Chapter 2
မဲ့တုန်သည် ညနေရောက်သည်အထိ ဂနာမငြိမ် ဖြစ်နေ၏။
တုချွမ်မှာ အတော်လေးနောက်ကျမှ အိပ်ဆောင်သို့ ပြန်ရောက်လာခဲ့သည်။
ဟန်ဖုကလပ်အတွက် ကလပ်အသင်းဝင်အသစ်များ စုဆောင်းခြင်းသည် ယခုအကြိမ်တွင် သိသိသာသာ အောင်မြင်မှု ရရှိခဲ့သည်။ ဝန်မခံချင်သော်ငြားလည်း ထိုအောင်မြင်မှုကြောင့် တုချွမ်မှာ ကူညီလုပ်ဆောင်ပေးရန် အနည်းငယ်သာ လိုခဲ့သည်။ယန်ရှုမင်ကဲ့သို့ အထင်ကြီးလောက်စရာ ပံ့ပိုးမှုကို ခေါ်ယူလာခဲ့သော သူ့ချစ်သူကောင်မလေးကို လုံးဝ ကျေးဇူးတင်ရမည်။
တုချွမ်သည် နှလုံးသားထဲက ချဥ်စူးစူး ခံစားချက်လေးကို ခံစားနေရသည်။ သူ့ချစ်သူကောင်မလေးသည် ကလပ်အသင်း ညစာစားပွဲတစ်လျှောက်လုံး၌ ယန်ရှုမင်၏ ချောမောခန့်ညားမှုကို အမွှန်းတင်၍ မဆုံးတော့ပေ။ တုချွမ်မှာ အကောင်းမြင်စိတ်လေးဖြင့် ယဥ်ကျေးသော အမူအရာကို ထိန်းထားရ၏။ ကလပ်အသင်းဥက္ကဋ္ဌသည် ကလပ်အတွက် ကူညီသူအား သဘာဝကျစွာဖြင့် ကျေးဇူးတုံ့ပြန်မှုကို ပြသသင့်မှန်း တုချွမ် ကောင်းစွာ သဘောပေါက်ပါသည်။ သို့သော် နှလုံးသားထဲက ခါးသက်နေမှုလေးကို သူ ဖိနှိပ်ထား၍ မရနိုင်ခဲ့ပါ။ ယောကျ်ားများသည် မသိစိတ်၏ စေ့ဆော်မှုအရ အရည်အချင်းရှိသော လက်ရည်တူ ယောကျ်ားတစ်ယောက်ကိုတွေ့သည့်အခါ ပြိုင်ဖက်များ အဖြစ် မြင်တတ်ကြပြီး ရန်လိုစိတ်များ တိတ်တဆိတ် ပေါက်ဖွားလာတော့သည်။
တုချွမ် အိပ်ဆောင်အခန်းထဲသို့ ဝင်လာချိန်၌ ကုတင်ဘောင်လက်ရန်းပေါ် ထိုင်ရင်း ခိုကိုးရာမဲ့ ပုံစံဖြစ်နေသော မဲ့တုန်ကို သတိထားမိသွားတော့သည်။ သူသည် တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက် ပါးစပ်က ထွက်လုထွက်ခင် ညည်းညူစကားကို ပြန်မြိုချလိုက်ကာ သတိထား၍ မေးလိုက်သည်။
"မဲ့ဇီ ... မင်း ဘာဖြစ်လို့လဲ။"
မဲ့တုန် ပြန်မဖြေရသေးခင် တုချွမ်က တစ်ခုခုကို သတိရသွားဟန်ဖြင့် အရင်ပြောတော့သည်။
"အိုင်း ... ဒါနဲ့ မင်း ဒီနေ့ အားကစားကွင်းထဲ ရောက်လာပြီးမှ ဘာဖြစ်လို့ အဆုံးထိ မနေတာလဲ။ငါက မင်းနဲ့ စကားပြောမလို့ဟာ ၊ မင်းက နောက်ကိုတောင် ပြန်လှည့်မကြည့်ပဲ ထွက်ပြေးသွားတယ်လေ၊ ပြီးတော့ မင်းရဲ့ အဖိုးတန်ဒိုင်ယာရီစာအုပ် ကျပျောက်သွားပြီ မဟုတ်လား။"
မဲ့တုန် ချက်ချင်းပဲ အားအင်တက်ကြွလာ၏။
ထို့နောက် တုချွမ်ကို အလောတကြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အာ ... ဟုတ်တယ် ၊ အဲ့ဒီမှာ လူအရမ်းများနေတော့ ငါလည်း မတော်တဆ ပြုတ်ကျသွားခဲ့တာ "
"မင်း ... မင်း အဲ့ဒါကို ရှာတွေ့ခဲ့လား။"
တုချွမ်သာ စာအုပ်ကို တွေ့ရင် ဒိုင်ယာရီထဲက အကြောင်းအရာတွေကိုလည်း မြင်ပြီးသွားလောက်ပြီဟု ဖြစ်နိုင်ချေတစ်ခုကို တွေးမိသောအခါ မဲ့တုန်၏ စိတ်လှုပ်ရှားနေမှုမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ ဒါကြောင့် နောက်ဆုံးမေးခွန်းကို သတိထား၍ မေးလိုက်ခြင်း ဖြစ်သည်။
တုချွမ်က ပုခုံးတွန့်ကာဖြင့်
" မဟုတ်ဘူး ၊ ယန်ရှုမင် ရှာတွေ့တာ ၊သူက ညစာစားပွဲအထိ ဒိုင်ယာရီကို ယူလာပြီး ငါတို့ထဲက တစ်ယောက်ယောက် ပိုင်တဲ့စာအုပ်လားလို့ မေးနေခဲ့တာ၊ အဲ့ဒါကို ငါက သတိထားမိပြီးတော့ ငါ့အခန်းဖော်ရဲ့ ဒိုင်ယာရီစာအုပ်နဲ့ တူတယ်လို့ သူ့ကို ပြောခဲ့တယ်။"
မဲ့တုန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာလေသည်။
လက်တွေ့ကျကျ စဥ်းစားကြည့်ရင် အဲ့ဒီစာအုပ်က တုချွမ်ရဲ့ အခန်းဖော် ပိုင်ဆိုင်တဲ့အရာ ဆိုတော့ တုချွမ်ဆီကိုပဲ တိုက်ရိုက် ပေးလိုက်သင့်တာ မဟုတ်ဘူးလားလို့ ...။
သို့သော် တုချွမ်က ခေါင်းကို ကုတ်နေရင်း
"ပြီးတော့ ငါက တိတိကျကျ မသိလို့ပါ၊ မင်းက မင်းရဲ့ဒိုင်ယာရီကို အရမ်းတန်ဖိုးထားပြီးတော့ ငါလည်း အကြိမ်များများစားစား မမြင်ဖူးဘူးလေ ၊အဲ့ဒီတော့ ယန်ရှုမင်က ငါ့ကို မပေးလိုက်ဘူး။မင်းရဲ့စာအုပ်ဆိုရင်တော့ ငါ သူ့ကို ပြောထားလိုက်မယ်။မင်း သူ့ဆီက သွားပြန်တောင်းလိုက်လေ။"
မဲ့တုန်၏ ကမ္ဘာကြီးသည် မြောက်မြားလှသော အက်ကြောင်းရာများကြောင့် တဖြည်းဖြည်းနှင့် အစိတ်စိတ် အမွှာမွှာ ပြိုကွဲပွင့်ထွက်သွားခဲ့လေပြီ။
တုချွမ်၏ အကြံပြုချက်အတိုင်း မဲ့တုန်သည် တုန်တုန်ယင်ယင်ဖြင့်ယန်ရှုမင်၏ WeChat ကို add လိုက်သည်။
ဟုတ်ပါသည်။ မဲ့တုန်မှာ ယန်ရှုမင်၏ WeChat မရှိပါ။
အမှန်တကယ်တော့ မဲ့တုန်တွင် ယန်ရှုမင်ကို WeChat တွင် add နိုင်သည့် အခွင့်အရေး များစွာ ရှိပါသည်။
ယန်ရှုမင်သည် နန်ကျင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့်အတွက် အလုပ်ကိစ္စ ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်စေ WeChat တွင် ဆက်သွယ်နိုင်ဖို့ တောင်းခံမှု အများအပြား ရဖူးမည်မှာ သံသယဖြစ်စရာကို မရှိပါ။
ဖြစ်တန်ရာရှိသည်ကတော့ ယန်ရှုမင်သည် လာadd သမျှ လူအားလုံးကို ခရေစေ့တွင်းကျ စစ်ဆေးမနေနိုင်ပဲ ပြီးပြီးရော အကုန် လက်ခံလိုက်ရပုံပင်။
မဲ့တုန်သည်လည်း ထိုလူအုပ်ကြီးထဲတွင် အလွယ်တကူ ရောနှောပါဝင်သွားနိုင်ပြီး ယန်ရှုမင်၏ သူငယ်ချင်းစာရင်းထဲတွင် မသိမသာ ထောင့်တစ်နေရာရှာပြီးနောက် တစ်ဖက်သတ် ချစ်နေရသူ၏ ဘဝထဲသို့ သတိရှိရှိဖြင့် ချဥ်းနင်းဝင်ရောက်လာလို့ ရလေသည်။
ဒါပေမဲ့ သူ မလုပ်ခဲ့ပါ။ မဲ့တုန်က တင်းတိမ်ရောင့်ရဲတတ်သူ ဖြစ်ပါသည်။သူ့အတွက် အလွန်ဆုံး စည်းကျော်မိသော အရာကတော့ ဒိုင်ယာရီရဲ့ ပထမဆုံး စာမျက်နှာမှာ ယန်ရှုမင်၏ နာမည်ကို ရေးပြီး ယန်ရှုမင် လက်ဆောင်ပေးထားသည့် စာအုပ်ပါဟု စိတ်ကူးယဥ်နေဖို့သာ ဖြစ်ပါ၏။
ထိုအရာအပြင် အခွင့်အရေးကြုံကြိုက်သည့် အခါလေးမှာ မရှိမဲ့ ရှိမဲ့ သတ္တိလေးဖြင့် ယန်ရှုမင်၏ ဘေးမှ ဖြတ်ကျော်သွားခဲ့ရသည့် အဖြစ်အပျက်လေး၊ 'ပခုံးခြင်း ပွတ်ကာသီကာ ထိတွေ့မိသွားသည့် ဖြစ်ရပ်လေး' လို့ သူ့ဘက်က တစ်ဖက်သတ် ခေါင်းစဥ်တပ်ထားရသော အဖြစ်အပျက်လေးကသာ မဲ့တုန်အတွက် ကြုံတွေ့နိုင်သမျှ၊ သာယာကြည်နူးနိုင်သမျှ တစ်ခုတည်းသော အရာ ဖြစ်ပါသည်။
အခုတော့ ဖုန်းကို ကိုင်ထားရင်းဖြင့် မဲ့တုန်သည် သူ့နှင့် အလွန်ရင်းနှီး လှပါသော ရုပ်ပုံလေး၊ သူ အလွန်ကျွမ်းဝင်ခဲ့သော နာမည်လေးနှင့် စကားလုံးလေးများ ရှိနေသော စကားပြောခန်းမျက်နှာပြင်သို့ ကြည့်နေမိသည်။
"ကိုယ် တောင်းပန်ပါတယ်"
မဲ့တုန်မှာ မူးနောက်နောက် ခံစားနေရလေပြီ။
WeChat တွင် ယန်ရှုမင်နှင့် သူငယ်ချင်း ဖြစ်မနေခဲ့သော်လည်း ကြိတ်ချစ်နေရသူအပေါ် အရူးအမူးစွဲလမ်းနေခဲ့တာကြောင့် ယန်ရှုမင်၏ WeChat ID ၊ တင်ထားသော ရုပ်ပုံလေးနှင့် နာမည်လေးကို သူ ကောင်းစွာ သိထားပါ၏။ ထိုသို့ သိနေခြင်းက သူ့ကို ယန်ရှုမင်နှင့် တကယ်ကြီး စကားပြောနေရကြောင်း အသိပေးနေပါသည်။
သူ၏ လက်ချောင်းထိပ်လေးများ တုန်ယင်နေသည်။ အချိန်တစ်ခုကြာတဲ့အထိ မဲ့တုန်သည် စာမပြန် နိုင်ခဲ့ပါ။
ထို့နောက် နောက်ထပ် စာတစ်စောင် ထပ်ရောက်လာ၏။
"တောင်းပန်ပါတယ်"
"ဒီစာအုပ်က မင်းပိုင်တာလို့ မင်းရဲ့ အခန်းဖော်ဆီကနေ ကြားခဲ့တယ် [ ပုံ ] "
"စာအုပ်လာယူဖို့ အဆင်ပြေရဲ့လား? ကိုယ်က အရှေ့ဘက်အိပ်ဆောင် နံပါတ် (၂)မှာ နေတာ"
မဲ့တုန် အမြန် စာပြန်လိုက်သည်။
"ဟုတ်ကဲ့ ... မှန်ပါတယ်၊အဲ့ဒါ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်ပါ ၊ ဒုက္ခများစေခဲ့လို့ တကယ်စိတ်မကောင်းပါဘူး၊ ကျွန်တော်ရဲ့ နမော်နမဲ့နိုင်မှုကြောင့်ပါ၊ အခု ချက်ချင်း လာပြန်ယူပါမယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အောက်ထပ်မှာ စောင့်နေပေးလို့ ရမလား၊ ၃မိနစ် ၄မိနစ် အတွင်း အဲ့ဒီကို ရောက်မှာပါ၊ ကျေးဇူးတင်ပါတယ် "
ထိုစာကို ပို့ပြီးနောက် မဲ့တုန်သည် ဖုန်းကို ပစ်ချလိုက်ပြီး ညအိပ်ဝတ်စုံကို လဲ၊ ဖိနပ်များကောက်စွတ်ပြီး မှန်ကြည့်ကာ မျက်နှာကို သန့်၊ မသန့် ကြည့်လိုက်၏။ထို့နောက် လက်ချောင်းများဖြင့် ဆံပင်စတိုင်ကို မသိမသာ ပြုပြင်လိုက်သည်။
အခန်းထဲတွင်တော့ တုချွမ်သည် ယန်ရှုမင်က ဘယ်လိုတောင် ခန့်ညားလှပါကြောင်း၊ ဒီနေ့ သူရမည့် ထင်ပေါ်ကျော်ကြားမှုကို ယန်ရှုမင်က ခိုးယူသွားခဲ့ကြောင်း အသည်းအသန် ပြောပြနေလေသည်။
မဲ့တုန်၏ နှလုံးသားမှာ လည်ပင်းမှ တဆင့် ထွက်ကျမတတ် ခုန်နေသည်။တုချွမ်ဆီမှ ယန်ရှုမင်ဆိုသော နာမည်ကို ကြားရတိုင်း သူ့နှလုံးသားသည် အပြင်ကို ထွက်ကျမတတ် တင်းကြပ်လာလေသည်။
"ငါ ... ဒိုင်ယာရီ သွားပြန်ယူလိုက်ဦးမယ်။"
မဲ့တုန်သည် အခန်းဖော်များကို ပြောခဲ့ပြီးနောက် အိပ်ဆောင်အပြင်သို့ ထွက်လာခဲ့သည်။
ယန်ရှုမင်က သူ့ကို စောင့်နေခဲ့တာကြောင့် မဲ့တုန် မြန်မြန်လေး လျှောက်ခဲ့လေသည်။
၃ - ၄ မိနစ်စာ ခရီးလေး ဖြစ်သော်လည်း တစ်ကီလိုမီတာ လျှောက်ရသကဲ့သို့ ရင်တဒိတ်ဒိတ် တုန်နေတော့သည်။
အရှေ့ဘက်အိပ်ဆောင် နံပါတ် ၂ ရှိရာသို့ ချိုးကွေ့လိုက်စဥ် သစ်ပင်အောက်၌ မတ်တပ်ရပ်နေသော ယန်ရှုမင်ကို မဲ့တုန် တွေ့လိုက်ရသည်။
တစ်နေ့လုံး ဝတ်ထားခဲ့သော ဝတ်စုံကို ယန်ရှုမင် လဲလှယ်ထားခဲ့ပြီးပြီ။
ရှုပ်အင်္ကျီလက်တို အနက်ရောင်နှင့် ဂျင်းဘောင်းဘီ ကဲ့သို့သော ရိုးရိုးစင်းစင်း အတွဲအစပ်သည် ဒီကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော လူများ ဝတ်ကြသော အပြင်အဆင်ဖြစ်၏။ မဲ့တုန် အတွက်ကတော့ ထိုသူများကြားထဲတွင် ယန်ရှုမင် တစ်ယောက်တည်းကသာ ကြည့်အကောင်းဆုံး ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် မဲ့တုန်သည် 'အိမ်ကို လွမ်းဆွတ်ခြင်း' နှင့် ဆင်တူသော ခံစားချက်ကို ခံစား လိုက်ရသည်။ သူသည် ယန်ရှုမင်၏ ဘေးမှ အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားခဲ့ဖူးသော်လည်း ယခုကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဖို့ရာ တစ်ကြိမ်တစ်ခါမှ ဆန္ဒ မဖြစ်ပေါ်ခဲ့ဖူးပေ။ မျက်နှာချင်းဆိုင်တွေ့ပြီးပြီဆိုရင် တစ်ဖက်သတ် ချစ်နေရတာ မကောင်းဘူးလို့ ထင်မြင်သွားနိုင်ချေရှိသည်။ တစ်ဖက်သတ်အချစ်ဆိုတာက 'တစ်နေ့ ကျွန်တော်တို့ အတူရှိသွားကြတယ်' ဆိုပြီး စိတ်ကူးယဥ်အိပ်မက်လေးအပေါ် မူတည်နေတာလေ။ မျက်နှာခြင်းဆိုင်တွေ့ရပြီးရင်တော့ အဲ့ဒီစိတ်ကူးအိပ်မက်လေး ပြိုကွဲသွားတော့သည်။
ယန်ရှုမင်နှင့် ထိုသို့ အလဲအလှယ်လုပ်ရခြင်းသည် နောက်ထပ်တစ်ကြိမ် ထပ်မရှိတော့ဘဲ ဒီတစ်ကြိမ်တည်းသာ ဖြစ်စေဖို့ မဲ့တုန် အထူးတလည် သတိထားနေရတော့သည်။
မဲ့တုန်သည် ခြေလှမ်းအနည်းငယ်လောက် ပြေးသွားခဲ့တာကြောင့် ယန်ရှုမင် ရှေ့၌ ရပ်တန့်လိုက်သောအခါ ဟောဟဲ လိုက်နေတော့သည်။
နှစ်ယောက်လုံး ဘာမှ မပြောရသေးခင်မှာ မဲ့တုန်သည် သူ့ရဲ့ တစ်ဖက်သတ်အချစ်လေး အလိုလို အဆုံးသတ်ရောက်သွားပြီလို့ ခံစားလိုက်ရသည်။ သူ့ပုံစံမှာ အနည်းငယ် ဆိုးရွားနေပြီး ယန်ရှုမင်း၏ မျက်ဝန်းများကို တည့်တည့်ကြည့်ဖို့ရာ အလွန် ဝန်လေးနေဟန်ဖြင့် ခေါင်းကို ငုံ့ထားမိသည်။
မမျှော်လင့်ဘဲ ယန်ရှုမင်က အလွန် ညင်သာစွာဖြင့် စကားစပြောလာခဲ့သည်။
"မင်းနာမည်က မဲ့တုန်နော် ... ဟုတ်ရဲ့လား။"
မဲ့တုန်ကလည်း ညင်ညင်သာသာနဲ့ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ မှန်ပါတယ်၊ ကျွန်တော် စီနီယာ့ကို ဒုက္ခပေးမိပါပြီ၊ ကျွန်တော့်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့်ပါ"
ယန်ရှုမင်က ဆက်ပြောလာသည်။
"အရမ်းကို ထူးခြားတဲ့ နာမည်ပဲနော် ..."
မဲ့တုန်က ရှင်းပြသည်။
"အဲ့ဒါက တကယ်တော့ ဆေးဖက်ဝင်အပင်တစ်မျိုးရဲ့ နာမည်ပါ။ ကျွန်တော့်ကို နာမည်ပေးတဲ့အချိန်တုန်းက ကျွန်တော့်မိဘတွေ အတော်လေး ပျင်းရိနေကြပုံရတယ်။"
[Mai Dong (麦冬) က dwarf lilyturf ဆိုတဲ့အပင်ပါ ]
ထိုအခါ ယန်ရှုမင်က ခပ်တိုးတိုး ရယ်လေသည်။
ဒီနေ့တစ်နေ့လုံး ယန်ရှုမင်၏ အပြုံးလေးများကို မြင်တွေ့ခဲ့ရသူတိုင်းကို မဲ့တုန်က မနာလို ဖြစ်နေခဲ့ပါ၏။ အခုတော့ မဲ့တုန်သည် သူ့ကိုယ်သူ မနည်း ထိန်းသိမ်းထားရပြီး သူ့ကြောင့် ဖြစ်တည်လာသော အပြုံးလေးကိုပင် ကြည့်ဖို့ မဝံ့ရဲခဲ့ပေ။
တစ်ဖက်သတ်ချစ်နေမိသူ၏ အတွေးက တကယ်ကို ရှုပ်ထွေးပြီး နားလည်ရခက်ပါသည်။ မဲ့တုန် ကိုယ်တိုင်တောင်မှ သူ ဘာတွေလုပ်နေမိလဲ နားမလည်နိုင်ခဲ့ပေ။
ယန်ရှုမင်က ဒိုင်ယာရီစာအုပ်ကို ကမ်းပေးလိုက်သည်။
ထိုစာအုပ်ကို မဲ့တုန်သည် စာရေးကိရိယာစတိုးမှ အသေအချာ ရွေးချယ်ပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ဒီစာအုပ် ဝယ်တဲ့အချိန်မှ မှတ်စုစာအုပ်တွေ ဘယ်လောက်ဈေးကြီးမှန်း သိရသဖြင့် မဲ့တုန် အံ့ဩသွားတော့သည်။
မဲ့တုန်သည် အရင်ထဲက ဒိုင်ယာရီ ရေးတတ်သော အကျင့်ရှိသည်။ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတက်နေစဥ်က ကျောင်းစာရေးကိရိယာဆိုင်မှ မှတ်စုစာအုပ်များ ဝယ်နေကြဖြစ်သည်။ကတ်ထူအဖုံးနှင့် ရုပ်ပုံများပါသော ထူထူထဲထဲ မှတ်စုစာအုပ်မှာ တစ်အုပ်ကို ဆယ်ယွမ်သာ ကျသင့်ခဲ့သည်။ ယခုတော့ မှတ်စုစာအုပ် ဖြစ်တာခြင်း အတူတူဆိုပေမဲ့ ယွမ် ၄၀မှ ၅၀အထိ ကျသင့်တာ အံဩစရာပင်။
"မင်းရဲ့ ဒိုင်ယာရီကို နောက်တစ်ခါ မပျောက်စေနဲ့တော့"
ယန်ရှုမင်က ပြောသည်။
"အမ် ... ဟုတ်ကဲ့ ၊ဒုက္ခများစေခဲ့လို့ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်။"
မဲ့တုန်သည် ထိုတောင်းပန်စကားကို အကြိမ်များစွာ ထပ်တလဲလဲ ပြောနေခဲ့ပြီး ယန်ရှုမင် သူ့ကို တစ်ခုခု မေးလိုမေးငြား စောင့်နေခဲ့သည်။ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ ဘာလို့ ယန်ရှုမင်ရဲ့နာမည်သုံးလုံးနဲ့ ပြည့်နေတာလဲ။ဒါမှမဟုတ် ဒိုင်ယာရီပိုင်ရှင် တစ်ဖက်သတ်ချစ်နေရတဲ့သူက ဘာလို့ ယန်ရှုမင်နဲ့ တူနေရတာလဲ၊အဲ့လိုမျိုးပေါ့ ။
ယန်ရှုမင်က ဘာမှကို မေးမလာခဲ့ပေ။မဲ့တုန်၏ စာအုပ်ကို ပြန်ပေးပြီးနောက် ရိုးရှင်းစွာဖြင့်
"ဒါဆို အဆောင်ပြန်ပြီး သွားနားတော့လေ" ဟုသာ ပြောလေသည်။
မဲ့တုန်သည် ထိုနေရာတွင် ကြောင်အပြီး ရပ်နေမိသည်။ ပြီးမှ အမှတ်တမဲ့ ခေါင်းငြိမ့်လိုက်တော့သည်။
ယန်ရှုမင် နောက်လှည့်ပြီး အိပ်ဆောင်ထဲ ဝင်ရောက်သွားသည့်တိုင် မဲ့တုန်သည် ကြက်သေသေမိနေဆဲ ဖြစ်သည်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်နိုင်ပေ။
ဒါ အမှန်မဖြစ်နိုင်ဘူး။ စာအုပ်ကို ကောက်ရတဲ့သူတိုင်းက စာအုပ်အဖုံးကို လှန်ပြီး ပိုင်ရှင်နာမည် ပါလိုပါငြား ရှာကြည့်ကြမှာပဲ။ ဒါမှ စာအုပ်ကို ပြန်ပေးလို့ရမှာလေ။ ယန်ရှုမင်လည်း အထဲမှာ ရေးထားတဲ့ နာမည်ကို တွေ့သွားမယ်ဆိုတာ မဲ့တုန်အနေနဲ့ သေချာသိသည်။
ဒါဆို သူက ဘာလို့ ဘာမှ မမေးရတာလဲ။
ည ၁၁ နာရီခန့် ရှိပြီ ဖြစ်သော်လည်း မဲ့တုန်၏ အဆောင်ခန်းမှာ တိတ်ဆိတ်မနေပါ။
အခန်းဖော် ၂ယောက်က ဘေးချင်းကပ်ရပ် ဂိမ်းဆော့နေကြပြီး ရံဖန်ရံခါ ဆဲဆိုနေကြသဖြင့် တစ်ခန်းလုံး ဆူညံနေ၏။ ကျန်တစ်ယောက်က သူ့ချစ်သူကောင်မလေးနှင့် video call ဖြင့် ချိုအီအီစကားများပြောနေသည်။ ထိုစကားများသည် ဆဲဆိုသံများထက် မဲ့တုန်၏နားကို ပိုဒုက္ခပေးနိုင်သည်။
မဲ့တုန်မှာ ချွန်မြနေသော ပင်အပ်များပေါ် ထိုင်နေရသလို နေမထိ ထိုင်မသာ ဖြစ်နေရသည်။
သူသည် တက္ကသိုလ်သို့ ပထမဦးဆုံး ရောက်ရှိခဲ့ရသည့် နေ့တွင် စရေးသားထားသော စာများရှိရာ စာမျက်နှာကို လှန်လိုက်မိသည်။
၂၀၂၂ ၊ စက်တင်ဘာ ၂ရက် ၊ နေသာနေတယ်
ဒီနေ့က နန်ကျင်းတက္ကသိုလ်ကို ပထမဆုံး ခြေချခွင့်ရတဲ့နေ့ပဲ။
ရာသီဥတုက တော်တော်ပူတယ်၊ နန်ကျင်းတက္ကသိုလ်ဖိုရမ်မှာ ငါ အကြာကြီး အချိန်ကုန်ခဲ့ပြီးမှ ကျောင်းသားရေးရာကို သတင်းမပို့ရသေးတဲ့ ကျောင်းသားသစ်တွေကို ဘယ်နေရာမှာ ကြိုဆိုပွဲ လုပ်နေလဲဆိုတာ သိလိုက်ရတယ်။
ကံကောင်းတာက ငါ သူနဲ့ တွေ့ခဲ့ရတယ်။ အရမ်းပျော်တာပဲ။
ငါ့ရဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့ ဘယ်စကားလုံး သုံးရမလဲကို မသိတော့ဘူး။
ငါက အတော်လေးကို ကျေနပ်နှစ်သိမ့်လွယ်တဲ့သူပါ။
သူရှိတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရတာ ၊ သူ့ကို ဖြတ်ခနဲ တွေ့မြင်ခွင့် ရနိုင်တာလေးက ငါ့ကို တက္ကသိုလ်တက်တဲ့ လေးနှစ်တာလုံး ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ ငါ ယုံကြည်မိတယ်။
ဒီနေ့ သူက ရှပ်အင်္ကျီလက်တို အဖြူလေးပေါ်မှာ အနီရောင် ဂျိုင်းပြတ်အင်္ကျီကို ထပ်ဝတ်ထားတာ။ ကျောင်းသားသစ်ကြိုဆိုတဲ့နေရာက စီနီယာအစ်ကို အစ်မတွေ အကုန်လုံးအဲ့ဒီလိုဝတ်ထားကြတာဆိုတော့ ကျောင်းကနေ ပေးတဲ့ဝတ်စုံဖြစ်မယ် ထင်တယ်။ တခြားသူတွေ အဲ့လို ဝတ်လိုက်တော့ သန့်ရှင်းရေးအလုပ်သမားတွေနဲ့ တူတယ်။ သူကတော့ ဖက်ရှင်ရှိုးလျှောက်နေတဲ့ မော်ဒယ်လိုပဲ ကြည့်ကောင်းနေရော ... တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ်။ ငါ့ရဲ့ filter က အရမ်းကို ထူနေလို့ပါ ... အာ ... ငါလည်း ပြောင်းလဲပစ်ချင်ပါတယ် ၊ ဒါပေမဲ့ ငါလည်း မတတ်နိုင်ဘူး ။
မဲ့တုန် သူ့ခေါင်းနဲ့ စားပွဲခုံကို တိုက်လိုက်ပြီး နောင်တရနေသော ညည်းတွားသံကို လုပ်လိုက်တော့သည်။
ဒီဟာကို ဘယ်သူဖတ်ဖတ် ယန်ရှုမင်ရဲ့ အကြောင်းကို ပြောထားမှန်း သေချာပေါက် သိမှာပဲ...
ယန်ရှုမင်လည်း တွေ့မိမှာ သေချာတယ်၊သူက ဘာလို့ မဲ့တုန်ကို မမေးရတာလဲ .ဖြစ်နိုင်တာကတော့ ယန်ရှုမင်က သူ့အပေါ် တစ်ဖတ်သက် ချစ်တာတွေ ကြိုက်တာတွေကို ကျင့်သားရနေတာကြောင့် ဖြစ်ရမယ် ၊ ဒါကြောင့် သူ လုံးဝဂရုမစိုက်တာ ဖြစ်လိမ့်မယ်။
စီရင်ချက်တစ်ခုကို စောင့်ဆိုင်းနေရတဲ့ ခံစားချက်က အတော်လေး မချိမဆံ ခံစားရသည်။ ဒီနေ့ကတည်းက သေချာ ရှင်းလင်းအောင် မလုပ်ထားရင် နေ့တိုင်း နေ့တိုင်း ၊ တစ်ရက်ပြီး တစ်ရက် ယန်ရှုမင်က ငါ့ ဒိုင်ယာရီကို တကယ်ပဲ ဖတ်ခဲ့တယ် ...သူသာ ဖတ်ခဲ့ရင် ငါ့ကို ဒီအကြောင်းတွေ ဘာလို့ မမေးခဲ့တာလဲ ဆိုပြီး အရမ်းသိချင်နေမယ်ဆိုတာ မဲ့တုန် သူ့ကိုယ်သူ သိသည်။
ဒါကို ထပ်ပြီး ကြာရှည် သည်းခံနေလို့ မရတော့တာကြောင့် မဲ့တုန် ဒီတိုင်းမနေတော့ဘူး။
စိတ်ထဲမှာ အကြီးအကျယ် ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီးနောက် မဲ့တုန်တစ်ယောက် ဖုန်းကို ဖွင့်လိုက်သည်။
ဖုန်းကို စားပွဲခုံပေါ်တင်ထားရင်း သူတို့ စကားပြောထားသောနေရာကို မိနစ်အတော်ကြာ စိုက်ကြည့်နေမိသေးသည်။
အသက်ပြင်းပြင်း ရှုသွင်း၊ ခပ်ဖြည်းဖြည်း ပြန်ရှုထုတ်ပြီးနောက် မဲ့တုန်သည် တည်ငြိမ်စွာဖြင့် ဖုန်းကို ကောက်ကိုင်ကာ စာရိုက်တော့သည်။
"စီနီယာ ... အာ ... ကျွန်တော်မေးချင်တာလေး ရှိလို့ ၊ ကျွန်တော့် ဒိုင်ယာရီထဲက ရေးထားတာတွေကို စီနီယာ ဖတ်ကြည့်လိုက်မိသေးလားဗျ။"
ဒီလို ရိုးရှင်းတဲ့ မေးခွန်းလေး ဖြစ်သော်လည်း 'စီနီယာကို ကျွန်တော် ကြိုက်တယ်' ဟု တိုက်ရိုက်ပြောတာထက် မလျော့သော လွှမ်းမိုးမှုကမဲ့တုန် အပေါ် ရှိနေသည်။ သူသည် စိုးရိမ်စွာဖြင့် စာပြန်သည်ကို စောင့်နေခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ယန်ရှုမင်က သူ့ကို အကြာကြီး စောင့်မနေစေခဲ့ပါ။
"ဆောရီး ..."
"ကိုယ် ဒီစာအုပ်ကို ကောက်ရတော့ အထဲမှာ နာမည်တစ်ခုခုများ ရှိမလားလို့ စစ်ဆေးဖို့ ဖွင့်ကြည့်လိုက်မိတယ်။"
"အထဲက စာတွေကိုတော့ ..."
"ဖတ်မကြည့်မိဖို့က အတော်ခက်တယ် ၊ ဟုတ်တယ်မလား ? ပြီးတော့ ရှေ့ဆုံးစာမျက်နှာမှာက ကိုယ့်နာမည်တွေနဲ့ ပြည့်နေတာလေ ..."
မဲ့တုန်သည် သူ့ခေါင်းကို စားပွဲပေါ် ခပ်ပြင်းပြင်း ဆောင့်ချမိသွားတော့၏။
အိုက်ယိုး ... နာလိုက်တာနော်။
+++++++