Chapter 2
Viewers 347

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂)

အိုဖီလီယာက အမြဲတမ်း လှပနေတာပဲ။

ကျွန်မကိုယ် ကျွန်မ တွေးကြည့်နေမိသည်။ ကျွန်မသည် ဤခန္ဓာကိုယ်အတွင်း ဝင်ရောက်မလာခင်က သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ကျွန်မကို ဘယ်သူကမှ လှသည်ဟု မသတ်မှတ်ကြသော သာမန်ရုပ်ရည်မျှသာ ဖြစ်သည်။

သို့သော် အခုတော့ လုံးဝကွာခြားသွားပြီ ဖြစ်သည်။

အိုဖီလီယာက ထူးကဲစွာ လှပတင့်တယ်သူ ဖြစ်သည်။

သူမ၏ခါးတစ်ဝိုက် ရောက်သည်အထိ ဖြာကျနေသော၊ လှလှပပလှိုင်းတွန့်ကလေးများနှင့် ငွေရောင်ဆံနွယ်များသည် ပြီးပြည့်စုံမှု အပြည့်ရှိပြီး အိပ်ရာထလာချိန်တွင် တစ်ပင်တစ်လေမျှ ပုံမကျဖြစ်နေခြင်း မရှိပေ။နှင်းကဲ့သို့ စွတ်စွတ်ဖြူသည့် အသားအရည်၏အလှကို ပံ့ပိုးပေးနေသော မြစိမ်းရောင် မျက်ဝန်းများဆိုလျှင် မည်သို့နည်း။၎င်းတို့က နှင်းတောထဲတွင် ပွင့်လန်းနေသော ပန်းလေးများသဖွယ် တင့်တယ်လှပ၏။သူမ၏ ယုတ်ရင်းကြမ်းတမ်းသော အမူအရာများမှ လွဲလျှင်၊ သူမ၏ အစိတ်အပိုင်းအားလုံးကြောင့် သူမကို နှင်းနတ်သမီးလေးတစ်ပါးသဖွယ် ရှုမြင်စေနိုင်၏။ 

ကျွန်မ၏ ပါးနှစ်ဖက်ကို လက်များဖြင့် အုပ်ကိုင်ကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းများကို အကြိမ်များစွာ ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်မိသည်။

အရမ်းလှတဲ့ ရုပ်ရည်လေးပဲ ၊ အခုထိ ...

ထိုမျက်နှာလှလှလေးဖြင့် သူမ လုပ်ခဲ့သည့် ယုတ်မာမှုများကို ကျွန်မ မယုံကြည်နိုင်ခဲ့ပေ။ဝတ္ထု၏ ဇာတ်လမ်းအကြောင်းအရာကို ပြန်သတိရသွားသဖြင့် ကျွန်မ၏လက်ကို ပြန်ချလိုက်ပြီး တုန်ယင်နေမိသည်။

ဝတ္ထုထဲတွင် အိုဖီလီယာသည် သူမအဖေ သေဆုံးသွားသည်ကို သိပြီးနောက် မြေအောက်ထပ်သုတေသနခန်းတွင် သူမ တစ်ယောက်တည်း သွားနေပြီး ရက်အတော်ကြာသည်အထိ ပြန်ထွက်မလာခဲ့ပေ။

ဒါဆို အရင်လဝန်းကျင်လောက်က ဘာတွေ ဖြစ်ခဲ့တာလဲ။

ထိုအချိန်၌ လူတွေသည် အိုဖီလီယာကို မမှတ်မိကြသဖြင့် နောက်ဆုံးတွင် မှော်နက်ဖြင့် ပြုလုပ်ထားသော စေးကပ်ကပ် အနက်ရောင် အလုံးတစ်လုံး၏ အကူအညီဖြင့် သူမ၏ သရုပ်မှန်ကို သူမဘာသာ ထုတ်ဖော်လိုက်သည်။

သူမက ထိုအလုံးထဲရှိ ဝိညာဥ်ကို စကားပြောလိုက်သည်။

"အဖေ၊ ပြန်လာခဲ့ပါ အဖေ။"

အိုဖီလီယာသည် မြို့စားမင်းကြီး မက်ဂက်ဖင်း၏ ဝိညာဥ်ကို ခေါ်ဖို့ မှော်နက်ကို အသုံးပြုဖို့ ကြိုးစားခဲ့သည်။သူမ သုံးလိုက်သည့် ဆင့်ခေါ်မှုသည် အင်ပါယာ၏ တရားဥပဒေကို ချိုးဖောက်သည့် အစီအရင်တစ်ခု ဖြစ်သည်ကို ပြောပြရန်ပင် မလိုတော့ပေ။သူမ ဆင့်ခေါ်ထားသည့် ဝိညာဥ်သာ လွတ်မြောက်သွားခဲ့လျှင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ဒီကိစ္စကို ဆိုဗက်စ်စတာ သိရှိသွားချိန်၌ ဒေါသတကြီး ဖြစ်သွားပြီး အိုဖီလီယာကို ချက်ချင်းပင် အကျဥ်းချထားခဲ့သည်။သူသည် အိုဖီလီယာ ဆင့်ခေါ်ထားသော ထူးဆန်းသည့်အရာကိုလည်း မီးရှို့ပစ်ရန် မမေ့ခဲ့ပေ။

အဲ့ဒီ အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက်မှာ ငါတို့က ခပ်တန်းတန်း ဖြစ်သွားကြတာပဲ။

ဒါပေမဲ့ မကြာသေးမီက ကျွန်မ ဒီခန္ဓာကိုယ်ထဲမှာ စကားပြောရင်း နည်းနည်းချင်းစီ လှုပ်ရှားမှု လုပ်ခဲ့ပြီးပြီ။

ဒါပေမဲ့ ကျွန်မ သိချင်သေးတယ်။

"ငါ မှော်နက် သုံးလို့ ရသေးလား။"

ထိုအတွေးဖြင့် ကျွန်မ၏လက်များ ယမ်းခါကြည့်လိုက်သည်။ကျွန်မသည် အနည်းဆုံးတော့ အိုဖီလီယာ၏ လေသံနှင့် အမူအကျင့်များအတိုင်း လိုက်လုပ်၍ ရသော်လည်း မှော်နက် သုံးဖို့ဆိုလျှင်တော့ ကျွန်မလည်း သေချာမသိပေ။ထိုကိစ္စကို ကျွန်မ တစ်ခါမှ မကြိုးစားကြည့်မိပေ။

နောက်ကျရင် ငါ ဒါကို စမ်းသပ်ကြည့်ဖို့ လိုတယ်။

အိုဖီလီယာ၏ နောက်ထပ် အမှားတစ်ခုမှာ သူမအနေဖြင့် လုပ်ရန် စိတ်ဆုံးဖြတ်လိုက်သည့် အရာတိုင်းကို မလွဲမသွေ လုပ်တတ်သော သူဖြစ်၍ပင်။သူမ၏ လိုအင်ဆန္ဒများအပေါ် အတော်သစ္စာရှိသည့် မိန်းမ ဖြစ်သည်။သူမက တစ်စုံတစ်ရာကို မကြိုက်လျှင် သူမ၏ လက်ကို လွှဲယမ်းပစ်လိုက်မည်။သူမက တစ်စုံတစ်ရာကို ကြိုက်လျှင်တော့ ကြိုက်ပါကြောင်း ထုတ်မပြလိုသဖြင့် ထိုအရာကို ကန်ထုတ်ပစ်တတ်သည်။

ဝါး ၊ နင် အမျိုးသမီးဇာတ်လိုက်အပေါ် ဘယ်လောက်ထိ ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့တာလဲ။

သူမက အမျိုးသမီးဇာတ်လိုက်ကို ကျွန်ကုန်သည်ထံတွင် သွားရောင်းပစ်ဖို့ပင် ကြိုးစားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုကိစ္စများက အခုထိ မဖြစ်ပျက်ရသေးပေ။သို့သော် အိုဖီလီယာ မသေခင်တွင် ကြောက်စရာကောင်းဖွယ် ရူးနှမ်းသော ကိစ္စတစ်ခု ဖြစ်ခဲ့သေးသည်။

အိုဖီလီယာသည် အမျိုးသမီးဇာတ်လိုက်အပေါ် ဆိုးရွားသောကိစ္စများ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့သည်။အမျိုးသမီးဇာတ်လိုက်ကို ဆဲရေးစော်ကားပြီး ဝိုင်းပယ်ခံရအောင် ပြုလုပ်ခဲ့သည်အပြင် သူမ၏ခင်ပွန်း လုပ်ကိုင်သည့် လုပ်ငန်းကိုပါ ပျက်စီးအောင် လုပ်ခဲ့သည်။အိုဖီလီယာက အိမ်ရှေ့စံမင်းသားကို အလွန်ချစ်နေသဖြင့် သနားစရာအမျိုးသမီးဇာတ်လိုက်ကို နှိပ်စက်ညှဥ်းဆဲနေသည်ဟူသော ကောလဟာလများ ရှိခဲ့ပြီး ဖြစ်သည်။

ငါ ရူးတော့မယ်။

ငါက တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာမယ်ဆိုလည်း ဘာဖြစ်လို့ ဇာတ်လမ်းရဲ့အစောပိုင်းမှာ မဖြစ်ရတာလဲ။ အခုကျမှ ဘာလို့လဲ။

ထို့အပြင် အိုဖီလီယာက မိုးထဲလေထဲတွင် တစ်ယောက်ထဲ ရပ်နေခဲ့သည်က ဘာကြောင့်ဖြစ်မည်နည်း။ကျွန်မကို ကူညီခဲ့သည့် အိုင်ရင်းက ပြောသည်။ သူမက ကျွန်မကို သေသွားပြီဟု ထင်ခဲ့ပါ၏။

မဟုတ်ရင်ရော

အဲ့ဒီတုန်းက အိုဖီလီယာ သေသွားတာလား။ဒါကြောင့် ငါက ဒီနေရာကို ရောက်လာရတာပေါ့။စာအုပ်ထဲမှာလည်း ဘာအကြောင်းအရာမှ မဖော်ပြထားဘူး။ဘာတွေက အမှန်တကယ် ဖြစ်ပျက်ခဲ့တာလဲ။

ကျွန်မ၏စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေခဲ့သည်။သို့သော် ဘာဖြစ်ခဲ့သည် ဖြစ်စေ၊လက်ရှိအချိန်တွင် အရေးအကြီးဆုံးအကြောင်းအရာမှာ အိုဖီလီယာ၏ ကိုယ်ထဲတွင် ကျွန်မ ရောက်ရှိနေခြင်း ဖြစ်သည်။

မှန်ပါသည်။ 'ကျန်းမာသည့်' အိုဖီလီယာ ဖြစ်သည်။ 

ကျွန်မထံတွင် ခုခံအားစနစ်က ကိုယ်တွင်းရှိ ဆဲလ်များကို ပြန်ဒုက္ခပေးသည့် autoimmune ရောဂါ စွဲကပ်နေခဲ့သည်။ထို့ကြောင့် ကျွန်မ၏ ဘဝကို အိပ်ရာထဲတွင် လဲလျောင်းရင်းဖြင့် ကုန်ဆုံးခဲ့ရသည်။အဆင်ပြေပြေ အသက်ရှူရင်းဖြင့် ကျွန်မ အိပ်ပျော်ခဲ့သည့် နောက်ဆုံးအချိန်ကိုပင် ကျွန်မ မမှတ်မိတော့ပေ။နေ့စဥ်နှင့်အမျှ ကျွန်မသည် အိပ်ရာထဲ လဲနေရင်းဖြင့် 'ငါ ဘယ်တော့သေမှာလဲ၊မနက်ဖြန်သေမှာလား၊၊သဘက်ခါ သေမှာလား၊ဖိန်းနွှဲခါမှာ သေမှာလား' ဟု အမြဲ သိချင်နေခဲ့သည်။

ကျွန်မလို သေခြင်းတရား၏ လက်တစ်ကမ်းမှာ နေရသူအဖို့ ဤခန္ဓာကိုယ်အထဲကို ကူးပြောင်းခွင့် ရခဲ့သည်မှာ ထီပေါက်သည်နှင့် အလားသဏ္ဍာန်တူသည်။ ဤခန္ဓာကိုယ်က အလွနိကျန်းမာသည်။ထို့အပြင် နာကျင်ကိုက်ခဲနေသည်ဟူ၍ မရှိပေ။

ကျွန်မ မှန်ထဲကို နောက်တစ်ခါကြည့်လိုက်လျှင် သူမ၏ အသက်မပါဘဲ ဘာကိုမှ ဂရုမစိုက်လေဟန် မျက်နှာထားကို မြင်နေရသည်။ထို့အပြင် ကျန်းမာသော အသားအရည်နှင့် သန်စွမ်းသည့် ခန္ဓာကိုယ် တစ်ခုကိုလည်း ကျွန်မ မြင်နေရသည်။

ကျွန်မသည် ဤသို့ သက်တောင့်သက်သာရှိမှုကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးပေ။

ငါ အသက်ဆက်ရှင်သန်နေရမယ်။

ထို့ကြောင့် ကျွန်မ ဆုံးဖြတ်လိုက်သည်။

ငါတို့တွေ ကွာရှင်းဖို့ လိုတယ်။

ဒီနည်းဖြင့်သာ ကျွန်မ၏ဗီလိန်ခင်ပွန်းသည်နှင့် ပတ်သက်စရာအကြောင်း ထပ်မရှိတော့မည် ဖြစ်ပြီး အိမ်ရှေ့စံမင်းသားနှင့်လည်း ကင်းကင်းရှင်းရှင်း ဖြစ်သွားမည်။

ဒါပေမဲ့ ...

ငါက ငါးကြိမ်တိတိ အငြင်းခံရပြီးပြီပဲ။

ဒီနှုန်းနဲ့သာဆိုရင် ကွာရှင်းခွင့် တောင်းဆိုမှုကို သူ လက်ခံလာမယ်လို့ ခံစားမိတယ်။ဒါပေမဲ့ ငါ စိတ်ဆုံးဖြတ်ထားပြီးသားပါ။

"ရှင် ကျွန်မကို ဘယ်လောက်ကြာအောင် ဆက်ငြင်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့။"

ကျွန်မသည် ရည်မှန်းချက်တစ်ခုအတွက် ကိုယ့်ကိုကိုယ် မြှုပ်နှံထားတတ်သည့် ကိုရီးယားနိုင်ငံသား ဖြစ်သည်။ကွာရှင်းခွင့်ရဖို့အတွက် ကျွန်မ အစီအစဥ်သုံးခု ပြင်ဆင်ရမည်။

ပထမဆုံးအဆင့် : ပိုက်ဆံ ဖြုန်းပစ်ရန်


"အိုး ... ဘုရားရေ"

ကျွန်မက သူမကို ရယ်၍ ကြည့်နေစဥ်တွင် အိုင်ရင်းသည် ပါးစပ်ကို အုပ်လျက် တိုးတိတ်စွာ သက်ပြင်းတစ်ခု ချလိုက်သည်။

"အိုး တွေ့ရတာဝမ်းသာပါတယ် ၊မြို့စားကြီးကတော်။ကျွန်မက မဒမ်ဂျိုနာ ပါ။"

"မြို့စားကြီးကတော်ရှင့် ၊ရှင့်ကို တွေ့ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ ကျွန်မနာမည် အန်ထရာ ပါ။"

"ရှင့်ရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်၊ မြို့စားကြီးကတော်ရှင့်။ ကျွန်မက ရှိုင်း လို့ခေါ်ပါတယ်။"

ထိုသူများမှာ မြို့တော်၏ အကောင်းဆုံးဖက်ရှင်စတိုးဆိုင်များ၏ ကိုယ်စားပြု ဒီဇိုင်နာများ ဖြစ်ကြသည်။တစ်ဦးတည်းသီးသန့် ဆိုလျှင်ပင် မနည်းမနော ကုန်ကျသည်။ဒီဇိုင်နာ သုံးဦးကို ခေါ်ထားသည်ဖြစ်၍ ကုန်ကျမည့် ငွေပမာဏမှာ အလွန့်အလွန် များလောက်သည်။

ဒါပေါ့ ၊သူတို့ကို ဒီနေရာဆီ ခေါ်လိုက်ရုံနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်မယ်လို့ ငါ မဆိုလိုဘူးနော်။

အရင်ဆုံး နှုတ်ဆက်လိုက်ရအောင်။

"နင်တို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

ကျွန်မ သူတို့အနား သွားလိုက်ပြီး မြို့စားကြီးကတော်တစ်ဦး၏ တမူထူး၍ အထက်စီးဆန်သော ရယ်သံတစ်ခု ပေးလိုက်သည်။

သူတို့သည် တုန်ယင်သွားကြပြီး ကျွန်မ၏ လက်ဖမိုးကို တစ်ယောက်ပြီး တစ်ယောက် နမ်းရှုံ့ကြသည်။သူတို့အားလုံး ဘယ်လောက်ထိ  တုန်လှုပ်ချောက်ချားနေသည်ကို ကျွန်မ မြင်နိုင်သည်။ကောက်ကျစ်ယုတ်မာသော မြို့စားကြီးကတော်မှ သူတို့အပေါ် အခေါ်တော် ရှိသဖြင့် ကြောက်လန့်နေကြသလိုပင်။

ငါက နင်တို့ကို အရှင်လတ်လတ် ဝါးစားမယ်လို့များ ထင်နေကြတာလားဟင်။

ကျွန်မ အရင်ကတည်းက ဤသို့ လုပ်ကြည့်ချင်နေခြင်း ဖြစ်သည်။ကျွန်မက အခု အိုဖီလီယာဆိုသူ ဖြစ်လာခဲ့ရာ၊ ကျွန်မ ဆန္ဒရှိသလို လုပ်ဖို့က ဖြစ်နိုင်ချေရှိပြီ ဖြစ်သည်။ဒါပေမဲ့ တကယ့် အိုဖီလီယာအစစ်နှင့်တော့ ကျွန်မက မတူညီပေ။

"နှုတ်ဆက်ဂါရဝပြုတာကို တော်လို့ရပြီ"

ကျွန်မ ဒီဇိုင်နာသုံးဦးကို ကြည့်လိုက်သည်။

"နင်တို့မှာ ဒီဇိုင်းကတ်တလောက်တွေ ပါလာတယ် မလား။"

"ဟုတ်ကဲ့ ၊ကျွန်မတို့ ယူလာပါတယ်။"

"ကျွန်မတို့ ဒီရာသီအတွက် စုစည်းထားတဲ့ ဒီဇိုင်းကတ်တလောက်တွေ အကုန် ပါပါတယ်ရှင့်။"

ကျွန်မထံသို့ ထိုသူများ ထုတ်ပြလာသော စာအုပ်ထူထူများကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ကျွန်မ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ ဒါတွေကို ကြည့်နေဖို့ မလိုအပ်ဘူး။"

"ဟင်"

လူတိုင်းက ကြောက်လန့်သွားပြီး သူတို့၏ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလေသည်။ကျွန်မဖြင့် ဘာမှပင် မလုပ်ရသေးပေ။

ကျွန်မသည် မျက်နှာကို ပင့်ချီလိုက်ပြီး တည်ငြိမ်ချင်ဟန် ဆောင်နေလိုက်သည်။

"ငါ့အတွက် အကုန်လုံးကို ချုပ်လိုက်။"

ဒီဇိုင်းကတ်တလောက်တစ်အုပ်တွင် ဝတ်စုံဒီဇိုင်း ဆယ်စုံစာ မက ပါရှိသည်။စုစုပေါင်း သုံးအုပ်စာ ဖြစ်သဖြင့် အနည်းဆုံးတော့ ဝတ်စုံ အထည် သုံးဆယ်တော့ ကျွန်မအနေဖြင့် ရနိုင်လိမ့်မည်။ဒီဇိုင်နာများနှင့် ဝတ်စုံများအားလုံး၏ စုစုပေါင်းကုန်ကျငွေသည် ကိုယ်ပိုင်ခြံဝန်းကျယ်၌ တစ်နှစ်ခွဲစာ နေထိုင်စရိတ်နှင့် ပမာဏချင်း တူညီသည်။

အသုံးအဖြုန်းကြီးသလို ဖြစ်နေလျှင်တောင်မှ ကျွန်မအနေဖြင့် အနည်းဆုံးတော့ ဒီလောက်ပမာဏ သုံးဖြုန်းပြရမည်။

ဒီလိုလုပ်မှသာ ကျွန်မ တွေးထားသည့်အတိုင်း အနှေးနှင့်အမြန် ကွာရှင်းခွင့် ရလိမ့်မည်။

"ဘုရားရေ ..."

အိုင်ရင်းသည် သက်ပြင်းချရင်းဖြင့် ကျွန်မအနားသို့ ရောက်လာသည်။ထို့နောက် သူမက ထူးဆန်းသော တစ်စုံတစ်ရာကို ပြောရန် လုပ်လိုက်သည်။

"အဆင်ပြေရဲ့လား ၊မဒမ်။"

သူမ ဘာကို ဆိုလိုချင်သည်ကို သိသွားဟန်ဖြင့် ကျွန်မ မျက်မှောင်ကြုတ်ပစ်လိုက်ပြီး 

"ဘာကြောင့်လဲ။ငါ့ကို ဒီလောက်များများ ဝယ်ခွင့်မပြုထားလို့လား။"

ဒုတ် ဒုတ် ဒုတ် ဒုတ်

ကျွန်မ၏ နှလုံးသားက အခုန်မြန်လာခဲ့သည်။

ကျွန်မသည် အိုဖီလီယာအဖြစ် မည်သို့ပင် ဟန်ဆောင်ကြွားဝါနိုင်သည်ဖြစ်စေ၊ ကျွန်မက သာမန်လူတစ်ယောက် ဖြစ်နေဆဲပင်။ဤသို့ ပိုက်ဆံ တပုံတခေါင်းကြီး သုံးဖြုန်းနေစဥ်၌ ကျွန်မ၏ ရိုင်းစိုင်းကြမ်းတမ်းသည့်သရုပ်ကို ဆက်ထိန်းသိမ်းထားရန် ရဲစွမ်းသတ္တိ အလုံအလောက် မရှိပေ။

"ဒါက မဒမ် ပုံမှန်သုံးစွဲနေကျ ပမာဏထက် အရမ်းနည်းနေလို့ပါ။"

အမ်…

"မဒမ်က နောက်လာမဲ့ ရာသီမှာ ခေတ်စားမဲ့ ဝတ်စုံမှန်သမျှကိုလည်း တစ်ခါတည်း ဝယ်ယူနေကြ ဖြစ်ပါတယ်။သူတို့မှာ မရှိခဲ့ရင် မဒမ်က 'မရ ရအောင်လုပ်ခဲ့' လို့ အော်ဟစ်နေပါလိမ့်မယ်။"

"မှန်ပါတယ် မြို့စားကြီးကတော်ရှင့်၊ လာမဲ့ ရာသီအတွက် ဝတ်စုံတွေကိုပါ ကျွန်မတို့ တစ်ခါတည်း ချုပ်လာခဲ့မယ်ဆို သဘောကျပါသလား။"

ကျွန်မ ပြန်မဖြေရဲသဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။

အိုဖီလီယာ ရေ၊ နင် တကယ်ပဲ ငွေကို ရေလို သုံးပစ်တာပဲ ဟမ့်။

မစ်ရှင် ဖျက်သိမ်း။

အရင်ဘဝမှာ သာမန်လူတစ်ယောက်မျှသာ ဖြစ်ခဲ့ရသဖြင့် ကျွန်မ ကျရှုံးသွားရသည်။


TK Team
++++++++