Chapter 8
Viewers 450

Chapter 8




မဲ့တုန်သည် မူးနောက်နောက်ဖြင့် နိုးလာခဲ့ပြီး သူ ဘယ်လောက်ကြာအောင် အိပ်နေမိလဲ သေချာမသိပေ။ သူသည် စိတ်ပျက်စရာ အိပ်မက်မှ လွတ်မြောက်လာခဲ့သလို ခံစားနေရပြီး စိတ်နဲ့ကိုယ် ပြန်ကပ်သွားချိန်မှာတော့ နာကျင်ကိုက်ခဲမှု က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေခဲ့သည်။ မသက်မသာဖြစ်နေသဖြင့် တဟင်းဟင်းနဲ့ အကြိမ်များစွာ ညည်းတွားမိနေခဲ့ပြီး အိပ်မက်ထဲမှာ 'လေကုန်း၏မိခင်ဖြစ်သူ မိုးကြိုး 'နှင့် တိုက်ခိုက်ခဲ့ရတာလားဟူ၍ပင် သံသယဖြစ်မိသည်။ 

[လေကုန်း -တရုတ်ဒဏ္ဍာရီလာ မိုးကြိုးနတ်ဘုရား] 



မျက်လုံးများကို ဖွင့်မိတော့ သူ့ရဲ့ဝင်သက်ထွက်သက်တွေက တော်တော် ပူနွေးနေသည်ကို အာရုံခံမိသည်။ သူ့ရဲ့လက်ကို ခက်ခက်ခဲခဲ မြှောက်ပြီး နဖူးကို စမ်းကြည့်မိ၏။ 



ချီး ပဲ... နေ့လည်ကထက် ပိုပူနေတယ်ဟ 

သူနဲ့ တကယ်ကို ထိုက်တန်လှပါတယ်လို့ တွေးမိပြီး မဲ့တုန် သူ့ကိုယ်သူ ပြက်ရယ်ပြုမိတော့သည်။ အိပ်ရာပေါ်က မနည်း ကုန်းထရပြီးနောက် ဘေးဘက်ရှိ လိုက်ကာကို ဆွဲဖွင့်၍ သူ့အတွက် အဖျားကျဆေးအချို့ သွားဝယ်ပေးရမည့် ကံဆိုးသူ အခန်းဖော်ကို ရှာကြည့်နေမိတော့သည်။ 



သူ့ ထိုင်ခုံပေါ်တွင် တစ်စုံတစ်ယောက်က ထိုင်နေသည်ကို မြင်တော့ မဲ့တုန် မသိစိတ်က အလိုအလျောက် မျက်မှောင်ကြုတ်မိသွားသည်။ 



မဲ့တုန်သည် အမြဲ ဒိုင်ယာရီရေးတတ်သော အကျင့်ရှိသဖြငိ့ ဘယ်သူကမှ သူ့စားပွဲရှိ ထိုင်ခုံတွင် လာမထိုင်ကြပါ။ လူတိုင်းက အတော်လေး ယဥ်ကျေးမှုရှိကြပြီး တစ်ယောက်ယောက်၏ လျှို့ဝှက်ချက်ကို မတော်တဆ ခလုတ်တိုက်မိသွားမှာ ကြောက်ကြသည်။ 



အဖျားကြောင့် မူးဝေနေသည့်အပြင် အခုမှ အိပ်ရာနိုးခါစ ဖြစ်၍ မဲ့တုန်၏ အမြင်အာရုံက ရှင်းရှင်းလင်းလင်း မရှိပါ။ သူတို့အခန်းထဲတွင် တုချွမ်က အရပ်အမြင့်ဆုံးဖြစ်သောကြောင့် တုချွမ်က သူ့ထိုင်ခုံပေါ် ထိုင်နေတယ်လို့ မဲ့တုန်တွေးလိုက်သည်။ 



"တုချွမ်၊ ငါ့ကို အဖျားပျောက်ဆေး နည်းနည်းလောက် ရှာပေးလို့ရလား?" 

မဲ့တုန်၏ အသံက အားနည်းလှ၏။ 



"ဘယ်နေရာမှာလဲ?"

ထိုင်နေသူက ဤသို့ တုံ့ပြန်လာခဲ့သည်။ 



ထိုအသံက တုချွမ်၏အသံ မဟုတ်ပါ။ သို့သော်လည်း မဲ့တုန်၏ ခေါင်းက အဖျားကြောင့် အရည်ပျော်နေခဲ့ပြီး အလွန်ရင်းနှီးနေသော အသံ ဖြစ်လေလေ ၊ သူ မမှတ်မိနိုင်လေလေ ဖြစ်နေ၏။ စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်ထားပြီးမှ ထိုသူက သူ့ဘက်ကို လှည့်လာပြီး ပလတ်စတစ်အိတ် တစ်လုံးကို ကိုင်ကာ သူ့မျက်စိရှေ့တွင် ယမ်းပြသည်။

"ဒါ စားမလား ? ကိုယ် ဝယ်လာခဲ့တာ" 



မဲ့တုန် ပါးစပ်ဟလိုက်မိသော်လည်း အချိန်အတော်ကြာ ဆွံ့အနေလေသည်။ 



သူက အိပ်ရာဘေး လိုက်ကာကို တစ်ဝက်ဖွင့်ရက်သားနှင့် ကိုယ်အပေါ်ပိုင်းကသာ ထိုင်ရက်ရှိနေပြီး ပါးပြင်များက နီရဲနေ၏။ 



နေ့လည်ခင်း တရေးတမော အိပ်ထားပြီးနောက် သူ့ခေါင်းက ငှက်သိုက်သဖွယ် ပွနေ၏။ 



ယန်ရှုမင်က အနီးနားကို လျှောက်လာခဲ့ပြီး မဲ့တုန်၏နဖူးကို လက်ဖြင့် ထိကပ်စမ်းသပ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။

"အရမ်း ပူကျစ်နေတာပဲ၊ ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ?" 



မဲ့တုန်က သူ့နာမည်ကို နွမ်းဖျော့ဖျော့လေး ခေါ်လိုက်မိသည်။ 

"ယန်ရှုမင်" 



ယန်ရှုမင်က တုံ့ပြန်သည်။

"အင်း ... မသက်မသာ ဖြစ်နေလို့လား?" 



သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသဖြင့် မဲ့တုန်မှာ အိပ်ရာပေါ် ချက်ချင်း ပြန်လှဲချလိုက်ပြီး နှုတ်ခမ်းများကိုလည်း ပါးလွှာသော မျဥ်းကြောင်းလေး တစ်ခုသဖွယ် တင်းတင်းစေ့ထားမိသည်။ သူလည်း ဒီလို ရုပ်ဆိုးအောင် ငိုမနေချင်ပါဘူး ... ဒါပေမဲ့ ယန်ရှုမင်ကို မြင်တော့ တစ်နေကုန် စုဝေးနေတဲ့ မကျေနပ်ချက်တွေက အကုန် ပေါက်ထွက်လာတယ်လေ။ နေမကောင်းဖြစ်တာကို ဝမ်းနည်းတယ်၊ ယန်ရှုမင်နဲ့ ညစာအတူမစားနိုင်ခဲ့လို့ ဝမ်းနည်းတယ်၊ ထီးပျောက်သွားတာကို ဖြေရှင်းနေရလို့ ဝမ်းနည်းတယ် ... အားလုံးက ဝမ်းနည်းစရာတွေချည်းပဲ! 



ယန်ရှုမင် မလာခဲ့ရင် အဲ့လောက်အထိ ဝမ်းနည်းမိမှာ မဟုတ်ဘူး။ 



ဒါပေမဲ့ ယန်ရှုမင် ရောက်လာတော့ သူက အများကြီး၊အများကြီး ပိုဝမ်းနည်းရတယ်။ 



သူ့မျက်ရည်တွေကို ပြန်မသိမ်းရသေးခင် ယန်ရှုမင် မြင်သွားမှာကြောက်လို့ မဲ့တုန်သည် အိပ်ရာဘေး လိုက်ကာအနားစကို အတင်းဆွဲဆုပ်ထားမိသည်။ မျက်ရည်များက ကုန်ကို မကုန်နိုင်တာကြောင့် သူ နှာရှုပ်လိုက်ချင်သော်လည်း အသံ သေးသေးလေးတောင် မထွက်ရဲပေ။ 



အချိန်ခဏကြာအောင် စောင့်ခဲ့ပြီးနောက် နှာရည်တွေ သူ့အိပ်ရာပေါ် ကျမှာစိုးသဖြင့် မဲ့တုန်မှာ ဆက်မစောင့်နိုင်တော့ဘဲ အသံအကျယ်ကြီး နှာရှုပ်လိုက်မိလေသည်။ 



အခု သူ ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘူး။ ယန်ရှုမင်က အိပ်ရာနဲ့ ခပ်ဝေးဝေးမှာ ရပ်နေရင်တောင် အိပ်ရာထဲမှာ အရူးလေးတစ်ယောက် သူမသိအောင် ခိုးပြီး နှာတရှုံ့ရှုံ့လုပ်နေတာကို ကြားမိသွားနိုင်တာ သေချာသည်။ 



"ငိုနေတယ် ? မင်း ဘာဖြစ်လို့ ငိုနေရတာလဲ ? မဲ့တုန် ၊ လိုက်ကာကို ဖွင့်ပါဦး၊ အဆင်ပြေရဲ့လား?" 



မရဘူး ... အရမ်းရှက်စရာကောင်းတယ်

မဲ့တုန် စိတ်ထဲက ပြန်ဖြေလိုက်သည်။ 



"အဲ့လောက်ထိ သည်းမခံနိုင်တာလား? ကုတင်အောက်ကို ဆင်းခဲ့ ၊ ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်" 



ဆေးရုံမသွားချင်ဘူး၊ သည်းမခံနိုင်လို့လဲ မဟုတ်ဘူး၊ ဒီအတိုင်း စိတ်ထဲမှာ အရမ်းခံစားနေရလို့ပါ

မဲ့တုန် သူ့ကို စိတ်ထဲကနေ တစ်ခါထပ်ပြီး ပြောလိုက်သည်။ 



မဲ့တုန် ငိုတာ ခဏလေးသာ ဖြစ်ပြီး အမှန်တကယ် အရမ်းမကြာခဲ့ပေ။စပြီး ငိုမိကတည်းက သူ ရှက်နေခဲ့တာ။ ကိစ္စအကြီးကြီးမို့လို့လား ? အဲ့လောက်ထိ ငိုဖို့ ထိုက်တန်လို့လား? လုံးဝမဟုတ်တာကို ၊ ပြီးတော့ မဲ့တုန်သည် သူဘာလို့ ငိုမိမှန်း သိပါသည်။ 



ရုတ်တရတ် ကွဲကြေသွားသော မျှော်လင့်ချက်လေးသည် ယန်ရှုမင် သူ့ကို အိပ်ဆောင်အထိ လာကြည့်ပေးတဲ့အတွက် တစ်ခုချင်း ပြန်ဆက်သွားခဲ့ပါ၏။ 



ဒါကြောင့် သူ ငိုနေရင်း တစ်ပြိုင်နက်တည်း သူ့ကိုယ်သူ တည်ငြိမ်သွားအောင် ဖြောင်းဖြနေခဲ့ခြင်းဖြစ်သည်။

မငိုနဲ့တော့ ၊ရှက်စရာကောင်းလိုက်တာနော် မြန်မြန်တိတ်တော့! 



လေးမိနစ် ၊ငါးမိနစ်ခန့် အကြာတွင် မဲ့တုန် နှာရှုပ်ရင်းဖြင့် စိတ်ခံစားချက်များကို ထိန်းညှိလိုက်သည်။ 



ဒီ လေးမိနစ် ၊ငါးမိနစ်အတွင်းမှာ ယန်ရှုမင်က စကားအချို့ကို တဖွဖွရေရွတ်နေခဲ့သည်က လွဲလို့ တခြား ဘာမှ မပြောခဲ့။အိပ်ရာဘေး လိုက်ကာ အပြင်ဘက်တွင် အရာရာက တိတ်ဆိတ်နေမြဲ ဖြစ်၏။ တိတ်ဆိတ်လွန်းလှသဖြင့် မဲ့တုန်သည် သူကပဲ အရမ်းဖျားနေခဲ့လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာလား၊ ပြီးတော့ ယန်ရှုမင်က သူ့အဆောင်ခန်းထဲကို အမှန်တကယ်ပဲ ရောက်မလာခဲ့ဘူးလား ဆိုပြီး သံသယဝင်မိသည်။ 



ဒါကြောင့် မဲ့တုန် ခိုးကြောင်ခိုးဝှက်နှင့် လိုက်ကာကို ဆွဲဖွင့်လိုက်ပြီး နောက် အဖျားကြောင့်လား မသိပေမဲ့ ၊သူကိုယ်တိုင်ပင် ပြန်မမှတ်မိနိုင်လောက်အောင် ခပ်ချွဲချွဲလေသံလေးဖြင့် " ခင်ဗျား ဘာဖြစ်လို့ လာတာလဲ?" 



ယန်ရှုမင်က အဖျားကျဆေးတစ်ချို့ကို ပြင်ဆင်နေခဲ့သည်။

"မင်းက ဖျားနေတယ်လို့ ပြောတာကို တွေ့တော့ ကိုယ် ထင်လိုက်တဲ့အတိုင်းပဲ ၊ မင်း မိုးမိသွားတာ ဖြစ်ရမယ်လို့။ မင်းမှာ သောက်စရာ ဆေး ရှိ၊မရှိ ကိုယ် မသိတာနဲ့ပဲ နည်းနည်းလောက် ဝယ်လာခဲ့တာ" 



မဲ့တုန် နှုတ်ခမ်းဆူလိုက်မိသည်။

"ကျွန်တော့် ထီးဆောင်းလာခဲ့ပြီးတော့ ကော်ရစ်ဒါမှာ ထားခဲ့တာ၊ ကျွန်တော်လည်း အတန်းလည်း ပြီးရော ထီးက အခိုးခံလိုက်ရပြီ" 



ယန်ရှုမင်က ခွက်ကို လှုပ်လိုက်ပြီး ဆေးများကို အညီအမျှ ပျံ့နှံ့သွားစေလိုက်သည်။ဆေးကို မဲ့တုန်ဆီ လှမ်းမပေးခင် အပူချိန်ကို လက်ဖမိုးနှင့် စမ်းသပ်ကြည့်သေးသည်။ ထိုနောက် ကလေးတစ်ယောက်ကို ချော့မြှူနေသည့်ဟန်ဖြင့်

"ကိုယ် မင်းအတွက် ပြန်ရှာပေးမယ်နော် ၊ဟုတ်ပြီလား" 



ယန်ရှုမင် ပြောလိုက်သောအသံက အရွယ်ရောက်ပြီးသူ တစ်ယောက်ကို ပြောဆိုနေသော ပုံစံမဟုတ်ကြောင်း မဲ့တုန် ပြောနိုင်ပါသေးသည်။ယန်ရှုမင် သူ့ကို စနေပြန်ပြီ။ ဒါကြောင့် သူက ဆေးထည့်ထားသောခွက်ကို လှမ်းယူ၍ ဖြေလိုက်သည်။ 



"မလိုတော့ပါဘူး ၊ဈေးကြီးတဲ့ထီးမှ မဟုတ်တာ၊ကျွန်တော် နောက်တစ်ချောင်းပဲ ဝယ်လိုက်တော့မယ်" 



ယန်ရှုမင်က သူ့ကို အရမ်းချမ်းသာလားလို့ စနောက်ပြီး မေးခဲ့စဥ် မဲ့တုန်က နည်းနည်းလောက်ပါပဲဟု ပြောခဲ့ဖူးသည်။ 



ယန်ရှုမင် သူ့ကို ထပ်ပြီး စနောက်မိပြန်၏။

"ချမ်းသာတဲ့ ဒုတိယမျိုးဆက်လေးပဲ" 



မဲ့တုန်က ဂုဏ်ယူစွာဖြင့် ခေါင်းငြိမ့်သည်။ "အမ်း ..." 



ယန်ရှုမင် အမှန်တကယ် အံ့ဩသွားရသည်။ "တကယ်ကြီးပေါ့?" 



မဲ့တုန် အသေအချာ ရှင်းပြလေသည်။

"တတိယမျိုးဆက် သူဌေးသား ဖြစ်မလားပဲ? ကျွန်တော့် အဘိုးက ဝါရင့် အနုပညာရှင်တစ်ယောက်ပါ။ သူက လက်ရေးလှပညာ အစည်းအရုံးမှာ ဂုဏ်ထူးဆောင် အကြီးအကဲတစ်ယောက်လည်း ဟုတ်တယ် ။အဘွားက သံတမန် တစ်ယောက်၊ အဖေက ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်တာတွေ လုပ်ပြီး အမေကတော့ ခွဲစိတ်အထူးကု ဆရာဝန်လေ" 



မဲ့တုန်က သူ့၏ အတော်ထူးခြားသော မိသားစုနောက်ခံအကြောင်း အလေးအနက် ရှင်းပြခဲ့သည်။သူက အမှန်တကယ်တော့ ချမ်းသာတဲ့သခင်ငယ်လေး တစ်ယောက်ဖြစ်သည်။ မဲ့တုန်က အမြဲတမ်း တသီးတသန့် နေတတ်တာကြောင့် သူမိသားစုအကြောင်းကို အခန်းဖော်များအပါအဝင် မည်သူ တစ်ဦးတစ်ယောက်ကမှ မသိပါ။ 



မဲ့တုန် ပြောပြလာသော မိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် တစ်မျိုးချင်းစီကပင် တခြားသူများကို မနာလိုဖြစ်လာအောင် လုပ်နိုင်သည်။ မိသားစုထဲမှာ ဒီလိုလူတွေ ရှိနေခဲ့တာကို မဲ့တုန်က ခပ်လျှိုလျှို နေနေခဲ့တာပေါ့? မျိုးရိုးဗီဇက တကယ်ကို စကားပြောတာပဲ၊မဲ့တုန်က အမြဲတမ်း ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်ပါ။ 



ထိုအခိုက်အတန့်တွင် ယန်ရှုမင်မှာ ဘာပြောလို့ ပြောရမှန်း မသိပေ။ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အလွယ်တကူ စကားပြောထွက်နိုင်သော လူတစ်ယောက်အဖို့ တကယ်ကို ဖြစ်တောင့်ဖြစ်ခဲပင်။ 



မဲ့တုန်ကတော့ သူ့မိသားစုနောက်ခံသည် ထူးထူးခြားခြား အံ့ဩထိတ်လန့်စရာ ကောင်းသည်ဟု မခံစားရပေ။ သူက ဒီလိုမျိုး အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့သည်။ ဘယ်တော့မှ ကြွားဝါခဲ့ခြင်း မရှိသလို မာနလည်း မထားတတ်ခဲ့။ ယန်ရှုမင်က အံ့ဩနေဟန်ဖြင့် တိတ်ဆိတ်သွားမှသာ မဲ့တုန်လည်း ဒီအဆောင်ခန်းထဲ၌ သူတို့နှစ်ယောက်ထဲ ရှိနေတာကို တဖြည်းဖြည်း သဘောပေါက်လာရသည်။ 



မဲ့တုန်က မေးသည်။ "အခြားသူတွေရော ဘယ်မှာလဲဟင်?" 



ယန်ရှုမင် က ဖြေ၏။ "ဒီည ဟောပြောပွဲ တစ်ခုရှိလို့လေ ၊ သူတို့ အကုန်လုံး ထိုင်ခုံတွေ လူပြည့်အောင် ဖြည့်ဖို့ ဆွဲခေါ်ခံထားရတာ" 



မဲ့တုန် တအံ့တဩဖြင့် ပြောမိသည်။

"အာ ...ဒီလောက် မိုးရွာနေတဲ့ညမှာ ပို့ချချက်တွေ နားထောင်နေရမှာတဲ့လား" 



ယန်ရှုမင်မှာ အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားရသည်။

"ကျောင်းသား မဲ့ဇီ ၊ မိုးက နေ့လည် ၂နာရီထဲက တိတ်သွားတာပါ" 



..... T_T 



မဲ့တုန် ထပ်ငိုချင်လာတော့သည်။ 



ဒါဆို သူက ဝမ်းနည်းဖွယ်ရာ ဒရာမာဇာတ်လမ်းရိုက်နေတယ် ဆိုပြီး မိုးရေထဲ ပြေးပြီး သရုပ်ဆောင်ခဲ့တာကြောင့် အပြင်းဖျားသွားတယ် ၊ ပြီးတော့ ယန်ရှုမင်နဲ့ ညစာအတူစားရမဲ့ အခွင့်အရေးကို ဆုံးရှုံးသွားရတာပေါ့။ 



မိုးက နေ့လည် ၂နာရီထဲက တိတ်သွားခဲ့သည်။ မိုးတိတ်သွားချိန်က မဲ့တုန် နိုးနေခဲ့ပေမဲ့ သူ လုံးဝ သတိမထားမိခဲ့ပေ။ 



သတိလစ်မသွားခင်တုန်းက မဲ့တုန်သည် သူနောက်ထပ် ဘယ်တော့မှ စိတ်ကူးယဥ်အိပ်မက်တွေ ထပ်မမက်တော့ပါဘူးလို့ ကျိန်ဆိုခဲ့သည်။သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်တော့ စိတ်ကူးယဥ်အိပ်မက်များ၏ အဓိကဇာတ်ဆောင်က သူ့ရှေ့မှာ ရှိနေသည်။ နတ်ဘုရား ဒေါက်တာမဲ့လည်း ဘာမှ မတတ်နိုင်တော့ပေ။ ယန်ရှုမင်ကို စောစောစီးစီး သူ လက်မလျှော့ချင်ခဲ့တာတော့ မဟုတ်ပေမဲ့ ယန်ရှုမင် ကိုယ်တိုင်က သူ့အနားမှာ ပုံစံအမျိုးမျိုးနဲ့ အချိန်ကိုက် ထွက်ပေါ်လာခဲ့ပြီး မဲ့တုန်ရဲ့ အရောင်အဆင်းမဲ့နေတဲ့ နှလုံးသားလေးကို ကောက်ယူကာ အရောင်တွေ ပြန်ခြယ်ပေးနေခဲ့တာကြောင့် ဖြစ်သည်။ 



ဒါကြောင့် ခြေလှမ်းတစ်ထောင်လောက် နောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင် မဲ့တုန်က ယန်ရှုမင်ကို ကြိုက်တယ်လို့ ပြောခဲ့တာ ထားတော့ ယန်ရှုမင်ဘက်ကရော တစ်ခုခု မှားနေတာ မဟုတ်ဘူးလား? 



နတ်ဘုရား ဒေါက်တာမဲ့သည် အိပ်ရာအစွန်းတွင် စိတ်ပျက်လက်ပျက်ဖြင့် ပစ်လှဲချလိုက်သည်။ 



ယန်ရှုမင်ကတော့ မဲ့တုန် ဆေးသောက်ထားသော ဖန်ခွက်ကို ဆေးကြောရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ 



မဲ့တုန် ယန်ရှုမင်ရှိနေသော နေရာကို မကြည့်ဝံ့ပေ။ ယန်ရှုမင်က သူ့အပေါ် စိတ်ရှည်လက်ရှည်နှင့် ဂရုစိုက်ပေးနေတာကို မြင်ရတာက မဲ့တုန်အတွက် ခုခံနိုင်ဖို့ ပိုခက်ခဲစေသည်။ သူ့အကြည့်များက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် ခုနက ယန်ရှုမင်ထိုင်နေသော ထိုင်ခုံရှိရာ မဲ့တုန်၏ စာရေးစားပွဲဆီသို့ ရုတ်တရတ် အကြည့်ရောက်သွားခဲ့သည်။ 



ခဏလေး ... ခဏလေးနေပါဦး 



သူပဲ မှားမြင်မိနေတာလား ၊ စားပွဲခုံပေါ်မှာ ဖွင့်ထားတာက သူ့ရဲ့ ဒိုင်ယာရီစာအုပ်ပဲ ! 



မဲ့တုန် အသက်ပြင်းပြင်းရှူလိုက်ပေမဲ့ မမျှော်လင့်ပဲ ဆို့နင့်သွားရပြီး အပြင်းအထန် ချောင်းဆိုးလာတော့သည်။

သူ့ခေါင်းက မူးဝေနေတာကို ဂရုမစိုက်နိုင်တော့ပေ။ မဲ့တုန် အိပ်ရာထဲကနေ ထဖို့ ကြိုးစားလိုက်ပေမဲ့ ယန်ရှုမင်က သူ့ကို ရပ်တန့်သွားစေပြီး အိပ်ရာပေါ်သို့ ညင်ညင်သာသာ တွန်းလိုက်သည်။ 



"မင်း ဘယ်ကို သွားမလို့လဲ?" ယန်ရှုမင် သူ့ကို ကြည့်နေသည်။ 



"ခင်ဗျား ... ဘယ်လိုလုပ်ပြီး သူများရဲ့ သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စကို ချောင်းကြည့်ရဲတာလဲ!" 



မဲ့တုန် စိတ်ဆိုးသည်၊ မဲ့တုန် အမှန်တကယ် စိတ်ဆိုးနေပါသည်။ 



ယန်ရှုမင်က မဲ့တုန် ကြည့်နေသည့်ဘက်ကို ကြည့်လိုက်မိမှ ဘာကို ရည်ညွှန်းလဲ သိရတော့သည်။ သို့သော် ချောမောခန့်ညားသော မျက်နှာထက်တွင် အပြစ်မကင်းသော အမူအရာတစ်ခုပင် မရှိခဲ့ပေ။ထိုအစား ယန်ရှုမင်က အားတုံ့အားနာဖြစ်ဟန် မရသည့်အပြင် လူယုတ်မာကြီးတစ်ယောက်ကဲ့သို့ ကလိမ်ကကျစ်အမူအရာမျိုးကို လှပသော မျက်နှာထက်တွင် ဆင်မြန်းလိုက်သည်။ 



"မင်းရဲ့ သီးသန့်ကိုယ်ရေးကိုယ်တာလား ... ကိုယ့်ရဲ့ သီးသန့်ကိုယ်ရေးကိုယ်တာလား? ဒိုင်ယာရီထဲမှာ တစ်ပတ်လုံး ရေးထားသမျှက 'ငါ သူ့ကို တကယ် ကြိုက်တယ်' ဆိုတာတွေပဲ ပါနေတာကို၊ ဒါက ကိုယ့်ရဲ့သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စ ပိုပြီး ဖြစ်မနေဘူးလား?" 



ခင်ဗျား ! 



ခင်ဗျား! 



ယန်ရှုမင်က သူ့ရဲ့မကောင်းတဲ့ တစ်ဖက်ခြမ်းကို ရုတ်တရတ် ထုတ်ပြလာမှုကြောင့် မဲ့တုန်တစ်ယောက် အံဩသွားရကာ ကြက်သေသေသွားတော့သည်။ သူ ဘာမှားပြောမိလို့လဲဆိုတာ သူချက်ချင်း သဘောမပေါက်နိုင်ခဲ့။ ထင်ရတာ အဲ့ဒီမှာ အမှန်တရား တစ်ခုခုတော့ ရှိနေနိုင်လောက်တယ်။ အဆုံးမှာတော့ ဒီဒိုင်ယာရီထဲမှာ ဘယ်လိုပဲ ယန်ရှုမင်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို မရေမတွက်နိုင်အောင် ရေးသားထားခဲ့ရင်တောင်မှ... မဲ့တုန်၏ သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စနှင့် ဆက်စပ်နေသော အရာကတော့ ... သူ ယန်ရှုမင်ကို ကြိုက်နေမိတယ် ဆိုတာ တစ်ခုတည်းသာ။ 



ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါတယ်ဆိုပေမဲ့ ယန်ရှုမင်က ဘယ်နေ့မှာဘယ်လိုအဝတ်အစားဝတ်တယ်၊ ဘယ်သူနဲ့ အတူထမင်းစားတယ်၊ ဘယ်လိုနေ့တွေမှာ သူရဲ့စိတ်အခြေအနေက ကောင်းနေပုံရတယ်၊ဆိုးနေပုံရတယ် ...စသဖြင့် ထိုအတိုင်းအတာမျှသာ ဖြစ်သည်။ 



ယန်ရှုမင်၏ မကောင်းသော ပြုမူပြောဆိုပုံက အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပြီး စေတနာထားသော အပြုံးတစ်ပွင့်နှင့် အစားထိုးလိုက်သည်။ 



"မင်းအိပ်နေတော့ ကိုယ်ဘာလုပ်ရမလဲ မသိတာနဲ့ ...မင်းကို နှိုးလည်း မနှိုးရက်တော့ ... ကိုယ် တစ်ခုခုလုပ်နေမယ်ဆိုပြီး ကြည့်နေမိလိုက်တာ။ ကိုယ်က မင်းကို မေးခဲ့ရင်တောင် မင်းကတော့ သေချာပေါက် သဘောတူမှာပဲဆိုပြီးလေ ၊ဒီတော့ ကိုယ် အရမ်းလွန်သွားပြီလား?" 



သူ မေးလိုက်ကတည်းက မဲ့တုန်သည် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပါးစွာဖြင့် အလိုအလျောက်တုံ့ပြန်လိုက်မိ၏။ 



"အဲ့လိုမျိုးတော့ မဟုတ်ပါဘူး၊ ခင်ဗျား ကြည့်ချင်တယ်ဆိုရင်တော့ ..... ကျွန်တော့် ဒိုင်ယာရီက အရမ်းပျင်းဖို့ကောင်းပါတယ်၊ အချိန်ပေးပြီး ဖတ်ဖို့ မတန်ပါဘူး" 



ယန်ရှုမင်က နွေးထွေးစွာ ပြုံးလိုက်သည်။

"ကိုယ့်အတွက်တော့ ပျင်းဖို့မကောင်းပါဘူး။ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်" 



မဲ့တုန်သည် အဖျားရောဂါကို ခံစားနေသည့်အပြင် အစကတည်းက သူ့ဦးနှောက်ကလည်း ယန်ရှုမင်၏ ရှေ့မှာဆို လုံးဝ ထက်ထက်မြက်မြက်မရှိတော့ပေ။ အခု ဖျားနေချိန်မှာတော့ သူက ပို၍ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့ပါ။ ခုနက ယန်ရှုမင်သည် မဲ့တုန်၏ ပထမနှစ်ကျောင်းသားဘဝ စတင်ရာ နေ့ရက်များက စ၍ ဖတ်ရှုကြည့်နေခဲ့သည်။ မဲ့တုန်၏ ဒိုင်ယာရီက မဲ့တုတ်ပြောသလိုပဲ ၊အတော်လေး ပျင်းစရာကောင်းပါသည်။ 'အဝေးကနေ ငေးကြည့်နေရခြင်း' နှင့် 'ဆုံတွေ့ရမဲ့ အခွင့်အရေးများကို စွဲလမ်းခြင်း' နှင့်ဆိုင်သော ဖြစ်ရပ်များကိုသာ အဓိကထား၍ ရေးသားထားသည်။ 



အိပ်ရာနိုးလာသော မဲ့တုန်က သူ့ကို ဟန့်တားနှောင့်ယှက်လိုက်ချိန်တွင်တော့ ယန်ရှုမင်က ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာသို့ လှန်လိုက်ပြီး နောက်ဆုံးကနေ ရှေ့ဘက်ကို စဖတ်တော့သည်။ 



မဲ့တုန်သည် သူ့ဒိုင်ယာရီ၏ အဓိကဇာတ်လိုက်က ဒိုင်ယာရီထဲက စာသားများကို နှစ်ခြိုက်စွာ ဖတ်ရင်းဖြင့် စိတ်ဝင်တစားရှိနေသည်ကို အသိစိတ်ပင် မကပ်နိုင်အောင် စူးစိုက်ကြည့်နေမိလေသည်။ ထိုစဥ်ထိုင်းမှိုင်းနေသော သူ့စိတ်ထဲတွင် တစ်ချို့သော စာသားများက အနှေးပြကွက်ဖြင့် ပြသလို တဖြတ်ဖြတ် ပေါ်လာခဲ့သည်။



"အဖြောင့်တွေ အကြောင်း ငါသိပ်တော့ နားမလည်ပါဘူး။ဒါပေမဲ့ သူတို့အားလုံးက ဒီလိုတွေ လုပ်ရတာကြိုက်တယ်ဆိုပြီး မှန်းကြည့်လို့တော့ ရပါတယ်။ သူတို့က အမြဲတမ်း နားလည်မှု လွဲနိုင်တဲ့စကားတွေကို လွယ်လွယ်ပြောတတ်ကြတယ်။ 'မင်းကို ကြည့်ဖို့ လာခဲ့တာ' အဲ့လိုမျိုးပေါ့။ ငါ့ကိုလာကြည့်တာလို့ အတိတကျ ယူဆလို့မှ မရတဲ့ဟာ။ဒါကို သူတို့က မပြောပဲ ကွေ့ပတ်နေသေးတယ်" 



"ယန်ရှုမင် လူဆိုးကောင်ကြီး" 



"ဒါပေမဲ့ ငါက သူ့ရဲ့အမျိုးသားအငယ်အနှောင်းလေးမှ မဖြစ်ချင်တာ ...ဟမ့်!" 



"အဖြောင့်ကောင်တွေ ၊ မင်းတို့ ဒီလောက်တောင် သူငယ်ချင်းတွေ ရှားပါးနေကြလို့လား? မင်းတို့ကို ကြိုက်နေတဲ့ ဂေးတစ်ယောက်နဲ့ ဘာကြောင့်များ သူငယ်ချင်း ဖြစ်ချင်နေရတာလဲ?" 



မဲ့တုန်၏ အမြင်အာရုံမှာ မှောင်မည်းသွားတော့သည်။

ပြီးသွားပြီ ... သူ အပြင်းဖျားပြီး မျက်စိကွယ်သွားပြီ ထင်တယ်။

++++++++