Chapter 8
Viewers 354

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈)

ကျွန်မ၏လက်ကောက်ဝတ်ကို ကျွန်မ မစိုးရိမ်မိပေ။အကယ်၍ ကယ်လီယန်သာ ကျွန်မကို အလွန်အမင်း စက်ဆုပ်ရွံရှာသွားပါက၊ နောက်နေ့အရောက်၌ ကျွန်မမှာ ခေါင်းမရှိတော့လည်း အထူးအဆန်း မဖြစ်ပေ။ဆိုဗက်စ်စတာနှင့် အတူတွဲလုပ်ရသည်က ခက်ခဲသည် မှန်သော်ငြား ကျွန်မ၏လည်ပင်းကို ကာကွယ်ရန်အတွက်တော့ ကယ်လီယန့်ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားရမည်ဖြစ်သည်။အပြောက အလုပ်ထက် ပိုလွယ်သည်။အိုဖီလီယာ အစစ်သည်လည်း ဤအစီအစဥ်ကို အကြိမ်ရေအတော်များများ လုပ်ထားခဲ့ပြီးသား ဖြစ်သည်။

ကျွန်မ ဘာသာ တွေးနေမိသည်။

ငါ ဘာလုပ်သင့်လဲ။

တွေးရင်း တွေးရင်းဖြင့် ညပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင်ကျွန်မ အဖြေကို ရှာတွေ့သွားတော့သည်။

အမျိုးသမီးဇာတ်လိုက် လုပ်တဲ့အတိုင်း ဘာပဲဖြစ်ဖြစ် လိုက်လုပ်ရမယ်။

ဝတ္ထုထဲတွင် သူမက ကယ်လီယန်ကို ကယ်တင်ပေးပြီး သူမအပေါ် ချစ်မြတ်နိုးလာစေခဲ့သည်။သို့သော် မင်းသားက သူ့ကို ကယ်တင်ပေးသည့် အကြောင်းရင်းတစ်ခုတည်းကြောင့် သူမကို ချစ်မြတ်နိုးခဲ့ခြင်း မဟုတ်ပေ။ကောင့်မြို့စားကတော်သည် သူ့ကို ကယ်တင်ပေးသည်ထက် အများကြီးပို၍ လုပ်ပေးခဲ့သည်။သူမ လုပ်ခဲ့ဖူးသည့် ကိစ္စအနည်းငယ်က သိသာထင်ရှားသည်ဖြစ်ရာ ကျွန်မလည်း ထိုကဲ့သို့ လိုက်လုပ်ရမည်။

ဒီလောက်ဆို ဇာတ်ကြောင်းကို ပြောင်းလဲပစ်ဖို့ လုံလောက်ပြီ၊ ဟုတ်တယ်မလား။

သူ ငါ့ကို ကြွေသွားမှာလား။ကောင်းပြီ၊ ငါ စောင့်ကြည့်နေဖို့ပဲ ရှိတယ်။

အရင်ဦးဆုံး ကယ်လီယန်နှင့် ကျွန်မ၏ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းဖို့မှာ ပထမဦးစားပေးကိစ္စ ဖြစ်သည်။ဤသို့ ထိန်းသိမ်းရန်အတွက် 'အဲ့ဒီ'လို ပြုလုပ်ခြင်းက အကောင်းဆုံးဟု ကျွန်မ ထင်သည်။

"အိုင်ရင်းရေ"

သူမက လက်ဖက်ရည် ငှဲ့နေလေရာ ကျွန်မ လှမ်းခေါ်လိုက်သည်။

"ကာဒယ်လ် ကောင့်မြို့စားကတော်ရဲ့ လက်ဖက်ရည်ပါတီပွဲ  ဖိတ်ကြားလွှာ တစ်ခုတစ်လေ ရှိလား။"

ကာဒယ်လ် ကောင့်မြို့စားကတော်သည် ချမ်းသာကြွယ်ဝပြီး ကျော်ကြားသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ထို့အပြင် သူမသည် ကယ်လီယန်၏မိခင်ဖြစ်သူ ဧကရီဟောင်း၏ ချစ်ခင်ရသူ တစ်ဦးလည်း ဖြစ်သည်။ဆိုလိုသည်က သူမသည် ဧကရီဟောင်းမှ မင်းသားအတွက် ထားခဲ့သည် နောက်ဆုံးစာလွှာကို လက်ရှိပိုင်ဆိုင်ထားသူ ဖြစ်သည်။

တကယ်တော့ သူမမှာ ဒီစာ ရှိနေတာကို သူမက သိတောင် မသိဘူး။

ယခင် ဧကရီဟောင်းသည် လှည့်ကွက်လေးများဖြင့် ဆော့ကစားရသည်ကို အလွန်နှစ်ခြိုက်သူအဖြစ် သိကြသည်။ထို့ကြောင့် ဧကရီဟောင်းသည် ထိုစာကို သူမ မသိအောင် ကောင်းစွာ ဖွက်ထားခဲ့မည်က သေချာပေါက်ပင်။သို့သော်ငြား ကျွန်မက ကယ်လီယန်အတွက် ထိုစာကို ရှာဖွေပေးရမည်။ကျွန်မသာ ရှာနိုင်ခဲ့လျှင် ကယ်လီယန် ကျွန်မအပေါ် အမြင်ပြောင်းလာနိုင်လောက်သည် မဟုတ်ပါလော။

ကျွန်မ စဥ်းစားမိသည့် အစီအစဥ်ကြောင့် ဂုဏ်ယူနေမိသည်။သို့သော် အိုင်ရင်း၏ မျက်နှာက ထူးဆန်းနေသည်ကို ကျွန်မ တွေ့လိုက်ရသည်။သူမကို မေးလိုက်ရသည်။

"ဘာမှားနေလို့လဲ။"

"အိုး၊ ဘာမှ မဖြစ်ပါဘူး။ မဒမ်က ကာဒယ်လ် ကောင့်မြို့စားကတော်ရဲ့ နာမည်ကို ပြောလိုက်လို့ ကျွန်မ နည်းနည်း အံ့ဩသွားမိတာပါ။"

"ဘာဖြစ်လို့လဲ"

"မဒမ်တို့က အချင်းချင်း အဆင်မပြေကြဘူးလေ။"

အိုင်ရင်း သတိထားပြီး ပြန်ဖြေသည်။

"အတိအကျ ပြောရရင် မဒမ်က သူမကို မုန်းနေတာပါ။ 'သူမမှာ ရှိသမျှအားလုံးက ပိုက်ဆံတစ်မျိုးပဲ၊ ပြီးတော့ သူမက အထက်တန်းလွှာတစ်ယောက် အဖြစ် ဟန်ဆောင်နေတာ' လို့ မဒမ် ပြောခဲ့သေးတယ်။"

"ဘုရားရေ ... ငါက ဒီလို ပြောခဲ့တယ်လား။"

"ဟုတ်ပါတယ်။ဒါကြောင့် ကောင့်မြို့စားကတော်ဆီက လာသမျှ ဖိတ်ကြားလွှာတိုင်းကို အကုန်မီးရှို့ပစ်ဖို့ ကျွန်မကို ခိုင်းခဲ့ပါတယ်။"

အိုဖီလီယာမှာ အမှန်တကယ်ပင် တဟုန်းဟုန်းတောက်နေတဲ့ မီးတောက်ဖြစ်သည်။ကျွန်မ ကသိကအောက်ဖြင့် ရယ်လိုက်ရပြီး

"ဒါဆို နင် ဆိုလိုတာက ... ဘာဖိတ်ကြားလွှာ တစ်စောင်မှ မကျန်ဘူးလို့လား။"

"ပထမဆုံး တော်ဝင်ကပွဲအခမ်းအနားမှာ မဒမ်က ကောင့်မြို့စားကတော်ရဲ့ခေါင်းပေါ် ရေလောင်းချလိုက်ထဲက ဘာ ဖိတ်ကြားလွှာမှ ရောက်မလာတော့ပါဘူး။အဲ့ဒီအချိန်ထဲက သူမလည်း မဒမ်ကို အတော်လေး ကြောက်သွားပါတယ်။"

"ဟား ..."

ကျွန်မ သက်ပြင်းချလိုက်ရသည်။ခေါင်းကိုက်လာသလိုပင်။

"မဒမ်က သူမရဲ့အိမ်တော်ကို သွားမလို့ပါလား။"

"အစက ငါ သွားမလို့ပါပဲ၊ ဖိတ်ကြားလွှာ မရှိဘူးဆိုတော့ သွားလို့ မရနိုင်တော့ဘူးမလား။"

"အိုး"

အိုင်ရင်းသည် တစ်စုံတစ်ရာကို ပြန်စဥ်းစားနေဟန်ဖြင့် ကျွန်မကို ကြည့်နေပြီး

"မဒမ်က အဲ့ဒီကို သွားဖို့အတွက် ဖိတ်ကြားလွှာရှိဖို့ မလိုဘူးလို့ ပြောခဲ့ဖူးပါတယ်။"

"ဟမ်"

"မဒမ်အနေနဲ့ ဒီတိုင်း သွားလိုက်ရုံပါပဲ၊ သူမက မဒမ်ကို မြင်ရင် ဂုဏ်ယူဝမ်းမြောက်သွားမှာပါ။"

ကျွန်မ ဘာမှ ပြန်မပြောပဲ ပါးစပ်ပိတ်ထားလိုက်သည်။

အိုင်ရင်းက တတွတ်တွတ် ရေရွတ်သည်။

"တောင်းပန်ပါတယ်၊ကျွန်မ မဒမ့်အပေါ် မရိုင်းပြသင့်ပါဘူး။"

"ငါသွားမယ်။"

ကျွန်မ အလွန်ရှေးရိုးစွဲနေမိသည်ကို နားလည်သွားပြီး ကျွန်မအနေဖြင့် နည်းနည်းလောက် ဂရုမစိုက်သည့်ပုံဖြင့် နေလျှင်လည်း အဆင်ပြေနိုင်သည်ဟု တွေးမိသည်။

"ငါတို့ အဆင်သင့်ပြင်ဆင်သင့်ပြီလား။"

အိုင်ရင်းက ခေါင်းပြန်မော့လာပြီး ကျွန်မကို ကူညီ၍ ပြင်ဆင်ပေးသည်။

*

ကောင့်မြို့စားကတော်ကာဒယ်လ် သည် သူမ၏လက်ဖက်ရည်ပါတီပွဲ ကျင်းပသည့် အလယ်၌ ရှိနေသည်။

လက်ဖက်ရည်ပါတီပွဲဟု အမည်တပ်ထားသော်ငြား နဂါးပေါက်လေးများ အရေခွံလဲသည့်အချိန်တွင် ကွာကျလာသော နဂါးကြေးခွံများဖြင့် ပြုလုပ်ထားသည့် သူမ၏လည်ဆွဲကို ကြွားဝါဖို့ နေရာလည်း ဖြစ်ချေသည်။

"ဘုရားရေ ၊အရောင်လေးကို ကြည့်ပါဦး။"

"ဘယ်လိုတောင် လှရက်တာလဲ။"

"လည်စွဲအလယ်က နီရဲတောက်နေတဲ့ ပတ္တမြားကိုလည်း ကြည့်လိုက်ပါဦး။ခမ်းနားထည်ဝါလိုက်တဲ့ လည်ဆွဲပါပဲ။"

"ကောင့်မြို့စားကတော်သာ ဆွဲလိုက်ရင် တကယ်ကို တင့်တယ်နေမှာပဲ။"

"အမှန်ပဲ။ ကောင့်မြို့စားကတော်ကလွဲရင် ဘယ်သူကများ ဒီလိုလည်ဆွဲတွေ ဆင်မြန်းနိုင်မဲ့လူ ရှိလို့လဲ။"

ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ရင်းနှီးသော သူငယ်ချင်းများက တစ်ယောက်ပြီး တစ်ယောက် ချီးမွမ်းခန်းဖွင့်နေကြသည်။

"ကောင့်မြို့စားက ဇနီးကို အရမ်းချစ်တတ်တာပဲ။သူက သူ့ဇနီးအတွက် ဒီလိုအဖိုးတန်လည်ဆွဲကို ဝယ်ပေးတယ်၊ကျွန်မဖြင့် ယုံတောင် မယုံနိုင်ဘူး။"

"မှန်တာပေါ့။ရှင်တို့ ဇနီးမောင်နှံက အချင်းချင်း အရမ်းသစ္စာရှိကြတယ်လို့ ကျွန်မ ကြားမိပါတယ်။မြို့တော်တစ်ခုလုံးမှာ သတင်းကို မွှေးနေတာပါပဲ။"

"အိုး ၊ကျွန်မဖြင့် မနာလိုတောင် ဖြစ်လာပြီ။ဒီလို အဆင်ပြေပြေနေနိုင်အောင် ဘယ်လိုမျိုး လုပ်ခဲ့တာလဲဆိုတာ ကျွန်မတို့ကို ပြောပြပါလား မဒမ်ရေ။"

"ဟင်း ဟင်း ဟင်း "

ကောင့်မြို့စားကတော်ကာဒယ်လ်သည် ရလာသော ချီးကျူးမြှောက်ပင့်မှုများကြောင့် ဂုဏ်ယူဝမ်းမြောက်နေသဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်၍ တဟင်းဟင်းဖြင့် ရယ်မောလိုက်သည်။

"ကျွန်မခင်ပွန်းရဲ့ မျက်စိထဲမှာ ကျွန်မက အလှဆုံးဖြစ်နေလို့ ထင်ပါတယ်။"

"ကောင့်မြို့စားရဲ့ မျက်လုံးထဲမှာတင်လား။ မဟုတ်ရပါဘူး။ကျွန်မတို့အားလုံးကလည်း ရှင်က အရမ်းလှတယ်လို့ ထင်ကြတာပါ။အင်ပါယာမှာ သူ့ဇနီးလောက် လှတဲ့လူ မရှိတော့ဘူးတဲ့လား။"

"ဟုတ်တာပေါ့ ၊ဟုတ်တာပေါ့။"

ဂုဏ်သရေရှိ အမျိုးသမီးများအားလုံး အော်ဟစ်နေကြသည်။

မှန်ပေသည်။ကောင့်မြို့စားကတော်ကာဒယ်လ်သည် အသားဖြူဖြူ၊ နှစ်လိုဖွယ်ကောင်းသော မှဲ့ခြောက်ကလေးများနှင့် မိန်းမလှတစ်ဦး ဖြစ်သည်။

သို့သော် 'အင်ပါယာမှာ ကောင့်မြို့စားကတော်လောက် လှတဲ့လူ မရှိတော့ဘူး' ဟု ပြောမည်ဆိုလျှင်တော့ သင်အနေဖြင့် သေချာပါရဲ့လော။

အင်ပါယာတွင် ရွှေရောင်ဆံပင်နှင့် ချစ်စဖွယ်ပန်းရောင်မျက်ဆန်များကို ပိုင်ဆိုင်ထားသော အလှပိုင်ရှင် ကောင့်မြို့စားကတော်* ဖလဲရ် ရှိသည်။ကောင့်မြို့စားကတော်ကာဒယ်လ်က ဝန်မခံချင်လျှင်ပင် အေးစက်စက် အပြုံးလေး ပေးတတ်သူ မြို့စားကြီးကတော် အိုဖီလီယာဆိုသည့် အန္တရာယ်များသော အလှလေးတစ်ယောက် ကျန်ပါသေးသည်။သူမ၏ ညစ်ပတ်ယုတ်ညံ့သော ဒေါသမှလွဲလျှင် မြို့စားကြီးကတော် အိုဖီလီယာသည် အင်ပါယာတွင် ရုပ်ဆင်းသွင်ပြင် အလှဆုံးအမျိုးသမီး ဖြစ်သည်။

အဆိုပါ အလှထိပ်ခေါင်နှစ်ယောက်မှာ ဤနေရာတွင် မရှိကြလေရာ အမျိုးသမီးငယ်များသည် ကောင့်မြို့စားကတော်ကာဒယ်လ်ကိုသာ အပြည့်အဝ ချီးကျူးနေကြသည်။

"ကျွန်မကဖြင့် ကောင့်မြို့စားကတော်ကို မနာလိုဖြစ်မိတယ်ရှင်။"

"ရှင့်မှာ အရမ်းလှတဲ့ လည်ဆွဲရှိတာပဲ။"

"ရှင့်ခင်ပွန်းက သဘောကောင်းလိုက်တာများ မပြောပါနဲ့တော့။"

"ကျွန်မလည်း ကောင့်မြို့စားကတော်လို နေချင်လိုက်တာ၊တကယ်ပဲ။"

ကောင့်မြို့စားကတော်ကာဒယ်လ်၏ ပုခုံးမှာ ပို၍ အပေါ်ကို မြောက်တက်နေတော့သည်။သူမက ထိုအမျိုးသမီးငယ်များကို ဖိတ်ကြားထားရခြင်းမှာ သူမအပေါ် ဖားယားလာစေရန်နှင့် မြှောက်လုံးပင့်လုံးများဖြင့် သူမ၏ကိုယ့်ကိုကိုယ် အထင်ကြီးမှုကို မြှင့်တင်ရန်အတွက် ဖြစ်ပေသည်။

သို့သော် သူတို့ထဲတွင် လေဒီဂျက်စမင် တစ်ယောက်သာ အနည်းငယ် တိတ်ဆိတ်နေပြီး သုန်မှုန်နေသည်။ထို့ကြောင့် သူမက ကောင့်မြို့စားကတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။သို့သော် အဆင်ပြေပါသည်၊ကောင့်မြို့စားကတော်ကာဒယ်လ်သည် သူမကို နောက်မှ ဆူပူကြိမ်းမောင်းလိမ့်မည်။

ကောင့်မြို့စားကတော်ကာဒယ်လ်သည် သူမ၏လက်ကို လည်ဆွဲထည့်သည့် ရတနာသေတ္တာဆီသို့ လှမ်းလိုက်သည်။

"ကျွန်မ ဒီလည်ဆွဲကို ဝတ်ပြသင့်လား။"

"ဘုရားရေ ...ဝတ်ပြပါဦး။"

"ရှင်နဲ့အရမ်းလိုက်ဖက်မယ်လို့ ကျွန်မထင်တယ်။"

"ပြီးပြည့်စုံနေမှာပဲနော်။"

တုံ့ပြန်မှုများကြောင့် ကောင့်မြို့စားကတော်ကာဒယ်လ်သည် ကျေနပ်သွားပြီး သေတ္တာထဲမှ လည်ဆွဲကို ထုတ်ယူလိုက်သည်။

ထိုအချိန်လေးတွင်

"ဟ ...ဟင်"

လေဒီတစ်ယောက်က ကောင့်မြို့စားကတော်ကာဒယ်လ်၏ နောက်ဖက်သို့ ညွှန်ပြလာသည်။

"ဟို ...ဟိုမှာ ..."

ဟိုမှာ ဟုတ်လား။

ကောင့်မြို့စားကတော်ကာဒယ်လ်လည်း နောက်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်လျှင် သူမနောက်ရှိ လူနှင့် မျက်နှာချင်းဆိုင်မိရက်သား ဖြစ်သွားရသည်။

"မြို့စားကြီးကတော် ... အိုဖီလီယာ !"

ထိုသူက အိုဖီလီယာ ရိုင်ဇန် ဖြစ်ပါ၏။


TK Team
++++++++