Chapter 1
Viewers 1k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁) 

ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ကွာရှင်းရဖို့ပဲ။

ယနေ့သည်လည်း ထုံးစံအတိုင်း ခန့်ညားချောမောသည့် မြို့စားကြီး ဆိုဗက်စ်စတာ ရိုက်ဇန်ကို  အစေခံများက ငေးမောနေရသော နောက်ထပ်တစ်နေ့ ဖြစ်ပါသည်။  

သူ၏ နက်မှောင်တောက်ပြောင်သော ဆံပင်များ၊ ထူထဲသည့် မျက်ခုံးနှင့် နက်ရှိုင်းသောမျက်လုံးများမှာ ကြည့်မိသူတိုင်း၏ နှလုံးသားများကို မလွတ်တမ်း ဖမ်းစားနိုင်ဖို့ရာ လုံလောက်သည်။ထို့အပြင် သူ၏ အပြာရောင်မျက်ဆန်များမှာ မည်သို့နည်း။ထိုမျက်ဆန်များက မြောက်ပိုင်းရှိ နှင်းများကဲ့သို့ အေးစက်နေသော်ငြား ဆွဲဆောင်မှု ရှိသည်ကလွဲ၍ တခြားမဖြစ်နိုင်ပေ။

ကံဆိုးသည်က သူ၏အသွင်အပြင်က မည်မျှပင် အသက်ရှူမှားဖွယ် ဖြစ်နေပါစေ၊ မြို့စားကြီး ဆိုဗက်စ်စတာသည် လူပျိုတစ်ယောက် မဟုတ်တော့ပေ။အနာပေါ် ဆားထပ်ဖြူးရမည်ဆိုလျှင် သူသည် ရာစုနှစ်၏ အဆိုးရွားဆုံး စုန်းမတစ်ယောက်ဖြစ်သည့် အိုဖီလီယာ မက်ဂက်ဖင်း နှင့် လက်ထပ်ထားခဲ့သည်။သူတို့၏ အိမ်ထောင်ရေးမှာ ကံအကြောင်းမလှခဲ့ဟု သိရသဖြင့် လူတိုင်းက စုတ်တသပ်သပ်နှင့် ဖြစ်ခဲ့ကြသည်။ 

ထို့နောက် ဤသို့ ဖြစ်လာခဲ့ပါသည်။

"ဟန်နီရေ"

အိုဖီလီယာသည် ထိုသို့ စီခနဲ အော်ခေါ်လိုက်ပြီး၊ကျင့်ဝတ်ထုံးတမ်း တစ်စက်မှ မသိသော ထိန်းမနိုင်သိမ်းမရ အမျိုးသမီးတစ်ယောက်အလား ၊တံခါးပင် ခေါက်မနေတော့ဘဲ အခန်းတွင်းသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။

သို့သော် အခန်းတွင်းရှိ လူတိုင်းအနေဖြင့် သူမ၏မယဥ်ကျေးသောအပြုအမူကို မတွေ့မမြင်ရသကဲ့သို့ မျက်ကွယ်ပြုလာအောင် အကျပ်ကိုင်နိုင်သည်အထိ အိုဖီလီယာ၏ အလှတရားက လုံလောက်မှုရှိသည်။ ငွေဖြူရောင်ဆံနွယ်များက သူမ၏ ကျောပေါ်သို့ ဖြာကျနေပြီး၊နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ရှိကာ ရွှန်းလဲ့တောက်ပသော မြစိမ်းရောင် မျက်လုံးများကြောင့် သူမက နှင်းနတ်သမီးလေးတစ်ပါး အသွင် ဖြစ်နေသည်။

အိုဖီလီယာ မက်ဂက်ဖင်းသည် အလှတရား၏ စံနမူနာတစ်ယောက်ပင်။

ထိုသို့ ဖြစ်သော်ငြား ဆိုဗက်စ်စတာ၏ သူ့ဇနီးအပေါ် အကြည့်များကမူ အကြင်နာမဲ့လှသည်။

"ဘာကိစ္စ ရှိလို့လဲ။"

အိုဖီလီယာသည် သူ့လေသံကြောင့် အသက်ပြင်းပြင်း ရှူလိုက်မိသည်။သူ့နှုတ်ခမ်းများသည် အလွန် ညှို့ယူဖမ်းစားနေလေရာ ထိုနှုတ်ခမ်းများကို မြင်ရသူတိုင်း တပ်မက်လာအောင် ဆွဲဆောင်နေခဲ့သည်။

သို့သော် အိုဖီလီယာသည် အထူးတလည် ယုတ်မာသော အမျိုးသမီး ဖြစ်ပြီး ဝေးဝေးက ရှောင်ကြဥ်သင့်သည်ဟု ယူဆ၍ရသော အနက်ရောင်စုန်းမတစ်ယောက် ဖြစ်သည်။

ငါ ဒီမျက်နှာကြောင့် မကျရှုံးသင့်ဘူး။

"ကျွန်မ ဒီကို လာခဲ့တာ ရှင့်ကို ပြောစရာတစ်ခု ရှိလို့ပဲ။"

လူတိုင်းက အိုဖီလီယာကို အာရုံစိုက် လာကြသည်။

"ပြော"

အိုဖီလီယာက မေးစေ့ကို ပင့်၍

"ကွာရှင်းရအောင်"

"ဟမ်"

အခန်းထဲရှိလူတိုင်းထံမှ ထိုအသံတစ်သံတည်း ထွက်လာတော့သည်။

အိုဖီလီယာသည် သူမ၏လက်များဖြင့် ရင်ဘတ်ကို ဖိထားလိုက်သည်။မြို့စားကြီးဖြစ်သူက တစ်ခုခု တုံ့ပြန်လာလိမ့်မည်ဟု သူမ မျှော်လင့်သည်။မြို့စားကြီး၏ ရှုထောင့်မှ ကြည့်လျှင် ထိုတောင်းဆိုမှုကို ငြင်းပယ်စရာ အကြောင်းပြချက်မရှိဟု သူမ သိထားသည်။အိုဖီလီယာသည် မြို့စားမင်းကြီး မက်ဂက်ဖင်း၏ တစ်ဦးတည်းသော သမီး ဖြစ်သည်က လွဲ၍ လောင်းကစားလုပ်ရင်း အကျင့်ပျက်နေသော မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။သူမက လက်ထပ်ပြီးသား အိမ်ထောင်သည်အမျိုးသမီး ဖြစ်နေရက်နှင့်ပင် အိမ်ရှေ့စံမင်းသားကို မမောနိုင်မပန်းနိုင် သွေးဆောင်ဖြားယောင်းနေခဲ့သေးသည်။

သူမက လူတိုင်းကို ထိကပါး ရိကပါးလုပ်တတ်သော မိန်းမယုတ်တစ်ယောက် ဖြစ်ပြီး မှော်နက်ပညာကို ကျွမ်းကျင်သည့် အနက်ရောင်စုန်းမပင်။

သူက အိုဖီလီယာ၏ တောင်းဆိုမှုကို လက်ခံလိုက်ပြီး သူမကို ဖယ်ရှားပစ်လိုက်လျှင် သူ့အတွက် အကျိုးဖြစ်ထွန်းဖို့သာ ရှိသည်။

သို့သော်လည်း ...

"အိုဖီလီယာ"

ဆိုဗက်စ်စတာက အိုဖီလီယာ ပေးသော ကွာရှင်းစာချုပ်ကို အလယ်က ဆွဲဖြဲပစ်လိုက်သည်။

"ထွက်သွား"

"အင်း"

ဒါက လေးကြိမ်မြောက် တောင်းဆိုမှုပဲ။ငါ ဘယ်တော့မှ ကွာရှင်းလို့ ရမှာလဲ။

အိုဖီလီယာသည် သက်ပြင်းချလိုက်ပြီး အခန်းပြင်သို့ ခြေဦးလှည့်လိုက်သည်။

သို့သော် သူမ ထွက်မသွားခင် နောက်ပြန်လှည့်ပြီး တစ်ခါထပ်ပြောလိုက်သေးသည်။

"ဒါဆို ကျွန်မတို့ မနက်ဖြန်ရောက်ရင် ကွာရှင်းလို့ ရလား။"

"ထွက်သွားစမ်း"

အား…

သူက သူမကို ချစ်လည်း မချစ်ပဲနဲ့၊ ဘာဖြစ်လို့ သူမကို ကွာရှင်းခွင့် မပေးရတာလဲ။

အိုဖီလီယာသည် ငါ့ကို လွတ်မြောက်ခွင့်ပေးလိုက်တော့၊ ငါ လွတ်လပ်ချင်တယ် ဟု ဆိုးရွားစွာ ပြောပစ်လိုက်ချင်သော်လည်း သူမအနေဖြင့် ပြောရန်မဖြစ်နိုင်ရာ ရင်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။ဆိုဗက်စ်စတာ၏ မျက်လုံးများက ခြိမ်းခြောက်မှု အပြည့် ဖြစ်သည်။

"ကျွန်မ ပါးစပ်ပိတ်ပြီးတော့ သွားပါပြီ။"

ဖိအားများ၏ အောက်တွင် အိုဖီလီယာသည် အခန်းထဲမှ ထွက်သွားသည်။

"အိုး ၊ကွာရှင်းဖို့ကလည်း ခက်ခဲလိုက်တာ။"

သူမက တတွတ်တွတ် ရေရွတ်နေခဲ့သည်။

*

သူမ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ချိန်တွင် ဤအရာအားလုံးက စတင်လာခဲ့သည်။

<ကောင့်မြို့စားကတော်က နောက်အိမ်ထောင်ပြုလိုက်ပြီ>

ဇာတ်လမ်းနာမည်က အတော်လေးကို ကြောင်တောင်တောင် ဖြစ်နေတယ်မလား။

သူမကဲ့သို့ ဒရာမဇာတ်လမ်းများကို ကြိုက်နှစ်သက်သူအတွက် ၎င်းက သံလိုက်တစ်ခုလိုပင်။သူမ မတွန်းလှန်နိုင်ခဲ့ပေ။

ထိုဇာတ်လမ်းသည် ကောင့်မြို့စားကတော်*ဖြစ်မည့် အမျိုးသမီးတစ်ဦးက ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့သည့် အချိန်မှ စတင်ထားသည်။

သူမ၏ခြံဝန်းနားတွင် လဲနေသော ကောင်လေးတစ်ယောက်ကို မြင်သောအခါ သူမက သူ့ကို ခေါ်လာခဲ့ပြီး ထိုသူကို အစားအစာ၊နေရာထိုင်ခင်းများသာမက စိတ်ပိုင်းဆိုင်ရာအရပင် ကူညီပံ့ပိုးပေးခဲ့သည်။သို့သော် ထိုကောင်လေးမှာ လွန်ခဲ့သော ၁၆ နှစ်တွင် တော်ဝင်မိသားစုမှ ပျောက်ဆုံးသွားသော အိမ်ရှေ့စံမင်းသားလေး ဖြစ်နေခဲ့သည်။ကောင်လေးသည် အိမ်ရှေ့စံမင်းသားဖြစ်ပြီးနောက် ပြန်လာပြီး သူမကို လက်ထပ်ခွင့်တောင်းချိန်တွင် သူမက တခြားယောကျ်ားတစ်ယောက်နှင့် လက်ထပ်ပြီးသား ဖြစ်နေခဲ့သည်။

ဇာတ်လမ်းက ထိုသို့ စတင်ခဲ့သည်။

သူမက စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ဖတ်နေသောကြောင့် အချိန် ဘယ်လောက်များများ ကုန်သွားသည်ကို မသိခဲ့ပေ။

အဓိကဇာတ်ဆောင်များ၏ အချစ်ဇာတ်လမ်းကို ဖတ်ရသည်က ပျော်စရာကောင်းလှသည်။ သူတို့က ရိုမီယိုနှင့် ဂျူးလိယက် ကဲ့သို့ပင်။ထို့အပြင် ဇာတ်လမ်းထဲတွင် ပေါ်လာသော ဗီလိန်များလည်း အလွန်အံ့ဩဖွယ်ကောင်းသည်။ ဇာတ်ကောင်တစ်ယောက်ချင်းစီက အလွန်အံ့ဩဖွယ်ပင် - အိုဖီလီယာ မက်ဂက်ဖင်း ဆိုသော အမျိုးသမီးတစ်ယောက်မှ လွဲ၍။

အိုဖီလီယာ မက်ဂက်ဖင်းသည် အင်ပါယာတစ်ခုလုံးတွင် မြို့စားမင်းကြီး နှစ်ဦးရှိသည့်အနက် တစ်ဦးဖြစ်သူ မြို့စားမင်းကြီး မက်ဂက်ဖင်း၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။ထိုမျှမက သူမသည် အလွန်လှပသဖြင့် သူမ၏အလှကြောင့် အတိုင်းတိုင်းအပြည်ပြည်တွင် ကျော်စောလှသည်။

ပြီးပြည့်စုံသော မိသားစုနှင့် ပြီးပြည့်စုံသော အလှတရား။မကောင်းသည်က သူမ၏ ဆိုးရွားလှသော အကျင့်စရိုက် ဖြစ်သည်။ မှန်ပါသည်။ ဒါက သဘာဝအတိုင်းပင်။

ပွဲဦးထွက်အနေဖြင့် သူမသည် အမျိုးသမီးတစ်ဦး၏ပါးကို ဖြတ်ရိုက်လိုက်ပြီး အကျင့်စရိုက် မကောင်းသူတစ်ယောက်အဖြစ် အိုဖီလီယာမှာ နာမည်ကြီးလာခဲ့သည်။ကိုယ့်ကိုကိုယ် ဝေဖန်ပြစ်တင်ခြင်းသည် လူမှုဆက်ဆံရေးအခြေအနေများတွင် မိမိကိုယ်ကို လေ့ကျင့်ရန်အတွက် အထက်တန်းလွှာ လူ့အဖွဲ့အစည်းများ မျှော်လင့်ကြသောအရာ ဖြစ်သည်။သို့သော် အိုဖီလီယာက ထိုစကားမပြောနိုင်သည့် စည်းမျဥ်းကို လျစ်လျူရှုလိုက်ပြီး အမျိုးမျိုး ယုတ်မာသော မကောင်းမှုများကို ပြုမူခြင်းဖြင့် လူတိုင်းကို ကျိန်ဆဲရန် ရွေးချယ်ခဲ့သည်။

သူမ၏ အစေခံများကိုလည်း နေ့စဉ် နှိပ်စက်တတ်ပြီး ဆွေကြီးမျိုးကြီး ပုဂ္ဂိုလ်များကို ထပ်တလဲလဲ စိတ်ဒုက္ခပေးတတ်သည်က သူမ၏ဝါသနာ ဖြစ်လာသည်။

သူမက အနိုင်ကျင့် ဗိုလ်ကျတတ်သူတစ်ယောက်ပဲ။

ဒုက္ခပေးလွန်းသော သမီးဖြစ်သူကို မြို့စားမင်းကြီးသည် စိတ်ပျက်လွန်းသဖြင့် နောက်ဆုံးတွင် သူမကို လက်ထပ်ပေးရန် အကြံတစ်ခု ရလာခဲ့သည်။ အခြားသူနှင့်တော့ မဟုတ်၊မြောက်ပိုင်းဒေသကို အုပ်ချုပ်သူ မြို့စားကြီးရိုင်ဇန်နှင့် လက်ထပ်ပေးရန် ဖြစ်ပါသည်။

အိုဖီလီယာက အပြင်းအထန် ငြင်းပယ်ခဲ့သည်။ မြို့စားကြီးရိုင်ဇန်က နတ်ဆိုးတစ်ပိုင်း ဖြစ်သည် ဟူ၍။

သူက မြောက်ပိုင်းကို အုပ်ချုပ်ရတဲ့ အရှင်သခင် တစ်ယောက်ဖြစ်နေရင်တောင် သွေးနှော နတ်ဆိုးတစ်ပိုင်း ဖြစ်နေတုန်းပဲ။လူသားနဲ့ နတ်ဆိုး လက်ထပ်ရတဲ့ လက်ထပ်ပွဲတစ်ခုပဲ။

အိုဖီလီယာသည် ထိုကိစ္စကို အသားကုန် ကန့်ကွက်ခဲ့၏။ သို့သော် မြို့စားမင်းကြီးက သူမကို ပြောသည်။

"မိန်းမဆိုးလေးနဲ့ နတ်ဆိုးတစ်ပိုင်း။ဒါက လိုက်ဖက်ညီတဲ့ စုံတွဲပဲ မဟုတ်လား။"

အိုဖီလီယာက ထပ်၍ ဆန့်ကျင်ခဲ့သည်။

သို့သော် မြို့စားမင်းကြီးက သူ့သမီးနှင့် မြောက်ပိုင်းမြို့စားကြီး၏  လက်ထပ်ပွဲဖြစ်မြောက်ရန် အတင်းအကြပ် တွန်းအားပေးနေမြဲ ဖြစ်သည်။မြို့စားမင်းကြီး၏ ဩဇာအာဏာနှင့် ချမ်းသာကြွယ်ဝမှုတို့ကလည်း ပါဝင်တွန်းအားပေးခဲ့သည်။

မြို့စားကြီးရိုင်ဇန်၏ လက်ထပ်ခွင့်တောင်းဆိုမှုက မဆိုးလှပေ။တော်ဝင်မိသားစုအနေဖြင့် ဘဏ္ဍာငွေ များများရရှိရန် ကြိုးပမ်းနေခဲ့ရာ မြို့စားကြီးက မြို့စားမင်းကြီးနှင့် ရွှေလမ်းငွေလမ်း ခင်းလိုက်ပါက သူတို့အတွက် ပို၍ အကျိုးဖြစ်ထွန်းနိုင်ပေသည်။ပိုကောင်းသည့်အချက်မှာ နတ်ဆိုးသွေးနှော မြို့စားကြီးရိုင်ဇန်လောက် သူမနှင့် သင့်တော်သည့် အိမ်ထောင်ဖက် ထပ်မရှိသောကြောင့် ဖြစ်သည်။

ထိုအခြေအနေများအောက်တွင် မြို့စားမင်းကြီးဖက်မှ လက်ထပ်ရန် ကမ်းလှမ်းလာမှုသည် သူ့အတွက်လည်း အကျိုးရှိနေလေရာ ဆိုဗက်စ်စတာ ရိုင်ဇန်အနေဖြင့် လက်ခံရန် ဆန္ဒရှိခဲ့သည်။ ထို့နည်းဖြင့် အိုဖီလီယာနှင့် မြို့စားကြီး ဆိုဗက်စ်စတာ ရိုင်ဇန်တို့ လက်ထပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဒီလို လက်ထပ်လိုက်တာက ပြဿနာအများစုကို စတင်ဖြစ်လာစေခဲ့တာပဲ။

အိုဖီလီယာ လက်ထပ်ပြီးသည်နှင့် သူမတို့မိသားစု၏ အကြွေးများက ဘူးပေါ်သလို ပေါ်လာပြီး ၎င်းတို့က သူမဖခင်၏ လောင်းကစားကြွေးများ ဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် အိုဖီလီယာသည် အကြွေးရှင်များ၏ လက်မှ လွတ်မြောက်ခဲ့ရသည်။အဘယ့်ကြောင့်ဆိုသော် လက်ထပ်ပြီးနောက် သူမ၏ နောက်ဆုံးနာမည်ကို ပြောင်းလဲခဲ့ရ၍ ဖြစ်သည်။

အကြွေးရှင်များ၏ အရှက်ခွဲခြင်းကို ခံရပြီးနောက် မြို့စားမင်းကြီးမှာ သူ့ကိုယ်သူ သတ်သေပြီး ဘဝကို အဆုံးသတ်လိုက်တော့သည်။ထိုအချိန်မှစ၍ အိုဖီလီယာသည် မှော်နက်ပညာကို စတင်သင်ယူခဲ့သည်။ ထို့နောက် ဆိုဗက်စ်စတာနှင့် အိုဖီလီယာတို့သည် တစ်ယောက်နဲ့တစ်ယောက် ခွဲနေကြသည်။သူတို့အိမ်ထောင်ဖက်က နှစ်ပေါင်းများစွာကတည်းက မတည်ရှိခဲ့သည့်အတိုင်း သူတို့နှစ်ယောက်လုံးက ဟန်ဆောင်ပြီး နေထိုင်ကြသည်။

တစ်နေ့တွင် အိုဖီလီယာသည် တော်ဝင်ကပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံရသည်။ထိုနေရာတွင် သူမသည် ၁၆နှစ်တိတိကြာမြင့်ပြီးမှ တော်ဝင်မိသားစုသို့ ပြန်လာခဲ့သော အိမ်ရှေ့စံမင်းသားဖြစ်သူ အမျိုးသားဇာတ်လိုက်ကို တွေ့ဆုံခဲ့ရပြီး မင်းသားကို မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။

ထို့နောက်တွင် ဘာတွေဖြစ်ပျက်ခဲ့သနည်း။

သူမသည် အိမ်ရှေ့စံမင်းသား၏ ချစ်ရသူ ကောင့်မြို့စားကတော်ကို စတင်၍ အနိုင်ကျင့်ပြီး တစ်မျိုးပြီးတစ်မျိုးအနှောင့်အယှက်ပေးတော့သည်။

သူမ၏ အနိုင်ကျင့်ဗိုလ်ကျမှုသည် ကလေးများ စနောက်ကစားကြသည့် အဆင့်မဟုတ်တော့။ပြန်ပေးဆွဲသည်၊ တစ်ယောက်တည်း ပိတ်လှောင်ထားသည်၊ကိုယ်ထိလက်ရောက် ကျူးလွန်သည်။အိုဖီလီယာသည် အမျိုးသမီးဇာတ်လိုက်ကို မပြီးနိုင် မစီးနိုင် အနိုင်ကျင့်ခဲ့သည်။ထို့အကြောင်းများကြောင့် အိမ်ရှေ့စံမင်းသားသည် အိုဖီလီယာကို ပြင်းထန်စွာ အပြစ်ပေးချင်သော်လည်း မဖြစ်နိုင်ခဲ့ပေ။သူမသည် အင်ပါယာတစ်ခုလုံးတွင် ဩဇာအာဏာအရှိဆုံး မြို့စားကြီး ဆိုဗက်စ်စတာ ရိုင်ဇန်၏ ဇနီး ဖြစ်နေခဲ့သောကြောင့်တည်း။

ဆိုဗက်စ်စတာ ရိုင်ဇန်။ ထိုသူသည် အိမ်ရှေ့စံမင်းသား တော်ဝင်မိသားစုကို ပြန်ရောက်ခဲ့ချိန်ကတည်းက အရာရာတိုင်းတွင် အနှောင့်အယှက်ပေးပြီး နေရာတကာ ဝင်ရောက်စွက်ဖက်တတ်သော လူတစ်ယောက်ဖြစ်သည်။

မှန်ပါသည်။ဤဇာတ်လမ်းတွင် ဆိုဗက်စ်စတာသည် အိုဖီလီယာကဲ့သို့ မကောင်းသော လူတစ်ယောက်ပင် ဖြစ်သည်။

စာဖတ်သူတွေက သူတို့နှစ်ယောက်ကို ဘယ်လို ခေါ်ကြလဲ။

အာ ၊ ဟုတ်တာပေါ့။

မစ္စတာ နဲ့ မစ္စစ် ဗီလိန်တဲ့။

အနည်းဆုံးတော့ သူမလည်း သူတို့ကို ထို့သို့ ခေါ်ခဲ့သည်။သူတို့ကို စာအုပ်ထဲတွင် အလွန်ဆိုးသွမ်းအောင် ရေးသားထားခဲ့၍ ဖြစ်သည်။  

တဖြည်းဖြည်းနှင့် ဗီလိန်များ၏ လှည့်စားခြင်းကို အမြဲခံနေရသူ အိမ်ရှေ့စံမင်းသားသည် သူတို့အပေါ် အောင်မြင်စွာ ပရိယာယ်ဆင်နိုင်ခဲ့သည်။သူ့အပေါ် ရူးသွပ်စွဲလမ်းနေသော အိုဖီလီယာကို သူက အရင်ဆုံး ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။

"မင်းသာ ငါ့ကို တကယ်ချစ်တယ်ဆိုရင် မင်းရဲ့ခင်ပွန်းကို သတ်လိုက်။"

အိုဖီလီယာသည် နှစ်ခါပြန်ပင် မစဥ်းစားခဲ့ပေ။သူမသည် မှော်နက်အသုံးပြုပြီး ဆိုဗက်စ်စတာ၏စွမ်းအင်ရင်းမြစ်ကို ဖျက်စီးပစ်လိုက်ပြီး ဆိုဗက်စ်စတာ၏ သေဆုံးခြင်းကို ဖြစ်စေခဲ့သည်။

ထို့နောက်တွင် အိုဖီလီယာ ဘာဖြစ်သွားပါသလဲ။

"မင်းရဲ့ခင်ပွန်းကို သတ်ခဲ့တဲ့ ပြစ်မှုကြောင့် မင်းကို ကြိုးပေးစီရင်မယ်။"

အိမ်ရှေ့စံမင်းသားက အိုဖီလီယာကို ဤသို့ ကိုင်တွယ်ရှင်းလင်းခဲ့သည်။

"အရူးကောင်ပဲ"

ထိုစာအုပ်ကို ဖတ်ပြီးနောက် အိမ်ရှေ့စံမင်းသားသည် လူကောင်းတစ်ယောက်မဟုတ်ဟု သူမ တွေးနေမိသည်။

လူတစ်ယောက်ရဲ့စိတ်ကို ဒီလိုမျိုး အသုံးပြုတာက အရမ်း မများလွန်းဘူးလား။

အိုဖီလီယာ ရောပဲ။ နင့်ဘာသာ ဘယ်လောက်ချစ်ချစ်၊ကိုယ့်ယောကျ်ား ကိုယ်ပြန်သတ်နိုင်တယ်လား။ နင်တို့နှစ်ယောက်လုံး ငါ နားမလည်တော့ဘူး။

မှန်တာပေါ့။သူမ နားမလည်နိုင်ဆုံးသူက ဒီလို သောက်ကျိုးနည်းစာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာကိုပဲ။

အတောမသတ်အောင် တစ်ယောက်ပြီး တစ်ယောက်ကို ဝေဖန်အပြီးတွင် သူမ အိပ်မောကျသွားခဲ့သည်။

သူမ ပြန်နိုးလာတော့

"ဘုရားရေ"

သူမ အိုဖီလီယာ၏ ကိုယ်ထဲ ရောက်နေပြီ ဖြစ်သည်။

မိုးရေထဲတွင် လဲလျောင်းနေသော အိုဖီလီယာ၏ ခန္ဓာကိုယ်ထဲ၌ပင်။

အိမ်အကူတစ်ယောက်၏ အကူအညီဖြင့် သူမကိုယ် သူမ နွေးထွေးသွားအောင် ပြုလုပ်ပြီးနောက် သူမက စိတ်လွတ်သွားပြီး လက်ရှိရောက်နေသည့် အချိန်အပိုင်းအခြားကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ကံကောင်းထောက်မစွာဖြင့် သူမ ဝင်ရောက်လာချိန်တွင် သူမ၏ ယောကျာ်းကို မသတ်ရသေးသော အချိန်ကာလ ဖြစ်နေခဲ့သည်။ကံဆိုးသည်က သူမသည် အမျိုးသားဇာတ်လိုက်ကို အလွန်ချစ်မြတ်နိုးသည်ဟု လူတိုင်းက သိနေကြ၏။

အခု သူမက အမျိုးသမီးဇာတ်လိုက်ကို အရူးတစ်ယောက်လို အနိုင်ကျင့်နေခဲ့တဲ့ အချိန်လောက်ပဲဆိုတာ ငါအနေနဲ့ သေချာတယ်။

ဘုရားသခင်ရယ် ၊ဘာကြောင့် ကျွန်မအပေါ် ဒီလို လုပ်ခဲ့ရတာလဲ။

သူမသည် ရက်အနည်းငယ်ကြာသည်အထိ စိတ်ညစ်နေခဲ့ရသည်။သို့သော် တဖြည်းဖြည်းနှင့် အသိပြန်ဝင်လာချိန်တွင် သူမအနေဖြင့် ဘာမှမလုပ်ဘဲ အချိန်ဆွဲနေလို့ မရသည်ကို နားလည်သွားခဲ့သည်။ထို့ကြောင့် သူမက အစီအစဥ်တစ်ခု ဆွဲခဲ့သည်။

ကွာရှင်းရမယ်။

သူမသာ ကွာရှင်းလိုက်မည် ဆိုပါက၊ အိမ်ရှေ့စံမင်းသား အနေဖြင့် သူမကို အသုံးချစရာ အကြောင်း မရှိနိုင်တော့ပေ။အိမ်ရှေ့စံမင်းသားက သူ၏ယုတ်မာသော အကြံအစည်အတိုင်း လိုက်လုပ်ရန် သူမအပေါ် ကြိုးကိုင်ခြယ်လှယ်ခြင်း မပြုခင် သူမ ထွက်ပြေးဖို့ လိုအပ်သည်။

မြို့စားကြီးကတော်တစ်ဦးအတွက် အထူးသီးသန့် ခွဲဝေသတ်မှတ်ပေးထားသည့် ငွေကြေးများ ရှိသည်။သူမသည် ထိုငွေများဖြင့် လှည့်လည် နေထိုင်သွားရလျှင် အဆင်ပြေနိုင်သည်ဟု တွေးတောမိသည်။ထို့ကြောင့် သူမက ယောကျ်ားဖြစ်သူကို နောက်တစ်ကြိမ် ထပ်မေးသည်။

"ကျွန်မ ဒီနေ့ ကွာရှင်းလို့ ရမလား။"

အဖြေကလည်း ထုံးစံအတိုင်းပင်။

"ထွက်သွား"

မဟုတ်သေးဘူးလေ၊ ငါက ဘာကြောင့် ကွာရှင်းလို့ မရတာလဲ။


TK Team
++++++++