Chapter 1
Viewers 689

Chapter 1


Synopsis

ဇာတ်လမ်းအကျဉ်းချုပ် : ငါ့ကမ္ဘာကြီးတော့ ပျက်ပါပြီ !!! 

မဲ့တုန် တစ်ယောက် သူ တိတ်တခိုး ချစ်နေရတဲ့သူအကြောင်း အပြည့်ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ကို သူ ချစ်နေရတဲ့သူက ကောက်ယူသွားခဲ့သည်။ 

အဲ့ဒီတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ... 

တော်တော်လေးကို သိသာနေပြီလေ 

********

ငါ တိတ်တခိုး ချစ်နေရတဲ့သူက ငါ့ရဲ့ဒိုင်ယာရီကို ကောက်ယူသွားခဲ့တယ် 

အပိုင်း (၁) 

ယခုသည် နန်ကျင်းတက္ကသိုလ်တွင် သက်ဝင်လှုပ်ရှားလှသော ပညာသင်နှစ် အသစ်ကို ပြန်လည် ဖွင့်လှစ်လိုက်သည့် အချိန် ဖြစ်သည်။ 

ဒုတိယနှစ် ကျောင်းသားဖြစ်သူ မဲ့တုန်ကတော့ ကျောင်းပြန်တက်ရတဲ့ စိတ်လှုပ်ရှားမှုနှင့် အဆက်ပြတ်နေမှန်း သူ့ကိုယ်သူ သိလိုက်မိသည်။ သူသည် မည်သည့် ကျောင်းတွင်း ကလပ်များတွင် ပါဝင်ခြင်း မရှိသလို ကျောင်းသားသမဂ္ဂဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များတွင်လည်း မပါဝင်ခဲ့ပေ။ 

ကျောင်းတွင်းကလပ်များအတွက် အသင်းဝင် အသစ်များ စုဆောင်းရန် အရေအတွက် ရာနှင့်ချီသော ကျောင်းတွင်းအဖွဲ့အစည်းများက ပိတ်ရက်များတွင် ကြိုးစားနေကြသည်။ တက္ကသိုလ်အားကစားကွင်းမှာ ကလပ်အသင်းများ၏ ယာယီရုံငယ်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော မြူးကြွသည့် စင်မြင့်တစ်ခုသဖွယ် ပြောင်းလဲသွား၏။ ကလပ်အသင်းတိုင်းက ကျောင်းသား၊ကျောင်းသူအသစ်လေးများကို ဆွဲဆောင်ရန် အပြိုင်အဆိုင်အားထုတ်နေကြလေသည်။ 

မဲ့တုန်၏ အခန်းဖော်များထဲက နှစ်ယောက်သည် e-sports ကလပ်နှင့် နက္ခတ္တဗေဒကလပ်တွင် အသီးသီး ခေါင်းဆောင်ပိုင်း ရာထူးများ ရှိကြသည်။ ထို့ပြင် ကျန်အခန်းဖော်တစ်ယောက်၏ ကောင်မလေးသည် တရုတ်ရိုးရာဝတ်စုံ (ဟန်ဖု) ကလပ်၏ ဥက္ကဋ္ဌ ဖြစ်သည်။ ထို သုံးယောက်သည် သူတို့၏ သက်ဆိုင်ရာ တာဝန်များဖြင့် အလုပ်များနေကြပြီး မဲ့တုန်ကို လူမရှိသော အိပ်ဆောင်အခန်းထဲတွင် တစ်ယောက်တည်း ချန်ထားခဲ့ကြလေသည်။ 

ကျောင်းသားအိပ်ဆောင်အတွင်းကပင် အားကစားကွင်းမှ လွင့်ပျံလာသည့် အားမာန်အပြည့်နှင့် လေထုအငွေ့အသက်ကို ခံစားနေရသည်။ 

မဲ့တုန်သည် တစ်ယောက်တည်း နေရတာကို စိတ်မရှိပါချေ။ အထီးကျန်ရတာက အနည်းငယ် ထိုင်းမှိုင်းရုံသာ ဖြစ်သည်။ 

သူ့မှာ ဝါသနာ များများစားစား မရှိ။ စာဖတ်တာ၊အားကစားလုပ်တာ၊ဂိမ်းကစားတာ ဒါမှမဟုတ် လက်မှုပညာပစ္စည်းဖန်တီးတာ စသဖြင့် ဘာကိုမှ သူ မနှစ်သက်ပေ။ တစ်ယောက်တည်း ရှိနေချိန်မှာ သူ ကြိုးကြိုးစားစားနဲ့ အိမ်စာ စလုပ်မည်။ ပြီးရင် သင်ခန်းစာတွေ ပြန်လေ့ကျင့်မည်။ အားလုံးပြီးလျှင် လာမည့် သင်ခန်းစာအသစ်များအတွက် ကြိုတင်လေ့လာထားမည်။ 

မဲ့တုန်က စာလုပ်ရတာကို အရမ်း နှစ်ခြိုက်နေတာတော့ မဟုတ်။ တခြား ဘာလုပ်ရမလဲ ဆိုတာကို မသိတာသာ ဖြစ်လေသည်။ 

အားလုံး ပြီးသွားပြီဆိုရင် အဝေးဆုံး ထောင့်တစ်နေရာမှာ ဖွက်ထားတဲ့ ဒိုင်ယာရီစာအုပ်ကို သူ ဖွင့်မည်။ တရိုတသေဖြင့် စာမျက်နှာအသစ်တစ်ခုကို လှန်မည်၊။ဒိုင်ယာရီရေးရန်အတွက် သီးသန့်အနေနှင့် ဈေးအတော်အတန်ကြီးသော ဖောင်တိန်ဘောပင်ကို မဲ့တုန် ဝယ်ထားသေးသည်။ မင်ဖြည့်ပြီးတာနဲ့ အကြမ်းစာရွက်ပေါ်တွင် ဟိုဟိုဒီဒီ စာလုံးအချို့ ရေးသားကာ ဒိုင်ယာရီပေါ်တွင် ရေးသားမည့် ဖောင်တိန်၏ စုတ်ချက်က ချောမွေ့ပြေပြစ်ခြင်း ရှိ၊ မရှိ သေချာအောင် ရေးကြည့်လိမ့်မည်။ 

ဒါက မဲ့တုန်၏ ဒိုင်ယာရီ ရေးသားပုံ ဖြစ်သည်။ 

၂၀၂၃ ၊ စက်တင်ဘာ ၃၀ 

စနေနေ့ ၊ ကောင်းကင်က ကြည်လင်နေတယ်။ 

ဒီနေ့ ငါ အပြင်မထွက်ခဲ့တာကြောင့် 

သူ့ကို အမှတ်တမဲ့လေးတောင် မတွေ့ခဲ့ရဘူး။ 

သေစမ်း မဲ့တုန်ရာ မင်း သူနဲ့ မမျှော်လင့်ပဲ ကြုံတွေ့ချင်တယ်ဆို မင်းဘက်က ကြိုးစားအားထုတ်ဖို့ လိုတယ်လေကွာ ... အား ! 

ထိုအတွေးကြောင့် သူ တကယ်ကို စိတ်ညစ်သွားရ၏။ဒိုင်ယာရီ တွင် စာ နှစ်ကြောင်း ရေးသားပြီးနောက် မဲ့တုန်သည် ဆက်မရေးနိုင်တော့ဘဲ ဖောင်တိန်ကို ပြင်းပြင်းထန်ထန် ချလိုက်ရ၏။ 

အတွေးနောက်သို့ လိုက်ရင်းဖြင့် မဲ့တုန်သည် ကိုယ်လုံးပေါ်မှန် ရှေ့တွင် ရပ်လိုက်မိပြီး ဒီနေ့မှ သူ ပထမဆုံး ထုတ်ဝတ်ထားသော အဖြူရောင် ရှပ်အင်္ကျီလက်တိုကို ကြည့်လိုက်မိသည်။ ထို့နောက် နောက်ထပ် အသစ်တစ်ထည် လဲဝတ်ဖို့ ဆုံးဖြတ်လိုက်၏။ 

ဆံပင်စတိုင်ကလည်း အဆင်ပြေပြီ။ မနေ့ညကမှ ခေါင်းလျှော်ထားတာ ၊ ဘောင်းဘီကလည်း အိုကေ၊ မနက်ကမှ အသစ်စက်စက် ထုတ်ဝတ်ထားတာ ၊ဖိနပ်တွေက .... နည်းနည်းတော့ ညစ်ပတ်နေသလိုပဲ ... 

ဘရပ်ရှ်ဖြင့် တိုက်ထားသော်လည်း တစ်ခါမျှ မစီးဖူးသေးသော ရှူးဖိနပ် အသစ်စက်စက်ကို မဲ့တုန် အလောတကြီး ထုတ်စီးပြီးမှ စိတ်ကျေနပ်သွားတော့သည်။ 

အပြင်မထွက်ခင် သူရဲ့ အဖိုးတန် ဒိုင်ယာရီကို မဲ့တုန် သိမ်းဆည်းလိုက်ဖို့လဲ မမေ့ပေ။ စာနှစ်ကြောင်းသာ ရေးရသေးသဖြင့် ကျန်တာကို စာကြည့်တိုက်ကို သွားပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ အဆုံးသတ် ရေးရန် စီစဉ်လိုက်တော့သည်။ 

မဲ့တုန်ကို ကျောင်းတွင် အရေးပါအရာရောက်ခြင်း မရှိသော ကျောင်းသားဟု ယူဆနိုင်ပေသည်။ ဘောင်မဝင်သော ကျောင်းသားတစ်ယောက် ဖြစ်သည့်အပြင် သူ့ အခန်းဖော် သုံးယောက်ကလွဲ၍ တက္ကသိုလ် ပထမနှစ် တစ်နှစ်လုံး ထိတွေ့ဆက်ဆံခဲ့ရသော အတန်းဖော်များကို လမ်းမှာ တွေ့ရင် မဲ့တုန် မမှတ်မိပေ။ မဲ့တုန်က သူ့မှာ လူတွေရဲ့ မျက်နှာကို မမှတ်မိနိုင်တဲ့ ရောဂါရှိနေပြီလို့ သံသယရှိနေခဲ့ပေမဲ့ ထိုကိစ္စသည် ဆေးရုံသွားပြရလောက်တဲ့အထိ အဓိကကျသော အကြောင်းရင်း ဟုတ်မနေခဲ့ပါ။ ဒါကြောင့် မဲ့တုန်သည် သူ့မှာ တကယ်ပဲ မျက်နှာတွေကို မမှတ်မိနိုင်တဲ့ ရောဂါ ရှိနေရဲ့လားဆိုတာ အတည်မပြုနိုင်ပဲ ရှိလေသည်။ 

အခြားသော ကောလိပ်ကျောင်းသားများက ကျောင်းသားသမဂ္ဂ နှင့် ကျောင်းတွင်း ကလပ်အဖွဲ့အစည်းများတွင် ပါဝင်နေကြသည်။အဆိုပြိုင်ပွဲ၊လူရွေးပွဲများ ကျင်းပခြင်း၊အင်္ဂလိပ်စာ ကဏ္ဍနှင့် တက္ကသိုလ် e-sports ပြိုင်ပွဲများ ကဲ့သို့ လှုပ်ရှားမှု အစီအစဥ်များသည် ကျောင်းသားတိုင်းကို အထက်တန်းကျောင်းသားဘဝမှ အဆင့်အတန်း ပိုမြင့်တက်လာသည်ဟု ထူးထူးကဲကဲ ခံစားရစေသည်။ မဲ့တုန်ကတော့ ဘယ်နေရာမှာမှ ပါဝင်လှုပ်ရှားခြင်း မရှိ။ 

သူသည် ရိုးရှင်းစွာပဲ အားလုံးရဲ့ ဘေးကိုသာ ထွက်နေချင်တဲ့သူ တစ်ယောက် ဖြစ်ပါသည်။ 

သူနဲ့ သက်ဆိုင်တဲ့ တစ်ခုသော အကြောင်းအရာကတော့ သူက တကယ်ကို တာဝန်ကျေပွန်ပြီး အနည်းငယ် ပျင်းစရာကောင်းသော ကျောင်းသားလေး ဖြစ်နေတာ ပြီးတော့ ... 

မဲ့တုန်၏ ဖုန်းမှ ရုတ်တရတ် အသံတစ်သံ ထွက်လာသည်။ 

WeChat group တွင် သူ့အခန်းဖော် တုချွမ်က စာတစ်စောင် ပို့ထားသည်။ 

"သေစမ်း ... ဒီနေ့အတွက် ငါက အဓိကဇာတ်လိုက် ဖြစ်လာမယ်လို့ ထင်ထားခဲ့တာ ၊ မထင်မှတ်ပဲ အရံဇာတ်ကောင် ဖြစ်သွားတယ်၊ ဘာပြောရမလဲ မသိတော့ဘူးကွာ၊ငါ့မှာ ယန်ရှုမင်လို မျက်နှာ မရှိတာပဲ ကိုယ့်ဘာသာ အပြစ်တင်နေရတော့မှာလား?" 

မကြာမီ အခြား အခန်းဖော်က စာပြန်သည်။ 

"ဟန်ဖုကလပ်က ရုံထဲမှာ ကောင်မလေးတွေ အများကြီး မင်းကို ဝန်းရံနေတာ ငါ တွေ့ခဲ့ရပါတယ်၊ အံဩစရာကြီး" 

"လောင်တုရာ ၊ ဟား ဟား ဟား ၊ မင်းကိုယ်မင်း အဲ့ဒီအကြောင်း မတွေးမိဘူးပေါ့ ၊ မင်းမျက်နှာက ကလပ်အသင်းရဲ့ မျက်နှာစာအဖြစ် ဝန်ဆောင်မှုပေးနိုင်လို့လား?" 

အမှန်တော့ မဲ့တုန်၏ အခန်းဖော် တုချွမ်သည် အတော်ကို ကြည့်ကောင်းသူတစ်ယောက် ဖြစ်သည်။ သို့သော် အခြားအခန်းဖော်များနှင့် ဟန်ဖုကလပ်၏ ဥက္ကဋ္ဌဖြစ်သူ၊ တုချွမ်၏ ချစ်သူကောင်မလေးကတော့ တုချွမ်ကို နွားချေးပုံထဲက ပန်းပွင့်လေးဆိုပြီး မကြာခဏ စနောက်ကြသည်။မဲ့တုန်ကတော့ ထိုကဲ့သို့ ဘယ်တော့မှ မှတ်ချက်မပေးတတ်။ သူသည် အခန်းဖော်များကို မယဥ်ကျေးသော ဟာသများဖြင့် စနောက်တတ်သူမျိုး မဟုတ်ပေ။ 

Group chat တွင် မဲ့တုန်က စကားဝင်မပြောသော်လည်း ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိပြီး သူ့ကိုယ်သူ ခေါင်းအစ ခြေအဆုံး နောက်ထပ်တစ်ခါ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။အသက်ဝဝ ရှူပြီးနောက် ရုတ်တရတ် အားကစားကွင်းရှိရာသို့ ဦးတည်လိုက်သည်။ 

သူ မျှော်မှန်းထားသည့်အတိုင်း အားကစားကွင်းထဲတွင် အလွန်သက်ဝင်စည်ကားလှပါသည်။ 

ယာယီရုံငယ်လေးများရှေ့တွင် လူအများစုဝေးနေကြသည်။ ပုံမှန် အထက်တန်းကျောင်းများထက် ပို၍ စုံလင်များပြားသော ကလပ်များရှိသဖြင့် ဂျူနီယာလေးများ၏ စိတ်ဝင်စားမှုများကို ပိုမိုဖမ်းစားနိုင်သည်။ ရလဒ်အနေဖြင့် ကျောင်းသားကျောင်းသူ အသစ်များသည် တက္ကသိုလ် ကျောင်းသားဘဝ၏ စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်များကို သိချင်စိတ်ပြင်းပြစွာဖြင့် ကလပ် ၂ခု၊ ၃ခု ဝင်ရောက်ရန် ဆုံးဖြတ်ကြသည်။

ယာယီရုံငယ်အားလုံးအနက် တစ်ခုတွင် ထူးထူးကဲကဲ ကြီးမားသော လူအုပ်ကြီး ရှိနေ၏။ 

မဲ့တုန်သည် လက်ထဲတွင် သင်ခန်းစာစာအုပ် ၃အုပ်နှင့် မှတ်စုစာအုပ် ၂အုပ်ကို ပွေ့ပိုက်ထားသည်။ စာအုပ်များမှ သိပ်မထူသဖြင့် ကျောပိုးအိတ်ထဲ မထည့်ပဲ လက်က ကိုင်လျက် စာကြည့်တိုက်သို့ သွားရန် ဆုံးဖြတ်ထားသည်။ သို့သော် မဲ့တုန် ခြေလှမ်းလိုက်သောအခါ စာကြည့်တိုက် မဟုတ်ပဲ အားကစားကွင်းထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။စာအုပ်များကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ပြီး လူအုပ်ကြားထဲ တိုးရန် မဲ့တုန် အားစိုက်လိုက်သည်။ 

မဲ့တုန်သည် အရပ် 1.74 m နှင့် ပျမ်းမျှအရပ်အမြင့်ခန့်သာ ဖြစ်သည်။ ယောကျ်ားလေးများကြားတွင် သိသိသာသာ အရပ်မြင့်သည့်ထဲ မပါ။ 

ကံကောင်းထောက်မစွာဖြင့် အလုံအလောက် ကြိုးစားပြီးနောက် မဲ့တုန် လူအုပ်ကြားထဲ တိုးဝင်နိုင်သွားခဲ့သည်။ 

မဲ့တုန်၏ ဝမ်းဗိုက်သည် ဟန်ဖုကလပ်ရှေ့ရှိ ခုံ၏အစွန်းနှင့် ဖိမိနေသည်အထိ ဖြစ်နေသော်လည်း သူ မရှောင်တိမ်းနိုင်ခဲ့ပေ။ သူ့နောက်မှ လူများက တအား တိုးကြိတ်နေကြသည်။ 

ထိုသို့ အနည်းငယ်မသက်မသာ ဖြစ်မှုက မဲ့တုန်ကို စိတ်ပျက်သွားအောင် မလုပ်နိုင်ခဲ့ပါ။ မဲ့တုန်၏ အကြည့်များသည် တရုတ်ရိုးရာဝတ်စုံအင်္ကျီကို ဝတ်ထားသောသူ ထံ၌ ငြိတွယ်သွားတော့သည်။ 

ဟန်ဖုကလပ်၏ လက်ကမ်းစာစောင်မျာကို ကျောင်းသား ကျောင်းသူ သစ်များဆီသို့ ကမ်းပေးနေသောသူ အနားတွင် လူများ ဝိုင်းအုံလျက်ရှိသည်။ ထိုသူက ထပ်တလဲလဲ ပြောနေသေးသည်။

"မင်းတို့မှာ မေးစရာတွေရှိရင် ခရမ်းရောင်ဝတ်ထားတဲ့ စီနီယာအစ်မကို ရှာကြနော်၊ သူမက ဟန်ဖုကလပ်ရဲ့ ဥက္ကဋ္ဌပဲ" 

ထိုအမျိုးသားသည် အရပ်မြင့်မားပြီး ဒီနေ့အတွက် ရွေးချယ်ဝတ်ထားသော ဝတ်စုံကြောင့် အသွင်အပြင်မှာ အရင်ကထက် နူးညံ့နေသည်။ယခင်က များများစားစား မပြုံးတတ်သောသူသည် ယနေ့တွင် အထူးတလည် စိတ်ပျော်ရွှင်နေပုံရသည်။ထိုသို့ တွေးမိပြီး မဲ့တုန်၏ မျက်လုံးများသည် ထိုသူကို တမ်းတမက်မောစွာ ကြည့်မိတော့သည်။ 

သူ ဝအောင် မကြည့်ရသေးခင် တစ်စုံတစ်ယောက်က မဲ့တုန်၏ နာမည်ကို လှမ်းခေါ်လိုက်သည်။ 

"အိုင်း ! မဲ့တုန်လား ?" 

မဲ့တုန်မှာ ထိုခေါ်သံကြောင် ရုတ်တရတ် ထခုန်မိမတတ်ပင် ။ မဲ့တုန်မှာ ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်နေမိသည်မှာ အခန်းဖော် တုချွမ်ကို ရှာတွေ့သည် အထိဖြစ်သည်။ 

မဲ့တုန်၏ စိတ်၊ မဲ့တုန်၏ အတွေးထဲတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမှုလေးက အပြည့်နေရာယူထားသဖြင့် သူ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာမိသလဲ သတိမထားမိပေမဲ့ တုချွမ်ကတော့ သေချာပေါက် သတိထားမိသွားနိုင်သည်။ 

အနည်းငယ် ကသိကအောက် ဖြစ်ဟန်ဖြင့် မဲ့တုန်သည် တုချွမ်ကို နှုတ်ဆက်လိုက်သည်။ ထက်သန်တက်ကြွနေသော လူအုပ်ကြီး ရှိသည့်နေရာသည် စကားစမြည်ပြောရန် ကောင်းသောနေရာဟု မဲ့တုန် မထင်ပါ။ဒါ့အပြင် သူ ဒီနေရာ ရောက်နေသည်ကိုလည်း အခန်းဖော်များကို တကယ် မသိစေချင်ပါ။ 

မဲ့တုန် ရှေ့နောက် မစဥ်းစားပဲ အလောတကြီးဖြင့် ပြောလိုက်သည်။ 

"အာ ... ဘာမှမဟုတ်ပါဘူး ဒီနားက ဖြတ်သွားရုံပါပဲ ၊ငါ အခုသွားပြီနော်" 

ထို့နောက် မဲ့တုန်မှာ ရှက်ကိုးရှက်ကန်းဖြင့် လူအုပ်ကြားမှ အတင်းကာရော တိုးထွက်မိတော့သည်။ 

ဖိသိပ်ကြပ်ညှပ်နေသည့် အခြေအနေကြားတွင် မဲ့တုန်၏ စာအုပ်များမှာ မြေပြင်ပေါ် ပြုတ်ကျကုန်သည်။သတိမမူမိသော ကျောင်းသားသစ်များက အလျင်အမြန် ဖြတ်သန်းသွားကြပြီး တစ်ယောက်ဆို သင်ခန်းစာစာအုပ်ပေါ်ကိုပင် တက်နင်းသွားသည်။ 

မဲ့တုန်သည် ရွေးချယ်စရာ မရှိဘဲ အလျင်စလိုဖြင့် မြေပြင်ပေါ် ပြန့်ကြဲနေသော စာအုပ်များကို ကောက်ယူစုဆောင်းပြီးနောက် သူခိုးတစ်ယောက်ကဲ့သို့ ထိုနေရာမှ ထွက်ပြေးသွားတော့သည်။ 

အားကစားကွင်း အပြင်သို့ မရောက်မချင်း မဲ့တုန်မှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်း မချရဲပေ။ 

သူ့လက်ထဲက စာအုပ်များကို စစ်ဆေးပြီးနောက် သင်ခန်းစာစာအုပ်များသည် ဆိုးဆိုးရွားရွား မဖြစ်သွားခဲ့မှန်း သိသွားသည်။ အမှန်တကယ်အရေးကြီးတာက သူ့ ဒိုင်ယာရီ စာအုပ်ဖြစ်သည်။ ဒိုင်ယာရီစာအုပ်လေး သူ့အပေါ် တစ်ယောက်ယောက်တက်နင်းသွားတဲ့ ကံကြမ္မာ မကြုံရပါစေနဲ့လို့ မဲ့တုန် မျှော်လင့်နေမိသည်။ 

ထိုသို့ စဥ်းစားနေစဥ်အတွင်း မဲ့တုန် စာအုပ်များကို စုစည်းရန် ခေါင်းငုံ့လိုက်သည်။ 

တစ်အုပ် ၊နှစ်အုပ် ၊သုံးအုပ်၊ လေးအုပ် ... ဒိုင်ယာရီရော ...? 

မဲ့တုန်၏ နှလုံးသားလေး နစ်မြုပ်သွားရပြီး အလောတကြီး ထပ်ရှာကြည့်တော့သည်။ ရေတွက်တာ မမှားပဲ တကယ်ကြီး ပျောက်နေတာဖြစ်သည်။ ကံမကောင်းလှစွာနဲ့ သူ့အတွက် အရေးအကြီးဆုံး ... ဒိုင်ယာရီစာအုပ် !!! 

မဲ့တုန်ရဲ့ ကမ္ဘာကြီး ပျက်စီးတော့မဲ့ ပုံပဲ ! 

မဲ့တုန်သည် အလွန် ထိတ်လန့်သွားကာ အာမေဋိတ်တစ်ခု ထွက်သွားပြီးနောက် ငိုညည်းသံနှင့်တူသော သနားစဖွယ် အသံလေးကို ပြု၍ နောက်ပြန်လှည့်ကာ အားကစားကွင်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။ 

လာရာလမ်းတလျှောက်မှာလဲ ဒိုင်ယာရီရဲ့ အစအနလေးတောင် မတွေ့ရဘူး ၊ ဟန်ဖုကလပ်မှာကျန်နေခဲ့တာ သေချာတယ် .... 

မဲ့တုန်သည် လူအုပ်ကြီး၏ ဘေးတွင် ရပ်နေမိပြီး အသည်းအသန် အော်ပြောဖို့ ကြိုးစားတော့သည်။ 

"ကျေးဇူးပြုပြီး လမ်းလေး နည်းနည်းလောက် ဖယ်ပေးလို့ ရမလား၊ ကျွန်တော့် ပစ္စည်းလေး ဒီနားမှာ ကျပျောက်သွားလို့ပါ " 

သို့သော် သူ့ကို ဘယ်သူမှ အာရုံစိုက်မနေပါ။သူ့အသံက လုံလောက်အောင် ကျယ်လောင်မနေတာကြောင့် ဖြစ်နိုင်ပါသည်။ 

ဆုံးရှုံးသွားသော ခံစားချက်ကြောင့် မဲ့တုန်သည် စိတ်ပျက်အားလျော့စွာဖြင့် ငုတ်တုတ်ထိုင်ချလိုက်မိပြီး သူ့ဒိုင်ယာရီစာအုပ်လေး သူများတွေ ခြေထောက်အောက်မှာ ရှိလိုရှိငြားဖြင့် မြေပြင်ပေါ်သို့ ဟိုဒီ ရှာကြည့်နေမိတော့သည်။ 

ဒိုင်ယာရီ ပျောက်သွားသဖြင့် မဲ့တုန်၏ ပထမဆုံး တုံ့ပြန်ပုံ - စိတ်သက်သာရာရသွားခြင်း ။ ဒိုင်ယာရီတစ်အုပ်လုံးတွင် သူ ခိုးချစ်နေရသူ၏ အကြောင်းများ ပြည့်နှက်နေသော်လည်း ထိုလူ၏ နာမည်ကို သူဘယ်တော့မှ ထည့်မရေးခဲ့ပေ။ 

ဒုတိယ တုံ့ပြန်ပုံ - ဒါ တကယ် ပြီးဆုံးသွားပြီ ... ထိုသူ၏ နာမည်ကို ထည့်မရေးထားပေမဲ့ သူ့ရဲ့အတ္တလေးက ထိုသူရဲ့နာမည်ကို ဒိုင်ယာရီ ဖွင့်ဖွင့်ခြင်း ပထမဆုံးစာမျက်နှာမှာ အပြည့်ရေးထိုးစေခဲ့တယ်လေ။ စာအုပ်အဖုံးကို လှန်လိုက်တာနဲ့ကို အလွယ်လေး မြင်နိုင်သည်။ထိုသို့ နာမည်ရေးထိုးထားခြင်းက ဒီစာအုပ်သည် ထိုသူက မဲ့တုန်ကို လက်ဆောင်အနေနဲ့ ပေးထားသော စာအုပ်ဆိုပြီး စိတ်ကူးယဥ်အိပ်မက်လေး မက်နိုင်ဖို့ ကူညီပေးနိုင်သော အချက် ဖြစ်သည်။ 

တတိယ တုံ့ပြန်ပုံ - အား ... အား... အား....ငါ့ ဒိုင်ယာရီလေး !!! 

ဒီနေ့တော့ မဲ့တုန်အတွက် တကယ်ကို ကံဆိုးလှပါသည်။ 

ထိုသူကို မြင်လိုက်ရသည့် အခိုက်အတန့်လေးမှာ မဲ့တုန်သည် စာကြည့်တိုက်ရောက်ရင် ဘာတွေထပ်ရေးရမလဲဆိုတာ စဥ်းစားနေဆဲဖြစ်ပါသည်။  

ကောင်းပြီ ...ရိုးသားကြိုးစားတဲ့ မဲ့တုန်လေးတစ်ယောက် သူနဲ့ နောက်တစ်ခါ ဆုံတွေ့ရပြန်ပြီ။

သူက လူအုပ်ကြီးရဲ့ အလယ်မှာ ရပ်နေတယ် ။သူ ဝတ်ထားတဲ့ ဝတ်စုံက သူနဲ့အရမ်းကို လိုက်ဖက်နေရော...ပြီးတော့ သူ တစ်နေ့လုံး ပြုံးနေတာ ၊ သူ့အပြုံးတွေကို တွေ့ရတဲ့လူတိုင်းကို ငါ မနာလိုဖြစ်တယ် ။ဒါက ကလေးဆန်ပြီး တစ်ကိုယ်ကောင်းဆန်တာပေါ့ ... ဒါပေမဲ့ ငါက တကယ်ကို ကလေးဆန်တယ် ၊ တစ်ကိုယ်ကောင်းဆန်တယ်လေ ၊ ပြီးတော့ ဒါကိုက မဲ့တုန်ပဲလေ ! 

သို့သော် သူ ဒိုင်ယာရီကျပျောက်သွားခဲ့သည်။ 

မဲ့တုန်တစ်ယောက် ဖြစ်လာနိုင်သော ဖြစ်နိုင်ချေအမျိုးမျိုးကို မရပ်မနား တွေးနေမိတော့သည်။ 

မဲ့တုန် အတွက် အကောင်းဆုံး မျှော်မှန်းထားမိတဲ့ ဖြစ်နိုင်ချေကတော့ ဒိုင်ယာရီစာအုပ်ကို ဘယ်သူကမှ ရှာမတွေ့ခဲ့တာပဲ ဖြစ်သည်။ ဒိုင်ယာရီလေးသည် ဘယ်သူမှ မသိနိုင်သော ထောင့်တစ်နေရာမှာ လဲလျောင်းနေပြီး သက်တမ်းတစ်လျှောက်လုံး လွှင့်ပစ်ခံထားရသော စာရွက်အပိုင်းအစလေးအဖြစ် ရှိနေလိမ့်မည်။ မိုးတွေ ရွာတဲ့အခါ အထဲက မင်တွေ အကုန်လုံး မှေးမှိန် ပျောက်ကွယ်သွားမည်။ 

ဒါပေမဲ့ တစ်ယောက်ယောက်က ရှာတွေ့ခဲ့ရင်ရော ...? 

အဲ့ဒီလူက ရိုင်းစိုင်းတဲ့လူဆိုရင် ဒိုင်ယာရီတစ်အုပ်ကို တွေ့တဲ့အခါ စိတ်အားထက်သန်စွာနဲ့ ဖတ်နေမလား? 

ပြီးရင် ဒီတက္ကသိုလ်ကြီး ရဲ့ တစ်နေရာမှာ လူတစ်ယောက်က လူတစ်ယောက်ကို အစွဲအလမ်းကြီးစွာနဲ့ တိတ်တခိုးလေး ချစ်နေတယ်ဆိုတာ သူတို့သိသွားလိမ့်မယ်။ အဲ့ဒီအကြောင်းတွေကို သူတို့က တက္ကသိုလ်တွင်း အချစ်ဝန်ခံချက်စာမျက်နှာမှာ post သွားတင်လေမလား? ဒါမှမဟုတ် lost and found ပစ္စည်းပျောက်ရှာဖွေရေး စာမျက်နှာမှာ ဒိုင်ယာရီ ရှာတွေ့ထားပါတယ်ဆိုပြီး post တင်နေမှာလား? စာအုပ်လာပြန်ယူမဲ့ သူကို လှောင်ပြောင်ဖို့ တိတ်တိတ်လေး စောင့်နေကြမှာလား ? 

ယဥ်ကျေးတဲ့တစ်ယောက်ဆိုရင်ရော ... ဒိုင်ယာရီစာအုပ်ကို ဖွင့်ကြည့်ပြီး "ယန်ရှုမင်"ဆိုတဲ့ နာမည်ကို တွေ့ရင် ယန်ရှုမင်ကို သွားဆက်သွယ်ပြီး စီနီယာ ပျောက်သွားတဲ့ပစ္စည်း လာပြန်ပေးတာပါဆိုပြီး သွားပေးနေမလားပဲ ... အိုး ၊ ဘုရားရေ .... 

မဲ့တုန်သည် ထပ်မတွေးရဲတော့ပေ။ 

ဒိုင်ယာရီစာအုပ်ကို ဘယ်သူတွေ့တွေ့ ၊ တွေ့တဲ့လူက အကျင့်မကောင်းတဲ့သူပဲ ဖြစ်ပါစေတော့လို့ မဲ့တုန် အသည်းအသန် ဆုတောင်းနေမိသည်။ ဖတ်ပါ ...ဖတ်ပါ...အကုန် ဖတ်လိုက်ကြပါ ...၊ လူတိုင်း သူ့ကို လှောင်ရယ်ကြပါစေ ၊ ယန်ရှုမင် မဟုတ်ရင်ကို ရပါပြီ။ 

မဲ့တုန်က ယန်ရှုမင်ကို တကယ်ကြီး တိတ်တခိုးချစ်နေရသူ ဖြစ်သည်။ 

ဒီတက္ကသိုလ်မှာ မဲ့တုန်ဆိုတာ ဘယ်နေရာမှ အရေးမပါဘဲ ဘေးထွက်နေတဲ့ လူတစ်ယောက် ဖြစ်သည်။ 

မဲ့တုန် သေချာလုပ်နိုင်တဲ့ အရာကတော့ စာကြိုးစားပြီး တာဝန်ကျေပွန်တဲ့၊ သူများအမြင်မှာ ပျင်းစရာကောင်းတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ဖို့ရယ်၊ ပြီးတော့ ယန်ရှုမင်ကို တိတ်တခိုး ချစ်မြတ်နိုးဖို့ရယ်သာ ဖြစ်ပါသည်။ 

++++++++ 

စာရေးသူ၏ မှတ်စု 
အရှုပ်အထွေးတွေကြားထဲ အချိုလေးတွေ ထည့်ရအောင် !