Chapter 24
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂၄)

ဆိုဗက်စ်စတာ၏စကားများသည် ကျွန်မအတွက် အဓိပ္ပါယ်ရှိမနေခဲ့ပေ။

"သီယိုက ဒီတိုင်း အရပ်ရှည်တဲ့ ဆယ်ကျော်သက်ကောင်လေးပဲလေ၊မဟုတ်ဘူးလား။"

"သူက ကလေးတစ်ယောက်လို့ မင်း ပြောခဲ့တာ။"

"ဟုတ်တယ်လေ၊သူက ကလေးပဲပေါ့၊ကျွန်မထက် အသက်ငယ်တယ်လေ။"

ဆိုဗက်စ်စတာ၏မျက်ခုံးများ စုကြုံ့သွားပြီး သူ၏အမူအရာကလည်း တဖြည်းဖြည်း မှောင်မည်းလာသည်။

ဒါပေမဲ့ ဘာဖြစ်လို့လဲ။

သူ့စိတ်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို ကျွန်မ မသိပေ။

"ဘာပဲဖြစ်ဖြစ်ပါ၊ကျွန်မတို့ ထမင်းတစ်နပ်တော့ အတူစားလို့ရတယ်လေ။ထိုင်လိုက် သီယို။"

"ကိုယ် အခုထိ ဒါကို သဘောမတူရသေးဘူးနော်။"

"ဒါဆို ရှင်က ကျွန်မ သူ့ကို ထမင်းစားခန်းထဲက ကန်ထုတ်ပစ်စေချင်လို့လား။"

ဆိုဗက်စ်စတာနှင့် ကျွန်မ ထူးဆန်းစွာ အခြေအတင် ဖြစ်နေစဥ်တွင် ကျွန်မတို့ကြားရှိ အိုင်ရင်းနှင့် သီယိုကတော့ ပျာယာခတ်နေသော အမူအရာဖြင့် မတ်တပ်ရပ်နေကြသည်။မည်သည့်အချိန်တွင် ဖြစ်စေကျွန်မက တတ်နိုင်သမျှ အမြဲလိုလို နောက်ဆုတ်ပေးတတ်သော်လည်း ယခုအချိန်တွင်တော့ ထိုသို့ မလုပ်ပေးနိုင်ပေ။သီယို၏ အရှေ့တွင်တော့ မရပေ။ကျွန်မက သူ့ကို ကာကွယ်ပေးနိုင်သည် ဟူသော အမြင်တစ်ခု ကျွန်မ အပေါ် ရှိသွားစေချင်သည်။ဤနည်းဖြင့်သာ သူက ကျွန်မနောက်ကို လိုက်ဖို့ လက်ခံသဘောတူလာလိမ့်မည်။

"အခု သူ့ကို ဆေးကြောခိုင်းပြီးတော့ နောက်မှ အစားစားခိုင်းလိုက်ပါ။သူ့ဆီက အနံ့အသက်တွေကြောင့် ကိုယ် သူနဲ့ ထမင်းအတူ စားဖို့ မလုပ်နိုင်ဘူး။" 

"ချက်ချင်းပဲ ရှင့်မှာ ခွေးနှာခေါင်း ရှိသွားရပြန်ပြီပေါ့လေ။သူ့ဆီက အနံ့အသက် ဆိုတာ ရှင်က ဘာကို ပြောနေတာလဲ။ကျွန်မဖြင့် ဘာအနံ့မှ မရပါဘူး။"

ကျွန်မက သီယိုဆီသို့ ပြုံးပြလိုက်သည်။

"အခုတော့ ငါ့အမျိုးသားနဲ့အတူ ထမင်းတစ်နပ်စားဖို့ ဖြစ်နိုင်တယ်လို့ ငါ မထင်ဘူး။ဒါကြောင့် အိုင်ရင်းနောက် လိုက်သွားပြီး ဆေးကြောသန့်ရှင်းရေးလုပ်၊ပြီးရင် တစ်ယောက်တည်းပဲ ထမင်းစားလိုက်ချေ။ပြီးမှ ငါ့ဆီကို လာတွေ့။ သဘောပေါက်လား။"

"ကျ...ကျွန်တော် နားလည်ပါပြီ။ကျွန်တော် အဲ့ဒီအတိုင်း လုပ်လိုက်ပါမယ်။"

သီယိုက ညင်သာစွာ ခေါင်းငြိမ့်သည်။ဝတ္ထုထဲတွင် သီယိုကို အတော်အတန် သွေးအေးသော လူသားတစ်ယောက်ဟု ဖော်ပြထားခဲ့သည်။သို့သော် ယခုလက်ရှိ သီယိုကမှာ အတော်လေး ချစ်စရာကောင်းသည်။ထင်ထားသလိုပင် လူသားတိုင်းက သူတို့ငယ်ရွယ်စဥ် ကာလ၌သာ ချစ်စရာကောင်းကြသည်။သူ၏ကလေးဘဝ အခိုက်အတန့်ကို ကျွန်မ သေချာပေါက် လွတ်မသွားတော့ပေ။ထို့အပြင် ကျွန်မက သီယိုနှင့် နီးကပ်နိုင်ဖို့နှင့် သူငယ်ချင်းဖြစ်လာစေဖို့ ကြိုးစားရလိမ့်မည်။ထိုသို့ ခင်မင်ရင်းနှီးလာသော ဆက်ဆံရေးတစ်ခုက ကျွန်မ၏အနာဂတ်တွင် သေချာပေါက် အကျိုးဖြစ်ထွန်းလာလိမ့်မည်။

သီယိုကတော့ ကျွန်မ၏အတွင်းစိတ်ထဲမှ အတွေးအကြံများကို မသိလေရာ ကျွန်မကို ရိုးသားဖြောင့်မတ်စွာ ပြုံးပြလေသည်။

ငါလဲ ဒီလို မလုပ်ချင်ပါဘူး သီယိုရေ၊ဒါပေမဲ့ ငါလဲ အသက်ဆက်ရှင်ခွင့်တော့ ရသင့်ပါတယ်။ဟုတ်တယ်မလား။

အိုင်ရင်းအနောက်သို့ လိုက်သွားသော သီယိုကို ကြည့်ရင်း ဝမ်းနည်းစွာဖြင့် ကျွန်မ၏လက်ကိုင်ပဝါကို ဝှေ့ယမ်းလိုက်မိသည်။

"မင်းက အခုတလော ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ ကိစ္စတွေပဲ လုပ်နေတယ်နော်။"

ဆိုဗက်စ်စတာ၏အသံက ကျွန်မ၏ အနောက်ဖက်မှ ထွက်လာခဲ့သည်။

ဘာဖြစ်လို့ သူက ငါ့ကို တစ်ချိန်လုံး အသည်းအသန် တိုက်ခိုက်ချင်နေရတာလဲ။

ကျွန်မ သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် ဘာကြောင့် ဒီလို လုပ်ရတာလဲ။"

"ကိုယ် လုပ်တာက ဘာမှားနေလို့လဲ။"

ဆိုဗက်စ်စတာက သူ့ပါးစပ်ကို လက်ကိုင်ပဝါဖြင့် သုတ်ပြီးနောက် ပြန်ဖြေလိုက်သည်။

"မင်းက ဆင်းရဲသားကလေးတစ်ယောက်ကို ခေါ်လာခဲ့တာကတောင် အတော် ထူးဆန်းနေပြီ။ပြီးတော့ ရုတ်တရက်ကြီး သူ့ကို ထမင်းစားပွဲမှာ ထိုင်စားခွင့် ပြုလိုက်တယ်ပေါ့။ဒါကို ခွင့်ပြုလိုက်ရင် ကိုယ်က ဘာဖြစ်သွားမလဲ။"

"ဒီကလေးက အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်းစစ်သည်တော် တစ်ယောက် ဖြစ်လာမှာလေ။ဒါကြောင့် အခုထဲက ကြင်ကြင်နာနာ ဆက်ဆံပေးရင် ပိုကောင်းတာပေါ့။"

"ကလေး မဟုတ်ပါဘူး။လူငယ် တစ်ယောက်။မင်းက သူ့ကိုကလေးလို့ ခေါ်ရလောက်အောင် သူက အရမ်းအသက်ကြီးနေပြီကွ။"

"ဘာပဲဖြစ်ဖြစ်ပါ၊ရှင်က သူ့အသက်အရွယ်ကြောင့် စိတ်အလိုမကျ ဖြစ်နေတာလား။"

"ဘယ်သူက စိတ်အလိုမကျ ဖြစ်နေလို့လဲ။"

ဆိုဗက်စ်စတာက ခေါင်းကို ပြန်လှည့်လိုက်ပြီး ခွန်းတုံ့ပြန်လေသည်။

"မင်းက ဒီလောက်အထိ အထင်အမြင်မှားသွားအောင် မလုပ်သင့်ဘူး။ကိုယ်က ကလေးသေးသေးလေး တစ်ယောက်လို့ပဲ ထင်ထားမိတာပေါ့။"

"ဒါနဲ့ သူ့အသက်အရွယ်နဲ့က ဘာဆိုင်လို့လဲ။"

"အရွယ်ရောက်ခါနီး ကောင်လေးတစ်ယောက်ကို ကိုယ်တို့အိမ်ထဲ ဝင်လာခွင့် ပြုလိုက်တာက ဘာအရေးကြီးနေလို့လဲဆိုပြီး မင်းက မေးချင်တယ်ပေါ့။"

"ဟုတ်တယ်လေ။ရှင်က ဘာကို ပြောဖို့ ကြိုးစားနေတာလဲ။"

ဆိုဗက်စ်စတာက ဘာအကြောင်း စောင်းပါးရိပ်ခြည် ပြောနေသည်ကို ကျွန်မ အမှန်တကယ် နားမလည်ပေ။ထို့ကြောင့် ကျွန်မ မေးလိုက်မိသည်။

"မင်းက မသိချင်ယောင် ဆောင်နေတာ မဟုတ်ဘူး။လုံးဝကို နားကန်းနေတာပဲ။"

ရှင်က ဒီလိုမျိုး ပြောလိုက်တော့ ဘာတွေများ ရသွားလဲ။ကျွန်မကို ဒီတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လို့ မရဘူးလား။

ကျွန်မလည်း နှုတ်ခမ်းကို စူထားရင်း ခေါင်းခါလိုက်မိသည်။

"ဒီလို ချစ်စရာကောင်းတဲ့ မျက်နှာထားကို မင်း ဘယ်ကနေ သင်ယူလာတာလဲကွာ။"

သူက မနေနိုင်ပဲ ထရယ်တော့သည်။သူ ဒီလို ဟက်ဟက်ပက်ပက် ရယ်မောတာကို ကျွန်မ ပထမဆုံး တွေ့ဖူးခြင်းဖြစ်ရာ မျက်လုံးများကိုပြူး၍ သေချာကြည့်နေမိသည်။

"မင်းရဲ့မျက်နှာအမူအရာ စာရင်းထဲမှာ ပုံစံအသစ်တွေ ထပ်ထည့်ထားတယ်ဆိုတာ ကိုယ်သိပြီ။မင်းက အမြဲတမ်း ရေခဲရိုက်ထားတဲ့ မျက်နှာနဲ့ပဲ နေတတ်တာလေ။"

"ဒါက ချီးမွမ်းတာလား ၊စော်ကားတာလား။"

"နှစ်ခုလုံးပဲ"

"အား၊ တကယ်ကြီးလား။"

ကျွန်မ စိတ်ဆိုးနေသည့်အတိုင်း ပြောလိုက်မိသော်လည်း ရိုးသားစွာ ပြောရလျှင် အနည်းငယ်ခန့် စိတ်သက်သာရာ ရမိသည်။ကျွန်မကို 'ချစ်စရာကောင်းတယ်' ဟူသော စကားလုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်ကို ကျွန်မ မယုံနိုင်ပေ။

"ဒီတော့ မင်းက အခုတလော အိမ်ပြင် မထွက်တော့ဘူးပေါ့။"

သူက အိမ်ရှေ့စံမင်းသား၏ အကျယ်ချုပ် ပြစ်ဒဏ်အကြောင်း ပြောနေပုံ စသဖြင့် ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်မလဲ မတတ်နိုင်ဘူး။ထပ်ပြီး ကျွန်မ အပြင်ထွက်ရင် ဘာတွေဖြစ်လာဦးမလဲ သိမှ မသိတာ။"

"ကောင်းပြီ။အိမ်ရှေ့စံမင်းသားက တကယ်ကို ပြဿနာကောင်ပဲ။"

ဆိုဗက်စ်စတာက ရယ်မောလိုက်ရာ ကျွန်မလည်း လိုက်ရယ်မိတော့သည်။

"ဒါနဲ့ ကိုယ် အပြင်သွားဦးမယ်။"

ရုတ်တရက် သူက ထိုသို့ကိစ္စမျိုးကို အသိပေးလာသဖြင့် ကျွန်မ အံ့ဩသွားပြီး သူ့ကို ကြည့်လိုက်သည်။

"အဲ့ဒီတော့"

ဆိုဗက်စ်စတာက ပြန်ဖြေမည့်အစား နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားပြီး ကျွန်မကို ကြည့်လာခဲ့သည်။

"ဘာလဲ၊ ရှင်က ကျွန်မကို လာကြွားနေတာလား။ကျွန်မက အပြင်ထွက်ခွင့်မရပေမဲ့ ရှင်ကတော့ ရတယ်လေ။"

ရယ်ချင်စရာ ကောင်းလှသည်။

*

အိုဖီလီယာ သူမ အခန်းသို့ ပြန်လာချိန်တွင် အိုင်ရင်းက သူမကို အကြာကြီး စောင့်နေရသကဲ့သို့ ပြေးလာခဲ့သည်။

"ကောင်လေးက ပန်းချီခန်းထဲမှာ ရှိပါတယ်။ကျွန်မ သူ့ကို သန့်ရှင်းရေးလုပ်ပေး၊ထမင်းကျွေးပြီးတော့ ထိုင်စောင့်ခိုင်းထားပါတယ် မဒမ်။"

"တော်တယ်"

ကျွန်မ အိုင်ရင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး မှန်ရှေ့သို့ တိုးလိုက်ကာ ပွရောင်းရောင်းဖြစ်နေသော ဆံပင်များကို ဖီးသင်လိုက်သည်။

"ကလေးက ဘယ်လိုနေလဲ။"

"ဘာကိုလဲ ရှင်။"

"သူက ဘယ်လို အကျင့်စရိုက်ရှိလဲလို့ ငါ နင့်ကို မေးကြည့်တာပါ။"

"ကောင်းပါတယ်..."

အိုင်ရင်းက လက်ပိုက်လိုက်ရင်း တွေးနေဟန်ဖြင့် ညည်းညူသည်။

"အခုထိ ကျွန်မ သေချာမသိပေမဲ့ သုက လိမ္မာတဲ့ ကလေးတစ်ယောက် ပုံစံပါ။သူက မဒမ်ကို တစ်ချိန်လုံး ချီးမွမ်းနေတာပဲ။"

"သူက ငါ့ကို ချီးကျူးနေလို့ သူက လိမ္မာတယ်ဆိုပြီး ပြောတာလား။"

"အိုး၊မဟုတ်တာပဲ။ကျွန်မ တောင်းပန်ပါတယ်။ကျွန်မ မှားပြောမိသွားတယ်။"

အိုင်ရင်း အလန့်တကြားဖြင့် ကြောက်ရွံ့သွားပြီး ဒူးထောက်လိုက်သည်။

အိုဖီလီယာက စိတ်ကုန်နေသော ပုံစံဖြင့် လက်ကို ယမ်းလိုက်သည်။

"ဒါဆို ရပါပြီ။ထတော့။"

သူမက တည်ငြိမ်စွာ တုံ့ပြန်၍ ထိုင်ခုံပေါ်တွင် ထိုင်နေလိုက်သည်။

"ငါ့ဆံပင်တွေကို စည်းပေးဦး။"

"အာ၊ဟုတ်ကဲ့။"

အိုင်ရင်းသည် အိုဖီလီယာ၏ နောက်ကျောဖက်တွင် အလျင်အမြန် နေရာယူလိုက်သည်။သူမ အမှားလုပ်ထားမိသည်ဟု တွေးနေသဖြင့် လက်များမှာ တုန်ယင်နေသည်။သို့သော် သူမ တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ်ဖြင့် အကောင်းဆုံးလုပ်နိုင်ရန် ကြိုးစားလိုက်သည်။မဒမ်က ဘယ်လို လူမျိုး ဖြစ်ပါသနည်း။သူမ၏ဆံပင်ကို ပြုပြင်ပေးသည့် သီးသန့်အစေခံအား ဘီးကို မှားယွင်းအသုံးပြုမိသည့်အတွက် သေလုမျောပါးဖြစ်အောင် ရိုက်နှက်တတ်သူ ဖြစ်ပါ၏။တစ်ခါက အစေခံသည် မသင့်လျော်သည့် ဆံထိုးကို မတော်တဆ ယူလာမိရာ မဒမ်က သူမကို ထိုဆံထိုး ထိုးပေးဖို့ ကြိုးစားရမလားဟုဆိုပြီး အစေခံ၏ ဦးရေပြားကို ဆံထိုးအချွန်နှင့် ထိုးဆွပစ်ခဲ့သည်။ အိုင်ရင်း ကိုယ်တိုင်ပင် အိုဖီလီယာ၏ ရိုက်နှက်ခြင်းကို အတော်လေး ခံရတတ်သည်။အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အရိုက်ခံခဲ့ရပါ၏။

ဒါပေမဲ့

အိုင်ရင်း ဂရုတစိုက် တွေးကြည့်မိသည်။

သူမက အရင်ကထက်တော့ အများကြီး ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်လာတာတော့ သေချာပေါက်ပဲ။

အရင်က မဒမ်သည် အမှားသေးသေးလေးကိုပင် သည်းမခံနိုင်ခဲ့ပေ။မဒမ်က ချက်ချင်း ခုန်ပေါက်ပြီး သူမကို ရိုက်နှက်သည်၊သို့မဟုတ်ပါက သူမကို ပိတ်လှောင်ထားတတ်သည်။ယခု၌ သူမက ထိုသို့ ကိုယ်ထိလက်ရောက် မလုပ်တော့ဘဲ အေးစက်စက်ဖြင့် စိုက်ကြည့်တတ်သည်။အိုင်ရင်းလည်း သတိထားမိလာသည်။မြို့စားကြီးကတော်က ပြောင်းလဲလာပြီ ဟူ၍။

ငါ နင့်ကို မရိုက်ဘူး။ပြီးတော့ နင် အပါအဝင် နောက်ထပ် ဘယ်သူ့ ကိုမှလဲ မရိုက်တော့ဘူး။ငါ့နာမည်နဲ့ ကျိန်ပြီး ကတိပေးတယ်။

မဒမ်သာ ပြောင်းလဲမသွားလျှင် ထိုသို့သော စကားများကို ပြောလာစရာ မရှိပေ။

ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ။လူတစ်ယောက်က နေ့ချင်းညချင်းကြီး ပြောင်းလဲသွားတာမျိုး ရှိလို့လား။

အိုင်ရင်း၏ဆံပင်ကို အိုဖီလီယာ ဆောင့်ဆွဲတတ်သည်ကို အခုထိ အိုင်ရင်း မမေ့သေးပေ။ထိုမှတ်ဥာဏ်များက သူမအပေါ် ယုံကြည်ပေးဖို့ ခက်ခဲနေအောင် လုပ်ခဲ့သည်။

"နင် သတင်းစာ ဖတ်ပြီးပြီလား။"

"ရှင်!"

အိုင်ရင်းသည် လန့်ဖျပ်ပြီး ထခုန်မိသလို ဖြစ်သွားပြီးမှ ၎င်းမှာ မေးခွန်းအကြီးကြီး မဟုတ်သည်ကို သဘောပေါက်သွားသည်။ထို့ကြောင့် သူမ ခေါင်းကို အမြန် ငြိမ့်လိုက်သည်။

"ဟုတ် ၊ဟုတ်ကဲ့၊ ကျွန်မ ဖတ်ပြီးပါပြီ။"

"လူတိုင်းရောလား။"

"ဟုတ်ကဲ့၊အိမ်တော်ထဲက လူတိုင်း ဖတ်ပြီးကြပါပြီ။"

"ဒါဆို နင် ဘာတွေ တွေးမိလဲ။"

အိုဖီလီယာက အိုင်ရင်းကို မှန်ထဲကနေ တစ်ဆင့် ကြည့်လိုက်သည်။

"သတင်းစာအကြီးကြီးမှာ ငါ့ရဲ့ကောင်းသတင်းတွေက အပြည့်ပဲလေ။ဒါကို နင် ဘယ်လို ခံစားရလဲ။"

အိုင်ရင်း၏ မျက်လုံးများမှာ နေရာအနှံ့သို့ လှည့်ပတ်ကြည့်နေမိသည်။မဒမ် စိတ်ကျေနပ်စေရန် သူမ မည်သို့ ဖြေပေးရမည်နည်း။

ဒုတ် ဒုတ် ဒုတ် ဒုတ်

သူမ၏ နှလုံးသားမှာ အသည်းအသန် ခုန်ပေါက်နေပြီး သူမ၏ အဖြေမှားသွားပါက အရိုက်ခံရတော့မည်ဟု တွေးနေမိသည်။

ဂလု

အိုင်ရင်းက ဂရုတစိုက် ပြန်ဖြေသည်။

"မ...မဒမ်က အရမ်း အံ့ဩစရာကောင်းပါတယ်။"

အိုဖီလီယာမှာ အိုင်ရင်း၏စကားများကြောင့် ထရယ်လေသည်။

"ငါ့ကို မလိမ်နဲ့။နင် ဒါကို မယုံနိုင်ဘူး ဖြစ်နေတယ်၊ဟုတ်တယ်မလား။"

"မ...မဟုတ်ပါဘူး။ကျွန်မ တကယ်ကို..."

"မဟုတ်ဘူး။ဘယ်သူမှ ဒါကို မယုံနိုင်ဘူးဆိုတာ ငါ သိပြီးသား။"

သတင်းစာထဲမှ သတင်းတစ်ခုကို လူတိုင်းက ယုံကြည်လာလိမ့်မည်ဟု အိုဖီလီယာ ဘယ်တော့မှ မမျှော်လင့်ထားပေ။

"ဒါကြောင့် ငါက သီယိုကို ခေါ်လာခဲ့တာပဲ။သူက ငါ ကောင်းတဲ့အလုပ်တွေ လုပ်နေပြီဆိုတဲ့ သက်သေပဲ။"

သီယိုက ရိုင်ဇန်မိသားစုပိုင် ရထားလုံးပေါ် တက်သွားသည်ကို လူအနည်းစုသာ မြင်မည် ဖြစ်သော်ငြား သူတို့ကမူ သတင်းစာထဲမှ သတင်းမှ အမှန်တကယ် ဖြစ်နေသည်ဟု ယုံကြည်သွားလိမ့်မည်။သူမက သီယိုကို ဂရုတစိုက် ရှိပေးသည်ဟု လူထုကြီးက သိသွားမည်ဆိုပါက ကျွန်မ၏ကောင်းမွန်သော အပြုအမူကြောင့် ကျွန်မကို အသိအမှတ်ပြုလာကြလိမ့်မည်။

အိုဖီလီယာသည် သူမ၏ ဆိုးသွမ်းယုတ်မာသော မိန်းကလေးဟူသည့် ပုံရိပ်ကို ဖျက်ဆီးပစ်ချင်သည်။ထို့ကြောင့် ယခုက အချိန်ကိုက်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။

"သီယိုကို အိမ်တော်ထဲမှာ ရက်နည်းနည်းလောက် အိပ်ခိုင်းလိုက်။နင်က သူ့ကို ဂရုစိုက်ပေးရင် ပိုကောင်းတယ်။"

"ဟုတ်ကဲ့"

"နင် တကယ်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့ပါတယ်။နောက်လဲ ဒီအတိုင်း ဆက်လုပ်နော်၊အိုကေလား။"

သူမက ပြုံးပြီး မှန်ထဲကို ကြည့်လိုက်သည်။

ဆံပင်ကို အနောက်ဘက်တွင် ခပ်နိမ့်နိမ့် ပိုနီတေးအသွင် စည်းထားပြီး ဆံပင်တစ်ပင်ချင်းဆီကအစ နေသားတကျရှိနေ၏။

"တော်တယ်"

အိုဖီလီယာက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အိုင်ရင်း၏ပခုံးပေါ်သို့ သူမ၏လက်ကို တင်လိုက်သည်။

"ကျေးဇူးနော်၊အိုင်ရင်း။"

တဖြည်းဖြည်း အဝေးသို့ လမ်းလျှောက်သွားသော အိုဖီလီယာ၏ နောက်ကျောကို ကြည့်ရင်း အိုင်ရင်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

မဒမ်က အမှန်တကယ်ပဲ ပြောင်းလဲသွားတယ်။

*

"နင် အကြာကြီး စောင့်နေရလား။"

ပန်းချီခန်းထဲတွင် ရစ်သီရစ်သီလုပ်နေသော သီယိုကို အိုဖီလီယာက မေးလိုက်သည်။အိုဖီလီယာ ရောက်လာသည်ကို မသိသော သီယိုက ထိတ်လန့်သွားသဖြင့် သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်မိသည်။ထို့နောက် သူ အသိဝင်လာပြီး အိုဖီလီယာကို ဦးညွှတ်လိုက်သည်။

"ကျေ...ကျေးဇူးတင်ပါတယ် မဒမ်။"

"အင်း"

အိုဖီလီယာ သူမ၏ ခေါင်းကို စောင်းငဲ့လိုက်လေသည်။


TK Team
++++++++