ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၂၂)
ကယ်လီယန်၏ စိတ်အခြေအနေမှာ မကောင်းဖြစ်နေခဲ့သည်။၎င်းမှာ အိုဖီလီယာ ရိုင်ဇန်က သူ့အမိန့်ကို ဖီဆန်ပြီး မပြင်ခိုးထွက်ခဲ့ခြင်း တစ်ခုတည်းကြောင့် မဟုတ်ပေ။ထိုကိစ္စက စိတ်တိုစရာကိစ္စ ဖြစ်သော်လည်း ယခုကိစ္စလောက်အထိ ၎င်းက ဒေါသထွက်ချင်စရာ မကောင်းခဲ့ပေ။။
"ဧကရာဇ်အရှင်က မင်းအကြောင်းကို သိချင်နေတယ်။"
အိုဖီလီယာက ဧကရာဇ်၏ အာရုံကို ဖမ်းစားသွားခြင်းကြောင့် ဖြစ်သည်။မည်သူကမှ ဧကရာဇ်၏စိတ်ဝင်စားမှုကို မရရှိကြပေ။သူမက မင်းဆွေစိုးမျိုးတစ်ယောက်၏ ဇနီးတစ်ယောက် ဖြစ်နေလျှင်ပင် စိတ်ဝင်စားခြင်း ခံရမည် မဟုတ်။
သို့သော် သတင်းစာ ခေါင်းစီးတစ်ခု၏ ရလဒ်ကြောင့် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
[အိုဖီလီယာ ရိုင်ဇန်မှာ ကလေးတစ်ယောက်ကို ကယ်တင်ပေးသည့်သူရဲကောင်း ဖြစ်လာခဲ့။]
ဧကရာဇ်အရှင်မှာ သိချင်စိတ်ပြင်းပြသွားသည်။
'အဲ့ဒီ'အိုဖီလီယာ က ဒီလိုမျိုး ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာလား။
ဧကရာဇ်သည် အိုဖီလီယာကို သိခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။သူမသည် မကောင်းမှုများကို ပြုလုပ်တတ်သော ဗီလိန်တစ်ယောက်ဟု မြို့တော်တစ်ခုလုံး ကောလာဟာလများ ပျံ့နှံ့နေခြင်းကြောင့်သာ မဟုတ်ပေ။ယခင် ဧကရီဟောင်းသည် အိုဖီလီယာကို ဘယ်လောက်ချစ်မြတ်နိုးကြောင်း သူ မှတ်မိနေသောကြောင့် ဖြစ်၏။ဧကရီဟောင်းမှာ အထင်ကြီးလောက်စရာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ထို့ကြောင့် သူမ သဘောကျခဲ့သည့် အမျိုးသမီးအပေါ် သူက စိတ်ဝင်စားမှုမရှိဘဲ မနေနိုင်ခဲ့ပေ။
သူက ကယ်လီယန်ကို ဤသို့ မိန့်ကြားလာခဲ့သည်။
ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိရအောင် စုံစမ်းခဲ့ချေ။
မကြာခင် စိတ်ဝင်စားစရာကိစ္စ တစ်ခုခု ဖြစ်လာနိုင်တယ်။
သေစမ်း၊သူမက ဧကရာဇ်ရဲ့ စိတ်အာရုံကို ဖမ်းထားလိုက်နိုင်ပြီ။
ဤကိစ္စအားလုံးမှာ အိုဖီလီယာ၏ အစီအစဥ်ဟု ကယ်လီယန် တွေးထားခဲ့သည်။သူမက တားမြစ်ပိတ်ပင်သည့်ကာလတွင် ပိပိရိရိဖြင့် အပြင်ခိုးထွက်နိုင်ရန် အကြောင်းပြ၍ သူမ၏ မျက်နှာကို လူမမြင်အောင် ဖုံးကွယ်ထားခဲ့သည်။သူမ အပြင်ရောက်ပြီးနောက် မတော်တဆ ဖြစ်ရပ်တစ်ခုတွင် ထွက်ပေါ်လာပြီး သူမက မည်သူမည်ဝါဖြစ်သည်ဟု ထုတ်ဖော်ပြသလာခဲ့သည်။ ရလဒ်အနေဖြင့် သူမက လူများ၏ ယုံကြည်မှုကို ရယူသွားပြီး သူမ၏ အပြုအမူကောင်းများကို ဧကရာဇ်၏နားထဲသို့ မရောက် ရောက်အောင် လုပ်သွားခဲ့သည်။အဘယ်ကြောင့် ဖြစ်မည်နည်း။
ဧကရာဇ်ရှေ့မှောက် အခစားဝင်နိုင်ဖို့လား။
ကယ်လီယန်၏ မျက်ခုံးများမှာ ဆိုးရွားစွာဖြင့် တွန့်ရှုံ့သွားတော့သည်၊၎င်းက အမှန်တကယ်ပင် ကောင်းမွန်စွာ စနစ်တကျ စီစဥ်ဖွဲ့စည်းထားသော စစ်တုရင်ကစားကွက်တစ်ခုဖြစ်သည်။သူကပါ ဤစစ်တုရင်ကစားကွက်ပေါ်၌ လိုက်ကစားပေးနေရသည့် ပုံပင်။
မဖြစ်နိုင်တာ။ငါ မင်းကို တားမြစ်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမယ်လို့ အစထဲက မျှော်လင့်နေခဲ့တာလား။
အိုဖီလီယာမှာ ကြောက်စရာကောင်းသော မိန်းမတစ်ယောက် ဖြစ်သည်။ ကယ်လီယန်သည် အရုပ်မလေးကဲ့သို့ မျက်နှာနှင့် အမူအရာကင်းမဲ့စွာ ထိုင်နေဆဲဖြစ်သော အိုဖီလီယာကို ကြည့်၍ အံတင်းတင်းကြိတ်ထားမိသည်။
"ဟုတ်တယ်၊အရာအားလုံးက မင်း စီစဥ်ထားတဲ့အတိုင်း ဖြစ်လာပြီပဲ။"
"စီစဥ်ထားတာ..."
ကယ်လီယန် ဘာအကြောင်း ပြောနေသည်ကို အိုဖီလီယာ သဘောမပေါက်ပေ။
အစီအစဥ် ဟုတ်လား။ငါက အစီအစဥ်တစ်ခုမှ မရှိတဲ့သူပါလို့။အဲ့ဒီလို ပြောလိုက်ချင်တာပေါ့။ဒါပေမဲ့ ငါ ပြောလို့မှ မရဘဲ။ဒါကြောင့် ငါ သည်းခံနေရမယ်။
"မင်းက ဧကရာဇ်အရှင်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ စီစဥ်ထားခဲ့တယ်။ဟုတ်တယ်။အခုတော့ မင်းရဲ့ အစီအစဥ်အတိုင်း ဧကရာဇ်အရှင်က မင်းအကြောင်းကို စုံစမ်းနေပြီလေ။"
သူ ဘာအကြောင်းတွေ ပြောနေသည်ကို ကျွန်မ နားမလည်သော်လည်း ဧကရာဇ်က ကျွန်မကို ရှာဖွေစုံစမ်းချင်သည့်ကိစ္စမှာ ဆိုးရွားသော ကိစ္စ မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်သည်။မဟုတ်သေး၊၎င်းက အတော်လေး ကောင်းမွန်သည့် ကိစ္စ ဖြစ်သည်။အကယ်၍ ကျွန်မက ဧကရာဇ်နှင့် ဆုံတွေ့နိုင်ပြီး သူ့ကို ကျွန်မဘက်သို့ ပါအောင် သိမ်းသွင်းနိုင်လျှင် မူလဇာတ်ကြောင်း၏ ဆိုးရွားသော အဆုံးသတ်ကို ကျွန်မ ရှောင်ကြဥ်နိုင်လောက်သည်။ယုန်ထောင် ကြောင်မိ သကဲ့သို့ ဖြစ်သော်ငြား ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်နေဆဲပင်။
အိုဖီလီယာက သူမ၏ နှုတ်ခမ်းကို အပြုံးတစ်ခု ဖြစ်အောင် ဆွဲဆန့်လိုက်သည်။ သို့သော်
"ဒါပေမဲ့ မင်းက ဧကရာဇ်အရှင် ရှေ့မှောက်ကို အခစားဝင်နိုင်မှာ မဟုတ်ဘူး။ငါက မင်းကို အဲ့လိုလုပ်ခွင့် ပြုမှာ မဟုတ်ဘူး။"
ကယ်လီယန်က အရာအားလုံး၏ လမ်းကြောင်းပေါ်သို့ ရောက်နေခဲ့သူ တစ်ယောက်ဖြစ်သည်။အိုဖီလီယာ၏ မျက်လုံးများ မှေးကျဥ်းသွား၏။
"အင်ပါယာရဲ့ပြည်သူတစ်ယောက်က ဧကရာဇ်အရှင်မင်းမြတ်ကို တွေ့ခွင့်ရဖို့ မဖြစ်နိုင်ဘူးလား။"
"အမှန်ပဲလေ။စိတ်သဘောထား ကောင်းပြီး ကျင့်ဝတ်နဲ့ လျော်ကန်တဲ့ အပြုအမူကောင်းတွေ ရှိတဲ့သူတွေကသာ ဧကရာဇ်အရှင်မင်းမြတ်ကို တွေ့ခွင့်ရမယ်။မင်းကတော့ သူတို့ထဲမှာ မပါဘူး။"
"ကျွန်မလည်း စိတ်သဘောထား ကောင်းပါတယ်။"
အိုဖီလီယာသည် စားပွဲပေါ်မှ သတင်းစာကို ညွှန်ပြလိုက်သည်။
"ကြည့်ပါဦး၊ကျွန်မရဲ့ ကောင်းတဲ့လုပ်ရပ်ကို သတင်းတစ်ခု အဖြစ်နဲ့တောင် ရေးသားထုတ်ဝေနေကြပြီလေ။"
"ဟ"
ကယ်လီယန်က နှာမှုတ်လိုက်သည်။
"မင်းက သေချာပေါက် တစ်ခုခု လုပ်ခဲ့တာပဲ ဖြစ်ရမယ်။"
သူက သေချာနေသော လေသံဖြင့်
"မင်းက ဒီကလေးကို ရထားလုံးရှေ့ အတင်းအကြပ် ပြေးဝင်ခိုင်းလိုက်တာပဲ။"
"အရှင့်သားက ကျွန်မကို အမှိုက်လို လူစားလို့ ထင်နေပါသလား။"
"အမှန်ပဲ"
"..."
ကလေးဆန်နေလိုက်တာ။
အိုဖီလီယာမှာ တွန့်သွားပြီး သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။သူမက စိတ်မရှည်တော့သဖြင့် ထိုသို့ ပြုလုပ်သည်ပင်။သို့သော် ကယ်လီယန်က ထိုအပြုအမူကို တခြားပုံစံဖြင့် မြင်၏။သူမက သူ့ကို လက်သီးနှင့် ထိုးဖို့ ကြိုးစားနေသည့်ပုံဟု ထင်သွားသည်။
သူမက ငါ့ကို ရိုက်ချင်တာလား၊ မရိုက်ချင်တာလား။
အိုဖီလီယာက အမြဲတမ်း လူတွေကို ရိုက်နှက်တတ်သည်။
ဟား…
ကယ်လီယန် တစ်ချက်မျှ ရယ်လိုက်သည်။
"မင်း စိတ်ကို မထိန်းထားနိုင်တော့ဘူးပေါ့။"
သူက ပြောရင်း မျက်လုံးကို လှိမ့်လိုက်သည်။
"မင်းက ငါ့ကို ရိုက်ချင်တဲ့အထိ ရဲတင်းနေတယ်ပေါ့။"
"ဘာရယ်"
ငါက ရူးနေရင်တောင်မှ မင်းသားကိုတော့ ဘာလို့ ရိုက်ရမှာလဲ။
အိုဖီလီယာ၏ နှုတ်ခမ်းများမှာ မယုံကြည်နိုင်မှုကြောင့် အကျယ်ကြီး ပွင့်ဟသွားသည်။
"ငါ မင်းကို သတိပေးလိုက်မယ်။မင်း ငါ့ကိုယ်ပေါ် လက်တစ်ချောင်း တင်ရဲတာနဲ့ မင်းက သံတိုင်နောက် ရောက်ပြီပဲ။မင်းကို ချုပ်နှောင်လိုက်ပြီဆိုရင်တော့ ငါက ပြန်လွှတ်ပေးဖို့ စဥ်းစားပေးမှာ မဟုတ်ဘူး။"
"ကျွန်မမှာ အရှင့်သားကို ရိုက်ပစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။အာ ... ဒါကို ထားလိုက်ပါဦး။အရှင့်သား ကျွန်မကို ပြောချင်တဲ့ အဓိက အကြောင်းအရာက ဘာများပါလဲ။"
အိုဖီလီယာ ခေါင်းခါလိုက်သည်။ကယ်လီယန်မှာ အိုဖီလီယာက လိမ်ပြောနေသည်ဟု သေချာနေလေရာ သူမ နောက်ဖက်ကို ဆုတ်လိုက်ရင်း သူနဲ့ အကွာအဝေးတစ်ခု ခြားပေးလိုက်သည်။
"အရှင့်သား ပြောလို့ ပြီးပြီ ဆိုရင် ကျေးဇူးပြုပြီး ပြန်ကြွပါတော့။ကျွန်မ ပင်ပန်းနေလို့ပါ။"
ကယ်လီယန် ဘာမှ မပြောရသေးခင် အိုဖီလီယာက ထပ်ပြောသေးသည်။
"ကျွန်မ အခု အရမ်း နာကျင်ကိုက်ခဲနေလို့ပါ။ပြီးတော့ ကျွန်မ သေချာ ဆေးကုသဖို့ လိုအပ်နေပါတယ်။"
သူမက အင်္ကျီလက်များကို လိပ်တင်ပြီး သူမ၏ ဒဏ်ရာရနေသော နေရာကို ပြလိုက်သည်။ထိုအခိုက်၌ ကယ်လီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။အိုဖီလီယာ၏ လက်မောင်းပေါ်တွင် အတော်ကြီးမားသော ပြတ်ရှရာတစ်ခု ရှိနေသည်။သူမမှာ ထိုသို့ ဒဏ်ရာတစ်ခု ရှိနေလျှင် သူမ မည်သို့ပင် ကုသသည်ဖြစ်စေ အမာရွတ် ကျန်ရစ်ခဲ့မည် ထင်သည်။
မင်းဆွေစိုးမျိုး အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်မှာ အမာရွတ် ကျန်ခဲ့သည်။ထိုကိစ္စထက် ရှက်စရာကောင်းသော ကိစ္စမရှိတော့ပေ။သို့သော် အိုဖီလီယာကတော့ တည်ငြိမ်အေးဆေးနေပုံ ရသည်။
ကယ်လီယန်မှာ စိတ်မကောင်းဖြစ်သွားသည်။
"အမာရွတ်တစ်ခု ကျန်ခဲ့မှာပဲ။"
ထို့ကြောင့် သူက အိုဖီလီယာကို တမင်သက်သက် ရန်စလိုက်သည်။
"ဒါက ဘယ်လိုမျိုး ဂုဏ်ယူစရာပါလိမ့်။"
အိုဖီလီယာက ပြန်ဖြေဆဲပင်။အိမ်ရှေ့စံမင်းသား ထင်မြင်ထားသည်နှင့် ခြားနားလှစွာ
"ဒီအမာရွတ်ကို ကျေးဇူးတင်ရမှာပါ။ကလေးကို ကျွန်မ ကယ်နိုင်ခဲ့တယ်။ဒါကသာ အရေးကြီးတာပါ။"
ကယ်လီယန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
အိုဖီလီယာက ဒီလို ပြောတယ်လား။'အဲ့ဒီ' အိုဖီလီယာကလေ။
သူ့ခေါင်းက တဝီဝီလည်နေသည်။ သူ ခေါင်းကိုက်လာသလိုပင်။အိုဖီလီယာက ဒေါသဖြစ်နေပုံ ရသည်။သို့သော်လည်း ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့ပေ။
မဟုတ်သေးဘူး၊သူမက တကယ်ပဲ ပြောင်းလဲသွားပြီလား။ ဒါက အမှန်တရား လုံးဝ မဖြစ်နိုင်ဘူး။
၎င်းမှာ အိုဖီလီယာ၏ ဥာဏ်နီဥာဏ်နက် များလှသော လှည့်ကွက်ဟု ကယ်လီယန် ထင်ထားခဲ့သည်။သူမက ထိုသို့ ခြားနားချက်တစ်ခုကို ထုတ်ပြပြီး နောက်မှ သူ့နောက်ကျောကို ဓါးနှင့် ထိုးလိမ့်မည်။သူ ဒီလောက်လေးနှင့် မယုံကြည်သင့်။ကယ်လီယန် စိတ်ပိုင်းဖြတ်ထားမိသည်။
"အရှင့်သား ပြောလို့ပြီးပြီ မဟုတ်ပါလား။ဒါဆို အရှင့်သား ပြန်ကြွ ..."
"အခုထိ မပြီးသေးဘူး။"
ကယ်လီယန်က အိုဖီလီယာကို စိုက်ကြည့်လိုက်သည်။
"မနေ့က ငါ မင်းဆီ စာ ပို့လိုက်တာကို မင်းက ပြန်စာ မရေးခဲ့ဘူး။"
"...စာ "
အိုဖီလီယာသည် သိသိသာသာပင် ဟန်လုပ်နေသော အမူအရာဖြင့်တုံ့ပြန်လာခဲ့သည်။
"ကောင်းပါပြီ၊ကျွန်မ စာကို မရခဲ့ပါဘူး။ဟုတ်တယ်မလား အိုင်ရင်းရေ။"
"ရှင်"
ကျွန်မဘေးတွင် ရပ်နေသော အိုင်ရင်းက တအံ့တဩ အမူအရာဖြင့် ခေါင်းခါလိုက်သည်။
"ဟုတ်ကဲ့၊ဟုတ်ပါတယ် ရှင့်။ကျွန်မ စာတစ်စောင်မှ မတွေ့ခဲ့ပါဘူး။စာက ဘာဖြစ်လို့ပါလဲ။အဲ့ဒီမှာ ဘာမှ မရှိပါဘူး။"
အိုး၊ သူမက လုံးဝ ဟန်မဆောင်တတ်ဘူးပဲ။
အိုဖီလီယာ ညည်းညူလိုက်မိသည်။ကယ်လီယန်ကလည်း အိုင်ရင်း၏ သရုပ်ဆောင်မှု အလွန်ဆိုးရွားသည်ကို သတိထားမိသွားပုံရသည်။သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားတော့သည်။
"မင်းက စာကို ရည်ရွယ်ချက် ရှိရှိနဲ့ ဖျက်ဆီးပစ်လိုက်တာပဲ။"
"ဟိုးဟိုး၊ မဖြစ်နိုင်တာတွေပါရှင်။အိမ်ရှေ့စံအရှင့်သားဆီက ပေးပို့လာတဲ့ စာဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ စာတစ်စောင်ပါ။ကျွန်မသာ စာရခဲ့ရင် ဒါကို ကျိန်းသေပေါက် သိမ်းဆည်းထားရမှာပါ။"
ကယ်လီယန်သည် သူမကို စကားများကို နားထောင်ရင်း သူမက တကယ်ကို အရှက်မဲ့သည်ဟု ယုံကြည်သွားသည်။
"ဝိုး"
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဂနာမငြိမ်ဖြစ်နေသော သူ့အတွေးများကို တည်ငြိမ်စေရန် ကြိုးစားခဲ့သည်။
"မင်းက ငါ့ရဲ့စကားကို အရေးမပါတဲ့ အမှိုက်တစ်ခုလို သဘောထားပြီး နားမထောင်ဘူးဆိုရင်"
သူက စကားတစ်လုံးချင်းကို အားမာန်အပြည့်ဖြင့် ပြောခဲ့သည်။
"အိမ်ထဲကနေ ဘယ်တော့မှ ထွက်လို့ ရမှာ မဟုတ်ဘူး။"
၎င်းက မာနထောင်လွှားချင်စရာ ကိစ္စဖြစ်သည်။အိုဖီလီယာ၏ အမိန့်မနာခံမှုတွင် ဆိုဗက်စ်စတာ ရိုင်ဇန်၏ သူ့အပေါ် မလေးမစား ပြုမူမှုများက ထင်ဟပ်နေသည်မှာ အသေအချာပင်။
"မင်းက ငါ့အမိန့်ကို နောက်ထပ်တစ်ခါ ထပ်ပြီး မနာခံတာနဲ့၊ငါက မင်းရဲ့ ပြစ်မှုတွေ အားလုံးကို ဖော်ထုတ်စစ်ဆေးပြီး မင်းကို ထောင်ထဲ ထည့်ပစ်မယ်။"
"အိုး ၊ဘုရားသခင်ရေ၊ ကျွန်မ ကြောက်ရွံ့မိပါတယ်။"
အိုဖီလီယာသည် ယပ်တောင်ကို သူမ၏ မျက်နှာမှ အဝေးသို့ ခပ်လိုက်သည်။အခြားတစ်ဖက်တွင် ကယ်လီယန်က သူမကို ရက်စက်ကြမ်းကြုတ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။သူမက ခေါင်းငြိမ့်လိုက်ပြီး သူမကို သူမ မကူညီနိုင်တော့ဟန်ဖြင့် ကျစ်ခနဲ စုတ်သပ်လိုက်သည်။
"ကောင်းပါပြီရှင်။ကျွန်မ ထပ်ပြီး အိမ်ပြင်မထွက်တော့ပါဘူး။ကတိနော်။ ကျွန်မ အရှင့်သားကို ကတိပေးပါတယ်။"
ထို့နောက် သူမက ကယ်လီယန်၏ လက်ကို ဆွဲယူ၍ သူ၏လက်သန်းကို သူမ၏လက်သန်းလေးနှင့် ကတိပေးသည့်အတိုင်း ချိတ်လိုက်တော့သည်။တင်းကြပ်စွာ သွယ်ယှက်နေတဲ့ လက်ချောင်းတွေကို သူ မြင်နေရသည်။ကယ်လီယန်မှာ သူ့လက်ကို ဆတ်ခနဲ ပြန်ဆွဲထုတ်လိုက်သည်။
"မင်းက ရယ်ချင်စရာကောင်းတာပဲ။"
"ကျွန်မ ပြောခဲ့သလိုပါပဲ ရှင်။"
"အိုဖီလီယာ ရိုင်ဇန်"
"ဟုတ်ကဲ့၊အိမ်ရှေ့စံ အရှင်သား၊ကျွန်မကို ဘာကြောင့် အခေါ်တော်ရှိပါသလဲရှင်။"
ဒေါသ ထွက်လာသဖြင့် သူ့အစာအိမ်ထဲတွင် ဆူပွက်နေခဲ့သည်။သူ့ကို အိုဖီလီယာက ရပ်တန့်ပစ်လိုက်သလို ခံစားနေရသည်။အမှန်ပင် ၎င်းက ခံစားချက်တစ်ခုသာ မဟုတ်ပေ။အမှန်တကယ်ကို ပြောစရာ စကား ကုန်ခမ်းသွားခြင်း ဖြစ်ပါသည်။ထိုအဖြစ်က သူ့ကို ပိုပြီး ဒေါသဖြစ်လာစေသည်။အိုဖီလီယာ ဒေါသထွက်လာအောင် သူ ဘာလုပ်နိုင်ပါသနည်း။ကယ်လီယန်မှာ အတွေးထဲ နစ်မျောနေခဲ့၏။
ထို့နောက်တွင်
"အိုဖီလီယာ!"
ဂျလောက်
တံခါးပွင့်သွားပြီး တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။အပြေးအလွှားလာခဲ့သော ဆိုဗက်စ်စတာ ဖြစ်ပြီး အမောတကော အသက်ရှူနေရသည်။
"ဟူး..ဟူး.."
ဆိုဗက်စ်စတာမှာ သူ၏အသက်ရှုနှုန်း နှေးကွေးသွားအောင် ထိန်းချုပ်လိုက်သည်။မကြာမီပင် သူ၏ ပုံမှန်မျက်နှာထား ပြန်ဖြစ်သွားသည်။ယခင်အတိုင်း အေးစက်လှသော မျက်နှာပင်။သူက ထိုမျက်နှားထားဖြင့် ကယ်လီယန်ကို ငုံ့ကြည့်လိုက်သည်။
"အရှင့်သား ဘယ်လိုလုပ်လိုက်တာပါလဲ၊စာမလာ သတင်းမကြားနဲ့။"
ကယ်လီယန်က ဆိုဗက်စ်စတာကို မော့ကြည့်ပြီး
"ငါက ဒီကိုလာဖို့ မင်းရဲ့ခွင့်ပြုချက် လိုအပ်သေးတာလား။"
"သာမန်ကိစ္စတွေမှာတော့ ရပါတယ်။"
ဆိုဗက်စ်စတာက သူ့စကား၏ အဆုံးတွင် အနည်းငယ် ထေ့ငေါ့လိုက်ပါ၏။
"ဒါပေမဲ့ အခုက သာမန်ကိစ္စတော့ မဟုတ်ဘူး ဆိုပေမဲ့ ကျွန်တော် အရှင့်သားကို ခွင့်လွှတ်ပေးမှာပါ။"
"ခွင့်လွှတ်ပေးမယ် တဲ့လား။"
ကယ်လီယန်သည် စွမ်းအင် ပြည့်ဝနေသည့်အလား နှာမှုတ်လိုက်သည်။သူက တကယ်ကို လူယုတ်မာတစ်ယောက်ပင်။သူ့ဓါးကို ဆွဲထုတ်ပြီး သူ့လည်ပင်းကို ချက်ချင်း ပိုင်းဖြတ်ပစ်လိုက်ချင်သည်။သို့သော် သူ ထိုသို့ လုပ်၍မရပေ။ကယ်လီယန်သည် ဤနေရာမှ အမြန်ဆုံး ထွက်သွားဖို့လိုသည်။သူ တွေးလိုက်သည်။
"ငါက ပြန်မလို့ စီစဥ်နေတာပါ။အခု မင်းရဲ့ ဇနီးနဲ့ စကားပြောလို့ ပြီးသွားပြီ။"
ကယ်လီယန်က အိုဖီလီယာ အနားသို့ ကပ်ရင်း ပြုံးပြလိုက်သည်။
"ဟုတ်တယ်မလား၊အိုဖီလီယာ ရိုင်ဇန်ရေ။"
"ဟုတ်ပါတယ်"
သတိလက်လွတ် ဖြစ်နေသော အိုဖီလီယာသည် ကယ်လီယန်ကို ကြည့်ရင်း နဖူးကို နည်းနည်းတွန့်လိုက်မိသည်။
နင်က ဘာဖြစ်လို့ ပြုံးပြနေတာလဲ။
အဆဲစကားလုံးတစ်ချို့က ကျွန်မ၏ လျှာဖျားထက်သို့ ရောက်လာသော်လည်း ကျွန်မအနေဖြင့် ထပ်၍ သည်းညည်းခံရန် လိုသည်။အိုဖီလီယာ ခေါင်းငြိမ့်လိုက်သည်။
"အိုး၊ဟုတ်ပါတယ်၊စကားပြောလို့ ပြီးသွားပါပြီ။"
မဟုတ်တမ်းတရား စကားများသာ ဖြစ်သော်ငြား ကျွန်မအနေဖြင့် ဟုတ်ပါတယ် ဟုသာ ပြောနိုင်သည်။
"ဒါဆို ငါ သွားတော့မယ်။"
ကယ်လီယန်က ထိုင်ရာမှ ထလိုက်သည်။ထို့နောက် သူက တစ်ခုခု သတိရသွားဟန်ဖြင့် အိုဖီလီယာဖက်သို့ ရုတ်တရက် ပြန်လှည့်လာခဲ့သည်။
"ပြီးတော့ အိုဖီလီယာ..."
"ဟုတ်ကဲ့"
"မင်း ငါ့ကို ပေးထားတဲ့ ကတိကို မမေ့ပါနဲ့။"
သူက သူ့လက်သန်းလေးကို ထောင်ပြရင်း ပြောလိုက်သည်။
"ငါ မင်းကို နောက်ထပ်တစ်ခါ အသက်ရှူပေါက်ပေးမှာ မဟုတ်ဘူး။"
ကျွန်မ ခြိမ်းခြောက်မှုကို အလွန်ကြောက်လန့်နေမိသည်။အိုဖီလီယာသည် ပါးစပ်ပိတ်ထားရင်း ညည်းညူနေမိသည်။ ဆိုဗက်စ်စတာမှာ အိုဖီလီယာနှင့် ကယ်လီယန်ကို အပြန်အလှန် ကြည့်နေပြီး မျက်မှောင်ကြုတ်လျက်ရှိ၏။
အကြောင်းပြချက်တစ်ချို့ကြောင့် ၎င်းက သူ့အတွက် အဆင်မပြေစရာ ဖြစ်နေခဲ့သည်။
*
"ဘာဖြစ်သွားတာလဲ"
ဆိုဗက်စ်စတာက ပြောသည်။အိုဖီလီယာမှာ သူမ၏ ခေါင်းကို ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်သည်။
"ဘာကိုလဲ"
TK Team
++++++++