Chapter 5
Viewers 345

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၅)

အိမ်ရှေ့စံမင်းသားနှင့် ဆိုဗက်စ်စတာတို့သည် လုံးဝ အဆင်မပြေကြချေ။စာအုပ်ထဲတွင် ရေးသားထားသည်ထက် အပြင်တွင် ပိုဆိုးရွားသည်။

ဆိုဗက်စ်စတာသည် ဒုတိယမင်းသားကို ထောက်ခံအားပေးသူ ဖြစ်ရာ အိမ်ရှေ့စံမင်းသား ပြန်ရောက်လာသည်ကို သဘောမကျပေ။ထို့ကြောင့် ဆိုဗက်စ်စတာက သူ့နည်း သူ့ဟန်ဖြင့် အိမ်ရှေ့စံမင်းသားကို ဆန့်ကျင်နှောင့်ယှက်သည်။သို့သော် မင်းသားသည် ဧကရာဇ်ထံမှ ထောက်ခံမှုကို တဖြည်းဖြည်း ရရှိလာပြီးနောက် ဆိုဗက်စ်စတာက သူ့အတွက် မျက်စိ စပါးမွေးစူးစရာ တစ်ခု ဖြစ်လာခဲ့သည်။

ထို့နောက်တွင် အိမ်ရှေ့စံမင်းသားကို အရူးအမူးချစ်နေသူ ဖြစ်သည့် ကျွန်မက ထွက်ပေါ်လာခဲ့သည်။

ရူးသွပ်နေတဲ့ အိုဖီလီယာ

ကျွန်မ၏ ထွက်ပေါ်လာမှုကြောင့် အိမ်ရှေ့စံမင်းသား၏ရာထူးတွင် ထိခိုက်သွားပြီး အမျိုးသမီးဇာတ်လိုက်နှင့် မင်းသားအကြားရှိ ပြဿနာအပေါ် အထက်တန်းလွှာလူထုက ဖြည်းဖြည်းချင်းစိတ်ဝင်စားမိသွားအောင် လုပ်မိလိုက်သည်။ ဧကရာဇ်က အိမ်ရှေ့စံမင်းသားနှင့် အမျိုးသမီးဇာတ်လိုက်ကြားရှိ အချစ်ဇာတ်လမ်းကို ရပ်တန်းက ရပ်ရန် အမိန့်ထုတ်လိုက်ချိန်၌ အိမ်ရှေ့စံမင်းသားသည် ကျွန်မကို သူ့ပြဿနာများအားလုံးကို စတင်မီးမွှေးပေးသူအဖြစ် သတ်ပစ်ချင်သည်အထိ မုန်းတီးလာခဲ့သည်။ထိုမျှမကသေး အမျိုးသမီးဇာတ်လိုက်မှာ ကျွန်မ၏ အနိုင်ကျင့်နှိပ်စက်မှုကို အဆက်မပြတ် ခံစားခဲ့ရသဖြင့် ကျွန်မအပေါ် မင်းသား၏ အမုန်းတရားမှာ ပိုပြီး ခိုင်မာသွားခဲ့သည်။

ကျွန်မ၏ လုပ်ဆောင်မှုများကြောင့် အိမ်ရှေ့စံမင်းသား၏ အာဏာကျဆင်းသွားခဲ့သည့်အပေါ် ကျေးဇူးတင်သည့်အနေဖြင့် ဆိုဗက်စ်စတာသည် ကျွန်မ၏ အိမ်ရှေ့စံမင်းသားအပေါ်  ရူးသွပ်စွဲလမ်းမှုကို မသိကျိုးကျွံ ပြုပေးခဲ့သည်။

ဒါပေမဲ့ ကြည့်ရတာတော့ ထိုတစ်ခုနှင့်ပင် မလုံလောက်ပါပေ။

မင်းအနေနဲ့ အိမ်ရှေ့စံမင်းသားကို တတ်နိုင်သမျှ အစွမ်းကုန်သုံးပြီးတော့ သွေးဆောင်ဖြားယောင်းလိုက်။

သူ့ကို ကိုယ်တို့ဖက် ပြောင်းလာအောင် မြှူဆွယ်လိုက်။

မင်း ဒီလိုလုပ်နိုင်ခဲ့ရင် ကိုယ် မင်းကို ကွာရှင်းပေးမယ်။

ဒါတွေကို သူ ပြောခဲ့သည်။

အိမ်ရှေ့စံမင်းသားက ကျွန်မအပေါ် ချစ်လာပြီဆိုလျှင် ဆိုဗက်စ်စတာက ကျွန်မတို့၏အိမ်ထောင်ရေးကို အကြောင်းပြချက်အဖြစ် သုံးပြီး မင်းသားကို ဖျက်စီးပစ်ဖို့ ကြိုးစားလိမ့်မည်။ထိုအခါ နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမည်ကို သိသာစွာမြင်တွေ့နိုင်သည့် အခြေအနေဖြစ်သည်။

ဒါပေမဲ့ ကျွန်မက ရှင့်ကို ကွာရှင်းချင်နေတုန်းပဲ။ဘာဖြစ်လို့လဲဆိုတော့ ပုစွန်တုပ်နဲ့ ဝေလငါးရဲ့ တိုက်ပွဲမှာဆိုရင် ဘယ်သူကမှ ပုစွန်တုပ်ဖက်ကို သွားအားမပေးကြသလိုပဲ။ဝေလငါးက နိုင်မယ်ဆိုတာ သိသာတယ်လေ။ 

[ပုစွန်တုပ် - ဆိုဗက်စ်စတာ ၊ ဝေလငါး - အိမ်ရှေ့စံမင်းသား ]

ကျွန်မ အသက်ပြင်းပြင်းရှူရင်း မျက်နှာကို လက်ဖြင့် အုပ်ထားမိလိုက်သည်။ရထားလုံးထဲတွင် ကျွန်မနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ဆိုဗက်စ်စတာက ကျွန်မကို ခေါင်းမော့ကြည့်လာပြီး ပြောသည်။

"စကားပြောခွင့် ရလာလိမ့်မယ်။"

သူက ဖတ်လက်စသတင်းစာကို ခေါက်လိုက်သည်။

"မင်း သက်ပြင်းတွေ ဒီလောက်အများကြီး ချနေတာ ဘာကြောင့်လဲ။"

ဘာကြောင့်လဲ။အသိသာကြီးပဲ မဟုတ်လား။

"ကျွန်မ ရှင့်ကြောင့် သက်ပြင်းချနေရတာလေ။"

ကျွန်မ၏ အဖြေကို ကြားလျှင် ဆိုဗက်စ်စတာက ပခုံးကို တွန့်လိုက်သည်။

"ကိုယ်က ဘာဖြစ်လို့လဲ။"

"ရှင်က ကျွန်မကို ကွာရှင်းမပေးလို့လေ။"

ကျွန်မ ထိုင်နေပုံအနေအထားကို ပြင်ဆင်လိုက်ပြီး ဆိုဗက်စ်စတာဖက်သို့ ကိုင်းညွှတ်လိုက်သည်။

"ကျွန်မလည်း မတတ်နိုင်ဘူးလေ။ကျွန်မက အိမ်ရှေ့စံမင်းသားကို ဘယ်လိုနည်းနဲ့ သွေးဆောင်ဖြားယောင်းပြီး ကျွန်မတို့ဖက် ပါလာအောင် လုပ်ရမှာလဲ။"

"မင်းမျက်နှာကို အခုမှ အဖတ်ပြန်ဆယ်ချင်တာလား။"

ဆိုဗက်စ်စတာသည် ရယ်ချင်နေသည့် ပုံစံဖြစ်သွားပြီး ရယ်ချလိုက်သည်။

"နန်းတော်ထဲက ခြုံပုတ်တွေနောက်မှာ ပုန်းပြီး အိမ်ရှေ့စံမင်းသားနောက် လျှောက်လိုက်တာ ဘယ်သူများပါလိမ့်။"

"ဘယ်သူလဲဆိုတာ ကျွန်မလည်း သိချင်သားပဲ။"

"အိမ်ရှေ့စံမင်းသားရဲ့ လက်ဖက်ရည်ပါတီပွဲကို ဖိတ်ကြားခံရတဲ့ အမျိုးသမီးတွေရဲ့ လည်ပင်းကို ညှစ်ပစ်ခဲ့တာ ဘယ်သူလဲ။"

"အဲ့တာ ကျွန်မပဲ ၊တခြားသူ မဟုတ်ဘူး။"

"မင်းသားရဲ့ မျက်လုံးတွေကို ကလော်ထုတ်မယ်ဆိုပြီး အိပ်ဆောင် မောင်းချဓါး ဆောင်ထားရဲတဲ့ တစ်ယောက်ကရော ဘယ်သူလဲ။"

"တော်တော့ ။ကျွန်မ သိပြီ။"

အားရှ်

ထိုအရာမှန်သမျှကို ကျွန်မလုပ်ခဲ့သည်ဟု ခန့်မှန်းမိပါသည်။

"အဲ့ဒါတွေက အရင်ကပါ။ အခုက အခုပဲ။ကျွန်မ ဒါမျိုးတွေ ထပ်မလုပ်တော့ဘူး။"

"လာမလိမ်နဲ့။"

ကျွန်မ၏ရင်ထဲမှ လာသော စကားများကို ပြောနေခြင်းဖြစ်ပေမဲ့ ဆိုဗက်စ်စတာကတော့ ကျွန်မပြောသည်ကို နားထောင်မနေခဲ့ပေ။

"ကိုယ်တို့ ကွာရှင်းပြီးရင် အိမ်ရှေ့စံမင်းသားနောက်ကို မင်းလိုက်သွားမယ်ဆိုတာ ကိုယ် သိမှာပဲလို့ မင်း မတွေးမိဘူးလား"

ကျွန်မ မသိဘူး၊ ကျွန်မရဲ့ နှလုံးသားက ... ကျွန်မလည်း မသိဘူး။

"မင်းသာ သူ့နောက် လိုက်သွားမယ်ဆိုရင်လည်း ရိုင်ဇန်မြို့စားကြီးကတော်ဆိုတဲ့ ဂုဏ်ပုဒ်ရှိနေတဲ့အချိန်မှာ လုပ်လေ။ဒါဆို ကိုယ့်အတွက်လည်း အကျိုးရှိလိမ့်မယ်။"

"ရှင် ဘာတွေလျှောက်ပြောနေတာလဲ။"

ကျွန်မ ဆိုဗက်စ်စတာ၏စကားများကို နားမလည်နိုင်တော့သဖြင့် မေးကြည့်လိုက်သည်။

"မင်း သိပါတယ်။"

"ဘာကို 'မင်း သိပါတယ်'လဲ'။ မဟုတ်ဘူးနော်၊ ကျွန်မ ဘာမှ မသိဘူး။"

ဆိုဗက်စ်စတာသည် တကယ်ကို ဥာဏ်များသော ဇာတ်ကောင်ပင်။သူသည် စကားပြောဆိုမှုများမှတဆင့် လိမ္မာပါးနပ်စွာ လှည့်စားတတ်သူ ဖြစ်သည်။ထိုသို့သော လူစားမျိုးက ကျွန်မကို အရာရာတိုင်း ပြောပြနေစရာ အကြောင်း မရှိပေ။

ကျွန်မ သူ့ကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

"ရှင် ကျွန်မကို အသုံးချဖို့ ကြိုးစားနေတာလား။"

ပြန်ဖြေရမည့်အစား ဆိုဗက်စ်စတာက ပြုံးလိုက်သည်။

"ရှင်က ရှင့်ရဲ့အကြံအစည်တွေထဲမှာ တစ်ဦးတည်းသော ဇနီးဖြစ်သူကို တကယ်ပဲ အသုံးချချင်တာမလား။ကောင်းပြီလေ။ ရှင် ဘာလုပ်မှာလဲ။"

"ကိုယ် မင်းကို ပြောလို့မရဘူး။ ဒါက လျှို့ဝှက်ချက်တစ်ခုလေ။"

"အရေးမပါလိုက်တာ။"

ကျွန်မသည် ဆိုဗက်စ်စတာကို တတ်နိုင်သမျှ မာမာထန်ထန်အကြည့်ဖြင့် ကြည့်နေလိုက်သည်။သို့သော် ကျွန်မ၏ မီးတောက်နေသော အကြည့်များကို သူက ပခုံးတစ်ချက်တွန့်ရုံမျှသာ တုံ့ပြန်ခဲ့သည်။

"တစ်ဦးတည်းသော ခင်ပွန်းဖြစ်သူ ရှိနေတဲ့အချိန်မှာ မင်းက အခြားယောကျ်ားတစ်ယောက်နောက် လိုက်ကပ်နေတာကရော ဘယ်လိုလဲ။ပိုပြီး ဆိုးရွားတာ မဟုတ်ဘူးလား။"

သူက ကျွန်မအပေါ် အနိုင်မခံ အရှုံးမပေးပေ။

"ရှင်က ကျွန်မကို ပြောစရာစကားမရှိအောင် တကယ်လုပ်နိုင်တာပဲ။"

ကျွန်မလည်း ဝမ်းနည်းပူဆွေးစရာ၊စိတ်ပျက်စရာ အကောင်းဆုံး လေသံကို သုံး၍ တတွတ်တွတ် ပြောလိုက်ပြီး မျက်နှာကို လက်များကြားထဲတွင် အပ်ထားလိုက်သည်။ကျွန်မ တကယ်ပဲ အရာအားလုံးကို ထားပစ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားချင်သည်။သို့သော် ကျွန်မ ထိုသို့ လုပ်လို့ မရခဲ့ပေ။

ဆိုဗက်စ်စတာနဲ့ ငါသာ မကွာရှင်းခဲ့ရင် တစ်ယောက်ထဲနေထိုင်ဖို့က ခက်ခဲမှာ မို့လို့ပဲ။

ထိုခေတ်က အင်ပါယာမှာ အလွန် ခေတ်နောက်ကျသည်။ထို့ကြောင့် အမျိုးသမီးတစ်ဦးက တစ်ယောက်ထဲနေလိုလျှင် ကွာရှင်းလိုက်ခြင်း၊အိမ်ထောင်ဖက်ဖြစ်သူ ဆုံးပါးသွားခြင်း၊ လက်မထပ်ရသေးခင် မိသားစုထဲက တစ်စုံတစ်ယောက် သေဆုံးသွားခြင်း စသဖြင့် အကြောင်းပြချက် တစ်ခုခု ရှိဖို့ လိုသည်။သင်သည် အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ တစ်ယောက်ထဲနေသည် ဆိုပါက သင် သေချာပေါက် ဖမ်းဆီးခံရပြီး ထောင်ကျနိုင်လောက်သည်။

ဒီလိုကြီးက အဓိပ္ပါယ်ရှိလို့လား။

အဓိပ္ပါယ်ရှိပါသည်။ဤကမ္ဘာက ထိုသို့ လည်ပတ်နေခြင်း ဖြစ်သည်။ထို့ကြောင့် ကျွန်မက ကွာရှင်းခွင့်ရဖို့ လုပ်နေပြီး၊ကွာရှင်းဖို့က လွယ်ကူလိမ့်မည် မဟုတ်ဆိုတာလည်း သိပါသည်။

ကျွန်မ၏အတွေးများသည် မတိကျ မရေရာသော လက်တွေ့ဘဝ၌ ပိတ်မိနေသောကြောင့် မျက်ဝန်းများပါ နက်မှောင်နေတော့သည်။ကျွန်မ နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ရပါ၏။

"မင်း ပြောင်းလဲသွားတယ်။"

ဆိုဗက်စ်စတာက ပြောလိုက်သည်။

ကျွန်မ သူ့ကို မယုံသင်္ကာသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာကိုလဲ။"

"ကောင်းပြီ"

ဆိုဗက်စ်စတာသည် ကျွန်မကို မျက်စိအမြင်ဖြင့် ခေါင်းအစ ခြေအဆုံး စစ်ဆေးကြည့်နေသည်။ထူးဆန်းသည်က ကျွန်မ ဆိုးဆိုးရွားရွား မခံစားရပေ။တကယ်တော့ အာရုံစူးစိုက်ခံရသဖြင့် ကျွန်မ နည်းနည်း ရှက်လာမိသည်။

ဆိုဗက်စ်စတာက ကျွန်မအနား နီးကပ်လာသည်ကို မြင်သဖြင့် ကျွန်မ ထိုင်နေရာမှ ခုန်ထမိမတတ် ဖြစ်သွားသည်။

"ကြည့်လေ။မင်းရဲ့ဆံပင်တွေ ဒီလောက်ရှုပ်ပွနေတာကို မင်းက အာရုံစိုက်မနေဘူး မဟုတ်လား။"

သူ၏အေးစက်သော လက်ချောင်းလေးများက ကျွန်မ၏ဆံပင်များကို နားအနောက်သို့ ညင်ညင်သာသာ သပ်တင်ပေးလိုက်သည်။ထိုအခါ ကျွန်မ၏ နှလုံးသားကလည်း တစ်ချက်ဆောင့်ခုန်သွား၏။

ဒုတ် ဒုတ် ဒုတ် ဒုတ်

သို့သော်

"မင်းက ရူးသွပ်နေတဲ့ မိန်းမတစ်ယောက် ပုံစံဖမ်းလာတာလား။ကောင်းပြီလေ။မင်းက မင်းသားရဲ့မျက်စိကို ဖမ်းစားနိုင်မယ်လို့တော့ ကိုယ် ထင်တာပဲ။"

ဒီအမှိုက်လိုကောင်ကတော့ 

ထိုအပြုအမူလေးကြောင့် ခံစားမိလိုက်သည့် တစ်စုံတစ်ရာကို ရှက်နေသဖြင့် ကျွန်မ ခေါင်းကို ငုံ့ထားလိုက်သည်။

*

ကျွန်မတို့ ဦးတည်သွားနေသည်က တော်ဝင်နန်းတော်သို့ ဖြစ်ပြီး တစ်သက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ကပွဲအခမ်းအနားကို အတူတက်ရောက်ကြခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားက ကျိန်းသေပေါက် တက်ရောက်မှာပဲ။

ကျွန်မတို့ အထဲမဝင်လာခင် ပြောခဲ့သော ဆိုဗက်စ်စတာ၏ စကားများက ကျွန်မ၏ခေါင်းထဲတွင် ပဲ့တင် ထပ်လာသည်။

ဘာလုပ်ရမလဲဆိုတာ မင်းသိပါတယ်၊ ဟုတ်တယ်မလား။

ငါ မသိဘူး ၊ရူးနေတဲ့ အကောင်ရဲ့။

ပြန်ဖြေမည့်အစား ကျွန်မ သူ့ကို ကြည့်ရင်း အသက်ရှုသွင်း လိုက်မိသည်။သူက ခန်းမထဲသို့ အရင်ဝင်သွားပြီး ကျွန်မကို တစ်ယောက်တည်း ချန်ထားခဲ့သည်။ ထိုနေရာ၌ လူအမြောက်အမြား ရှိနေသော်လည်း ကျွန်မထွက်ပေါ်လာသည် နှင့်တပြိုင်နက် လူတိုင်းက အကွာအဝေးတစ်ခုခြားပြီး ကျွန်မအတွက် လမ်းဖယ်ပေးကြသည်။

ငါက အတော်နာမည်ကြီးတဲ့ အရူးမတစ်ယောက်ပဲ ဖြစ်ရမယ်။

အိုဖီလီယာ လုပ်ခဲ့သမျှ မကောင်းမှုအားလုံးကြောင့် လောင်ကျွမ်းပူလောင်နေသော ခံစားချက်ကို ကျွန်မ ဖြည်းဖြည်းချင်း ဖယ်ရှားပစ်နေရသည်။

အိမ်ရှေ့စံမင်းသားကို အထူးတလည် ရှာဖွေရန် မလိုပေ။ကပွဲခန်းမအလယ်တွင် သူက မတ်တပ်ရပ်နေခဲ့သည်။ငွေဖြူရောင် ဆံပင်၊မီးခိုးရင့်ရောင် မျက်လုံးများ၊တောင့်တင်းသော ခန္ဓာကိုယ်နှင့် ဩဇာရှိသော အရှိန်အဝါဖြင့် ကယ်လီယန် ဗွန် ရီဂျင်းန် ဆိုသူက အိမ်ရှေ့စံမင်းသား ဖြစ်သည်။

"အဟမ်း"

ကျွန်မ လည်ချောင်းကို ရှင်းလိုက်ပြီး ကယ်လီယန့်ကို နှုတ်ဆက်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် ....

အာ၊ မျက်လုံးချင်း ဆုံသွားတာပဲ။

ကယ်လီယန်၏ မျက်လုံးများသည် ကျွန်မ အပေါ်တွင် ရှိနေပြီး၊ ချက်ချင်းပင် မသန့်ရှင်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အတိုင်း ရွံရှာသွားဟန်ဖြင့် မျက်နှာတစ်ခုလုံး ရှုံ့တွသွားတော့သည်။

ဒီမှာ တစ်ဆိတ်လောက်။ ငါလည်း နင့်ကို ကြိုက်မနေပါဘူး။ ငါ့မှာ ငါ့စံနှုန်း သက်သက်ရှိတယ်။

"ရယ်ချင်စရာကောင်းလိုက်တာ"

ကျွန်မ ရေရွတ်လိုက်သည်။

ကယ်လီယန်၏ နှုတ်ခမ်းများက တွန့်သွားသည်။

"မျက်နှာတစ်ခုထဲနဲ့ လုံလောက်တယ်။"

ငါလား။

ကျွန်မကိုယ်ကျွန်မ လက်ညှိုးထိုးလိုက်တော့ ကယ်လီယန်က မျက်မှောင်ပင် ထပ်ကြုတ်လိုက်၏။

သူက တော်ဝင်ရဲမက်များကို ချက်ချင်း အချက်ပြလိုက်သည်။

"သူမကို ဆွဲထုတ်သွားကြ။"

ငါလည်း ဘာတစ်ခုမှ မလုပ်ရသေးဘဲနဲ့။


TK Team
++++++++