Chapter 4
Viewers 1k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၄)

"ကျွန်မ ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို ရှင် မသိဘူးမလား။"

ကျွန်မလည်း ခပ်တည်တည် မျက်နှာထားကို မလုပ်နိုင်သဖြင့် အသံကို မြှင့်၍ ပြောလိုက်သည်။

"ကျွန်မက ရှင့်ပိုက်ဆံတွေကို ခိုးဖို့ ကြိုးစားနေတာလေ။"

ဆိုဗက်စ်စတာက ခေါင်းကို ဖြည်းဖြည်းချင်း ပင့်၍ လက်ပိုက်လိုက်သည်။

"အဲ့ဒီတော့"

သူ့ဆံပင်များက ညကောင်းကင်သဖွယ် နက်မှောင်ရွှန်းစိုလှသည်။အပြာရောင်မျက်ဆန်များက အလင်းရောင်အောက်တွင် တဖျတ်ဖျတ် တောက်ပနေသည်။သူက မြင်ရသူ၏နှလုံးသားတစ်ခုလုံး ပျက်စီးလောက်သည်အထိ အလွန်အကျွံ ခန့်ညားလှပေသည်။

ကျွန်မ ဆိုဗက်စ်စတာ၏မျက်ဝန်းများထဲသို့ ကြည့်လိုက်ပြီး တဒိတ်ဒိတ်ခုန်ပေါက်နေသော နှလုံးသားကို ဖိနှိပ်ဖို့ ကြိုးစားနေရသည်။သို့သော် ကျွန်မကို မြင်တော့ သူ့နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"မြို့စားကြီးရိုင်ဇန်ရဲ့ ဇနီးတစ်ယောက်အနေနဲ့  မင်းမှာ အကျင့်ဆိုးလေးတွေ ရှိလို့ရတယ်။ဥပမာ - အခုလိုမျိုးပေါ့။မင်းက မင်းအလုပ် မင်း လုပ်နေပြီပဲလေ။ဒါကို ကိုယ် သဘောကျပါတယ်။"

ဒါက ဘယ်လို အဓိပ္ပါယ်ကြီးလဲ။

ငါလည်း နားမလည်တော့ဘူး။

ပြန်စဥ်းစားကြည့်မှ ဆိုဗက်စ်စတာ ရိုင်ဇန်ကို နောက်ဖေးလမ်းကြားများ၏ အရှင်သခင်ဟု ခေါ်ကြသည်။သူသည် လူသားသွေးတစ်ဝက်နှင့် နတ်ဆိုးသွေးတစ်ဝက် ပါသော သွေးနှောနတ်ဆိုးတစ်ယောက်ဖြစ်သည်။ဆိုဗက်စ်စတာသည် သူ၏ မင်းဆွေစိုးမျိုးဖခင်ထံမှ မျိုးဆက်ကို အမွေဆက်ခံခဲ့ပြီး သူ၏မိခင်က မာဖီးယားဂိုဏ်းတစ်ခုမှ ဖြစ်သည်။သူကို သာမန်လူသားတစ်ယောက်ကဲ့သို့ ဘယ်သူမှ မဆက်ဆံရဲပေ။

ထိုသူက စည်းစိမ်ဥစ္စာမြောက်အမြား ပိုင်ဆိုင်လာပြီး ကိုယ်ပိုင်မိသားစုကို အင်ပါယာ၏ ဩဇာအာဏာ အကြီးမားဆုံး မိသားစုအဖြစ် တည်တံ့အောင် မည်သို့ လုပ်နိုင်ခဲ့ပါသနည်း။သူရဲ့နတ်ဆိုးဆန်သော အစွမ်းတစ်ဝက်ခန့်ကို အသုံးပြုခဲ့ရလိမ့်မည်။

လူသားတွေက မိုက်မဲကြသည်။သူတို့က သူပြောသမျှ စကားလုံးတိုင်းတွင် အရည်ပျော်သွားကြပြီး သူ ဟာသတစ်ခု ပြောလိုက်တိုင်း ရယ်မောနေကြသည်။သူက သူတို့ကို သတင်းအချက်အလက်ရင်းမြစ်အဖြစ် အသုံးချနေခဲ့သည်ကို မသိကြပေ။အင်ပါယာ၏ ဧကရာဇ်ကိုယ်တိုင်ပင်လျှင် အလှည့်စားခံလိုက်ရပြီး သူ့ကို မြို့စားကြီးဘွဲ့ ချီးမြှင့်ခဲ့သည်။ထိုသို့ဖြင့် ဆိုဗက်စ်စတာသည် အမှောင်ဂိုဏ်းတစ်ခုကို တည်ထောင်လိုက်ပြီး ထိုဂိုဏ်းကို အသုံးချ၍ သူ့အိတ်ကပ်ထဲကို ပြည့်သထက် ပြည့်အောင် ဖြည့်နေခဲ့သည်။

သူ အောင်မြင်လာသည်ကို မြင်ရတိုင်း လူတွေက အခွင့်အရေး ရတိုင်း သူ့ကို ကျိန်စာတိုက်ကြသည်။သို့သော် ဆိုဗက်စ်စတာ၏ အတိုင်းမသိ ကြွယ်ဝချမ်းသာပြီး မည်သူမှ မကျော်လွှားနိုင်သော စွမ်းအင်၏အောက်တွင် လူတိုင်းက အရှုံးပေးကြရသည်။

မှန်ပါ၏။ ကျွန်မသည်လည်း ထိုမိသားစု၏ နောက်ခံကို သိထားသည်။ဒါပေမဲ့ ပိုက်ဆံခိုးခြင်း ဆိုသည့် ကိစ္စက လုပ်ရမည့် ကိစ္စတွေထဲတွင် ပါဝင်ပါသလော။ကျွန်မလည်း နားမလည်တော့ပါ။

"မိသားစုရဲ့အလေ့အထ တစ်စိတ်တစ်ပိုင်းက ခိုးတဲ့ကိစ္စတွေကို အားပေးအားမြှောက် လုပ်ပေးတာလား။ကျွန်မ ဒါကို အရင်က တစ်ခါမှ မကြားဖူးဘူး။"

"အရောင်းအဝယ်လုပ်တဲ့သူတွေ အမြဲတစေ ကိုင်တွယ်နေရတဲ့ အလုပ်အမျိုးအစားက ဘာလဲဆိုတာ မင်း သိလား။"

"ဘာလဲ"

"ခိုးတာလေ"

ဆိုဗက်စ်စတာက ရယ်ရင်းဖြင့် ပြောသည်။

"အထူးသဖြင့် သတင်းအချက်အလက်နဲ့ ပိုက်ဆံပေါ့။"

"ဒါဆို ရှင်လည်း ခိုးနေတာပဲလား။"

သူက ပခုံးတွန့်လိုက်သည်။

"အမြဲတမ်းတော့ မဟုတ်ပါဘူး၊တစ်ခါတစ်လေမှပါ။"

သူက လက်ကို မြှောက်လိုက်ပြီး တစ်စုံတစ်ရာကို ကျွန်မ မျက်နှာရှေ့တွင် ရှေ့နောက် လွှဲယမ်းပြလိုက်သည်။

"ဒါက ကျွန်မရဲ့ လက်ကောက်ပဲ "

ကျွန်မ အံ့ဩစွာဖြင့် အော်ဟစ်လိုက်သည်။

သူ ဘယ်လိုလုပ်လိုက်တာလဲ။

သူက မျက်လှည့်ဆရာတစ်ယောက်နှင့် တူနေသည်။ထိုအခြင်းအရာက ကျွန်မကို အော့နှလုံးနာစေသည်။

"ပိုပြီး များများသင်ယူ။မင်းက အခုထိ မရင့်ကျက်သေးဘူး။"

သူခိုး အားပေးလုပ်နေတဲ့ ခင်ပွန်းသည်တစ်ယောက်ပဲ။ ဒီရူးနေတဲ့ အကောင်ကတော့။

ငါ့ရဲ့တတိယအစီအစဥ်!

ကျွန်မ သူ့ရဲ့ပိုက်ဆံတွေကို ခိုးမည့်အစီအစဥ်ကို စွန့်ပစ်လိုက်ရသည်။ကျွန်မ၏ယောကျ်ားဖြစ်သူမှာ ရူးနမ်းလွန်းလှသည်။

ငါ ငိုချင်နေပြီလို့။

"ရှင် ကျွန်မကို ကွာရှင်းပေးဖို့ဆိုရင် ကျွန်မဖက်က ဘယ်လို သောက်ကျိုးနည်းတာတွေ လုပ်ပြမှ ဖြစ်မှာလဲ။"

ဖြစ်မှာလဲ ....လဲ...လဲ

အခန်းထဲတွင် ထိုအသံက ပဲ့တင်ထပ်သွားသည်။ကျွန်မအတွက်ပင် ထိုအသံက နားညည်းစရာ ဖြစ်နေခဲ့သည်။

ဆိုဗက်စ်စတာ၏ မျက်ဝန်းများ မှေးကျဥ်းသွားသည်။

"ထူးဆန်းတယ်"

သူက ကျွန်မကို သံသယဖြစ်နေသော အကြည့်ဖြင့် ကြည့်သည်။

"မင်းက ရုတ်တရက်ကြီး ကွာရှင်းဖို့ပဲ ပြောပြောနေတာနော်။"

သူမ တွန့်သွား၏။

"မင်း ပြောခဲ့တယ်လေ။ မင်းက ကိုယ့်ကို မျှော့တစ်ကောင်လို့ ထာဝရ တွယ်ကပ်နေမယ် ဆိုပြီး။"

"ကျွန်မ အဲ့လို ပြောခဲ့လို့လား။"

အိုဖီလီယာ၊နင် တကယ်ရူးနေတာပဲ။

"မင်းက ကိုယ့်ကို ကျောက်ဆစ်ရုပ်တစ်ခုလို နေဖို့ ပြောခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆီမှာ တစ်ခုတည်းသော အဖတ်ဆည်နိုင်မဲ့အရာက ကိုယ့်မျက်နှာ ဖြစ်နေတာကြောင့်တဲ့။"

"ကျွန်မ အဲ့လို ပြောခဲ့တာလား။"

သူမက တကယ်ကို စိတ်လွတ်နေတာပဲ။

"ကျွန်မ အဲ့ဒီလို ပြောမိခဲ့တာကို ပယ်ဖျက်တယ်။တကယ်ပဲ။"

ကျွန်မ၏ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

"ကျွန်မ ဒီလိုမျိုးတွေ တစ်ခါမှ မပြောဖြစ်ခဲ့ဖူးလို့ပဲ ထားလိုက်ရအောင်။ပြီးတော့ ကျွန်မကို ကွာရှင်းပေးလိုက်ပါ။"

ကျွန်မ တောင်းပန်လိုက်သည်။

ဆိုဗက်စ်စတာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

"ကိုယ်မှ မလုပ်ပေးချင်တာ။"

"ရှင် ဘာဖြစ်လို့ မလုပ်ပေးချင်တာလဲ။"

"ကိုယ် မင်းကို တစ်ခု မေးရဦးမယ်။"

ဆိုဗက်စ်စတာသည် ကျွန်မအနားသို့ ခြေတစ်လှမ်း ထပ်တိုးလာခဲ့သည်။

"ကိုယ့်မှာ မင်းတစ်ဘဝလုံး သုံးဖြုန်းဖို့ ပိုက်ဆံ လုံလုံလောက်လောက်ရှိတယ်။"

သူ မလိမ်ခဲ့ပေ။ထိုသို့ မဟုတ်ပါက အိုဖီလီယာသည် အသုံးအဖြုန်းကြမ်းသော မြို့စားကြီးကတော်အဖြစ် ရပ်တည်နိုင်မည် မဟုတ်ပေ။

"ဒါ့အပြင် မင်း တစ်နေကုန် ထိုင်ကြည့်ရလောက်တဲ့အထိ ကိုယ်က ချောမောခန့်ညားတယ်။"

ဒါလည်း အလွန်မှန်ပါသည်။ဆိုဗက်စ်စတာ၏ ရုပ်ရည်ခန့်ညားမှုသည် နိုင်ငံခြားတိုင်းပြည်များရှိ လူများကြားတွင်ပင် အလွန်ရေပန်းစားသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

သူ၏အနက်ရောင် ဆံပင်များက မျက်လုံးအထက်သို့ ဝဲဖြာကျလျက်၊ဆိုဗက်စ်စတာသည် ခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး မေးလိုက်သည်။

"ဒါဆို ဘာကြောင့် မင်းက ကိုယ့်ကို ကွာရှင်းချင်နေရတာလဲ။"

ဂလု

သူမ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်မိသည်။

သင်က အခြေအနေကို မသိလျှင်တော့ ကျွန်မ သူ့ကို ဘာကြောင့် ကွာရှင်းချင်သည်ကို သင့်အနေဖြင့် နားလည်နိုင်မည် မဟုတ်ပေ။ထိုသို့ အတိအကျပင် ဆိုဗက်စ်စတာလည်း ခံစားနေရခြင်းဖြစ်မည်။

ဒါပေမဲ့ ငါက ကွာရှင်းဖို့ လိုတယ်လေ။

ထိုနည်းဖြင့်သာ အိမ်ရှေ့စံမင်းသားနှင့် ဗီလိန်ဖြစ်သူ ဆိုဗက်စ်စတာကြားတွင် ကျွန်မ ဝင်မပါမိမည်ဖြစ်သည်။

သို့သော် ကျွန်မ ထိုသို့ ပြောပြ၍ မရပါ။ထို့ကြောင့် ကျွန်မ သူ့ကို ဤသို့သာ ပြောနိုင်သည်။

"ကျွန်မ ရှင့်ကို မချစ်လို့ပဲ။"

ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တာ ရှင့်ကို မချစ်လို့ပဲ။

ထိုစကားမှာ အားနည်းသည် မှန်သော်လည်း အနည်းဆုံးတော့ ကျွန်မစဥ်းစားမိသည့် အရာတိုင်းထက် ထိုစကားက ပို၍ အောက်မေ့တမ်းတနေသည့်နှယ် ဖြစ်သွားသည်။

ဆိုဗက်စ်စတာ၏ မျက်လုံးများက လှုပ်ခတ်သွားပြီး တိုးတိမ်သော သက်ပြင်းတစ်ခုကို ချ၍ သူ့ဆံပင်များကို လက်ဖြင့် ပွတ်သပ်နေသည်။

"ဒါဆို"

သူက ကျွန်မ၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောသည်။

"မင်းက အိမ်ရှေ့စံမင်းသားကို ချစ်တာလား။"

ရှင် ဘာတွေ လျှောက်ပြောနေတာလဲ။

ကျွန်မလည်း တဒင်္ဂ၌ ဘာပြောရမှန်း မသိဖြစ်သွားရသည်။ငါးတစ်ကောင် ကုန်းပေါ် ရောက်လာသကဲ့သို့ ကျွန်မ၏ပါးစပ်က ဟစိဟစိ ဖြစ်နေခဲ့သည်။သို့သော် ဆိုဗက်စ်စတာက ထိုအပြုအမူကို သူ့မေးခွန်းအတွက် အတည်ပြုပေးခြင်းဟု အထင်မှားသွားတော့သည်။

"ကိုယ် မမေးလိုက်သင့်ဘူး။ ဟုတ်တာပေါ့၊မင်း သူ့ကို ချစ်နေတာပဲ။

"မ ...မဟုတ်၊ အဲ့လို မဟုတ်ပါဘူး။"

"အရင်ကတော့ ဒီကိစ္စကို ကိုယ် တကယ် ဂရုမစိုက်ခဲ့ဘူး။ဒါပေမဲ့ ဒီအချိန်မှာတော့ မင်း ကိုယ်နဲ့ အပေးအယူတစ်ခု လုပ်မလားလို့ ကိုယ် မေးကြည့်ချင်တယ်။"

"အပေးအယူ ...ဟုတ်လား။"

သူက လက်ပိုက်ထားရင်းဖြင့် ကျွန်မကို ကြည့်သည်။

"မင်းအနေနဲ့ အိမ်ရှေ့စံမင်းသားကို တတ်နိုင်သမျှ အစွမ်းကုန်သုံးပြီးတော့ သွေးဆောင်ဖြားယောင်းလိုက်။"

"ဘာဖြစ်တယ်"

"သူ့ကို ကိုယ်တို့ဖက် ပြောင်းလာအောင် မြှူဆွယ်လိုက်။ဒါကို မင်းလုပ်ချင်တာပဲလေ။"

"မဟုတ်သေးဘူး ... ဟန်နီ ၊ခဏလေး။"

"မင်း ဒီလိုလုပ်နိုင်ခဲ့ရင် "

ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်လိုက်ပြီး မျက်ဝန်းများဖြင့် ပြုံးပြသည်။

"ကိုယ် မင်းကို ကွာရှင်းပေးမယ်။"


TK Team
++++++++