Chapter 3
Viewers 349

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃)

ငါ့မှာ ဒုတိယအစီအစဥ် ရှိတယ်။

အမှန်တော့ ကျွန်မလည်း ဒီလိုမျိုးတွေ မလုပ်ချင်ပေ။ဒါပေမဲ့ လုပ်ကို လုပ်ရမည်။အဘယ့်ကြောင့်ဆိုသော် အိုဖီလီယာသည် မိန်းမယုတ်တစ်ယောက် ဖြစ်၍ပင်။

'အစေခံများကို နှိပ်စက်ခြင်း'

အသက်ကို ရှူသွင်းမယ် ၊ပြန်ရှူထုတ်မယ်။

ကျွန်မ အသက်ပြင်းပြင်းရှူလိုက်မိသည်။ မြို့စားကြီးဆိုဗက်စ်စတာသည် ရဲတိုက်ရှိ အစေခံများအပေါ် ဂရုတစိုက်ရှိပြီး အစေခံတိုင်း၏ နာမည်မှန်သမျှကိုလည်း မှတ်မိသည်။ဆိုလိုသည်က ...

ငါသာ သူတို့ကို အနိုင်ကျင့်မယ်ဆိုရင်တော့ ငါ ဒုက္ခရောက်မှာ သေချာတယ်။

သူ ဂရုစိုက်သောအစေခံများကို ကျွန်မက ဒုက္ခပေးခဲ့လျှင် သူ ကျွန်မကို မဆူမငေါက်ဘဲ နေနိုင်မည်မဟုတ်လောက်ပေ။ဒီကိစ္စကနေ ကွာရှင်းမည့်အရေးကို သွားလို့ ရနိုင်သည်။

ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှိဘူး။ လုပ်ကို လုပ်ရမှာပဲ။

ကျွန်မ နောက်တစ်ကြိမ် အသက်ဝဝ ရှူလိုက်ပြီး တံခါးကိုဖွင့်၍ စင်္ကြံတစ်လျှောက် သန့်ရှင်းရေးလုပ်နေသူ အစေခံဆီသို့ ခြေလှမ်းကျဲကျဲဖြင့် သွားလိုက်သည်။

"ဟဲ့"

"ဟု ...ဟုတ်ကဲ့ပါ မဒမ်"

ကြောက်လန့်နေသည့် အစေခံကို လျစ်လျူရှုလိုက်ရင်း လက်ရန်းပေါ်သို့ ကျွန်မ၏ လက်ချောင်းလေးများဖြင့် ပွတ်သုတ်လိုက်သည်နှင့် မီးခိုးရောင် ဖုန်မှုန့်များက ပေကျံသွားတော့သည်။

"ဒီနေရာမှာ ဖုန်တွေ အများကြီး ကျန်နေခဲ့တယ်၊ ကြည့်စမ်း။"

"အိုး! "

အစေခံ၏ မျက်လုံးများသည် အပြင်ကို ပြူးထွက်မတတ် စိုက်ကြည့်လာသည်။

"ကျွန်မ တောင်းပန်ပါတယ် မဒမ်၊ကျွန်မ သေချာဂရုမစိုက်လိုက်မိလို့ပါ။"

"နင်က သေချာဂရုမစိုက်လိုက်မိဘူးလို့ ပြောတယ်ပေါ့လေ။"

ဆောရီး ၊ဆောရီးပါနော်၊ မလိုအပ်ပဲ အပိုတွေ လုပ်တော့မှာမို့လို့။

ကျွန်မ၏ မျက်လုံးများကို မှိတ်လိုက်ပြီး သန့်ရှင်းရေးလုပ်သည့် ရေပုံးကို ဆောင့်ကန်ချပစ်လိုက်သည်။

ဗွမ်း

ပြောင်လက်နေသော စင်္ကြံတစ်လျှောက်တွင် ရေညစ်ပတ်များဖြင့် လောင်းချခံလိုက်ရတော့သည်။

"နောက်တစ်ခါ ပြန်တိုက်"

အစေခံမှာ ပါးစပ်အကျယ်ကြီး ဟသွားတော့သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ်

ကျွန်မ၏နှလုံးက ပေါက်ထွက်တော့ မလိုပင်။သို့သော် ကျွန်မ ဒါကို ထုတ်မပြခဲ့ပေ။ဘာပဲဖြစ်ဖြစ် ကျွန်မက ယုတ်မာသည့် မြို့စားကတော် တစ်ယောက်ပုံစံ ဖြစ်ရမည်။

"သွားလုပ်တော့၊ နင် ဒီနေရာကို သေချာ သန့်ရှင်းလို့ ပြီးတဲ့အထိ ငါ စောင့်ကြည့်မယ်။"

အလုပ်လုပ်ရာတွင် သူဌေးက စောင့်ကြည့်နေသည်ထက် ပိုဆိုးသည့်ကိစ္စ မရှိတော့ပေ။ထို့ကြောင့် ကျွန်မသည် လက်ပိုက်ရင်း တုန်တုန်ယင်ယင်ဖြင့် သန့်ရှင်းရေးလုပ်နေသော အစေခံကို စိုက်ကြည့်ပေးနေလိုက်သည်။

အစေခံသည် မျက်ရည်များကျရင်းနှင့် ကြမ်းတိုက်တံကို  ဆုပ်ကိုင်ထားသည်။

"ကျ ...ကျွန်မ တောင်းပန်ပါတယ်။ကျွန်မ ဒီနေရာကို အမြန် သန့်ရှင်းပေးပါ့မယ်။"

သူမကို ကြည့်ရင်းဖြင့် ကျွန်မ၏အသိစိတ်ထဲတွင် နာကျင်သွားသည်။

ငါ ဒီလိုမျိုးရော လုပ်ခွင့်ရှိရဲ့လား မသိဘူး။

ကျွန်မ၏စိတ်ထဲတွင် အပြစ်ရှိစိတ်များက တဖြည်းဖြည်း များပြားလာခဲ့သည်။

ထို့နောက်

"မဒမ်!"

အိမ်တော်ထိန်း အိုလီဗာမှာ ထိုနေရာသို့ အပြေးအလွှား ရောက်လာခဲ့သည်။

"ဘ ...ဘာများ ဖြစ်လို့လဲ မသိဘူး။"

သူက တံတွေးမျိုချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ကျွန်မ လုပ်လိုက်သည့် အပြုအမူကြောင့် ထိုသူ အံ့ဩသွားပြီလားဟု ကျွန်မ သိချင်ခဲ့သည်။ ထို့ကြောင့် ကျွန်မ မျက်နှာကို မော့လိုက်ပြီး အဆင်ပြေနေဟန်ဖြင့်

"ဘာလဲ ၊ငါက အစေခံတွေကို သင်ကြားပြသပေးလို့ မရဘူးလား။"

ဒုတ် ဒုတ် ဒုတ် ဒုတ်

ကျွန်မ၏ နှလုံးသားက ကြမ်းကြမ်းတမ်းတမ်း ခုန်လာခဲ့သည်။ အိမ်တော်ထိန်းက ကျွန်မကိုသာ ဆန့်ကျင်ပြောဆိုလျှင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်လိုက်မည်။ရုတ်ရုတ်သဲသဲ ဖြစ်ပြီဆိုလျှင် ထိုသတင်းက မြို့စားကြီးဆိုဗက်စ်စတာထံသို့ ကျိန်းသေပေါက် ရောက်ရှိသွားမည်။ထို့နောက်တွင် ကျွန်မလည်း ကန်ထုတ်ခံရလိမ့်မည်။

ကျေးဇူးပြုပြီး ဒေါသထွက်လိုက်ပါ ။ငါ့အပေါ်  ဒေါသထွက်ပြလိုက်စမ်းပါ အိုလီဗာရေ။

ကျွန်မက သူ့ကို စိန်ခေါ်သကဲ့သို့ မျက်လုံးကို ပြူးပြီး ကြည့်ပေးလိုက်သည်။

"မဟုတ်တာပဲ။ဒါက ကိစ္စမရှိပါဘူး။"

အိုလီဗာက လက်မနှစ်ချောင်း ထောင်ပြ၍ ချီးကျူးဩဘာပြုသည်။

"မဒမ်က ကောင်းကောင်း သင်ပြခဲ့ပါတယ်"

ဘ ...ဘယ်လို

"ဒီကလေးက စင်္ကြံကို မသန့်တဲ့ရေတွေနဲ့ သန့်ရှင်းရေး လုပ်နေခဲ့တာ၊ သူမက အတော် ပျင်းရိနေတာကြောင့်ပဲ။"

"ကျွန်တော်ကပဲ တောင်းပန်ပါတယ်။"

ဒါက မဟုတ်သေးဘူးလေ။

အိမ်တော်ထိန်းသည် အစေခံ၏ မျက်နှာကို ကြည့်ပြီး သက်ပြင်းတစ်ခု ချလိုက်မိသည်။

"မင်းက အရှက်ရစေတာပဲ။မင်း အခု ဘယ်လောက်ကံကောင်းနေလဲဆိုတာ မင်းကိုယ်မင်း မသိတဲ့အထိ တုံးအလိုက်တာ။"

"ဘာကိုလဲ"

"မဒမ် ၊မဒမ်က အရင်တစ်ခါကလိုမျိုး အစေခံရဲ့မျက်လုံးကို တစ်ခုခုနဲ့ ထိုးပစ်တာတော့ မလုပ်ဘူးပဲ။"

ငါက အဲ့လောက်အထိ ဆိုးတာလား။

"အဲ့ဒီ မတိုင်ခင်ကလည်း မဒမ်က သူမကိုယ်သူမ ကြမ်းတိုက်တံနဲ့ သုတ်ပြီး ရေချိုးခိုင်းခဲ့ပါတယ်။"

အိုဖီလီယာ ၊ နင်ကတော့ ...

"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ရေပုံးမှောက်သွားရုံလောက်ပဲ မဒမ်က လုပ်ခဲ့ပါတယ်။ မဒမ်က ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာပါပဲ။"

သူက ကျွန်မကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်ဆို မျက်ရည်ကျမိတော့မလို့ပါ။"

မဟုတ်သေးဘူး၊ ငိုရမဲ့လူက ငါပါ။ အိုဖီလီယာရေ နင် ဘယ်လိုများ ရှင်သန်နေခဲ့တာလဲ။

ယခု အစေခံများကို နှိပ်စက်ခြင်း မစ်ရှင်ကို ဖယ်ထုတ်လိုက်ရသည်။ကျွန်မ ဆိုးဆိုးဝါးဝါးပဲ ကျရှုံးသွားရသည်။ 

*

ကျွန်မမှာ နောက်ဆုံးအစီအစဥ်တစ်ခု ကျန်သေးသည်။

အိုဖီလီယာက ဘယ်လောက်ပင် ယုတ်မာရိုင်းစိုင်းသည် ဖြစ်စေ ဤသို့ လုပ်မည်ဟု ကျွန်မအနေနှင့် မထင်ထားပေ။ဒါက အိုဖီလီယာ၏ မာနကို ဖျက်ဆီးပစ်နိုင်သည့် ကိစ္စဖြစ်သည်။

အဲ့ဒီအလုပ်ကတော့

"ပိုက်ဆံခိုးရမယ်။"

သင်သည် မြို့စားကြီးကတော်တစ်ဦး ဖြစ်ပါက သင့်မိသားစု၏ ပိုက်ဆံများကို သင်သေချာပေါက် ခိုးယူရမည်။ပိုက်ဆံခိုးပြီး ၎င်းပိုက်ဆံကို ယောကျ်ားတစ်ယောက်အတွက် သုံးဖြုန်းပစ်သည်က ပုံမှန်ကိစ္စ ဖြစ်သည်။

ဒါပေမဲ့ အခု ငါက ယောကျ်ားတစ်ယောက်နဲ့ မဆုံတွေ့နိုင်ဘူးလေ။

ထို့ပြင် ဤနေရာတွင် ကျွန်မနှင့် ဆုံတွေ့ချင်သည့် ယောကျ်ားတစ်ယောက်မှ ရှိမည်မဟုတ်။ကျွန်မ၏နာမည်ဆိုးနှင့် ကျော်ကြားမှုမှာ တိုင်းပြည်တစ်ခုလုံးတွင် ဟိုးလေးတကျော်ကျော်နှင့် ဖြစ်သည်။

ဆက်လုပ်ရမည်။ မြို့စားကြီး၏စာကြည့်ခန်းထဲတွင် ပိုက်ဆံခိုးဖို့ ကျွန်မ ကြိုးစားကြည့်နေသည်။

ပိုက်ဆံလောက် ခိုးလို့ကောင်းသည့်အရာ မရှိပေ။

ထိုသို့ဖြင့် ဆိုဗက်စ်စတာသည် ပိုက်ဆံများ ပျောက်ဆုံးနေသည်ကို သိသွားပြီးနောက် အလွန်တရာ ရှက်ရွံ့သွားလိမ့်မည်။ဤသို့ ဖြစ်လာပါက ကျွန်မလည်း ကွာရှင်းနိုင်ဖို့ ပိုနီးစပ်လာလောက်သည်။

ပြောချင်တာက ရှင်က ကျွန်မကို ဘာဖြစ်လို့ ကွာရှင်းမပေးရတာလဲလို့။

အကယ်၍ ကျွန်မသာ သူဖြစ်ပါက မဆိုင်းမတွ လက်ခံပေးလိုက်မည်ပင်။မြို့စားကြီးဆိုဗက်စ်စတာအကြောင်းကို ဖတ်ခဲ့မိသည့် ကျွန်မ၏ဘဝလေးအတွက် ကျွန်မလည်း ဘာမှ မတတ်နိုင်ပေ။

ကောင်းပြီ၊ ငါတို့နှစ်ယောက်က အချင်းချင်းစကားစမြည်တောင် တစ်ခါမှ ပြောဖြစ်တာ မဟုတ်ဘူးလေ။

သူက ကျွန်မမျက်နှာကို မြင်တိုင်း ထွက်သွားဖို့သာ ပြောနေသဖြင့် ကျွန်မတို့ကြားမှာ စကားပြောရသည်က ဘယ်မှာ ရှိမည်နည်း။ကျွန်မကို ထွက်သွားဖို့ ပြောသည့်အခါတိုင်း ကျွန်မမှာ စိတ်ရောဂါ ရလုနီးပါးပင် ဖြစ်ရသည်။

ကျွန်မ အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်လျှင် အထဲ၌ စာရွက်စာတမ်းများ ပြန့်ကြဲနေတာကို တွေ့ရသည်။

"ဒီနေရာမှာ အသုံးဝင်တဲ့အရာရော ရှိရဲ့လားမသိဘူး။"

အံဆွဲ တစ်ခုပြီးတစ်ခု ဆွဲထုတ်ရင်း စာရွက်စာတမ်းများကြားသို့ ကျွန်မ လှန်လှောမွှေနှောက်ကြည့်လိုက်သည်။

"တန်ဖိုးရှိတာ တစ်ခုခု လောက်ရှိ ..."

ထို့နောက် အခန်းတံခါးက ပွင့်လာပြီး မြို့စားကြီးဆိုဗက်စ်စတာက အခန်းထဲဝင်လာခဲ့သည်။

သူက ရပ်တန့်သွားပြီး ကျွန်မကို ကြည့်နေခဲ့သည်။ သူ့အံဆွဲများအကြား လှန်လှောရှာဖွေနေသော ကျွန်မကိုဖြစ်သည်။

ခိုးရာပါပစ္စည်းနှင့် လက်ပူးလက်ကြပ်မိသည့် သူခိုး၏ဖြစ်ရပ်မှာ ကျွန်မနှင့် တစ်ထပ်တည်း ဖြစ်သည်။

"ဘာလဲ...."

ဆိုဗက်စ်စတာ၏ နှုတ်ခမ်းများက ဖြည်းညှင်းစွာ ပွင့်ဟလာသည်။

"မင်း ဘာလုပ်နေတာလဲ။"

ကျွန်မ ထိတ်လန့်စွာဖြင့် တံတွေးမြိုချမိလိုက်ပြီး ဘာကိုမှ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။

"ကျွန်မ ဘာလုပ်နေလဲဆိုတာ အသိသာကြီးပဲလေ။ကျွန်မက ရှင့်စာကြည့်ခန်းထဲမှာ တစ်ခုခု ရှိမလားလို့ ရှာကြည့်တာ။"

"ဒါက ဘာအတွက်လဲ။"

"ရှင့်မှာ ပိုက်ဆံရော ရှိရဲ့လားလို့၊ အခုထိ တစ်ခါမှ မတွေ့ဖူးသေးလို့ ကျွန်မလည်း သိချင်နေတာ။ မြို့စားကြီးက ကျွန်မ ထင်ထားတာထက် အများကြီး ပိုဆင်းရဲနေတယ်နဲ့ တူတယ်။"

ကျွန်မ ထိုသို့ ပြောလိုက်ပြီး မြို့စားကြီး စိတ်ဆိုးသွားအောင် အကောင်းဆုံး ပြုလုပ်ခဲ့သည်။

အကယ်၍ သူသာ စိတ်ဆိုးသွားပါက ကွာရှင်းဖို့ကို သဘောတူလာလိမ့်မည်။သို့သော်လည်း ကျွန်မ၏နှလုံးသားက အလျင်အမြန် ခုန်ပေါက်နေသည်မှာ ပေါက်ကွဲထွက်တော့မလိုပင်။နောက်ဆုံးတော့ ကျွန်မက အတော်လေး အားနည်းသူ ဖြစ်နေလေသည်။

"မင်း ..."

ဆိုဗက်စ်စတာ၏ ခန့်ညားချောမောသော မျက်နှာမှာ ရှုံ့တွနေသည်။

ရှင် အော်တော့မှာလားဟင်။

မျက်လုံးများကို မှိတ်လိုက်ပြီး ကျွန်မကိုယ်ကျွန်မ အသင့်ပြင်ထားလိုက်သည်။

"နောက်ဆုံးတော့ မင်းက အိမ်တော်နဲ့ သင့်လျော်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြုမူတတ်လာပြီပဲ။"

...ဘယ်လို 

"မင်း အသိစိတ် ပြန်ဝင်လာပြီဆိုတာ ကိုယ်သိတယ်။"

မဟုတ်သေးဘူး၊ ရှင်ဘာတွေ လာပြောနေတာလဲ။


TK Team
++++++++