Chapter 3
မဲ့တုန် အမှန်တကယ် နောင်တရနေမိသည်။ ယန်ရှုမင်က ဒီစာကို မြင်သွားလိမ့်မယ်ဆိုတာလည်း သူ သေချာသိနေပါ၏။ လုပ်ဖို့ မလိုတဲ့ လှုပ်ရှားမှုလေးတစ်ခုသုံးပြီး သေချာ မရရအောင် မေးကြည့်ချင်ခဲ့ရုံသာ ဖြစ်သည်။
ဒါပေမဲ့ သူ့ရင်ထဲက ကိုယ်ပိုင်အတွေးများကို မဲ့တုန် နားလည်သည်။ သူ တိတ်တခိုး ချစ်နေရသူဘက်က ဆန္ဒမရှိပေမဲ့ သူ့ဘက်ကစပြီး ချစ်ရသူနဲ့ နည်းနည်းလောက် ပိုနီးကပ်ချင်မိတဲ့ ဆန္ဒသေးသေးလေးထက် မပိုခဲ့ပါ။ ထိုသူက သိသွားပေမဲ့ အဆင်ပြေနေတဲ့ ပုံပေါ်ပါသည်။
ဒါ့ထက် ယန်ရှုမင်က စာကို ဖတ်မိခဲ့တယ်ဆိုတော့ ငါက ဘာလို့ ဒါကို အခွင့်အရေးယူပြီး သူနဲ့ စကားနည်းနည်းလောက် ပိုမပြောခဲ့ရတာလဲ။
ယန်ရှုမင်က သူ့ကို မေးခွန်းထုတ်လာစေချင်သည်။ ငြင်းပယ်မယ်ဆိုလည်း ကိစ္စမရှိ ။ ယန်ရှုမင်ရဲ့ ဘဝခရီးမှာ သူက တစိတ်တပိုင်း ပါဝင်နိုင်ခဲ့ပြီ။ နောင်အနာဂတ်မှာ ယန်ရှုမင်က သူ့နောက် တကောက်ကောက်လိုက်ခဲ့တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ မှတ်မိနေတော့မည်။ ဒါဆို သူ့အတွက် လုံလောက်ပြီဟု မဲ့တုန် တွေးမိသည်။
မဲ့တုန်သည် ကိစ္စတစ်ခုခုကို လက်လျှော့ အရှုံးမပေးခင် အဆုံးစွန်အထိ ရောက်အောင် မရမက တောင်းဆိုတတ်သူ ဖြစ်တာကြောင့် သူ့ကိုယ်သူ နာကျင်ခံစားရတာကို ကြိုက်နှစ်သက်တတ်တဲ့သူ တစ်ယောက်များ ဖြစ်နေမလားလို့ တခါတလေ သံသယ ဖြစ်တတ်သည်။
ထိုအတွေးများကြောင့် မဲ့တုန် စာပြန်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ၊တကယ်တောင်းပန်ပါတယ်ဗျာ၊စီနီယာ အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရရင် ကျွန်တော် အဲ့ဒီစာရွက်ကို အခုချက်ချင်း ဖြဲပစ်လိုက်မှာပါ ။ တစ်ခုခု ဖြစ်လာပါစေလို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော် စိတ်ရင်းနဲ့ကို စိတ်မကောင်း ဖြစ်မိတာပါ။"
ယန်ရှုမင်က ပြန်ဖြေသည်။
" ရှက်စရာ မှ မဟုတ်တာ ၊စိတ်ကသိကအောက် ဖြစ်နေဖို့လည်း မလိုပါဘူး ၊ ကိုယ် စာအုပ်ကို ဖွင့်ပြီးတော့ စာကြောင်းနည်းနည်းလောက်ပဲ ဖတ်လိုက်မိတာပါ ၊ ဖတ်လိုက်တော့ ဒိုင်ယာရီဆိုတာ သိသွားတာနဲ့ ကျန်တာကို ဆက်မဖတ်တော့ဘူး ...စောစော အနားယူတော့လေ။"
ယန်ရှုမင်သည် မဲ့တုန်သိထားသည့်အတိုင်း အမြဲတမ်းကို ညှာတာထောက်ထားတတ်သူ ဖြစ်ပါသည်။
ထိုကဲ့သို့ တစ်ဖက်လူအပေါ် ညှာတာမှုသည် မြင့်မြတ်လှသော ဘက်မလိုက်မှုကို ယူဆောင်လာပြီး ယန်ရှုမင်သည် လူတိုင်း၏ အထက်တွင်ရှိသော လူတစ်ယောက်ဟု မဲ့တုန်ကို ခံစားသွားရစေလေသည်။
ထိုသူသည် ဘုရားသခင်၏ကရုဏာတော်ကဲ့သို့ လူတိုင်းအပေါ် အကြင်နာတရားဖြင့် ကြည့်တတ်သည်။ကျောင်းသားသမဂ္ဂ၏ ဒုဥက္ကဋ္ဌ ဖြစ်နေခဲ့သော်လည်း ဟန်ဖုကလပ်ကို ကူညီပေးဖို့အတွက် သက်ရှိလူသား ကြော်ငြာတစ်ခုအနေဖြင့် ပြုံးရယ်ပြီး လက်ကမ်းစာစောင်များကို တစ်နေကုန် မမောမပန်း ဝေပေးနေခဲ့သည်။
ပြီးတော့ အထက်တန်းကျောင်းမှာတုန်းက ....
အထက်တန်းကျောင်း အားကစားပွဲတော်တွင် မဲ့တုန်နှင့် သူ၏ ထိုင်ခုံဖော်တို့သည် ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲတွင် ဝင်ပြိုင်ရန် အတင်းအကြပ် ဆွဲခေါ်ခြင်းခံခဲ့ရသည်။မဲ့တုန်တို့ နှစ်ယောက်လုံးက စာဂျပိုးများ ဖြစ်ပြီး ထိုင်ခုံဖော်က မဲ့တုန်ထက် ပိုဆိုးသေးသည်။ ပုလင်းဖင် မျက်မှန်ထူကြီးနှင့် ခပ်ဝဝကောင်လေးတစ်ယောက်ပင်။
သူတို့နှစ်ယောက်တွင် အားကစားနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသလို အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်းလည်း မရှိပေ။ နှစ်ယောက်လုံး မနည်းအားထုတ်ပြီး ကြိုးစားရုန်းကန်ခဲ့ပေမဲ့ ၅မီတာကျော် ၆မီတာခန့်သာ ရွေ့လျားနိုင်ခဲ့တာတော့ အံဩစရာမဟုတ်ပေ။ ပြေးလမ်းပေါ်တွင် ပြေးလွှားရင်းမှ ပြင်းပြင်းထန်ထန် လဲကျသွားပြီး သူတို့၏ ပြိုင်ပွဲ အဆုံးသတ်သွားတော့၏။ ဒူးခေါင်းများ ပေါက်ပြဲနေပြီး ဒဏ်ရာများတွင် သွေးများနှင့် ဖုန်မှုန့်များ ကပ်ညိနေကာ နာကျင်နေသဖြင့် အရှက်ရဖွယ် ဖြစ်နေလေသည်။
ထိုအချိန်က မဲ့တုန်သည် စိတ်ပျက်လက်ပျက်နှင့် ဒေါသဖြစ်နေခဲ့၏။
ဒီလောက် ရိုးရှင်းတဲ့ ကလေးကစားနည်းလေးကို အဆင်ပြေအောင် မကစားနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ စိတ်ပျက်သည်။ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တဲ့ ခပ်ဝဝ ထိုင်ခုံဖော်ကောင်လေးကိုလည်း ဒေါသထွက်သည်။ မဲ့တုန်က မထင်မရှား ကျောင်းသားလေးဆိုပေမဲ့ လွယ်ကူသူ တစ်ယောက်မဟုတ်ပေ။ သူတို့နှစ်ယောက် မြေပေါ် လုံးထွေးပြုတ်ကျသွားခဲ့ရသည့် အဓိကအကြောင်းအရင်းကတော့ ထိုင်ခုံဖော်က ပြေးရင်း ခလုတ်တိုက်မိသွားသောကြောင့် ဖြစ်သည်။ ဒါကြောင့် မဲ့တုန် မြေကြီးပေါ်မှာ ထိုင်နေရပြီး နာကျင်မှုနှင့် ဒေါသကြောင့် မျက်နှာကလည်း မှုန်ကုပ်နေတော့သည်။
ထိုအခိုက်အတန့်တွင် ယန်ရှုမင် ပေါ်လာခဲ့သည်။ ယန်ရှုမင်က အခုလေးကမှ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ပြိုင်၍ ပြီးဆုံးသွားခြင်း ဖြစ်သည်။ ထိုသူ၏ မျက်နှာက အတန်ငယ် နီမြန်းနေပြီး မိန်းကလေးတစ်ယောက် ပေးသော ရေဘူးကို တစ်ဝက်ခန့် သောက်ပြီးနောက် လက်ထဲကိုင်ထားသည်။ ယန်ရှုမင်က အိုင်အိုဒင်းနှင့် ပိုးသတ်ထားသော ဂွမ်းကို ကမ်းပေးပြီး ပြောသည်။
"အဆင်ပြေရဲ့လား ၊ ငါ မင်းကို ကူညီပြီး သန့်ရှင်းပေးပါရစေ"
ဒီလို အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ယန်ရှုမင် အမှန်တကယ် မဖတ်မိခဲ့ဘူးဆိုတာကို မဲ့တုန် မယုံကြည်ရဲပါ။ မဲ့တုန် ရှက်ပြီး စိတ်ဆင်းရဲနေမှာကို မဖြစ်စေချင်လို့ စိတ်သက်သာရာရသွားအောင် မုသားဆိုသွားခြင်း ဖြစ်နိုင်သည်ဟု သေချာပေါက် ပြောရဲသည်။
ငါ့ရဲ့ တိတ်တခိုး အချစ်လေးကို သေသေချာချာ မြှုပ်နှံပစ်လိုက်ပါတော့မယ် ...
"စီနီယာလည်း စောစောနားပါနော်၊ ကောင်းသောညပါ"
မဲ့တုန် ထိုသို့ စာပြန်ပြီးနောက် ဖုန်းကို ပိတ်လိုက်သည်။
ဒါက မတော်တဆ ဒိုင်ယာရီတစ်အုပ်ကို ကောက်ရသွားတာလေးပဲ ... တကယ်ကို ကိစ္စသေးသေးလေးပါ
ထိုကိစ္စက မဲ့တုန်၏ ကမ္ဘာကြီးကို ပျက်စီးသွားစေလောက်ပေမဲ့ အခြားသူတွေအတွက်တော့ ဘာမှကို အရေးမပါတဲ့ မဖြစ်စလောက်ကိစ္စလေးသာ ဖြစ်သည်။
ဘဝကြီးက ပုံမှန်အတိုင်း ဆက်သွားနေလျက်သာ။
မဲ့တုန်ကတော့ တစ်ပတ်ခန့်ကြာသည်အထိ အပြင်ထွက်ဖို့ ဝန်လေးနေမိသည်။ ကံကောင်းတာက အမျိုးသားနေ့ အားလပ်ရက်များနှင့် သွားတိုက်ဆိုင်နေခဲ့တာကြောင့် အတန်း တက်ရောက်စရာ မရှိခဲ့ပါ။ ဒါကြောင့် စာကြည့်တိုက်ကိုလည်း သူ သိပ်မသွားဖြစ်ခဲ့ပေ။ စားသောက်ဖို့အတွက် ကန်တင်းကို မသွားဖြစ်ဘဲ တစ်ပတ်လုံး အော်ဒါမှာစားလေသည်။
ဒိုင်ယာရီတော့ အရေးမပြတ်ခဲ့။ သူ ဒီနေ့ ဒါတွေ ရေးဖြစ်သည်။
၂၀၂၃ အောက်တိုဘာ ၄ရက် ၊ သောကြာနေ့၊ တိမ်ထူထပ်တယ်
ဒီကိစ္စကို ငါကလွဲပြီး အခြားသူတွေက လုံးဝဂရုမစိုက်ဘူးဆိုတာ ငါသိတယ်။ ယန်ရှုမင်ကို ကြိုက်တဲ့သူတွေ အများကြီး ရှိနေတာပဲလေ။ သူက ငါဘယ်သူလဲဆိုတာ မမှတ်မိလောက်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သွားရင်း ဆုံတွေ့ခဲ့ရင်တောင်မှ ဒီတစ်ယောက်ကို ငါ ရင်းနှီးနေပါတယ်လို့ သူတွေးနေမှာ မဟုတ်လောက်ပါဘူး။
ဒါပေမဲ့ ငါ အပြင်မထွက်ရဲသေးဘူး ။ သူနဲ့တွေ့မှာ ကြောက်နေမိတယ်။ သူနဲ့ထပ်တွေ့လို့ သူ ငါ့ကို မှတ်မိနေမှာ ကြောက်တယ်။
ဒါထက် သူက ငါဘယ်သူလဲဆိုတာကို လုံးဝမေ့သွားမှာက်ို ငါ ပိုကြောက်တယ်လို့ ...
အား ... အား ... အား ... မဲ့တုန် ၊ မဲ့တုန်ရေ့ မင်းက ဒီစကြဝဋ္ဌာကြီးမှာ အရမ်းကို အံ့ဩစရာကောင်း ၊အရမ်းကိုမှ သူရဲဘောကြောင်တဲ့ တစ္ဆေပေါက်စလေးပဲကွာ
မဲ့တုန်သည် သူ့ကိုယ်သူအတွက် တခြားစိတ်ဝင်စားစရာ တစ်ခုခု ရှာဖွေပေးဖို့ ဆုံးဖြတ်လိုက်သည်။ လူတိုင်းပြောကြသလိုပဲ ... အသည်းကွဲတာကို ကုသဖို့ အကောင်းဆုံးကုထုံးက ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း ပဲ မဟုတ်လား။
မဲ့တုန်သည် ယန်ရှုမင်ကို လေးနှစ်ကြာသည်အထိ လျှို့ဝှက်စွာ ချစ်မြတ်နိုးနေခဲ့တာတောင်မှ သူ့ကိုယ်သူ အလွန်အကျွံ အချစ်ကြီးတဲ့သူ မဟုတ်ပါ ဟု ခံစားနေရဆဲပင် ။
တိတ်တခိုးအချစ် ... တိတ်တခိုးအချစ် တဲ့ ၊ ဒီစာလုံးလေး နှစ်လုံးကို တွေ့ပြီဆိုရင် အမြဲတမ်း ကြိုတင်ခန့်မှန်းထားလို့တဲ့ ရလဒ်တစ်ခု ရှိတယ် ... အဲ့ဒါက အဆုံးသတ် ဆိုတာပါပဲ။
အရာအားလုံးက ဒီအခြေအနေထိ ရောက်လာခဲ့ပြီပဲ ၊ တိတ်တိတ်လေး ဆက်ချစ်နေဖို့ကလည်း တခြားသူအပေါ် မယဥ်ကျေးရာရောက်နေပြီ။ မဲ့တုန် သူ့ကိုယ်သူ ဤကဲ့သို့ ဖြောင်းဖြသည်။
ထိုသို့ဖြင့် မဲ့တုန်သည် အတန်းဖော်များ ဖိတ်ခေါ်ခဲ့ဖူးသော စကားရည်လုပွဲ အသင်းထဲ ဝင်ကြည့်ရင် ကောင်းမလားဟု စဥ်းစားကာ chat အဟောင်းပုံထဲ၌ လှန်လှောတူးဆွ နေတော့သည်။ ထိုဖိတ်ခေါ်မှုမှာ မဲ့တုန် တက္ကသိုလ်ပထမနှစ် တက်ရောက်နေစဥ် လွန်ခဲ့သော နှစ်ဝက်ခန့်က ဖြစ်၍ အတော်ကို ကြာမြင့်နေခဲ့လေပြီ။
အမြဲတမ်း ကိုယ်ပျောက်နေသလို နေတတ်သူ မဲ့တုန်သည် သင်ခန်းစာ ရှင်းလင်းတင်ဆက်ခြင်းတစ်ခုတွင် အံ့ဩစရာ စကားပြောနိုင်သော စွမ်းရည်ကို ထုတ်ပြခဲ့စဥ်က ထိုဖိတ်ကြားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။ သူ့အနေနဲ့ကတော့ တင်ပြချက်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ရွတ်ပြလိုက်ရုံမျှ ဖြစ်သော်လည်း အတန်းဖော်များကမူ မဲ့တုန်သည် စကားရည်လုသည့်နေရာတွင် အတော်ကျွမ်းကျင်လှသည်ဟု တွေး၍မဆုံးကြတော့ပေ။
ထိုကိစ္စဖြစ်ပြီး နှစ်ဝက်မက ကြာအောင် အစအန ပျောက်သွားခဲ့ပြီးနောက် မဲ့တုန်က စာပြန်လာခဲ့သည်။
"မစ္စတာချန် ၊ စကားရည်လုပွဲ အသင်းအတွက် လူလိုသေးလား။"
အခြားတစ်ဖက်ကလည်း အလျင်အမြန် စာရေးလာပါ၏။
"အိုး ... မဲ့ဇီ ၊ ကလေးကဖြင့် သေသွားပြီ၊မင်းက အခုမှ နို့လာတိုက်တာပေါ့လေ။"
မဲ့တုန် : "..."
မဲ့တုန် : " အဟမ်း ... အားနာလိုက်တာဗျာ ၊ ကျွန်တော် မကြာခင်ကမှ တစ်ခုခု ကြိုးစားကြည့်ချင်တဲ့ စိတ်ကူးရလာလို့ပါ"
"မင်းက အခုကျတော့ ကွက်တိရောက်လာတာပဲကွ ၊ နောက် သုံးရက်ကြာရင် ကောလိပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲရှိတယ်၊ ငါတို့အသင်းသားတစ်ယောက်က အူအတက်ရောင်လို့ ဆေးရုံတက်နေရပြီး ဘယ်အချိန် ခွဲစိတ်ခန်းဝင်ရမလဲ မသိဖြစ်နေတာ၊ အဲ့ဒါနဲ့ ငါ့မှာ အသင်းကို အစက ပြန်ဖွဲ့နေရတယ် ၊ မင်း လာခဲ့ချင်လား။"
"နောက် သုံးရက်ကြာရင်။အရမ်းကို အလျင်လိုမနေဘူးလား။ကျွန်တော့်မှာ ဘာအတွေ့အကြုံမှလည်း ရှိတာမဟုတ်ဘူး ၊ အဆင်ပြေပါ့မလား။"
"မင်းနဲ့ အဆင်ပြေမယ်လို့ ငါထင်ထားပြီးသား ၊ မင်းမှာ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းနေတာလောက်ပဲရှိတာ ၊ ငါတို့အားလုံး မင်းကို ကူညီပေးမှာပေါ့ ၊ မင်းရဲ့ အထင်အမြင်သေးသလို မထီမဲ့မြင် လေသံနဲ့ အမူအရာကို ထုတ်သုံးပြီး အလွတ်ကျက်ထားတာတွေ ရွတ်ပြလိုက် ... မင်း ကောင်းကောင်းလုပ်နိုင်မှာပါ။"
မဲ့တုန်သည် တစ်ဖက်က ပို့လိုက်သော စာကို အချိန်အတော်ကြာသည်အထိ ကြောင်ကြည့်နေမိရင်း ပြောစရာစကား မရှိအောင် ဖြစ်သွားတော့သည်။
သူ့အတန်းဖော်တွေရဲ့ မျက်လုံးထဲမှာ သူက ဘယ်လိုပုံစံဖြစ်နေမလဲ ဆိုတာ တကယ်ကြီး မသိခဲ့ဘူးပဲ။
မဲ့တုန် သူ့ကိုယ်သူ ပြန်စဥ်းစားကြည့်မှ သူသည် ယန်ရှုမင်နှင့် ပတ်သက်သော ကိစ္စများမှလွဲ၍ ကျန်အချိန်များတွင် စိတ်လှုပ်ရှားခြင်း၊ကြောက်ရွံ့တုန်လှုပ်ခြင်းဆိုသော ခံစားချက်များကို မခံစားရမှန်း သိသွားသည်။ လူနှစ်ယောက် ခြေသုံးချောင်း အပြေးပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိအားပေးခံရတုန်းက သူ စိတ်မလှုပ်ရှားခဲ့။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုစဥ်ကလည်း မတုန်မလှုပ်။ စတိတ်စင်မြင့်ပေါ်တွင် သင်ခန်းစာ ရှင်းလင်းတင်ပြမှု ပြုလုပ်ရလျှင်လည်း စိတ်လှုပ်ရှားခြင်းဆိုတာ လုံးဝဖြစ်မလာခဲ့ပေ။
ဘာလို့ စိတ်လှုပ်ရှားနေရမှာလဲ။
ယန်ရှုမင်က စတိတ်စင်အောက်ကနေ သူ့ကို စောင့်ကြည့်နေမှာမှ မဟုတ်တာ။ သူရဲ့စွမ်းရည်နဲ့ ဘာမှလည်း မသက်ဆိုင်ပါ ၊ မဲ့တုန်က မဲ့တုန်သာ ဖြစ်သည်။
ဒီပုံစံက သူတို့ ပြောပြောနေတဲ့ သာမန်လူတွေအပေါ် အထင်အမြင်သေးတယ် ဆိုတာကြီးလား။
အချိန်နီးကပ်လာသည်နှင့်အမျှ မဲ့တုန်သည် စကားရည်လုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားလိုက်၏။
စကားရည်လုပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းက မဲ့တုန်အတွက် အကျိုးရှိခဲ့ပါသည်။ တစ်ချိန်လုံး အလုပ်ရှုပ်နေတာကြောင့် ယန်ရှုမင်အပေါ် လွမ်းဆွတ်တမ်းတနေဖို့ အချိန်များများ မပေးနိုင်တော့ပေ။
သူ့ကိုယ်သူ ပြန်လိမ်နေရတာက မဲ့တုန်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာတော့သည်။ နေ့တိုင်း စကားရည်လုပွဲအသင်းထံမှ အိပ်ဆောင်သို့ ပြန်ရောက်ပြီဆိုလျှင် ဒိုင်ယာရီရေးဖို့ တွေးမိပြီး စာမျက်နှာအသစ်တစ်ခုကို လှန်လိုက်မည်။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာတော့ မဲ့တုန် ဘာမှမရေးတော့ဘဲ ဒိုင်ယာရီကို သူနဲ့ ခပ်ဝေးဝေးမှာ ထားလိုက်လိမ့်မည်။
မဲ့တုန် ဘာမှ မရေးရဲတော့ပါ။ ဒိုင်ယာရီထဲတွင် 'သူ'ဆိုတဲ့ နာမ်စားလေး ထည့်သွင်းရေးသားခြင်းကို ရှောင်ကြဥ်ရခြင်းက မဲ့တုန်၏ အလေ့အကျင့် ဖြစ်လာတော့သည်။
ဒိုင်ယာရီရေးဖို့ ဖောင်တိန်ကို ကိုင်လိုက်မိရင် သူ့ရဲ့ အစစ်အမှန် ခံစားချက်တွေ ထွက်ကျလာမည်ကို သူကြောက်သည်။
သူ စာရေးလိုက်တာနဲ့ 'ငါ သူ့ကို ရက်နည်းနည်းလောက် မတွေ့ရတာ ကြာပြီ၊ ငါတို့နှစ်ယောက်ကြားက အဖြစ်အပျက် သေးသေးလေးကို သူ မေ့သွားခဲ့ပြီလား ငါသိချင်လိုက်တာ' ဆိုတဲ့ အကြောင်းအရာက ပထမဆုံးစာကြောင်း ဖြစ်လာမည်ဆိုတာ လုံးဝ သေချာပေါက်ပင်။
သူ ဒိုင်ယာရီမရေးဖြစ်တော့တာနဲ့အမျှ ယန်ရှုမင်ကို သူ တဖြည်းဖြည်း မေ့ပစ်နိုင်ခဲ့ပြီဆိုပြီး သူ့ကိုယ်သူ အယုံသွင်းလို့ ရနိုင်သည်။
သို့သော် အတွေးစလေး တစ်ခု ထွက်လာတာနဲ့ တပြိုင်နက် ဖျောက်ဖျက်ပစ်ဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
ဒိုင်ယာရီရေးရင်း သူ့ကိုယ်သူ မလှည့်စားနိုင်ခဲ့ဘူးဆိုရင် အိပ်ရာထဲ လှဲနေခဲ့ရင်တောင်မှ အိပ်ပျော်ဖို့ ခက်လာတာကို မဲ့တုန် သတိထားမိဆဲပင်။ သူ့စိတ်ထဲက အရာရာတိုင်းမှာ ယန်ရှုမင်၏ ပုံရိပ်လေးများသာ။
မဲ့တုန်နှင့် ယန်ရှုမင်သည် အထက်တန်းကျောင်း အတူတူ ဖြစ်သည်။ကျောင်းဖွင့်ပွဲ အခမ်းအနားအတွက် ကျောင်းသားကိုယ်စားလှယ်မှာ ယန်ရှုမင်က လွဲ၍ မဖြစ်နိုင်ခဲ့။
ထိုစဥ်က ယန်ရှုမင်သည် ငယ်ရွယ်နုပျိုသော အသွင်အပြင်ရှိပြီး ကွက်တိကျသော နွေရာသီကျောင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားခဲ့သည်။ သူ့တစ်ကိုယ်လုံးမှ ငယ်ရွယ်လတ်ဆတ်ပြီး အားမာန်ပြည့်ဝသော အရှိန်အဝါများ ထုတ်လွှတ်နေတော့သည်။
ယန်ရှုမင်သည် ပြောရမည့် မိန့်ခွန်းကို ကိုယ်တိုင်ရေးသားခဲ့ခြင်း ဖြစ်သည်ဟု မဲ့တုန် သိသည်။ ယန်ရှုမင် မိန့်ခွန်းပြောသောအခါ စာရွက်မပါဘူးလို့တောင် ထင်ရပြီး ရံဖန်ရံခါ လက်တဖက်က မိုက်ကို ကိုင်ထားခဲ့သည်။ နွေးထွေးကြင်နာမှု များများစားစား မပါသော ယန်ရှုမင်၏ အကြည့်များက ကွင်းထဲတွင် တန်းစီမတ်တပ်ရပ်နေသော ကျောင်းသားသစ်များအပေါ်သို့ ဖြန့်ကျက်သွားလာနေ၏။
မဲ့တုန်တွင် တည်ငြိမ်သော အဆင့်ကောင်းကောင်းများ ရှိသဖြင့် သဘာဝကျကျပဲ တော်သော၊ထက်မြက်သော ယန်ရှုမင်ကို သူ စိတ်ဝင်တစားရှိခဲ့သည်။ ထိုအချိန်က မဲ့တုန်၏ စိတ်ဝင်တစားရှိမှုမှာ အလွန်သန့်စင်လှပြီး ပညာရေးနှင့် ပတ်သက်၍သာ ဖြစ်သည်။ မဲ့တုန်သည် ကွင်းထဲတွင် ရပ်နေရင်းမှ ယန်ရှုမင်သာ အထက်တန်းကျောင်း ဘွဲ့ရပြီဆိုလျှင် သူက ယန်ရှုမင်၏ နေရာကို အစားထိုးနိုင်ပြီး လူပုံအလယ်မှာ ရပ်တည်နိုင်တဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ယောက် ဖြစ်လာလိမ့်မည်။
တကယ်ကို အချိန်ကောင်းလေးများ ဖြစ်ခဲ့သည်။ မဲ့တုန်တွင်လည်း "ကြိုက်နှစ်သက်ခြင်း" ရောဂါ မစွဲကပ်သေးပေ။ သူ့အခန်းဖော်တုချွမ်ကဲ့သို့ မဲ့တုန်ကလည်း ယန်ရှုမင်ကို ထက်မြက်သော ပြိုင်ဖက်ကောင်းတစ်ယောက်ဟု မှတ်ယူထားခဲ့သည်။
ကျောင်းအားကစားပွဲ မတိုင်ခင်အထိပေါ ...
ပြေးလမ်းပေါ် ရှက်စရာကောင်းအောင် လဲကျခဲ့ပြီး ရှုံးနိမ့်မှုများဖြင့် ဖရိုဖရဲ ထိုင်နေခဲ့ရပြီးနောက် မဲ့တုန်မှာ သူ့ရဲ့တောက်ပလင်းလက်သော အနာဂတ်လေး ပြိုကျပျက်စီးသွားရပြီဟု ခံစားနေရသည်။ ယန်ရှုမင်က သူ့ကို အိုင်အိုဒင်းနှင့် ဂွမ်းကမ်းပေးလာခဲ့၏။ အသက်ရှုအောင့်ထားရင်း မဲ့တုန် ခဏကြာအောင် တုံ့ဆိုင်းနေခဲ့ပြီးနောက် လှမ်းယူရန် ကြိုးစားသောအခါတွင် လက်လှမ်းမမှီခဲ့ပါ။
ဒါကြောင့် ယန်ရှုမင်က ကိုယ်ကို ကိုင်းညွှတ်၍ ထိုင်ချလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို သုံးကာ မဲ့တုန်၏ ဒူးခေါင်းဆီသို့ တိုက်ရိုက် ဖိချလာခဲ့သည်။ နာကျင်နေသော ဒဏ်ရာ၏ ဘေးဘက်ကို ထိတွေ့နေသော လက်ချောင်းလေးများက နွေရာသီ၏ အနွေးဓါတ်ကို သယ်ဆောင်လာခဲ့သည်။
ယန်ရှုမင်၏ မျက်ခုံးတန်းများ အနည်းငယ် စုကြုံ့သွားခဲ့ပြီးနောက်
"မလှုပ်နိုင်ဘူးလား"
ထိုအခါမှ မဲ့တုန်၏စိတ်သည် လက်ရှိအခြေအနေသို့ ပြန်ရောက်လာခဲ့သဖြင့် သူ ရှက်ရွံ့သွားရပြီး အလျင်အမြန် ရှင်းပြတော့သည်။
"မဟုတ် ... မဟုတ်ပါဘူး ၊ အဲ့လို မဟုတ်ပါဘူး ။ ကျွန်တော် လှုပ်နိုင်ပါတယ်"
ထို့နောက် မဲ့တုန်သည် ဆေးကို ယူကာ ဖွင့်လိုက်သော်လည်း ဆေးဘူးက ချက်ချင်းပွင့်မလာသဖြင့် အခြားတစ်ဖက်ကို လှည့်ပြီး ဖွင့်ရန်ကြိုးစားနေမိသည်။
ယန်ရှုမင်က မဲ့တုန်၏ လက်ကောက်ဝတ်ကို ဘာမှ မဖြစ်သလို လှမ်းဆွဲလိုက်ရသည်။
" ငါ မင်းကို ကူညီပေးမယ်"
မဲ့တုန်သည် အစက 'မလိုပါဘူး ရပါတယ်'ဟု ပြောလိုက်ချင်သော်လည်း သိမ်မွေ့သော ငြင်းပယ်မှုကို ပါးစပ်က ပြောမထွက်ခဲ့။ သူ့နှလုံးသားလေးက တဆတ်ဆတ် တုန်ယင်နေသည်လေ။ ဦးနှောက်ကလည်း ရုတ်တရတ် အလုပ်မလုပ်တော့ဘဲ သူ့ပါးစပ်ကပင် မဲ့တုန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့။
အကြောင်းပြချက်တချို့ကြောင့် မဲ့တုန်မှာ ရှက်ကိုးရှက်ကန်းနှင့် ကို့ယို့ကားယား ဖြစ်နေသည်ဟု ခံစားမိ၏။ ထိုအချိန်က မဲ့တုန်သည် ယန်ရှုမင်ကို မကြိုက်သေးတာ သေချာပေမဲ့ သူ ရှင်းမပြတတ်အောင် ရှက်နေခဲ့ပါသည်။
ရုတ်တရတ်ကြီး မဲ့တုန်သည် မျက်နှာတစ်ခုလုံး အုပ်မိကာ အမြင်အာရုံတစ်ခုလုံး မည်းမှောင်သည်အထိ စောင်ကို အပေါ်ဆွဲခြုံလိုက်မိသဖြင့် အသက်ရှူရတာ မွန်းကြပ်နေတော့သည်။
မဲ့တုန် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့စိတ်ထဲက ယန်ရှုမင်ဆိုသော လူဆိုးကောင်ကို ဖယ်ထုတ်ပစ်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေမိ၏။
ပြောနေစရာကို မလိုပါ။ မဲ့တုန်၏ အားထုတ်မှုများမှာ အချည်းနှီးသာ။ သူ ကျရှုံးသွားသည်သာမက ယန်ရှုမင်ကို 'လူဆိုးကောင်'ဟု သုံးနှုန်းခဲ့မိသည့်အတွက် နှလုံးသားထဲတွင် ရှက်ရွံ့စွာဖြင့် တောင်းပန်နေမိသည်။ ပြီးမှ သူ ဘယ်သူ့ကို တောင်းပန်နေမိတာလဲ ဆိုတာကို တိတ်တိတ်လေး အံ့ဩနေမိပြန်သည်။
ယန်ရှုမင်က အရမ်းကောင်းတဲ့သူပါ ၊လူဆိုးကောင် လုံးဝမဟုတ်ပါဘူးနော်....
မဲ့တုန်က သူဘာလိုချင်တာလဲဆိုတာ သိသည်။ ယန်ရှုမင်က သူ့အပေါ် သတိထားမိတာကို လိုချင်သည်။ ယန်ရှုမင်နှင့် ခင်မင်ရင်းနှီးချင်သည်။ယန်ရှုမင် သူ့ကို မနှစ်သက်တာပဲ ဖြစ်ဖြစ်၊ အပြတ်ငြင်းတာပဲ ဖြစ်ဖြစ် သူ ထိပ်တိုက် ရင်ဆိုင်လိုက်ချင်သည်။ သူ့ဘက်က တစ်ဖက်သတ် ချစ်နေမိတာကို အခုလို ဖော်ထုတ်ခံလိုက်ရတဲ့ အခြေအနေမျိုးမဟုတ်ပေမဲ့ သူ ဖြစ်ချင်တာတွေ ဘာတစ်ခုမှ ဖြစ်မလာခဲ့သလိုပါပဲ။
သူ့ရဲ့ အမြတ်တနိုးခံစားချက်လေးတွေက ယန်ရှုမင်ထံမှ ရက်ရက်စက်စက် ငြင်းပယ်မှုနဲ့ မထိုက်တန်ပါဘူးနော် ...
ငါ ......
ငါက မကောင်းတဲ့သူတော့ မဟုတ်ပါဘူး ၊ ဟုတ်တယ်မလား။
မဲ့တုန် သူ့အကြောင်း သူ ပြန်တွေးတော့သည်။
ရည်ရည်မွန်မွန် အသွင်အပြင်ရှိတယ် ၊ အဆင့်တွေကလည်း ကောင်းပြီးသား၊ မိသားစုနောက်ခံက အသင့်အတင့်ပဲ။ ငါက ထူးထူးကဲကဲ ထင်ပေါ်ထက်မြက်နေတာတော့ မဟုတ်ပေမဲ့ ယန်ရှုမင်နဲ့ လုံးဝမထိုက်တန်ဘူး ဆိုတာမျိုးတော့ မဟုတ်ဘူးပဲ ။
တစ်စုံတစ်ယောက်ကို တစ်ဖက်သတ် ချစ်မြတ်နိုးတယ် ဆိုတာက ကုသရ ခက်တဲ့ ရောဂါတစ်ခုလိုပင် ။
ဒါကြောင့် နတ်ဘုရား ဒေါက်တာမဲ့က သူ့ကိုယ်သူ အကောင်းဆုံးကုသဖို့ ကြိုးစားသည်။ငယ်ရွယ်သောအချိန်မှာ ဒီလို ကုစားမရတဲ့အခြေအနေကြီး ဖိစီးနှိပ်စက်နေမှာကို မလိုလားပါ။ ထို ရောဂါပိုးသည် 'ယန်ရှုမင်' ဆိုသော နာမည်နှင့် အန္တရာယ်များသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ သင် တစ်ကြိမ်လောက် နီးကပ်သွားတာနဲ့ ချက်ချင်း ကူးစက်ခံလိုက်ရမှာ ဖြစ်သည်။
ပျောက်ဖို့ခက်တဲ့ ရောဂါကို ကုသဖို့က စိတ်ရှည်သည်းခံဖို့ လိုသည်။ နတ်ဘုရား ဒေါက်တာမဲ့က သူ့ကိုယ်သူအပေါ် အလွန်စိတ်ရှည်လှပါသည်။
++++++++
စာရေးသူ၏ မှတ်စု
နတ်ဘုရား ဒေါက်တာမဲ့ရဲ့ ဆေးပညာအရည်အချင်းက အရမ်းဆိုးဝါးလွန်းတယ်။ ဒါကြောင့် သူ့ကို ဘဲပေါက်စ ဒေါက်တာမဲ့လို့ ခေါ်ကြရအောင်။