Chapter 14
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၄)

"ကျွန်မ ဒီနေ့ ဘာမှ မလုပ်ခဲ့ပါဘူး။"

ကျွန်မ အမှန်တကယ် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ကျွန်မ တစ်ခုခု လုပ်ဖို့ကြိုးစားခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။အိမ်ရှေ့စံမင်းသားကပင် ကျွန်မနှင့် တွေ့ဆုံရန် ငြင်းဆန်နေခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း ဆိုဗက်စ်စတာကတော့ ကျွန်မကို ယုံကြည်ပုံ မရပေ။သူက မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ကျွန်မကို ကြည့်ခဲ့သည်။

"မလိမ်နဲ့"

ထို့နောက် ကျွန်မ၏မျက်လုံးရှေ့တွင် စာရွက် အပိုင်းအစတစ်ခုကို လှုပ်ခါပြသည်။

"မင်းသာ တစ်ခုခု မလုပ်ခဲ့ဘူးဆိုရင် အိမ်ရှေ့စံမင်းသားက ဒီစာကို ဘာဖြစ်လို့ ပို့ရမှာလဲ။"

စာ…

ကျွန်မ သူ့လက်ထဲက စာရွက်ကို အမြန်ဆွဲယူလိုက်သည်။

"ဒါက ဘာလဲ။"

ထိုစာမှာ အလွန်တိုပြတ်လှသည်။

[မင်းရဲ့ဇနီးနဲ့အတူ နန်းတော်ထဲကို အခုချက်ချင်း ဝင်လာခဲ့။]

စာကြွင်း တစ်ကြောင်း ပါရှိသည်။

[ငါ့ရဲ့အမျိုးသမီးကို ထိခဲ့တဲ့အတွက် မင်းတို့ ပြန်လည်ပေးဆပ်ရလိမ့်မယ်။]

"ငါ့ရဲ့အမျိုးသမီး ဆိုတာက"

သူက ကောင့်မြို့စားကတော်ဖလဲရ်ကို ဆိုလိုတာလား။

"သူ ဘယ်လို သောက်ရေးမပါတာတွေ ပြောနေရတာလဲ။"

ကျွန်မ ပါးစပ်က အလိုအလျောက် ပြောထွက်သွားသည်။

ဆိုဗက်စ်စတာက ကျွန်မကို ပြစ်တင်ကြိမ်းမောင်းသည်။

"ဒါက ကိုယ်ပြောချင်တဲ့ အရာပဲ။ အိမ်ရှေ့စံမင်းသားက ဒီလို စာမျိုးကို ပို့ရလောက်အောင် ဘယ်လို သောက်ကျိုးနည်းတာတွေ ဖြစ်ခဲ့တာလဲ။"

"ကျွန်မ တကယ် ဘာမှ မလုပ်ခဲ့ဘူး!"

ကျွန်မကိုယ် ကျွန်မ ခုခံပြောဆိုနေရင်းနှင့်မှ အတော်လေး မင်သက်အံ့ဩနေမိသည်။

"ငါ့ရဲ့ အမျိုးသမီးကို ထိခဲ့တယ် တဲ့လား။ကျွန်မက ကောင့်မြို့စားကတော်နဲ့ ဆုံလို့ ဟယ်လို ဆိုပြီး နှုတ်ဆက်ခဲ့ရုံပဲ။"

သို့တိုင် ဆိုဗက်စ်စတာက ကျွန်မကို သံသယဖြစ်နေဆဲ ဖြစ်သဖြင့် ကျွန်မလည်း ပေါက်ကွဲထွက်တော့မလို ခံစားလာရသည်။

"ကျွန်မပြောတာကို ယုံတာ၊မယုံတာ ရှင့်ကိစ္စပဲ။ဒါပေမဲ့ ကျွန်မ နောက်ထပ်တစ်ခါ ထပ်ပြောလိုက်မယ်။ကျွန်မ အမှန်တကယ်ကြီးကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလို့။"

ဒါတောင် သူက ကျွန်မကို သံသယဖြစ်နေဆဲပင်။သို့သော် သူက ပါးစောင်ကို လျှာဖြင့် ထိုးရင်း အချိန်အတော်ကြာသည်အထိ စဥ်းစားချင့်ချိန်ကြည့်ပြီးမှ သက်ပြင်းမောကြီး ချလိုက်ပြီး ကျွန်မကို ရထားလုံးဆီ ပြန်ခေါ်သွားပေးသည်။

"သွားကြမယ်။"

အခုပဲဆင်းလာသော ရထားလုံးပေါ်သို့ ကျွန်မ နောက်ထပ်တစ်ခါ ပြန်တက်လာရပြန်သည်။

*

ကျွန်မသည် တော်ဝင်နန်းတော် ဂိတ်တံခါးကို ဒုတိယအကြိမ်မြောက် ဖြတ်သန်းရပြန်သည်။ကျွန်မကို 'ထွက်သွား' ဟု ပြောခဲ့သော အစေခံသည် ကျွန်မ၏ရှေ့တွင် တစ်ခါမှ မကျိန်ဆဲဖူးသလိုမျိုးဖြင့် ကျွန်မတို့ကို လမ်းပြပေးနေလေရာ ကျွန်မလည်း မကျေမချမ်း ဖြစ်လာရသည်။

"စောနက အဲ့ဒီလူ ကျွန်မကို ဆဲခဲ့တယ်။"

ကျွန်မ ဆိုဗက်စ်စတာကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"သူက ကျွန်မကို ထွက်သွား လို့ ပြောတယ်။ဒီစကားကို အိမ်ရှေ့စံမင်းသားက အမိန့်ရှိတာလို့တော့ သူပြောတာပဲ။ဒါပေမဲ့ သူက နည်းနည်းတော့ လွန်နေတာ မဟုတ်ဘူးလား။"

ဆိုဗက်စ်စတာက ကျွန်မဖက်သို့ ကြည့်လာသည်။

"အဲ့ဒီတော့"

"ဘာကိုလဲ"

"ကိုယ်က အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်ပေးရမလဲ။"

"ရှင် ...ရှင့်ဇနီးက ဒီလို အပြောခံရတာကို ရှင် ဒေါသမထွက်ဘူးလား။"

ဆိုဗက်စ်စတာသည် ကျွန်မကို အေးစက်စက်ဖြင့် ပြန်ဖြေသည်။

"မင်းကို လူတွေက ထွက်သွားလို့ ပြောတာကို မင်း ဘယ်နကြိမ်လောက် ကြားပြီးပြီ မို့လို့လဲ။မင်း အခု ကျင့်သားရနေလောက်ပြီလေ။"

"ဟုတ်ပါတယ်။ဒါတွေ အားလုံးက ကျွန်မ အပြစ်တွေပဲမို့လို့ လူတိုင်းက ကျွန်မကို အပြစ်ပြောနေကြတာပါ။"

သူ့အဖြေကြောင့် စိတ်ပျက်သွားသဖြင့် ကျွန်မ နှုတ်ခမ်းဆူလိုက်သည်။

ထိုသို့ လုပ်လိုက်သည်ကို သူတွေ့သွားသောအခါ ကျွန်မကို ရယ်တော့သည်။

"မင်းကရော ပိုပြီး ကြမ်းကြမ်းတမ်းတမ်း မဆဲဖူးလို့လား။"

"ကျွန်မကလေ။"

"ဟုတ်တယ်လေ၊အရင်တစ်ခါက မြို့စားမင်းကြီးကတော်ကို မင်းရဲ့ပါးစပ်နားကိုတောင် ရောက်လာခွင့်မရှိတဲ့ မကျက်တကျက် ထမင်းစေ့လိုပဲဆိုပြီး ပြောခဲ့သေးတာ မဟုတ်လား။"

သူ ပြန်ဖြေသည်ကို ကြားရသည်နှင့် ကျွန်မ ပါးစပ်ပိတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်ရသည်။

အိုဖီလီယာ ၊နင်က လူတွေကို ဆဲဆိုတဲ့နေရာမှာ အတော်ကို  တီထွင်ဆန်းသစ်တတ်တာပဲနော်။ မဟုတ်ဘူးလား။

သည်လို စော်ကားမှုမျိုးကို ကျွန်မ မတွေးမိခဲ့လျှင်တောင်မှ ကျွန်မသည် မူလအိုဖီလီယာ၏ နောက်ကွယ်တွင် နေထိုင်ရသူ ဖြစ်နေဆဲပင်။

"ကျွန်မ သူမဆီ မကြာခင် သွားလည်ပြီး တောင်းပန်လိုက်မယ်။"

"ဘယ်လို"

ဆိုဗက်စ်စတာသည် ကျွန်မ၏ပါးစပ်မှ ထွက်လာသော စကားများကို မယုံကြည်နိုင်သည့် ပုံစံဖြင့် ကျွန်မကို လှည့်ကြည့်လာသည်။

"မင်း ဘယ်လို တောင်းပန်ဦးမလို့လဲ။ 'ရှင့်ကို မကျက်တကျက် ထမင်းစေ့နဲ့ တူတယ် ပြောမိလို့ တောင်းပန်ပါတယ်' ဆိုပြီး မင်းက သွားပြောမလို့လား။"

"ဒါက မကောင်းလို့လား။"

အတော်လေး ကသိကအောက် ဖြစ်နေရမည်ကို ကျွန်မ စဥ်းစားမိသွားပြီး တောင်းပန်မည် ဆိုသည့်စကားကို ပြန်ရုပ်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည်။

"ကျွန်မ မှားခဲ့တာအတွက် တောင်းပန်ခဲ့ရင် ကျွန်မရဲ့ နာမည်ဂုဏ်သတင်းက ပိုကောင်းလာလိမ့်မယ်။"

တောင်းပန်တာက ငါ့ရဲ့ ဂုဏ်သတင်းကို တကယ်ပဲ ပြန်ပြင်ပေးနိုင်ရဲ့လား။

ငါလဲ မသိတော့ဘူး။

အခုအချိန်ထိ ကျွန်မ လုပ်ခဲ့သမျှအရာတွေကြောင့် လူတွေ ကျွန်မအကြောင်း တွေးကြ၊မြင်ကြသည့် ပုံစံကို ပြောင်းလဲပစ်မည်ဆိုလျှင် ကျွန်မအနေဖြင့် နှစ်အနည်းငယ်ကြာသည်အထိ ဘာမှမလုပ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေဖို့လိုသည်ကို သိပါသည်။ကျွန်မဖက်မှ အလျင်အမြန် ကွာရှင်းချင်နေခဲ့သည် မှတပါး အခြားမရှိပေ။တိတ်ဆိတ်အေးချမ်းသော နေရာတစ်ခုသို့ သွားပြီး ငြိမ်းချမ်းစွာ နေထိုင်သွားချင်သည်။ကျွန်မဆီမှ မလိုအပ်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေလည်း ထပ်ဖြစ်မလာနိုင်တော့ပေ။ထိုသို့ တွေးကြည့်လိုက်လျှင်ပင် ကျွန်မကို အလွန် ပျော်ရွှင်စေပါ၏။

သို့သော် ကျွန်မ၏အိပ်မက်တွေကို အနှောင့်အယှက် ပေးနေသော ဆိုဗက်စ်စတာဆိုသည့် တစ်စုံတစ်ယောက်က ရှိနေပါသည်။

"မင်းက မင်းရဲ့ ဂုဏ်သတင်းကို ပြန်ပြင်ချင်တာလား။"

သူက ထိုအတွေးကို ဆန့်ကျင်လိုသည့် ပုံစံဖြစ်နေသည်။

"မင်းက နာမည်ဆိုးနဲ့ ကျော်ကြားလေလေ၊ ပိုကောင်းလေလေ ပဲ။"

"ဘာကြောင့်လဲ"

ကျွန်မ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ဘာကြောင့်လဲ ဆိုတော့ ..."

သူ ပြောလာလိမ့်မည်ဟု ကျွန်မ တစ်ခါမှ မတွေးဖူးပါသော တစ်စုံတစ်ရာကို ဆိုဗက်စ်စတာက ဆက်ပြောလာခဲ့သည်။

"မင်းက မကောင်းမှုတွေ ပိုပြီးကျူးလွန်ရင် မင်းအပေါ်မှာ အာရုံစိုက်တာတွေ ပိုများသွားတယ်။ဒါက ကိုယ့်အတွက် ကောင်းတဲ့ကိစ္စပဲ။"

"ရှင် ဘာကို ဆိုလိုတာလဲ။"

"ဒီတိုင်း စဥ်းစားကြည့်လေ။"

ကျွန်မ မျက်ခုံးများကို တွန့်လိုက်မိသည်။

"ကျွန်မက မကောင်းတာတွေလုပ်ရင်း လူတွေရဲ့အာရုံကို ဆွဲဆောင်မိသွားတဲ့အချိန်မှာ ရှင်က ပိုပြီး ဆိုးရွားတာတွေ လုပ်နေတယ်လို့ ရှင် ပြောချင်တာလား။"

"ဒါပဲလေ။မင်းက အရမ်းကို ပါးနပ်ပါပေတယ်၊ကိုယ့်ဇနီးလေး။"

ဝါး…

ကျွန်မ ဆိုဗက်စ်စတာနှင့် အတူရှိခွင့်ရသည်မှာ အစကနေ အဆုံးထိ ကံမကောင်းလှချေ။ကျွန်မ စကားလုံးတိုင်းကို သေချာအလေးအနက်ထားပြီး ပြောလိုက်သည်။

"ကျွန်မ ဒါမျိုးတွေ နောက်ထပ် လုပ်တော့မှာမဟုတ်ဘူး။အိမ်ရှေ့စံမင်းသားက ကျွန်မတို့ဘက်ကို ရောက်လာတာကို လိုချင်ရင် ကျွန်မဘေးမှာ ဝိုင်းနေတဲ့ ကောလာဟာလ သတင်းဆိုးတွေကို ကျွန်မတို့ ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။"

ကျွန်မမှာ အချက်တစ်ခု ရှိသည်။အဲ့ဒါကြောင့် ဖြစ်နိုင်သည်။ ဆိုဗက်စ်စတာက ကျွန်မကို ထူးဆန်းနေသည့်ပုံစံဖြင့် ကြည့်နေသောကြောင့် ဖြစ်မည်။

"အသွားနှစ်ဖက်နဲ့ ဓါးတစ်လက်ပေါ့။"

သူက ကြမ်းကြမ်းတမ်းတမ်း ရေရွတ်လိုက်ပြီး ရှေ့က ဦးဆောင်ပြီး သွားနေသော အစေခံကို ခြေထောက်နဲ့ ကန်ချပစ်လိုက်သည်။

"အား!"

အစေခံသည် ဒူးထောက်ရက်သားဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

"ဒါက ငါ့ဇနီးကို ဆဲဆိုရိုင်းပြတဲ့အတွက် တန်ရာတန်ကြေးပဲ။"

ထိုသူမှာ အလွန်ပင် သနားစဖွယ် ဖြစ်နေသော်လည်း ဆိုဗက်စ်စတာက သူ့ကို အပေါ်စီးမှ စူးရှစွာ ကြည့်နေသည်။ 

"မင်း သူမကို ဒါမျိုး နောက်တစ်ကြိမ် ထပ်ပြောမယ်ဆိုရင် မင်းရဲ့လည်ပင်းကို အရင်ဆုံး နှုတ်ဆက်ထားလိုက်။"

ထိုသူသည် ကယ်လီယန်၏ သီးသန့်အစေခံတစ်ယောက် ဖြစ်ရာ သူ့အပေါ် ဤသို့ ပြုလုပ်လိုက်ခြင်းက ကျွန်မကို အလွန် အံ့ဩသွားစေခဲ့သည်။သို့သော် ဆိုဗက်စ်စတာမှာ အရာအားလုံး အဆင်ပြေနေသကဲ့သို့ အမူအရာတစ်ချက်မှ ပြောင်းလဲသွားခြင်း မရှိပေ။

ကောင်းပြီလေ၊နောက်ဆုံးတော့လဲ သူက ဗီလိန်ပဲဟာ။

ဆိုဗက်စ်စတာသည် အင်ပါယာ၏ မြို့စားကြီးဖြစ်ပြီး ကြေးစားသစ္စာခံများ၏ အကြီးအကဲ ဖြစ်သည်။ထို့ကြောင့် သူ့ကို မည်သူကမှ ထိုသို့ မခေါ်ရဲပါပေ။အိုဖီလီယာ၏ အခြေအနေနှင့် အတော် ဆင်တူသည်။အိုဖီလီယာသည် ဘယ်လောက်ပင် ယုတ်မာသည်ဖြစ်စေ၊ဘယ်သူကမှ သူမကို အပြစ်ဖော်ဆုံးမခြင်း မပြုနိုင်ကြပေ။

ကယ်လီယန်မှ လွဲ၍

ဒါဆို နင်က ငါ့ကို အပြစ်ပေးမလို့ လှမ်းခေါ်လိုက်တာပေါ့လေ။

ဖလဲရ်ကို ဟယ်လိုဆိုပြီး နှုတ်ဆက်မိတာက လွဲလို့ ငါဘာမှ မလုပ်ခဲ့တာတောင်မှပဲလား။သူမကို နှုတ်ဆက်မိတာနဲ့ သူက ငါ့ကို လှမ်းခေါ်လိုက်ရတယ်ပေါ့၊ အဲ့လိုလား။ ဖလဲရ်က ငါ့ကို အရင် စကားလာပြောတာလေ။ငါကသာ သူမကို လျစ်လျူရှုလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ငါလဲ ဖော်ရွေဖို့ ကြိုးစားချင်တာပါ။

ငါ အကောင်းဆုံးဖြစ်အောင် လုပ်မယ်။

ကျွန်မသည် ပန်းချီခန်း၏ တံခါးကို စိုက်ကြည့်နေရင်းဖြင့် ထိုသို့ တွေးနေမိသည်။တံခါးကို ဖွင့်လိုက်မိသောအခါ ...

"ဘာလဲဟ"

ဖလဲရ် ငိုနေသည်ကို ကျွန်မ တွေ့လိုက်ရသည်။

ဘာတွေ ဖြစ်နေကြတာလဲ။

*

ဖလဲရ်သည် ကယ်လီယန်၏ လက်မောင်းများကြားထဲတွင် ငိုကြွေးနေခဲ့သည်။သူမက ဝမ်းနည်းပက်လက်ဖြင့် မျက်ရည်များကျနေသဖြင့် မျက်နှာလေးမှာ အလွန်သနားစရာကောင်းနေရာ သူ၏ အလိုလို ကာကွယ်စောင့်ရှောက်ပေးလိုစိတ်က တဖြည်းဖြည်း ကြီးထွားလာသည်ကို ကျွန်မသိနိုင်ပါသည်။

'ကျိုးကြေပျက်စီးလွယ်သည့် အလှလေး' ဆိုသော စကားလုံးသည် ဖလဲရ်၏ ပုံစံကို ပြည့်စုံစွာ ဖော်ပြပေးနိုင်သည်။သို့သော် သူမက ကျွန်မကြောင့် ငိုကြွေးသွားရသည် ဖြစ်ရာ ကျွန်မလည်း ရှက်ရွံ့လာမိသည်။

ဘာတွေ ဖြစ်နေကြတာလဲဟင်။

ကျွန်မလည်း ကယ်လီယန်နှင့် ဖလဲရ်တို့ကို ကြည့်ရင်း ကြက်သေသေနေမိသည်။

"အိုဖီလီယာ ရိုင်ဇန်"

ကယ်လီယန်သည် ကျွန်မကို ထိုးဖောက်တော့မတတ် စူးရှသော အကြည့်တစ်ချက်ဖြင့် ကြည့်လာသည်။သူ၏ မျက်နှာမှာ နီရဲနေပြီး မျက်လုံးများက ပြူးကျယ်နေရာ အမှန်တကယ်ပင် ဒေါသူပုန်ထနေပုံ ရပါ၏။

"ငါ မင်းကို ဖလဲရ်နဲ့ စကားမပြောဖို့ အမိန့်ထုတ်ထားတာ မဟုတ်လား။"

ကျွန်မ စိတ်ကို တင်းထားလိုက်ရင်း ပါးစပ်ကို တစ်ဝက်မျှ ဖွင့်လိုက်သည်။

"ကျွန်မက ကောင့်မြို့စားကတော်ကို ဟယ်လို လို့ ပြောလိုက်တာကြောင့် ရှင်က ဒေါသထွက်နေတာလား။"

"မှန်တယ်"

"ဒါကြောင့် ကောင့်မြို့စားကတော်က ငိုနေရတာလား။"

ကယ်လီယန်က ပြန်မဖြေပဲ တိတ်ဆိတ်နေခဲ့ပုံအရ ကျွန်မပြောသည်က မှန်သည်ဟု ဆိုလိုသည်။ကျွန်မ အလွန် ရှက်သွားသဖြင့် တစ်ချက်မျှ ရယ်လိုက်ရင်း နဖူးကို လက်ဖြင့် ထိလိုက်မိသည်။

"ကြည့်ပါဦး၊ ကောင့်မြို့စားကတော်ရယ်။"

ကျွန်မ ဖလဲရ်ကို စိုက်ကြည့်နေလိုက်သည်။

"ရှင်ကသာ ကျွန်မကို စကား အရင်လာပြောခဲ့တာပါ။ကျွန်မက ပြန်ဖြေခဲ့ရုံပဲ။ပြီးတော့ ကျွန်မတို့ စကားစမြည် ကောင်းကောင်း ပြောဖြစ်ခဲ့ကြတာလေ၊ မဟုတ်ဘူးလား။"

ကျွန်မတို့ ပြောသမျှအားလုံးမှာ 'နေကောင်းလား'၊'ဘယ်သွားမလို့လဲ' နှင့် 'အိမ်ကို ဘေးကင်းစွာ ပြန်ပါ' ဟုသာ ဖြစ်သည်။

အမှန်ပင် အပြစ်ကင်းစင်သော စကားများဖြစ်ပါသည်။

"ဒါဆို ရှင်က ရုတ်တရက် ဘာတွေ ထဖြစ်နေရတာလဲ။ကျွန်မ ဘာလုပ်မိလို့လဲ။"

ဖလဲရ်၏ ဖြူဖွေးသော မျက်နှာမှာ ပို၍ ဖြူစုတ်လာပြီး မျက်ရည်များမှာလည်း ကြက် ချေးယိုသကဲ့သို့ တလိမ့်လိမ့် စီးကျလာသည်။သူမ၏ရင်ညွန့်ကို သူမက ဆုပ်ညှစ်လိုက်ရင်း တကွတ်ကွတ် ကြို့ထိုးနေတော့သည်။

"အ...အရမ်း ကြောက်ဖို့ ကောင်းတာပဲ။"

"ဘာ"

ကျွန်မ သူမကို ကြည့်လိုက်သည်။အထူးသဖြင့် ကျွန်မ စိတ်ပျက်နေသည့် အချိန်တွင် ဖြစ်နေကျ မျက်နှာထားနှင့် သူမကို ကြည့်လိုက်မိလျှင် ကျွန်မဘက်က ခြိမ်းခြောက်သည်ထက်ပင် ကျော်သွားလောက်သည်။သို့သော် ကျွန်မ၏ ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။ဖလဲရ်ကလည်း တစ်ကြိမ်ပြီး တစ်ကြိမ် ကြို့ထိုးနေသလို ကယ်လီယန်၏အကြည့်များကလည်း ပို၍ပင် စူးရှလာခဲ့သည်။

"မင်းရဲ့ မျက်နှာထားကို အခုချက်ချင်း ပြန်ပြင်လို့ မရဘူးလား။"

"မရဘူးလေ။ရှင် ကျွန်မရဲ့မျက်နှာအကြောင်း ဘာဖြစ်လို့ ပြောနေရတာလဲ။"

"အိုဖီလီယာ ရိုင်ဇန်!"

ကယ်လီယန်၏ ကျယ်လောင်သော အော်သံက တစ်ခန်းလုံးကို ဖုံးလွှမ်းသွားသည်။

"မင်းသာ ချက်ချင်း မတောင်းပန်ရင် ငါ့ကို ပုဂ္ဂိုလ်ရေးအရ ဆန့်ကျင် စော်ကားတယ်လို့ မှတ်ယူရလိမ့်မယ်။ဒီတစ်ကြိမ်တော့ မင်းတို့မိသားစု လုံခြုံတော့မှာ မဟုတ်ဘူး။"

နင် ဘာတွေ လျှောက်ပြောနေတာလဲ။နင်က အခု ငါ့မိသားစုကို ခြိမ်းခြောက်နေတာလား။

ဤသို့ တရားမျှတမှု မရှိခြင်းကို ဆန့်ကျင်ချင်သည့် စိတ်က အလွန်ဆိုးရွားနေသဖြင့် ကျွန်မ လေးလေးနက်နက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ကျွန်မတို့သည် သာမန်မျှသာ စကားစမြည် ပြောခဲ့ခြင်း ဖြစ်ပါ၏။သို့သော် မည်သို့ပင် ဆိုစေဦးတော့ သူက ကျွန်မကို မယုံကြည်ပေ။သို့သော်လည်း ကျွန်မ စိတ်လွတ်သွားပြီး အလွန်အကျွံ လုပ်မိလိုက်လျှင် ကယ်လီယန်က ပို၍ ဒေါသဖြစ်လာမည် ဖြစ်ရာ သူ့ကို သွေးဆောင်ဖြားယောင်းမည့် အစီအစဥ်က ကျရှုံးသွားနိုင်သည်။ကယ်လီယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် အလို့ငှာ ကျွန်မ သည်ကိစ္စကို ခံနိုင်ရည်ရှိဖို့ လိုသည်။

"ကောင်းပြီ ...တစ်စုံတစ်ယောက်က ပြောဖူးတယ်။ကျွန်မကိုယ် ကျွန်မ သုံးကြိမ်တိတိ ထိန်းသိမ်းထားနိုင်ရင် လူသတ်မိသွားတာကို ရှောင်ကြဥ်နိုင်လိမ့်မယ်တဲ့။"

ကျွန်မ ထိုသို့ ရေရွတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ကျွန်မ အလွန် ဒေါသထွက်နေသဖြင့် ရူးသွပ်သွားတော့မည်ဟု ခံစားနေရသည့်တိုင် ဒါကို ကျွန်မ ပြန်လည် ချေပ၍ မရနိုင်ခဲ့ပေ။ အိမ်ရှေ့စံမင်းသားသည် ဤနေရာတွင် တစ်ဥိီးတည်းသော အမြင့်ဆုံး ဩဇာအာဏာပိုင်ရှင် ဖြစ်နေ၏။

ကျွန်မ ပုခုံးကို ပင့်လိုက်ရင်း တုန်ယင်နေသော လက်များကို တင်းတင်းဆုပ်ထားလိုက်ရသည်။ဆိုဗက်စ်စတာ၏ အကြည့်များက ကျွန်မ၏အသားအရည်ကို လောင်ကျွမ်းပြာကျစေလုမတတ် ဖြစ်လာသည်။သို့သော် ကျွန်မ ဒါကို လျစ်လျူရှုထားသည်။

"ကျွန်မ သဘောပေါက်ပြီ။"

"ကျွန်မ မှားပါတယ်။"

မျက်ရည်လည်ရွဲဖြစ်နေသော ဖလဲရ်ကို ကျွန်မ ကြည့်လိုက်သည်။

"ကျွန်မ ကောင့်မြို့စားကတော်ကို တောင်းပန် ..."

"ခဏနေဦး"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဆိုဗက်စ်စတာက ကျွန်မ၏စကားကို ဖြတ်ပြောလိုက်သည်။
 
"ကျွန်တော့်ဇနီးက ဘာအမှားလုပ်ခဲ့မိတာလဲ။"


TK Team
++++++++