Chapter 9
Viewers 512

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉)

"ဘု ...ဘုရားသခင်"

ကောင့်မြို့စားကတော်၏ နှုတ်ဖျားမှ ပင့်သက်ရှိုက်သံတစ်ခု ထွက်ကျလာသည်။

အိုဖီလီယာသည် သူမ၏ငွေဖြူရောင်ဆံနွယ်များနှင့် လိုက်ဖက်သည့်ဝင်းလက်တောက်ပသော အဖြူရောင်ဂါဝန်ကို ဝတ်ထားပြီး စိတ်ခံစားချက် ကင်းမဲ့သော အသက်ရှူမှားဖွယ် မျက်နှာလှလှကြောင့် အသွင်အပြင်မှာ ယခင်ထက် ပိုအေးစက်နေပုံ ပေါ်နေသည်။

"အတော်တောင် ကြာသွားပြီပဲ။"

အိုဖီလီယာသည် သူတို့၏ ထိတ်လန့်နေသော မျက်နှာများကို ကြည့်ရင်း သူမ၏မေးစေ့ကို ထိတွေ့နေလိုက်သည်။

ဧည့်သည်များသာမက ကောင့်မြို့စားကတော်ကာဒယ်လ် ကိုယ်တိုင်ပင် ထိုအခိုက်အတန့်၌ ပြောစရာ စကားမရှိဖြစ်သွားခဲ့သည်။သို့သော် သူမသည် ဤစံအိမ်ပိုင်ရှင်ဖြစ်ပြီး ပွဲအခမ်းအနားကျင်းပသည့် သူလည်း ဖြစ်နေသည်။

ငါ့ စိတ် ငါ ထိန်းထားရမယ်။

ကောင့်မြို့စားကတော်ကာဒယ်လ်သည် ပြုံးလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် လက်ဖက်ရည်ခွက်ကို မလိုက်သည်။

"ကျွန်မ ဘာလုပ်သင့်ပါသလဲ၊မြို့စားကြီးကတော်ရှင့်။နောက်ထပ်ထိုင်ခုံတစ်လုံး ကြိုတင် မပြင်ဆင်ထားတာကြောင့် ကျွန်မအနေနဲ့ မြို့စားကြီးကတော်အပေါ် ကျကျနန မကြိုဆိုနိုင်တော့ဘူး ထင်ပါတယ်။"

နင်က ငါ့ကို အခု လှည့်ပြန်ဖို့လိုပြီ ဆိုပြီးပြောနေတာပေါ့လေ။

အိုဖီလီယာက ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့လိုက်ပြီး တိုးဖွဖွ အသံဖြင့် ပြန်ပြီး မေးခွန်းထုတ်လိုက်သည်။

"ရှင်က ကျွန်မကို မတ်တပ်ရပ်နေစေချင်တာလား။"

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းအေးခဲသွားသည်။

ငါ ဘာလုပ်ရမလဲ၊ငါ ဘာပြောသင့်လဲ။

လေဒီများသည် အိုဖီလီယာကို ကြည့်ရင်း ခေါင်းချင်းဆိုင်နေကြသည်။

"မ ..မဒမ်၊ ကျွန်မရဲ့ ထိုင်ခုံမှာ ထိုင်နိုင်ပါတယ်။"

ထိုအချိန်တွင် လေဒီဂျက်စမင်က ထိုင်ရာမှ အမြန်ထလိုက်ပြီး သူမ၏ထိုင်ခုံကို အိုဖီလီယာထံသို့ ပေးလိုက်သည်။ 

အိုဖီလီယာက ပေါ့ပါးစွာ ပြုံးလိုက်သည်။

"ကျေးဇူးပဲ။"

ထိုထိုင်ခုံမှာ အစကတည်းက သူမအတွက် ဖြစ်နေသည့်ပုံစံဖြငိ့ သူမ ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ လည်ဆွဲကို ကြည့်လိုက်သည်။

"ဒီဟာက နာမည်ကျော်ကြားလှတဲ့ နဂါးကြေးခွံ လည်ဆွဲပဲ ဖြစ်ရမယ်။ကျွန်မလည်း ဒီအကြောင်း ကြားဖူးတယ်။"

ကောင့်မြို့စားကတော်ကာဒယ်လ်သည် စိတ်နှင့် ကိုယ် ပြန်ကပ်သွားပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

"မှန်ပါတယ်။ အရမ်းကို တန်ဖိုးကြီးပြီးတော့ ရှားပါးလွန်းပါတယ်။"

သူမ၏လေသံက အနည်းငယ် စိတ်ကြီးဝင်နေပုံ ရသည်။သို့သော် ဒီလည်ဆွဲက မည်သို့ရှားပါးသည်ကိုတော့ သူမတွင် ကြွားဝါပိုင်ခွင့် ရှိသည်။အိုဖီလီယာသည် ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်လိုက်သည်။

"လှသားပဲ"

ဒါက တကယ်လို လှလို့၊ ငါက လှတယ်ဆိုပြီး ပြောလိုက်မိတာပါ။

ကံဆိုးသည်က လူတိုင်းမှာ ထိုစကားကို တလွဲဘာသာပြန်လိုက်၏။ လေဒီများအနေဖြင့် သူမက ဤသို့ ဆိုလိုသည်ဟု ထင်ကြသည်။
"လှသားပဲ၊ ငါ့ကို ဒီဟာ ပေးလိုက်တော့။"

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်ရသည်။သူမ၏ခန္ဓာကိုယ်တွင် ရှိသမျှ သတ္တိလေးများကို စုစည်း၍ ပြန်ဖြေလိုက်သည်။

"ကျွန်မ ရှင့်ကို ဒီဟာ ပေးလိုက်လို့မရပါဘူး။"

အခြားလေဒီငယ်များကလည်း အော်ပြောလာကြသည်။

"မှ ...မှန်ပါတယ်။ဒီအရာက သူမကို လက်ဆောင်ပေးဖို့ ကောင့်မြို့စားအနေနဲ့ ဒုက္ခသုက္ခခံပြီးမှ ရရှိလာတဲ့ အရာမို့လို့ပါ။"

"မြို့စားကြီးကတော်နဲ့ ဒီလည်ဆွဲက ဘယ်လိုပဲ လိုက်ဖက်ပါစေဦးတော့ ယူသွားလို့ မဖြစ်ပါဘူး။"

အိုဖီလီယာမှာ ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်မိသည်။

သူတို့ ဘာတွေပြောနေကြတာလဲ။

သူမလည်း ခက်ခက်ခဲခဲ စဥ်းစားကြည့်နေရသည်။

တစ်စုံတစ်ယောက်၏ အိမ်တော်ကို မဖိတ်ခေါ်ဘဲ လမ်းလျှောက်ဝင်လာဖို့ သူမအဖို့ အဆင်ပြေသည်ဆိုတာကို သူမမှာ အံဩနေရပြီး၊တကယ်ပင် ပထမဆုံး ရောက်လာရချိန်တွင်တော့ သူမ၏ နှလုံးသားမှာ အခုန်မြန်နေခဲ့သည်။ထိုအရာကို စိတ်ထဲမှာသာ ထားလိုက်ပြီး အိုဖီလီယာသည် သူမ၏ အရိုးသားဆုံးအပြုံးလေးဖြင့် ပြုံးပြလိုက်ရသည်။

ဒါပေမဲ့ အခုပဲ ငါက သူများရဲ့လည်ဆွဲကို လာလုတဲ့သူ ဖြစ်သွားပြီလေ။ 

အဆိုပါ နားလည်မှုလွဲမှားခြင်းကို ချက်ချင်း ရှင်းသင့်သည်ဟု အိုဖီလီယာ ထင်သဖြင့် သူမ၏လက်ကို ကောင့်မြို့စားကတော် ဆီသို့ လှမ်းလိုက်သည်။

"ဒီမှာ နားလည်မှုလွဲနေတာပဲ ဖြစ်မယ်။"

သူမ ဤသို့ပြောလိုက်လျှင် ကောင့်မြို့စားကတော်ကာဒယ်လ်၏ကိုယ်မှာ ချက်ချင်းပင် ကသိကအောက်ဖြင့် ဆတ်ခနဲ တွန့်သွားသည်။

လေတစ်ချက် ဝှေ့တိုက်လိုက်ရာ သူမ ကိုင်ထားသော လက်ဖက်ရည်ခွက်လေးမှာ ...

ခလွမ်း

ဖန်ကွဲစများမှာ ကြမ်းပြင်အနှံ့ ပြန့်ကြဲသွားပြီး လက်ဖက်ရည်စက်များကလည်း နေရာအနှံ့ စင်သွားတော့သည်။

"ဒါက ...."

အိုဖီလီယာသည် ကျစ်ကနဲ စုတ်သပ်လိုက်ပြီး သူမ၏စိုစွတ်သွားသော လက်ကို ငုံ့ကြည့်လိုက်သည်။

"လည်ဆွဲနဲ့ ကျွန်မရဲ့လက်ပေါ်မှာ လက်ဖက်ရည်တွေ စိုကုန်ပြီ။"

အိုဖီလီယာမှာ ရှည်လျားစွာ သက်ပြင်းချလိုက်သည်။

"အံ့ဩစရာပဲ"

သူမသည် တစ်ယောက်ယောက်ကို ရေသုတ်ဖို့ အဝတ်တစ်စုံတစ်ရာကို တောင်းမည် ပြုလိုက်သော်လည်း တခြားသူများက ဒါကို တလွဲထင်သွားကြပြန်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်သည် အိုဖီလီယာ၏ ကျော့ရှင်းသောလက်က လက်ဖက်ရည်များ စိုရွှဲနေသည်ကို ကြည့်နေမိသည်။အရင်အတိုင်းဆိုလျှင် အိုဖီလီယာသည် သူမ၏အသားပေါ်သို့ လက်ဖက်ရည် လာစင်သည်နှင့် တပြိုင်နက် လက်ကိုမြှောက်၍ တစ်ဖက်လူကို ပါးဆွဲရိုက်မည် ဖြစ်သည်။

သို့သော် သူမက ထိုသို့ မလုပ်ခဲ့ပေ။

ဘာကြောင့်များလဲ

မဖြစ်နိုင်တာ

သူမက လည်ဆွဲကို လိုချင်တာမဟုတ်လား။

သူမက သူမရဲ့ဒေါသကို သေချာ ထိန်းချုပ်ထားတာ ဘာကြောင့်လဲ။

"လုံလောက်ပါပြီ"

ကောင့်မြို့စားကတော်ကာဒယ်လ်သည် ငိုချမိတော့မည့် အတိုင်း အိုဖီလီယာကို ကြည့်လာသည်။သို့သော် အိုဖီလီယာကတော့ ဘာမှ မဖြစ်သလို ပုံစံဖြင့် သူမကို ကြည့်နေလေသည်။

ဟင့်

ကောင့်မြို့စားကတော်ကာဒယ်လ်၏ မြှောက်တက်နေသော ပုခုံးများ ပြုတ်ကျသွားသည်။သူမ၏လည်ဆွဲကို သူမဘာသာ ဆက်ထိန်းသိမ်းထားမည်ဆိုပါက အိုဖီလီယာသည် သူမကို အလွတ်ပေးမည် မဟုတ်ပေ။သူမ ကြားဖူးသည်မှာ အိုဖီလီယာ၏ကျိန်စာက မှန်ကန်ပြင်းထန်ပြီး ထိုကျိန်စာမိပါက အဆင့်မြင့်အစိုးရအရာရှိထံမှ ကုသမှုခံရသည်အထိ ဖြစ်တတ်သည်။ထိုကျိန်စာစက်ကွင်းမှ သင့်အနေဖြင့် လွယ်လင့်တကူ မလွတ်မြောက်နိုင်ပေ။

ငါ ကျိန်စာမိမှာကို စိတ်မရှိဘူးဆိုပေမဲ့ အကယ်၍ ငါ့ယောကျ်ားကသာ ဒါကို ...

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ခေါင်းကို ငုံထားလိုက်ပြီး အိုဖီလီယာထံသို့ လည်ဆွဲထည့်ထားသည့် ရတနာသေတ္တာကို တွန်းပို့ပေးသည်။

"ကျေးဇူးပြုပြီ ဒါကို ယူသွားလိုက်ပါ။"

သူမက ဖျော့တော့စွာ ပြောသည်။

"ကျွန်မ ရှင့်ကို ပေးလိုက်ပါမယ်။"

အိုဖီလီယာသည် သူမရှေ့ရှိ ရတနာသေတ္တာကို ငုံ့ကြည့်လိုက်သည်။ဤသို့ အဖိုးထိုက်တန်သည့် ရတနာတစ်ခု ရရှိလိုက်သော်လည်း သူမ၏မျက်နှာအမူအရာက အပြောင်းအလဲ မရှိသည်ကို လူတိုင်း မြင်နေရသည်။သူတို့၏ မျက်လုံးထဲတွင် သူမက အလွန့်အလွန် စွမ်းအားကြီးသော အမျိုးသမီးဖြစ်နေသည့်အလားပင်။

သို့သော်လည်း

ဘယ်လိုသောက်ကျိုးနည်းတွေ ဖြစ်နေရတာလဲဟင်။

အိုဖီလီယာမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။



TK Team
++++++++