Chapter 11
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 11


၀တ်စုံဆယ်စုံသည် အလွန်အဖိုးတန်လှသောကြောင့် ၎င်းတိုကို ထိရန်ကိုပင် လက်တွန့်စရာကောင်းလှသည်။


သူမသည် အရောင်းဆိုင်မှာ ဈေးအကြီးဆုံးများဟုဆိုခဲ့သောကြောင့် ၀တ်စုံဆယ်စုံ၏ မတန်တဆစျေးနှုန်းများအတွက် အနည်းငယ်စိုးရိမ်ခဲ့မိသော်လည်း လူနာသည် ချက်လက်မှတ်အနည်းငယ်ဖြင့် ငွေပေးချေမှုကို ဖြေရှင်းနိုင်ခဲ့သည်။


ဒီဇိုင်နာနှင့်ဆွေးနွေးထားကာ ပါဝင်ပစ္စည်းများမှ ဇာများအထိစိတ်ကြိုက်မှာယူထားသော ၀တ်စုံများနှင့်ယှဉ်ပါက ပိုစျေးနည်းသော်လည်း စျေးနှုန်းမှာ သရေစာကဲ့သို အလွယ်တကူ မဝယ်နိုင်လောက်အောင်အထိ မြင့်မားနေဆဲဖြစ်သည်။


ရလဒ်အနေဖြင့် လူနာသည် ဖိနပ်၊ လက်အိတ်၊ ယပ်တောင်နှင့် ဦးထုပ်အပါအဝင် လိုအပ်သည့်အရာများအားလုံးကို ဝယ်ယူခဲ့သည်။ သူမ၏ ဈေးဝယ်ထွက်နှုန်းကြောင့် ဆိုင်ဝန်ထမ်းများပင် အံ့ဩသွားကြသည်။


"ကျွန်တော်တို့ လိုအပ်တာတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ပြီးတာနဲ့ ဒါတွေကို စံအိမ်ကြီးဆီ ပို့ပေးလိုက်ပါမယ်။ မစ္စနဲ့ထပ်တွေ့ရဖို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်"


"ကောင်းပြီ၊ဒါပေမယ့် ကျွန်မ ဒီဆိုင်ကို နောက်တစ်ခေါက်လာမလား မလာဘူးလားဆိုတာတော့ စဉ်းစားရအုံးမှာပေါ့"


လူနာသည် သူမကြုံတွေ့ခဲ့ရသည့် ရိုင်းစိုင်းသောဝန်ထမ်းများအကြောင်း ဆိုင်တာဝန်ခံကိုပြောပြခဲ့သောအခါတွင် သူတိုဘက်မှချက်ခြင်းပြန်တောင်းပန်လာခဲ့သည်။ မည်သို့ပင် ပြုပြင်ပြောင်းလဲရန် ကြိုးစားပါစေ လူနာသည် ထိုနေရာသို့ပြန်လာဖို့ ရည်ရွယ်ချက်မရှိပေ။ အကယ်၍ လိုအပ်လာပါက ဒီဇိုင်နာတစ်ယောက်ယောက်ကိုသာ စံအိမ်ကြီးဆီ ခေါ်ချုပ်ခိုင်းလိုက်မည်ဖြစ်သည်။


လူနာသည် ကျေနပ်စရာကောင်းလှသော စျေးဝယ်ခြင်းအတွေ့အကြုံ ပြီးမြောက်ပြီးနောက်တွင် စိတ်ကောင်းဝင်နေခဲ့၍ ဆိုင်မှထွက်ခွာလာခဲ့သည်။ သူမအား မထီမဲ့မြင်ပြု ဆက်ဆံခဲ့သော ဝန်ထမ်းများက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရသောကြောင့် မဟုတ်ဘဲ၊ သူမကို နှိမ့်ချတတ်သော ဆိုင်ယာ၏ သူငယ်ချင်းများအပေါ် မယုံနိုင်လောက်အောင် လွယ်လွယ်ကူကူနှင့် အနိုင်ပိုင်းနိုင်ခဲ့သောကြောင့်ဖြစ်သည်။


"နင်တို့အားလုံး ဘာလုပ်နေကြတာလဲ။ ပထမဆုံး ခိုင်း‌စေချက်ကို လုပ်ဖို့ ငါပြောခဲ့တယ်မလား"


လူနာ၏ အေးစက်သော စကားများကို ပြန်လည်တုန့်ပြန်သောအားဖြင့် သူမအား လှောင်ပြောင်ခဲ့ကြသော မိန်းမပျိုများသည် ဘာလုပ်ရမှန်းမသိစွာ လူနာ၏အကြည့်များကို ရှောင်ကြတော့သည်။ သူတို့၏မျက်နှာများပေါ်တွင် သူတို့အမှန်တကယ်လုပ်ရမှာလားဟူသော မေးခွန်းကိုချိတ်ဆွဲထားခဲ့ကြသည်။


ဒါပေါ့၊သူတို့လုပ်ရမှာပဲလေ။


သူတို့သည် သူမစကားများအပေါ် ကောင်းကောင်းနားလည်ပုံမပေါ်သောကြောင့် လူနာသည် သူမ၏ ခိုင်းစေမှုကို ပြန်ပြောလိုက်သည်။


"နင်တို့ ဒီကနေ နင်တို့စံအိမ်ကြီးတွေဆီကို လမ်းလျှောက်ပြန်မသွားသေးဘူးလား။ နင်တို့ကို လမ်းလျှောက်ပြန်ဖို့ပြောခဲ့တာကို မေ့သွားကြတာလား"


"…"


လူနာ၏ ပထမဆုံးခိုင်းစေချက်မှာ အလွန်ရိုးရှင်းပေသည်။


လက်ရှိစျေးဆိုင်မှ ကိုယ်ပိုင်စံအိမ်ကြီးများဆီသို့ လမ်းလျှောက်သွားရမှာဖြစ်သည်။


သူတို့၏ ကြီးမားပြီး သက်တောင့်သက်သာမရှိသောဖိနပ်များ၊ လေးလံသော ၀တ်စုံများနှင့် သူတို့၏ နူးညံ့သိမ်မွေ့သော ခြေဖဝါးများသည် အကွာအဝေးအနည်းငယ်ကို လမ်းလျှောက်ရန်ပင် ခက်ခဲသဖြင့် လက်ရှိဆိုင်မှအိမ်ကြီးဆီသို့ လမ်းလျှောက်သွားရခြင်းသည် သူတို့အတွက် စိန်ခေါ်မှုပင်ဖြစ်ပေသည်။


ထိုကြောင့် မြို့စားအနွယ်ဝင်မိန်းမပျိုလေးများ၏ ရထားလုံးများမှာ သူတို့၏ ခြေထောက်နှင့် တန်းတူနီးပါး အဖိုးတန်သောပစ္စည်းများဖြစ်ကြောင်း သိလိုက်ကြရသည်။


'ဒါက ဘယ်ရွန်မိသားစုရဲ့ တစ်ခုတည်းသော ရထားလုံးကို ဖျက်ဆီး၊ မြင်းကိုသတ်ပြီး ငါ့အဖေနဲ့ ငါ့ကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့တဲ့ အတွက်အပြစ်ဒဏ်ပဲ'


သူတိုကြောင့်ပင် ရလဒ်အနေဖြင့် ဘယ်ရွန်ပဲလ်မြိုစားသည် မြင်းဟောင်းတစ်ကောင်နှင့် ခရီးဆောင်လှည်းနှင့် မတူသည့်ကြမ်းတမ်းသောရထားဖြင့် သွားခဲ့ရလေသည်။ ထိုသို့အဆင်မပြေမှုများကြောင့် ဘယ်ရွန်မြို့စား သည် မြို့စားကြီး၏ရထားကိုလိုက်စီးရန် ဖယ်ဆန်၏ကမ်းလှမ်းလာချက်ကို အဆင်သင့်လက်ခံခဲ့တာဖြစ်သည်။


'သူတို့ဘာသာ ခံစားဖူးမှ သူတို့နားလည်ကြမှာ။ သူတို့ထိုက်နဲ့သူတို့ကံပဲ'


လူနာသည် တစ်ခါမှကလဲ့စားချေရန် စိတ်ကူးနှင့်တောင် မတွေးဖူးသော်လည်း နောက်ဆုံးတွင် နတ်ဘုရားများက သူမကို သနားလာပြီး အခွင့်အရေးတစ်ခု ပေးသနားလာခဲ့သည်။


သူတို့နောက်ထပ် ဘာတွေလုပ်ခဲ့သေးလဲ။ 


သူတို့သည် အစေခံတစ်ဦးကိုမီးလောင်ဒဏ်ရာရအောင် လုပ်ခဲ့ပြီးအလုပ်မှနှုတ်ထွက်စေခဲ့သည်။တိရစ္ဆာန်အသေကောင်များကိုစံအိမ်ကြီး၏အဝင်ဝသို့ ယူဆောင်လာကြကာ အပြင်ဘက်သို့သွားရာလမ်းကိုနှောင့်ယှက်ခဲ့သည်။ထို့အပြင် မရေမတွက်နိုင်သော ခြိမ်းခြောက်စာများကိုလည်း ပေးပို့ခဲ့ကြသည်။


သူမ ကိုယ်တိုင် မကြုံဖူးသေးသော်လည်း မူရင်းဝတ္ထုထဲတွင် လူမှုရေးပါတီတစ်ခု၌ သူတို့သည် လူနာ၏ဂါဝန်ကို ဆုတ်ဖြဲပစ်ခဲ့သဖြင့် လူနာသည်မျက်ရည်များနှင့် အိမ်ကြီးဆီ ပြန်သွားခဲ့ရသည့် အခန်းပါပေသည်။


ထိုအချိန်က သူမသည်စာဖတ်သူတစ်ဦးအနေဖြင့် အတွေးများသိပ်မရှိခဲ့သော်လည်း ယခုတွေးကြည့်ပါက ထိုစုတ်ပြဲသွားသောဝတ်စုံသည် လူနာ အပတ်တကုပ်စုဆောင်းထားသောငွေများဖြင့် ဝယ်ယူခဲ့သည့် သူမမြတ်နိုးတန်ဖိုးထားသောအရာတစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်။


သိပ်တန်ဖိုးကြီးတာမျိုးမဟုတ်သော်လည်း လူနာအတွက် အသေးအဖွဲဝတ်စုံတော့ မဟုတ်နေပေ။ လူနာအတွက် အဖိုးတန်ရတနာတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။


ထို့အတွက်ကြောင့် သူမသည် သူတို့ထံမှ မူလကိုယ်အစားပြန်တောင်းရမည့်အရာများမှာ မရေမတွက်နိုင်အောင် ရှိပေသည်။သူတို့ ပြန်ဆပ်ရမည့်အရာများမှာ များပြားလှသောကြောင့် လူနာသည် အလောင်းအစားအဖြစ် ကြိုက်တာခိုင်းရန် သုံးခုကိုသာ ရွေးချယ်ခဲ့မိသည့်အတွက် နောင်တရသည်။


လူနာသည် ကောလာဟလများ ပျံ့နှံစေနိုင်မည့် ကောင်းမွန်သော ခိုင်းစေခြင်းကိုရွေးချယ်ခဲ့သည်။ နောက်တွင်ဘာခိုင်းရမည်ကို တွေးတောကာ သူမနောက်ရှိ ယခုထိတိုင်ငြင်းဆန်နေချင်ကြဆဲဖြစ်သော မိန်းမပျိုများကို တစ်ချက်ကြည့်လိုက်သည်။


"နင်တို့အားလုံး ဘာလုပ်ကြနေတာလဲ။ဒီမှာပဲ တစ်ညအိပ်ဖိုစီစဉ်နေကြတာလား။ အိုး! ရထားနဲ့ပြန်ချင်ရင်လည်း ရပါတယ် ငါမတားဘူး။ ဒါပေမဲ့ နောက်ကျတော့ ငါ့ရဲ့အစေခံတွေအဖြစ် တစ်နှစ်လောက် လုပ်ရမှာနော်။ ဒါကိုနင်တို့သိကြတယ်ဟုတ်..."


သက်သေမရှိခဲ့ပါက သူတို့သည် လူနာစကားနာခံပြီး လမ်းလျှောက်သွားကြရန် ကြိုးစားမည်မဟုတ်ပေ။ ကံမကောင်းစွာဖြင့် သက်သေများကရှိနေခဲ့ပြီး သူတို့၏စာရွက်စာတမ်းများကို တစ်ဖက်လူက သိမ်းဆည်းထားခဲ့သည်။


ထိုစာရွက်စာတမ်းများ၊သက်သေများဖြင့်သာ တရားစွဲမည်ဆိုပါက ဥပဒေအရ သူတို့သည် သူမ၏အစေခံများဖြစ်လာရန်မှတပါး ရွေးချယ်စရာမရှိနိုင်တော့ပေ။


ထို့ကြောင့် သူတို့သည် မိမိတိုဆန္ဒအတိုင်း လမ်းလျှောက်သည်ဖြစ်စေ မလျှောက်သည်ဖြစ်စေ ရှုံးတာကရှုံးပြီးနေပြီဖြစ်သည်။


"…မြန်မြန်ငါ့ရှေ့ကနေထွက်သွားစမ်း!"


မိန်းမပျိုတစ်ဦးသည် သူမ၏ရထားထိန်းအား ရှက်ကိုးရှက်ကန်းဖြင့် အော်လိုက်သည်။ သူမကိုယ်သူမ နာကျည်းနေမိသည်။ ဘာလို့သူမဒီနေ့မှ ဒီကိုလာခဲ့ရတာလဲ။ ဒါကသူမအတွက် နောင်တရစရာ ဆုံးဖြတ်ချက်တစ်ခုပင်။


သို့သော်လည်း သူမနောင်တရရင်တောင်မှ ဖြစ်ပြီးသည်က ဖြစ်ပြီးသွားပြီပင်။ ရထားထိန်းသည် ရွှေ့လျားဖို့ တုံဆိုင်းနေတာကြောင့် ထိုအမျိုးသမီးသည် မျက်ရည်များပြည့်နေသောမျက်လုံးများဖြင့် ထပ်ပြီး အော်ဟစ်လိုက်သည်။


"မြန်မြန်သွားတော့လို့ပြောနေတယ်လေ ! မကြားဘူးလား!"


ထိုမှသာ တုံ့ဆိုင်းနေသော ရထားထိန်းသည် ခြေထောက်ကို လှုပ်ရှားလိုက်တော့သည်။ အခြားသော မိန်းမပျိုများကလည်း ငိုယိုလာကာ သူတိုရထားထိန်းများ ဦးဆောင်မှုနောက် တုံ့ဆိုင်းစွာ လိုက်သွားကြသည်။


လူနာသည် ရယ်ချင်တာကိုမျိုချနေရသည်။အကယ်၍ တစ်ယောက်ယောက်သာ သူတို့ယခုကဲ့သို့ငိုယိုနေသည်ကိုမြင်ပါက သူတို့မိသားစု ပြိုကွဲသွားလို့ငိုနေသည်ဟု တွေးကြပေလိမ့်မည်။


"လမ်းတစ်ဝက်မှာ ရထားနဲ့တွေ့ပြီးပြန်ဖို့ မစဉ်းစားကြနဲ့နော်။ နင်တို့ အိမ်ကိုပြန်တဲ့တလျှောက်လုံး ငါကိုယ်တိုင် နောက်ကလိုက်ကြည့်ဖို့စီစဉ်ထားတယ်"


"…!"


လူနာ၏ စကားများကို တုန့်ပြန်သောအနေဖြင့် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေကြသော အမျိုးသမီးများထဲမှ တစ်ယောက်သည် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ပြန်ကျလာတော့သည်။


ထိုမြင်ကွင်းသည် သနားစရာကောင်းသော်လည်း ဤကမ္ဘာပေါ်ရှိ သနားစရာအကောင်းဆုံးမူလကိုယ်မှာ ထိုမိန်းကလေးများနှင့်ပင် နှိင်းယှဥ်မရနိုင်သော ပြစ်ဒဏ်ကို ခံခဲ့ရတာဖြစ်သည်။


နောက်ဆုံးတွင် ရထားထိန်းများသည် အိမ်ကြီးသို့ ဦးစွာပြန်ရောက်သွားခဲ့ကြပြီး ခပ်ချွန်ချွန် ဒေါက်ဖိနပ်များ ဝတ်ဆင်ထားသော မိန်းမပျိုများသည် ကြမ်းတမ်းသောလမ်းပေါ်တွင် တလှမ်းချင်းလျှောက်နေကြရကာ ညသန်းခေါင်ကျော်မှသာ သူတို့အိမ်အသီးသီးဆီသို့ ပြန်ရောက်ခဲ့ကြသည်။


* * *


"ပြန်ရောက်ပါပြီ"


အလွန်နောက်ကျနေပြီဖြစ်သော်လည်း လူနာ ပြန်ရောက်လာကြောင်းပြောလိုက်သည်နှင့် ဘယ်ရွန်စံအိမ်ရှိမီးများအားလုံးပွင့်သွားခဲ့သည်။


ပင်ပန်းနေသော မျက်လုံးများဖြင့် ဘယ်ရွန်မြို့စားသည် မျက်နှာပေါ်တွင် စိုးရိမ်နေသော အမူအရာများရှိနေကာ သူမကို မေးလာခဲ့သည်။


"သမီးကို မြန်မြန်ပြန်လာဖို့ပြောခဲ့ပေမယ့် ဒီလောက်မြန်မြန်ပြန်လာဖို့တော့ မမျှော်လင့်ထားဘူး။ဘာလို့လဲ ပိုက်ဆံကုန်သွားလို့လား"


"ဟင့်အင်း၊ အဲဒါမဟုတ်ဘူး ဖေဖေ။သမီး အလုပ်ပြီးတာနဲ့ စောစောပြန်လာခဲ့တာ"


"အလုပ်လား"


"ဟုတ်တယ် ဖေဖေ။ သမီး ဖေဖေ့ကိုပြောစရာရှိတယ်။ နောက်ကျနေပြီဆိုပေမယ့် ခဏလောက် စကားပြောလို့ရမလား"


ဘယ်ရွန်မြို့စားသည် သူ့သမီး၏စကားစမြည်ပြောရန် ရုတ်တရက်တောင်းဆိုလာမှုကြောင့် အံ့အားသင့်သွားကာ ခေါင်းညိတ်ပြလိုက်သည်။


သူတိုနှစ်ဦးသည် ဧည့်ခန်းနှင့်မတူညီသော အခန်းငယ်တစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြကာ ကြက်သီးနွေးရုံလက်ဖက်ရည်တစ်ခွက်စီသောက်၍ စကားစမြည်ပြောလိုက်ကြသည်။


"ဖေဖေ အလုပ်ကနေထွက်လိုက်တော့လို့ရမလား"


"…ဟမ်!"


လူနာ၏ အလုပ်ကနေ နုတ်ထွက်ရန် ရုတ်တရတ် တောင်းဆိုလာမှုကိုကြားလိုက်ရသောကြောင့် ဘယ်ရွန်မြို့စားသည် အော်ဟစ်လိုက်မိသည်။


ဒီတုံ့ပြန်မှုကို မျှော်လင့်ထားပြီးဖြစ်သော လူနာသည် ကြိုတင်ပြင်ဆင်ထားခဲ့သည့် လက်ကိုင်ပုဝါတစ်ထည်ကို ပေးလိုက်ပြီး စကားဆက်ပြောခဲ့သည်။


"တကယ်တော့ သမီး မကြာသေးမီကမှ သမီးရောင်းခဲ့တဲ့ ပဲလ်နယ်မြေကို ပြန်ဝယ်ခဲ့လိုက်တယ်"


"ဘာ... သမီးဘာပြောလိုက်တာလဲ။ အဲ့တာကြောင့် တစ်ယောက်ယောက်က အမည်ဝှက်နဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ဆိုတာကိုး... ဒါပေမယ့် ဘာလို့လဲ။သမီးဘာလို့ ဝယ်ခဲ့တာလဲ…"


"အဲဒီမှာ ရွှေတွေတွေ့တယ်"


ဘယ်ရွန်၏ လက်ထဲမှလက်ဖက်ရည်ခွက်သည် ပြုတ်ကျသွားခဲ့သည်။ ကံကောင်းစွာဖြင့် ဟောင်းနွမ်းနေသော ကော်ဇောပေါ် ပြုတ်ကျသောကြောင့် မကွဲသွားခဲ့ပေ။


"...ရွှေ-ရွှေလား"


"ဟုတ်တယ်။ ဖေဖေ၊ သမီးရောင်းခဲ့တဲ့ မြေကအဲဒီကျောက်တုံးတွေအောက်မှာ ရွှေတွေထွက်နေတာ။ အဲ့ဒါနဲ့ပဲ အတည်ပြုဖို့ အဲဒီကို သွားလိုက်တာ"


"အတည်ပြုဖို့သွားခဲ့တာလား..."


ဘယ်ရွန်မြို့စားသည် သရဲတစ္ဆေမြင်လိုက်ရသည့်နှယ်ထိပ်လန့်တုန်လှုပ်သွားသည်။ ထို့ကြောင့် လူနာသည် သူမတွင်ရှိသော ကတိစာချုပ်၊ချက်လက်မှတ်များနှင့် ငွေစက္ကူများကို စားပွဲပေါ်သို့တင်လိုက်သည်။


"ဒါက အလုပ်သမားအဖွဲ့အစည်းကနေ လဲလှယ်ခဲ့တဲ့ ပိုက်ဆံတွေပါ။ ဒါက အပြည့်မဟုတ်သေးဘူး ဖေဖေ။အပိုင်းတစ်ခုသာသာပဲရှိသေးတယ်။ စာရွက်စာတမ်းတွေအကုန်ပြီးတာနဲ့ ရွှေကို အပြင်းအထန်တူးဖော်ကြတော့မှာ"


ဘယ်ရွန်မြို့စားသည် စားပွဲပေါ်ရှိ ကတိစာချုပ်ကို ကြည့်ရင်း ပါးစပ်မပိတ်နိုင်ဖြစ်‌နေသည်။ သူက ချက်လက်မှတ်‌ငွေပမာဏများကို အကြိမ်ကြိမ်ရေတွက်လိုက်ရင်း မျက်လုံးကို ပွတ်သပ်ကာ သူ့ပါးပြင်သူ ပုတ်လိုက်သည်။


"ဒါကြောင့် အဖေ့ကို မြို့စားကြီးဆီကနေ အလုပ်ထွက်ခိုင်းတာ"


"ဒ-ဒါပေမဲ့ အဖေတို့မှာ ပိုက်ဆံရှိလို့ဆိုပြီး အလုပ်က ရုတ်တရက် ထွက်သွားတာကြီးကျ.."


"မဟုတ်ဘူး၊ အဲ့တာကြောင့်မဟုတ်ဘူး။ အပန်းဖြေဖို့ ပျော်ပါးဖို့ပြောတာမဟုတ်ဘူး။ သမီးက အခု မားချက်စ်အဖွဲ့အစည်းနဲ့ စာချုပ်ချုပ်ထားတယ်ဆိုပေမယ့် သူတို့ကို သမီးတို့ အပြည့်အဝမယုံကြည်နိုင်ဘူး။ အဲ့ဒါကြောင့် ဖေဖေက ရွှေတွင်းကို သမီးအစားကြီးကြပ်စီမံပေးမယ်လို့ မျှော်လင့်တယ်"


မြို့စားကြီးရိုဒရီယန်နှင့် အဆက်အသွယ်ဖြတ်ဖို့ တစ်ခုတည်းတောင်းဆိုတာ မဟုတ်ပေ။ ရွှေတွင်းကို ကြီးကြပ်ကွပ်ကဲရန် ယုံကြည်ထိုက်သူတစ်ဦးလည်း အမှန်တကယ် လိုအပ်နေပေသည်။


ဘယ်ရွန်မြို့စားသည် အကြွေးရှိနေရခြင်းမှာ ကိုယ်ပိုင်လုပ်ငန်းကို စတင်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းကြောင့်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အလုပ်တာဝန်များကို အမှားအယွင်းမရှိပြီးမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိပေသည်။ ထို့ကြောင့် သူသည် လူနာကိုယ်စား ရွှေတွင်းကို စီမံခန့်ခွဲရန် ပြီးပြည့်စုံသောသူဖြစ်သည်။


"သမီးတို့အဲဒီမှာရှိနေတုန်း ပဲလ်နယ်မြေကို ပိုနေချင်စဖွယ်ဖြစ်အောင် လုပ်ကြရအောင်။ အခုအဲ့တာက အိမ်နီးချင်း ဗင်းဆင့်နယ်မြေနဲ့ တော်တော်ကွာခြားလွန်းနေတာ"


မြို့စားသည် သူ့သမီး၏မျက်နှာနှင့် ကတိစာချုပ်ကို တစ်လှည့်စီလှည့်ကြည့်လိုက်သည်။ သူ အခုထိမယုံနိုင်သေးပေ။


အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သူ့မျက်လုံးများကို လက်ဖဝါးဖြင့် ဖုံးအုပ်လိုက်သည်။


"...သမီးကို ဒီလိုမျိုးအိမ်အခြေအနေထိစိတ်ပူရအောင်လုပ်မိလို့ အဖေတောင်းပန်ပါတယ်။ဒီအဖေက အရည်အချင်းမရှိလို့ပါ…”


သူ့ကိုယ်သူ အပြစ်တင်နေသည့် သူမအဖေကို မြင်ရသောကြောင့် အရင်က သူမအဖေအပေါ်ဝေဖန်ခဲ့သည့် လူနာ၏ အတွေးများ ပျောက်ကွယ်သွားခဲ့သည်။


ဝတ္ထု ကမ္ဘာတစ်ခုဖြစ်သော်လည်း လူနာသည် ဒီနေရာတွင် အသစ်ပြန်လည်မွေးဖွားလာခဲ့ပြီး ဘယ်ရွန်မြို့စားသည် သူမ၏ဖခင်ဖြစ်သည်။ သူသည် မြင့်မြတ်သောမြို့စားအနွယ်ဝင်ပင်ဖြစ်သည်။ လူနာသည် သူမ၏ဖခင်က မြို့စားကြီး၏နေအိမ်တွင် သူ၏တစ်ဉီးတည်းသောသမီးအတွက်ဝမ်းနည်းပူဆွေးသောစိတ်ကို ဖုံးကွယ်ထားခဲ့ကာခေါင်းငုံ့ပြီးအလုပ်လုပ်ခဲ့ကြောင်းကို ကောင်းကောင်းသိပေသည်။


သူမသည် မျက်လုံးများကို ဖုံးအုပ်ထားသော ဘယ်ရွန်မြို့စား၏ လက်များကို ညင်သာစွာ ဆွဲယူလိုက်သည်။ သူ့လက်ဖဝါးနှင့် မျက်လုံးများသည် စိုစွတ်နေသော်လည်း သူမ သတိမထားမိဟန်ဆောင်လိုက်ကာ ပြောလိုက်လေသည်။


"ဖေဖေက ဘာလို့အရည်အချင်းမပြည့်မှီရမှာလဲ။ ဖေဖေက သမီးကိုအမေမရှိဘဲနဲ့တောင် ကောင်းကောင်းကြီးပြင်းလာအောင် ကျွေးမွေးစောင့်‌ရှောင့်ပေးခဲ့တာ‌လေ။သမီး ဒါကိုအမြဲကျေးဇူးတင်နေတာပါ ဖေဖေ"


"အဖေလည်း သမီးကိုကျေးဇူးတင်ပါတယ်။ ဒါဆို အဖေမနက်ဖြန် အလုပ်သွားပြီးတော့ အလုပ်ထွက်မယ့်ရက်ကို ဆုံးဖြတ်လိုက်မယ်"



TK Team