Chapter 6
Viewers 214

Chapter 6



ယန်ရှုမင်နှင့် ညစာအတူစားရန် ခြောက်ရက် အလို။


မဲ့တုန်မှာ ဆုပ်လည်းဆူး စားလဲရူး ဖြစ်နေရသည်။ လူတိုင်းအတွက်တော့ ယောကျ်ားလေးတွေ အချင်းချင်း ညစာအတူစားတယ်ဆိုတာ ပုံမှန်ကိစ္စဖြစ်ပေမဲ့ မဲ့တုန်က သူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းလည်း မဟုတ်ပေ။ မဲ့တုန်က ဂေးတစ်ယောက်ဖြစ်ပြီး ယန်ရှုမင်အပေါ်တွင် တစ်ဖက်သတ်ခံစားချက်တွေလည်း ရှိနေသေးသည်။ 


ဒါဆိုတော့ သူနဲ့ ယန်ရှုမင် ညစာအတူစားတာက အဲ့လောက်ထိ ဖြူစင်ရိုးသားတဲ့ကိစ္စ မဖြစ်နိုင်တော့ဘူး။ 


သူ၏ စိတ်သောကများနှင့် အကြပ်ရိုက်နေမှုများကို မဲ့တုန်သည် ဒိုင်ယာရီထဲတွင် သေချာ မှတ်တမ်းတင်ခဲ့သည်။ 


၂၀၂၃ အောက်တိုဘာ ၈ ရက်၊ ကောင်းကင်ကြီးက ကြည်လင်နေတယ် 


ညစာစားဖို့ ဖိတ်ထားတာကို ငါ ငြင်းလိုက်သင့်သလိုပဲ။အဖြောင့်တွေရဲ့ အတွေးက ညစ်ပတ်နေရင်တောင်မှ အတော်လေး ရိုးစင်းကြတာ။ ရိုးရိိုးသားသားနဲ့ ညစ်ပတ်နေတာလဲ ဖြစ်နိုင်တာပဲ။ ငါက ယန်ရှုမင်ကို ကြိုက်နေခဲ့တယ်ဆိုရင်တောင် ငါ သူ့အပေါ် အခွင့်အရေး မယူသင့်ဘူး။ သူ့မှာ ချစ်သူကောင်မလေး ရှိနေပြီး သူ့အပေါ် တစ်ဖက်သတ် ကြိုက်နေတဲ့သူကို ငြင်းဖို့အတွက် ညစာအတူစားကြတယ်ဆိုတာက သူတို့လို အဖြောင့်တွေရဲ့ ခေါင်းထဲမှာတော့ လက်တွေ့ကျသလို ဖြစ်နေမှာပဲ။ 

ဒါပေမဲ့ ငါက သူ့ရဲ့အမျိုးသားအငယ်အနှောင်းလေးမှ မဖြစ်ချင်တာ ...ဟမ့်။


တခြားတစ်ဖက်က တွေးကြည့်ရင် ယန်ရှုမင်မှာ ရည်းစားရှိတာ ဘယ်သူကမှ မသိသေးဘူးဆိုတော့ ငါ့ဘက်က သူ့ကို ဖောက်ပြန်ဖို့ သွားပြောနေတာမှ မဟုတ်တာ ...ဟုတ်တယ်မလား။သူတို့က လူသိရှင်ကြား တွဲနေကြတာလည်း မဟုတ်ဘူး၊ သူတို့ တွဲနေတယ်ဆိုတဲ့ ကိစ္စတစ်ခုလုံးက မှန်းဆပြီးပြောနေကြတာပဲကို ။ 


ငါ သူ့ကို တကယ် မေးကြည့်လိုက်ချင်တယ် ၊သူက မကောင်းတဲ့လူဆိုတာ ငါ မယုံနိုင်သေးဘူး။ သူက လူတွေကို ကစားတတ်တဲ့သူဆို ပိုလို့ကို မယုံနိုင်သေးတယ်။ အမ်း ... ငါကတော့  လူတွေကို မှားယွင်းအကဲဖြတ်တတ်တဲ့ အရူးတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ့ကိုယ်ငါအာမခံနိုင်တယ်လို့ပဲ ထားလိုက်ပြီ။ ငါ သူ့ကို သေချာမေးရမယ် ဟုတ်တယ်နော်။ 


သူ့မှာသာ တကယ်ကြီး ချစ်သူရှိနေရင် ငါ သူနဲ့အတူ ညစာစားဖို့ မသွားတော့ဘူး။ 


ထိုသို့ ရေးသားပြီးနောက် မဲ့တုန် ဖုန်းကို ထုတ်လိုက်သည်။ 


ဒိုင်ယာရီထဲတွင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်အတိုင်း ယန်ရှုမင်ကို လျိုချန်းဝေနဲ့ တွဲနေတာလားလို့ မေးရမယ် ဆိုပေမဲ့ မဲ့တုန် တုံ့ဆိုင်းနေမိသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီးတော့မှ နည်းနည်း တွန့်ဆုတ်နေမိသေး၏။ 


ယန်ရှုမင်မှာ ချစ်သူရှိနေရင်တောင်မှ သူ့ရဲ့ ကိုယ်ပိုင်အတ္တစိတ်လေးက ညစာအတူစားရမဲ့ အခွင့်အရေးလေးကို လက်လွှတ်ဆုံးရှုံးမခံချင်ကြောင်း ဝန်ခံပါသည်။ အကြာကြီး တွေးနေခဲ့ပြီးမှ ထိုအတွေး တစ်သီတစ်တန်းကြီးကြောင့် မေးဖို့ သိပ်မလွယ်တော့သလို ခံစားလာရတော့သည်။ 


လုပ်လိုက်စမ်းပါ မဲ့တုန်ရာ၊ မင်း သူ့ရဲ့ အမျိုးသားအငယ်အနှောင်းလေး တစ်ကယ်ပဲ ဖြစ်ချင်နေလို့လား။


လုံးဝမဟုတ်ဘူးပေါ့ ။ 


ယန်ရှုမင်ကသာ ဆန်ကုန်မြေလေးတစ်ယောက် ဆိုရင်  သတ္တိခဲလေး မဲ့တုန်က သူ့ကို ဘယ်တော့မှ ထပ်ကြိုက်တော့မှာမဟုတ်ဘူး။


ဒါကြောင့် မဲ့တုန်တစ်ယောက် ဖုန်းscreen ပေါ်က ကီးဘုတ်ပေါ်တွင် တတောက်တောက်နှင့် စာရိုက်လိုက်တော့သည်။
 

မဲ့ဇီ : "စီနီယာ ကျွန်တော် ခင်ဗျားကို မေးစရာ ရှိလို့ပါ" 


ယန်ရှုမင် : "အမ်း..." 


မဲ့ဇီ : "စီနီယာမှာ ချစ်သူကောင်မလေး ရှိတယ်ဆိုတော့ ကျွန်တော် စီနီယာနဲ့ ညစာစားဖို့ အဆင်မပြေလောက်ဘူးလို့ ခံစားမိပါတယ်။" 


ယန်ရှုမင် : "ချစ်သူကောင်မလေး ..."
 

မဲ့ဇီ : "အရင်တစ်ခါ စကားရည်လုပွဲကို စီနီယာ လာကြည့်တာ လျိုချန်းဝေ ကြောင့် မဟုတ်လား။" 


ယန်ရှုမင် : "အဲ့လိုပါလို့ မင်းကို ဘယ်သူပြောလဲ။" 


မဲ့ဇီ : "ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော် ဒီလိုပဲ သိခဲ့တာ။" 


ယန်ရှုမင် : "ကိုယ့်မှာ ချစ်သူကောင်မလေး ရှိနေတာနဲ့ပဲ မင်းနဲ့ ညစာအတူစားဖို့ ဘာလို့ မသင့်တော်ရမှာလဲ။" 


မဲ့တုန် ဒေါသထွက်ပြီး ဖုန်းကို ဗတ်ခနဲ ပုတ်လိုက်၏။ 


တွေ့လား ... သူက တကယ့်ကို ဆန်ကုန်မြေလေးတစ်ယောက်ပဲ။


ဒီလောက် သိသာနေတာကို ဘာလို့လဲဆိုပြီး လာမေးနေသေးတယ်။


သို့သော် မဲ့တုန်သည် တည့်တိုးပြောဖို့ ကသိကအောက် ဖြစ်နေမိသည်။ 'ကျွန်တော် ခင်ဗျားကို ကြိုက်နေလို့ပေါ့' အဲ့လို ပြောလိုက်သင့်လား။
အတန်ငယ် တုံ့ဆိုင်းနေသဖြင့် စာကို ပြန်ပြင်လိုက်ပြီးမှ ဖျက်ပစ်လိုက်သည်။ 'ကျွန်တော် စီနီယာ့ကို ကြိုက်တယ်'လို့ စာရိုက်လိုက်ပြီး နောက်တစ်ခါ ဖျက်လိုက်ပြန်၏။ ထို့နောက် 'ဒိုင်ယာရီကြောင့်လေ စီနီယာလဲ ဖတ်ခဲ့ရတာပဲ မဟုတ်လား' ဟု ထပ်ရေးပြီး ထိုစာကိုလည်း ဖျက်လိုက်သည်။ 


အထပ်ထပ်အခါခါ ပြင်လိုက် ဖျက်လိုက် လုပ်နေရသဖြင့် စိတ်ပျက်လာပြီး မဲ့တုန် စိတ်တိုလာမိတော့သည်။ 


မဲ့ဇီ : "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ညစာ အတူ မစားကြရအောင်ပါ။"

ယန်ရှုမင် : "မင်း ပြောတဲ့ ကိုယ့်ရဲ့ချစ်သူကောင်မလေးဆိုတာ လျိုချန်းဝေကို ပြောချင်တာလား။" 


မဲ့ဇီ : "ဟုတ်ပါတယ်" 


ယန်ရှုမင် : "မဲ့တုန် ၊ မင်း ကိုယ့်ကို ဘယ်လို ဂျောင်ပိတ်ပြီး မေးရမလဲဆိုတာ သိနေတာပဲ။" 


ယန်ရှုမင် : "လျိုချန်းဝေမှာ ချစ်သူကောင်မလေး ရှိတယ်။" 


မဲ့တုန်သည် ယန်ရှုမင်၏ စာကို ကြည့်ရင်း ဆတ်ခနဲ မတ်တပ်ထရပ်လိုက်မိသည်။ 


လျို ... လျို ... လျိုချန်းဝေမှာ ကောင်မလေး ရှိတယ် ။ 


ထိုသတင်းအချက်အလက်ကို အပြည့်အဝ နားမလည်နိုင်သေးခင်မှာပဲ ယန်ရှုမင်က မဲ့တုန်ဆီ ဖုန်းခေါ်လာခဲ့ပါသည်။ 


မဲ့တုန် အပြစ်ရှိသလို ခံစားနေရသည်။


ဆိုးရွားလိုက်တာနော်။သူက ယန်ရှုမင်ကို မိန်းကလေးချင်းကြိုက်နေတဲ့ သူတစ်ယောက်နဲ့ တွဲနေပါတယ်ဆိုပြီး မတော်တဆ စွပ်စွဲမိသွားတာပဲ။ လျိုချန်းဝေက ကောင်လေးတွေကို မကြိုက်ဘူးဆိုတာ ဘယ်သူက သိမှာလဲလို့  အာ ။


သူ ဖုန်းမကိုင်ရဲပါ။ ယန်ရှုမင် သူ့ကို ဆူပူကြိမ်းမောင်းမှာ ကြောက်နေမိသည်။ သူ့၏ မျက်လုံးများသည် တခြားတစ်နေရာသို့ လှစ်ကနဲ ကြည့်လိုက်ပြီး သူ့ဆီ ဖုန်းခေါ်နေတာကို မမြင်ချင်ယောင် ဆောင်နေလိုက်၏။ 


ဖုန်း သူ့ဘာသာ ကျသွားသည့် အချိန်အထိ ဖုန်းကိုင်ဖို့ မဝံ့ရဲခဲ့ပေ။ ၃မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် သူ ကမန်းကတမ်း ရှင်းပြဖို့ လုပ်လိုက်၏။ 


မဲ့ဇီ : "အိုး ... ကျွန်တော် ရေချိုးခန်းထဲ ရောက်နေလို့ ဖုန်းလာတာ မတွေ့လိုက်ဘူး။" 


ရလဒ် အနေဖြင့် ယန်ရှုမင်က ဖုန်းထပ်ခေါ်လာပြန်သည်။ 


သူ ဘာလို့ ဒီလို လုပ်နေရတာလဲ။စာပဲ ပို့တော့ရော ဘာဖြစ်လို့လဲ။အဆင်မပြေရင် အသံမက်ဆေ့ ပို့လို့ရနေတာပဲကို ... သူက ဘာဖြစ်လို့ ဖုန်းခေါ်ရတာ ဒီလောက် ကြိုက်နေတာလဲ။


မဲ့တုန်အတွက် ယန်ရှုမင်နဲ့ ဖုန်းပြောဖို့ ပဲဖြစ်ဖြစ်၊ တွေ့တာကို ရှောင်ဖို့ပဲဖြစ်ဖြစ် သူ့အတွက် စိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ယန်ရှုမင်၏ မျက်နှာကို ကြည့်ပြီး ပြောရမဲ့ စကားလုံးတိုင်း ၊စာသားတိုင်းက ယဥ်ကျေးပြီး ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ အတွက် သူ သေချာ စဥ်းစားထားဖို့ လိုမယ်ဆိုတာ သိသည်။ ဖုန်းပြောမယ်ဆိုရင် သူ အသေးစိတ် စဥ်းစားဖို့ အချိန်မရဘူးလေ။ 


ရှောင်လွှဲဖို့ရာ မဖြစ်နိုင်၍ မဲ့တုန် ဝန်လေးစွာနဲ့ပဲ ဖုန်းကိုင်လိုက်ရသည်။ 


သူ ကြားလိုက်သမျှက စကားနှစ်လုံးသာ။
 

"အောက်ဆင်းခဲ့" 

...... 


မဲ့တုန် မျက်ရည်မထွက်ပဲ ငိုနေမိတော့သည်။ 


ယန်ရှုမင်ကို ၂ရက်တိတိ ဆန်ကုန်မြေလေးလို့ ခေါ်ခဲ့မိတဲ့အတွက် သူ့နှလုံးသားထဲက တိတ်တဆိတ် တောင်းပန်နေမိသည်။ သေချာမသိပါဘဲနဲ့ အိပ်မက်ထဲမှာ ယန်ရှုမင်နှင့် စုံတွဲဖြစ်စေခဲ့မိတဲ့အတွက် လျိုချန်းဝေကိုလည်း တောင်းပန်ရသည်။ သူနဲ့ သိတောင်မသိသော လျိုချန်းဝေ၏ ကောင်မလေးကိုလည်း တောင်းပန်မိသည်။ 


ကျွန်တော်တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ်လို့ ! မန်ဒရင်းဘဲ စုံတွဲ တွေကို မှားပြီး အတွဲတွဲပေးမိတာ၊အကုန် ကျွန်တော့် အမှားတွေပါပဲ။ မင်းတို့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ 


သူခိုးတစ်ယောက်ကဲ့သို့ အပြစ်ရှိနေသော စိတ်ဖြင့် မဲ့တုန် အိပ်ဆောင် အောက်သို့ ဆင်းမလာရဲပါ။ 


သူက ဒီ၂ရက်လုံး ယန်ရှုမင်ကို ကောင်မလေးရှိတယ်လို့ သံသယရှိနေခဲ့တာကြောင့် ဒီဆန်ကုန်မြေလေးကောင်လို့ နောက်ထပ်မချစ်တော့ဘူးဆိုပြီး  တိတိကျကျ စိတ်ပိုင်းဖြတ်ခဲ့ရသည်။ အခု နားလည်မှု လွဲတာက ရုတ်တရတ် ရှင်းလင်းသွားခဲ့ပြီး ထပ်မကြိုက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အဲ့ဒီနောက်မှာတော့ ယန်ရှုမင်ဆိုတဲ့ ချိုမြိန်သော ပျားရည်အိုးလေးထဲသို့ မဲ့တုန် ဆန္ဒရှိစွာနဲ့ ပြုတ်ကျသွားလေသည်။ 


ငါလေး ပျော်ရွှင်အူမြုးနေရပြန်ပါပြီနော်။


ပြီးတော့ ယန်ရှုမင်က စကားရည်လုပွဲကို လျိုချန်းဝေကို ကြည့်ဖို့ လာတာမဟုတ်ဘူးဆိုတော့ မဲ့တုန်ကို ကြည့်ဖို့လာခဲ့တာ သေချာပြီ။ ပြီးတော့ ယန်ရှုမင်မှာ ချစ်သူမရှိဘူးတဲ့။ ပြီးတော့ သူက မဲ့တုန်ကို သေချာ ရှင်းပြခဲ့သေးတာ။ အဲ့ဒါက ဘာအဓိပ္ပါယ်ဖြစ်လဲ? ဘာကြောင့်ဖြစ်မလဲ မဲ့တုန် အတိအကျ မသိပေမဲ့ အနည်းနဲ့အများတော့ ယန်ရှုမင်က သူ့ကို လုံးဝ မကြိုက်တာတော့ မဟုတ်ဘူးဆိုတာ ဖြစ်နိုင်တယ်။ 


မဲ့တုန် လှေကားအတိုင်း ဆင်းလာခဲ့ပြီးနောက် နို့လက်ဖက်ရည်တစ်ခွက်ကို ကိုင်ရင်း သစ်ပင်အောက်မှာ ရပ်နေတဲ့ ယန်ရှုမင်ကို တွေ့လိုက်ရသည်။ 


ထိုသူက နက်ပြာရောင် ရှပ်အင်္ကျီလက်ရှည်ကို လက်ဖျံများပေါ်အောင် ခေါက်တင်ပြီး ဝတ်ထားသည်။ သူ ဘယ်ကနေ လာခဲ့တာလဲ မဲ့တုန် သိသည်။ ဒီနေ့က ကျောင်းရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့ ဆိုတော့ ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ယန်ရှုမင်ကလည်း အဲ့ဒီပွဲမှာ ရှိနေမှာ သေချာတာပေါ့။
 

ယန်ရှုမင်သည် အနောက်တိုင်းဝတ်စုံပြည့်ကို သိပ် ဝတ်ဆင်လေ့မရှိ။ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာဆိုရင် အနောက်တိုင်းဝတ်စုံပြည့်ကို မဖြစ်မနေ ဝတ်ကြရတယ်ဆိုသော်လည်း ယန်ရှုမင် ထိုကဲ့သို့ ဝတ်ဆင်တာကို မဲ့တုန် တစ်ခါမှ မတွေ့ဖူးခဲ့ပါ။ 


ဒီနေတော့ ယန်ရှုမင်က မျက်စိ အစာကျွေးချင်စရာ ကောင်းလှသည်။

ယန်ရှုမင်က တတိယနှစ် တက္ကသိုလ် ကျောင်းသားနဲ့ မတူပါ။ လူထုအသိုင်းအဝိုင်းကြားသို့ စတင် ဝင်ရောက်စဥ်ကတည်းက ယန်ရှုမင်ထံမှ တည်ငြိမ်ရင့်ကျက်သော အရှိန်အဝါများ ပေါ်ထွက်နေလေ့ရှိသည်။ 


နို့လက်ဖက်ရည်ဘူးကို ကိုင်ထားတာက သူ့ပုံစံနဲ့ဆို တကယ်ကို ထူးထူးခြားခြား ချိုမြိန်နေပြီး ချစ်စရာကောင်းလိုက်တာ။ 


မဲ့တုန်သည် မူလတန်းကျောင်းသားလေးများ စီတန်းလှည့်လည်သကဲ့သို့ လက်နှင့် ခြေထောက်ကို ဘယ်ညာကျအောင် စည်းချက်ကျကျ လွှဲယမ်း၍ လျှောက်လာခဲ့မိ၏။ ယန်ရှုမင် ရှေ့သို့ ရောက်သောအခါတွင် သူ အနည်းငယ် တုန်ရီသွားပြီးမှ နာခံကျိုးနွံစွာဖြင့် ပြောသည်။ 


"စီ ... စီနီယာ" 


ယန်ရှုမင် ဘာတစ်ခွန်းမှ မပြောရသေးခင်မှပင် မဲ့တုန်က သူ့ကိုယ်သူအတွက် အမြန် ခုခံပြောဆိုတော့သည်။ 


"ကျွန်တော် တောင်းပန်ပါတယ်... အဓိပ္ပါယ်မရှိတာတွေ ပြောမိဖို့ မရည်ရွယ်ပါဘူး။ ဒေါသမဖြစ်ပါနဲ့။ သူတို့က စီနီယာက လျိုချန်းဝေကို ကြည့်ချင်လို့ စကားရည်လုပွဲကို လာတာတဲ့ ၊ပြီးတော့ စီနီယာနဲ့ သူမက တွဲနေကြတာတဲ့။ တခြားသူဆီက ကျွန်တော်ကြားခဲ့ရတာပါ၊ ကျွန်တော့်ဘာသာ တီထွင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး။ တခြားသူတွေရဲ့စကားကို သေချာအောင် အတည်မပြုဘဲ ယုံကြည်မိတာ တကယ်မှားပါတယ်။ကျွန်တော်လည်း ကျွန်တော်မှားမှန်း သိပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီးတော့  မ ..." 


မဲ့တုန်ကတော့ သူ သေချာကို ရှင်းပြခဲ့ပြီး စိတ်ရော ကိုယ်ပါ နှစ်၍ တောင်းပန်ခဲ့သည်ဟု ခံစားရသည်။ 


သို့သော် ယန်ရှုမင်က သူ့ကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။ 


"ကောင်းပြီလေ ... မင်း ဘာဖြစ်လို့ ဒီလောက်အထိ တောင်းပန်နေရတာလဲ။ " 


ထိုသို့ပြောပြီးနောက် ယန်ရှုမင်က နို့လက်ဖက်ရည်ကို ကမ်းပေးလာသည်။ 


"နည်းနည်းလောက် သောက်ချင်လား။" 


မဲ့တုန် နို့လက်ဖက်ရည်ဘူးကို စက်ရုပ်ကဲ့သို့ လှမ်းယူလိုက်သည်။ 


"ကျွန်တော့်အတွက် ဝယ်လာပေးတာလား။" 


ယန်ရှုမင် မျက်ခုံးကို ပင့်လိုက်သည်။ 


"အဲ့လို မဟုတ်ရင်ရော။ကိုယ်က ကိုယ့်ကောင်မလေးအတွက် နို့လက်ဖက်ရည်သွားဝယ်တော့ တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ရလာတာနဲ့ အပိုရတဲ့ တစ်ခွက်ကို ဘယ်နေရာမှာ လွှင့်ပစ်ရမလဲ မသိလို့ မင်း ဆီကို လာပေးတာ ... အဲ့လိုလား။" 


မဲ့တုန်သည် ယန်ရှုမင်ကို အံ့အားသင့်စွာဖြင့် ကြည့်လေသည်။ 


ယန်ရှုမင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ။ သူက မဲ့တုန်တွေးနေတာကို ကွက်တိကျအောင် ခန့်မှန်းနိုင်တယ်။


သူတို့နှစ်ယောက်မှာ အိပ်ဆောင်ဝင်ပေါက်တွင် ရပ်နေခဲ့ကြသည်။ ပထမနှစ်လေးတွေက ညနေခင်းအတန်းတွေ ရှိကြပြီး အခုက သူတို့ညနေအတန်းတွေ ပြီးဆုံးသွားချိန် ဖြစ်သည်။ 


ဂျူနီယာလေးများက အိပ်ဆောင်သို့ ပြန်လာကြသည်။ အချို့က အချင်းချင်း စနောက်နေကြရင်းဖြင့် သူတို့နှစ်ယောက် ရှိနေသော နေရာကို ဖြတ်ကျော်သွားကြသည်။ သူတို့ထဲက တစ်ယောက်သည် မဲ့တုန်ကို မတော်တဆ ဝင်တိုက်မိသွား၏။ ယန်ရှုမင်က သူနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတာကြောင့် သူ့၏ ခြေလက်များက မဲ့တုန်၏ အမိန့်ကို မနာခံတော့သဖြင့် မဲ့တုန်မှာ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။
 

လူ၂ယောက်ထက်မကသော လူများ သူတို့အနားက ဖြတ်ပြေးသွားကြသောအခါတွင်တော့ ယန်ရှုမင်က မဲ့တုန်ကို သူ့ဘက်သို့ အလျှင်အမြန် လှမ်းဆွဲလိုက်မိသည်။ 


လမ်းမီးရောင်လေးက ထိုဖြစ်ရပ်လေးပေါ် ဖြာကျလျက်ရှိသည်။ နွေညခင်းဖြစ်၍ ခြင်များသည် လမ်းမီးရောင်အောက်၌ အမဲစက်များ ဖြစ်သည်အထိ တဝီဝီ လှည့်လည်ပျံသန်းလျက်ရှိသည်။ 


လမ်းမီးတိုင်အောက်တွင် မဲ့တုန်သည် ယန်ရှုမင်၏ ရင်ခွင်ထဲသို့ သူ့ကိုယ်လုံးလေးက မှီနေမိကြောင်း တွေ့သွားတော့သည်။ 


မဲ့တုန်၏ ဝင်လေထွက်လေက ရပ်တန့်သွားရသဖြင့် ပါးစပ်ကို ဟကာ အဆုတ်ထဲသို့ လေဝင်အောင် အလိုအလျောက် ရှူသွင်းနေမိသည်။ ယန်ရှုမင်၏ ကိုယ်သင်းရနံ့လေးက သူ့ နှာခေါင်းဝထဲသို့ တစိမ့်စိမ့် တိုးဝင်လာ၏။ ပူရှိန်းရနံ့ သင်းသင်းလေးနှင့် ရေချိုးဆပ်ပြာဂျယ်လ်နံ့ကြောင့် ယန်ရှုမင် ဒီညနေခင်းကမှ ရေချိုးပြီး ထွက်လာခဲ့တာ သေချာသည်။ 


ယန်ရှုမင်၏လက်သည် မဲ့တုန်၏ခါးပေါ်၌ ရှိနေခဲ့ပြီး သူ့လေသံက  နူးညံ့ညင်သာသော်လည်း ကြိတ်မှိတ်ထိန်းချုပ်ထားရဟန်ဖြင့် ...


"မင်း ဘာဖြစ်လို့ မဖုံးကွယ်ထားရတာလဲ ဟမ်" 


မဲ့တုန်ကလည်း အသိစိတ်လွတ်နေဟန်ဖြင့် တိုးတိုးပြောလာသည်။


"အမ်း ..." 


သို့သော် အမှန်တော့ ယန်ရှုမင် ဘာမေးလိုက်လဲ မဲ့တုန် လုံးဝမကြားလိုက်မိပါ။ 


သူ မလှုပ်ရဲဘူး။ သူ နည်းနည်းလေး လှုပ်လိုက်ရင် သူ့ခါးပေါ်က နွေးထွေးမှုလေးနဲ့ ကင်းကွာသွားမှာပဲ သူ ကြောက်တယ်။ 


အဲ့ဒါက သူ့မှာ ရောဂါ ရှိနေသလိုပဲ။ ယန်ရှုမင် ထိတွေ့လိုက်တဲ့နေရာတိုင်းက နီမြန်းပြီး၊ ပူလောင်ပြီး ၊ကလိကလိနဲ့ ယားယံနေတာများ ... သူ့မှာ ဓါတ်မတည့်မှု ဖြစ်နေသလိုပဲ။ ရင်ဘတ်ထဲက နှလုံးသားက အရိုင်းဆန်ဆန် ခုန်ပေါက်နေသေးတယ်၊ ပြီးတော့ သူ့ အသက်ရှုသံ နဲ့ နှလုံးခုန်သံက ပေါင်းစပ်ပြီး သံစုံတီးဝိုင်းတစ်ခု တီးခတ်နေကြသလိုပဲ။ 


" 'အမ်း' ။မင်း ဘာကို 'အမ်း'နေတာလဲ။ ကိုယ်က မင်းကို ဘာလို့ မဖုံးကွယ်ထားတော့တာလဲလို့ မေးနေတာလေ ..."

မဲ့တုန်၏ နားများက ယန်ရှုမင်၏ မေးခွန်းကို ကြားမိသော်လည်း သူ့ ဦးနှောက်က သစ်သားတုံးတစ်ခုလိုပဲ၊ ဘာ တုံ့ပြန်မှုမှ ထွက်မလာဘူးဖြစ်နေသည်။ ဒီ အိမ်မက်လှလှလေးထဲက ရုန်းမထွက်နိုင်တော့ဘူးလို့ သူ သံသယဖြစ်လာမိသည်။ မဲ့တုန်သည် ယန်ရှုမင်၏ ကိုယ်သင်းရနံ့လေးကို အငမ်းမရ ရှူရှိုက်ရန် သူ့နှာခေါင်းကို အသုံးပြုပြီးမှ အံ့ဩစရာ စကားလုံးများကို ရေရွတ်လာ၏။ 


"ယန်ရှုမင် ၊ခင်ဗျား ရေချိုးဆပ်ပြာဂျယ်လ် ဘယ်တံဆိပ်ကို သုံးတာလဲဟင်။" 


နောက်တစ်နေ့တွင် မဲ့တုန်သည် ဈေးဝယ်စင်တာ တစ်ခုလုံးအနှံ့ အေးအေးဆေးဆေး လှည့်ပတ်ရင်း မနေ့ညက ယန်ရှုမင်တစ်ယောက် မရယ်ပဲ မနေနိုင်အောင် ဖြစ်ပြီးနောက် ရက်ရောစွာဖြင့် ပြောပြပေးလာသော ထိုအမှတ်တံဆိပ် ရေချိုးဆပ်ပြာဂျယ်လ်ဘူးကို ဈေးဝယ်ခြင်းတောင်းထဲသို့ ထည့်နေတော့သည်။ 


သူလည်း အဲ့လိုမျိုး ရှက်စရာကောင်းမနေချင်ပါဘူးနော် အား။


ယန်ရှုမင် သုံးတာနဲ့ တူတဲ့ ရေချိုးဆပ်ပြာဝယ်ဖို့ ခိုးကြောင်ခိုးဝှက် လုပ်မနေချင်လို့ပါနော် အား။


ပြီးတော့ သူ့ကိုယ်သူ ထိန်းချုပ်လို့မရခဲ့ဘူးပဲ အား။


မဲ့တုန်သည် သူ့မျက်နှာကို တွန့်လိမ်ရှုံ့တွနေမိတော့သည်။ မနေ့ညက ဒီလို အူကြောင်ကြောင် မေးခွန်းမျိုး မေးမိလို့ သူ့ကိုယ်သူ စိတ်တိုမိသည်။ ပိုစိတ်တိုစရာကောင်းတာကတော့ အဲ့ဒီ ရေချိုးဆပ်ပြာဂျယ်ဘူးကို မနည်းမနောဝယ်ခဲ့မိတာပဲ။ သူက နှာဘူးထပြီး နောက်ကနေ တကောက်ကောက် လိုက်တတ်တဲ့သူနဲ့တောင် တူနေပြီလို့ ။ 


မဲ့တုန်သည် ပုံမှန် ဈေးဝယ်စင်တာများနီးပါး ပြည့်မှီသော တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ စင်တာထဲတွင် လှည့်ပတ်ဈေးဝယ်နေခဲ့တာဖြစ်သည်။ မဲ့တုန် သရေစာမုန့်များရှိရာ အတန်းသို့ ရောက်ချိန်တွင် သူ ရင်းနှီးနေပါသော လျိုချန်းဝေနှင့် ကောင်မလေး နောက်တစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရသည်။ လျိုချန်းဝေက 1.75m လောက် အရပ်မြင့်ပြီး နောက်တစ်ယောက်က သူ့ထက် နည်းနည်း ပိုပုသည်။ သူမက အာလူးကြော် အထုပ်ကြီးတစ်ထုပ်ကို ပျော်ရွှင်စွာ ကိုင်ထားပြီး လျိုချန်းဝေကို ရယ်ပြနေသည်။ 


မဲ့တုန် တောင်းပန်ရမဲ့ ပစ်မှတ်များကို အခု လူအကောင်အထည်အတိုင်း တွေ့နေရပြီဖြစ်သည်။ သို့သော် လျိုချန်းဝေနှင့် သူမ၏ ချစ်သူကောင်မလေးကို မဲ့တုန် စိတ်ထဲကပဲ ထပ်တောင်းပန်လိုက်ပါသည်။ 


ကျွန်တော် တောင်းပန်ပါတယ်။ မင်းတို့နှစ်ယောက်လုံး ပျော်နေကြပုံပဲနော်။ ကျွန်တော်ရဲ့ အိပ်မက်ထဲမှာ တစ်ခုခု လုပ်ခဲ့မိပါတယ်။ 


လျိုချန်းဝေနှင့် သူမ၏ ချစ်သူကောင်မလေးကို ဆုံတွေ့ရခြင်းက မဲ့တုန်အတွက်တော့ သတိပေးချက်တစ်ခုလိုပင်။ 


ဘာသတိပေးချက်လဲဆိုတော့ ယန်ရှုမင်မှာ တကယ်ကြီး ချစ်သူမရှိဘူးဆိုတာပဲ။သူက အခုထိ တစ်ယောက်တည်းပဲ ၊ သူ တစ်ယောက်တည်း ဖြစ်နေတာက မဲ့တုန်မှာ ကြိုးစားဖို့ အခွင့်အရေးရှိနေသေးတယ်လို့ ဆိုလိုသည်။


ဒါပေါ့ ။ သူက သူနှစ်သက်ရတဲ့ သူတွေရှေ့မှာဆို ကိုယ့်ကိုကိုယ် တန်ဖိုးထားယုံကြည်မှု အားနည်းတတ်သည်။ သူက ယန်ရှုမင်နဲ့ ချိန်းတွေ့ဖို့ ထိုက်တန်သည်ဟု မဲ့တုန် ဘယ်တော့မှ မတွေးဖူးခဲ့ပါ။ဒါပေမဲ့ မဲ့တုန်က ယန်ရှုမင်သည် သူ့ဖက်က ကြိုက်နေတာကိုလည်း ခွင့်ပြုထားပြီး သူ့အပေါ် ခဏခဏ အလိုလိုက်တယ်လို့ သူ တစိမ့်စိမ့် တွေးတောနေမိသည်။ 


ပုံမှန် အဖြောင့်တစ်ယောက်က ယောကျ်ားလေးတစ်ယောက် သူ့ကို ကြိုက်နေတယ်ဆိုတာ သိခဲ့ပြီးမှ ဘာဖြစ်လို့ ငြင်းလဲ မငြင်း၊ မကြာခဏလည်း လာတွေ့၊ ပြီးတော့ နို့လက်ဖက်ရည် ဝယ်လာခဲ့ပေးတာလဲ။


အဖြေက မဖြစ်နိုင်တာ အသိသာကြီးပဲ။


မဲ့တုန်သည် သူ ယန်ရှုမင်နဲ့ တစ်ရက်တာ ချိန်းတွေ့နိုင်လိမ့်မယ်လို့ စိတ်ကူးယဥ်ဖူးတာ မရှိပါ။ သေချာတာပေါ့ ...ယန်ရှုမင်ကလည်း သူ့ကို ကြိုက်နေတယ်ဆိုပြီး စိတ်ကူးယဥ်လို့ရတာပေါ့ ၊ဒါပေမဲ့ စိတ်ကူးယဥ်တယ်ဆိုတာက ခံစားလို့ ကောင်းရုံလောက်ပဲ လုပ်ပေးနိုင်ပြီး ယန်ရှုမင်နဲ့ သူက တကယ်တမ်း တွဲနေကြပါပြီလို့ မျှော်လင့်နေလို့မှ မရဘဲ။ 


မနေ့က မတိုင်ခင်ဆို မဲ့တုန်သည် ယန်ရှုမင်က သူ့ကို ငြင်းရန်အတွက်  ညစာစားဖို့ ဖိတ်ထားတယ်ဆိုပြီး တွေးနေခဲ့သည်။ မဲ့တုန်ကို အိပ်ရာပေါ် လူးလှိမ့်နေရတဲ့အထိ ချိုမြိန်သော နို့လက်ဖက်ရည်ကို သောက်ပြီးနောက်မှာတော့  ယန်ရှုမင်က သူ့ကို ငြင်းချင်တဲ့ပုံ မရပါဘူးဟု မဲ့တုန်တစ်ယောက် သဘောပေါက်သွားရလေပြီ။ 


ဒါပေါ့ ... ယန်ရှုမင်က သူ့အချစ်ကို လက်ခံချင်မှာပဲဆိုတဲ့ အရိပ်အယောင်တော့ ရှိမနေပါချေ။

++++++++