Chapter 4
Viewers 217

Chapter 4




ကောလိပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲက အလျင်အမြန်ရောက်လာခဲ့သည်။အမျိုးသားနေ့ အားလပ်ရက်များ၏ နောက်ဆုံးနေ့သို့ ရောက်လာလေပြီ။ 



သုံးရက်တာမျှ ကြိုတင်ပြင်ဆင်ထားမှုသည် သိပ်အသုံးမဝင်နိုင်ပေမဲ့လည်း သူတို့အားလုံးက မဲ့တုန်အတွက် အကြောင်းအရာမှန်သမျှကို ပြင်ဆင်ထားပေးကြသည်။မဲ့တုန် လုပ်ရမှာကတော့ အကုန်လုံးကို အလွတ်ကျက်ထားဖို့ပင် ဖြစ်သည်။သူ အိပ်ဆောင်မှာလည်း မနားမနေ အလွတ်ကျက်နေပြီး မှန်ရှေ့မှာ တောက်လျှောက်လေ့ကျင့်နေသဖြင့် အခန်းဖော်များဆီက လက်ခုပ်ဩဘာသံများ ရခဲ့သေးသည်။ 



စကားရည်လုပွဲ ပထမနေ့တွင် ဖိအားက အနည်းငယ်မျှသာ။ မဲ့တုန်ကိုလည်း နောက်ဆုံးမိနစ်တွင် ပါဝင်ပြောဆိုနိုင်ရန် လုပ်ဆောင်ပေးကြပြီး လူတိုင်းက သူ့ကို ဂရုတစိုက်ရှိကြသည်။ မဲ့တုန်သည် စကားရည်လုပြိုင်ပွဲတွင် တစ်ဖက်အသင်း၏ ငြင်းဆိုချက်များထဲက ဟာကွက်များကို ရှာဖွေနေရန်လည်း မလို၊နည်းဗျူဟာအသစ်များ ထပ်တိုးထည့်သွင်းပေးရန်လည်း မလိုပါ။ 



စင်မြင့်ပေါ် မတက်ခင် ချန်ရှီညန်သည် မဲ့တုန်ကို စကားအနည်းငယ် ပြောခဲ့သည်။ 



"မဲ့ဇီ ၊ မင်း ပြန်မချေပနိုင်တဲ့ အချက်တွေဆိုရင်တောင် မလန့်သွားနဲ့၊ စကားပြောနေတာကို ရပ်ပြီး တစ်ဖက်က လူတွေကို အေးစက်စက် အမူအရာနဲ့ တစ်ချက်ကြည့်ပေးလိုက်၊ ဖြစ်နိုင်သမျှ တည်တည်တင်းတင်း ပုံစံ ပေါက်နေပါစေ ၊ပထမပွဲမှာထဲက ငါတို့အသင်းမှာ လူစားထိုးထားတာကို သူတို့ သိပြီးသား၊ မင်းသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင် သူတို့က မင်းကို လွယ်ကူတဲ့ ပစ်မှတ်လေးလို့ ထင်သွားကြလိမ့်မယ်။" 



ချန်ရှီညန်က သူ့အပေါ် အရမ်းကို ယုံကြည်မှုရှိနေပုံရသဖြင့် မဲ့တုန်လည်း ခေါင်းငြိမ့် သဘောတူလိုက်ရသည်။ 



ကောလိပ်ပေါင်းစုံ စကားရည်လု ပြိုင်ပွဲဖြစ်သည့်အတွက် အခြားကောလိပ်တစ်ခုနှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။ 



ကျင်းပမည့် အချိန်နှင့် နေရာကို ကြေညာထားပြီးဖြစ်ရာ စိတ်ဝင်စားပါက မည်သူမဆို လာရောက်ကြည့်ရှုနိုင်၏။ 



တက္ကသိုလ်မှာ ဒီလို အစီအစဥ်တွေက ပုံမှန် လုပ်နေကြပင်၊ စကားရည်လု ပြိုင်ပွဲများကိုလည်း မကြာမကြာ ကျင်းပလေ့ရှိသည်။ ပြိုင်ရမည့် အကြောင်းအရာများမှာ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးရှိပြီး နေ့စဥ်ဘဝနှင့် ဆက်စပ်နေသော အကြောင်းအရာများသာ ဖြစ်သည်။ဥပမာ - ယခုတစ်ခါတွင် စကားရည်လုပြိုင်ပွဲ၏ ခေါင်းစဥ်က ဖန်တရာတေနေသော အကြောင်းအရာဖြစ်သည့် 'ချစ်သူစုံတွဲများ ချိန်းတွေ့ကြသည့်အခါ ဘေလ် သပ်သပ်စီ ရှင်းသင့်/ မရှင်းသင့်' ဆိုတာမျိုး ဖြစ်သည်။ 



ချန်ရှီညန်သည် မဲ့တုန်တစ်ယောက် စိတ်လှုပ်ရှားနေမှာကို စိတ်ပူသဖြင့် စိတ်သက်သာရာရအောင် အထူးတလည် ကြိုးစားနေသည်။



"စကားရည်လုပွဲလို ပွဲမျိုးက လူတွေ အများကြီး လာကြည့်တတ်တာ မဟုတ်ပါဘူး၊ မင်း စိတ်လှုပ်ရှားနေဖို့ မလိုဘူးကွ။" 



မဲ့တုန်မှာတော့ လူ ဘယ်လောက်များများပဲ လာကြည့်ကြည့် သူက စိတ်မလှုပ်ရှားတတ်ပါဘူးလို့ပဲ ပြောချပစ်လိုက်ချင်တော့သည်။ 



ဒီနေ့တွင် မမျှော်လင့်ဘဲ ကြည့်ရှုသူက နည်းနည်းပိုများသည်။ 



မဲ့တုန်က တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စိတ်လှုပ်ရှားနေသူက ချန်ရှီညန် ဖြစ်သွားတော့၏။ စင်ပေါ် မတက်ခင် မဲ့တုန်၏ အင်္ကျီစကို ဆွဲ၍ သူက ခပ်တိုးတိုး ပြော၏။ 



"သေစမ်း ၊ အရင်က ငါတို့ရဲ့ စကားရည်လုပြိုင်ပွဲတွေကို လာကြည့်တဲ့သူက လက်ချိုးရေလို့ရတယ် ... ဒီနေ့မှ ဘာလို့များပါလိမ့်။" 



ထိုအခါ မဲ့တုန်က တဖန်ပြန်၍ အားပေးလိုက်သည်။



"သူတို့ကို ဂေါ်ဖီထုပ်တွေ ၊မုန်လာဥတွေလို့ သဘောထားလိုက်ပေါ့၊ စိတ်မလှုပ်ရှားပါနဲ့။" 



ချန်ရှီညန်က အားတင်းထားသော အမူအရာဖြင့် ခိုင်ခိုင်မာမာ ပြောသေးသည်။ 



"ငါ စိတ်မလှုပ်ရှားပါဘူး ... ငါ စိတ်လှုပ်ရှားနေမိလို့လား? ငါ လုံးဝ စိတ်မလှုပ်ရှားဘူးကွ။" 



စင်မြင့်ပေါ် တက်ရမည့်အချိန် ကျရောက်လာသောအခါ နှစ်ဖက်အသင်းသားများသည် တလေးတစား ဦးညွှတ်ကြရသည်။ 



မဲ့တုန်၏ အကြည့်များသည် ပရိသတ်များဆီသို့ ရောက်မသွားခဲ့ပါ။အမှန်တကယ်တမ်း စိတ်လှုပ်ရှားနေတာမျိုး မရှိပါ။လူ ဘယ်လောက်များများ လာကြည့်နေပါစေ ဘာမှ မဖြစ်သလိုပင်။ လူတစ်ယောက်ထဲပဲ ကြည့်ကြည့် ၊ လူ တစ်ထောင်ပဲ ကြည့်ကြည့် မဲ့တုန်အတွက် ဘာမှ ကွာခြားမှု မရှိပါ။ သူက ခေါင်းကို ငုံ့လိုက်ပြီး စာရွက်ထဲက အချက်အလက်များကို ခေါင်းထဲတွင် ထပ်ခါ ထပ်ခါ ရွတ်ဆိုလေ့ကျင့်နေသဖြင့် အေးစက်တည်ငြိမ်ပြီး အထင်အမြင်သေးနေဟန် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။ 



အစီအစဥ်တင်ဆက်သူက ပြိုင်ပွဲခေါင်းစဥ်ကို ကြေညာပြီးနောက် ပထမဆုံး စပြောရမည့်သူက မဲ့တုန် ဖြစ်သည်။ 



သူ မတ်တပ်ထရပ်သည်နှင့် ကျက်မှတ်လာသော အချက်အလက်များသည် သူ့ခေါင်းထဲတွင် အစီအစဥ်တကျ စွဲမြဲတည်ရှိနေပြီးသားပင်။ 



ချန်ရှီညန် စိတ်ပူနေသလို တစ်ခုခုမေ့နေတာ ၊ အထစ်အငေါ့ဖြစ်နေတာမျိုး မရှိခဲ့။ မဲ့တုန် စကားစပြောလိုက်သည်နှင့် သူ၏ ပုံစံသည် ပရိသတ်များကို ဂေါ်ဖီထုပ်များ၊မုန်လာဥများကဲ့သို့ သဘောထားဟန်ဖြင့် ထီမထင်သည့်ပုံစံ ဖြစ်နေသည်။ တစ်ဖက်အသင်းသားများမှာ အလွန်အံဩသွားရပြီး လေချွန်သံများဖြင့် ထောပနာပြုကုန်ကြ၏။ မဲ့တုန်၏ အရှိန်အဝါကြောင့် သူတို့ ခြိမ်းခြောက်ခံလိုက်ရသလိုပင်။ 



ချန်ရှီညန်မှာတော့ သူ့ပေါင်သူ ပြန်ရိုက်မိမတတ် အူမြူးနေ၏။ 



မဲ့တုန်က စကားရည်လုပွဲမှာဆို ဆရာကြီးပဲလို့ သူ အမြဲပြောနေခဲ့တယ်လေ ။ ပြိုင်ပွဲအနီးအနား ကပ်နေချိန်မှာ မဲ့တုန်ကို အစားထိုး ထည့်လိုက်မိတာ တကယ်ကို အမြော်မြင်ကြီးတဲ့ ဆုံးဖြတ်ချက်ပဲကွ။ 



ပြောရမည့် စကားများ၏ အလယ်သို့ ရောက်လာသောအခါတွင် မဲ့တုန်သည် ပရိသတ်များဆီသို့ သာမန်ကာ လျှံကာ ဝေ့ဝဲ ကြည့်ရှု လိုက်မိသည်။ 



ထိုစဥ် ... သူ ပြောလက်စ စကားမှာ တိခနဲ ရပ်တန့်ပျောက်ကွယ်သွားပြီးနောက် မဲ့တုန်သည် ပါးစပ်ဖွင့်လျက်သားဖြင့် နေရာမှာတင် အေးခဲတောင့်တင်းသွားသည်။ 



သူ့ခေါင်းထဲမှာလည်း 'ဝုန်း'ခနဲ မိုးကြိုးပစ်သလို ဆူညံသွားပြီး လူကလည်း ကြက်သေသေနေမိတော့သည်။ 



ပရိသတ်များကြားတွင် ယန်ရှုမင်က ထိုင်ခုံနောက်ကျောကို မှီလျက်ရှိကာ ထိုသူ၏ အကြည့်နှင့် မဲ့တုန်၏မျက်ဝန်းများ ဆုံတွေ့သွားပြီးနောက် ... သူ့ကို ယန်ရှုမင်က ပြုံးပြလိုက်လေသည်။ 



ချန်ရှီညန်သည် ၅စက္ကန့်၊၆စက္ကန့်လောက် စောင့်နေပါသေး၏။ ပထမဦးဆုံး စကားရည်လုရမည့်သူ၏ သတ်မှတ်အချိန်ပမာဏက ကုန်သွားပြီ ဖြစ်၍ မဲ့တုန်၏ အင်္ကျီအနားစကို မသိမသာ ဆောင့်ဆွဲလိုက်ရပြီး ခပ်တိုးတိုး လေသံကို သုံး၍ သတိပေးလိုက်ရသည်။ 



"မဲ့ဇီရေ ၊တကယ်တော့ ဘယ်လို ဆက်ဆံရေး အမျိုးအစားက ချစ်သူစုံတွဲတွေ ဖြစ်မှာလဲ။" 



မဲ့တုန် ပါးစပ်ဖွင့်လိုက်သည်။ 'ယန်ရှုမင်က ဒီနေရာကို ဘာလို့ ရောက်နေတာလဲ' ဆိုတဲ့ အတွေးဆီ ရောက်နေတဲ့ သူ့စိတ်ကို စကားရည်လုပွဲခေါင်းစဥ်ဆီသို့ ပြန်ရွှေ့ဖို့ အသည်းအသန် ကြိုးပမ်းနေရသည့်အပြင် ပရိသတ်ကြားရှိ ယန်ရှုမင်ထံမှ မခွဲမခွာလိုသော သူ့အကြည့်များကိုလည်း ခပ်ဝေးဝေးသို့ ဖယ်ထုတ်ပစ်ချင်လှပါ၏။ သို့သော် သူ ထပ်ခါ ထပ်ခါ ကြိုးစားပေမဲ့ ကျရှုံးသွားရသည်။ သေလောက်အောင် ပြင်းထန်သော ရောဂါဖြစ်နေရသကဲ့သို့ မဲ့တုန်၏ နှလုံးခုန်သံများ နှေးကွေးလာရသည်။ 



မဲ့တုန်သည် ယန်ရှုမင်နှင့် ပတ်သက်သော ကိစ္စများမှ လွဲ၍ ဘယ်နေရာမှာမဆို အကြောက်အရွံ့ကင်းမဲ့သူ ဖြစ်ပါ၏။ 



မိန့်ခွန်းပြောခြင်း၊စကားရည်လုခြင်း၊သင်ခန်းစာ တင်ဆက်ပြသခြင်း စသဖြင့် ဘယ်နေရာမှာ ဖြစ်ဖြစ် သူ စိတ်လှုပ်ရှားခြင်း မရှိခဲ့ဖူးပါ။ ယန်ရှုမင်တစ်ယောက် ပရိသတ်နေရာကနေပြီး ကြည့်နေချိန်က လွဲရင်ပေါ့။ 



ဒါက ဘာဖြစ်ပြန်တာလဲ။



ဘယ်လို ဆက်ဆံရေးမျိုးကို ချစ်သူစုံတွဲတွေလို့ ခေါ်တာလဲ။

 

ဘယ်လို ဆက်ဆံရေးမျိုးလဲ။



သူနဲ့ ယန်ရှုမင် ကြားမှာရှိတဲ့ ပုံစံမျိုးတော့ မဟုတ်တာ သေချာတယ်။ ယန်ရှုမင်က သူ့ဘက်က ချစ်နေတာကို သိနေပေမဲ့ အပြတ်ငြင်းပစ်ဖို့ အားနာနေလို့ သူ့ကို အခွင့်အရေးပေးတဲ့ အနေနဲ့ ဂရုမစိုက်သလိုမျိုး နေနေတာ မဟုတ်လား။ 



"မဲ့ဇီရေ ..." 



ချန်ရှီညန်သည် သူ့ကိုယ်သူ စိတ်တင်းထားပြီး မဲ့တုန်၏လက်ကို တစ်ချက်မျှ ဆွဲဆိတ်လိုက်ရသည်။ 



မဲ့တုန်တစ်ယောက် ရှုံ့မဲ့သွားပြီး နာကျင်မှုကြောင့် သူ့ခေါင်းမှာ ချက်ချင်း ကြည်လင်သွားတော့သည်။ အလျင်စလိုဖြင့် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် သူ့အကြည့်များကို တခြားနေရာသို့ ရွှေ့လိုက်ပြီး စကားဆက်ပြောတော့သည်။ ကံကောင်းစွာဖြင့် သူ့စကားများ၏ ပထမပိုင်းက အလွန်ကောင်းသည်။ အလယ်မှာ မဆိုစလောက် ပြဿနာသေးသေးလေး ဖြစ်သွားခဲ့ပေမဲ့ အကျိုးသက်ရောက်မှု သိပ်မဆိုးသွားခဲ့ပေ။ သူတို့အသင်းသည် အားသားချက်များဘက်က ပြောဆိုရခြင်းဖြစ်သဖြင့် ပြိုင်ပွဲအဆုံးတွင် ချောချောမွေ့မွေ့ အနိုင်ရသွားတော့သည်။ 



စိတ်လှုပ်ရှားမှုကို ကျော်ဖြတ်နိုင်ခဲ့သော ချန်ရှီညန်မှာ အဆဲစကားလုံးများ ပေါက်ကွဲထွက်လာတော့သည်။သူသည် ထိုင်နေရာမှ ရုတ်တရတ် ခုန်ထွက်လာပြီးနောက် မဲ့တုန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့သည်။ ဒီနားမှာ လူတွေအများကြီး ရှိမနေရင်တော့ သူ မဲ့တုန်ကို အမှန်တကယ် နမ်းပစ်လိုက်ချင်သည်။ 



ပွဲမစမှီ လွန်ခဲ့သော တစ်ပတ်၌ သူတို့အသင်း၏ ပထမဦးဆုံး စကားစပြောမည့် သူက ရုတ်တရက်ကြီး အူအတက်ရောင်လာသဖြင့် ဆေးရုံတင်လိုက်ရပြီး ခွဲစိတ်ရန် စောင့်ဆိုင်းနေရသည်။အသင်းတစ်သင်းလုံး ဆုံးရှုံးလုနီးပါးပင်။ သူတို့အသင်းသည် ပြိုင်ပွဲများတွင် တခြားသူများနှင့် ယှဥ်ပြိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အသင်းမဟုတ်ပဲ တက္ကသိုလ်အတွင်းရှိ စကားရည်လုရတာ စိတ်ဝင်စားသော ကျောင်းသားအချို့ စုဖွဲ့ထားသော အုပ်စုငယ်လေးမျှသာ ဖြစ်သဖြင့် တစ်ခုခုဆို အစားထိုးဖို့ လူပို မရှိခဲ့ပေ။ 



ထိုစဥ်က ချန်ရှီညန်သည် မဲ့တုန်ကို တွေးလိုက်မိပါ၏။ ဒါပေမဲ့ သူ ပထမတစ်ခါ ဖိတ်ခေါ်ခဲ့စဥ်က မဲ့တုန်သည် ဘာမှစဥ်းစားမနေပဲ ငြင်းပယ်ခဲ့ဖူးသည်။ ဒါကြောင့် ချန်ရှီညန်က ထိုအတွေးကို လက်လျော့လိုက်သည်။ မမျှော်လင့်ပါဘဲ အဆုံးမှာတော့ မဲ့တုန်က သူတို့ကို ကယ်တင်ပေးခဲ့ပြီ။ 



"မဲ့ဇီ ၊မင်းအဆင်ပြေသွားပြီလား? မင်း ငါတို့နဲ့အတူ ညစာလိုက်စားလေ ၊ငါတို့ မင်းကို ကျွေးမှာပေါ့ ၊ ဒီတစ်ပွဲမှာ မင်းက ဟီးရိုးလေ " 



ချန်ရှီညန်က ပြောသည်။ မျက်နှာတစ်ခုလုံးတွင် အပြုံးများ ဝေနေပြီး မဲ့တုန်၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်။ 



ပရိသတ်ထဲတွင် ယန်ရှုမင် မရှိတော့ပါ။ 



မဲ့တုန် ခေါင်းငြိမ့်လိုက်မိသော်လည်း ချက်ချင်း အမှားပြင်ပေးသည်။



"ကျွန်တော် ဘာမှ များများစားစား မလုပ်ခဲ့ရပါဘူး၊ အချက်အလက်တွေကိုလည်း အားလုံးက ပြင်ဆင်ပေးကြတာလေ၊ ကျွန်တော်က အလွတ်ကျက်ပြီး ပြန်ရွတ်ပြရုံလေးပါ။ အသင်းသားတွေ အားလုံးကမှ အမှန်တကယ် ကြိုးစားအားထုတ်ခဲ့ကြတာပါဗျာ။" 



ချန်ရှီညန်က သူ့ ပုခုံးကို ပုတ်၍



"လုံလောက်ပြီ၊ အနိုင်ရဖို့သာ အရေးကြီးတာ၊ ကျန်တာတွေ သိပ်များများ တွေးမနေနဲ့ကွာ" 



ထိုသို့ပြောပြီးနောက် သူက မဲ့တုန်ကို လွှတ်ပေးလိုက်ပြီး ညစာ ဘယ်မှာသွားစားရမလဲ တိုင်ပင်ဖို့ အသင်းသားတွေရှိရာကို ထွက်သွားတော့သည်။



မဲ့တုန်သည် စကားပြောရာ စင်မြင့်ထက်တွင် ဆက်ပြီး ရပ်နေခဲ့ကာ ယန်ရှုမင် ထိုင်သွားခဲ့သော ထိုင်ခုံဆီသို့ အင်တင်တင်ဖြင့် စိုက်ကြည့်နေမိ၏။ 

တစ်စုံတစ်ယောက်ကို တိတ်တခိုး ချစ်နေရတဲ့သူတွေက လေထဲ တိုက်အိမ် ဆောက်တဲ့နေရာမှာ တကယ်တော်ကြတယ်ဆိုတဲ့ စကားကို သူ မှတ်ထားခဲ့မိတာ တန်သွားပြီ ... ယန်ရှုမင်က သူ့ကို ကြည့်ဖို့ လာခဲ့တာများလား။



မဲ့တုန်၏အတွေးတွေ ဘယ်လောက် ရဲတင်းသလဲဆိုတာ ဘုရားသခင် သိပါသည်။



သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေပါလိမ့် ။ယန်ရှုမင်က အမျိုးသားနေ့အားလပ်ရက် နောက်ဆုံးနေ့မှာ ကျင်းပမဲ့ စကားရည်လုပြိုင်ပွဲကို လာပြီး မဲ့တုန်ကို ကြည့်ဖို့ သူစိတ်သူ မထိန်းထားနိုင်တော့တာပဲ ဖြစ်ရမယ် ... 



မဲ့တုန်သည် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ဒီရက်တွေထဲမှာ ရင်ထဲက ဆန္ဒတွေကို ချုပ်တည်းထားရတာ သူ့အတွက် ဆုံးရှုံးသွားရတာပဲ။ 



အခုလည်း ယန်ရှုမင်ဆီကို စာပို့ပြီး 'ဘာဖြစ်လို့ မဲ့တုန် စကားရည်လုပြိုင်တာကို လာကြည့်ရတာလဲ' လို့ မေးပစ်လိုက်ချင်တဲ့ စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ 



သူ့ လက်တွေကို ဆက််မထိန်းထားနိုင်သည့်အတွက် ထို စာတစ်စောင်ကို သတ္တိရှိရှိ ပို့လိုက်သည်။ တကယ်တော့ ယန်ရှုမင်က မဲ့တုန်ကို သူငယ်ချင်းစာရင်းထဲက ထုတ်ထားပြီးလောက်ပြီလို့ ယုံကြည်ထားတာကြောင့် စာပို့ဖို့ လုပ်ရဲခဲ့တာပါလို့ မဲ့တုန် ကျိန်တွယ်ပြောရဲပါသည်။ 



စာပို့လို့မရပါ ဟု ဆိုလိုသည့် အနီရောင် (!)သင်္ကေတ ပေါ်မလာခဲ့ပေ။ 



ယန်ရှုမင်ဘက်က ချက်ချင်းစာပြန်လာသည်။ 



"စီနီယာ ၊ ဒီနေ့ စကားရည်လုပွဲလာကြည့်တာ ကျွန်တော် တွေ့လိုက်တယ်၊ ဒီမှာ သူငယ်ချင်းတွေ ရှိလို့လား။" 



"မဟုတ်ဘူး ... မင်းကို ကြည့်ဖို့ လာခဲ့တာ" 



မဲ့တုန်၏ ခေါင်းမှာ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ တပွက်ပွက်မြည်သံနှင့်အတူ အငွေ့များ ထွက်လာတော့သည်။ 



ဖုန်း screen ကို ခပ်ကြမ်းကြမ်း ပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ခုန်ပေါက်နေသောနှလုံးသားကို အတန်ငယ်မျှ တည်ငြိမ်စေလိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်ပြီး 

'မကောင်းဆိုးဝါး ဝိညာဥ်တွေ ၊ သရဲတစ္ဆေတွေ အခုချက်ချင်း မြန်မြန် ထွက်သွားကြ' ဟု စိတ်ထဲတွင် အကြိမ်ကြိမ် ရွတ်နေမိသည်။ 



အခုကဲ့သို့ နားလည်ရခက်သော စာတစ်စောင် ရလာဖို့ဆိုတာ သူ့ကို မကောင်းဆိုးဝါးဝိညာဥ်တွေ လာပူးကပ်တာကြောင့်ပဲလို့ မဲ့တုန် တွေးနေသည်။ 



စိတ်ထဲတွင် ထိုသို့ ရွတ်ပြီးနောက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သို့သော် ထိုစာသည် သူ့ဖုန်းscreen ပေါ်တွင် ရှိနေမြဲ ဖြစ်သည်။ 



"မဟုတ်ဘူး ... မင်းကို ကြည့်ဖို့ လာခဲ့တာ" 



ထိုစာကို မဲ့တုန် စူးစိုက်ကြည့်နေခိုက် ယန်ရှုမင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာလေသည်။ မဲ့တုန်မှာ အလန့်တကြား ဖြစ်သွားပြီး ဖုန်းကိုင်ထားသော လက်က တုန်ယင်သွားကာ ဖုန်းချသည့် ခလုတ်ကို မတော်တဆ နှိပ်မိသွားလေ၏။ 



..... 



"ဖုန်းပြောလို့ အဆင်မပြေလို့လား။" 



"T_T မဟုတ်ပါဘူး ၊ အဆင်ပြေပါတယ် ၊ ကျွန်တော် နည်းနည်း လက်တုန်သွားလို့ပါ" 



ထိုအခါ ယန်ရှုမင်က ဖုန်းထပ်ခေါ်လေသည်။ 



မဲ့တုန်သည် အကြိမ်နည်းနည်းလောက် အသက်ဝဝရှုပြီးမှ တရိုတသေဖြင့် ဖုန်းကို ကိုင်၍ နားထောင်လိုက်သည်။ 



ယန်ရှုမင်၏ အသံသည် ဖုန်းစပီကာ မှတဆင့်ထွက်ပေါ်လာသည်။လေလှိုင်းကို ဖြတ်၍ ထွက်ပေါ်လာသောအသံသည် အပြင်ကနှင့် အနည်းငယ်မျှ မတူသော်လည်း နှစ်လိုဖွယ် ကောင်းနေတုန်းပင်။ 



"ခဏနေကျရင် ညစာ အတူစားကြမယ်ဆို ဘယ်လိုလဲ။" 



ဒါက ... မဲ့တုန် လုံးဝမျှော်လင့်မထားပါသော မေးခွန်းဖြစ်သည်။ 



စာပို့တုန်းက အနီရောင် (!)မှတ် မပေါ်လာခြင်းကစ၍ အရာရာတိုင်းမှာ မဲ့တုန် မျှော်လင့်ထားတာထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ သူ့ဦးနှောက်မှာ လုပ်ဆောင်မှုချွတ်ယွင်းသွားပြီးနောက် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။ မသိစိတ်က အလိုအလျောက်ပြန်ဖြေသော စနစ်ကို အသက်သွင်းမိလိုက်ပုံရ၏။ 



"အာ ... ခဏနေကျရင် တစ်ဖွဲ့လုံးက ညစာအတူစားကြမယ်တဲ့။" 



" အမ်း ... ဒါဆို မေ့လိုက်တော့" 



သူ ဘယ်လို မေ့ပစ်လို့ ရမှာလဲ ... အားးး 



မဲ့တုန်၏ အသိစိတ်မှာ အခုမှ အွန်လိုင်းပေါ် ပြန်တက်လာခဲ့ပြီး သူဘာပြောမိသွားလဲ ဆိုတာ သဘောပေါက်သွားသည်။ သူ့စကားကို အမြန် ပြန်ပြင်ပြောလိုက်လေသည်။ 



"အာ ..... မဟုတ်ပါဘူး ၊ ကျွန်တော်တို့ အတူမစားပါဘူး ၊ ဘာ ညစာစားပွဲမှလည်း မရှိဘူး၊ကျွန်တော် မှားပြောမိသွားတာပါ။" 



ထိုအခါ ဖုန်း၏ အခြားတစ်ဖက်မှ ခပ်ဖျော့ဖျော့ရယ်သံတစ်ခု ထွက်လာတော့သည်။ ထိုရယ်သံသည် လေလှိုင်းများကြောင့် အနည်းငယ် မကြည်မလင် ဖြစ်နေသော်လည်း မဲ့တုန်၏နားထဲတွင် ဗရမ်းဗတာနှင့် တဒုတ်ဒုတ် နှလုံးခုန်သံကိုသာ ကြားနေရ၏။ 



ယန်ရှုမင်သည် ပြုံးရယ်ရင်းဖြင့် ပြောလိုက်သည်။ 



"ကိုယ် နှောင့်ယှက်မိသွားပြီ ၊ ပြိုင်ပွဲမှာ နိုင်တယ်ဆိုတော့ အသင်းသားတွေနဲ့ ညစာအတူစားဖို့က ပိုအရေးကြီးတယ်၊ ဖြစ်နိုင်ရင် နောက်တစ်ခါမှပေါ့ ..."



'ဖြစ်နိုင်ရင် နောက်တစ်ခါမှ'ဆိုတာသည် တရုတ်လူမျိုးတွေရဲ့ ယဥ်ကျေးစွာ ငြင်းပယ်ချင်ရင် သုံးသော စကားဆိုတာ လူတိုင်းသိသည်။ 

မဲ့တုန်သည် ယန်ရှုမင်နှင့် အတူစားသောက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုခြင်း မရှိပါ။ ဘယ်လိုလုပ်ပြီး ဒီလို အခွင့်အရေး ရလာမှန်း သူ မသိပေမဲ့ပေါ့၊ တိတိကျကျ အဖြေတစ်ခု ထပ်ရဖို့ မဲ့တုန် ယဥ်ကျေးမနေတော့ဘူး။ 



"ဒါဆို ... နောက်တစ်ခါက ဘယ်တော့လဲဟင်။" 



"လာမဲ့ သောကြာနေ့ညဆိုရင်ရော ၊ မင်း အားရဲ့လား။" 



"ဟုတ်ကဲ့" 



မဲ့တုန်အဖို့ လာမဲ့ သောကြာနေ့ညမှာ သူ အား ၊ မအား စဥ်းစားနေဖို့ အချိန်မရပါ။ အမြန်ဆုံးနှုန်းဖြင့် သူ သဘောတူခဲ့သည်။ ထို့ပြင် 



"ကျွန်တော် စီနီယာ့ကို လိုက်ကျွေးပါရစေ ၊ အဆင်ပြေမလား။" ဟု ထပ်ထည့်ပြောလိုက်သည်။ 



"အရမ်းချမ်းသာတယ်ပေါ့ " 



ယန်ရှုမင်က စနောက်လာသည်။ 



"နည်း ... နည်းနည်းပါ" 



မဲ့တုန်သည် စိတ်ကူးယဥ် ဆန်ချင်စရာမရှိသော အမူအရာဖြင့် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ 



ယန်ရှုမင် ထပ်ပြီး ရယ်မိတော့သည်။ 



ဖုန်းချပြီးသည့်နောက် မဲ့တုန်သည် အခုဘာတွေ ဖြစ်ကုန်ပြီလဲဆိုတာ မစဥ်းစားနိုင်တော့ပေ။ 



သူ သိသမျှကတော့ ဖုန်းနဲ့ထိကပ်ထားတဲ့ ညာဖက်နားရွက်က ခြစ်ခြစ်တောက် ပူလောင်နေတယ်ဆိုတာပဲ။ နားရွက်ဆီ လက်လှမ်းပြီး နားသန်သီးလေးကို ဖျစ်ညှစ်ကြည့်လိုက်သောအခါ အလွန်ပူနွေးနေသဖြင့် အံဩသွားရသည်။ အတော်လေး ကြာပြီးမှ သူနှင့် ယန်ရှုမင် စကားပြောထားသည့် နေရာသို့ ဖွင့်လိုက်ပြီး ထိုနေရာတွင် အမှန်တကယ်ပင် ၂မိနစ်ခန့် ဖုန်းခေါ်ဆိုထားပါကြောင်း မှတ်တမ်းလေးရှိနေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ 



ဒါကို အိပ်မက်တစ်ခုလို့ မဲ့တုန်က တွေးနေတာဖြစ်သည်။ 



အိပ်မက်ဆိုရင်လည်း ကိစ္စမရှိပါ။ မဲ့တုန်သည် အလွန်ယဥ်ကျေးသော တစ်ဖတ်သတ်ချစ်နေမိသူလေး ဖြစ်ပါသည်။ သူနဲ့ ယန်ရှုမင်တို့၏ ဆက်ဆံရေးအကြောင်းကို လွန်လွန်ကြူးကြူး စိတ်ကူးယဥ်ထားတာ မရှိသလို ယန်ရှုမင်ကိုလည်း ဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ရပါ။ 



အိပ်မက်ထဲမှာတောင်မှ မဲ့တုန်သည် သူ့ကိုယ်သူ အလွန် ထိန်းချုပ်ကန့်သတ်ထားတတ်သည်။ ယန်ရှုမင်၏ လက်ကို ကိုင်တာ ဒါမှမဟုတ် အနမ်းပေးတာ စသဖြင့် အိပ်မက်ထဲတွင် ဘယ်သောအခါမှ ထည့်မက်လေ့မရှိသူ ဖြစ်သည်။ အဆုံးစွန်ဆုံးအားဖြင့် သူနဲ့ ယန်ရှုမင်သည် သူငယ်ချင်းများအဖြစ် နှစ်ပေါင်းများစွာ ခင်မင်သွားကြပြီး ရံဖန်ရံခါ အတူစားသောက်ကြရန် ချိန်းဆိုသည့်အနေဖြင့် စာအပြန်အလှန်ပို့ကြသည်လောက်သာ အိပ်မက်မက်တတ်ပါသည်။ 



"မဲ့ဇီရေ ၊ သွားဖို့ အဆင်သင့်ဖြစ်ပြီလား။ငါတို့ တုတ်ထိုးအကင်သွားစားရအောင်" 



ချန်ရှီညန်က မဲ့တုန်ကို လှမ်းခေါ်လိုက်သည်။ 



မဲ့တုတ်သည် ဖုန်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး သူတို့နှစ်ယောက် ဖုန်းပြောခဲ့သည့် ခေါ်ဆိုမှုမှတ်တမ်းလေးကို ခိုးကြောင်ခိုးဝှက်ဖြင့် screenshot ရိုက်လိုက်ပြီးမှ ဖုန်းပိတ်လိုက်တော့သည်။ 



"အိုင်း ... လာပါပြီ" 



ယန်ရှုမင်က သူ့ကို အပြတ်ငြင်းဖို့ အခွင့်အရေး ရှာနေတာ ဖြစ်နိုင်သည်ဟု မဲ့တုန် မှန်းဆမိသည်။ 



ဒါပေမဲ့ ကိစ္စမရှိပါ။ မဲ့တုန်ကလည်း ထိုအရာကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။ 

++++++++