ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၅)
"ကျွန်တော့်ဇနီးက ကောင့်မြို့စားကတော်ကို နှုတ်ဆက်တာက လွဲပြီး ဘာမှ မပြောခဲ့ပါဘူး။"
ဆိုဗက်စ်စတာ ဒေါသထွက်နေသည်။သူ့စကားများကြောင့် ကယ်လီယန်၏မျက်လုံးများ မှေးကျဥ်းသွားရသည်၊
"ဒါဆို ငါက အိုဖီလီယာကို အပြစ်တင်မနေသင့်ဘူးလို့ မင်းက ဆိုလိုချင်တာလား။"
ဆိုဗက်စ်စတာသည် အခိုင်အမာ တုံ့ပြန်လိုက်၏။
"ဟုတ်ပါတယ်"
ဘုရားသခင်…
ဆိုဗက်စ်စတာက ထိုသို့ ပြန်ပြောလိမ့်မည်ဟု ကျွန်မ မထင်ထားပေ။ထို့ကြောင့် ကျွန်မ စိတ်ချလက်ချနေရန် အာမခံချက်တစ်ခု ရရှိသကဲ့သို့ ခံစားလိုက်ရသည်။ကျွန်မ ဆိုဗက်စ်စတာကို 'ရှင် တော်တယ်' ဟု ဆိုလိုချင်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
သို့သော်လည်း…
"ကျွန်တော့်ဇနီးရဲ့အမှားတစ်ခုကတော့ သူမရဲ့မျက်နှာက ကြောက်စရာကောင်းနေတာပါ။"
"..."
သူက ဒီအခိုက်အတန့်လေးကို ဘာလို့ ဖျက်ဆီးပစ်လိုက်ရတာလဲ။
မှန်ပါသည်။သူက ယခုအခိုက်အတန့်လေးကို ဖျက်ဆီးပစ်လိုက်ပါ၏။ကျွန်မလည်း ဆွံ့အစွာဖြင့် ဆိုဗက်စ်စတာကို ငေးကြည့်နေမိသည်။သို့သော် သူက ပုခုံးကိုသာ တွန့်ပြလာသည်၊
"နောက်ဆုံးတော့ ကျွန်တော့်ဇနီးက အပြစ်ရှိတယ်လို့ ကျိန်းသေပေါက် ပြောလို့မရပါဘူး။ဒါကြောင့် အရှင့်သား ဒေါသကြီးနေရတာကို ကျွန်တော် နားမလည်နိုင်တာပါ။"
ကယ်လီယန်သည် ဆိုဗက်စ်စတာကို စူးရှသော အကြည့်တစ်ချက် ပေးလိုက်သည်။
"မင်း ပြောလို့ပြီးပြီလား။"
"မပြီးသေးပါဘူး"
ဆိုဗက်စ်စတာက အလျင်အမြန် ဆက်ပြောသည်။
"ကျွန်တော့်ဇနီးက အမှားတစ်စုံတစ်ရာကို လုပ်မိခဲ့တယ်ဆိုရင်တောင်မှ အရှင့်သားက ကျွန်တော်တို့ နှစ်ယောက်လုံးအပေါ် ဒေါသထွက်ပြနေတာက မှားနေပါတယ်။ အနည်းဆုံးတော့ အရှင့်သား ကျွန်တော့်ကို ကင်းလွတ်ခွင့် ပေးသင့်ပါတယ်။"
"ဘာကြောင့် အဲ့လိုလုပ်ရမှာလဲ။"
ကျွန်မ အလွန်သိချင်နေသဖြင့် ဝင်မေးလိုက်မိသည်။
ဆိုဗက်စ်စတာက ပေါ့ပါးစွာ ဖြေသည်။
"ကိုယ်က အလုပ်များတယ်လေ။မင်းက အားနေတဲ့သူ။"
"ရှင်က ကျွန်မအတွက် ခုခံပြောဆိုပေးတာလား၊သူ့ဘက်က ကူပြောပေးနေတာလား။"
"ကိုယ် မင်းအတွက် လုံလောက်အောင် ပြောဆိုပေးထားပြီးပြီ။"
"ကျွန်မကတော့ အဲ့လို မထင်ပါဘူး။"
ကျွန်မ တတွတ်တွတ် ရေရွတ်နေပြီးမှ ကယ်လီယန်၏ အကြည့်မှာ ကျွန်မတို့နှစ်ယောက်ကို ထွင်းဖောက်မတတ် ဖြစ်နေသည်ကို သတိထားမိသဖြင့် ရပ်တန့်လိုက်ရသည်။သူက သေဒဏ်စီရင်ချက် ချချင်သည့် ပုံစံဖြစ်နေ၍ပင်။
"အိုဖီလီယာကို ဖလဲရ်ဆီ နောက်ထပ် ဘယ်တော့မှ စကားမပြောဖို့ ငါ အမိန့်ပေးခဲ့တယ်။"
အဲ့ဒီ နှုတ်ဆက်တာကလွဲရင် ဘာတွေများ ဖြစ်ခဲ့လို့လဲ။
သူမကသာ အရင် နှုတ်ဆက်လာခြင်း ဖြစ်သည့်တိုင် သူက ကျွန်မကိုသာ အပြစ်ပြောနေသည့်အတွက် ကျွန်မ ရှုပ်ထွေးနေမိဆဲပင်။
"ဒါပေမဲ့ မင်းက ငါ့အမိန့်ကို မနာခံခဲ့ဘူး မဟုတ်လား။အိမ်ရှေ့စံမင်းသားရဲ့အမိန့်ကို နာခံမှုမရှိတာက အပြစ်ပေးလို့ရတဲ့ အကြောင်းအရင်းလို့ ငါ ထင်တယ်။"
ဆိုဗက်စ်စတာသည် ပျာယာခတ်နေသည့် ကယ်လီယန်ကို ဒီအတိုင်း ထားလိုက်ပြီး ကျွန်မကို ငုံ့ကြည့်လာသည်။ထို့သို့ ဖြစ်လာနိုင်သည်ဟု ကျွန်မ မသိသဖြင့် ဆိုဗက်စ်စတာကို ပြန်ကြည့်လိုက်ရင်း မျက်လုံးမှတစ်ဆင့် အိမ်ရှေ့စံမင်းသားက တရားမျှတမှု မရှိဟု ပြောဖို့ ကြိုးစားမိသည်။သူ့မျက်လုံးများက ကျဥ်းမြောင်းသွားပြီး
"အရှင့်သားက လူတွေကို အချင်းချင်း နှုတ်ဆက်တာမျိုး မလုပ်ရဘူးလို့ အမိန့်ထုတ်လို့ ရပါသလား။"
"မင်းရဲ့ဇနီးက ဖလဲရ်ကို ဘာတွေလုပ်ခဲ့လဲဆိုတာသာ ပြန်တွေးကြည့်လိုက်လေ။"
"ကျွန်တော် မသိဘူး။အရင်က အရှင့်သား ဒီအတွက် ပြစ်ဒဏ်တစ်ခါမှ မပေးဖူးပါဘူး။ဟုတ်ပါရဲ့လား။"
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။မူလဝတ္ထုဇာတ်ကြောင်းတွင် မြို့စားကြီးရိုင်ဇန်၏ ဩဇာအရှိန်အဝါကြောင့် အိုဖီလီယာသည် သူမ၏အမှားများအတွက် တစ်ကြိမ်တစ်ခါမျှ အပြစ်ပေးခြင်း မခံရပေ။ကယ်လီယန်သည် ထိုကိစ္စကို ကောင်းစွာ သိလေရာ သူ့မျက်နှာက ရှုံ့တွသွားတော့သည်။
"ဒါဆို မင်းက ဒါလိုမျိုးပေါ့၊ ဟုတ်လား မြို့စားကြီး။"
"ကျွန်တော်က အမြဲတမ်း ဒီအတိုင်းပါပဲ။"
ဆိုဗက်စ်စတာသည် ဂရုမစိုက်သည့် ဟန်ဖြင့် ပခုံးသာ တွန့်လိုက်သည်။
"မြို့စားကြီး!"
ကယ်လီယန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အံကြိတ်လိုက်သည်။
"ဒါက အရမ်း ရဲတင်းရာကျသွားပြီလို့ မင်း မတွေးမိဘူးလား။"
"ကောင်းပါပြီ"
ဆိုဗက်စ်စတာသည် ထိုစကားကို စောင့်နေဟန်ဖြင့် ပြုံးလိုက်သည်။
"ကျွန်တော်က ဇနီးဖြစ်သူအတွက် ကာကွယ်ပြောဆိုပေးတာက အရမ်း ရဲတင်းရာကျနေတယ် ဆိုရင် ..."
သူက မင်းသားကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။
"အရှင့်သားအနေနဲ့ အခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီးသား ကောင့်မြို့စားကတော်အတွက် ဒေါသတကြီး ဖြစ်ပေးနေတာက ပိုပြီး ရဲတင်းလွန်းရာကျနေတာ မဟုတ်ပါလား။"
"ဆိုဗက်စ်စတာ ရိုင်ဇန်!"
ကယ်လီယန်သည် အော်ဟစ်လိုက်ပြီး သူ၏ အာရုံကို ဖလဲရ်ဆီသို့ အလျင်အမြန် ပြောင်းရွေ့လိုက်သည်။မျှော်လင့်ထားသည့်အတိုင်းပင် ဖလဲရ်သည် သူမ၏ပါးစပ်ကို လက်ဝါးဖြင့် အုပ်၍ မျက်လုံးများမှ မျက်ရည်တသွင်သွင် စီးကျကာ ပို၍ ငိုကြွေးလာပါ၏။
"မင်း ဘယ်လို ပြောရဲရတာလဲ။"
"ဖလဲရ်"
ထို့နောက် သူမက အခန်းအပြင်သို့ ပြေးထွက်သွားသည်။အမှန်တကယ် ကျိုးကြေပျက်စီးလွယ်သော အမျိုးသမီးဇာတ်လိုက် ဖြစ်ထိုက်ပါပေသည်။သူမ ပြေးထွက်သွားရသည့် အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ဆိုဗက်စ်စတာပြောသည့် စကားများမှာ အမှန်တရားများ ဖြစ်၍ပင်။ဖလဲရ်တို့ ဇနီးမောင်နှံသည် အခုထိ ကွာရှင်းခြင်းမပြုရသေးဘဲ တစ်ယောက်နှင့်တစ်ယောက် ခွဲနေကြသည့် အနေအထား၌ပင် ရှိသေးသည်။သို့သော် ထိုသို့ခွဲနေသည့်အတွက် သူမက ကယ်လီယန်ကို မကြာခဏဆိုသလို လာရောက်တွေ့ဆုံတတ်ပြီး အိမ်ရှေ့စံမင်းသားကလည်း သူမကို သူ၏ရဲတိုက်ဆီ ဖိတ်ခေါ်မပြတ်ခဲ့ပေ။မည်သို့ပင် သူတို့၌ နတ်သမီးပုံပြင်ကဲ့သို့ အချစ်ဇာတ်လမ်း ရှိသည် ဆိုသော်ငြား သူမက အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ထိုကိစ္စမှာ လူထု၏ ပြစ်တင်ဝေဖန်မှုကို လုံးလုံးလျားလျား ရှောင်လွှဲ၍ မရနိုင်သည့် ကိစ္စ ဖြစ်သည်။ယခုကဲ့သို့ပင်။
"ရူးနေလား။"
ကယ်လီယန်သည် နှုတ်ခမ်းကို ကိုက်ရင်း ဆံပင်များကို ခပ်ကြမ်းကြမ်း သပ်တင်လိုက်သည်။
"ငါ ဒီတစ်ကြိမ်တော့ ဒီတိုင်း လျှော်ပေးလိုက်မှာ မဟုတ်ဘူး။"
သူကပြောရင်း ကျွန်မတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ကြည့်လေ၊ ငါလဲ တောင်းပန်တာပဲဟာကို၊ ဒါပေမဲ့ ...
ကယ်လီယန်က ငါ့ကိုဆို ဘယ်တော့မှ အသိအမှတ်မပြုဘူးပဲ
"ငါ့ကို စောင့်နေကြ၊ငါ မင်းတို့ကို သင်ခန်းစာတစ်ခု သေချာပေါက် ပေးမယ်။"
ထို့နောက် သူက ပြေးထွက်သွားသည့် ဖလဲရ်နောက် လိုက်သွားပြီး ဒေါသဖြစ်နေဆဲ ဆိုဗက်စ်စတာကို ပန်းချီခန်းထဲတွင် ထားရစ်ခဲ့သည်။
*
"ဖလဲရ်"
ကယ်လီယန်သည် သူမနောက်သို့ ပြေးလိုက်ရင်း သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
"ကိုယ် သူတို့ကို အလွတ်မပေးပါဘူး။ကိုယ် ကတိပေးတယ်။"
သူ ထိုသို့ ပြောလိုက်သည်။သူ အမှန်ပင် ဒေါသဖြစ်နေရပါသည်။ယနေ့ မနက်ကတည်းက ကယ်လီယန်၏ စိတ်အခြေအနေမှာ သိပ်မကောင်းပေ။အိုဖီလီယာ ရိုင်ဇန်သည် သူ့ကို ထူးဆန်းသောစာတစ်စောင် ပို့လာခဲ့ပြီး ထိုစာထဲတွင် သူ့အမေ၏ နာမည်ဖြစ်သည့် မာဂရက် ဟု လက်မှတ်ရေးထိုးထားခဲ့သည်။ထိုလက်မှတ်မှာ သူ ကလေးဘဝက အမေဖြစ်သူ၏ ဒိုင်ယာရီထဲတွင် တွေ့ခဲ့ဖူးသော လက်မှတ်နှင့် တစ်ထပ်တည်း တူညီပြီး လက်မှတ်အတုအယောင် ရေးထိုးထားသည့်ပုံ မပေါက်ချေ။
အချိန်အတော်ကြာခဲ့သည့် အဆုံးတွင် သူ့အမေ ချန်ထားခဲ့သည့် နောက်ဆုံးစာတစ်စောင်ကို သူတွေ့ရပြီ ဖြစ်၏။သို့သော် ထိုစာကို ယူလာခဲ့သူက အိုဖီလီယာ ရိုင်ဇန် ဖြစ်နေသည့်အချက်က သူ့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေခဲ့သည်။သူမက ကောက်ကျစ်စဥ်းလဲသော မိန်းမတစ်ယောက်ဖြစ်ပြီး ထိုသို့ မိန်းမမျိုးကို သူ့မျက်စိရှေ့တွင် လုံးဝ တွေ့မြင်လိုချင် မရှိပေ။
ငါ့အမေရဲ့ စာက သူမဆီမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။
သူမက ထိုစာကို အခြားတစ်ယောက်ဆီမှ ခြိမ်းခြောက်ပြီး ရယူလာသည်မှာ ထင်ရှားသည်။ထို့ကြောင့် ကယ်လီယန်သည် အိုဖီလီယာကို ဝင်ခွင့်မပေးခဲ့ပေ။သူမ ဒီစာကို ဘယ်နေရာက ရလာသည်ကို စုံစမ်းကြည့်လျှင် လုံလောက်သည်ဟု သူ တွေးမိသော်လည်း ထိုသို့ စုံစမ်းရုံမျှဖြင့် သူ့စိတ်အခြေအနေက ကောင်းမလာခဲ့ပေ။
အခြားတစ်ဖက်တွင် ဖလဲရ်မှာ ငိုကြီးချက်မ ဖြစ်နေခဲ့သည်။သူမက အိုဖီလီယာနှင့် စကားပြောနေစဥ် ခွန်အားများ ကုန်ဆုံးသွားရသဖြင့် အလွန်တရာ မောပန်းနွမ်းနယ်ပါသည်ဟု ပြောခဲ့ရာ ကယ်လီယန်မှာ လိုအပ်သည်ထက် ပို၍ ဒေါသဖြစ်လာရ၏။
မင်းက ငါ့ရဲ့အမိန့်ကို လွန်ဆန်ဝံ့တယ်လား။
ထို့ကိစ္စကြောင့် သူက ရိုင်ဇန် ဇနီးမောင်နှံကို ခေါ်ယူပြီး သူတို့ကို ခက်ခဲသည့်အချိန်တစ်ခု ရသွားအောင် လုပ်ရခြင်း ဖြစ်သည်။သို့သော် ထိုအစား ဘာတွေ ဖြစ်ပျက်သွားရပါသနည်း။သူ့အစီအစဥ်မှာ ကပြောင်းကပြန် ဖြစ်သွားပြီး ဖလဲရ်ကို ထိုသို့ အပြောခံလိုက်ရခြင်းဖြင့်သာ အဆုံးသတ်သွားသည်။တစ်စုံတစ်ယောက်က အိမ်ရှေ့စံမင်းသားဖြစ်သည့် သူ့ကို နှိမ့်ချဖို့ ရည်ရွယ်ပြီး တီးတိုးစကား လာပြောနေသကဲ့သို့ပင်။
"ကိုယ် ကျိန်ဆိုပြီး ကတိပေးတယ်။ကိုယ် အားလုံးကို အရေးတယူလုပ်ပြီး မြို့စားကြီး ရိုင်ဇန်ကို ဖြုတ်ချပစ်ဖို့ လုပ်မှာပါ။အဆင်ပြေရဲ့လား။"
ဖလဲရ်သည် မျက်ရည်များကြားမှ ကယ်လီယန်ကို ကြည့်လာသည်။
"အရှင့်သား"
ဖလဲရ်က ကယ်လီယန်၏လက်မောင်းများကြားတွင် သူမ၏ မျက်နှာကို ဖွက်ထားလိုက်သည်။
"ကျွန်မကို စော်ကားရိုင်းပြလဲ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျွန်မကြောင့် အရှင့်သားကို မကောင်းတဲ့စကားတွေ မကြားစေချင်ပါဘူး။"
ကယ်လီယန်မှာ မျက်ခုံးများကို ကျုံ့လိုက်မိသည်။သူက ဖလဲရ်၏ ကျောပြင်ကို ဖွဖွ ပုတ်ပေးရင်း သက်ပြင်းချလိုက်သည်။
"မင်းကို ဒီလိုစကားတွေ အပြောခံခိုင်းဖို့ ဘယ်လို အဆင်ပြေနိုင်ပါ့မလဲ။လုံးဝ အဆင်ပြေနိုင်တာမှမဟုတ်တာ။"
"ဒါပေမဲ့ ..."
"မင်းက ဘာလို့ ဒီလောက်ထိ ကြင်နာတတ်ရတာလဲ။"
သူက ဖလဲရ်ကို အပြည့်အဝ ယုံကြည်သည်။သူမသည် သူ နိမ့်ကျစဥ်အချိန်က သူ့ကို ကယ်တင်ပေးခဲ့သည့် အမျိုးသမီး၊အပြန်အလှန်အားဖြင့် သူ့ဆီက ဘာမှ ပြန်မလိုချင်သော အမျိုးသမီး ဖြစ်သည်။သူ့အနေဖြင့် ဘယ်သူ့ကိုများ သည်လောက်အထိ ယုံကြည်အားကိုးလို့ ရနိုင်အံ့နည်း။ကယ်လီယန်သည် ဖလဲရ်တစ်ယောက်၌သာ နစ်မြုပ်နေခဲ့သည်။
"ဒီကိစ္စကို အများကြီး အာစုံစိုက်မနေနဲ့တော့။ကိုယ် ဒါကို ကိုင်တွယ်မှာပါ။"
"မဟုတ်ဘူး။ရှင် ဒီလိုလုပ်လို့မရဘူး။"
ဖလဲရ် ခေါင်းခါလိုက်၏။
"မြို့စားကြီးရိုင်ဇန်က အထက်တန်းလွှာ မင်းဆွေစိုးမျိုးတွေရဲ့ အကြီးအမှူးတစ်ယောက်ပဲ။သူက အရှင့်သားကို အတိုက်အခံ လုပ်နေသရွေ့ သူ့ကို မဆင်မခြင် သွားထိလိုက်လို့ မရဘူး။"
"ဖလဲရ်"
"ကျွန်မ ရှင့်ကို ဒုက္ခမရောက်စေချင်ဘူး။"
"ဒီလို မပြောပါနဲ့ကွာ။"
ကယ်လီယန်သည် ဖလဲရ်ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
"မင်းက ကိုယ့်အတွက် အနှောင့်အယှက်တစ်ခု ဘယ်လိုဖြစ်နိုင်မှာလဲ။"
သူ့ကိုယ်သူ ဖလဲရ်ဆီမှ ပြန်ခွာလိုက်ပြီး သူမ၏ မျက်ရည်စိုနေသော ပါးပြင်များကို ပွတ်သုတ်ပေးသည်။
"မငိုပါနဲ့တော့၊ကျေးဇူးပြုပြီး။မင်းငိုရင် ကိုယ့်မှာ ရင်ကွဲမတတ်ပဲ။"
ထို့နောက် ကယ်လီယန်က ပြန်ပွေ့ဖက်လိုက်ပြီး တဟင့်ဟင့် ရှိုက်ငိုနေသော ဖလဲရ်ကို နှစ်သိမ့်ပေးလိုက်သည်။
"ကိုယ် သူမကို မရ ရအောင် အပြစ်ပေးမယ်။ငိုနေတာကို ရပ်လိုက်တော့။ကိုယ် တောင်းပန်တယ်နော်။"
ဖလဲရ်သည် ခေါင်းငုံ့လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင့်သား"
ထို့နောက် သူမက သူ့လက်မောင်းကြားထဲသို့ ပြန်လည်တိုးဝှေ့လိုက်သည်။ကယ်လီယန်က သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားလေရာ ဖလဲရ်၏ မျက်နှာကို မမြင်ရပေ။
သူ့လက်မောင်းကြားထဲတွင် တိုးခွေ့နေစဥ်၌ ဖြစ်ပေါ်နေသည့် ဖလဲရ်၏မျက်နှာအမူအရာကို သူ မမြင်နိုင်ပါချေ။
*
ပန်းချီခန်းထဲတွင် ဆိုဗက်စ်စတာနှင့် ကျွန်မတို့ နှစ်ယောက်တည်းသာ ကျန်နေခဲ့သည်။အိုဖီလီယာသည် သူမ၏နှုတ်ခမ်းကို ကျွတ်ခနဲ မြည်အောင် လုပ်လိုက်ပြီး
"ရှင်က သူတို့နှစ်ယောက်ကို ဗီလိန်ဇာတ်သွင်းလိုက်တာပဲ။"
ကျွန်မ ထို့သို့ ပြောလိုက်ရင်း ပါးပြင်ကို လက်ဖြင့် ကုတ်နေမိသည်။ကျွန်မက ထိုစကားကို အလွယ်ပြောလိုက်သဖြင့် ဆိုဗက်စ်စတာမှာ ဒေါသဖြစ်သွားပုံ ရသည်။
"မင်းက ဘာလို့ ဒီအတိုင်း ရပ်ကြည့်နေရသေးတာလဲ။"
"ရှင်!"
"သူတို့က မတရားဘူးလို့ ခံစားရရင် မင်းအနေနဲ့ ပိုပြီး ဒေါသဖြစ်သင့်တယ်။မင်းက အမှန်တကယ် ဘာအမှားမှ မလုပ်ခဲ့ဘဲနဲ့ သူက မင်းအပေါ် ကလေးဆန်ဆန် ဝုန်းဒိုင်းကြဲပြနေတာလေ။"
"မဟုတ်သေးပါဘူး၊ရှင်က ကျွန်မကို ဘာဖြစ်လို့ စိတ်တိုနေရတာလဲ။"
စိတ်ရှုပ်နေသော အိုဖီလီယာကို ဒီတိုင်းထားလိုက်ပြီး ဆိုဗက်စ်စတာမှာ သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်း နက်ခ်တိုင်ကို ဖြေလျှော့ပစ်လိုက်ရသည်။ကယ်လီယန်က အိုဖီလီယာအပေါ် ဒေါသတကြီး ဖြစ်နေချိန်တွင် သူကလည်း ထူးဆန်းစွာဖြင့် ကသိကအောက် ဖြစ်သလို ခံစားနေရသည်။သူ ဘာကြောင့် ဒီလောက်များများ လိုက်တွေးနေမိမှန်း မသိပေ။သူမက ရိုင်းရိုင်းစိုင်းစိုင်း အပြောခံရသည်ဖြစ်စေ၊အပြောမခံရသည်ဖြစ်စေ သူ တစ်ခုခုဖြစ်စရာ ဘာအကြောင်းမှ မရှိသည့်တိုင် သူ့မှာ တစ်ချိန်လုံး ထူးဆန်းစွာဖြင့် စိတ်ကသိကအောက်ဖြစ်နေရသည်။
ဘာကြောင့်ဖြစ်နေရတာလဲဆိုတာ ငါ သိချင်တယ်။
ခံစားချက်အကြောင်း အချိန်ယူစဥ်းစားနေသော ဆိုဗက်စ်စတာက ပြန်ဖြေသည်။
"မင်းကို တစ်ယောက်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောတာကိုမှ မင်းက လိုချင်တယ်ဆိုရင် အဲ့ဒါကို ကိုယ် လုပ်ပေးမယ်။"
သူအနေဖြင့် ဤပြဿနာကို ဒီတိုင်းထားလိုက်လျှင် အလိုလို ပြီးသွားနိုင်သည်။သို့သော် သူ့စိတ်အခြေအနေက ဆိုးရွားနေလေရာ သူ ဒီတိုင်း မထားလိုက်နိုင်တော့ပေ။
"အခြားသူတွေကို မင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောခွင့်မပေးနဲ့။"
ဆိုဗက်စ်စတာသည် အိုဖီလီယာကို ကြည့်ရင်း ပြောလိုက်သည်။
အိုဖီလီယာမှာ သူမ၏စိတ်ရှုပ်ထွေးနေသော အမူအရာကို မဖုံးကွယ်ထားနိုင်ပေ။
"ဒါဆို ကျွန်မက ဒေါသထွက်နေသင့်တာလား။"
သူမက ဆိုဗက်စ်စတာကို သတိထားပြီး ကြည့်လိုက်သည်။
"ကျွန်မက အိမ်ရှေ့စံမင်းသားကို သွေးဆောင်ဖြားယောင်းဖို့ လုပ်ရဦးမယ်။ဒါကြောင့် ကျွန်မက ဒေါသထွက်ပြီး အရာအားလုံးကို ဖျက်ဆီးလိုက်တာမျိုး မဖြစ်ရအောင် ထိန်းသိမ်းနေရတာပဲ။"
ဒါက အမှန်ပင်။ဆိုဗက်စ်စတာသည် ပါးစပ်ကို ပိတ်ထားပြီး ခဏအကြာတွင် ပိတ်ထားသော နှုတ်ခမ်းများကြားမှ တိုးတိုးလေးသက်ပြင်းချသံ တစ်ခုထွက်လာသည်။
"ရှင် ဘာကြောင့် အရမ်း ဒေါသဖြစ်နေရတာလဲ။အခု ကျွန်မ ပိုပြီး ရှက်လာမိပြီ။"
ထိုအခိုက်အတန့်၌ ဆိုဗက်စ်စတာတွင် ပြောစရာစကား မရှိပေ။
သူ ဘာကြောင့် ဒီလောက်အထိ ဒေါသဖြစ်ခဲ့ရတာလဲ။
သူလည်း ဒါကို ပြန်ဖြေချင်ပါသည်။
"ကိုယ်က မင်းအပေါ် ဂရုစိုက်ပြရင် အိမ်ရှေ့စံမင်းသားက နိုးနိုးကြားကြား ဖြစ်လာမှာမို့လို့ ကိုယ် သရုပ်ဆောင်ပြနေတာ။ကိုယ် မင်းကို ပြောပြဖူးပါတယ်။"
သည်ကိစ္စမှာ အိမ်ရှေ့စံမင်းသားက အိုဖီလီယာအပေါ် ပိုပြီး စိတ်ဝင်စားလာအောင် လုပ်ရန်ဖြစ်သည်။ဆိုဗက်စ်စတာက ထိုသို့ တွေးပြီး ထိုသို့ ပြန်ဖြေသည့်တိုင် အိုဖီလီယာကတော့ယုံကြည်ချင်ပုံ မရပေ။
"ဒါပေမဲ့ ရှင် ဒါကို အတော်လေး ဒေါသထွက်သွားတယ်လေ၊မဟုတ်လို့လား။"
"ကိုယ်က ဒေါသအရမ်းကြီးတယ်လေ။မင်း မသိဘူးလား။"
"..."
အဓိပ္ပါယ် မရှိ ရှိအောင် လုပ်နေတာပဲ။
အိုဖီလီယာသည် ပါးစပ် ဟလျက်သားဖြင့် ဆိုဗက်စ်စတာကို ကြည့်နေခဲ့သည်။ဆိုဗက်စ်စတာ၏ အမူအရာမှာ လုံးလုံးလျားလျား ပြောင်းလဲမှု မရှိခဲ့ပေ။ကယ်လီယန် ထွက်သွားသည့် တံခါးရှိရာကိုသာ ဆိုဗက်စ်စတာက စိုက်ကြည့်နေခဲ့သည်။
"ဘာတွေ ဖြစ်လာမလဲလို့ ကိုယ် သိချင်မိတယ်။"
ဆိုဗက်စ်စတာက တိုးဖွဖွ ပြောလိုက်သည်။
"ကောင်းပြီ။ဘယ်လိုကိစ္စတွေပဲ ဖြစ်လာပါစေ ကိုယ် ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။"
TK Team
++++++++