ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၂၅)
"မ ...မဒမ်က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ အပြင် ဒီနေရာကိုလည်း ကျွန်တော့်ကို ဖိတ်ခေါ်လာခဲ့တယ်။ကျွန်တော့်အနေနဲ့ အကြိမ်တစ်ရာ ကျေးဇူးတင်ကြောင်း ပြောရင်တောင်မှ လုံလောက်မှု မရှိသေးပါဘူး။"
သူက လိမ္မာယဥ်ကျေးစွာ ပြောဆိုနေသည်ကို နားထောင်ရင်း အိုဖီလီယာ ပြုံး၍ ဆိုဖာပေါ် ထိုင်ချလိုက်သည်။
"ငါက လုပ်သင့်တဲ့ကိစ္စကို လုပ်ခဲ့ရုံပါပဲ။"
သီယိုမှာ ပါးစပ်အဟောင်းသားဖြင့် သူမကို ငေးကြည့်နေမိသည်။သူမသည် အဆိုးတကာ့ အဆိုးဆုံး၊ရက်စက်ယုတ်မာလှသော စုန်းမတစ်ယောက်ဟု သီယို သိထားခဲ့သည်။သူ့လို ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူကပင် သူမအကြောင်းကို သိသည်အထိ သူမက နာမည်ကျော်ကြားသူဖြစ်သည်။ထိုအကြောင်းများကြောင့် သူ့ကို ကယ်တင်ပေးသည့် သူမက အိုဖီလီယာ ဖြစ်သည်ဟု သူ မယုံနိုင်ခဲ့ပေ။
အဲ့တာ သူမ မဖြစ်နိုင်ဘူး မဟုတ်လား။
သူမတစ်ဦးတည်း၏ သီးသန့်အစေခံက သူ့ကို အိမ်တော်ထဲ ဖိတ်ခေါ်လာခဲ့မှသာ သူ့မေးခွန်းများအတွက် အဖြေထွက်လာတော့သည်။အင်ပါယာတွင် အယုတ်မာဆုံးဟု နာမည်ကျော်ကြားသော မိန်းကလေးက သူ့အသက်ကို အမှန်တကယ်ပင် ကယ်တင်ပေးခဲ့သည်။
ဂလု
"ပြီးတော့ မဒမ် ကျွန်တော့်ကြောင့် ဒဏ်ရာရသွားသေးတယ်။"
သီယိုသည် သူ့လက်မောင်းများ ကြားထဲမှ တစ်စုံတစ်ရာကို ဂရုတစိုက် ထုတ်ယူလိုက်သည်။
"မဒမ် ဒီဟာကို လိမ်းရင် အဆင်ပြေသွားမလား မသိပေမဲ့။"
သူ ကမ်းပေးလာသောအရာမှာ အလွန်တန်ဖိုးကြီးသော ဆေးပင်တစ်ပင် ဖြစ်သည်။သူကိုယ်တိုင် ၎င်းကို ခူးလာခဲ့ပုံရသည်။အပင်အနှံ့တွင် ဖုန်များ ကပ်ညိနေလေသည်။
အိုဖီလီယာ၏ မျက်လုံးများ ပြူးကျယ် ဝိုင်းစက်သွားသည်။
"ဆေးပင်ကို နင့်ဘာသာ ခူးလာခဲ့တာလား။"
"ဟုတ်ကဲ့၊ကျွန်တော် မဝယ်နိုင်လို့။ကျွန်တော့်ဘာသာ သွားရှာခဲ့တာပါ။အာ၊ မဒမ် ၊ကျွန်တော် တောင်းပန်ပါတယ်။မဒမ်မှာ ဆေးဝါးအပြည့်အစုံ ရှိနေပြီးသား ဖြစ်မှာပါ။ကျွန်တော် ..."
ဤနေရာသည် ကြွယ်ဝချမ်းသာလှသော ရိုင်ဇန်မြို့စားကြီး၏ အိမ်တော် ဖြစ်သည်ကို သီယို သတိရပြီးနောက် ရှက်ရွံ့သွားသဖြင့် ဆေးပင်ကို အလျင်အမြန် ပြန်ယူလိုက်လေသည်။
သို့သော်လည်း အိုဖီလီယာက သူ့လက်ကို လှမ်းဆွဲလိုက်ပြီး ဆေးပင်ကို ပြန်ယူသွားသည်။
"ငါ ဒါကို သုံးမယ်"
သူမက ပြုံးလိုက်ပြီး ဆေးပင်ကို ကြိတ်ချေ၍ ဒဏ်ရာပေါ်သို့ အသုံးပြုလိုက်သည်။ဖြစ်စဥ်တစ်ခုလုံးက ယုံကြည်နိုင်ဖွယ် မရှိသဖြင့် သီယိုမှာ အံ့ဩစွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။အိုဖီလီယာ ရိုင်ဇန်က သူပေးသော ဆေးပင်ကို လက်ခံပြီး အမှန်တကယ် အသုံးပြုလိုက်သည်။သူမမှာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ သူ့ကို ကယ်တင်လိမ့်မည် မဟုတ်ဟု သူ တွေးမိသည်။သူမက သူ့ဆီမှ ကိုယ်တွင်းအင်္ဂါ သို့မဟုတ် အခြားတစ်ခုခု လိုချင်နေလိမ့်မည်ဟု တွေးထားမိသည့်အတွက် ထိုအခိုက်အတန့်၌ သူ အရှက်ရသွားခဲ့သည်။သီယိုက အိုဖီလီယာကို မသိမသာ ကြည့်နေမိသည်။သူမ၏ ငွေဖြူရောင် ဆံနွယ်နှင့် လိုက်ဖက်လှပါသည့် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အသားအရည်၊မြစိမ်းရောင် ဖျော့ဖျော့ မျက်ဝန်းများနှင့် ရက်စက်ဟန်ပေါက်သည့် မျက်ခုံးများ၊ သူမ၏ အသွင်အပြင်မှန်သမျှက အေးစက်မာကြောသည့် ကိုယ်နှုတ်အမူအရာကို သိသာထင်ရှားအောင် လုပ်ပေးနေ၏။သို့သော်
သူမက နတ်သမီးလေးနဲ့ တူတယ်။
ထို့ကြောင့် သူ့စိတ်ကို သူ ပြန်ပြင်လိုက်သည်။သူ အရင်က တွေးခဲ့သလိုမျိုး အိုဖီလီယာကို ဆိုးရွားစွာ ထပ်မတွေးတော့ဘဲ မည်သည့် အကြောင်းအရာကိစ္စ ဖြစ်စေ သူက သူမကို ကူညီပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုစဥ် သီယို၏ သူမအပေါ် သစ္စာခံလိုစိတ်လေး ဖူးပွင့်လာသည်ကို မသိရှာသော အိုဖီလီယာမှာ ဒဏ်ရာကိုသာ ငုံ့ကြည့်နေမိသည်။
အား၊နာလိုက်တာ သေမလိုပဲ။
သူမ ဒီဟာတွေကို အလျင်အမြန် ဆေးကြောပစ်ရမည်။
သူမက သီယို တွေးနေသကဲ့သို့ နတ်သမီးလေး မဟုတ်သည်မှာ ဖြစ်နိုင်သည်။
*
နေအိမ်အကျယ်ချုပ် ကျနေစဥ်တွင် ကျွန်မသည် စိတ်လှုပ်ရှားမှုများစွာဖြင့် နားနားနေနေ နေခဲ့ရသည်။ကျွန်မ ဤသို့ အကျယ်ချုပ်နေသည်ကို လူတော်တော်များများက စိတ်မကောင်းဖြစ်နေကြသော်လည်း ကျွန်မအတွက်တော့ အဆင်ပြေနေခဲ့သည်။စံအိမ်တော်ကြီးမှာ အလွန်တရာ ကြီးမားလှရာ ကျွန်မအဖို့ မည်မျှပင် လှည့်ပတ်သွားလာသည် ဖြစ်စေ အဆုံးမရှိသကဲ့သို့ ဖြစ်နေခဲ့သည်။ဝတ္ထုထဲတွင် ဆိုဗက်စ်စတာ၏ဇာတ်လမ်းကို အပြည့်အဝ ပုံဖော်နိုင်ခဲ့ခြင်း မရှိသည်က သိသာထင်ရှားလှသည်။သူနှင့် အခြားဗီလိန်များ၏ နောက်ခံ ဇာတ်ကြောင်းများကို အတိအကျ ရေးသားထားခြင်း မရှိဘဲ သူက အမျိုးသားဇာတ်လိုက်ဖြစ်သူ ကယ်လီယန်အပေါ် ဗီလိန်တစ်ယောက်အဖြစ် ပြုမူဆက်ဆံခဲ့သော ဇာတ်ကွက်များကိုသာ ရေးသားထားခဲ့သည်။ထို့ကြောင့် ကျွန်မလည်း ဤစံအိမ်တော်ကြီးကို စေ့စေ့စပ်စပ် ရှာဖွေလေ့လာလိုစိတ်များ ပြင်းပြလာတော့သည်။ဝတ္ထုထဲရှိ အရေးအသားများမှ တစ်ဆင့် မြင်တွေ့၍ မရနိုင်သော စံအိမ်တော်ကြီး၏ ထောင့်တစ်နေရာစီတိုင်းက ပျော်ရွှင်စရာဖြစ်နေခဲ့သည်။
ငါတို့ ဒီနေ့ ဘယ်ကို သွားရင် ကောင်းမလဲ။
ကျွန်မ စဥ်းစားကြည့်ရင်းဖြင့် လက်များကို ထောင်ကြည့်လိုက်သည်။မနေ့က ကျွန်မသည် စံအိမ်တော်၏အရှေ့ဖက် အဆောင်ဆီသို့ သွားခဲ့ပြီး တစ်နေ့ကတော့ မြောက်ဖက်အဆောင်ကို သွားခဲ့သည်။
"ငါ ဒီနေ့ အနောက်ဖက်အဆောင်ကို သွားမယ်။"
"ရှင်!"
ကျွန်မ၏ ဆံပင်ကို ပြင်ဆင်ပေးနေသော အိုင်ရင်းက တအံ့တဩဖြင့် အာမေဋိတ် ပြုလိုက်သည်။
"မဒမ်က အနောက်ဖက် အဆောင်ကို သွားမလို့ ပါလား။"
သူမက ဂရုတစိုက် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။အဲ့ဒီနေရာကို ငါ သွားလို့မရတဲ့ အကြောင်းတစ်ခုခု ရှိလို့လား။"
ကျွန်မ သိချင်သဖြင့် မျက်လုံးကို ပင့်ပြီး ကြည့်လိုက်သည်။
"ဟမ်၊ အိုး ၊မဟုတ်ပါဘူး။မဒမ် သွားလို့ရပါတယ်။ဟုတ်တာပေါ့။မဒမ်က နေရာတိုင်းကို သွားလို့ရပါတယ်။"
အိုင်ရင်းက ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
ငါ တစ်ခုခုများ မှားပြောလိုက်လို့လား။
ကျွန်မ စိတ်ရှုပ်စွာဖြင့် ပါးပြင်ကို လက်ဖြင့် ကုတ်နေမိသည်။
"နင် ဘာဖြစ်နေတာလဲ။ငါ့ကို ပြောစမ်း။"
"အာ ..."
အိုင်ရင်းက မျက်လုံးကို လှိမ့်လိုက်ပြီး သတိကြီးကြီးဖြင့် ဝန်လေးစွာပြောလာသည်။
"အဲ့ဒီအဆောင်က သခင်ရဲ့ အိမ်ပါ။သူက အခြားဘယ်သူ့ကိုမှ ဝင်ခွင့် မပေးထားပါဘူး။
"တကယ်လား"
"ဟုတ်ကဲ့၊အရင်တစ်ခါ လက်ထောက်က မှားပြီး ဝင်လာခဲ့လို့ သခင် အကြီးအကျယ် ဒေါသဖြစ်ဖူးပါတယ်။"
"ငါ သိပြီ"
အင်း၊စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပဲ။
ကျွန်မ ခေါင်းငြိမ့်လိုက်လျှင် အိုင်ရင်းက ပြုံး၍ ဆက်ပြောသည်။
"ဟုတ်ကဲ့၊ဒါဆိုရင် ဒီနေ့ မဒမ် စံအိမ်တော်ရဲ့ တောင်ဘက်အဆောင်ကို သွားသင့်ပါတယ်။အဲ့ဒီမှာ ပန်းချီကားတွေ အများကြီး ရှိနေတာကြောင့် ကြည့်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။"
"ဟင့်အင်း၊ ငါတို့ ဒီနေ့ အနောက်ဖက် အဆောင်ကိုပဲ သွားမယ်။
ကျွန်မ ပြောလိုက်ပြီး ကိုယ့်ကိုကိုယ် စိတ်ဓါတ်တက်ကြွလာအောင် လုပ်လိုက်သည်။
"ငါ့ခင်ပွန်းဖြစ်သူ ဒေါသထွက်နေတာကို ငါ သဘောကျတယ်။"
လာ... လာ... လာ
မျက်နှာထက်တွင် ကိုးရိုးကားရား အမူအရာ ဖြစ်နေသော အိုင်ရင်းကို ထားခဲ့ပြီး ကျွန်မ အခန်းထဲမှ ထွက်လာခဲ့သည်။
*
အနောက်ဖက် အဆောင်သည် သိပ်မဝေးပေ။ခွာမြင့်ဖိနပ် စီးထားသည့်တိုင် ကျွန်မ၏ခြေထောက်များ နာကျင်ခြင်း မရှိခဲ့။သို့သော် ၎င်းထံမှ ပင်မ အိမ်တော်ကြီးနှင့် အတော်လေး ကွာခြားသော ခံစားချက်တစ်ခု ရသည်။မြင်မကောင်း ရှုမကောင်းသော သစ်ပင်များ၊ညှိုးနွမ်းခြောက်သွေ့နေသော ပန်းများပြည့်နေသော ပြုပြင်ထိန်းသိမ်းထားခြင်း မရှိသည့် ပန်းခြံတစ်ခု ရှိပြီး ပင့်ကူအိမ်တစ်ချို့ပင် တက်နေသေးသည်။ဆိုဗက်စ်စတာမှာ အလွန် သပ်သပ်ရပ်ရပ် နေတတ်သော ယောကျ်ားတစ်ယောက်ဖြစ်သည်။ထို့ကြောင့် စံအိမ်တော်တွင် ဤသို့ ဂရုတစိုက်မရှိဘဲ ပစ်စလက်ခတ်ဖြစ်သော နေရာတစ်ခု ကျန်နေမည်ဟု ကျွန်မ မယုံကြည်နိုင်ခဲ့ပေ။
"သူက ဘာကြောင့် ဒီလို ထားထားရတာလဲ။"
ကျွန်မ သိချင်သဖြင့် ခေါင်းကို စောင်းငဲ့လိုက်မိသည်။မည်သို့ပင် ဖြစ်စေ ကျွန်မ အထဲရောက်သည်နှင့် တစ်ခုခု ရှာတွေ့နိုင်လိမ့်မည်။
ကျွန်မ တံခါးကို ဂရုတစိုက် ဖွင့်၍ အထဲသို့ ဝင်လိုက်သည်။အဆောင် အထဲ၌ အပြင်ကထက် ပို၍ ညစ်ပတ်ရှုပ်ပွနေသေးသည်။ဖုန်အလိပ်လိပ် ထနေသောကြောင့် ကျွန်မ နှာချေမိလုနီးပါး ဖြစ်သွားသည်။
"အိုး ၊သေတော့မှာပဲ။"
ယားကျိကျိ ဖြစ်နေသော နှာခေါင်းထိပ်ကို လက်ဖမိုးဖြင့် ပွတ်သပ်နေရင်းဖြင့် ဘေးဘီဝဲယာသို့ ကြည့်လိုက်မိသည်။၎င်းက အခြားအဆောင်များနှင့် ဖွဲ့စည်းပုံက သိပ်မကွာခြားပေ။ခန်းမကျယ်၏ အလယ်တွင် ကျယ်ဝန်းသော လှေကားကြီး ရှိပြီး ဘေးဖက်တွင် ချစ်စဖွယ် အလှဆင်ပစ္စည်းများ ထားရှိထားသည်။
ဒီနေရာမှာ အရမ်းလှပခဲ့တုန်းကရော ဆိုဗက်စ်စတာက တခြားသူတွေကို ဘာဖြစ်လို့ ဝင်ခွင့် မပြုရတာလဲ။
ကျွန်မ လှေကားထစ်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လိုက်ပြီး သိပ်မကြာခင်ဘဲ ဤနေရာသို့ ဆိုဗက်စ်စတာက ဝင်ခွင့်မပြုရခြင်း အကြောင်းအရင်းကို ကျွန်မ ရှာတွေ့သွားသည်။
"ဟမ်"
လှေကားထစ် အပေါ်ဖက် နံရံပေါ်တွင် ကြီးမားသော ပန်းချီကားချပ်တစ်ခုကို ချိတ်ဆွဲထားသည်။ထိုပန်းချီကားထဲက အမျိုးသမီးတွင် ဆိုဗက်စ်စတာနှင့် ဆင်တူသော ဆံပင်အနက်ရောင်များ ရှိသည်။ဆံပင် အရောင်သာမက သူမဆီက ထုတ်လွှတ်သော အရှိန်အဝါကလည်း သူနဲ့ အတော်ဆင်တူသည်။လူတိုင်းကပင် ပြောနိုင်ပါ၏။
"သူ့အမေလား"
သူမက ဆိုဗက်စ်စတာ၏မိခင် ဖြစ်ပုံရသည်။ထို့ကြောင့် သည်နေရာမှာ သူ့အမေ နေထိုင်လေ့ရှိသည့် နေရာ ဖြစ်လိမ့်မည်။
ဒါကြောင့် ရှင်က ဒီနေရာကို အခြားသူတွေ ဝင်ခွင့်မပေးတာလား။ဒါပေမဲ့ ဘာကြောင့်လဲ။
ကျွန်မ၏ သိလိုစိတ်က တဖြည်းဖြည်း မြင့်တက်လာ၏။
ထိုစဥ်
"အိုဖီလီယာ!"
တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ဆိုဗက်စ်စတာက ခြေလှမ်းကျဲကျဲဖြင့် ဝင်လာခဲ့သည်။အနောက်ဖက်အဆောင်သို့ လာရာလမ်းတစ်လျှောက်တွင် ပြေးလာခဲ့သဖြင့် သူ၏ သေသပ်စွာ ဖီးသင်ထားသော ဆံပင်မှာ ဖရိုဖရဲ ဖြစ်နေခဲ့သည်။
"မင်း လုပ်နေကျ မဟုတ်တဲ့ ကိစ္စတွေကို လိုက်လုပ်နေတာက အဆင်ပြေပါတယ်။ဒါပေမဲ့ မင်း ဒီနေရာကို ဘာကြောင့် လာခဲ့တာလဲ။"
သူက မေးရင်း လှေကားတစ်လျှောက် ပြေးတက်လာခဲ့သည်။
သူ့မျက်နှာပေါ်ရှိ မကျေမနပ်ဖြစ်မှုကို ကျွန်မ မြင်နေရသည်။
"ရှင် ဒေါသထွက်နေတာလား။"
"မထွက်ဘူး!"
သူ အော်လိုက်သည်။
အာ
ကျွန်မ မျက်လုံးကို မှိတ်လိုက်သည်။
"ရှင် ဒေါသထွက်နေတယ်လို့ ကျွန်မ ထင်တယ်။"
"ကိုယ် ဒေါသမထွက်ဘူးလို့ ပြောနေတယ်လေ။"
သူ သေချာပေါက် ဒေါသဖြစ်နေလေသည်။ကောင်းပြီ။ကျွန်မ ပခုံးကိုသာ တွန့်လိုက်မိသည်။လူတိုင်းကပင် မြင်ရုံဖြင့် သူ ဒေါသဖြစ်နေသည်ကို ပြောနိုင်သည်။ဆိုဗက်စ်စတာသည် ကျွန်မ၏ ကျောကို အရှေ့တံခါးဖက်သို့ တွန်းပို့သည်။
"အခု အပြင်ထွက်တော့၊ အပြင်ထွက်။"
ယခု သူက အကျောက်အကန် ငြင်းဆန်နေခဲ့ရာ ကျွန်မလည်း အပြင်ထွက်ချင်စိတ် မရှိတော့ပေ။ထို့ကြောင့် ကျွန်မ ခေါင်းကို လှည့်လိုက်ပြီး ပြောသည်။
"သူမက ရှင့်အမေ မဟုတ်လား။"
"ဘာ"
"ဒီပန်းချီကားလေ၊သူမက ရှင့်အမေလေ၊ဟုတ်လား။"
ဆိုဗက်စ်စတာ၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ထင်ထားသည့်အတိုင်း ကျွန်မ မှန်သည်။ကျွန်မ သူ့အနားသို့ တစ်လှမ်းတိုး၍ သူ့ကို မေးခွန်းတစ်ခုထပ်ပြီး မေးလိုက်သည်။
"ဒါက ရှင့်အမေလား။သူမ ဘာဖြစ်ခဲ့တာလဲ။ရှင် သူမကို ဒီနေရာမှာ ဖွက်ထားရတဲ့အထိလေ။"
"မင်း သိဖို့ မလိုဘူး။"
"ဘာလို့လဲ၊ကျွန်မက ရှင့်ဇနီးပဲလေ။"
"ကိုယ်တို့ ကွာရှင်းကြမယ်ဆိုပြီး မင်းပဲ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား။"
"အဲ့ဒါက အဲ့ဒါ၊အခုက အခုလေ။ကျွန်မက အခုထိ အိမ်ထောင်ကျနေတုန်းပဲဟာ။"
"မင်း စကားပြောတာကို ရပ်လိုက်ရင် ကိုယ် မင်းကို မမုန်းဘူး။"
သူက ကျစ်ခနဲ စုတ်သပ်လိုက်ပြီး လှောင်ပြုံး ပြုံးသည်။
"ဟုတ်တယ်။သူမက ကိုယ့်အမေ။"
"ထင်သားပဲ။ရှင်က သူမနဲ့ တူတယ်လေ။"
ပန်းချီကား၏ ဘေးဖက်တွင် ရပ်နေသည်ဖြစ်ရာ သူတို့၏ ဆင်တူမှုများက ပို၍ သိသာ ထင်ရှားလာခဲ့သည်။မီတာတစ်ရာ အကွာအဝေးမှ ကြည့်လျှင်ပင် ဆင်တူသည်ကို တွေ့ရသည်။
"အိုး၊အမေဖြစ်သူနဲ့ သူမရဲ့သားပဲ။"
ဒါပေမဲ့ သူ့အမေ နေခဲ့တဲ့နေရာကို တခြားသူတွေ မဝင်ရအောင် ဘာကြောင့် သူက တားမြစ်ထားတာလဲ။
"သူမ ဘာဖြစ်သွားတာလဲ။"
ကျွန်မ၏ သိချင်စိတ်ကို ထိန်းမထားနိုင်သဖြင့် မေးလိုက်မိသည်။ဆိုဗက်စ်စတာ၏ မျက်ခုံးများ စုကြုံ့သွား၏။
"အိုဖီလီယာ"
သူက ကျွန်မ၏ ပခုံးကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်၍ ပြောသည်။
"ဒီကမ္ဘာကြီးမှာ မင်း သိစရာမလိုတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။"
"..."
"ပြီးတော့ မင်းသိသင့်တဲ့ ကိစ္စတွေလည်း အများကြီး ရှိတယ်။"
သူက ကျွန်မကို ပခုံးမှကိုင်၍ ဆွဲလှည့်လိုက်ပြီး ကျွန်မ၏ကျောကုန်းကို ပုတ်လိုက်သည်။
"ဒါကြောင့် သွားတော့၊ဒီနေရာကို နောက်တစ်ခါ ထပ်လာဖို့ မတွေးနဲ့။"
စကားလုံးများက အေးစက်လှသည်။ကျွန်မ နှုတ်ခမ်းကို သပ်ရင်းညည်းညူလိုက်သည်။
"ရှင်က အရမ်းရိုင်းတာပဲ။"
"မင်း များများသိလေ၊များများ စကားပြောရလေပဲ။"
"ကိုယ် ဒါကို တစ်စုံတစ်ယောက်ဆီက သင်ယူထားခဲ့တာ။"
"အဲ့ဒီတစ်စုံတစ်ယောက်က ကျွန်မ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။"
"ကောင်းပြီ"
ကျွန်မ လျှာစောင်းထက်သည်နှင့်အမျှ ဆိုဗက်စ်စတာ၏ မျက်နှာက ပိုပြီး ရှုံ့တွလာတော့သည်။ကျွန်မ ဆက်ပြီး ပြောနေလျှင် သူ အမှန်တကယ် ဒေါသထွက်လာတော့မည်။
"အိုကေလေ၊ကျွန်မ သွားမှာပါ။"
ကျွန်မ စုတ်သပ်လိုက်ပြီး ခြေလှမ်းလှမ်းလိုက်သည်။သို့သော် လက်ရှိ ကျွန်မ ရပ်နေသည့် နေရာက လှေကားထိပ်ဆုံးတွင် ဖြစ်နေသည်ကို မေ့သွားခဲ့သည်။ထို့ကြောင့် ကျွန်မ ခြေထောက်က လှေကားထစ်များကို မနင်းမိဘဲ ခန္ဓာကိုယ်က အရှေ့ဘက်သို့ ကိုင်းကျသွား၏။
"အား"
"သတိထား"
ကျွန်မ ဆိုဗက်စ်စတာနှင့်အတူ လှေကားပေါ်မှ လိမ့်ကျသွားခဲ့သည်။
အိုး၊ တကယ် နာတာပဲ။
ကျွန်မ၏ ခြေထောက်မှာ တဆစ်ဆစ်နှင့် စတင် ကိုက်ခဲလာလေသည်။သို့သော် ကံကောင်းထောက်မစွာဖြင့် ကျွန်မတွင် ဆိုးဆိုးရွားရွား ဒဏ်ရာ အနာတရ မဖြစ်ခဲ့ပေ။ဆိုဗက်စ်စတာက ကျွန်မအောက်တွင် လဲလျောင်းပြီး ကူရှင်သဖွယ် ခံပေးထားခဲ့ပါ၏။
"အမလေး၊ရှင်က ကျွန်မအသက်ကို ကယ်ပေးလိုက်တာပဲ။ ရှင့်ကို ကျေးဇူးတင်ပါတယ်။အရမ်းနာသွားလားဟင်။"
ကျွန်မ၏ အောက်တွင် ရောက်နေသော ဆိုဗက်စ်စတာကို ကျွန်မ မေးလိုက်သည်။
"အာ့ ... အဆင်ပြေပါတယ်။"
ဆိုဗက်စ်စတာ၏ မျက်လုံးများက ဟိုဟိုဒီဒီလျှောက်ကြည့်နေ၏။
"စကားမစပ် လက်ရှိအနေအထားက နည်းနည်း ..."
အနေအထား
ကျွန်မ ကြောင်အစွာဖြင့် ဆိုဗက်စ်စတာကို ကြည့်နေမိသည်။ထို့နောက်မှ ကျွန်မနှင့် သူက တစ်ယောက်နှင့် တစ်ယောက် အရမ်းနီးကပ်နေသည်ကို သတိထားမိလိုက်သည်။ပိုဆိုးသည်က ကျွန်မမှာ သူ့ကိုယ်ပေါ်တွင် ဖိထားမိသည်။
"ဘုရားရေ"
ကျွန်မ အလန့်တကြားဖြင့် ကုန်းရုန်းထလိုက်သည်။
"အဟွတ်"
ဆိုဗက်စ်စတာက ချောင်းတစ်ချက် ဆိုးလိုက်ပြီး လဲနေရာမှ ထလာခဲ့သည်။ကျွန်မ သူ့ကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ချိန်တွင် သူ့နားရွက်များက နီရဲနေလေသည်။သူ အဖျားရှိနေတာ ဖြစ်လိမ့်မည်။
အာ ၊ဒါက ဘာပါလိမ့်။
ကသိကအောက် ဖြစ်နေသဖြင့် ကျွန်မ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကြမ်းပြင်ကို ငုံ့ကြည့်နေမိသည်။
"အ ...အခု ရပ်လိုက်တော့။ကိုယ်တို့ ပြန်သင့်နေပြီ။"
"ကျ...ကျွန်မတို့ ပြန်ရမလား။"
ဆိုဗက်စ်စတာနှင့် ကျွန်မတို့ နှစ်ယောက်လုံးမှာ ထူးထူးဆန်းဆန်း ကသိကအောက် ဖြစ်နေသော ခံစားချက်ကြီးနှင့်အတူ အဆောင်ထဲမှ ထွက်လာကြသည်။လမ်းလျှောက်နေစဥ် ကျွန်မပခုံးက သူ့ကို သွားမထိအောင် သတိထား လျှောက်လာခဲ့သည်။မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ကျွန်မ စိုးရိမ်နေပြီး ထူးဆန်းစွာဖြင့် ကျွန်မ၏မျက်နှာမှာ ပူလောင်နေခဲ့သောကြောင့် ဖြစ်သည်။
ကျွန်မ အမှန်တကယ် မသိခဲ့ပေ။
TK Team
++++++++