Chapter 7
Viewers 348

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၇)

"ကျွန်မတို့ စကားပြောဖို့ လိုတယ်။"

ဆိုဖာပေါ် ထိုင်ရင်း အထက်တန်းလွှာများနှင့် စကားပြောနေသည့် ဆိုဗက်စ်စတာ၏ အင်္ကျီလက်ကို ကျွန်မ လှမ်းဆွဲလိုက်သည်။

"ဒါကိုပဲ ကြည့်ကြပါတော့၊ ကျွန်တော့်ရဲ့ဇနီးက ကျွန်တော်နဲ့အတူ ရှိချင်ပြန်ပြီတဲ့။"

ဆိုဗက်စ်စတာက ရယ်မောလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။သူက အနည်းငယ် သောက်ထားသဖြင့် သူက ပုံမှန်အခြေအနေထက် တည်ကြည်မှု လျော့နည်းနေသည်။သို့သော်ငြား သူထံတွင် ရှိနေကျ ညှို့ယူဖမ်းစားနိုင်သော ယောကျ်ားပီသသည့် ဆွဲဆောင်မှုက ပျောက်ကွယ်မသွားပေ။အမှန်အတိုင်း ဆိုရပါမူ သူ၏လွှမ်းမိုးနိုင်မှုသည် အရင်ကထက်ပင် ပို၍ ထင်ရှားပေါ်လွင်လာသည်။

ထိုအခိုက်အတန့်တွင် ကျွန်မ ကြောက်လန့်သွားသည်။သို့ပေမဲ့ ကိုယ့်ဘာသာ ပြန်အားတင်းထားလိုက်ပြီး ကျွန်မပြောရမည့် စကားများကို အမြန် ပြန်စဥ်းစားလိုက်သည်။

"မှန်တာပေါ့။ကျွန်မက ရှင်နဲ့ အတူရှိချင်တာလေ။ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မနဲ့ ခဏလောက် လိုက်ခဲ့ပေးပါဦး။"

"ခင်ဗျားတို့ ကြားကြတယ် မဟုတ်လား ။ဒါဆို ကျွန်တော်လည်း သွားပါတော့မယ်။"

ဆိုဗက်စ်စတာက သူနှင့် စကားပြောနေသူများကို နှုတ်ဆက်လိုက်ပြီး ကျွန်မ၏လက်ကို ဆွဲယူလိုက်သည်။ကျွန်မတို့ လက်တွဲဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ထို့ကြောင့် ကျွန်မ တောင့်တင်းသွားရသည်။သူက ကျွန်မ၏နားနားသို့ သူ့နှုတ်ခမ်းများကို တိုးကပ်ရင်း တီးတိုးပြောလိုက်သည်။

"မင်း ကိုယ့်ကို လာခေါ်တာ အချိန်ကိုက်ပဲ။"

သူ၏ အသက်ရှုသံပြင်းပြင်းနှင့် စကားသံက ကျွန်မ၏နားကို ယားယံလာစေသည်။

အား

ကျွန်မ ရုန်းလိုက်ပြီး ကိုင်ထားခံရသည့် လက်ကို သူ့လက်ထဲမှ ပြန် ဆွဲထုတ်ပစ်လိုက်သည်။သို့သော် သူက ဘာတစ်ခုကိုမှ ဂရုစိုက်မနေဘဲ သူပြောချင်တာကိုသာ ဆက်ပြောနေဆဲပင်။

"သူတို့က ဈေးကွက်ပေါက်ဈေးထက် ပိုဈေးတင်ဖို့ ကြိုးစားနေကြတာ။ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ယှဥ်ရင် ဒါက ပိုဈေးကြီးနေတယ်လေ။ဒါပေမဲ့ သူတို့က အထွန့်တက်ချင်နေတုန်းပဲ။ထုတ်ကုန်တွေကို သူတို့ဘာသာ သူတို့ ရောင်းကြည့်သင့်တယ်။"

သူ မျက်မှောင်ကြုတ်ထားပြီး သေချာစည်းနှောင်ထားသည့် နက်ခ်တိုင်ကို ဖြေလျှော့ပစ်လိုက်သည်။

"ဒါပေမဲ့ ကိုယ်တို့ ပိုက်ဆံကိစ္စ အသေးစိတ် မပြောခင် မင်းက ကိုယ့်ကို အချိန်ကိုက် လာခေါ်ပေးတယ်လေ။ဒါကြောင့် ကိုယ် မင်းကို ကျေးဇူးတင်ချင်တယ်။"

ထို့နောက် သူ ကျွန်မကို ပြုံးပြသည်။

ကျွန်မ ထိုအခိုက်အတန့်၌ ဘာမှ မလုပ်နိုင်ဘဲ ရပ်တန့်သွားရ၏။သို့သော် စိတ်ညစ်မနေတော့ဘဲ ခေါင်းကို ခါလိုက်ပြီး တည်ငြိမ်နေသည့်နှယ် ဟန်ဆောင်လိုက်သည်။

"ကျွန်မ ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။မတော်တဆ တိုက်ဆိုင်သွားတာ သက်သက်ပဲ။"

"အဲ့လိုလား"

"ဟုတ်တယ်"

ကျွန်မ ဆိုဗက်စ်စတာကို လူမရှိသော အခန်းတစ်ခုသို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်။အထဲသို့ ဝင်ပြီးသည်နှင့် ကျွန်မလည်း တံခါးဂျက်ထိုးလိုက်ပြီး ပြတင်းပေါက်လိုက်ကာကို ဆွဲလိုက်သည်။ပြတင်းပေါက်ကို လုံခြုံအောင် ပိတ်ပြီးနောက် ခါးထောက်လိုက်ရင်း ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ 

"ရှင် ဘာကြောင့် ဒီလိုတွေ လုပ်ရတာလဲ။"

ဆိုဗက်စ်စတာက ခေါင်းကို စောင်းငဲ့လိုက်သည်။

"မင်း ဘာကိုဆိုလိုတာလဲ။"

"အိမ်ရှေ့စံမင်းသားရှေ့မှာ ရှင် အဲ့ဒီလိုမျိုးတွေ ဘာကြောင့် လျှောက်ပြောနေတာလဲ။"

သူကတော့ ကျွန်မ ပြောသည်ကို နားမလည်သလို ဖြစ်နေဆဲပင်။ထို့ကြောင့် ကျွန်မလည်း အသံကို မြှင့်လိုက်ရသည်။

"ရှင် ကျွန်မကို ကြိုက်တယ်ဆိုပြီး ဘယ်တုန်းက ပြောလို့လဲ။ဘာကြောင့် ရှင် အဲ့လိုတွေ လျှောက်ပြောနေရတာလဲ။"

"အာ"

ဆိုဗက်စ်စတာမှာ နောက်ဆုံးတော့ နားလည်သွားသဖြင့် ပြန်ကြည့်လာပြီး ပေါ့ပေါ့ပါးပါးပဲ ပြောသည်။

"ဒီလိုလုပ်မှ အိမ်ရှေ့စံမင်းသားက မင်းအပေါ် ပိုပြီး စိတ်ဝင်စားလာမှာလေ။"

ရှင် ဘယ်လိုသောက်ကျိုးနည်းတွေ ပြောနေတာလဲ။

ကျွန်မ ကြက်သေသေသွားရပြီး ပါးစပ်အဟောင်းသားနှင့် သူ့ကို ကြည့်နေမိသည်။

"ကိုယ်တို့က စကားစစ်ထိုးနေရတဲ့ အလယ်မှာလေ၊ ပြီးတော့ ကိုယ်ကြိုက်ရတဲ့ အမျိုးသမီးက မင်း ပါလို့ ရုတ်တရက် ပြောလိုက်တော့ သူ့ရဲ့အာရုံကို နှောင့်ယှက်လိုက်ရာ မရောက်ဘူးလား။"

ကျွန်မ၏စိတ်ထဲတွင် ဗလာသက်သက် ဖြစ်နေသည်။ထွက်ပြေးရန် ကြိုးစားနေသော စိတ်ဝိညာဥ်ကို မနည်း ဖမ်းဆွဲထားရသည်။

"ဒါဆို ဒီလိုမျိုးပြောလိုက်တာက ကျွန်မကို အိမ်ရှေ့စံမင်းသားအပေါ် ဖြားယောင်းခိုင်းဖို့ စီစဥ်ထားတဲ့ ရှင့်ရဲ့ အစီအစဥ်ထဲက တစ်စိတ်တစ်ပိုင်းပေါ့။"

"အမှန်ပဲ"

"ရှင့်မှာ အရှက်မရှိဘူးလို့ ပြောရုံနဲ့ မလုံလောက်သေးဘူး။ဒါပေမဲ့ ကျွန်မလည်း ဒီလောက်ပဲ ပြောနိုင်လို့ ၊ရှင်က အရှက်ကို မရှိဘူး။"

"ဘာ"

ကျွန်မပြောလိုက်သည့် စကားကြောင့် ရှော့ခ်ရသွားပုံဖြင့် ဆိုဗက်စ်စတာ၏ ချောမောသော မျက်နှာမှာ ရှုံ့မဲ့သွား၏။သို့သော် ကျွန်မကတော့ ဂရုမစိုက်ပါ။

"ရှင့်ကို ကျေးဇူးတင်ရမှာပဲ။ ကျွန်မမှာ လေဒီတွေ တစ်အုပ်ကြီးကြားထဲ ဟိုပြေးလိုက် ဒီပြေးလိုက် ဖြစ်နေရတယ်။သူတို့က မြို့စားကြီးရဲ့အသည်းနှလုံးကို ကျွန်မက ဘယ်လိုမျိုး သိမ်းပိုက်လိုက်ပါတယ်ဆိုပြီး ပြောနေကြတာ။အဲ့ဒါကလည်း နှစ်နာရီ ဆက်တိုက်နော်။အိုး၊ ကျွန်မက အရမ်းယဥ်ကျေးမှုရှိတာပဲ။"

"မင်းက သူတို့ပြောတာကို နားထောင်တယ် ဟုတ်လား။မင်း လုပ်နေကျအတိုင်း စီးထားတဲ့ ဖိနပ်နဲ့ သူတို့ကို မရိုက်ပစ်ခဲ့ဘူးပေါ့။"

"ဒီလို အသိဥာဏ်မရှိတဲ့ လုပ်ရပ်တွေ ကျွန်မ နောက်ထပ်လုပ်မှာ မဟုတ်ဘူး။"

ဆိုဗက်စ်စတာက နှာမှုတ်လိုက်သည်။

"အနောက်အရပ်က နေထွက်တော့မယ် ထင်တယ်။"

ကျွန်မ ပိုပြီးစိတ်ပျက်သွားရသည်။ဆိုဗက်စ်စတာ ဆုတောင်းသလို ဖြစ်အောင် လုပ်နိုင်မည်ဟု ကျွန်မဖြင့် မထင်ပေ။

"မင်းသားရဲ့ အစောပိုင်း တုံ့ပြန်တဲ့ပုံစံကို ရှင် မတွေ့ခဲ့ရဘူးလား။"

"ဘယ်လို တုံ့ပြန်တာလဲ"

" 'ငါ ဒါကို မုန်းတယ်၊ ငါ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး' ဆိုတဲ့ တုံ့ပြန်မှုပုံစံလေ။"

"သူက အမြဲတမ်း အဲ့လိုပုံစံပဲ။မင်းရဲ့တည်ရှိမှုက သူ့အကြပ်အတည်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေတယ်လေ။"

"ရှင် ဒါကို သိရက်သားနဲ့ ကျွန်မကို သူ့အပေါ် သွေးဆောင်ဖြားယောင်းခိုင်းနေတုန်းပဲလား။"

ဆိုဗက်စ်စတာက ကျွန်မအနားသို့ တစ်လှမ်း တိုးလာခဲ့သည်။

"မင်း ဒါကို လုပ်နိုင်ပါတယ် ၊ မင်း ..."

သူက ကျွန်မပုခုံးရှေ့တွင် ကျဆင်းနေသော ငွေဖြူရောင်ဆံနွယ်ရှည်များကို ညင်သာစွာ ယူလိုက်ပြီး နားရွက်နောက်သို့ ညှပ်ပေးသည်။

"မင်းက တိုက်ကြီးတစ်ခုလုံးမှာ အလှဆုံးမိန်းမ ဖြစ်နေလို့ပဲ။"

သူ၏ နောက်ကျောဖက်တွင် လမင်းကြီးကို မြင်နေရသည်။ဖြာကျနေသော လရောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ညအမှောင်ထုကြားတွင် တောက်ပလင်းလက်နေစေခဲ့သည်။ခုန်ပေါက်နေသော နှလုံးသားနှင့် ထပ်တလဲလဲ ပေါ်လာသော အတွေးများကို ကျွန်မမှာ မနည်းကြိုးစား ဖိနှိပ်နေရသည်။သူ့မျက်နှာက ကျွန်မအတွက် အန္တရာယ်များလှ၏။

"ရပြီ"

သူ့လက်ကို ကျွန်မ တွန်းဖယ်ပစ်ရင်း ပြောလိုက်သည်။

"မင်းက လှပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ဒေါသကတော့ အဆိုးတကာ့ အဆိုးဆုံးပဲ။"

"ထင်မှတ်မထားမိဘူး။ ရှင်က ကိုယ့်ကိုကိုယ်ပဲ အကောင်းမြင်တဲ့ အတ္တပေမဝါဒီ တစ်ယောက်ပဲ။"

"မင်းရဲ့ ပါးစပ်ပေါက်လေးသာ ပိတ်ထားလိုက်ရင် တကယ်ကို ပြီးပြည့်စုံသွားပြီ။"

"ဟမ့်"

ဆိုဗက်စ်စတာသည် စွမ်းအင်တွေ ပြည့်နေသည့်အတိုင်း နှာမှုတ်လိုက်သည်။ကျွန်မ လျစ်လျုရှုထားရင်း အသိစိတ်ဝင်လာသည်နှင့် တပြိုက်နက် ဆိုဗက်စ်စတာ၏ မျက်လုံးထဲသို့ တည့်တည့် ကြည့်ပစ်လိုက်သည်။

"ကောင်းပြီလေ။ ဒါကို လုပ်ကြရအောင်။"

ဆိုဗက်စ်စတာသည် ကွာရှင်းပေးဖို့ရာ အသည်းအသန် ငြင်းဆန်နေသဖြင့် ကျွန်မ တခြားလုပ်နိုင်တာ တစ်ခုမှ မရှိတော့ပေ။ထို့ကြောင့် ကျွန်မ၏ရည်မှန်းချက်ကို အောင်မြင်နိုင်ဖို့ နည်းလမ်းတစ်ခုသာ ကျန်တော့သည်။

"ကျွန်မ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းသွေးဆောင်လိုက်မယ်။"

ဆိုဗက်စ်စတာ ပြောခဲ့သလို အိမ်ရှေ့စံမင်းသားကို ကျွန်မတို့ဖက် ပါလာအောင် သွေးဆောင်ဖြားယောင်းနိုင်ခဲ့မည် ဆိုပါက ကျွန်မ ကွာရှင်းခွင့် ရလိမ့်မည်။ထို့အပြင် ကယ်လီယန်သာ ကျွန်မဖက်သို့ ရောက်လာလျှင် အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်မည့် မလိုလားအပ်တဲ့အခြေအနေတွေ ကျွန်မအနေဖြင့် ကြိုတင်ကာကွယ်ပြီးသား ဖြစ်မည်။ကျွန်မသာ ဤအစီအစဥ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက ရလဒ်ကောင်းများ ရရှိလာမည် ဖြစ်သည်။

ဒါပေမဲ့ ကယ်လီယန်က ငါ့ကို မုန်းနေတယ်လေ။

ထို့ကြောင့် ကျွန်မ သူ့ကို ဘယ်လိုနည်းဖြင့် သွေးဆောင်ဖြားယောင်းမည်ကို အစီအစဥ် ချမှတ်ရန် လိုအပ်သည်။

ပြီးတော့ ငါ့အနေနဲ့ ဆိုဗက်စ်စတာကိုလည်း သတိထားဖို့ လိုတယ်။

ဆိုဗက်စ်စတာသည် ဗီလိန်ဂုဏ်ပုဒ် ရသည်အထိ ဥာဏ်နီဥာဏ်နက်အလွန်များသော ဇာတ်ကောင် ဖြစ်သည်။ထို့ကြောင့် ကျွန်မလည်း စိတ်အေးလက်အေး ဖြစ်နေ၍ မရပေ။

ဒီကိစ္စက မလွယ်လောက်ဘူး။

"ဘယ်လိုလဲ ..."

ကျွန်မ မျက်နှာကို မော့ထားလိုက်သည်။

"အရှင့်သားက ကျွန်မအပေါ် နှစ်သက်မှုကို ပြလာတဲ့အခါတိုင်း ရှင် ကျွန်မကို ပိုက်ဆံပေးရမယ် ဆိုရင်ရော။ စာတစ်စောင်ပေးရင် ရွှေဒင်္ဂါး ဆယ်ပြား၊ပန်းစည်းပေးရင် ရွှေဒင်္ဂါး အပြားနှစ်ဆယ်။ ရှင် ဘယ်လို သဘောရလဲ။"

"ဘာ"

"ကွာရှင်းပြီးရင် အေးအေးဆေးဆေးနေနိုင်ဖို့ ပိုက်ဆံလိုတယ်လေ။မဟုတ်ဘူးလား။"

ဆိုဗက်စ်စတာသည် တစ်ခုခု ပြောမည့်နှယ် ပါးစပ်ဟလာပြီးမှ ပြန်ပိတ်လိုက်ပြီး တိတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။သူက ကျွန်မ၏စကားများကို တွေးတောနေပုံပင်။

နောက်ဆုံးတွင်မူ သူကပဲ စကားတစ်ခွန်းပြော၍ တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။

"မင်းက အရမ်းကို တမူထူးခြားတဲ့ သူပဲ။"

သူက အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး တစ်စုံတစ်ရာကို ယူထုတ်၍ ကျွန်မထံ ပေးလာသည်။

"ကိုယ် ငွေကြိုရှင်းထားမယ်။"

ကျွန်မ ငုံ့ကြည့်လိုက်လျှင် အင်ပါယာ စည်းတံဆိပ် ခတ်နှိပ်ထားသော ရွှေဒင်္ဂါးပြားများကို တွေ့ရသည်။စည်းတံဆိပ်နှင့် ရွှေဒင်္ဂါးတစ်ပြားသည် သာမန်ရွှေဒင်္ဂါး အပြားငါးဆယ်နှင့် ညီမျှသည်။စည်းတံဆိပ်ပါရွှေဒင်္ဂါး အပြားငါးဆယ်နှင့်ဆိုလျှင် သင်သည် ငါးလတိတိ ပိုက်ဆံသုံးဖြုန်းရင်း မရပ်မနား စားသောက်နေ၍ ရသည်။

ကျွန်မ၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။

"ကျေးဇူးတင်ခြင်းနဲ့အတူ လက်ခံရရှိလိုက်ပါပြီ။"

ဟီးဟီး

ရွှေဒင်္ဂါးပြားများကို ကျွန်မ၏ အိတ်ကပ်ထဲသို့ အလျင်အမြန် ထည့်သိမ်းလိုက်သည်။

ကျွန်မကို တစ်ချက် ကြည့်ပြီးနောက် ဆိုဗက်စ်စတာက ခန်းမထဲသို့ ပြန်သွားတော့မည်ဟန်ဖြင့် နောက်လှည့်သွားပြီးမှ ရပ်တန့်လိုက်ကာ ကျွန်မဆီသို့ ပြန်ကြည့်လာသည်။

"ရိုင်ဇန်ရဲတိုက်ရဲ့ နောက်ဖေးလမ်းကြားမှာ ဘာတွေပြောကြလဲဆိုတာ မင်း သိလား။" 

"ဘာလဲ"

"မင်း လိုချင်သလောက် များများစားစား လုပ်ဖို့ လိုတယ်။"

"..."

"အဲ့လို မဟုတ်ရင် မင်းရဲ့လက်ကောက်ဝတ်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။"

ဆိုဗက်စ်စတာ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားသည်။

"ဒါလေး မင်းကို အသိပေးချင်ရုံပါ"

ပြန်ဖြေရမည့်အစား တိတ်ဆိတ်နေလိုက်ပြီး ကျွန်မ၏ လက်ခလယ်ကိုသာ ထောင်ပြလိုက်တော့သည်။


TK Team
++++++++