Chapter 26
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂၆)

ကျွန်မ အခန်းထဲသို့ ပြန်ရောက်လျှင် အိုင်ရင်းကို ယပ်တောင်တစ်ချောင်း ယူလာခိုင်းလိုက်ပြီး ဆိုဖာပေါ် လှဲချလိုက်မိသည်။ကျွန်မ၏ မျက်နှာမှာ လောင်ကျွမ်းမတတ် ဖြစ်နေဆဲပင်။

ဘာဖြစ်လို့ ဒီနေရာမှာ အရမ်းပူနေရတာလဲ။

အိုင်ရင်း ကျွန်မကို လောင်းချိုးပေးသော ရေအေးများက ကျွန်မ၏ခန္ဓာကိုယ်ကို အေးမြသွားအောင် ကူညီပေးခဲ့သည်က အမှန်ပင်။သို့သော် ထိုရေအေးများက ကျွန်မ၏ နီရဲတောက်လောင်နေသော မျက်နှာအတွက်မူ အေးမြသွားစေသည်ဟု ပြော၍ မရပေ။

အား

ကျွန်မ ဆိုဖာပေါ်သို့ ခေါင်းမှီထားရင်း နှုတ်ခမ်းကို ကိုက်ထားမိသည်။

လေထုက ထူးဆန်းနေတယ်။

ငါတို့ အဆင်ပြေပြေနဲ့ စကားပြောလို့ရတယ်။ဒါပေမဲ့ ရုတ်တရက်ကြီး ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ဖြစ်လာမယ်လို့တော့ ဘယ်လို မျှော်လင့်ထားမိမှာလဲ။ပြီးတော့ ငါ သူ့အပေါ်ကို တက်ဖိထားတဲ့ အထိလေ။

ယခင်က ယောကျ်ားတစ်ယောက်နှင့် လက်ပင် မကိုင်ဖူးသော တစ်ကိုယ်တည်းသမား တစ်ယောက်အတွက် ဤကိစ္စက အတော်လေး ထိတ်လန့်တုန်လှုပ်စေသည်။

အား၊ငါ အရမ်းရှက်တာပဲ။

နေပါဦး၊ငါက ရှက်ပြီး ကသိကအောက်ဖြစ်နေတယ်ပဲ ထား၊ဆိုဗက်စ်စတာ တုံ့ပြန်တဲ့ ပုံစံက ဘယ်လိုပါလိမ့်။

မူလ ဆိုဗက်စ်စတာသည် ထိုအခြေအနေနှင့် ကြုံတွေ့ရလျှင် သူမကို လှောင်ပြောင်စရာ အခွင့်အရေး ရသွားသည့်အတွက် ဒီအတိုင်း ကျော်သွားမည် မဟုတ်ပေ။သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။သူကလည်း ကျွန်မကဲ့သို့ ရှက်နေခဲ့သည်။ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ကဲ့သို့ပင်။ ထိုသို့ နားလည်သဘောပေါက်သွားခြင်းက ကျွန်မကို ပို၍ ရှက်ရွံ့လာစေသည်။

ဒါက တစ်ယောက်က ရှက်သွေးဖြာသွားတဲ့ အချိန်မှာ အခြားတစ်ယောက်ကလဲ ရှက်ရွံ့သွားရတဲ့ အခြေအနေ မဟုတ်ပါလား။အတိအကျကို အရေးကြီးတာပဲ။ငါတို့ အချင်းချင်း ရှက်နေခဲ့လို့ ပင်မအိမ်တော်ရှေ့မှာ တစ်ခွန်းစ နှစ်ခွန်းစ နှုတ်ဆက်ပြီးတော့ လမ်းခွဲလာကြတာလေ။

"ဒါက ဘာဖြစ်မလဲ။"

ကျွန်မဘာသာ တီးတိုး ညည်းညူနေသဖြင့် မည်သူကမှ တုံ့ပြန်မလာခဲ့ပေ။ယခုချိန်ထိ ခုန်ပေါက်နေသော ကျွန်မ၏ နှလုံးသားမှာ တည်ငြိမ်သွားမည့် အလားအလာ လုံးဝမရှိပေ။ဆိုဗက်စ်စတာနှင့် ကျွန်မသည် အိမ်ထောင်သည်စုံတွဲများ ဖြစ်ကြသည်။ထို့ကြောင့် အနာဂတ်တွင် ထိုသို့ အဖြစ်အပျက်မျိုး ကြုံတွေ့လာနိုင်သည်ဟု ကျွန်မ ကြိုတင်မှန်းဆထားပြီး ဖြစ်ပါ၏။နှစ်ယောက်အတူ အိပ်စက်ရခြင်းကိစ္စကိုလည်း ကျွန်မအနေဖြင့် ထည့်သွင်းစဥ်းစားကြည့်ဖို့ လိုသည်။

နေဦး၊အဲ့ဒီကိစ္စက ...!ငါ ဒီလို လုပ်လို့မရဘူးလေ။ငါ ဘာတွေ လျှောက်တွေးနေတာလဲ။

ကျွန်မ၏မျက်နှာကို ကူရှင်ထဲတွင် နှစ်ထားလိုက်ပြီး အသံမထွက်ဘဲ အော်နေမိသည်။

"ငါ ဒါကို လုပ်လို့မရဘူး။"

အချိန်အတော်ကြာအောင် အပြင်းအထန် ကြိုးပမ်းပြီးနောက် ကျွန်မ ညည်းညူလိုက်ရင်း ဆတ်ခနဲ ထထိုင်လိုက်သည်။မှန်ပေသည်။ကျွန်မ ထိုသို့ မလုပ်နိုင်ပေ။ဖြစ်နိုင်သမျှ မြန်မြန် ကွာရှင်းဖို့ လိုအပ်သည်။အကယ်၍ ကျွန်မ ဆိုဗက်စ်စတာအပေါ် ချစ်ကျွမ်းဝင်မိသွားလျှင် အကြီးအကျယ် ဒုက္ခဖြစ်လိမ့်မည်။ထို့သို့ ဖြစ်လာလျှင် မျှော်လင့်ချက် ကင်းမဲ့သွားလိမ့်မည်။မူလဇာတ်ကြောင်းမှာ ပြုပြင်၍မရအောင် ရှုပ်ထွေးသွားမည်ဖြစ်ပြီး ဖြစ်ပျက်လာမည့် ကိစ္စများမှာလည်း ပို၍ ခန့်မှန်းရ ခက်ခဲလာလိမ့်မည်။

ကျွန်မ ထိုသို့ မဖြစ်စေချင်ပေ။

ကျွန်မ ပြောခဲ့သလိုပင် သူတို့အချင်းချင်းကြားက ဝေလငါးနှင့် ပုစွန်ထုပ် တိုက်ပွဲ၌ ကျွန်မ ပါဝင်ပတ်သက်လိုခြင်း မရှိပေ။

ဒီအရှပ်အထွေးကြားမှာ ငါတို့ ဝင်မပတ်သက်မိခင် ထွက်ပြေးမှ ရမယ်။

ကျွန်မ သူနှင့် အလျင်အမြန် ကွာရှင်းရန် လိုသည်။

"ကယ်လီယန် ၊ကယ်လီယန်ကို ဘယ်လို ဆွဲဆောင်ရမလဲ။"

ကျွန်မ ခေါင်းကို ချာချာလည်သည်အထိ စဥ်းစားပြီးနောက် မကြာခင်၌ နည်းလမ်းတစ်ခု တွေ့သွားခဲ့သည်။

*

ဆိုဗက်စ်စတာသည် လက်တစ်ဖက်က မေးကို ထောက်၍ ကျန်လက်တစ်ဖက်က ဖောင်တိန်ကို ကိုင်ရင်း ငေးကြောင်ကြောင်ဖြင့် ထိုင်နေမိသည်။မကြာသေးမီက အိုဖီလီယာ သူ့ကို ပွေ့ဖက်ထားသည့် အခြေအနေကိုသာ သူ့အလိုလို အဆက်မပြတ် တွေးတောနေမိသည်။၎င်းမှာ သူမနှင့်သူ ပထမဆုံး နီးနီးကပ်ကပ် ထိတွေ့ဖူးသည့် ပထမအကြိမ် ဖြစ်သည်။အိုဖီလီယာသည် သူ့ဘေးနားတွင် ကပ်၍ ရပ်နေဖို့ကိုပင် မုန်းတီးနေတတ်၏။ရထားလုံးစီးခြင်းနှင့် ကပွဲခန်းမသို့ ဝင်ရောက်ခြင်းကဲ့သို့ မဖြစ်မနေ အခြေအနေများမှ လွဲ၍ သူမသည် သူ့ဘေးနားတွင် နေလိုစိတ်မရှိသော မိန်းမ ဖြစ်သည်။

သူက အိုဖီလီယာ၏ သဘောထားကို ခွင့်လွှတ်ရန် မဆိုထားနှင့် ဂရုပင် မစိုက်ခဲ့ပေ။သဘာဝကျစွာဖြင့် သူမနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်း ပြုလုပ်ရန် သူ့ဖက်က ဘယ်တော့မှ အစပြုလေ့မရှိခဲ့ပေ။မနေ့က အထိ ထိုသို့သာ နေထိုင်ခဲ့သည်။သူမ၏ ဖြူဖွေးသောလက်များက သူ့ရင်ဘတ်ပေါ်သို့ ထိလျှင် ထိချင်း သူ့အဆုတ်ထဲမှ လေများ ပေါက်ထွက်သွားသည်ဟု ဆိုဗက်စ်စတာ ခံစားမိလိုက်သည်။ထိုအခြေအနေတစ်ခုလုံးမှာ သာမန်ထက် လွန်ကဲနေသည်။သူသည် လူပျိုဖော်ဝင်ခါစ ဆယ်ကျော်သက်လေးတစ်ယောက် မဟုတ်ပါဘဲနှင့်အဘယ်ကြောင့် ထိုသို့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေမိပါသနည်း။

ဆိုဗက်စ်စတာသည် ဖောင်တိန်ကို ချလိုက်ပြီး မျက်လုံးများကို လက်ဖြင့် အုပ်ထားမိသည်။

ဒီပန်းချီကားလေ၊သူမက ရှင့်အမေလေ၊ဟုတ်လား။ 

သူမ ဘာဖြစ်ခဲ့တာလဲ။ရှင် သူမကို ဒီနေရာမှာ ဖွက်ထားရတဲ့အထိလေ။

သူမ ပြောခဲ့သည်ကို ပြန်သတိရသွားသဖြင့် ဆိုဗက်စ်စတာ တစ်ချက် ရယ်လိုက်မိသည်။ဤရဲတိုက် သို့မဟုတ် ဤအင်ပါယာ တစ်ခုလုံးရှိ မည်သူကမှ သူ့ကို ထိုသို့ မေးမြန်းရဲမည် မဟုတ်ပေ။အကယ်၍ သူတို့ မေးမြန်းလာခဲ့လျှင် သူတို့ အထိအခိုက်မရှိပါဘဲ ဆက်ရှင်သန်နိုင်ကြမည် မဟုတ်။သို့တိုင် အိုဖီလီယာက ဘာမှမဖြစ်သည့်နှယ် မေးလာခဲ့သည်။၎င်းက ချစ်စရာကောင်းသလို တစ်ချိန်တည်း၌ ရယ်ချင်စရာလည်း ကောင်းလှသည်။ထိုအပြုအမူကြောင့် သူမ၏ခေါင်းထဲတွင် ဘယ်အရာ ရှိနေသနည်းဟု သူ ပိုသိချင်လာမိသည်။အိုဖီလီယာ၏ပုံစံအသစ်ကို သူ သဘောကျမိသည်။

သူမနှင့် စကားပြောရသည့်အချိန်တိုင်း သူ ပြုံးရယ်နေမိသည်ကို သူ့ဘာသာ သတိထားမိနေသည်။သူ့စိတ်ထဲတွင် သူမ ပေါ်လာသည့်အခါတိုင်း၌ သူ စပြီး ပြုံးရယ်နေမိသည်က တစ်ကြိမ်၊နှစ်ကြိမ် မကတော့ပေ။သူပင် သတိမထားမိပါဘဲ အချိန်ကြာလာသည့်နှင့်အမျှ သူ့စိတ်ထဲတွင် အိုဖီလီယာက အခိုင်အမာ နေရာယူထားခဲ့သည်။

ငါ ဂရုစိုက်ဖို့ လိုတယ်။

အထူးသဖြင့် အိုဖီလီယာကို အနှေးနှင့် အမြန် စွန့်ပစ်ဖို့ သူ စီစဥ်လိုက်ကတည်းက ဖြစ်သည်။၎င်းကို ဆက်လက်ပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခွင့် မပြုနိုင်ပေ။အိုဖီလီယာက အိမ်ရှေ့စံမင်းသားအပေါ် အောင်မြင်စွာ သွေးဆောင်ဖြားယောင်းနိုင်မည်ဟု ဆိုဗက်စ်စတာ မတွေးမိပေ။ သို့သော် ယခု သူမ လုပ်သကဲ့သို့သာ ဆက်၍ ကြိုးစားနေမည် ဆိုလျှင် သူမတို့ကြားတွင် ပို၍ ထိတွေ့မှုများလာလိမ့်မည်။ထို့နောက် ဆိုဗက်စ်စတာက ထိုအခိုက်အတန့်ကို အမိအရ အသုံးချပြီး အိမ်ရှေ့စံမင်းသားနှင့် အိုဖီလီယာတို့၏ ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာပစ်မည် ဖြစ်၏။ထို့နောက် လူထုကြီးက အိမ်ရှေ့စံမင်းသားကို ဆန့်ကျင်လာကြလိမ့်မည်။

ဒါဆို အာဏာက ဒုတိယမင်းသား လက်ထဲ သူ့အလိုလို ရောက်လာမှာပဲ။

ဆိုဗက်စ်စတာသည် ဒုတိယမင်းသားကို ဧကရာဇ်ဖြစ်သည်အထိ ပံပိုးပေးမည် ဖြစ်၏။

အဲ့ဒီနောက်တော့

ထို့နောက်တွင် သူ တစ်ဘဝလုံး မျှော်မှန်းခဲ့ရသည့် ရည်မှန်းချက်ပန်းတိုင်က ပြည့်ဝသွားလိမ့်မည်။သူ ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး မျက်လုံးများကို ဖုံးအုပ်ထားသည့် လက်များအား ဖယ်ရှားလိုက်သည်။

"ဒုတိယမင်းသားဆီက သတင်းတစ်ခုခု ရှိလား။"

"အခုထိ မရှိသေးပါဘူး။"

အခြားတစ်ဖက်တွင် စာရွက်စာတမ်းများကို လှန်လှောနေသော နေးလ်က ပြန်ဖြေသည်။

"သူ အလုပ်ရှုပ်နေပါတယ်။ကျွန်တော် ကြားမိသလောက်တော့ မြောက်ပိုင်းမှာ ဘီလူးတွေက ရေတွက်ဖို့တောင် ပမာဏများလွန်းနေပါတယ်တဲ့ ခင်ဗျ။"

"သူ အခုထိ မသေသေးဘူးပေါ့။"

"မဖြစ်နိုင်တာပဲ ခင်ဗျာ။"

နေးလ်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။မှန်ပေသည်။ဆိုဗက်စ်စတာသည် မေးဖို့ မလိုအပ်သည့် တစ်စုံတစ်ခုကို မေးမိသည်ဟု တွေးမိသွားသဖြင့် အလားတူ ရယ်မောလိုက်သည်။

"မင်း သတင်းတစ်ခုခု ရရင် ငါ့ကို ပြော။"

"ကျွန်တော် နားလည်ပါပြီ။"

ဆိုဗက်စ်စတာသည် ခေါင်းငြိမ့်နေသော နေးလ်ကို ကြည့်လိုက်ရင်း သူ တစ်ချိန်လုံး ပြောချင်နေသော စကားများကို ပြောလာခဲ့သည်။

"ဒါကို တွေးမိမှ အိုဖီလီယာလဲ သုတေသနခန်းထဲကို ဆင်းမသွားတာ အတော်ကြာနေပြီပဲ။"

နေးလ်သည် ဆိုဗက်စ်စတာကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်၏။

"အခု သူမက မှော်နက် အသုံးပြုရတာကို ငြီးငွေ့သွားပြီလို့ ကျွန်တော် ထင်တယ်။"

"ဒါသာ အမှန်ဆိုရင် ဘာကြောင့်ဖြစ်မလဲ။"

ဆိုဗက်စ်စတာ လက်ပိုက်လိုက်ရင်း အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်သည်။

"ဒါဆို သခင်ကရော ဘယ်လို ထင်ပါသလဲ။"

"ငါလဲ မသိလို့ မေးနေတာလေ။"

"သခင် မသိတဲ့ကိစ္စကို ကျွန်တော်ကရော ဘယ်လို သိနိုင်ပါ့မလဲ။ဒီလိုမျိုး အသေးအဖွဲကိစ္စတွေကို သခင့်မှာ စဥ်းစားဖို့ အချိန် ရှိနေရင် အလုပ်သာ လုပ်ပါ ခင်ဗျာ။"

"မဟုတ်ဘူး၊အလုပ်က အရေးမကြီးဘူး။"

ဆိုဗက်စ်စတာက လက်ညှိုးတစ်ချောင်းထောင်၍ ဝှေ့ယမ်းလိုက်သည်။

"မင်းက သတိလက်လွတ် ဖြစ်နေတဲ့အချိန်မှာ သူမက တားမြစ်ထားတဲ့ မှော်နက်ကို ထပ်ပြီး အသုံးပြုဖို့ အခွင့်အရေးရသွားမယ် ဆိုရင်ရော။ဒီတစ်ကြိမ်ဆို တားမြစ်ဖို့ ပိုခက်လာလိမ့်မယ်။"

အရင်က အိုဖီလီယာသည် မြို့စားမင်းကြီး၏ဝိညာဥ် ဆင့်ခေါ်ရန် ပြုလုပ်ခဲ့သည့် ကိစ္စကို သူက ရည်ညွှန်းနေခြင်း ဖြစ်သည်။ထိုအခါ နေးလ်က ခေါင်းမော့လာပြီး

"ဒါဆို အဲ့ဒါကို သခင်က အခွင့်အရေးယူပြီး သူမကို ကန်ထုတ်ပစ်လိုက်လေ။"

"အခုထိ ငါက မကွာရှင်းရသေးတာတောင်မှလား။"

"ဒါဆိုလည်း သူမကို တားလိုက်ပေါ့။"

"ဒါပေမဲ့ သူမက ဆင့်ခေါ်တာကို ငါမသိတဲ့နေရာမှာ လုပ်ခဲ့တယ်ဆိုရင်၊ဒါကို ဘယ်လိုလုပ်ပြီး တားမြစ်နိုင်မှာလဲ။"

"သခင်က ဘာကို ပြောဖို့ ကြိုးစားနေတာပါလဲ။"

နောက်ဆုံးတွင် သူကြားချင်သည့် စကားများကို ကြားလိုက်ရသည့်နှယ် ဆိုဗက်စ်စတာ၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

"သူမကို စောင့်ကြည့်ဖို့ လူတွေကို တာဝန်ပေးရမှာပဲ။"

နေးလ်သည် မျက်တောင်ခတ်လိုက်မိ၏။

'ဒီလို အဓိပ္ပါယ်မရှိတာတွေက ဘာတွေလဲ' ဟူသည့် အမူအရာတစ်ခုက သူထံတွင် ရှိနေ၏။

"သခင် လုပ်ချင်တာကိုသာ လုပ်ပါ။သခင်လုပ်သမျှကို ကျွန်တော်က ထောက်ခံမှာ မဟုတ်ဘူးဆိုတာ သခင်သိနေရင် စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ကျွန်တော်ကို ဘာကြောင့် ပြောပြနေရတာလဲ။"

"အမှန်ပဲ"

ဆိုဗက်စ်စတာ ပခုံးကို တွန့်လိုက်သည်။

"ဒါဆို ဒီကိစ္စကို ဆောင်ရွက်ဖို့ သင့်တော်တဲ့လူကို ရှာလိုက်။ပြီးတော့ ငါ မင်းကို အိုဖီလီယာရဲ့နောက်ကြောင်း စုံစမ်းခိုင်းဖို့ လိုတယ်။သူမက ရုတ်တရက်ကြီး အခြားလူတစ်ယောက်လို ပြောင်းလဲသွားတာ သံသယဝင်စရာပဲ။ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ စုံစမ်းဖို့ ငါ မင်းကို တာဝန်ပေးချင်တယ်။မင်းပြောဖူးသလို လူတစ်ယောက်က မိုးကြိုးပစ်ခံလိုက်ရတာမျိုး မရှိဘဲ အများကြီး ပြောင်းလဲသွားရတာက အကြောင်းရင်း တစ်ခုခုတော့ ရှိမှာပဲ။အိုး၊မဟုတ်မှ လွဲရော သူမက မိုးကြိုးပစ်ခံလိုက်ရသေးတာလား။သိပ်မကြာခင်က မိုးအသည်းအသန် ရွာခဲ့သေးတယ်လေ၊ဟုတ်တယ်မလား။"

"သခင်"

နေးလ်သည် တက်ကြွစွာဖြင့် စကားအဆက်မပြတ် ပြောနေသော ဆိုဗက်စ်စတာကို အထင်အမြင်သေးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"အကယ်၍ သခင် အလုပ်လုပ်ချင်စိတ် မရှိဘူးဆိုရင် ထွက်သွားပေးပါ ခင်ဗျာ။"

"..."

"စိတ်အနှောင့်အယှက် ဖြစ်နေစရာမလိုပါဘူး ခင်ဗျာ။"

"..."

ဆိုဗက်စ်စတာသည် အလျင်အမြန် ထရပ်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

"တကယ်ကို သဘောဆိုးတဲ့ လက်ထောက်ပဲ။"

သူ ညည်းညူလိုက်လေသည်။

*

မနက်ထဲက ကျွန်မ အလုပ်များနေခဲ့သည်။

ပထမဆုံး ကျွန်မသည် ရုပ်ဖျက်ရန် သာမန်အဝတ်အစားများကို ဝတ်၊ကျွန်မ၏ ငွေဖြူရောင်ဆံပင်ကို ပိုနီတေးစည်းပြီး မျက်နှာကို ဦးထုပ်တစ်လုံးနှင့် ဖုံးကွယ်ထားလိုက်သည်။အကျယ်ချုပ် ပြစ်ဒဏ်ပြီးဆုံးသွားကတည်းက ကျွန်မ၏ မျက်နှာကို ဖုံးကွယ်ထားစရာ မလိုတော့သော်လည်း ကျွန်မ အိုင်ရင်းကို ဦးထုပ်ယူလာခိုင်းလိုက်သည်။ထိုသို့ဖြင့်သာ ကျွန်မ လွယ်လွယ်ကူကူ သွားလာနိုင်မည် ဖြစ်သည်။

"ဒါက လုံလောက်ပါရဲ့လား။"

အိုင်ရင်းသည် ကျွန်မ၏အဖြေကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေခဲ့သည်။မှန်ထဲ၌ ကျွန်မသည် ဦးထုပ်ငိုက်ငိုက် ဆောင်းထားသည်မှ လွဲ၍ သာမန်လူနှင့် မခြားမနားပင်။သူမက အလုပ်ကို ကောင်းစွာ လုပ်ခဲ့၏။

"အင်း၊ငါ အရမ်းသဘောကျတယ်။"

ကျွန်မ အိုင်ရင်း၏ ပခုံးကို ပုတ်လိုက်သည်။

"ကျေးဇူးပါ။ဒါနဲ့ မဒမ် ဒီနေ့ ဘယ်နေရာကို သွားမှာပါလဲ။"

"မြို့ထဲကို၊ငါ တစ်ခုခု သွားဝယ်ရမယ်။"

"ရှင်!"

အိုင်ရင်း၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

"မဒမ်က မြို့ထဲသွားရတာကို မုန်းတယ် မဟုတ်လား။မဒမ်က သူတို့ကို ခေါ်တဲ့အခါ လူတွေ အပြေးအလွှားရောက်လာကြတာက သိပ်ပြီး သက်တောင့်သက်သာ မရှိဘူးလေ။ဒါပေမဲ့ မဒမ် ခေါ်တာကို မလာတဲ့ သူတွေကိုလည်း ရိုက်နှက်ပြီး ရဲတိုက် အပြင်ဖက် ကန်ထုတ်ပစ်သေးတာ မဟုတ်လား။"

ကျွန်မသည် အိုဖီလီယာ၏ မကောင်းသော လုပ်ရပ်များကို နားထောင်နေရတာ အလွန် ငြီးငွေ့နေပြီ ဖြစ်ပါ၏။သူတို့က ကျွန်မကို ထပ်ပြီး အံ့ဩမနေတော့ပေ။'အဲ့ဒီ'အိုဖီလီယာသည် အရာရာတိုင်းကို လုပ်နိုင်စွမ်းရှိကြောင်း ကျွန်မ သိပါသည်။ကံကောင်းထောက်မစွာဖြင့် အိုဖီလီယာသည် အရူးတစ်ယောက်လို ပြုမူတတ်လေရာ ကျွန်မအတွက် လှည့်ပတ်သွားလာဖို့ ပို၍ လွယ်ကူသွားသည်။ကံဆိုးသော ကိစ္စမှာတော့ ထိုသို့ အရှုပ်အထွေးများ၏ အလယ်တွင် ကျွန်မက သူမ၏ ခန္ဓာကိုယ်ထဲ ရောက်လာခဲ့ခြင်းသာ ဖြစ်ပါ၏။

ကျွန်မ အိုင်ရင်းကို ကြည့်လိုက်လျှင် သူမက ကျွန်မကို သံသယဖြစ်နေသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်သည်။ထိုမျက်လုံးတစ်စုံသည် ကျွန်မ အပြင်သွားပြီး နောက်ထပ် မတော်တဆတစ်ခု ထပ်ဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။ကျွန်မ ထိုသို့ ထပ်မဖြစ်တော့ဘူးဟူသည့် အချက်ကို ပြသရန် အချိန်ကျလာပြီ ဖြစ်သည်။

"အဲ့ဒီနေရာက ငါ့ဘာသာ သွားဖို့လိုတဲ့ နေရာပဲ။"

ကျွန်မ အမြန် ဆက်ပြောလိုက်သည်။

"နင်က ငါနဲ့ ဘာဖြစ်လို့ မလိုက်ခဲ့ရတာလဲ။"

"ဟု ...ဟုတ်ကဲ့"

"အတူတူ သွားရအောင်၊ငါ့မှာ ဝယ်စရာတွေ အများကြီးပဲ၊ ဒါကြောင့် နင့်ကို ဝိုင်းသယ်ခိုင်းရမယ်။"

"အာ ၊ဒါက ..."

အိုင်ရင်း၏ မျက်လုံးများမှာ တောင်ကြည့် မြောက်ကြည့် ဖြစ်နေခဲ့သည်။ကျွန်မ မည်သို့ပင် သဘောကောင်းလာသည် ဖြစ်စေ၊အပြင်အတူထွက်ရခြင်းသည် သူမ၏ စိတ်ထဲ၌ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေဆဲပင်။သို့သော် ကျွန်မတွင် နောက်ဆုတ်မည့် စိတ်ကူးမရှိပါ။ဤသို့ အပြင်ထွက်လည်ခြင်းက ကျွန်မအပေါ် သူတို့၏ အထင်အမြင်များ ပြောင်းလဲသွားအောင် လုပ်ပေးမည်လားဟု ကျွန်မ သိချင်နေသည်။

"ဘာကြောင့်လဲ။နင်က ငါနဲ့အတူ အပြင်မသွားချင်လို့လား။"

"ဟုတ်ပါတယ်။ မ...မဟုတ်ပါဘူး။အဲ့လိုဖြစ်စရာ အကြောင်းမရှိပါဘူး။"

အိုင်ရင်းသည် အလွန်ရိုးသားသောသူ ဖြစ်ပါ၏။

"ဒါဆို အဆင်သင့် ပြင်ပြီး ထွက်လာချေ။ငါ့မှာ အချိန်သိပ်မရှိဘူး။"

အိုင်ရင်းက သွားပြင်ဆင်မည်ဟု ပြော၍ ချက်ချင်း ထွက်သွားသည်။ထို့နောက် ကျွန်မ လူသူမရှိသော အခန်းထဲသို့ လှည့်ကြည့်ပြီးနောက် စာရေးစားပွဲတွင် ထိုင်ချလိုက်သည်။

[သို့ : ကယ်လီယန်]

အကြောင်းအရာက ဤသို့ ဖြစ်၏။

[ကျွန်မ ကောင်းတဲ့ တစ်စုံတစ်ခု ယူလာခဲ့မယ်။]

သူ့ကို သွေးဆောင်ဖြားယောင်းနိုင်မည့် တစ်စုံတစ်ခု ဖြစ်သည်။

ထိုသို့ လုပ်နိုင်ရန် အကောင်းဆုံးကိစ္စမှာ မြို့စားမင်းကြီးကတော်ထံမှ ဧကရီဟောင်း၏ စာကိုယူရန် ဖြစ်သည့်တိုင် သင်က မည်သူပင် ဖြစ်ပါစေ၊ မြို့စားမင်းကြီးကတော် ထံသို့ ဖိတ်ကြားချက်မရှိဘဲ သွားလည်ဖို့မှာ ခက်ခဲလှသည်။ထို့ကြောင့် ကျွန်မက သူ သဘောကျလောက်မည့် တစ်စုံတစ်ခုကို ပြင်ဆင်ပေးဖို့သာ ဆုံးဖြတ်လိုက်ရသည်။

အဲ့ဒီအရာမှာ ...


TK Team
++++++++