Chapter 5
ညစာစားဖို့ ချိန်းထားတာက လာမဲ့ သောကြာနေ့မှ ဆိုပေမဲ့ မဲ့တုန်ကတော့ ဒီတစ်ပတ် စနေနေ့ထဲက စောင့်မျှော်နေလေပြီ။
မဲ့တုန် နန်ကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သောအချိန်က နွေရာသီမှာ ဖြစ်သည်။ သူ့အဒေါ်က အပြင်ပန်းပုံစံအားဖြင့် သာမန်ရှပ်အင်္ကျီလက်တိုနှင့် ဆင်တူသော်လည်း အလွန်ဈေးကြီးသည့် အဝတ်အစားအစုံလိုက်ကို ယွမ်လေးထောင်ကျော် ပေး၍ ဝယ်ပေးခဲ့သည်။ ထိုအဝတ်အစားကို တက္ကသိုလ်အထိ မဲ့တုန် ယူလာခဲ့သော်လည်း တစ်ခါမှ ထုတ်မဝတ်ဖြစ်ခဲ့ပါ။
ချန်ရှီညန်တို့နှင့်အတူ ညစာစားပြီးနောက် အိပ်ဆောင်ပြန်ရောက်ချိန်တွင် မဲ့တုန် ပထမဆုံး လုပ်မိတဲ့အရာကတော့ အဝတ်အစား အပုံလိုက်ကြီးကို လှန်လှောမွှေနှောက်၍ ထိုအဝတ်အစားများကို ရှာဖွေခြင်းဖြစ်သည်။
မဲ့တုန်၏ အခန်းဖော် တစ်ယောက်ဖြစ်သူ ဝူကျီမော့သည် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးဖြစ်သည်။ သူသည် ပထမနှစ် တက်ရောက်နေစဥ်ကတည်းက မဲ့တုန်တွင် ထိုအဝတ်အစားများ ရှိသည်ကို မြင်တွေ့မိသူဖြစ်သည်။ဝူကျီမော့သည် ထိုအဝတ်အစားများ၏ တန်ဖိုးကို သိသည့်အတွက်ကြောင့် မဲ့တုန်က သူ့လိုပဲ ချမ်းသာသော ဒုတိယမျိုးဆက်ဟု မှတ်ယူထား၏။ မဲ့တုန်က အရမ်းကို သိုသိုသိပ်သိပ်နေတတ်လွန်းလို့ ဝူကျီမော့ အံ့ဩမိခဲ့သည်။
မဲ့တုန်ကတော့ သူ့အနေနဲ့ ထိုကဲ့သို့ ဈေးကြီးလွန်းပါသော အဝတ်အစားကို ဘယ်တော့မှ မဝယ်ပါကြောင်း ရှင်းပြပါ၏။ ထိုအဝတ်အစားက မဲ့တုန် နန်ကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည့်အတွက် အဒေါ်က လက်ဆောင်ပေးခဲ့တာသည် ဖြစ်သည်လေ။
တစ်နှစ်ခန့် ကြာပြီးနောက် ဝူကျီမော့သည် မဲ့တုန်က တန်ဖိုးကြီး ချပ်ဝတ်တန်ဆာကို ထုတ်ယူလိုက်တာ မြင်လိုက်သဖြင့် မျက်ခုံးများပင် အလိုလို မြင့်တက်သွားရပြီး မဲ့တုန်တစ်ယောက် ကောင်မလေးနဲ့ ချိန်းထားတာလားလို့ မေးလိုက်သည်။
မဲ့တုန် အနည်းငယ်ရှက်သွားသော်လည်း မငြင်းမိခဲ့။ချိန်းထားတာတော့ အမှန်ပဲ ၊ဒါပေမဲ့ တွေ့ရမဲ့သူက မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ရုံပဲဆိုတော့ လိမ်ပြောနေတာမှ မဟုတ်တာ။
"မဟုတ်ပါဘူး၊ ငါက ဒီအတိုင်း ဒီဝတ်စုံကို ဝတ်ဖို့ အခွင့်အရေး များများစားစား မရှိရုံပါပဲ၊ ဒီဟာက အရမ်းကို အာရုံစိုက်ခံရလောက်တယ်လေ၊ မဟုတ်ဘူးလား?"
ဝူကျီမော့ ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်လိုက်၏။
"ဝတ်မှာသာ ဝတ်စမ်းပါကွာ၊ ထောင်ပေါင်း ကနေ ယွမ်တစ်ရာနဲ့ ဝယ်လို့ရတဲ့ ဟာနဲ့ သိပ်မှ မကွာတာ၊ ဘရန်းတွေ ၊ဈေးကြီးတဲ့အမှတ်တံဆိပ်တွေက လူချမ်းသာတွေအတွက် ကြွားဖို့သက်သက်ပဲ၊ မင်းဝတ်တဲ့ဘရန်းက တော်တော်မိုက်တယ်၊ တံဆိပ် ပြူးပြူးပြဲပြဲတွေမှ မပါဘဲ၊ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"
မဲ့တုန်ကတော့ ခေါင်းခါလိုက်သည်။
"ထားပါတော့လေ ၊ သူ ဒီတံဆိပ်ကို သတိထားမိပြီး ငါက ချမ်းသာတာ ကြွားဖို့ ဝတ်လာတယ်ဆိုပြီး သူ ထင်သွားမလားပဲ"
ဝူကျီမော့ ရယ်လိုက်၏။
"သူမ ဆိုတာက"
[တရုတ်လိုဆို သူ နဲ့ သူမ က အသံထွက်တူပါတယ်၊ ဝူကျီမော့က မိန်းကလေးလို့ ထင်တာကြောင့် 'သူမ'လို့ မေးလိုက်တာပါ]
"ဟေ့ကောင် ၊ မင်း လျှိုထားမနေဘဲ ပြောပြစမ်းပါကွာ ၊ လာစမ်းပါ၊ ပြောလိုက်တော့ ၊ မင်း ဘယ်သူနဲ့ ချိန်းထားတာလဲ။"
တိတ်တခိုး ချစ်နေရတဲ့သူတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိသည်။ သူတို့ ချစ်နေတဲ့သူနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ တိုးတက်မှုတွေ ရှိရှိ ဘေးက လူတွေ မသိအောင် လျှို့ဝှက်ထိန်းသိမ်းထားနိုင်ကြသည်။ မဲ့တုန်က ယန်ရှုမင်ကို ကြိုက်နေတယ်ဆိုတာ သူ့ကိုယ်တိုင်နဲ့ သူ့ဒိုင်ယာရီစာအုပ်သာ သိခဲ့တာ .... အခုတော့ ယန်ရှုမင်လည်း သိသွားပြီပေါ့ ၊ ကျန်တဲ့သူတွေ တစ်ယောက်မှ သိတာမဟုတ်ဘူး။
မဲ့တုန်က ယောကျ်ားလေးတွေကိုပဲ ကြိုက်တယ်ဆိုတာ ဝန်မခံရဲလို့မဟုတ်သလို၊ ယန်ရှုမင်လို တစ်စုံတစ်ယောက်ကိုမှ ကြိုက်နေမိလို့ အလှောင်ခံရမှာကိုလည်း ကြောက်နေတာမဟုတ်။ တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စသာ ဖြစ်သည်။ မဲ့တုန်က စနောက်ခံရတာကို မကြိုက်ပါ။ သို့ပေမဲ့ သူ့ကို လာစနောက်ရင် သူ့အနေနဲ့ ကောင်းစွာ ကိုင်တွယ်နိုင်သော်လည်း ကျန်တဲ့အခြားတစ်ယောက်ပါ သူများ လှောင်ပြောင်ချင်စရာ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တာ သူသိသည်။
မဲ့တုန် ယန်ရှုမင်ကို ကြိုက်တယ်ဆိုတာ သူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပြီးတခြားသူတွေနဲ့ ဘာမှ မသက်ဆိုင်ပါ။သူ့သူငယ်များ၏ မျက်လုံးထဲတွင်တော့ ယန်ရှုမင်က သူ့ကို လာပတ်သက်နေတယ်လို့ မြင်ကြမှာပဲ၊ ဒါက မမျှတဘူး၊ မဲ့တုန်က ဒီလို မျိုး မဖြစ်စေချင်ပါ။ ဒါကြောင့် သူ တစ်စုံတစ်ယောက်ကို ကြိုက်နေမိပါတယ်လို့ ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပေ။
မဲ့တုန်သည် အဝတ်အစားများကို ခေါက်နေရာမှ ထရပ်လိုက်သည်။
"ငါ တကယ်ကို ကောင်မလေးနဲ့ သွားတွေ့တာ မဟုတ်ပါဘူး၊ သောကြာနေ့ကျရင် စီနီယာတစ်ယောက်နဲ့ ညစာစားဖို့ ပြောထားတာ။"
ဝူကျီမော့ကတော့ မဲ့တုန် မလိမ်တတ်မှန်း သိသည်။ ဒါကြောင့် သူက စပ်စုလိုစိတ် သိပ်မရှိတော့ဘဲ ဘာမှ ထပ်မမေးတော့ပေ။
ဟန်ဖုကလပ်၏ အဖွဲ့ဝင်အသစ်များ စုဆောင်းရေးနေ့တွက် လျိုချန်းဝေလည်း ရှိနေခဲ့သည်။ဆံပင်တိုတိုနှင့် ရှေးခေတ်အမျိုးသားဝတ်ရုံကို ဝတ်ထားခဲ့သည်။ သူမထံမှ သူရဲကောင်းဆန်ပြီး ထင်ရှားထက်မြက်သည့် အရှိန်အဝါများထုတ်လွှတ်နေတာကြောင့် ယောကျ်ားလေးများရော မိန်းကလေးများပါ မကျန်အောင် ညီတူညီမျှ ညှို့ယူဖမ်းစားထားနိုင်ခဲ့သည်။ သူမ၏ ကျော်ကြားမှုမှာ ယန်ရှုမင်နဲ့ပင် ယှဥ်လို့ရနိုင်သည်။
မဲ့တုန်သည် ရုတ်တရတ်ကြီး ရှင်းလင်းသွားသလို ခံစားရသည်။သူ ဦးနှောက်ခြောက်နေသော အရာရာတိုင်းက အခုတော့ သေချာရှင်းလင်းသွားရပြီ။
ဒါဆို အဲ့ဒါက ဒီလိုမျိုးပေါ့။ ယန်ရှုမင်က လျိုချန်းဝေကို တွေ့ဖို့ လာခဲ့တယ်ဆိုတာ ပေါ်လာပြီပဲ။
မဲ့တုန်သည် ထိုအခိုက်အတန့်၌ အခန်းဖော်များ ပြောနေကြသော စကားများကို ဆက်နားထောင်နိုင်သော အနေအထားတွင် မရှိတော့ပေ။
ဒီတခဏမှာပဲ ယန်ရှုမင်က လူလိမ်လူညာတစ်ယောက်ဆိုတာ မဲ့တုန် သိလိုက်ရပြီ။
သူက လျိုချန်းဝေကို တွေ့ဖို့လာတာ ရှင်းနေတာပဲကို။ ဘာလို့များ မဲ့တုန်ကို ကြည့်ဖို့ လာခဲ့တာပါ ဆိုပြီး အခိုင်အမာ ပြောနေရသေးတာလဲ။
သူက တစ်ဖက်သတ် ချစ်နေမိတာလေးပါ။ အရှက်သိက္ခာမရှိတဲ့ အူကြောင်ကြားတစ်ယောက်မှ မဟုတ်ပဲ။
မဲ့တုန် အတည်ပေါက်ကို စိတ်ဆိုးနေပါသည်။ စိတ်ပျက်လွန်းလှသဖြင့် ဒိုင်ယာရီထဲတွင် ဖောင်တိန်ဖြင့် မင်စက် အကြီးကြီးကျအောင် ဖိချလိုက်ပြီးမှ ဒီနေ့အတွက် ဒိုင်ယာရီကို ဆက်ရေးတော့သည်။
ငါရော မိန်းကလေးတွေနဲ့ ရင်ခုန်စရာ ဆက်ဆံရေးတစ်ခု ရဖို့ ကြိုးစားကြည့်သင့်လား။
ယန်ရှုမင် လူဆိုးကောင်ကြီး။
ထိုစကားလုံးများကို ရေးပြီးနောက် မဲ့တုန်သည် ဒိုင်ယာရီကို ဗြန်းကနဲ ပိတ်ပစ်လိုက်ပြီး သူမမြင်နိုင်သော ထောင့်တစ်နေရာတွင် အလွယ်ပဲ ချောင်ထိုးထားလိုက်သည်။ စိတ်ဓါတ်ကျခြင်း၊ စိတ်ပျက်အားလျော့ခြင်း များစွာကို ခံစားနေရင်း အိပ်ရာထက်သို့ လှဲချလိုက်မိသည်။
နတ်ဘုရား ဒေါက်တာမဲ့မှာ သူ့နှလုံးသားက အတော်လေး နာကျင်ခံစားနေရမှန်း သိလိုက်သည်။
ဒါက တိုက်ဆိုင်မှုတစ်ခုပဲတော့ မဖြစ်နိုင်။ ယန်ရှုမင်က ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ၊ပြီးတော့ တုချွမ်ပြောသမျှတွေနဲ့ ဆက်စပ်ကြည့်ရင် တုချွမ်ရဲ့ ရည်းစားနဲ့ ယန်ရှုမင်က အဲ့လောက်ထိလည်း ရင်းနှီးကြတာမဟုတ်ဘူး။ ဒါဆို ဟန်ဖုကလပ်ကို လာကူညီပေးခဲ့တာက အထူးသီးသန့် တစ်စုံတစ်ယောက် အတွက်ပေါ့။
စကားရည်လုပွဲကို ခဏထားလိုက်ဦး။ မဲ့တုန်သည် ယန်ရှုမင်က သူ့ကို လာကြည့်ပါတယ် ဆိုတဲ့ စကားကို ဘယ်တုန်းကမှ အယုံအကြည်မရှိခဲ့။ အမျိုးသားနေ့ အားလပ်ရက်ရဲ့ နောက်ဆုံးနေ့ကို ရောက်နေပြီလေ။ အထူးသီးသန့် တစ်စုံတစ်ယောက်အတွက်သာ မဟုတ်ရင် ဘယ်သူကများ စကားရည်လုနေတာကို ကြည့်ရင်းနဲ့ သူတို့ရဲ့အချိန်ကို ဖြုန်းတီးပစ်မှာတဲ့လဲ။
ဒါတွေ အကုန်လုံးက လျိုချန်းဝေ အတွက်ပေါ့။
မဲ့တုန်သည် အတော်လေး တရားမျှတမှု ရှိပါသည်။ သူ့ဒေါသများကို အပြစ်မရှိသူ လျိုချန်းဝေအပေါ် မပုံချရဲပါ။ ဒါပေမဲ့ ယန်ရှုမင်ကတော့ လူလိမ်လူညာတစ်ယောက်ပဲလို့ တကယ်ကြီး ခံစားနေမိသည်။
ဒါက ဘာသဘောလဲ။မဲ့တုန်က သူ့ကို ကြိတ်ကြွေနေတယ်ဆိုတာလည်း သူ သေချာသိပြီးသား။ပြီးတော့ သူက လျိုချန်းဝေနဲ့ တွဲနေတာ၊ အဲ့ဒါဆို သူက ဘာဖြစ်လို့ ဒီလိုမျိုးတွေ လာပြောနေရသေးတာလဲ။
စိတ်ထဲတွင် ယန်ရှုမင်ကို လူလိမ်လူညာကြီး၊ ဆန်ကုန်မြေလေးကြီးလို့ နာမည်တပ်ပြီး ကြိမ်းမောင်းပြစ်တင် နေခဲ့ပေမဲ့ မဲ့တုန်သည် သူ့အတွေးသူ ပြန်ပြီး ဆန့်ကျင်နေမိပြန်၏။ ယန်ရှုမင်က အဲ့လို လူစားမျိုးဆိုတာ မဲ့တုန် မယုံကြည်နိုင်သေးပါ။
ဒါဆို ဘာတွေ လွဲမှားနေခဲ့တာလဲ။
ယန်ရှုမင်သည် သူတစ်ပါးအပေါ် ညှာတာထောက်ထားပြီး နွေးထွေးသော စိတ်ထားရှိသူ ဟု မဲ့တုန် အမြဲသိခဲ့သည်။
ယန်ရှုမင်သည် လျိုချန်းဝေအတွက် သီးသန့် မဟုတ်ရင်တောင်မှ သူငယ်ချင်းတစ်ယောက် အကူအညီတောင်းလို့ ဟန်ဖုကလပ်ကို လာကူညီပေးတာလဲ ဖြစ်နိုင်တာပဲလေ။ လျိုချန်းဝေအတွက် မဟုတ်ဘဲ သူ့ကို ကြိတ်ကြွေနေတဲ့ မဲ့တုန်ဆိုတဲ့ ကောင်လေးအကြောင်း သိချင်လို့ လာကြည့်တာလဲ ဖြစ်နိုင်တာပဲ။
သူ့စိတ်ထဲတွင် ယန်ရှုမင်ကို လူကောင်း နှင့် လူဆိုး ဆိုသော အတွေးများဖြင့် ခက်ခက်ခဲခဲ တွေးတောကြည့်မိပြီးနောက် မဲ့တုန်၏ စိတ်ထဲတွင် အတွေးများက အစဖြေ၍ မရတော့သော အရှုပ်အထွေးကြီး ဖြစ်သွားရလေသည်။ နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး ခေါင်းကို အုပ်၍ အတင်းထိုးအိပ်လိုက်တော့သည်။
အိပ်မက်ထဲတွင် ယန်ရှုမင်နှင့် လျိုချန်းဝေက သူရှေ့တွင် လက်တွဲထားပြီး ရပ်နေကြသည်။ယန်ရှုမင်က ပြုံးနေပြီး မဲ့တုန်ကို သူ့သူငယ်ချင်းများခေါ်သလို မဲ့ဇီ ဟု နွေးထွေးစွာ လှမ်းခေါ်၏။ ပြီးတော့သူက ပြောသည်။
"မဲ့ဇီ ၊ကိုယ် မင်းကို မိတ်ဆက်ပေးရဦးမယ်၊ဒါက ကိုယ့်ရဲ့ ချစ်သူ ချန်းဝေ တဲ့။"
မဲ့တုန်သည် ခေါင်းကို ငုံ့ထားပြီး သူ့ရှေ့မှာ သူတို့နှစ်ဦး အချင်းချင်း ကြင်နာယုယနေသည်ကို မျက်မြင်သက်သေ ဖြစ်လိုစိတ် လုံးဝရှိမနေပါ။ သူ့ နှလုံးသားထဲတွင်တော့ ခပ်တိုးတိုး ရေရွတ်နေမိသည်။
"မဲ့ဇီ နဲ့ ချန်းဝေ ... ၊ ယန်ရှုမင် ခင်ဗျား ရုက္ခဒဗဒဥယျာဥ် တည်ထောင်မလို့လား။မဲ့ဇီ နဲ့ ချန်းဝေက အတူတူ ရှိနေလို့မှ မရတာကို။"
[မဲ့ဇီ က ဂျုံပင်၊ ချန်းဝေ က နှင်းဆီပန်း နဲ့ အသံထွက် တူလို့ပါ]
မဲ့တုန်က သူ့ရဲ့ခံစားချက်များကို ကြိုးစားထိန်းချုပ်ရင်း ပြုံး၍ ဆုတောင်းပေးလိုက်သည်။
"ကျွန်တော့် အခန်းဖော်တွေဆီက ကြားခဲ့ပြီးသားပါ၊ စီနီယာတို့ နှစ်ယောက် အတူရှိနေကြလို့ ဝမ်းသာပါတယ်။"
မဲ့တုန်၏ မျက်နှာမှာ တောက်ပစွာ ပြုံးနေခဲ့သော်လည်း အတွင်းနက်နက်ထဲမှာတော့ ခါးသီးမှုများဖြင့် မခွဲနိုင် မခွာရက် ဖြစ်နေခဲ့သည်။ သက်တမ်းရင့် ရှာလကာရည်ပုလင်း မှောက်ကျသွားသကဲ့သို့ ဆယ်မိုင်ပတ်လည် အကွာအဝေးအထိ ချဥ်စူးစူးရနံ့များ ထုတ်လွှတ်နေတော့သည်။
မနက် အိပ်ယာနိုးလာတော့ မဲ့တုန် မှန်ကြည့်မိသောအခါ သူ့မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နေသည်ကို မြင်ရသည်။ မျက်နှာကို အလျင်အမြန် ပွတ်သပ်လိုက်ပြီး ပုံမှန်အတိုင်းဖြစ်အောင် ချိန်ညှိလိုက်ရသည်။
မနေ့ညက စိတ်လှုပ်ရှားစေသော စွမ်းအားတချို့ကို ခံစားခဲ့ရပြီးနောက် မဲ့တုန်သည် ယန်ရှုမင်က တကယ်ပဲ လျိုချန်းဝေနဲ့ တွဲနေလားဆိုတာ သေချာအောင် တိတ်တဆိတ် ရှာဖွေချင်ခဲ့သည်။
သွားတိုက်နေရင်းနဲ့မှ မဲ့တုန်သည် တုချွမ်အနားသို့ လျှောက်လာရင်း ခပ်တည်တည် မေးလိုက်သည်။
"ဟေး ... မနေ့ညက ယန်ရှုမင်နဲ့ လျိုချန်းဝေတို့ တွဲနေကြတယ်လို့ မင်းပြောတာ ငါကြားလိုက်ရတယ်။"
တုချွမ်က ပါးစပ်ထဲတွင် သွားတိုက်ဆေးအမြှုပ်များ ရှိနေသဖြင့် မသဲမကွဲ အသံဖြင့် ပြောသည်။
"အမ်း ... အာ ငါ့ကောင်မလေးက သူ့သူငယ်ချင်းရဲ့ WeChat moments မှာ တွေ့တာတဲ့ ၊ဒါပေမဲ့ကွာ အမှန်တကယ် ဟုတ်၊ မဟုတ် ဘယ်သူက သိမှာလဲ။"
မဲ့တုန်က ထပ်ပြီး စစ်ဆေးသည်။
"ဒါဆို မင်းက ဘာလို့ အဲ့ဒါကို လျှောက်ပြောနေရတာလဲ။"
တုချွမ်က ပြန်ဖြေသည်။
"မင်းတို့ရဲ့ စကားရည်လုပွဲအကြောင်း တွေးမိသွားလို့ပါ၊ အဲ့ဒီပွဲက ကျောင်းက အဓိကဦးစီးကျင်းပတဲ့ ပွဲမဟုတ်ဘူး ၊ဒီတိုင်း သမားရိုးကျ လုပ်တဲ့ပွဲမျိုး ။အဲ့ဒီတော့ ဘယ်သူမှ တကူးတက သွားကြည့်ချင်ကြတာ မဟုတ်ဘူး၊ ယန်ရှုမင်က ဒီလောက် အလုပ်များတာ၊ သူ တစ်ယောက်ယောက်ကို တွေ့စရာရှိလို့ အဲ့ဒီကို သွားတာပဲ ဖြစ်နိုင်တယ်။ နောက်ထပ် မဖြစ်နိုင်တဲ့အရာတွေကို ဖယ်ထုတ်ကြည့်မယ်ဆိုရင် မင်းတို့အသင်းက တတိယမြောက် စကားရည်လုတဲ့ ကောင်မလေးဆို ရည်းစားရှိပြီးသား၊ လျိုချန်းဝေတို့အသင်းက ကောင်မလေးဆိုလည်း သူတို့အတန်းခေါင်းဆောင်နဲ့ ဘာလိုလို ညာလိုလိုဆိုတော့ ... လျိုချန်းဝေတစ်ယောက်ပဲ ကျန်တယ်လေ။"
မဲ့တုန် ဘယ်လိုမှ မယုံနိုင်ပါ။
ဘာလို့ လျိုချန်းဝေတစ်ယောက်ပဲ ကျန်တာတဲ့လဲ။
ယန်ရှုမင် စကားရည်လုပွဲကို လာတာက မိန်းကလေးတစ်ယောက်အတွက်နဲ့တဲ့လား။ဒီလူတွေက အပေါ်ယံလေးလောက် တွေးနေကြတာပဲ၊ သူက စကားရည်လုပြိုင်တာကို ကြည့်ရတာ ကြိုက်လို့လဲ ဖြစ်နိုင်တာပဲဟာ ၊ ဒါမှ ... ဒါမှမဟုတ် ယန်ရှုမင်က မဲ့တုန်ကို လာကြည့်တာလဲ ဖြစ်နိုင်တာပဲလေ ။မဲ့တုန်ရေ့။
စိတ်ထဲမှာ တွေးနေတာဖြစ်သဖြင့် သူ အကျယ်ကြီး ထုတ်မပြောမိလိုက်ပါ။
စိတ်ဓါတ်ကျစွာဖြင့် သွားတိုက်နေရင်းနဲ့မှ သူသည် တုချွမ်၏ စကားများကို သဘောတူခဲ့ရသည်။
လျိုချန်းဝေတစ်ယောက်ထဲ ကျန်တာတော့ မဟုတ်ဘူး မလား။
မဲ့တုန်သည် အတွေးများကို ခဏမျှ ချုပ်တည်းထားနိုင်သော်လည်း အဆုံးထိ ဆက်မတွေးဘဲ မနေနိုင်ခဲ့ပေ။
'သူ'က ထူးထူးဆန်းဆန်းတွေ ပြုမူနေသည်။ အရင်ကဆို သူက စိတ်ခံစားချက်များနှင့် ခန္ဓာကိုယ်ကို အမြဲတမ်း သေချာ ချုပ်ထိန်းထားနိုင်ခဲ့ပြီး နားလည်ရခက်စေသော စကားမျိုးကို ဘယ်တုန်းကမှ မပြောတတ်ခဲ့။
သွားပွတ်တံကို ကိုက်ထားရင်းဖြင့် မဲ့တုန်သည် အသက်ရှူသံတမျှ လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"သူက ငါ့ကို ကြည့်ဖို့လာတာလို့ ပြော
တယ်။"
တုချွမ် သေချာမကြားလိုက်ပေ။
"ဟမ် ..." ဟု မေးလိုက်သည်။
မဲ့တုန်၏ သတ္တိများ ပျောက်ဆုံးသွားတော့သည်။ ထို့နောကိ အပြစ်ကင်းစင်သော ပုံစံဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှ "ဟမ် " လို့ ပြန်ပြောလိုက်၏။
တုချွမ်က ခံတွင်းသန့်ဆေးရည်ကို ထွေးထုတ်လိုက်ပြီး
"မင်း ခုနက ဘာပြောလိုက်တာလဲ" ဟု ထပ်မေးတော့သည်။
မဲ့တုန် ခေါင်းခါလိုက်ရင်း
"ငါ ဘာမှမပြောပါဘူး၊ မင်း နားကြားလွဲနေတာ။" ဟု ပြန်ဖြေလိုက်လေသည်။
++++++++