည်းနည်းလေးကြိုးစားထားတာပါ။သခင်မလေးကို ထမင်းမပြင်ပေးရတာက တော်တော်ကြာနေပြီမို့လေ"

"ဒါပေမယ့် ဒါက နည်းနည်းမများသွားဘူးလား..."

ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကင်ထားသော ဘဲကင်၊ ပင်လယ်စာမျိုးစုံအပြည့်ဖြည့်ထားသောစွပ်ပြုပ်၊လတ်ဆတ်သောအစိမ်းရောင်အရွက်သုပ်များနှင့် စေ့စေ့စပ်စပ် သန့်စင်ထားသော အသီးအနှံများအားလုံးသည် ထိုနေရာတွင် ရှိနေပေသည်။

"အိုး! ကုန်ကျစရိတ်အတွက် စိတ်မပူပါနဲ့သခင်မလေး။ ဘယ်ရွန်မြို့စားက သခင်မလေးမရှိတော့ သိပ်ကောင်းကောင်းမစားခဲ့ဘူးလေ။ ဒါကြောင့် ဘတ်ဂျက်နည်းနည်းကျန်သေးတယ်"

သူမက ဘက်ဂျက်ကိုစိုးရိမ်နေတာ မဟုတ်ပေ။ဒါက ဒီတိုင်း အကြာကြီးအိပ်ပျော်ပြီး အိပ်ချင်မူးတူးနိုးလာပြီးနောက်တွင် ထိုမျှများပြားသောပမာဏကိုချက်ချင်း မစားနိုင်ခြင်းပင်ဖြစ်သည်။ သိုသော် သူမသည် အစားအသောက်များအား စေ့စေ့စပ်စပ် ပြင်ဆင်ထားခဲ့သည့် အမ်မာ စိတ်ထိခိုက်သွားမည်ကိုစိုးသောကြောင့်ဘာမှထပ်မပြောတော့ပေ။ ထိုကြောင့် လူနာသည် တိတ်တဆိတ်ပဲ အရွက်သုပ်ကိုတစ်လုပ်စားလိုက်သည်။

"ဒါက အရသာရှိတယ်"

"ကြားရတာဝမ်းသာပါတယ်။ဒါဆိုသခင်မလေး ကျေးဇူးပြုပြီး များများစားနော်။ကျွန်မ အချိုပွဲလည်း ပြင်ထားသေးတယ်"

သူမသည် လူနာတို့အိမ်လိုစုတ်ပြတ်နေသောအိမ်အတွက်ပင်အချိုပွဲပြင်ဆင်ထားခဲ့သည်။ လူနာသည် စိတ်လှုပ်ရှားမှုများ တဟုန်ထိုး ခံစားလိုက်ရပြီး သူမ၏ နှလုံးသားလေးနွေးထွေးသွားကာ ပြန်လည်တည်ငြိမ်စေရန် ဝါးစရာမလိုသော ဟင်းရည်ကိုပင် ဝါးလိုက်မိသည်။

"ဒါနဲ့ အမ်မာစဉ်းစားကြည့်ပါဦး။ ငါတို့ မီးဖိုချောင်မှာ လူဘယ်နှစ်ယောက်လိုလဲ"

"လူလား ဘာကိုဆိုလိုတာလဲ သခင်မလေး"

အမ်မာသည် ရုတ်တရက် မေးခွန်းကြောင့် ခေါင်းကိုစောင်းကာ ပြုံးပြီးမေးလိုက်သည်။

"ဒီလိုလေ...အမ်မာလုပ်သလို ဟင်းပွဲချက်ပြုတ်ဖို့စဉ်းစားရတာ၊ ထမင်းဟင်းကို စီမံခန့်ခွဲတာ၊ ပါဝင်ပစ္စည်းတွေကို သန့်စင်တာ၊ သန့်ရှင်းရေး လုပ်တာဒါတွေလုပ်ဖို့ကိုပေါ့"

"အိုး သခင်မလေး ကျွန်မကို ဘာလို့ ချီးကျူးနေတာလဲ။ ဒါတွေအားလုံးကို ကျွန်မတစ်ယောက်တည်း ထိန်းထားနိုင်ပါတယ်"

အမ်မာသည် အရာအားလုံးကို တစ်ယောက်တည်း လုပ်နိုင်သည်ဟု ယုံကြည်ချက်ရှိရှိ ပြန်ဖြေလာခဲ့သည်။

သို့တိုင်အောင် လူနာက ဒါကဆိုလိုတာ မဟုတ်ပေ။ အခုသူတို့တွင် ပိုက်ဆံရှိနေပြီဖြစ်တာကြောင့် လူနာသည် တစ်ယောက်ယောက်ကို ငှားရန်စဉ်းစားထားသည်။

"ဒါပေမယ့် ကူညီပေးမယ့်သူရှိရင် ပိုအဆင်ပြေမယ် မဟုတ်ဘူးလား"

"အင်း....ဒါလည်း မှန်နိုင်တာပဲ။ ဒါပေမယ့် ကျွန်မတို့စံအိမ်အခြေအနေက သခင်မလေးသိတဲ့အတိုင်းပဲ။ ပြီးတော့ကျွန်မတို့မှာလည်း လုပ်စရာအများကြီးမရှိပါဘူး။ဒါတွေအားလုံးကို ကျွန်မတစ်ယောက်တည်းလုပ်လို့ရပါတယ်။ ကျွန်မကိုလျှော့မတွက်ပါနဲ့"

အဆုံးအထိ အမ်မာသည် 'တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်' ဟု ထပ်ခါတလဲလဲ ပြောလာခဲ့သည်။ ထိုအချိန်မှာပဲ လော်ရာက ထမင်းစားခန်းထဲဝင်လာသောကြောင့် လူနာသည် သူမအား လူလိုသေးလားဟု မေးလိုက်သည်။

"ဟင် လူလား။အင်း... ကျွန်မတော့ကောင်းကောင်းမသိဘူးသခင်မ‌လေး။ တစ်ယောက်ယောက်ထပ်ရှိရင်တော့ ပိုကောင်းပေမယ့် သူတို့မှာလုပ်စရာအများကြီးရှိမှာမဟုတ်ဘူး"

"အို တကယ်ပဲလား...ဒါဆို စံအိမ်ကပိုကြီးလာရင်ရော ဘယ်လိုလုပ်မလဲ"

"ဒီထက် ပိုကြီးလာရင်တော့ လူတွေကို လိုမှာ သေချာတယ်။ ဒါပေမယ့် အခုအချိန် လက်ရှိ အရွယ်အစားနဲ့ဆို ကျွန်မတို့ဘာသာ ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်သခင်မလေး"

'ဆိုတော့ကာ စံအိမ်အရွယ်အစား နှစ်ဆတိုးရင် ဝန်ထမ်းကို နှစ်ဆတိုးရမှာလား။ သုံးဆတိုးရင် သုံးဆတိုးပေးရမှာလား။ဒါပေမယ့် နှစ်ဆတိုးရင်တောင် ကိုးယောက်ပဲရှိအုံးမှာ။ လုံလောက်ပါ့မလား။ ဝတ္ထု ဒါမဟုတ် ကာတွန်းတွေထဲမှာတော့ အစေခံဒါဇင်ချီအောင်ရှိသလိုပဲ။ဒါက မလုံလောက်ဘူးထင်တယ်...'

သူမသည် အသေးစိတ်အချက်အလက်များကို သေချာမသိသော်လည်း မြို့စားကြီး၏စံအိမ်အတွင်း၌ အစေခံတစ်ရာနီးပါးရှိပေသည်။ ဒါဆိုသူမတို့ရောအနည်းဆုံး ဒါဇင်နဲ့ချီ မလိုလောက်ဘူးလား။ဟင်နရီထမင်းစားခန်းထဲသို့ ဝင်လာချိန်၌ လူနာသည် ဘဲသားကို ပါးစပ်ထဲကိုက်ထားရင်း အတွေးများကြား ပျောက်ဆုံးနေခဲ့သည်။

"သခင်မလေး! အဝတ်အစားဆိုင်ကနေ လှည်းရထားတစ်စီးရောက်လာတယ်။အဲ့ဒါ သခင်မလေး မှာထားတာတွေလား"

ဟင်နရီသည် အတွေးများ ပျောက်ဆုံးနေပုံရကာ ထမင်းစားခန်းထဲသို့ ပြေးဝင်လာပြီးမေးလာခဲ့သည်။ လူနာသည် အဝတ်များအား မြန်မြန်ဆန်ဆန်ပို့လာမည်ကို မမျှော်လင့်ထားပေ။ အချိန်အနည်းငယ်ယူရမည်ဟု သူမထင်ခဲ့သည်။

"အဝတ်အစားဆိုင်လား... သူတို့ မှားပို့တာလား"

အမ်မာသည် စိတ်ရှုပ်စွာ တုံ့ပြန်လာခဲ့ပြီး လူနာသည် ဘဲသားကိုမျိုချလိုက်ရင်းထိုင်ခုံမှ ထလိုက်သည်။

"ဒါက ငါမှာထားတာတွေပါ။ ရာသီဥတုနဲ့လိုက်တဲ့ဂါဝန်တွေမှာထားတာ ဘာလို့လဲဆို အပြင်မှာ အရမ်းအေးတယ်လေ"

"ဂါဝန်လား"

စံအိမ်ကြီးဆီ လှည်းနဲ့အရောက်ပို့ဖို့တောင် ထိုက်တန်သော ဂါဝန်တွေလား။ ဘယ်ရွန်စံအိမ်ကြီးကိုရောင်းချလိုက်လျှင်ပင်ထိုမျှအလွန် ဈေးကြီးသောဂါဝန်ကိုဝယ်နိုင်မည်ကမသေချာပင်။ဘာတွေဖြစ်သွားတာလဲ။

လူနာသည် စူးစမ်းလိုသလိုဖြင့် သူမအဖြေကို စောင့်ဆိုင်းနေကြသောအစေခံများနှင့် ရင်ဆိုင်လိုက်ကာ လျှို့ဝှက်သောအပြုံးကို ချိတ်ဆွဲလိုက်သည်။ သူမသည် သူတို့၏ သိချင်စိတ်ကို အခွင့်အရေးမပေးသေးဘဲ ဝင်ပေါက်ဆီသို့ တိတ်တဆိတ် ဦးတည်သွားခဲ့သည်။

"ကျေးဇူးပြုပြီး အားလုံးကို ဒုတိယထပ်ကို ရွှေ့ပေးပါ"

"ဟုတ်ကဲ့ပါ နားလည်ပါပြီ"

ဆိုင်ဝန်ထမ်းများသည် သပ်သပ်ရပ်ရပ် ထည်ဝါစွာ ချည်နှောင်ထုတ်ပိုးထားသော၀တ်စုံများကိုဒုတိယထပ်သို့ ရွှေ့လာခဲ့ကြသည်။

အမ်မာသည် အံ့အားသင့်စွာဖြင့် ကိုင်ထားသော လက်သုတ်ပုဝါကို ပစ်ချလိုက်မိပြီး လူနာကို ဆွဲကိုင်လိုက်သည်။

"အာ၊ သခင်မလေး! ဘာတွေလုပ်ခဲ့တာလဲ!"

"အဲ့တာ...မဟုတ်မှလွဲရော သခင်မလေး ကျွန်မတို့မသိဘဲ ချမ်းသာတဲ့မြို့စားတစ်ယောက်ယောက်နဲ့ စေ့စပ်လိုက်တာလား!"

"မဟုတ်ပါဘူး"

လော်ရာသည်လည်း အတွေးများနေကာ လူနာ၏လက်ကို လှမ်းဆွဲလိုက်သည်။ လူနာသည် အမ်မာနှင့်လော်ရာတို့၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး သူမခန်းထဲသို့ ယုံကြည်ချက်ရှိရှိ ခေါ်သွားလိုက်သည်။

"ဒါဆို ဒါတွေအားလုံးက ဘာလဲသခင်မလေး"

"သခင်မလေး!ကျွန်မတို့ကို အမှန်အတိုင်း မြန်မြန်ပြောပါတော့!"

"ကောင်းပြီ ကောင်းပြီ... ဒီဂါဝန်တွေကိုဝယ်ဖို့ ငါ့ရဲ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးခဲ့တာ"

ထိုအဖြေနှင့်အတူ လူနာသည် ပါကင်တစ်ခုကိုဖောက်လိုက်ပြီး ဘယ်ရွန်မိသားစု၏ စံအိမ်ထက်ပင်ပိုစျေးကြီးပုံပေါက်သော ၀တ်စုံကိုထုတ်ပြလိုက်သည်။

အမ်မာသည် သူမဘဝ၌တစ်ခါမှမမြင်ဖူးသော ပြိုးပြိုးပြက်ပြက်၀တ်စုံကို မြင်လိုက်ရသောကြောင့် မူးဝေလုနီးပါးဖြစ်သွားခဲ့ရသည်။

"သခင်မလေး မနောက်ပါနဲ့...အပ်တောင်ကောင်းကောင်းမချုပ်နိုင်တဲ့သခင်မလေးက ငွေရှာခဲ့တယ်လို့ပြောနေတာလား!"

"..."

'ကျေးဇူးပဲ။သူများ ချို့ယွင်းချက်တွေကို ဒီလောက်အသံကျယ်ကျယ်နဲ့ ကြွေးကြော်နေစရာ မလိုပါဘူး'

လူနာသည် အမ်မာနှင့် လော်ရာတို့နှင့် ပြောနေချိန်တွင် ပစ္စည်းများကို သပ်ရပ်စွာပို့ဆောင်ပြီးသွားကြသော ဆိုင်ဝန်ထမ်းများက ယဉ်ကျေးစွာနှုတ်ဆက်ပြီး အိမ်ကြီးမှ ထွက်ခွာသွားခဲ့ကြသည်။

လူနာသည် ချက်ချင်းဝတ်ဆင်နိုင်သော ၀တ်စုံကို ပေါ့ပေါ့ပါးပါးရွေးချယ်လိုက်ပြီး အဖြေကိုစောင့်နေသော အမ်မာတို့နှစ်ဦးကို ကြည့်လိုက်သည်။

"ငါ ရွှေတွင်းတူးမိလိုက်တာလေ"

"ဘယ်လို! သခင်မလေးဘာပြောလိုက်တာလဲ ... ရွှေတွင်းလား"

"ဟုတ်တယ် ငါရွှေတွင်းတွေ့ခဲ့တာ"

"ရွှေတွင်းကို တွေ့ခဲ့တာလား!"

"ဟုတ်တယ်။ ပဲလ်နယ်မြေမှာ ရွှေတွင်းတစ်ခုကို ရှာတွေ့ခဲ့တာလေ။ အဲ့နေရာမှ မြုပ်နေတဲ့ရွှေတုံးတွေမှအများကြီး။ အဲဒါတွေကို တူးလိုက်ပြီးတော့ အဲဒီကရတဲ့ငွေတွေကို ဒါတွေဝယ်ခဲ့တာ"

"…ဘယ်လို!!!"

လော်ရာသည် အိပ်မက်မက်နေသလို မျက်နှာထားဖြင့် အော်လိုက်သည်။

"ဒါကြောင့် လူလိုလားလို့ မေးတာလေ။ ငါ အိမ်သစ်တစ်လုံးဝယ်ဖို့ စီစဉ်နေတာ။ လက်ရှိနေရာက အရမ်းဆိုးရွားလွန်းပြီးတော့ဟောင်းကလည်းဟောင်းနေပြီ။ အဲ့တော့ စံအိမ်အသစ်ဝယ်လိုက်ရင် ငါတို့ လူများများလိုမယ်လေ ဟုတ်တယ်မလား"

"သ...သခင်မလေး အိမ်ဝယ်မလို့ဟုတ်လား"

"ဟုတ်တယ်။ ဒီအအတောအတွင်း ကြိုးကြိုးစားစားလုပ်ခဲ့ကြပေမယ့် လစာမတိုးပေးနိုင်ခဲ့တာကို တောင်းပန်ပါတယ်။ ငါချက်ချင်းလစာတိုးပေးပါ့မယ်!"

"တကယ်လား!"

"အိုး! ပြီးတော့ အဖေက မြို့စားကြီးအိမ်ကနေအလုပ်ထွက်ပြီးတော့ ရွှေတွင်းကို စီမံခန့်ခွဲတော့မှာ။သူ ဒီနေ့ ဆွေးနွေးဖို့ သွားပေမယ့် ဘယ်လိုဖြစ်မလဲ မသိရသေး..."

လူနာ၏ စကားအဆုံးမသတ်မီမှာပဲ အမ်မာ ၏ ခြေထောက်များက အားပျော့ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"အမ်မာ!"

"ဒါ...ဒါ အိပ်မက်မဟုတ်ဘူး မလား!သခင်မလေး လိမ်နေတာမဟုတ်ပါဘူးနော်...."

အမ်မာ၏ မျက်နှာသည် နီမြန်းနေပြီး အကြောင်းပြချက်မရှိဘဲ ငိုတော့မည့်ဟန်ဖြစ်နေသည်။

သေချာ‌တာပေါ့... အမ်မာဘေး၌ လဲကျနေသော လော်ရာသည်လည်း ရှက်ရွံ့ဖို့ကိုပင် သတိမရတော့ဘဲ ထိန်းမနိုင်သိမ်းမရ ငိုကြွေးလာတော့သည်။

"ဒါ-ဒါကအမှန်တွေပဲလား... တကယ်မှန်တာလား။ သခင်မလေး ကျွန်မတို့ကို လှည့်စားတာမဟုတ်ဘူး မလား။ ကျွန်မတို့ပျော်နိုင်တော့မှာလား။ ကျွန်မမှာ ဘယ်ရွန်မြို့စား နဲ့ သခင်မလေးတို့ကို စော်ကားပြီး လျစ်လျူရှုနေတဲ့သူတွေကိုမြင်ရင် ဘယ်လောက်မုန်းတီးခဲ့လဲဆိုတာ သိရဲ့လား"

သူမတို့သည် လစာတိုးပေးမည်ဟု ကတိပေးခြင်းအပေါ်ပျော်ရမည့်အား သူမတို့၏သခင်မအပေါ် မရိုမသေပြုမူခြင်းများ ထပ်မရှိတော့မည့်အပေါ်တွင် ပို၍ကျေနပ်ပုံရနေကြသည်။

လူနာသည် ဒီကမ္ဘာတွင် ကြင်နာမှုများမရှိဘူးဟု ထင်ခဲ့သော်လည်း သူမကျန်းမာရေးနှင့် သူမကိုတကယ်ဂရုစိုက်သော ထင်ထားသည်ထက် ပိုရင်းနှီးသောသူများရှိနေသေးပေသည်။

"လောလောဆယ်တော့ ငါက ကိုယ့်အတွက်ကိုယ်ပဲ အဝတ်အစားတွေဝယ်လာမိပေမယ့် အခြေအနေတွေသေချာ ခွဲပြီးသွားရင် နင်တို့အားလုံးအတွက် အဝတ်အစားတွေ သွားဝယ်ကြရအောင်။ ဒီလို ညစ်ပတ်တဲ့အဝတ်အစားတွေက ရွှေတွင်းပိုင်ဆိုင်တဲ့ မိသားစုဝင်တွေအတွက်တော့ မကိုက်ညီနေဘူး ဟုတ်တယ်ဟုတ်"

"ကျွန်...ကျွန်မတို့ကအဆင်ပြေပါတယ်။ မမလေးသာ အဝတ်အစားလှလှလေးတွေဝတ်ပါ!"

"ငါလည်းဝတ်မှာပါ၊ ဒါပေမယ့်…”

"ဒါဆို ပြေလည်သွားပြီ!အခု ပိုအရေးကြီးတာက သခင်မလေးကိုင်ထားတဲ့ ၀တ်စုံကို စမ်းကြည့်ဖို့ပဲ။ ကြည့်ပါအုံးကိုင်ထားလိုက်ရုံနဲ့တင် အရမ်းလှနေပြီ သခင်မလေးသာ ဝတ်လိုက်လို့ကတော့ ဘယ်လောက်တောင် ရင်သပ်ရှုမော ဖြစ်နေလိုက်မလဲ"

အင်အားများပြန်ရလာသော အမ်မာသည် လူနာ၏လက်ထဲမှ ၀တ်စုံကို ကိုင်ပြီး ပြောလိုက်သည်

လော်ရာသည်လည်း လူနာအား အဝတ်အစားများ စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းရာတွင် ပါဝင်လာသောကြောင့် လူနာလည်း မငြင်းနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို မနိုင်ဟန်ယောင်ဆောင်ကာ ဂါဝန်အသစ်ကို ပြောင်းလဲလိုက်၍ အဝတ်ဟောင်းကို နှုတ်ဆက်လိုက်သည်။

"ကောင်းလိုက်တာ သခင်မလေးက အရမ်းလှတာပဲ!"

"ဒီဂါဝန်ကဟိုဂါဝန်လိုပဲ... မျိုးဆက်တစ်ခုကနေတစ်ခု ဆင်းသက်လာတဲ့ပုံရတယ်! သခင်မလေးရဲ့အသွင်အပြင်ကို လုံးဝလွှမ်းမိုးနေတာ"

“အင်း…ဟိုဂါဝန်ကို ငါဝတ်ခဲ့တာ တော်တော်ကြာပြီပဲ...အဲ့တာက သင့်တော်တဲ့စျေးနှုန်းနဲ့ ဝတ်ဖို့သင့်တယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ အမ်မာက အဲ့ဂါဝန်ကိုမျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းပေးခဲ့တဲ့ ၀တ်စုံနဲ့တူတယ်လို့ပြောခဲ့တော့ ငါတောင်ပါးစပ်ထဲ ခါးသလိုအရသာခံစားမိခဲ့တယ်"

"သခင်မလေး ဖိနပ်တွေလည်း စမ်းစီးကြည့်ပါအုံး။ လက်အိတ်တွေရော ဘယ်လိုလဲ။ အဲ့တာတွေက အရမ်းလှတယ်"

"ကျွန်မ သခင်မလေးရဲ့ ဆံပင်တွေကို ပြင်သင့်တယ်ထင်တယ်။ တစ်ဝက်ချ တစ်ဝက်တင်ရော ဘယ်လိုလဲ။ ကျစ်ဆံမြီးနဲ့ဆို လှနေမှာပဲ။ မဟုတ်ဘူး သခင်မလေးနဲ့ဆိုဘာမဆို လှနေမှာ"

"ဒီမှာ ဒီမှာ ဆံပင်အသုံးအဆောင်တွေ အမ်မာ!"

"ဟုတ်ပြီအဲဒါကို သုံးကြည့်ရအောင်"

နောက်ဆုံးတွင် လူနာသည် အမ်မာ နှင့် လော်ရာ တို့၏ ဆင်ယင်ပေးမှုကို အချိန်အတော်ကြာ ခံခဲ့ရသည်။ သူမသည် အိမ်ကြီးထဲမှာပဲဟာ ၀တ်စားဆင်ယင်ဖို့ မလိုအပ်ဘူးဟု ညည်းညူခဲ့သော်လည်း သူမ၏အမူအရာမှာ သူတို့တွေလိုပဲ စိတ်လှုပ်ရှားနေခဲ့သည်။

သာယာသောနေ့လည်ခင်းတွင် သူတို့သည် ဥယျာဉ်ငယ်လေးအတွင်းတွင်ထိုင်ကာ အမ်မာဖုတ်ထားသော ပန်းသီးပိုင်မုန့်ကိုစား၍ မည်သည့်အိမ်ဝယ်ရမည်ကို ဆွေးနွေးကြသည်။ ပိုက်ဆံအများကြီးရှိနေပြီဖြစ်သော်လည်း သူမအတွက်အရသာအရှိဆုံးမှာ အမ်မာကိုယ်တိုင်လုပ်ထားသည့် မုန့်များပင် ဖြစ်သည်။

သူတို့စကားများပြောကာ အချိန်ဖြုန်းနေကြစဉ်မှာပဲ တစ်ခါမှမမြင်ဖူးသည့် ခမ်းနားသောရထားလုံးကြီးသည် အိမ်ကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဟင်! ဘယ်သူလာတာလဲ"

လော်ရာသည် မတ်တပ်ထရပ်ပြီး သူမလက်ထဲရှိ မုန့်အမှုန်များကို ခါလိုက်သည်။ လူနာသည်လည်း ကိုင်ထားသော ပိုင်မုန့်ကို ချလိုက်ပြီး ရထားပေါ်မှ ဆင်းလာမည့် လူကို စောင့်နေလိုက်သည်။

ထို့နောက် ခဏအကြာတွင် သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသားတစ်ဦးသည် ရထားပေါ်မှ ဆင်းလာခဲ့သည်။

လော်ရာသည် အံ့အားသင့်စွာဖြင့် ခြေတစ်လှမ်းဆုတ်လိုက်မိကာ ရေရွတ်လာသည်။

"ဘယ်-ဘယ်သူလဲ...ဒီကမ္ဘာမှာ ဒီလောက်ချောမောတဲ့လူရှိတယ်ဆိုတာ မယုံနိုင်ဘူး…"

သူမ၏ ရိုးသားသောစကားများကြောင့် လူနာသည် စောစောက သူမ၏ အလှကို ချီးမွမ်းပြောဆိုခဲ့သော စကားလုံးများသည် အလိမ်များလားဟုပင် သံသယဖြစ်မိသွားသည်။

အမ်မာသည်လည်း ကောင်းကောင်းတောင်မနှုတ်ဆက်နိုင်ကာ ပြူးကျယ်သောမျက်လုံးများဖြင့် ထိုလူ၏မျက်နှာကိုသာ စိုက်ကြည့်နေခဲ့သည်။

"ကိုယ် စာရွက်စာတမ်းတွေ ယူလာခဲ့တာ။ အချိန်ကောင်းဟုတ်ရဲ့လား"

အန်းသန့်စ်က စကားပြောလာသော်လည်း အမ်မာတို့ကဲ့သို့ပင် လူနာသည် ထုံထိုင်းသောအမူအရာဖြင့် မတုံ့ပြန်နိုင်ခဲ့ပေ။

မဟုတ်သေးဘူး၊ သူဘာလို့ဒီလိုဝတ်ထားရတာလဲ...

သူမတို့ အတူတူသွားခဲ့စဉ်ကပင် သူသည်ရိုးရိုးရှင်းရှင်းအနက်ရောင်ဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူကိုသာ ၀တ်ခဲ့သည်။ သို့သော် ယနေ့တွင်မူ သူသည် ရှပ်အင်္ကျီ၊ ဂျာကင်အင်္ကျီ၊ လည်စည်း၊ လက်အိတ်နှင့် ဖိနပ်တို့ကို သေချာ၀တ်ဆင်ထားပြီး ဂုဏ်သိက္ခာရှိသော မြို့စားအနွယ်ဝင်ကဲ့သို့ ဝတ်ဆင်ထားသည်။ထို့အပြင် သူ့ဆံပင်ပုံစံကလည်း ဖယ်ဆန်လွန်ခဲ့သောနေ့ကလုပ်ခဲ့သည့်ခေတ်စားနေသောပုံမျိုး ပြင်ထားပေသည်။

ဖယ်ဆန် ဒီဆံပင်ပုံစံကိုလုပ်ခဲ့စဉ်တုန်းက လူနာသည် သိပ်ပြီးမတွေးခဲ့သော်လည်း ဒီလူလုပ်သည့်အခါ၌မူ ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားများ၏ ကိုယ်စားပြုနတ်သား တစ်ဦးကဲ့သို့ သိက္ခာရှိရှိနှင့် သန့်စင်နေပုံရကြောင်းသတိထားမိလိုက်သည်။

လူနာသည် နှုတ်ဆိတ်နေသောကြောင့် ဗင်းဆင့်က ပြုံးကာ မေးလိုက်သည်။

"ဘာလို့လဲ ကိုယ့်မျက်နှာဆီကနေ ထပ်ပြီး ညှို့ယူခံလိုက်ရတာလား"

"ဘာ!မ...မဟုတ်ပါဘူး!"

လူနာသည် အန်းသန့်စ်၏ စကားကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပြီး သူမ၏ ထိုင်ခုံမှ ထလိုက်သည်။သူမသည် သူက ချောမောလှသောကြောင့်သာ ငေးကြည့်မိတာဖြစ်ပြီး သူ့အပေါ်ကြွေဆင်းသွားခြင်းမဟုတ်ပေ။ ဒါသည် မည်သူမဆို လှပသောအရာကို မြင်လိုက်ရပါက တုံ့ပြန်မည့်အလိုလို တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။

တစ်ဖက်တွင် အန်းသန့်စ်သည် လူနာ၏ ၀တ်စားဆင်ယင်မှုကို မြင်လိုက်ရကာ နှုတ်ခမ်းထောင့်များကော့ညွတ်သွားပြီး ပြုံး၍ပြောလိုက်သည်။

"မင်းနဲ့ လိုက်တယ်"

"…ကျေးဇူးပါ"

"ဒါဆို မင်းလည်း ကိုယ့်ကို ချီးမွမ်းနိုင်မယ်လို့ မျှော်လင့်တယ်။ကြည့်ပါအုံး မင်းဆီကချီးကျူးစကားခံယူဖို့ ဒီလို၀တ်စားဆင်ယင်ပြီး ဒီကိုလာခဲ့တာ။မဝတ်တာ တော်တော်ကြာနေပြီဆိုတော့ သိပ်တော့အဆင်မပြေနေဘူး"

သူ့ဆံပင်နှင့်အဝတ်အစားများကို လက်ညှိုးထိုးပြလာတာကြောင့် လူနာသည် သူ့ပုံစံတစ်ခုလုံးကို နောက်တစ်ကြိမ် မမျှော်လင့်ဘဲ စိုက်ကြည့်သွားမိသည်။ သူ့အသွင်အပြင်နဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ့်ကို ထူးထူးခြားခြားပင်။ စာရေးသူက အဘယ်ကြောင့် သူ့ကို အဓိကဇာတ်ကောင်ထဲကတစ်ယောက်အဖြစ် မသတ်မှတ်ရခြင်းက သံသယဝင်စရာကောင်းလာခဲ့သည်။

ရှားရှားပါးပါး အခွင့်အရေးကို ဆုပ်ကိုင်ရင်း လူနာသည် ချီးကျုးမှုကို ဖော်ပြလိုက်သည်။

"သိပြီ။ရှင့်ရဲ့အသွင်အပြင်က အရမ်းထူးခြားလွန်းလို့ ကျွန်မတော့ ရှင့်ကိုဒီလိုမြင်နိုင်အောင်မွေးပေးခဲ့တဲ့ ကျွန်မမိဘတွေကို ညတိုင်း ကျေးဇူးတင်မိမှာပဲ"

"…ဘယ်လို"

လူနာ၏ ချီးကျူးစကားကြားတွင် အန်းသန့်စ် သည်ခဏတာမျှဗိုက်ကိုကိုင်ကာ ရွှင်မြူးစွာရယ်မောခဲ့သည်။ သို့သော် သူတစ်ယောက်တည်း ရယ်နေတာဖြစ်သည်။ ဘယ်ရွန်၏အစေခံများမှာတော့ လူနာ၏စကားကိုထောက်ခံဟန်လေးနက်သောအမူအရာများဖြင့် ခေါင်းညိတ်လာကြသည်။

"ရယ်နေတာကို ရပ်လိုက်တော့။ စာရွက်စာတမ်းတွေကို စစ်ဆေးကြရအောင်"

"အိုး ဟုတ်သားပဲ။ဒါနဲ့ ကိုယ် အတည်ပြုချင်တာတွေ ရှိတယ်"

"အတည်ပြုချင်တာတွေဟုတ်လား"

"ဟုတ်တယ်"

သူက လူနာအား နူးညံ့စွာပြုံးပြလာပြီး သူပြောချင်သည့်အဓိကအချက်မှာ စာရွက်စာတမ်းတွေမဟုတ်ဘူးဟု ပြန်ဖြေလာသည်။

"လေဒီက ကိုယ့်ကို စိတ်ဝင်စားနေတယ်လို့ ကိုယ်ကြားခဲ့တယ်။အဲ့တာ အမှန်ပဲလား....တကယ်သာဆိုရင် ကိုယ်တော့နည်းနည်း ကျေနပ်မိတယ်"


TK Team