Chapter 10
Viewers 346

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀)

ဘယ်လိုသောက်ကျိုးနည်းတွေ ဖြစ်နေရတာလဲဟင်။

ကျွန်မ၏ရှေ့တွင် ရှိနေသော လည်ဆွဲကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်မိသည်။နောက်တစ်ခါ ထပ်ပြီး နားလည်မှုလွဲသွားသည်ဟု ထင်သဖြင့် ကျွန်မလည်း အလျင်အမြန် ဖြေရှင်းရန် ကြိုးစားလိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်၊ ဒါအတွက် ကျွန်မ ဒီနေရာကို လာခဲ့တာ မဟုတ်ဘူး။"

"ဒါဆို ရှင်က အခြားတစ်ခုခု ယူဖို့ ဒီကို လာခဲ့တာလား။"

ကောင့်မြို့စားကတော်ကာဒယ်လ်သည် အတော်လေးစူးရှသော လေသံဖြင့် မေးလာသည်။သူမက ခုခံကာကွယ်နေသော်ငြား သူမ၏မျက်လုံးများမှ ထွက်ကျမည့် ဟန်ပြင်နေသော မျက်ရည်များကို မြင်နိုင်ပါသည်။

မဟုတ်သေးဘူး၊ နင် ဘာဖြစ်လို့ ငိုနေရတာလဲ။

ကျွန်မလည်း စားပွဲပေါ်တွင် အဆင်သင့်တွေ့သည့် လက်ကိုင်ပဝါတစ်ထည်ကို သူမဆီ အမြန် ကမ်းပေးလိုက်ရင်း သူမကို နှစ်သိမ့်ပေးလိုက်သည်။

"မငိုပါနဲ့"

ကျွန်မမှာ သဘောကောင်းသည့် ပုံစံပေါက်ရန် ကြိုးစားပြီး ပြုံးပြနေရသေးသည်။ထိုအပြုံးက ထိရောက်မှုမရှိသည်ကို သက်သေပြသည့်အလား ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ကျွန်မ၏ကြင်နာသည့်အပြုအမူကို တင်တင်စီးစီးနှင့် နှိမ့်ချဆက်ဆံသည့် အပြုအမူကဲ့သို့ မြင်သွားသည်။လက်ကိုင်ပဝါကို ကမ်းပေးလိုက်သည့် အပြုအမူကပင် သူမအတွက် 'နင် ဆက်ငိုနေရင် ငါ နင့်ကို ရိုက်ပစ်မယ်'ဟု အော်ပြောနေသလိုပင်။

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ထိန်းချုပ်မရနိုင်အောင် စတင်၍ ကြို့ထိုးလာတော့သည်။

ကောင့်မြို့စားကတော်သည် ထခုန်ပြီး အော်လိုက်သည်။ 

"ကျွန်မ တောင်းပန်ပါတယ်။"

ထို့နောက် သူမ၏ မျက်ရည်များ စီးကျလာတော့သည်။ကျွန်မက သူမအပေါ် ထပ်ရိုက်လာမည်ဟု ထင်နေသည့်အလား။အခြားသော လေဒီလေးများ၏ရှေ့တွင် အရိုက်ခံရသည်ထက် တောင်းပန်လိုက်သည်က အနည်းငယ်တော့ အရှက်ရသက်သာလိမ့်မည်။ကောင့်မြို့စားကတော်သည် ထိုသို့ တွေးလိုက်ပြီး ရတနာသေတ္တာကို ကျွန်မလက်ထဲသို့ အတင်းထိုးပေးတော့သည်။

"ကျွန်မ တောင်းပန်နေတာပါ၊ဒါကိုသာ ယူပြီး ပြန်သွားလိုက်ပါတော့၊ ကျေးဇူးပြုပြီး။"

ကျွန်မ ဘာတစ်ခုမှ ပြန်မပြောဖြစ်ပဲ သေတ္တာကိုသာ ကြည့်နေမိသည်။

သူတို့က ငါ ဘာလုပ်ချင်ဆိုတာကို တကယ်ပဲ ဂရုမစိုက်ကြဘူး။ငါ့ကိုပဲ ထွက်သွားစေချင်နေကြတယ်။

ကျွန်မ အသည်းအသန် တွေးနေမိသည်။

အိုဖီလီယာမှာ တစ်ဖက်လူကို ခြိမ်းခြောက်နိုင်တဲ့ ပါရမီအပြည့် ရှိနေတာဖြစ်မယ်။

*

"ဟမ်"

ဆိုဗက်စ်စတာသည် ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ကို ပြတင်းပေါက်မှ တစ်ဆင့် တွေ့လိုက်ရသည်။အင်ပါယာတွင် အထင်ကရအဖြစ်ဆုံး ငွေဖြူရောင်ဆံနွယ်ရှည်ပိုင်ရှင် အမျိုးသမီးက တစ်ဦးတည်းသာရှိသည်။ သူ့ဇနီးဖြစ်သူပင်။

သူမက ဒီနေရာကို ဘာကြောင့် ရောက်နေတာလဲ။

ဆိုဗက်စ်စတာသည် ကောင့်မြို့စားနှင့် စီးပွားရေးကိစ္စအချို့ရှိသဖြင့် ဤအိမ်တော်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်သော်လည်း အိုဖီလီယာကမူ လုပ်စရာ စီးပွားရေးကိစ္စလည်း ရှိမနေပေ။ 

"ပြီးတော့ မင်းက ကောင့်မြို့စားကို မုန်းတီးနေတာ မဟုတ်လား။"

ယခင်ကဆိုလျှင် ကောင့်မြို့စားကာဒယ်လ် အိမ်တော်မှ လာသည့်စာလွှာ မှန်သမျှကို မီးရှို့ပစ်ရန် အစေခံများကို မကြာခဏ စေခိုင်းတတ်သည့် အိုဖီလီယာ၏လုပ်ရပ်များကို ပြန်စဥ်းစားကြည့်ရင်း ဆိုဗက်စ်စတာ ရေရွတ်လိုက်မိသည်။ 

"မြို့စားကြီး၊ အဆင်ပြေရဲ့လား။"

ပြတင်းပေါက်အပြင်ကို ကြည့်ရင်း အလုပ်များနေသော ဆိုဗက်စ်စတာကို ကောင့်မြို့စားကာဒယ်လ်က ခေါ်လိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် ဆိုဗက်စ်စတာသည် ကောင့်မြို့စားရှိရာဖက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ကျွန်တော့်ရဲ့ဇနီးကို တွေ့လိုက်လို့ပါ။"

"ဟုတ်လား ခင်ဗျာ"

ကောင့်မြို့စားလည်း အံ့ဩသွားပြီး ဆိုဗက်စ်စတာကြည့်နေသည့်ဖက်သို့ အတူလိုက်ကြည့်မိလျှင် ဂုဏ်သတင်း ကျော်စောလှပါသော မြို့စားကြီးကတော် အိုဖီလီယာကို သူတွေ့လိုက်ရသည်။မြို့စားကြီးကတော်ကို မြင်လိုက်စဥ် သူ အလိုအလျောက် ကျစ်ခနဲ စုတ်သပ်လိုက်မိသည်။

ဆိုဗက်စ်စတာ၏ မျက်ခုံးများ မြင့်တက်သွားသည်။

"ခင်ဗျား ဘာဖြစ်နေတာလဲ။"

ခေါင်းကို ကောင့်မြို့စား ရှိရာဖက်သို့ စောင်းငဲ့လိုက်ပြီး သူက ဆက်ပြောသည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ဇနီးကို ကြိုဆိုချင်ပုံ မရဘူး။"

ကောင့်မြို့စားကာဒယ်လ်လည်း ထိုစကားကို သဘောမတူဟန်ဖြင့် လက်ကို ယမ်းလိုက်ပြီး မြို့စားကြီး၏စကားများကို ပြန်လည် ငြင်းဆိုသည်။

"အိုး ၊ အဲ့ဒီလို မဟုတ်ရပါဘူး။ကျွန်တော့်ဇနီး ဖိတ်ကြားလိုက်တဲ့ ဧည့်သည်တော် စာရင်းမှာ သူမလည်း ပါနေမယ်လို့ ကျွန်တော် မထင်လိုက်မိရုံပါ။"

"ကျွန်တော့်ရဲ့ဇနီးကို ဘယ်တုန်းက စပြီး ဖိတ်ကြားခဲ့တာလဲ။"

ဆိုဗက်စ်စတာသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင့်မြို့စားကာဒယ်လ်ဖက်သို့ လှည့်လိုက်သည်။သူ့မျက်နှာပေါ်တွင် ပြတင်းပေါက်မှ ကျဆင်းလာသော နေရောင်ခြည်က ဖြာကျဝင်းလက်နေလေသည်။

ကောင့်မြို့စားကာဒယ်လ်မှာ ကမန်းကတမ်း မျက်လွှာချလိုက်ရသည်။

"ကျွန်တော် တောင်းပန်ပါတယ် ..."

သူ ရှက်ရွံ့သွားပြီး ချွေးအေးများ ထွက်လာသဖြင့် လက်နှစ်ဖက်ကို ပေါင်ပေါ်သို့ ပွတ်လိုက်မိသည်။'အဆိုပါ'အိုဖီလီယာသည် သူ့ဇနီးနှင့်အတူ ရှိနေသည်ကို စိုးရိမ်လာသဖြင့် ကောင့်မြို့စားလည်း အပြင်ဘက်သို့ လှမ်းမကြည့်ပဲ မနေနိုင်ပေ။ထို့ကြောင့် သူအနေဖြင့် ရိုင်းပြမိလျှင်ပင် မတတ်နိုင်ပဲ မြို့စားကြီးထံမှ ခွင့်ပြုချက် တောင်းရန် စွန့်စားလိုက်မိသည်။

"ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော့်ကို ခဏလောက် ခွင့်ပြုပေးလို့ ရနိုင်မလား။ကျွန်တော့်ဇနီးဆီကို သွားကြည့်သင့်တယ် ထင်လို့ပါ။"

ဆိုဗက်စ်စတာ၏ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်။

"ကောင်းပြီ၊ ခင်ဗျား ကြိုက်သလောက် အချိန်ယူပါ။"

သူ ပြန်ဖြေလိုက်ရင်း အတိတ်တုန်းက အိုဖီလီယာသည် ကောင့်မြို့စားကတော်ကာဒယ်လ်၏ ဆံပင်အဖျားများကို မီးရှို့ပစ်ခဲ့ကြောင်း ပြန်သတိရသွားသည်။ 

"ကျွန်တော့်ရဲ့ဇနီးက နောက်ဆုံးတော့ လှည့်ကွက်လေးတွေ သုံးပြီး မကစားတော့ဘူးလေ။"

"..."

ကောင့်မြို့စားလည်း တူညီသောအကြောင်းအရာကို ပြန်တွေးမိပုံဖြင့် မျက်နှာတစ်ခုလုံး ဖြူစုတ်သွားပြီးနောက် စကားတိုတိုပြောရင်း အလျင်အမြန် ထွက်သွားတော့သည်။

"ကျွန်တော် ချက်ချင်း ပြန်လာပါမယ်။"

တစ်စုံတစ်ယောက်က သူ့နောက်ကို လိုက်နေသလိုမျိုးပင်။

အခန်းတံခါးပိတ်သွားသည်နှင့် ဆိုဗက်စ်စတာသည် ပြတင်းပေါက်ပေါ်သို့ ခေါင်းကို မှီလိုက်ရင်း နောက်တစ်ခါ ထပ်ကြည့်ပြန်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်များ မျက်ရည်လည်ရွဲ ဖြစ်နေပြီး အိုဖီလီယာကတော့ မပြောင်းလဲသော အမူအရာဖြင့် သူမ၏ဘေးနားတွင် ထိုင်နေခဲ့သည်။

မင်း တစ်ခုခု လုပ်လိုက်ပြန်ပြီပဲ။

ဆိုဗက်စ်စတာ ပြုံးလိုက်ရင်း နားလည်သဘောပေါက်ဟန်ဖြင့် လက်ပိုက်လိုက်သည်။အိုဖီလီယာသည် ထိုသို့ လုပ်ရသည်ကို အမြဲသဘောကျတတ်သည်။သူမ ဘယ်နေရာကို သွားသည်ဖြစ်စေ၊ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်များက လိုက်ပါလာတတ်သည်။ကပ်ပါးကောင်နှင့် လက်ခံသူလိုမျိုးပင်၊ သူမက ထိုသို့ ဖြစ်စေရန် ရည်ရွယ်သည်ဖြစ်စေ ၊မရည်ရွယ်သည်ဖြစ်စေ အရေးမကြီးပေ။ ဆိုဗက်စ်စတာ၏ ပတ်ဝန်းကျင်တွင်ရှိသော လူတိုင်းက အိုဖီလီယာကိုမုန်းတီးကြသည်မှာ သူမကို ဝန်းရံနေသော ကံဆိုးမိုးမှောင်ကျမှု ကြောင့်ဖြစ်သည်။

"ဒါက မြို့စားကြီးရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်လာပါလိမ့်မယ်။"  ဟု သူတို့က ပြောကြသည်။

ဒါပေမဲ့ 

"ကျွန်တော်က ဒါကို သဘောကျပါတယ်။" ဟု သူ ဖြေနေကျပင်။

ဆိုဗက်စ်စတာသည် အိုဖီလီယာကို အစကတည်းက သဘောကျခဲ့သည်။သူမကို ဧကရာဇ်ထက်ပင် သဘောကျသေးသည်။ သူမသည် သူ၏ဆွဲဆောင်ညှို့ယူမှုအတိုင်း လိုက်နာပြုမူခြင်းမရှိသော ပထမဆုံးမိန်းမတစ်ယောက်ဖြစ်သည်။ထိုသို့ဖြစ်ရခြင်းသည် သူမ၏မှော်နက်ပညာကျွမ်းကျင်မှုကြောင့် ဖြစ်သည်ဟု ဆိုဗက်စ်စတာသာ မသိခဲ့လျှင် သူ့အစွမ်းများ၏ ထိရောက်မှုကို သူ ပြန်ပြီး သံသယဝင်မိလောက်သည်။ အိုဖီလီယာသည် မှော်နက်ကျင့်ကြံသုံးစွဲသူ တစ်ယောက်ပီသစွာ သူမထံတွင် ထူးခြားဆန်းကြယ်သော စွမ်းရည် ရှိသည်။နတ်ဆိုး၏လှည့်စားမှုမှာ သူမအပေါ် သက်ရောက်မှုမရှိသည်အထိ ထူးခြားလှသည်။သူမသည် ထိုစွမ်းရည်ကို ပိုမိုတိုးတက်ရန် ကျင့်ကြံရမည့်အစား ၎င်းကို သူမ သဘောမကျသည့် လူတိုင်းအပေါ် ကျိန်စာတိုက်ဖို့အတွက်သာ သုံးလေသည်။

ရှက်စရာပဲ... ကောင်းပြီလေ၊ ဒါလည်း သိပ်တော့ မဆိုးပါဘူး။

"မင်းသာ ဝိညာဥ်ကို ဆင့်ခေါ်တာမျိုး မလုပ်သရွေ့"

သူက တိုးဖွဖွ ရေရွတ်နေရင်း ပြတင်းပေါက်ကို ထိတွေ့လိုက်သည်။မည်သို့ပင် ဆိုစေကာမူ အိုဖီလီယာသည် ကာဒယ်လ်အိမ်တော်တွင် အတော်လေး ပြဿနာ ဖြစ်စေခဲ့လျှင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည် ဖြစ်သည်။

"အခုက မှန်ကန်တဲ့ အချိန်ပဲ။"

ဖြူဖွေးသော လက်ချောင်းများက ထွင်းဖောက်ကြည်လင်နေသော ပြတင်းပေါက်မှန်ပေါ်သို့ ဖိကပ်ထားသဖြင့် အလင်းဝင်မလာအောင် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေရာ နေရောင်ခြည်ကို လက်ချောင်းများ၏မှောင်မိုက်သောအရိပ်က အစားထိုးလိုက်တော့သည်။

ဒေါက် ဒေါက်

"ကျွန်တော် ဝင်လာလို့ရမလား။"

တံခါးအပြင်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဆိုဗက်စ်စတာသည် သူ့လက်ကို ပြတင်းပေါက်မှန်ပေါ်မှ ဖယ်လိုက်ပြီး ပြန်ဖြေသည်။

"ဝင်ခဲ့"

သူ့နှုတ်ခမ်းမှ ထိုစကားနှစ်လုံး ထွက်လာသည်နှင့် တံခါး ပွင့်သွားပြီး အညိုနုရောင် ဆံပင်နှင့် တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့် ယောကျ်ားတစ်ဦး ဝင်လာခဲ့သည်။ထိုသူမှာ ဆိုဗက်စ်စတာ၏လက်ထောက် နေးလ် ဖြစ်သည်။

နေးလ်သည် ဆိုဗက်စ်စတာဖက်သို့ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး တံခါးပေါက်ကို လက်မဖြင့် ညွှန်ပြ၍ ပြောသည်။

"ကျွန်တော် မြင်းရထားမောင်းသူနဲ့ စကားပြောနေလို့ နောက်ကျသွားပါတယ်။ဒီကို လာတဲ့လမ်းမှာ ကျွန်တော် ကောင့်မြို့စားနဲ့ ဝင်တိုက်မိတော့မလို ဖြစ်သွားသေးတယ်။သူက တကယ်ကို အလျင်လိုနေတဲ့ပုံပဲ။ဘာများဖြစ်လို့လဲ ခင်ဗျ။"

"ကောင်းပြီ"

ဆိုဗက်စ်စတာသည် မေးစေ့ကို ခပ်ဖြည်းဖြည်း ပွတ်သပ်လိုက်သည်။

"ငါ့ဇနီးက ဒီနေရာကို ရောက်နေလို့ ထင်ပါရဲ့။"

"ခင်ဗျာ!"

နေးလ်သည် ဆိုဗက်စ်စတာအနားသို့ တိုးလာပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်လျှင် အိုဖီလီယာကို မြင်လိုက်ရသည်။

"မဒမ်က ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာပါလိမ့်။"

"ငါလည်း မသိဘူး။"

ဆိုဗက်စ်စတာက ပြန်ဖြေရင်း ထူးဆန်းသည့် အရာတစ်ခုအကြောင်း ပြောဆိုနေသည့်အလား ပုခုံးကို တွန့်ပြလိုက်သည်။

"ခင်ပွန်းဖြစ်သူရဲ့ အလုပ်ကို လာကူညီဖို့ သူမက ဒီနေရာကို ရောက်လာခဲ့တာများလား။"

"မှန်ပါတယ်။သူမက အဲ့ဒါကြောင့် ရောက်လာတာ ဖြစ်မယ်ဆိုတာ ကျွန်တော်ကတော့ သေချာပါတယ်။"

နေးလ်က အံကြိတ်ရင်း ထိုသို့ ပြန်ဖြေပြီးမှ သူ့ပါးစပ်သူ ပြန်ရိုက်လိုက်ပြီး လှောင်ပြောင်ချင်ဟန်ဖြင့် ထပ်ပြောသည်။

"အိုး ...ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော် မဒမ့်ရဲ့အကြောင်း ပြောလို့ မရဘူးပဲ။"

"အိုဖီလီယာရဲ့အရှေ့မှာ မင်း ဒီလို ပြောဖို့ ကြိုးစားကြည့်လိုက်လေ၊ ပြီးရင်တော့ မင်းရဲ့လျှာက အဖြတ်ခံရမှာပဲ။"

"ကျွန်တော်လည်း ပြတ်နေတဲ့ လျှာနဲ့တော့ အလုပ်လုပ်လို့ရမယ် မထင်ပါဘူး။နောက်ဆုံး ကျွန်တော့်ရဲ့ လက်ထောက်ရာထူးလေးကတောင် ထွက်သွားရလောက်ပါတယ်။"

"အဲ့လိုဆို ငါက မင်းရဲ့သားကို လက်ထောက်လုပ်ခိုင်းရမှာပဲ။"

"သခင်က ကျွန်တော့်ရဲ့မွေးမလာသေးတဲ့ သားကိုတောင် အလုပ်ခန့်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။ကျေးဇူးတင်လွန်းလို့ ကျွန်တော် ငိုမိတော့မှာပဲ။ပြီးတော့ ကျွန်တော် အရမ်းပျော်တယ်။"

ဆိုဗက်စ်စတာသည် နေးလ်၏ တုန်ရီနေပုံကို ကြည့်ရင်း အော်ရယ်မိလိုက်သဖြင့် နေးလ်ကပါ သူနှင့်အတူ လိုက်၍ ရယ်မောလာခဲ့သည်။

"မနေ့ကလည်း မဒမ်က ကွာရှင်းဖို့ ထပ်ပြောလာတယ်လို့ ကျွန်တော် ကြားရပါတယ်။"

ဆိုဗက်စ်စတာ၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးကို ကြည့်ရင်း နေးလ်က ပြောလိုက်သည်။

"ဒါပေမဲ့ သခင်က သူမကို ထပ်ပြီး ငြင်းလိုက်တယ်တဲ့။"

"အမှန်ပဲ"

"ဘာဖြစ်လို့လဲဗျာ"

သူက မေးသည်။

"ဒါက ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တစ်ခု မဟုတ်ပါလား။သခင်သာ မဒမ်ရဲ့အပြုအမူကို ကြည့်မယ်ဆိုရင် ကွာရှင်းရုံနဲ့တင် မလုံလောက်သေးဘူး။"

ဆိုဗက်စ်စတာသည် သူ၏စကားကြောင့် မျက်မှောင်ကြုတ်သွားသည်။သို့သော် နေးလ်က ဆက်ပြောနေဆဲဖြစ်ပြီး ထိုသို့ ထပ်မေးလာခဲ့သည်။

"သခင်က မဒမ့်ကို ဘာကြောင့် ကွာရှင်းမပေးရတာလဲ။"


TK Team
++++++++