Chapter 7
Viewers 215

Chapter 7



မဲ့တုန်သည် ဒိုင်ယာရီကို နေ့တိုင်း ရေးသားနေမြဲ ဖြစ်သည်။ 


ရေးသည့် အကြောင်းအရာများက  ထပ်တလဲလဲနှင့် အတော်လေး ငြီးငွေ့ဖွယ် ကောင်းလှသည်။ ယန်ရှုမင်ကို နှစ်သက်မြတ်နိုးခြင်းနှင့် ပတ်သက်သော အတွေးအမြင်များကို နေ့စဥ်နေ့တိုင်း မှတ်တမ်းတင်ထားတာထက် မပိုပါ။ 


ဒိုင်ယာရီထဲတွင် မဲ့တုန်၏ ကိုယ်ပိုင်ဘဝနှင့် ပတ်သက်သောအကြောင်းက အတော်လေး နည်းသည်။ အတန်းတက်သည်၊ စားသောက်သည်၊အိမ်စာလုပ်သည် - ထည့်ရေးဖို့ သင့်တော်တာ မရှိ။ယန်ရှုမင်ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော မဲ့တုန်၏ စိတ်ခံစားမှု အတက်အကျများကသာ သူ့အတွက် ရေးမှတ်ထားဖို့ ထိုက်တန်သော အရာများ ဖြစ်ကြသည်။ 


ကျောင်းမှာ သူတို့က ဖြတ်သွားဖြတ်လာရင်း ဆုံဖို့ပင် ခက်ခဲလှသည်။ မဲ့တုန်ကလည်း ဘယ်တုန်းကမှ စတင်နှုတ်ဆက်ဖို့ ဝံ့ရဲသူမဟုတ်။ 


ယန်ရှုမင်ကသာ မဲ့တုန်ကို လှမ်းမမြင်ခဲ့ဘူးဆိုရင်တော့ သူတို့နှစ်ယောက်က ဒီအတိုင်း တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကျော်သွားကြတာပင်။ ယန်ရှုမင်က မဲ့တုန်ကို အဝေးကနေ လှမ်းမြင်လိုက်ရင်တော့ မဲ့တုန်ဆီသို့ လက်လှမ်းပြတတ်သည်။ 


ယန်ရှုမင် သူ့ကို နှုတ်ဆက်သည့်အခါတိုင်း မဲ့တုန်က သူ့နောက်တွင် ယန်ရှုမင်၏ အပေါင်းအသင်းတွေ ရှိ၊မရှိ အမြဲ လှည့်ပတ်ကြည့်ပြီး စစ်ဆေးတတ်သည်။ 


အဖြစ်အပျက်တွေ အတော်များများ ဖြစ်လာခဲ့ပြီးနောက် တစ်ခါက ယန်ရှုမင်သည် မဲ့တုန်၏ ခေါင်းကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်၍ စနောက်ချင်သော လေသံဖြင့် သူ့ကို ဆူခဲ့ဖူးသည်။ 


"မင်းက ကိုယ့်ကို ဒီလောက်တောင် မတွေ့ချင်ဘူးပေါ့ ၊ ကိုယ် မင်းကို လှမ်းနှုတ်ဆက်တာနဲ့ အမြဲရှောင်ပုန်းနေတော့တာပဲ။" 


မဲ့တုန်သည် သတိဆွဲ၍ အလေးပြုမိလုနီးပါး ကိုယ်ဟန်ဖြင့် ရပ်နေခဲ့သည်။ သူက သိသိသာသာကို စိုးရိမ်နေပုံရသည်။ 


"ကျွန်တော် မလုပ်ပါဘူး ၊ စီနီယာ ကျွန်တော့်ကို လက်လှမ်းပြတာ ကျွန်တော် မသိလိုက်လို့ပါ။" 


ယန်ရှုမင်နှင့် ညစာအတူစားမည့် သောကြာနေ့ မရောက်ခင်အထိ ထို သို့ နှစ်ဦးကြား အပြန်အလှန်တုံ့ပြန်မှု ပုံစံက ရက်သတ္တပတ်တစ်ခုစာ လုံး ဆက်လက်တည်ရှိနေလေသည်။ 


မဲ့တုန်၏ နှလုံးသားလေးက အထက်အောက် တဖြတ်ဖြတ် ခုန်နေခဲ့သည်။ သူတို့ကြားမှာ ခင်မင်ရင်းနှီးမှုလေး တိုးလာသည့်အပြင် ယန်ရှုမင်က သူ့အပေါ် အမှန်တကယ် အလိုလိုက်တာကြောင့် ရံဖန်ရံခါ အံဩမိပြန်သည်။ နားလည်မှုလွဲခြင်း၊စိတ်ပျက်ခြင်း နှင့် ဝမ်းနည်းကြေကွဲခြင်း တို့ကို ခံစားရမှာ ကြောက်သဖြင့် မဲ့တုန်သည် အချိန်အများစုတွင် ထိုသို့အတွေးလေးများ တွေးရင်း သူ့ကိုယ်သူ စိတ်ချမ်းသာအောင် မလုပ်ရဲခဲ့ပေ။


ဒါပေါ့ ... ယန်ရှုမင်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ရတာက သူ့ကို အမြဲလိုလို စိတ်လှုပ်ရှားစေသည်၊ တစ်ခုခုမလုပ်မိအောင် ကြိုးစားရှောင်တိမ်းစေသည်၊ ခြေလက်တွေကို တောင့်တင်းသွားတဲ့အထိ ဖြစ်စေနိုင်သည်။ 


သို့သော် သူ့အခန်းဖော်များ၏ မျက်လုံးများထဲမှာတော့ ထိုကိစ္စက ဒီလောက် အတိုင်းအတာပဲ မဟုတ်ပါ။ 


ထိုလူသားလေးနှစ်ယောက်ကတော့ တစ်ဦးနှင့်တစ်ဦး အရင်းနှီးဆုံးသူငယ်ချင်းများသဖွယ် အကျွမ်းတဝင်ရှိသော အဆင့်တစ်ခုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေပါ၏။ 


နေစမ်းပါဦး ၊ မဲ့တုန်နဲ့ ယန်ရှုမင်က ဘယ်တုန်းကတည်းက တွေ့ဖူးနေကြတာပါလိမ့်။


တုချွမ် အမှန်တကယ်ကို နားမလည်ပါ။ 


လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဆို သူတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ သူစိမ်းတွေပဲ မဟုတ်ဘူးလား။ယန်ရှုမင်က မဲ့တုန်ရဲ့ ဒိုင်ယာရီကို ရှာတွေ့တယ်၊ အဲ့ဒါကြောင့် သူက ကြားထဲကနေပြီး သူ့တို့နှစ်ယောက်ကို WeChat မှာ စကားပြောလို့ရအောင် ဆက်သွယ်ပေးခဲ့တယ်။ ဒါက ရက်နည်းနည်းလေးပဲ ရှိသေးတဲ့ဟာ ၊ ဘယ်လိုလုပ်ပြီး သူတို့က ဒီလောက်ထိ ရင်းနှီးနေကြတာပါလိမ့်။ 


ယန်ရှုမင်က ဘယ်သူမို့လို့လဲ။ 


နန်ကျင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဒုက္ကဋ္ဌသည် ချောမောခန့်ညားပြီး အကျင့်စရိုက်က ကောင်းမွန်သည်။ သူ့ကို လိုက်နေကြသော ကောင်လေး၊ကောင်မလေးများက မရေမတွက်နိုင်အောင်ပင်။ ထိုကဲ့သို့ လူမျိုးနဲ့ မဲ့တုန်က ဘယ်လိုလုပ်ပြီး တရင်းတနှီး ခင်မင်ခဲ့ရတာလဲ။ ရိုးသားစွာ ပြောရရင် တုချွမ်သည်ပင် ယန်ရှုမင်နှင့် ခင်မင်မှုကို အချိန်ကြာကြာ တည်ရှိနေချင်ခဲ့ပါသည်။လက်တွေ့ကျသော ရှုထောင့်မှ ကြည့်လျှင် ယန်ရှုမင်လို လူမျိုးနဲ့ သိကျွမ်းခွင့်ရတာက အနာဂတ်မှာ တန်ဖိုးရှိတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခု ဖြစ်လာနိုင်သည်လေ။ 


အခုတော့ မဲ့တုန်အကြောင်း ပြောမည်။ 


မဲ့တုန်တွင် သူငယ်ချင်း များများစားစားမရှိပါ။ သူ၏ စိတ်နေစိတ်ထားက မကောင်းလို့ မဟုတ်ပဲ မဲ့တုန်က ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး တည်ကြည်၍ တသီးတခြားနေထိုင် ပြောဆို ပြုမူတတ်သောကြောင့် ဖြစ်သည်။ အိမ်စာ စာအုပ်ငှားတာနဲ့ သင်ခန်းစာ တင်ဆက်ပြသခြင်းအတွက် မေးမြန်းသည်က လွဲ၍ ဘယ်သူကမှ မဲ့တုန်ကို စကားစမပြောရဲကြပေ။မဲ့တုန်က အတော်လေးကို ပေါင်းသင်းရ လွယ်ကူကြောင်း သူ့ အခန်းဖော်များက သိကြသော်လည်း တခြားသူများကတော့ မဲ့တုန်ကို စာအရမ်းကြိုးစားပြီး တစ်ယောက်တည်း နေတတ်သူဟုထင်မြင်ကြသည်။မဲ့တုန်က ဒိုင်ယာရီရေးရင်း သူ့၏ နေ့ရက်များအား အေးချမ်းတိတ်ဆိတ်စွာ ကုန်ဆုံးတတ်သည်ကို ဘယ်သူမှ သတိမထားမိကြပါ။ 


မဲ့တုန်နှင့် ယန်ရှုမင်တို့ စကားပြောကြပြီဆိုလျှင် သူတို့အနားမှာ အခန်းဖော်များက သူ့တို့အကြောင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို သတိမထားမိတော့ပေ။ 


"သူတို့ အချင်းချင်း သိကြတာလား။" 


"ငါလည်း မသိဘူးကွ ၊ ရှေ့ရက်တွေတုန်းကတောင် သူတို့ တစ်ယောက်နဲ့တစ်ယောက် သိကြသေးတာ မဟုတ်ဘူး"


"ယန်ရှုမင်က မဲ့တုန်ရဲ့ ဒိုင်ယာရီကို ကောက်ရခဲ့တာ မဟုတ်လား? သူ အဲ့ဒါကို ဖွင့်ပြီးရင် တစ်ချက်တော့ ကြည့်မိသွားမှာပဲ၊ ဒါက သူတို့နှစ်ယောက် အချင်းချင်း ဘယ်လိုသိသွားလဲ ဆိုတာပဲ ဖြစ်ရမယ်။" 


"အဲ့ဒါက ဖြစ်နိုင်လို့လား။ဒီမှာ ရှိတဲ့ လူတွေ မဲ့တုန်ရဲ့ဒိုင်ယာရီကို ဖတ်ဖူးကြလား။" 


"ဘယ်ကလာ ဖတ်ဖူးရမှာလဲ ၊ အဲ့စာအုပ်က ရတနာလား ဘာလား ၊ တစ်ခုခုပဲ။" 


"ဒိုင်ယာရီ ရေးတယ်။ဘာအကြောင်းတွေများ ရေးစရာရှိလို့လဲ။ငါဆို မူလတန်းကျောင်းသားဘဝက ရက်နည်းနည်းပဲ ရေးခဲ့တာ၊ ရေးစရာအကြောင်းကလည်း သိပ်မှ မရှိဘဲ၊ ငါ မူလတန်းတုန်းက ရေးခဲ့တဲ့ ဒိုင်ယာရီက တော်တော် ရယ်ရတယ်ကွ 'ဒီနေ့ အမေက ငါ့ကို ဈေးဝယ်စင်တာကို ခေါ်သွားတယ်၊ ငါလေ Ultraman ကတ် အသစ် တစ်စုံ လိုချင်လိုက်တာ ၊ အမေက ငါ့ကို ဝယ်မပေးခဲ့ဘူး။ ငါက မုန့်ဖိုးရဖို့ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးမယ်လို့ ပြောတော့ အမေက ငါ့ကို မေ့လိုက်တော့တဲ့' အဲ့လိုမျိုးလေ။"  


လူတစ်ချို့က တစ်ယောက် ပုခုံးတစ်ယောက် ဖက်၍ အတူရယ်မောနေကြသည်။ 


ယန်ရှုမင်က နောက်လှည့်ကြည့်ပြီး မေးငေါ့ပြ၏။


"သူတို့က မင်းရဲ့အခန်းဖော်တွေ မဟုတ်လား။သူတို့ မင်းကို စောင့်နေကြတယ် ။ဆက်သွားလေ။" 


မဲ့တုန် ခေါင်းကို မဝံ့မရဲ ငြိမ့်လိုက်သည်။ 


" အမ်း ... ဒါဆို ကျွန်တော် သွားတော့မယ်"
 

ယန်ရှုမင်က လှုပ်လည်း မလှုပ်ရှား၊ဘာကိုမှ လှည့်လဲ မကြည့်သလို ၊ ထွက်လဲ မသွားဘဲ အကြည့်များကသာ မဲ့တုန်၏ မျက်နှာထက်တွင် သက်ဆင်းကျရောက်နေသည်။ 


ဒါကြောင့် မဲ့တုန်သည်လည်း နောက်ပြန်လှည့်ဖို့ တုံ့ဆိုင်းနေမိ၏။ သူက ထူးခြားတဲ့လူဆိုပေမဲ့ တမင်တကာ ကိုးလို့ကန့်လန့် စကားပြောတာ မဟုတ်၊ သူ အမှန်တကယ်ကို ယန်ရှုမင်နှင့် မဆုံတွေ့ချင်တာ ဖြစ်သည်။ မကြာခဏ ဆုံတွေ့ခြင်းက သူ့ရဲ့ စိတ်ကူးယဥ်အိပ်မက်တွေကို ပိုပြီး နက်ရှိုင်းလာစေသည်။ တစ်ကြိမ် ဆုံတွေ့ရတိုင်း ဒါကသူ့အတွက် နောက်ဆုံးအကြိမ်များ ဖြစ်နေမလားဆိုပြီး ကြောက်ရွံ့နေရသဖြင့် ထိုသူနှင့် မခွဲခွာချင်တော့ပေ။ 


ယန်ရှုမင် ပြုံးလိုက်၏။ 


"တစ်ခုခု ရှိသေးလား" 


မဲ့တုန်က နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည် ။


"ဘာမှ မရှိတော့ပါဘူး၊စီနီယာ အရင် သွားပေးလို့ရမလား။" 


ယန်ရှုမင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ သူ က တဝဲလည်လည် လုပ်မနေဘဲ နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ 


မဲ့တုန်ကတော့ နေရာမှာ ဒီအတိုင်း ရပ်နေမိပြီး ယန်ရှုမင် ထွက်ခွာသွားသော ပုံရိပ်လေးကို တစ်ခဏကြာသည်အထိ ငေးကြည့်နေမိသည်။ ယန်ရှုမင်၏ နောက်ကျောကို ကြည့်ရတာ မဲ့တုန်အဖို့ ကျင့်သားရနေလေပြီ။ မဲ့တုန်၏ ဒိုင်ယာရီကို ယန်ရှုမင် ရှာမတွေ့ခင် လေးနှစ်တာလုံး သူက ယန်ရှုမင်၏ နောက်ကျောကို အမြဲ ကြည့်နေကျဖြစ်သည်။ နောက်ဆုံးတွင် မခွဲနိုင် မခွာရက် ဝန်လေးစွာနဲ့ပဲ မဲ့တုန် နောက်လှည့်ကာ အခန်းဖော်တွေဆီသို့ ပြန်သွားခဲ့သည်။ 


ဝူကျီမော့၏ မျက်နှာပေါ်တွင် တစ်ခုခု သိထားသော အရိပ်အယောင် ရှိနေ၏။


"မဲ့ဇီ ၊ မင်း ညစာအတူသွားစားမှာ မနက်ဖြန်နော် ဟုတ်လား။" 


မဲ့တုန်၏ နှလုံးသားမှာ တစ်ချက်မျှ ဆောင့်ခုန်သွား၏။ ဝူကျီမော့၏ မေးခွန်းက ပုံမှန်အတိုင်း 'ညစာ အတူသွားစားတာ'ဟု ဖြစ်ပေမဲ့ မဲ့တုန်၏ နားထဲမှာတော့ 'မဲ့ဇီ ၊ မင်း သူ့ကို ကြိုက်နေတာ မဟုတ်လား' ဆိုပြီး ခံစားလိုက်ရသည်။ 


သူ ခေါင်းငြိမ့်လိုက်သည်။ သူတုံ့ပြန်မိတာက ညစာ အကြောင်းကိုလား၊ ယန်ရှုမင်ကို ကြိုက်နေတယ်ဆိုတဲ့ အကြောင်းကိုလား သူလည်း မသေချာပါ။ 


တုချွမ်က မဲ့တုန်၏ ပုခုံးကို ဖက်လိုက်သည်။သူက ခြိမ်းခြောက်သလို ပြော၏။


"မင်းတို့ နှစ်ယောက် အချင်းချင်း သိကြတာ တော်တော်လေး မြန်တယ်နော် ၊ အရင်က WeChat မှာ အချင်းချင်းတောင် မသိကြဘဲနဲ့၊ သူ မင်းရဲ့ဒိုင်ယာရီကို ဖတ်ခဲ့တာလား။" 


မဲ့တုန် ထပ်ပြီး ခေါင်းငြိမ့်သည်။


"ငါလည်း မသိဘူး ဒါပေမဲ့ သူ ဖတ်မိသွားတယ် ထင်တာပဲ၊ သူ ဒိုင်ယာရီကို ကောက်ရပြီ ဆိုကတည်းက ဖွင့်ပြီး တစ်ချက်လောက်တော့ ကြည့်မိမှာပဲလေ။" 


တုချွမ်က စလို နောက်သလိုနှင့် လက်ကို ဖြန့်လိုက်သည်။


"အဲ့ဒီစာအုပ်ကို မင်းရဲ့ ညီအစ်ကိုတွေကိုလည်း ပြပါဦးကွာ ၊မပြဘူး ၊ တကယ်ကြီး ၊ ငါက မင်း တစ်နေ့ တစ်နေ့ ဘာတွေရေးနေလဲ သိချင်လို့ပေါ့၊ အဆင်မပြေဘူးပေါ့။သူငယ်ချင်းတွေ အချင်းချင်းကြားမှာ လျှို့ဝှက်ချက်တွေ ဘာတွေ ထားဖို့ လိုလို့လား။" 


မဲ့တုန်က သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။


"အဆင်မပြေဘူး" 


တုချွမ်က စိတ်ဆိုးနေသော အသံဖြင့်
"တကယ်ကြီး မရဘူးလား၊ ဒိုင်ယာရီထဲမှာ လျှို့ဝှက်ချက်တွေ ရှိပြီး ငါကျတော့ ဖတ်လို့ မရဘူး၊ သူကျတော့ ရတယ်ပေါ့။မင်း ငါ့မကောင်းကြောင်းတွေ ရေးထားလို့များလား ၊ အာ ဒီကောင်လေးကတော့ "


ဝူကျီမော့က တုချွမ် သူ့အရှက် သူခွဲမိသည်ကို ကြည့်ရင်း ရယ်နေပေမဲ့ မဲ့တုန်ကတော့ တိတ်ဆိတ်နေမိသည်။ ထို့နောက် ထိုနှစ်ယောက်က ဟိုဟိုဒီဒီ ပေါက်ကရစကားများ ပြောပြီး အချင်းချင်း စနောက် နေတော့သည်။ 


မဲ့တုန်မှာ စိတ်ထဲက တိတ်တိတ်ဆိတ်ဆိတ် ဝေဖန်နေရင်း ရှေ့ကို ဆက်လျှောက်နေမိသည်။


တွေ့တယ်မလား ၊ ဒီလိုမျိုးက အဖြောင့်ကောင်တွေ လုပ်တတ်တာမျိုးပဲ။


သူတို့က စည်းကျော်နေတယ် ဘာညာမတွေးမိဘဲ မင်းရဲ့ဒိုင်ယာရီအကြောင်းကို အလွယ်တကူ မေးလာလိမ့်မည်၊ ဒါက သူတို့အတွက်တော့ ဘာပြဿနာမှ မရှိဘူး။ သူတို့ စဥ်းစားလို့ မရနိုင်တာက ဒီကိစ္စက အရမ်းကို အတွင်းကျကျ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကြောင့် ဖြစ်လာရတယ်ဆိုတာပဲ။ဒီလို လုပ်တာတွေက လူတိုင်းနဲ့ အဆင်မပြေနိုင်ဘူး ဆိုရင်တောင်မှ  အဖြောင့်ကောင်တွေက တကယ်ပဲ အဲ့လိုမျိုးတွေ လျှောက်လုပ်တတ်ကြသည်။ 


မနက်ဖြန်က သောကြာနေ့ ဖြစ်ပြီး မဲ့တုန်၏ ဖောင်တိန်ကလည်း ပျံသန်းဖို့ အဆင်သင့်ဖြစ်နေသည်။ 



၂၀၂၃ အောက်တိုဘာ ၁၃ ရက်၊ နေသာတယ် 


မိုးလေဝသ ကြိုတင်ခန့်မှန်းချက်ကတော့ ဒီမှာ မိုးနည်းနည်းရွာမယ် ၊ မနက်ဖြန်ကျ လေထန်မယ်တဲ့။ 


ကိုတိကျလေး မဲ့တုန်က သုံးရက်တိတိ သက်သတ်လွတ်စားရန် ဆန္ဒရှိခဲ့ပြီး လေပြင်းပြင်းက တိမ်မဲများကို လွင့်ထွက်သွားအောင် တိုက်ခတ်လိုက်နိုင်ပါစေလို့ အနူးအညွတ်တောင်းပန်နေသည်။


မနက်ဖြန်က အရေးကြီးတဲ့နေ့ဆိုတော့ မိုးရွာလို့ မဖြစ်ဘူးလေ။


ဒီနေ့ ငါ သူနဲ့ အားကစားကွင်းမှာ ထပ်ဆုံခဲ့ရတယ်။ သူ့ဘက်က အရင် ငါ့ကို နှုတ်ဆက်လာပြီးတော့ လက်ရှိအတန်းတွေအကြောင်းနဲ့ နောက်အတန်းတွေက ဘာတွေဖြစ်မလဲ ဆိုတာမျိုး အရေးမပါတဲ့ စကားတွေ ငါတို့ အပြန်အလှန် ပြောဆိုခဲ့ကြတယ်။ ငါတို့ရဲ့ဆရာအကြောင်း သူကြားဖူးတယ်တဲ့ - ဆရာက သိက္ခာရှိတဲ့ ဆရာကောင်းတစ်ယောက်တဲ့။ သူက ငါ့ကို သူငယ်ချင်းတစ်ယောက်လို မြင်နေတယ်လို့ ငါ စပြီးတော့ ခံစားမိနေပြီ။ 


ဟေ့ ၊အဖြောင့်ကောင်တွေ ၊ မင်းတို့ ဒီလောက်တောင် သူငယ်ချင်းတွေ ရှားပါးနေကြလို့လား။ မင်းတို့ကို ကြိုက်နေတဲ့ ဂေးတစ်ယောက်နဲ့ ဘာကြောင့်များ သူငယ်ချင်း ဖြစ်ချင်နေရတာလဲ? ဒါပေမဲ့ ငါတို့ကြားက ဆက်ဆံရေးတစ်ခုမှာ ငါ့ကိုယ့်ငါ တက်တက်ကြွကြွနဲ့ အသုံးတော်ခံနေရမျိုးတော့ မလုပ်စေချင်ဘူး။ တစ်စုံတစ်ယောက်ကို ကြိုက်ရတာက ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ် ဒုက္ခအပေးနိုင်ဆုံး အလုပ်ဆိုတာ တကယ် မှန်တယ်။ 


အိမ်စာလည်း အခုထိ မလုပ်ရသေးဘူး ၊ငါ့စိတ်က လုံးဝ အထိန်းအကွပ်မဲ့နေသလို ခံစားရတယ်။ 


ငါ့နှလုံးသားလေးကို ဆန်အရက်ထဲ စိမ်ထားရသလိုပဲ ၊ ငါလည်း ရီဝေဝေ ဖြစ်နေရပြီ။ 


မနက်ဖြန်ကျရင် သူ ငါ့ကို ဘာတွေ ပြောမှာလဲ မသိဘူး။ထွေထွေထူးထူး တော့ မဟုတ်လောက်ဘူး၊ သူငယ်ချင်းတွေ ညစာအတူစားရင်း သာမန်ကာ လျှံကာ အကြောင်းကိစ္စလေးတွေ ပြောကြမယ်၊ ငါတို့ဘဝမှာ ကြုံတွေ့ဖူးတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို မျှဝေကြမယ်၊ ဘုရားသခင် ၊ ငါ့ဘဝမှာ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ အားလုံးက သူကို အကြောင်းပြုပြီး ဖြစ်လာရတာဆိုတော့ ငါ သူ့ကို ဘယ်အကြောင်းတွေ ပြောပြလို့ ရနိုင်ပါ့မလဲ။


သူငယ်ချင်းတွေအချင်းချင်း စကားစမြည်ပြောကြတဲ့ ဘလော့ဂ်တွေ ရှာကြည့်ပြီး လူတွေ ညစာစားရင် ပြောကြတဲ့ စကားတွေထဲက အကြောင်းအရာ နည်းနည်းလောက် မှတ်ထားရမယ်၊ အဲ့ဒါမှ ငါက သန့်စင်ပြီး ရိုးသားတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ပုံစံဖြစ်နေမှာ။ 


ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီးတော့ မနက်ဖြန်ကျရင် အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။


ဒိုင်ယာရီ နှင့် အိမ်စာ ရေးပြီးနောက် ညဆယ်နာရီနီးပါး ရှိပြီဖြစ်ရာ မဲ့တုန် သူ့အိပ်ရာပေါ် တက်သွားတော့သည်။ 


သူ တကယ်ကို ဘလော့ဂ်အချို့ ကြည့်ခဲ့ပြီးနောက် မမျှော်လင့်ဘဲ သိလိုက်ရတာတော့ ဒီကမ္ဘာကြီးမှာ ယောကျ်ားအနည်းစုလောက်ကသာ ယောကျ်ားအချင်းချင်း စကားစမြည်ပြောကြတဲ့ ဘလော့ဂ်တွေကို ရိုက်ကြတယ် ဆိုတာပဲ။ အမျိုးသမီးတွေဆိုရင်တော့ အချင်းချင်းပြောစရာ ခေါင်းစဥ်အများကြီး ပိုရှိသည်။ အတိုချုပ်ပြောပြရရင် 'အခြားသူတွေကို အတင်းပြောတာ၊ ပြတ်သွားတဲ့ ရည်းစားဟောင်းတွေအကြောင်း ဆွေးနွေးတာ၊ သူတို့အတွက် မရေမရာနဲ့ ရွေးရခက်စေတဲ့ ဆက်ဆံရေးမှာ တိုးတက်မှု ရှိလား ဆိုတဲ့အကြောင်း ပြောကြတာ'  အဲ့လိုတွေ။ 


မဲ့တုန် ဘာပြောရမလဲ မသိတော့ပေ။ သူ့မှာ အတင်းပြောစရာကိစ္စလည်း မရှိ၊ ပြတ်သွားတဲ့ ရည်းစားဟောင်းလဲ မရှိတဲ့အပြင် မရေမရာ ဆက်ဆံရေးဆို လုံးဝမရှိဘူးပေါ့။ ဒါပေမဲ့ သူ တိတ်တခိုးလေး နှစ်သက်မြတ်နိုးနေရတဲ့သူကတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာမျိုးတော့ ရှိ၏။ 


ဒီရက်ပိုင်းတွင် နတ်ဘုရားဒေါက်တာမဲ့သည် အိပ်ရာမဝင်ခင် အချိန်တိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ 


သူ့ခေါင်းကို အတင်းအုပ်ထားရပြီး အိပ်ပျော်သွားအောင် သူ့ကိုယ်သူ သီချင်းဆိုသိပ်နေရသည်။

တစ်ပတ်လုံး စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေရတဲ့ နေ့ ရောက်လာတော့မည်။ အစပိုင်းကတော့ စောင့်စားရတာ တော်တော်ကို ခက်ခဲ့ခဲ့သည်။ 


မဲ့တုန် မျက်လုံးများ ပွင့်လာသည်နှင့် တပြိုင်နက် ရာသီဥတုအခြေအနေကို စစ်ဆေးဖို့ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ကောင်းကင်က မည်းမှောင်အုံ့မှိုင်းနေပြီး မိုးက သည်းထန်စွာ ရွာသွန်းနေ၏။ မျှော်လင့်ထားတာထက်ကို ပိုဆိုးသည်။ မနေ့ညက မိုးလေဝသအစီအစဥ်တွင် မိုးဖွဲဖွဲမျှသာ ရွာသွန်းမည်ဟု ကြေညာခဲ့သော်လည်း ယခုတွင်တော့ လေတိုက်တာ ပြင်းထန်သလို မိုးကလည်း သည်းကြီးမည်းကြီး ရွာနေတော့သည်။ အပြင်ထွက်ပြီး ညစာစားဖို့ သင့်လျော်သော ရာသီဥတု ဖြစ်မနေခဲ့ပါ။ 


အနည်းငယ်မျှ စိတ်အားငယ်သွားရပြီး ဒီနေ့ ချိန်းထားတာကို ဖျက်ပစ်ရတော့မည်ဟု မဲ့တုန် အလိုလို ယူဆမိလေသည်။ 


မနက်စောစောထဲက မကောင်းသော စိတ်အခြေအနေသည် မဲ့တုန်ကို တစ်နေကုန် ဒုက္ခပေးနေတော့၏။ မနက်ခင်းအတန်းချိန် ပြီးဆုံး၍ အတန်းအပြင်ရောက်ချိန်တွင် မဲ့တုန်၏ ထီးက ပျောက်သွားတာကို သိလိုက်ရသည်။ မိုးအရမ်းရွာနေသဖြင့် ကျောင်းသားတိုင်း၏ ထီးများက နင့်နေအောင် စိုရွှဲကာ ရေတစက်စက်ကျနေခဲ့သည်။ လူတိုင်းက ထီးများကို စာသင်ခန်းထဲ မယူလာပဲ အခန်းပြင်တွင် ရေစစ်ထားခဲ့ကြ၏။ မဲ့တုန်လည်း အဲ့ဒီအတိုင်း လုပ်ခဲ့သည်။ 


ပိုဆိုးတာကတော့ မဲ့တုန်က စာသင်ခန်းထဲတွင် နောက်ဆုံးကျန်ခဲ့သောသူ ဖြစ်နေသည်။ အရင်တစ်ခါက ဝူကျီမော့၏ ထီးက အခိုးခံလိုက်ရပြီး ဝူကျီမော့က အခုထိ ထီးအသစ်တစ်ချောင်း ပြန်ဝယ်ဖို့ မေ့နေဆဲဖြစ်သည်။ ဒါကြောင့် အခန်းဖော် သုံးယောက်က ထီးနှစ်ချောင်းကို အတူဆောင်းလာခဲ့ကြသည်။ မဲ့တုန်က အခုထိ သင်ခန်းစာ မှတ်စုရေး၍ မပြီးသေးသဖြင့် ပြီးဆုံးအောင် စုစည်းဖို့ စာသင်ခန်းထဲတွင် အချိန်အနည်းငယ် နောက်ကျပြီး နေခဲ့သည်။ သူ အပြင်ထွက်မဲ့အချိန်မှာတော့ သူ့ထီးက ပျောက်ချင်းမလှ ပျောက်သွားမည်ဟု သူ ထင်မထားမိပါ။ 


နောက်လာမည့်အတန်းက တခြားအဆောက်အဦးတွင် ဖြစ်သည်။ 


ရုတ်တရတ် မဲ့တုန်၏ စိတ်အခြေအနေက ပိုဆိုးလာတော့သည်။ 


လွန်ခဲ့သော တစ်ပတ်လုံး သူ့အတွက် သာယာကြည်နူးစရာဖြစ်ခဲ့သည်။နေ့စဥ် သူလုပ်ဖြစ်တဲ့ တစ်ခုတည်းသော အရာကတော့ သောကြာနေ့ ရောက်လာမှာကို စောင့်မျှော်ခြင်း ဖြစ်သည်။ သောကြာနေ့ကို သူ အမျိုးမျိုး စိတ်ကူးယဥ်နေခဲ့သည် - အပြာရောင်၊ပန်းရောင်၊လိမ္မော်ရောင်၊ ခရမ်းရောင် စသည်ဖြင့်၊ သို့သော် ဘာအရောင်မှမရှိဘဲ ဗြောင်ကြီး ဖြစ်နေမယ်လို့ လုံးဝ စိတ်ကူးမယဥ်ခဲ့ပါ။ 


မဲ့တုန်တစ်ယောက် ဒေါသ အကြီးအကျယ် ထွက်နေသဖြင့် လာမည့်အတန်းအတွက် ခွင့်ယူချင်ကြောင်း ဖော်ပြသည့် စာတစ်စောင်ကို ပါမောက္ခဆီသို့ WeChat မှ ပို့လိုက်တော့သည်။ 


မဲ့တုန်သည် အမြဲတမ်း အဆင့်ကောင်းများရပြီး ဘယ်တုန်းကမှ အတန်းပျက်ကွက်ခြင်း မရှိခဲ့ဖူးပေ။ တက္ကသိုလ်တွင် ကျောင်းသားများကို ပညာရေးတွင် ထူးချွန်ထက်မြက်စွာ စွမ်းဆောင်နိုင်ခြင်း ဟူသော စံပေတံဖြင့် တန်ဖိုးဖြတ်ခြင်း မရှိတော့သော်လည်း 'စာတော်သော ကျောင်းသား'ဆိုသည့် အယူအဆနှင့် ပတ်သက်လာလျှင်တော့ ပါမောက္ခက နည်းနည်း ပို နားလည်ပေးတတ်စမြဲ ဖြစ်ပါသည်။ 


ပါမောက္ခက မဲ့တုန်ကို ခွင့်ပေးခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးသေး၏။


"မဲ့တုန် ၊မင်း အဆင်ပြေရဲ့လား။မင်း တစ်ခုခု ဒုက္ခဖြစ်နေတာလား၊ ဘာပဲဖြစ်ဖြစ် ဆရာ့ကို ပြောဦး။" 


မဲ့တုန်ကတော့ စကားလုံး လေးလုံးကို သုံး၍ ခပ်တန်းတန်း ပြန်ဖြေသည်။


"ရပါတယ် ဆရာ၊ ကျေးဇူးပါ" 


ထီးတစ်ချောင်းထဲနဲ့ ပြန်သွားရတဲ့ သူ့အခန်းဖော်တွေကိုလည်း လာကြိုခိုင်းဖို့ ဆန္ဒမရှိပါ။ အကြောင်းပြချက် မရှိဘဲ သူ့ကိုယ်သူ ဒေါသထွက်သလို ကံဆိုးလှသည့်အတွက် သူ့ကိုယ်သူ မုန်းတီးနေမိတော့သည်။


တစ်ပတ်လုံး မိုးရွာလို့ ရနေတာကို ၊တစ်ပတ်လုံး တစ်ရက်မှ မရွာဘဲနဲ့ သောကြာနေ့ကိုမှ ရွေးပြီး မိုးရွာတယ်။ 


သူ့ကိုယ်သူ ထိန်းမနိုင် သိမ်းမရ ဖြစ်လုနီးပါးအထိ ဒီတစ်ပတ်လုံး လွန်လွန်ကဲကဲ မျှော်လင့်ထားခဲ့မိသဖြင့် သူ့ကိုယ်သူ ပြန်မုန်းမိသည်။ ဒါက အခု သူ ဘာလို့ ဝမ်းနည်းနေရလဲဆိုတာပဲ။


သူ ဘာစိတ်ကူးပေါက်သွားမိလဲ မသိ၊ မိုးရေထဲတွင် ပြေးလွှားပြီး အိပ်ဆောင်ကို ပြန်လာခဲ့မိသည်။ ပြေးနေရင်းနဲ့မှ သူ့နှလုံးသားထဲမှာ ဗျစ်တောက်ဗျစ်တောက် ပြောနေသေးသည်။


ဟီးဟီး ဒရာမာဇာတ်လမ်း ရိုက်နေရသလို ခံစားရတယ်၊ ဘယ်လိုတောင်လား ... နတ်ဘုရား ဒေါက်တာမဲ့ရာ။တစ်ယောက်ယောက်ကို ခိုးချစ်နေရတာက မင်းကို အရူးအမူး ပျော်စေတယ်ပေါ့ ။ 


တစ်စုံတစ်ယောက်ကတော့ သူ့ကိုသူ အပြစ်တင်တာကို ရှောင်ကြဥ်သင့်နေပါပြီ။ နေ့လည်ခင်းရောက်တော့ မဲ့တုန် တကယ်ကို ပျော်ရွှင်နေ၏။ 


ညနေ လေးနာရီ ဝန်းကျင် မရောက်ခင် သူ တစ်ရေး အိပ်ပျော်သွားရသည်။ သူ့ နဖူးသူ စမ်းကြည့်လိုက်တော့ လောင်ကျွမ်းတော့မတတ် ခြစ်ခြစ်တောက် ပူနေလေသည် ... သူ ဖျားနေပြီ။ 


မဲ့တုန်သည် အလွန် စိတ်ဆိုးနေပြီး သူ့အိပ်ရာကို ထိုးကြိတ် ကန်ကျောက်ပစ်လိုက်သည်။

ကြည့်စမ်း ။မင်းကိုယ်မင်း ဒရာမာဇာတ်လမ်းရိုက်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် အလိုလိုက်နေတာများ၊ မိုးရေထဲမှာတောင် ပြေးနေလိုက်သေးတယ်၊ ဖျားတာတောင် နည်းသေးတယ် ဟမ့်။


အဖြစ်အပျက်များက တိုက်ဆိုင်စွာ ဖြစ်လာခဲ့တာကြောင့် မဲ့တုန် နောက်တစ်ခါ စိတ်ပျက်အားလျော့သွားပြီး ဒီနေ့မှ မိုးအများကြီးရွာတာကို မုန်းနေမိသည်။ ညနေ ယန်ရှုမင်နဲ့ ချိန်းထားတာကတော့ ၁၀၀% ပျက်စီးသွားပြီ ဖြစ်သည်။အခုချိန် သူ တွေးမိတာတစ်ခုက ယန်ရှုမင်ကများ သူ့ဆီ စာအရင်လှမ်းပို့ပြီး ဒီညနေ ချိန်းထားတာကို ဖျက်ရင်ကောင်းမလားလို့ မေး၊ မမေးဆိုတာ စစ်ဆေးဖို့ ဖုန်းကို ကြည့်တာပဲ ဖြစ်သည်။ 


အံဩစရာပဲ ၊ ယန်ရှုမင် ဘာစာမှ မပို့ထားပါ။ အခန်းဖော်များသာ ဖွဲ့ထားသော group chat တွင်တော့ မဲ့တုန် ဒုတိယမြောက် မနက်ခင်းအတန်းချိန်ကို မလာတာ အခန်းဖော်များက သတိထားမိခဲ့ပြီး ၊သူတို့ ပြန်လာချိန်တွင် မဲ့တုန်က အိပ်ပျော်နေသောကြောင့် ဘာဖြစ်လို့လဲဆိုပြီး မေးနေကြသည်။ 


မဲ့တုန်က ဘာမှ မဖြစ်ပါဘူး ၊ အအေးမိသွားတာလို့ စာပြန်ခဲ့သည်။ 


လုံလောက်ပါပြီ၊ ကိစ္စတွေက အဲ့လို အမြဲ ဖြစ်နေကြပဲ ... အများကြီး မျှော်လင့်နေရင် ပိုပြီး စိတ်ပျက်ရတယ်။


ယန်ရှုမင်နဲ့ ညစာအတူစားတာပဲဖြစ်ဖြစ် ၊ယန်ရှုမင်က သူ့အပေါ် ခံစားချက်တွေ ရှိနေတာပဲ ဖြစ်ဖြစ် မျှော်လင့်ဖို့ရော၊ စိတ်ကူးယဥ်အိပ်မက်မက် နေဖို့ရော မဲ့တုန် မကြိုးစားသင့်တော့ဘူးလို့ တွေးမိသည်။


ယန်ရှုမင်နှင့် စကားပြောထားသော စာမျက်နှာကို ဖွင့်လိုက်သည်။ 


သူ အနည်းငယ် စနောက်လိုစိတ်လေးဖြင့် တွေးလိုက်သည်။

ချိန်းထားတာကို အရင်စပြီး ဖျက်တဲ့သူအဖြစ် ကျွန်တော့်ကို ဒီတစ်ကြိမ်လေးပဲ ဖြစ်ခွင့်ပေး။


ထို့ကြောင့် "စီနီယာ ကျွန်တော် နည်းနည်းဖျားနေလို့ ၊ ဒီည စီနီယာနဲ့ ညစာအတူ လာမစားနိုင်တော့ပါဘူး" ဟု စာပို့လိုက်တော့၏။ 


စာပို့ပြီးနောက် အိပ်ရာပေါ် လှဲချရင်းဖြင့် 'မတွေ့တာကြာရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ' ဟု မဲ့တုန် တွေးနေတော့သည်။ 

++++++++