ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၆)
ရထားလုံးထဲတွင် တိတ်ဆိတ်နေ၏။ဆိုဗက်စ်စတာမှာ အတွေးထဲတွင် နစ်မြောနေသဖြင့် လမ်းတစ်လျှောက်လုံး၌ ပါးစပ် တစ်ခါပင် ဟမလာခဲ့ပေ။
သူက ကယ်လီယန်ကို ထပ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေတာလား။ဒါမှမဟုတ် သူက ကယ်လီယန်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား။
ဘာကြောင့်ပင်ဖြစ်စေ ကျွန်မအတွက် အဆင်မပြေသလို ခံစားနေရသည်။ကိစ္စတစ်ခုလုံးက ကျွန်မ၏အမှားကြောင့်ပင် ဖြစ်သည်။
ကောင်းပြီလေ၊ငါ့ကို အရာအားလုံးအတွက် အပြစ်တင်နေတာက နည်းနည်းတော့ များတယ်ဆိုပေမဲ့ ငါက ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းနိုင်ခဲ့တယ်လို့ ယူဆရင်တော့ ဒါက ငါ့အမှား မဟုတ်တော့ဘူး။
မည်သို့ပင် ဖြစ်စေ ကျွန်မလည်း စိတ်ထိခိုက်ခဲ့ရသည်။ထို့ကြောင့် ပြတင်းပေါက်အပြင်ဖက်ကို ကြည့်နေဖို့သာ ဆုံးဖြတ်လိုက်သည်။နယ်နိမိတ်၏ တစ်ဖက်ခြမ်းတွင် နေရောင်ခြည် အပြည့်အဝရနေပြီ ဖြစ်သော်လည်း တခြားဖက်ခြမ်း၌မူ နှင်းများက တဖွဲဖွဲ ကျဆင်းနေလျက်ရှိသည်။အလွန်လှပသဖြင့်ကျွန်မမှာ အံ့အားသင့်နေရ၏။အင်ပါယာကြီးတွင် နယ်မြေလေးခုကို သီးခြားစီ ပိုင်းခြားကန့်သတ်ပေးထားသော နယ်နိမိတ် ရှိပြီး နယ်မြေတစ်ခုစီတွင် သက်ဆိုင်ရာ ရာသီဥတု တစ်မျိုးစီ ရှိနေခဲ့သည်။တောင်ပိုင်းတွင် နေရောင်ခြည် အပြည့်အဝ ရရှိပြီး တစ်နှစ်ပတ်လုံး နွေးထွေးသော ရာသီဥတု ရှိသည်။ဆန့်ကျင်ဘက်အားဖြင့် မြောက်ပိုင်းမှာ အမြဲတစေ အေးခဲနေတတ်ပြီး ၎င်းက ရိုင်ဇန်မြို့စားပိုင်နက် နယ်မြေလည်း ဖြစ်သည်။တစ်နှစ်ပတ်လုံး နှင်းများ တဖွဲဖွဲ ကျဆင်းနေတတ်သည်ကို ကျွန်မ အမြဲ မြင်တွေ့နေရသည်။
"ဝါး!"
နယ်နိမိတ်မျဥ်းကို ဖြတ်သန်းလိုက်သည်နှင့် ဆီးကြိုနေသော အနီ၊အစိမ်း ယှက်ဖြာနေသည့် ဥတ္တရအလင်းတန်းများကို နှစ်သက်သဘောကျစွာဖြင့် ကျွန်မ လက်ခုပ်ပင် တီးလိုက်မိသည်။ရောင်စုံအလင်းတန်းများကို ကျွန်မကြည့်နေစဥ်တွင် နှင်းများက တဖွဲဖွဲကျဆင်းလာသဖြင့် ကောင်းကင်မှာ ဆန်းကြယ်စွာ တောက်ပ လင်းလက်နေခဲ့သည်။အလင်းတန်းများသည် ကြီးမား ကျယ်ပြန့်ပြီး ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းလုမတတ်ပင်။ထိုသဘာဝအလှတရားများကို ကြည့်နေစဥ်၌ ဆေးရုံ သို့မဟုတ် အိပ်ခန်းထဲတွင် ၂၄နာရီ တစ်ရက်လုံး အပြင်လောကအကြောင်း လုံးဝ မသိနိုင်ဘဲ သေမည့်နေ့ကို နေ့စဥ်နေ့တိုင်း စောင့်မျှော်နေခဲ့ရသည့် ကျွန်မဘဝကို ပြန်သတိရသွားမိသည်။
ဒါပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ဘူး။
ကျွန်မ အရာအားလုံးကို တွေ့ကြုံခံစားနိုင်ပြီ ဖြစ်သည်။အရာအားလုံးကို ကျွန်မ မြင်တွေ့နိုင်သည်၊ ခံစားသိရှိနိုင်သည်။ထိုအချက်က ကျွန်မကို ရင်ခုန်စိတ်လှုပ်ရှားစေသဖြင့် ကျောရိုးတစ်လျှောက် ကြက်သီးများပင် ဖြန်းခနဲ ထလာစေနိုင်သည်။ကျွန်မ၏ရင်ဘတ်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားချက်များနှင့် ပြည့်လျှံနေခဲ့သည်။
ငါ ဒီလိုဘဝမျိုးကို ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေထိုင်ရမယ်။
ထိုသို့ နေနိုင်ရန် ကျွန်မ ကွာရှင်းပြီး အရာအားလုံးကို နောက်မှာ ချန်ထားခဲ့ရမည်။ကွာရှင်းခွင့် ရရန်အတွက် ကျွန်မ ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းဖို့ လိုသည်။
"ငါ ဒါကို လုပ်နိုင်တယ်ဆိုတာ သေချာတယ်။"
ကျွန်မ တိုးဖွဖွ လေသံမျှဖြင့် ရေရွတ်လိုက်သည်။တစ်ကြိမ်တည်းမှာအာလုံး ဖြစ်ပျက်လာလိမ့်မည်ဟု ကျွန်မ မမျှော်လင့်ထားခဲ့သလို တကယ်လည်း ဖြစ်မလာခဲ့ပေ။သို့သော်လည်း အဆင်ပြေပါသည်။ ကျွန်မကို စောင့်ဆိုင်းနေသည့် အခွင့်အရေးကောင်း များစွာရှိသည်ဟု ကျွန်မ သိသည်။ဂါဝန်စကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ဘယ်တော့မှ အရှုံးမပေးဖို့ ကျွန်မကိုယ် ကျွန်မ ကတိပေးလိုက်သည်။
"မင်း လုပ်နိုင်ခဲ့တဲ့ အရာက ဘာများလဲ။"
သူ ငါပြောတာကို ကြားသွားတာလား။
နာရီအနည်းငယ် ကြာပြီးနောက်တွင် ဆိုဗက်စ်စတာက သူ့ပါးစပ်ကို ပြန်ဖွင့်လာခဲ့သည်။
"ဒီလိုပါပဲ တချို့အရာလေးတွေပါ။"
ကျွန်မ လေးကန်စွာ ဖြေလိုက်သည်။
"အိမ်ရှေ့စံမင်းသားရဲ့ စကားတွေကြောင့် ကျွန်မ နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်၊ဒါပေမဲ့ ဒီကိစ္စကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးပြီ။"
"မင်း အိမ်ရှေ့စံမင်းသားကို သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားနေပြီလား။"
"အတိအကျပဲပေါ့။ ဒါမှ ကျွန်မ ကွာရှင်းနိုင်မှာလေ။"
ဆိုဗက်စ်စတာ ရယ်မောလိုက်သည်။ဤမျှ တိုတောင်းသော အခိုက်အတန့်လေးတွင် ဥတ္တရအလင်းတန်းများ ပျောက်ပြယ်သွားပြီး နေရောင်ခြည် ထွက်ပေါ်လာသဖြင့် သူ့မျက်နှာ တစ်ဖက်ခြမ်း၌ ထွန်းလင်းတောက်ပနေခဲ့ပြီး အခြားတစ်ဖက်ခြမ်း၌ အရိပ်ကျနေခဲ့သည်။သူ၏သိသာထင်ရှားလှသော နှာတံမြင့်မြင့်နှင့် နက်ရှိုင်းသော မျက်ဝန်းများကို ပို၍ ပေါ်လွင်ပြတ်သားလာစေခဲ့သည်။ထို့နောက် သူက ကျွန်မကို ညင်သာသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။
"ကွာရှင်းမယ်။ကြားရတာတော့ မဆိုးပါဘူး။"
သူက ခြေချိတ်ထိုင်လိုက်ပြီး ဒူးခေါင်းပေါ်သို့ လက်ချောင်းများဖြင့် ထိတွေ့နေသည်။
"မင်း အောင်မြင်မယ်လို့တော့ ကိုယ့်အနေနဲ့ သိပ်မသေချာသလိုပဲ။"
ကျွန်မ သူ့ကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။
"ရှင်က ကျွန်မကို စိန်ခေါ်နေတာလား။"
ပြန်မဖြေပဲ ဆိုဗက်စ်စတာက အားရပါးရ ရယ်လိုက်သည်။သူက လက်ချောင်းများဖြင့် မည်းမှောင်နေသော ဆံပင်ထူထူကို ဖီးသင်လိုက်ရင်း နှုတ်ခမ်းထောင့်စွန်းများက အပေါ်ဖက်သို့ ကွေးတက်နေခဲ့သည်။
"မင်း ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရတာလဲ။"
သူ တွေ့ရာ မေးခွန်းတစ်ခုကို ကောက်မေးမိသည်။
သူက မကြာခဏ သတိထားနေမိပုံဖြင့် "မင်း ပြောင်းလဲသွားတယ်" ဟု ပြောတတ်သည်။ကျွန်မက အမှန်တကယ် ပြောင်းလဲသွားသည်ကို သူ ဘယ်တော့မှ သိမည် မဟုတ်သော်လည်း ယခုထက် ပိုပြီး ဂရုတစိုက် နေဖို့လိုသည်ဟု ကျွန်မ သိသွားသည်။ကျွန်မ မျက်နှာကို မော်လိုက်ပြီး လည်ချောင်းကိုရှင်း၍
"ရှင်က ကျွန်မ ပြောင်းလဲသွားပြီလို့ပဲ ပြောနေတယ်။ဒါပေမဲ့ ကျွန်မက ကျွန်မပဲလေ။ဘာတစ်ခုမှ မပြောင်းလဲဘူး။"
ဆိုဗက်စ်စတာက သူ့မေးစေ့ သူ ပွတ်သပ်လိုက်သည်။
"မင်းက ဒီလိုမျိုး ကိုယ်နဲ့ စကားပြောရတာကို မုန်းတယ်လေ။"
"အဲ့ဒါက ရှင် မဟုတ်ဘူးလား။ ကျွန်မတော့ မဟုတ်ဘူး။"
ကျွန်မ အံ့ဩမိသဖြင့် ထပ်မေးလိုက်သည်။စာအုပ်ထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားသည်က သူမက သူမ၏အဖေကို ပြန်လည်ရှင်သန်အောင်လုပ်ရန် ကြိုးစားချိန်မှစ၍ ဆိုဗက်စ်စတာသည် အိုဖီလီယာအပေါ် မုန်းတီးသွားသည်ဟူ၍ ဖြစ်၏။
"မှန်တော့ မှန်ပါတယ်။ဒါပေမဲ့ မင်းလဲ ကိုယ့်ကို အရမ်းမုန်းနေတာပဲလေ။"
ဆိုဗက်စ်စတာ ထပ်ရယ်လိုက်ပြန်သည်။
"အစထဲက ကိုယ်တို့ အချင်းချင်း မုန်းတီးနေကြတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မသိနားမလည်ယောင်ဆောင်နေကြမယ်ဆို ဘယ်လိုလဲ။"
"ကျွန်မ ဒီအကြံကို သိပ်မကြိုက်ပေမဲ့ ကြိုးစားကြည့်မှာပါ။"
"ထင်ထားတဲ့အတိုင်း မင်းက ပျော်တတ်တာပဲ။"
ဆိုဗက်စ်စတာက သရော်တော်တော် အပြုံးတစ်ပွင့် ပေးလာသည်။ထို့ကြောင့် ကျွန်မ ထောင်းခနဲ ဒေါသဖြစ်သွားသည်။
"ရှင်က အရမ်းကိုမှ ထူးခြားဆန်းကြယ်ပါတယ်၊ ဒါကို ရှင်သိရဲ့လား။ရှင် ကျွန်မကို လူရယ်စရာ ဖြစ်အောင် ဘယ်နှစ်ခါ လုပ်ခဲ့တယ်ဆိုတာ ကျွန်မဖြင့် ပြောလို့တောင် မရဘူး။"
"ဟုတ်တယ်။ကိုယ်က အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။မင်းရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်။"
ဆန်ကုန်မြေလေး ဆိုဗက်စ်စတာသည် သူ့အနားတွင် ထားထားသောကျိုင်းကို ကိုင်ထားရင်း ဤစကားကို ပြောလိုက်သည်။ထို့နောက် သူက ရပ်တန့်သွားပြီ ဖြစ်သော ရထားလုံး၏ တံခါးကို ဖွင့်ပြီး အရင်ဆုံး ဆင်းလိုက်သည်။နှင်းများက သူ့ကိုယ်ပေါ်သို့ တဖွဲဖွဲ ကျဆင်းနေသော်လည်း သူက ဘာမှ မဖြစ်သကဲ့သို့ပင်။သစ်ပင်အိုကြီး တစ်ပင်ကဲ့သို့ မတ်တပ်ရပ်နေပြီး သူက ကျွန်မဆီသို့ လက်ကမ်းလိုက်သည်။
"ကိုယ့်ကို ဆက်ပြီး ဖျော်ဖြေတင်ဆက်ပေးပါဦး၊အိုဖီလီယာ။"
"ကိုယ် ဒီလို မပျော်ခဲ့ရတာ အတော်ကြာသွားပြီ။"
သူ၏လက်များသည် ထူးဆန်းစွာ နွေးထွေးလို့နေ၏။
*
ရက်အနည်းငယ် ကြာသည်အထိ တော်ဝင်မိသားစုတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ကယ်လီယန် ကိုယ်တိုင်ကပင် သာမန်ကိစ္စထက် တခြားဘာမှ ပိုမလုပ်ခဲ့ပေ။ သူက ကျွန်မကို "စောင့်ကြည့်နေလိုက်"ဟု ကြိမ်းမောင်းသွားပြီးနောက် ယခုကဲ့သို့ ငြိမ်သက်နေခဲ့သဖြင့် ကျွန်မကို အံ့ဩသွားစေခဲ့သည်။အစပိုင်း၌ ကျွန်မ စိတ်လှုပ်ရှားနေမိသော်လည်း ရက်အနည်းငယ် ကြာပြီးနောက် စိတ်သောက ရောက်မနေတော့ပေ။ကယ်လီယန်က အလွန် သနားစရာကောင်းသည်။မှန်ပါ၏။ဇာတ်လမ်း၏ အဆိုးရွားဆုံး ဗီလိန်ဇာတ်ကောင် ဖြစ်သည့် ဆိုဗက်စ်စတာ ရိုင်ဇန်၏အနားသို့ ချဥ်းကပ်နိုင်ရန်မှာ လွယ်ကူခြင်း မရှိပေ။
သူက လျှို့ဝှက်ချက်ကိုပင် ထုတ်ပြောတတ်သည့် ပါးစပ်အကြီးကြီး ရှိသည်။
လက်ရှိ ကယ်လီယန် ငြိမ်သက်နေချိန်၌ ကျွန်မသည် မူလဇာတ်ကြောင်းတွင် ဖလဲရ် လုပ်ခဲ့သည့်အတိုင်း အရာအားလုံးကို လိုက်လုပ်ဖို့ ကြိုးစားတော့သည်။
မိဘမဲ့ဂေဟာ တည်ထောင်ခြင်း
ကျွန်မလည်း အစပိုင်းတွင် အပြစ်မကင်းသလို ခံစားမိသေး၏။ဤကိစ္စများမှ မူလဇာတ်ကြောင်းတွင် ဖလဲရ်က အမျိုးသားဇာတ်လိုက်ဆီမှ အချစ်ကို ရရှိလာရန် ပြုလုပ်ခဲ့သော ကိစ္စများ ဖြစ်နေသည်။မည်သို့ပင် ဖြစ်စေ ယခုလက်ရှိ၌ ထိုအပြစ်ရှိစိတ်မှာ လေးနက်ခြင်း မရှိတော့ပေ။ဖလဲရ်သည် ကျွန်မအပေါ် တစ်ပတ်ရိုက်ပြီး သူမအတွက် ပြန်လက်စားချေလုနီးပါး ဖြစ်သွားခဲ့သည်။
ဒါပေမဲ့ သူမက ဘာကြောင့် ဒီလို လုပ်ရတာလဲ။
ကျွန်မ ယခင်အကြောင်းများကို ပြန်စဥ်းစားနေမိသည်။
ဖလဲရ်ရေ၊ နင်က ငါ့ကို ဘာကြောင့် ထောင်ဖမ်းဖို့ ကြိုးစားနေရတာလဲ။
မည်မျှပင် ကြိုးစားတွေးတောသည် ဖြစ်စေ ကျွန်မထံတွင် အဖြေမှန်တစ်ခုမှ ထွက်မလာခဲ့ပေ။ကျွန်မက သူမ မဟုတ်သည့်အတွက် သူမ ဘာတွေ တွေးနေသည်ကို နားမလည်နိုင်ပါ။
ငါ လုပ်စရာရှိတာသာ လုပ်ရမယ်။
ကျွန်မ ထမင်းစားခန်းသို့ ဝင်လာခဲ့သည်။ဘာကိုမှ ဂရုမစိုက်သည့်နှယ် ကြိုးစားပုံဖမ်းနေသော်လည်း ဘာမှ အရာမထင်ဘဲ ကျွန်မ၏ မျက်နှာတွင် အပြစ်ရှိစိတ်များက ပြည့်နေ၏။ကျွန်မ ပါးစပ်ဖွင့်ပြီး ဆိုဗက်စ်စတာကို စကားပြောရန် လုပ်လိုက်သည်။
"ကျွန်မ ...ကျွန်မမှာ လုပ်ချင်တာ တစ်ခု ရှိတယ်။"
"ပယ်ချတယ်"
"ဟုတ်တယ်၊ အဲ့ဒါကလေ ... ဘာ!"
"ပယ်ချတယ်"
ဆိုဗက်စ်စတာ နောက်ထပ်တစ်ကြိမ် ဖြေလိုက်သည်။
"မင်း လုပ်တာတွေက ပျော်စရာကောင်းတယ် ဆိုပေမဲ့ ထူးဆန်းတာတွေချည်းပဲ။ဒါကြောင့် ကိုယ် ဘာတစ်ခုမှ ခွင့်မပြုဘူး။"
"ဟား! ဘုရားရေ"
ပျော်စရာကောင်းတယ်ဆိုမှ ရှင်က လက်ခံပေးမယ်ပေါ့။
ကျွန်မ မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ခါးထောက်ပစ်လိုက်သည်။
"ရှင်က ကျွန်မ ဒါကို မလုပ်နိုင်ဘူးလို့ ထင်တယ်ပေါ့။ကောင်းပြီလေ။ကျွန်မဘာသာ ကျွန်မ လုပ်မယ်။"
"မင်းမှာ ပိုက်ဆံရှိလား။"
အိုဖီလီယာသည် ပိုက်ဆံကို ဒီအတိုင်း ဆွေးမြည့်သွားခွင့် ပြုတတ်သူမဟုတ်။သူမက လွန်စွာဇိမ်ခံတတ်သော မိန်းမဖြစ်သည်။နှစ်လစာ ငွေသုံးစွဲခွင့် ပမာဏကို တစ်ထိုင်တည်း သုံးဖြုန်းပစ်သည်အထိ ဇိမ်ခံတတ်သည်။ကျွန်မ နဖူးကို ပွတ်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မကို ခွင့်ပြုချက်တော့ ပေးပါ။ဒီတစ်ခါကိစ္စက ကောင်းတဲ့ကိစ္စဆိုတာ ကျွန်မ ကျိန်ရဲပါတယ်။"
"ပယ်ချတယ်"
"အား၊ တကယ်ကြီးလား။"
ကျွန်မ ခြေဆောင့်လိုက်မိသည်။
ဆိုဗက်စ်စတာသည် ရယ်စရာတစ်ခု ရသွားဟန်ဖြင့် ရယ်မောလိုက်သည်။
"ဟုတ်ပြီ။ကိုယ့်ကို ပြောကြည့်။ကိုယ် မင်းကို အခွင့်အရေးတစ်ခု ပေးမှာပါ။"
"သောက်ရေးမပါလိုက်တာ"
"မင်း ဘာပြောလိုက်တယ်။"
"ရှင်က စကားပြောတာ အရမ်းကောင်းတယ်လို့ပါ။"
ပိုက်ဆံမရှိသဖြင့် ကျွန်မတွင် ရွေးချယ်စရာမရှိပဲ အရှုံးပေးလိုက်ရသည်။ကျွန်မ ဆိုဗက်စ်စတာ၏ ဘေးနားတွင် အမြန် ဝင်ထိုင်လိုက်သည်။
"ကျွန်မ မိဘမဲ့ဂေဟာ ဖွင့်ချင်တယ်။"
"မိဘမဲ့ဂေဟာ ဟုတ်လား။ဘယ်နေရာမှာလဲ။"
"ဆင်းရဲသားရပ်ကွက်မှာ"
ဆိုဗက်စ်စတာ၏ မျက်ခုံးများ တွန့်သွားသည်။သူက ထိုအကြံကို သဘောမကျပုံပင်။
ကျွန်မ အလျင်အမြန် ဆက်ပြောလိုက်သည်။
"မြို့စားကြီးရိုင်ဇန်၊မကောင်းမှု ဒုစရိုက်တွေရဲ့ စံနမူနာတစ်ယောက်။အခုထိတော့ အဆင်ပြေနေတာပဲ။ဒါပေမဲ့ အချိန်အရမ်းကြာလာရင်ရော ဆက်ပြီး အဆင်ပြေနေဦးပါ့မလား။ဒါကြောင့်မို့လို့ ကျွန်မတို့ အကြောင်း ထုတ်ဖော်မခံရခင် ကောင်းတာလေးတစ်ချို့ လုပ်ထားရအောင်။"
ထိုသို့ ပြောလိုက်သော်လည်း ဆိုဗက်စ်စတာ၏ တွန့်ရှုံ့နေသော မျက်ခုံးများက ဖြောင့်တန်းမသွားပေ။ကျွန်မ ထိုအကြောင်း မပြောပြချင်ပါ၊ သို့သော် မျက်နှာကို လက်ဖြင့် အုပ်ရင်း ပြောပြဖို့သာ ဆုံးဖြတ်လိုက်ရသည်။
"ကျွန်မ စောင့်ကြည့်ဖို့လိုတဲ့ ကလေးတစ်ယောက် ရှိတယ်။"
"ကလေးတစ်ယောက် ဟုတ်လား"
"ဟုတ်တယ်"
ထိုကောင်လေးသည် ဒုတိယအမျိုးသားဇာတ်လိုက် ဖြစ်လာမည့်သူပင်။မွေးရာပါ ဓါးစွမ်းရည်ပါသည့် ကလေးတစ်ယောက် ဖြစ်သည်။ထိုကလေးကို ပြုစုစောင့်ရှောက်ရန် လိုအပ်သဖြင့် ကျွန်မက မိဘမဲ့ဂေဟာ ဖွင့်လိုခြင်း ဖြစ်သည်။
"ကျွန်မ အများကြီးတော့ မတွေးမိပါဘူး။ဒါပေမဲ့ အဲ့ဒီကလေးက ဓါးသိုင်းပညာ အရမ်းတော်တာကို ကျွန်မတွေ့တယ်။တစ်ခါ မြင်ရုံနဲ့ကို ပြောလို့ရတယ်။သူက ထူးချွန်တဲ့ကလေးတစ်ယောက်ပဲ။"
"ကိုယ် မင်းကို ယုံကြည်လို့ ရလား။"
"ရှင် ကျွန်မကို ယုံကြည်ရမယ်။"
ကျွန်မ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ဆိုဗက်စ်စတာ၏နဖူးမှာ အနည်းငယ် ပြေလျော့သွားသည်။
"အတော်လေး အကုန်အကျများမဲ့ပုံပဲ။"
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ ပိုက်ဆံအများကြီး ရှိတယ်လေ၊မဟုတ်ဘူးလား။"
"အတိအကျ ပြောရရင် ကိုယ်တို့မှာ မဟုတ်ဘူး။ပိုက်ဆံအများကြီး ရှိတဲ့လူက ကိုယ်။"
"ချီးတဲ့မှ"
"ဒီတစ်ခါ ကိုယ်ကြားတယ်နော်။"
"ကျွန်မ တောင်းပန်ပါတယ်။"
ကျွန်မ ချက်ချင်း တောင်းပန်လိုက်သည်နှင့် ဆိုဗက်စ်စတာ၏ အပြုံးက ပိုကြီးလာသည်။သူက ဓါးကို ချလိုက်ပြီး ပါးစပ်ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။ထို့နောက် သူ ကျွန်မကို စူးစူးစိုက်စိုက် ကြည့်လာသည်။
"မင်း မိုးကြိုးပစ်ခံရပြီးတော့ အခြားတစ်ယောက်အဖြစ် ပြောင်းသွားတယ် ဆိုပြီး နေးလ် ပြောခဲ့တာက မှန်တယ်လို့ ကိုယ် ထင်တယ်။"
"ကျွန်မက ..."
"ဟုတ်တယ်၊ မင်းလေ"
"ရှင်က စကားကို နားထောင်ကောင်းအောင် ဘယ်လို ပြောရမလဲဆိုတာ တကယ် မသိဘူးပဲ။ကျွန်မ မျက်နှာကို တည့်တည့်ကြည့်ပြီး ရှင်က ဒီလိုပြောရင် ကျွန်မ စိတ်မကောင်းဖြစ်မယ်ဆိုတာ ရှင် မသိဘူးလား။"
"ကိုယ် မသိဘူး"
"ထင်တော့ ထင်သားပဲ"
ကောင်းပြီ ၊ကောင်းပြီ။
ကျွန်မ လက်ညှိုးနှင့် လက်မကို ထိပြီး အဝိုင်းပုံစံ လုပ်ပြလိုက်သည်။
ဟား!
ဆိုဗက်စ်စတာ ထပ်ရယ်ပြန်သည်။
"ကိုယ် မင်းကို ခွင့်ပြုချက် ပေးတယ်။"
သူက ကျွန်မဖက်ကို မေးငေါ့ရင်း ပြောသည်။
"ဒါက ကိုယ့်အတွက် ပျော်စရာကောင်းမဲ့ပုံပဲ။"
"ရှင့်ကို ကျေးဇူးတင်ပါတယ်။"
ထိုကိစ္စကို ပြုလုပ်ခြင်းက ငွေကုန်ကြေးကျများသည့်အပြင် အနည်းနဲ့အများ အလဟဿ ဖြစ်နိုင်သည်ဟု ကျွန်မ တွေးမိသည်။တစ်စုံတစ်ယောက် ပြောသကဲ့သို့ ပိုက်ဆံက ကျွန်မတို့၏ ပိုက်ဆံမဟုတ်ပေ။အသံတစ်သံ မထွက်လာခင်အထိ ကျွန်မ အတွေးနက်နေမိသည်။
"သခင်"
ဆိုဗက်စ်စတာ၏လက်ထောက်ဖြစ်သူ နေးလ်က ထမင်းစားခန်းအတွင်းသို့ ဝင်လာသည်။သူ့လက်ထဲ၌ စာရွက်တစ်ထပ်ကြီးကို ကိုင်ထားသည်။
"ဘာဖြစ်တာလဲ။"
ဆိုဗက်စ်စတာက အံ့ဩစွာ မေးသည်။နေးလ်သည် သူတို့၏ ထမင်းစားခန်းတွင်းသို့ ဝင်လာလေ့ မရှိပေ။
"တရားရုံးက တရားစွဲဆိုမှုတစ်ခု ရောက်လာလို့ပါ ခင်ဗျ။"
နေးလ်သည် စာရွက်စာတမ်းများကို ထမင်းစားပွဲပေါ်သို့ ချလိုက်သည်။
တရားစွဲတယ်!
နေးလ်က ဆိုဗက်စ်စတာကို စာရွက် တစ်ရွက်ပြီး တစ်ရွက် လှမ်းပေးနေစဥ် ကျွန်မ စာရွက်စာတမ်းများကို မျက်လုံးပြူးပြီး ကြည့်လိုက်သည်။
"ဒါတွေက ခြိမ်းခြောက်မှု၊အကြပ်ကိုင်မှု၊အကြမ်းဖက်မှုနဲ့ ပတ်သက်တာ ဖြစ်ပြီးတော့ ..."
ထို့နောက် သူက ကျွန်မဆီသို့ တည့်တည့်ကြည့်ကာ ပြောလာသည်။
"သူမရဲ့ပြစ်မှုတွေကြောင့် သခင့်ရဲ့ ဇနီးဖြစ်သူကို တရားစွဲဆိုတဲ့ အကြောင်းအရာတွေပါ။"
ဘာ…
ကျွန်မသည် နေးလ်ကို မယုံနိုင်စွာဖြင့် ကြည့်မိသည်။
ခြိမ်းခြောက်မှု၊အကြပ်ကိုင်မှု၊အကြမ်းဖက်မှု ဟုတ်လား။ ငါ ဘယ်တုန်းက ဒီလိုလုပ်ခဲ့လို့လဲ။
"သူတို့ လူမှားပြီး တရားစွဲတာ မဟုတ်လား။"
ကျွန်မ၏မေးခွန်းကြောင့် နေးလ်သည် ကျွန်မ၏ မျက်စိရှေ့မှာပင် စာရွက်တစ်ရွက်ကို ဆိုဗက်စ်စတာထံ အတင်းထိုးပေးသည်။
"ကျွန်မတို့ အတူ ကြည့်ရအောင်"
[သို့ : မြို့စားကြီးကတော်အိုဖီလီယာ ရိုင်ဇန်]
ဒါက တကယ်ပဲ။
ကျွန်မပင် မသိသည့် အိုဖီလီယာ၏ပြဿနာများကို ထပ်မံဖာထေးပေးရဦးမည်ဟု တွေးမိသဖြင့် သက်ပြင်းချလိုက်မိသည်။သို့သော် မည်သူက ထိုသို့ တရားစွဲဆိုသည်ကိုလည်း ကျွန်မ သိချင်သေးသည်။ ချက်ချင်းပင် ကျွန်မ၏ အကြည့်များကို စာရွက်အောက်ဖက်သို့ ရွှေ့လိုက်ပြီး တရားစွဲဆိုသူ၏ နာမည်ကို ကြည့်လိုက်မိသည်။
...အိုး
TK Team
++++++++