ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၂၃)
"မင်းက အိမ်ရှေ့စံမင်းသားကို ဘာကတိပေးခဲ့တာလဲ။"
"အိုး၊ရှင်က အဲ့ဒါကို ဆိုလိုချင်တာလား။"
ကျွန်မမှာ သူ ဘာအကြောင်းများ ပြောနေသည်လဲဟု သိချင်နေခဲ့သည်။ကျွန်မ ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
"သူက ကျွန်မကို အပြင်ထပ်ပြီး မထွက်ဖို့ ပြောတာလေ။ဒါကြောင့် ကျွန်မက ဟုတ်ကဲ့ပါလို့ ပြောလိုက်တယ်။"
"မင်းက အိမ်ရှေ့စံမင်းသားရဲ့ အမိန့်ကို နာခံတော့မယ်ပေါ့။"
"ဒါဆို ကျွန်မက ဘယ်လိုများ လုပ်ရမှာလဲ။ကျွန်မက ပြန်တိုက်ခိုက်ဖို့ ကြိုးစားရင် သူက အရင်တစ်ခါ လုပ်ခဲ့သလိုမျိုး ကျွန်မအပေါ် ပြဿနာရှာပြီး ကန်ထုတ်ပစ်လိမ့်မယ်။"
ဆိုဗက်စ်စတာက ကျွန်မကို စူးစိုက်ပြီး ကြည့်လာသဖြင့် ကျွန်မကို ကြောက်လန့်လာစေခဲ့သည်။သို့သော် ကျွန်မ ကြောက်နေသည်ကို ထုတ်မပြမိရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူက သူ့မှာ ရွေးချယ်စရာ မရှိတော့သလိုဖြင့် ပခုံးကို တွန့်ရင်း သက်ပြင်းမောကြီးတစ်ခု ချလိုက်တော့သည်။
"ဒါ အကုန်ပဲလား။"
"ဟုတ်တယ်လေ၊တခြား ဘာရှိဦးမှာလဲ။"
ကျွန်မ၏စကားများကို ကြားသော်လည်း ဆိုဗက်စ်စတာက တိတ်ဆိတ်နေဆဲ ဖြစ်သည်။
"အိုး ၊စကားမစပ် ..."
ကျွန်မ သူ၏တုံ့ပြန်မှုကို ကြည့်ရင်းဖြင့် သတိကြီးစွာ ပြောလိုက်သည်။
"အရင်တုန်းက ကျွန်မတို့ လုပ်ထားတဲ့ကတိကို ရှင် မှတ်မိသေးလား။"
"ကတိ ဟုတ်လား"
"ဟုတ်တယ်လေ။အိမ်ရှေ့စံမင်းသား လာလည်တဲ့အခါတိုင်း၊ကျွန်မဆီ စာပို့တဲ့အခါတိုင်း ရှင် ကျွန်မကို ပိုက်ဆံပေးမယ်လို့ ကတိပေးထားတယ်လေ။"
"အခု မင်း ကိုယ့်ဆီက ပိုက်ဆံတောင်းနေတယ်လို့တော့ မပြောနဲ့။"
"ကျွန်မ အခု ပိုက်ဆံတောင်းနေတာလေ။"
"ဟား"
ဆိုဗက်စ်စတာသည် တစ်ဖက်သို့ ခေါင်းလှည့်သွားပြီး တစ်ချက်ခန့် နှာမှုတ်လိုက်သည်။
ကျွန်မအတွက် ဒါကို ပြောရတာက ရယ်စရာကောင်းနေတုန်းပဲ။ဒါပေမဲ့ ရှင့်အတွက်တော့ ဒီစကားက စစခြင်း ကြားရတုန်းကထက် အခုမှ ပိုရယ်ချင်စရာကောင်းနေသလိုပဲ။ဒါပေမဲ့ ကျွန်မက တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ကိုရီးယားလူမျိုးတစ်ယောက်လေ။ပိုက်ဆံရမဲ့ အခွင့်အရေးကို ဒီတိုင်း ကျော်သွားလို့ မရဘူးရှင့်။
"ရှင် ကျွန်မကို ကတိပေးထားတဲ့အတိုင်း ပေးမှာ မဟုတ်လား။"
"မင်းက တကယ် အံ့ဩစရာကောင်းတာ မင်း သိလား။ကောင်းပြီလေ၊ကိုယ် နေးလ်ကနေ တစ်ဆင့် ဘေလ် ရှင်းပေးခိုင်းလိုက်မယ်။"
"ကျေးဇူးပါ"
ကျွန်မ ဆိုဗက်စ်စတာဆီသို့ အပြုံးအကြီးကြီးနှင့် အတူ လက်မ ထောင်ပြလိုက်သည်။သူက ကျွန်မကို ငြီးငွေ့နေဟန်ဖြင့် အကြည့်တစ်ချက်ပေးပြီး ကျစ်ခနဲ စုတ်သပ်လိုက်သည်။ထို့နောက် သူက တစ်ခုခု တွေးတောနေဟန်ဖြင့် တိတ်ဆိတ်နေခဲ့သည်။ကျွန်မ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အိုင်ရင်းကို ခေါ်လိုက်သည်။
"အိုင်ရင်း"
"ဟုတ်ကဲ့ပါ၊မဒမ်"
"နေ့လည်ရောက်ရင် မြို့ထဲက နာရီစင်ရှေ့မှာ အသားညိုညို၊ဆံပင်အစိမ်းရောင်နဲ့ ကလေးတစ်ယောက်ကို နင် သွားရှာခဲ့ရမယ်။ပြီးတော့ နင်သာ စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး အဲ့ဒီကလေးကို စံအိမ်တော်ဆီ တစ်ခါတည်း ခေါ်လာခဲ့ပေးပါ။"
"အဲ့ဒီနေရာက ဆင်းရဲသားကလေး တစ်ယောက်ကိုလား ရှင်။"
"အမှန်ပဲ"
ကျွန်မ ခေါင်းငြိမ့်လိုက်ရင်း အိုင်ရင်း၏ မည်းမှောင်နေသော မျက်နှာကို ကြည့်နေလိုက်သည်။
အိုင်ရင်းက ကျွန်မကို မေးခွန်းထုတ်ချင်ဟန်ဖြင့် သူမ၏ ပါးစပ်မှ စကားလုံး တစ်လုံးစီကို ဂရုတစိုက် ထုတ်ပြောလာသည်။
"ဘာကြောင့်လဲဆိုတာ ကျွန်မ မေးကြည့်လို့ ရနိုင်မလား။"
ဘာကြောင့်လဲ ဟုတ်လား။သူက အင်ပါယာရဲ့ အနာဂတ်မှာ ကျော်ကြားလာမဲ့ ဓါးသမားတစ်ယောက်ပဲလေ။အဲ့ဒါကြောင့်ပေါ့။
သို့သော် ကျွန်မ ထိုသို့ ပြော၍မရသဖြင့် သူမ၏ မေးခွန်းကို ရှောင်ရှားရန် လုပ်လိုက်သည်။
"ငါက ဘာကြောင့်ဆိုတာကို ပြောပြဖို့ လိုလား။"
"မ ..မဟုတ်ပါဘူး။မလိုပါဘူးရှင်။
ကျွန်မ ထိုစကားတစ်ခွန်းကို ပြောလိုက်သော်ငြား အိုင်ရင်းမှာ သူမ၏လက်များကို အပြင်းအထန် ယမ်းခါပြနေခဲ့သည်။
"မပြောပြပါနဲ့။ဘယ်တော့မှ မပြောပြပါနဲ့ရှင်။ကျွန်မလည်း ဘာမှ မသိချင်တော့ပါဘူး။"
ကျွန်မ သူမကို ရိုက်နှက်မည် သို့မဟုတ် ကျွန်မ မလုပ်ဖူးသည့်ကိစ္စ တစ်ခုခု လုပ်တော့မည် အထင်နှင့် သူမက ကြောက်အားလန့်အားဖြင့် တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့သည်။ကျွန်မလည်း ဘယ်လောက်ပင် ရှင်းပြသည်ဖြစ်စေ ပြောသမျှ နားမဝင်သည့် အိုင်ရင်းကို ပြုံးသာ ပြလိုက်ရ၏။
အင်း၊ စိတ်ရှည်ရှည်ထားရအောင်ပါ။တစ်ယောက်ယောက်က ပြောဖူးတယ်လေ။နင် သုံးကြိမ်တိတိ သည်းခံနိုင်ရန် လူသတ်မှု ဖြစ်မှာ မဟုတ်ဘူးတဲ့။
"နင် ငါ့အတွက် ဒါကို လုပ်ပေးမယ် မလား။"
"ဟုတ်ကဲ့၊ကျွန်မ ချက်ချင်း ပြန်လာပါ့မယ်။"
"ကောင်းပြီ"
အခန်းထဲမှ ကမန်းကတမ်း ထွက်သွားသည့် အိုင်ရင်း၏ နောက်ကျောကို ကျွန်မ ကြည့်နေမိရင်းမှ အခုထိ လေးလေးနက်နက် စဥ်းစားနေမြဲဖြစ်သော ဆိုဗက်စ်စတာဖက်သို့ လှည့်လိုက်သည်။ဤနေ့တွင် ဆိုဗက်စ်စတာက အဖြူရောင် အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားရာ သူ၏ မည်းနက်နေသော ဆံပင်များနှင့် လှပစွာ အတွဲအစပ်မိနေလေသည်။ကျွန်မ တတ်နိုင်သမျှ စိတ်ခံစားချက် နည်းနည်းလေးဖြင့် သူ့ကို သေချာစူးစိုက်ကြည့်နေမိပြီး သူ၏ ရုပ်ရည်အသွင်အပြင်ကို ရှုစားနေမိသည်။အေးတိအေးစက် မျက်လုံးများ၊တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းများကြောင့် သူ့စိတ်သဘောထားမှာ ဖော်ရွေမှုကင်းမဲ့နေသော်လည်း သူနှင့်ပတ်သက်သော အရာရာတိုင်းက ဆွဲဆောင်မှုရှိလွန်းသည်။သူ့ကို ကြည့်နေရင်း ကျွန်မမှာ သွားရည်ပင် ကျလာတော့သည်။
ကျွန်မ သူ့ကို အားရပါးရ ရှုစားရင်း အလုပ်များနေစဥ်တွင် ဆိုဗက်စ်စတာက မျက်လုံးများကို တဖြည်းဖြည်း ပင့်ကြည့်လာခဲ့သည်။
"မင်းသာ ဒီတိုင်း ဆက်ကြည့်နေမယ်ဆိုရင် ကိုယ့်မျက်နှာမှာ အပေါက်ကြီး တစ်ပေါက်ဖြစ်တဲ့အထိ လောင်ကျွမ်းသွားတော့မှာပဲ။"
သူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့မေးစေ့ကို ပုတ်နေလိုက်သည်။
"ကိုယ်က ဘယ်လောက်ပဲ ခန့်ညားချောမောနေပါစေဦးတော့ မင်းက ကိုယ့်ကို ဒီလိုမျိုးကြီး ငေးကြည့်မနေနဲ့လေကွာ။
"အာ၊ ပေါက်ကရတွေ။"
"ကိုယ် သိတယ်"
သူက သဘာဝကျစွာ တုံ့ပြန်လာသဖြင့် ကျွန်မ ဘာမှ မပြောနိုင်အောင် ဖြစ်သွားရသည်။
"ဒါနဲ့ အိမ်ရှေ့စံမင်းသားက တခြားဘာမှ မပြောသွားဘူးလား။"
"ဘာမှ မရှိပါဘူးဆို ...အိုး၊ဧကရာဇ်အရှင်က ကျွန်မကို စောင့်ကြည့်နေတယ်တဲ့။"
"ဧကရာဇ်က"
ဆိုဗက်စ်စတာက "ဟင်း" ဟု ရေရွတ်၍ လက်ပိုက်ထားလိုက်သည်။သူ့ခြေထောက်များကို ချိတ်လိုက်ပြီး ဆိုဖာပေါ်သို့ အားရပါးရ မှီနေခဲ့သည်။
"မင်းအတွက် ကောင်းတာပေါ့။"
ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ထိုသို့ ပြောလာခဲ့သည်။
"ဧကရာဇ်အရှင်ရဲ့ အာရုံကို ဖမ်းစားထားနိုင်တာက ကောင်းတဲ့ကိစ္စပါပဲ။သူကသာ မင်းကို ဆင့်ခေါ်ရင် ကျေးဇူးပြုပြီး ကိုယ့်ကို ပြောပြဦး။"
"ရှင်က ကျွန်မနဲ့အတူ လိုက်ပေးမလို့လား။"
"ဒါပေါ့၊မင်း ဘယ်အချိန်ပဲသွားသွား မင်းရဲ့ခင်ပွန်းဖြစ်သူက မင်းနဲ့အတူ ရှိပေးရမှာပေါ့၊ဇနီးလေး။"
"ဒါက အကြောင်းပြချက် တစ်ခုပဲ ဖြစ်ရမယ်။"
သူနဲ့ အတူတူ သွားရမှာလား။ငါက ဒီအကြံကို သိပ်သဘောမကျပေမဲ့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။
မူရင်းဇာတ်လမ်းထဲတွင် ဧကရာဇ်ကို ရက်စက်ပြီး အညှာအတာကင်းမဲ့သူအဖြစ် ရေးသားဖော်ပြထားသည်။ကျွန်မသာ သူ၏အလိုဆန္ဒများကို အနည်းအကျဥ်းမျှ ဆန့်ကျင်လိုက်ရုံဖြင့် ကျွန်မ၏လည်ပင်းမှ ချက်ချင်း အဖြတ်ခံရနိုင်သည်။ထို့ကြောင့် ဧကရာဇ်က ကျွန်မအပေါ် စိတ်ဝင်စားမှု ရှိနေသည်ဟု သိရလျှင် ကျွန်မ အနည်းငယ် ထိတ်လန့်နေမိသည်။အကယ်၍ ဆိုဗက်စ်စတာက ကျွန်မနှင့်အတူ လိုက်လာပေးလျှင် အကျိုးရှိနိုင်လောက်သည်။ဧကရာဇ်က ဆိုဗက်စ်စတာရှေ့တွင် ကျွန်မကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။သူက မင်းဆွေစိုးမျိုး အုပ်စုကြီး၏ အကြီးအမှူးခေါင်းဆောင်တစ်ယောက် ဖြစ်နေလေရာ သူ့ကို သတ်ပစ်မည့်ကိစ္စက လွယ်ကူသော စွမ်းဆောင်မှုတစ်ခု မဖြစ်နိုင်ပေ။သို့သော်ငြား
"ကောင်းပြီ၊ကျွန်မ ဒါကို စဥ်းစားကြည့်ပါဦးမယ်။"
ကျွန်မ ထိုအခွင့်အရေးကို လက်လွှတ်၍ မရပေ။
"ကျွန်မ ရှင်နဲ့အတူ သွားရင် ဧကရာဇ်အရှင်ရဲ့ စိတ်က အာရုံထွေပြားသွားလောက်တယ်၊ဟုတ်တယ်မလား။ကျွန်မက အရှင်မင်းကြီးရဲ့ အပြည့်အဝ အာရုံစိုက်တာကို လိုချင်တာလေ။"
"မင်းက ဧကရာဇ်ရဲ့ ဒေါသအကြောင်း မသိလို့ ဒီလို ပြောနေတာပဲ။"
"ကျွန်မက သူ့ကို ဒေါသဖြစ်စေလောက်တဲ့အထိ မဆိုးသွမ်းပါဘူး။"
ကျွန်မ ပြုံးရင်း ပခုံးတွန့်ပြလိုက်သည်။ဆိုဗက်စ်စတာ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ကျွန်မ ဘာကြောင့် သည်လောက် ငြင်းဆန်နေသည်ကို သူ သိသွားသည်ဟု ကျွန်မ ခန့်မှန်းမိသည်။
"မင်းသာ ကိုယ်နဲ့အတူ သွားရင်၊ ကိုယ် မင်းကို ပိုက်ဆံပေးမယ်လေ။"
နောက်ဆုံးတွင် ကျွန်မကြားချင်သည့် အဖြေကို ကြားရပြီဖြစ်၏။
ကျွန်မ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားသည်။
"ပိုက်ဆံနဲ့ မလုံလောက်ဘူး။တခြားတစ်ခု စဥ်းစားကြည့်ပါဦး။"
"မင်းက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ မိန်းမပဲ။"
ဆိုဗက်စ်စတာက လှောင်ပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
"ကိုယ်နဲ့ အပေးအယူ လုပ်ဖို့ ကြိုးစားကြည့်မလား။"
"ရှင်က ဒါကို အရင် စပြောတဲ့သူနော်။"
ဆိုဗက်စ်စတာ၏ စိတ်ဝင်တစားဖြစ်နေသော မျက်လုံးများက ကျွန်မဖက်သို့ လှည့်လာသည်။သူက အနည်းငယ် စိတ်ညစ်နေသလိုပင်။သို့သော် ကျွန်မမှာ ဘာတတ်နိုင်မည်နည်း။ကျွန်မက သူနဲ့ပတ်သက်သမျ အရာအားလုံးကို လိုက်ညှိယူ၍ မရနိုင်ပေ။သူက ကျွန်မ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သတိထားမိသွားခြင်း ဖြစ်နိုင်သည်။
ဆိုဗက်စ်စတာက လေးပင်စွာ သက်ပြင်းချလိုက်သည်။
"ကောင်းပြီ၊ကိုယ်တို့ နောက်မှ ဒီအကြောင်း ဆက်ပြောတာပေါ့။"
"အင်း၊ ကောင်းသားပဲ။"
"ဒါထက် ပိုအရေးကြီးတဲ့ကိစ္စ ရှိသေးတယ်။"
ဆိုဗက်စ်စတာက ကျွန်မ၏လက်မောင်းကို ကိုင်လိုက်သည်။
"မင်း ထိခိုက်လာတာလား။"
သူ့မျက်လုံးများက ဝိုင်းစက်နေပြီး ကျွန်မလက်မောင်းပေါ်ရှိ ဒဏ်ရာကြောင့် အံ့ဩနေသကဲ့သို့ပင်။
ကျွန်မ၏လက်မောင်းကို ပြန်ဆွဲလိုက်ရာ အနည်းငယ် နာသွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"အင်း၊နည်းနည်းပါ။"
"ဒါက နည်းနည်းလေးလို့ ကိုယ် မထင်ဘူး။မင်း ဘယ်တုန်းက ဒဏ်ရာရလာတာလဲ။"
"မနေ့ကလေ၊ဟိုကလေးကို ကယ်တုန်းက။"
ဆိုဗက်စ်စတာ၏မျက်နှာမှာ ရှုံ့တွသွားခဲ့သည်။
"ကလေးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို အနာတရ ဖြစ်စေခဲ့တာလား။"
"ကျွန်မလဲ မတတ်နိုင်ဘူးလေ။ကျွန်မသာ အမြန်မလုပ်ရင် ကလေးက သေသွားမှာ။
သူက ကျွန်မ၏အဖြေကို သဘောမကျသည့်ပုံပင်။ကျွန်မ၏ အကြောင်းပြချက်ကို ကြားရသည့်တိုင် သူ့မျက်နှာက ပြေလျော့မသွားခဲ့ပေ။သူ၏မျက်နှာအမူအရာက ကျွန်မကို ထိတ်လန့်စေသည်။ထို့ကြောင့် ကျွန်မ သူ့လက်ကို ကျွန်မလက်မောင်းပေါ်မှ ဆွဲဖယ်ပစ်လိုက်သည်။
"ကိုယ် မင်းကို ကုသသူဆီ ပို့ပေးမယ်၊ဒါဆို အမာရွတ်ကျန်ခဲ့မှာ မဟုတ်ဘူး။"
သို့သော်
"မလိုဘူး၊ကျွန်မ အဆင်ပြေပါတယ်။"
ကျွန်မ ခေါင်းခါလိုက်သည်။
"တကယ်ပြောတာ၊ အဆင်ပြေပါတယ်။"
ထိုအမာရွတ်မှာ ကျွန်မအတွက် ရုပ်ပိုင်းဆိုင်ရာ သက်သေတစ်ခုဖြစ်သည်။မနက်တိုင်း ကျွန်မ အိပ်ရာထလျှင် ၅စက္ကန့် တစ်ခါ မေ့လဲခြင်း မရှိသော ခန္ဓာကိုယ်တစ်ခုထဲမှာ နေထိုင်နေရသည်ဟု ကျွန်မ သတိရနေလိမ့်မည်။မျက်နှာချင်းဆိုင်မှ လာနေသည့်ရထားလုံး၏ တက်ကြိတ်မှုကနေ ကလေးတစ်ယောက်၏အသက်ကို ကယ်တင်ပေးနိုင်သည်အထိ လျင်မြန်စွာ ပြေးလွှားနိုင်သည့် ခန္ဓာကိုယ်တစ်ခုဟု အမှတ်ရနေလိမ့်မည်။ ကျွန်မ ဒဏ်ရာကို ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်မိသည်။
"ကိုယ် သိပြီ၊အခု ကိုယ် နားလည်သွားပြီ။"
ဆိုဗက်စ်စတာက ကျွန်မ၏စကားများကြောင့် နှာမှုတ်လိုက်သည်။
"မင်းက ဒီအမာရွတ်ကို ဂုဏ်ပြုဆုတံဆိပ်တစ်ခုလို ချန်ထားချင်တာပဲ။"
"ဘယ်လို"
"မင်းက ကလေးတစ်ယောက်ကို ကယ်ခဲ့တယ်ဆိုပြီး တခြားသူတွေကို ပြဖို့ မဟုတ်လား။ဒီလိုနည်းနဲ့ မင်းရဲ့ နာမည်ဂုဏ်သတင်းကို ပြန်ဆယ်လို့ရမှာ၊မှန်တယ်မလား။"
ဆိုဗက်စ်စတာသည် သူကပဲ အမှန်တွေ ပြောနေသကဲ့သို့ ပုခုံးတွန့်လိုက်သည်။
"ဟုတ်တာပေါ့။မင်းက တကယ်ပဲ ကိုယ် မျှော်လင့်ထားတာထက်တောင် ပိုလုပ်ပြနိုင်သေးတယ်။မင်းက အရမ်းကို ချက်ချာပါးနပ်ပါပေတယ်။"
ဟေ့၊ငါက လူ့အမှိုက်နဲ့များ တူလို့လား။
အဆိုပါ နားလည်မှု လွဲမှားသွားခြင်းကို ဘယ်လိုဖြေရှင်းရမလဲ ကျွန်မ မသိတော့ပေ။
*
နေ့လည်စာစားချိန်တွင် ထမင်းစားပွဲ၌ တိတ်ဆိတ်မှုဖြင့် ပြည့်နေသည်။ဆိုဗက်စ်စတာသည် အစားစားနေစဥ်၌ စကားပြောတတ်သူ မဟုတ်ပေ၊သို့သော် ကျွန်မတွင်လည်း ပြောစရာစကား မရှိပေ။စောစောက ဆိုဗက်စ်စတာ၏ နားလည်မှုလွဲမှားခြင်းကို ကျွန်မ ဆန့်ကျင်ချင်သဖြင့် သူ့ကို စကားမပြောဘဲ ရေငုံနှုတ်ပိတ် နေပေးလိုက်သည်။
ရှင့်အနေနဲ့ လူတွေကို ဘယ်လိုပဲ နှိမ့်ချပြီး တွေးတတ်ပါစေဦး၊အဲ့လောက်ကျတော့ နည်းနည်းများသွားပြီ မဟုတ်ဘူးလား။
ကျွန်မ သူ့ကို ဘယ်လောက်ပဲ ဖျောင်းဖျသည်ဖြစ်စေ ဆိုဗက်စ်စတာက ကျွန်မကို မယုံကြည်ပေ။ဆန့်ကျင်ဖက်အားဖြင့်
ကောင်းပြီ၊ကောင်းပြီ၊ခုနကလို မဟုတ်ဘူးလို့ ကိုယ် ဟန်ဆောင်နေလိုက်မယ်။
မင်းက အတော်ဆုံးပါပဲ။ဒါဆို လုံလောက်ပြီလား။
သူထင်နေတာ အမှန် မဟုတ်ဟု ကျွန်မ ပြောခဲ့သည်။သူက အမှန်တကယ်ပင် လွန်လွန်းသည်။ကျွန်မ ဟင်းခနဲ အသံပြုလိုက်ပြီး ဆိုဗက်စ်စတာကို ကြည့်ပေးလိုက်သည်။
"ကိုယ် မင်းကို ဘယ်လောက်ပြောပြော၊ မင်းက ကိုယ့်မျက်နှာကို အပေါက်ဖြစ်အောင် လောင်ကျွမ်းပစ်မလို့လားကွာ။"
ဆိုဗက်စ်စတာက ခက်ရင်းကို ချလိုက်ပြီး လှောင်ပြုံးလေး ပြုံးလိုက်၏။
"ကိုယ်က ဘယ်လောက်ပဲ ခန့်ညားချောမောနေပါစေဦး၊ မင်းက ဘာဖြစ်လို့ ကိုယ့်ကို ဒီလိုမျိုး မရပ်မနား စိုက်ကြည့်နေရတာလဲ။"
"ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေတော့ ဘယ်လိုမျိုး ခံစားရလဲ။"
"အကောင်းဆုံးပဲပေါ့။ဒီထက် ပိုကောင်းစရာကို မရှိဘူး။"
"ရှင့်အတွက် ကောင်းပါတယ်၊တကယ်ပါ။"
"ကိုယ် သိတယ်"
တွေ့လား၊သူက လုံးဝ အရှုံးမခံဘူး။
ကျွန်မ တုန်ယင်နေသဖြင့် လက်ထဲက ခက်ရင်းကို ညှစ်ထားမိသည်။ကျွန်မ တကယ်ပင် သူ့ကို တစ်ကြိမ်လောက် ရိုက်နှက်ပစ်ချင်သည်။တစ်ကြိမ်တည်းသာ။ကျွန်မ အတွေးလွန်နေစဥ် နေးလ်က ထမင်းစားခန်းသို့ ဝင်လာပြီး ကျွန်မကို အသိပေးသည်။
"မဒမ် ခင်ဗျာ၊ အိုင်ရင်း ပြန်လာပါပြီ။"
"အိုင်ရင်းလား"
နာရီကို ကြည့်မိလျှင် နေ့လည်ကျော်နေပြီဖြစ်ရာ ထိုကလေးကို ခေါ်လာမည့် အချိန်ရောက်ရှိပြီ ဖြစ်သည်။
"သူမကို အထဲခေါ်လာခဲ့ချေ။"
နေးလ်က ခေါင်းငြိမ့်လိုက်ပြီး ထွက်ခွာသွား၏။သိပ်မကြာခင် အပြင်ဘက်မှ အိုင်ရင်း၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။
"မဒမ်၊ကျွန်မ ကလေးကို ခေါ်လာခဲ့ပါပြီ။"
သူမက လက်ကို ဝှေ့ယမ်း၍ ထမင်းစားခန်းအတွင်းသို့ ဝင်လာခဲ့သည်။သူမ၏ အနောက်တွင် ပိန်လှီသော ကလေးဖြစ်သူ သီယိုကို ကျွန်မ တွေ့နေရပါ၏။
"ဟ...ဟယ်လို"
သီယိုသည် ဘောလုံးလေး တစ်လုံးသဖွယ် သူ့ကိုယ်သူ ကွေးညွှတ်ထားပြီး အောက်ငုံ့နေခဲ့သည်။ဤစံအိမ်တော်ကြီး၏ ထည်ဝါသော အစွမ်းကြောင့် သူက စိတ်ထိခိုက်နေခြင်း ဖြစ်လိမ့်မည်။ထို့ကြောင့် သူ့ကို စိတ်သက်သာရာ ရစေရန် အလို့ငှာ ကျွန်မ၏ အမူအရာကို ပြင်ဆင်လိုက်ပြီး ညင်သာစွာ စကားပြောလိုက်သည်။
"နင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။စားပြီးပြီလား။"
သီယိုက ဖြည်းညှင်းစွာ ခေါင်းယမ်းလေသည်။သတင်းကောင်းတစ်ခု ကြားရသကဲ့သို့ ကျွန်မ လက်ခုပ်တီးလိုက်မိသည်။
"ဒါဆို ငါတို့ ဘာကြောင့် ထမင်းတစ်နပ်အတူ စားလို့ မရရမှာလဲ။ငါတို့မှာ နောက်ထပ်တစ်ယောက်စာ ထပ်ပြင်ဖို့ လုံလောက်တယ်လို့ ထင်တာပဲ။ "
ကျွန်မ ထိုသို့ပြောရင်း သီယိုကို ကြည့်လိုက်သည်။သိုသော် တစ်ခုခု ထူးဆန်းနေသည်ဟု ကျွန်မ အာရုံခံမိလိုက်သည်။ကျွန်မက ပြန်ဖြေသည်ကို စောင့်နေသော်လည်း ဘယ်သူကမှ ပြန်မဖြေခဲ့ပေ။ကျွန်မ ခေါင်းလှည့်လိုက်ပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။သူက လက်ထဲတွင် ခက်ရင်း ကိုင်လျက်သားဖြင့် တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။
အခု သူ ဘာဖြစ်နေတာပါလိမ့်။
"ဟန်နီရေ"
သူက သက်ပြင်းမောကြီး တစ်ခုချလိုက်ပြီးမှ စကားကို တစ်လုံးချင်း ပြောလာသည်။
"သူက ကလေးတစ်ယောက်လို့ မင်း ပြောခဲ့တယ်။"
ကျွန်မ သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြညိ့လိုက်သည်။
"မင်းက ဒါကို ကလေးလို့ ခေါ်နေတာလား။"
TK Team
++++++++