Chapter 9
Viewers 218

Chapter 9




မဲ့တုန်သည် လျှပ်စီးလက်သကဲ့သို့ အိပ်ရာထဲမှ လျင်မြန်စွာ ခုန်ထလိုက်ပြီး ရဲရင့်စွာဖြင့် စာရေးစားပွဲရှိရာဘက်ကို ဆတ်ခနဲ လှမ်းလိုက်သည်။ သူ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ရီရီဖြစ်နေတာကို ဖုံးကွယ်ထားရင်းဖြင့် လက်များက ဒိုင်ယာရီပေါ်တွင် ဖိထားလိုက်တော့သည်။ 



"အာ ... စီနီယာ ၊ ဒါကို မဖတ်တော့ဘူးဆိုရင်ရော? ပြီးတော့ ... ဘာမှတော့ မဖြစ်ဘူးဆိုပေမဲ့ ကျွန်တော်ရှေ့မှာတော့ ကျွန်တော်ရေးထားတာတွေကို ဖတ်ဖို့ မသင့်တော်ဘူးလေ၊ ဟုတ်တယ်မလား? အဲ့လို လုပ်တာက လူတစ်ယောက်ကို ရှက်ပြီး သေသွားအောင် လုပ်ဖို့ လုံလောက်တယ်လေ" 



ယန်ရှုမင် ပြုံးလိုက်သည်။

"အမှန်ကတော့ ဒိုင်ယာရီ ထဲမှာ မင်းက ကိုယ့်ကို ဆန်ကုန်မြေလေးဆိုပြီး ကြိမ်းမောင်းထားလို့ မဟုတ်ဘူးလား?" 



ကယ်ကြပါဦး ... သူ တကယ်တွေ့သွားပြီ 



မဲ့တုန်က ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ပြောသည်။

"စိတ်မဆိုးပါနဲ့ ၊ ကျွန်တော် မရည်ရွယ်ပါဘူး၊ အဲ့ဒါ ... အဲ့ဒါက နားလည်မှု လွဲသွားတာလေးပါပဲ" 



ယန်ရှုမင်က နားလည်စွာ ခေါင်းငြိမ့်သည်။

"အမ်း ... နားလည်မှုလွဲတာလေး တစ်ခုပေါ့" 



မဲ့တုန်သည် စားပွဲခုံနှင့် ယန်ရှုမင်ကြားရှိ နေရာကွက်လပ်လေးထဲသို့ ခန္ဓာကိုယ်ကို အတင်းထိုးကြိတ်၍ ဝင်လိုက်ပြီး ဒိုင်ယာရီစာအုပ်ကို သူ့ကိုယ်ကို သုံး၍ ကွယ်ရန် ကြိုးပမ်းသည်။ 



သူ တကယ်ကို သေချာ မတွေးလိုက်မိဘူးပဲ ။ အခု ဒိုင်ယာရီက ထိပ်တန်းလျှို့ဝှက် ကိုယ်ရေးကိုယ်တာကိစ္စပဲ။ သူ့ခေါင်းက ချာချာလည် နေခဲ့တာတောင်မှ အရာရာတိုင်းကို ဘယ်လိုတောင် ဂရုစိုက်နေရလဲ? 



သူ့ခန္ဓာကိုယ်ကို နေရာကွက်လပ်ထဲသို့ ရောက်ရန် အောင်မြင်စွာ အကွက်ဆင်နိုင်ခဲ့ပြီးမှ မဲ့တုန်သည် သူက ယန်ရှုမင်နဲ့ ဘယ်လောက်အထိ နီးကပ်နေမိပြီလဲဆိုတာ သတိထားမိတော့သည်။ သူတို့၏ ပေါင်တံများက အချင်းချင်းဖိမိနေကြ၏။ မဲ့တုန်သည် သူ့၏ ခြေလက်များကို နောက်တစ်ခါ ထပ်မထိန်းချုပ်နိုင်တော့ဘဲ နေရာရွှေ့လိုက်ရင်ပဲ ကောင်းမလား၊ ဒါမှမဟုတ် ဒီတိုင်းပဲ ဆက်နေရင် ကောင်းမလား မရွေးချယ်နိုင်ခဲ့ပေ။ 



အခြားတစ်ဖက်တွင် ယန်ရှုမင်ကတော့ သူကို လိုက်နေတဲ့သူနဲ့ သူ့ကြားမှာ အကွာအဝေးတစ်ခု ထိန်းထားသင့်သည်ဆိုသော အချက်ကို လုံးဝ သတိမမူမိပုံပင်။ 



ယန်ရှုမင်က လက်ရှိအနေအထားကို မနှစ်မြို့ခြင်း မရှိသည့်အပြင် လက်ကို မြှောက်၍ မဲ့တုန်၏ နဖူးကို စမ်းသပ်လိုက်သေးသည်။ 



"အရမ်းပူနေတုန်းပဲ ၊ အဖျားကျဆေးရဲ့ အာနိသင်က ဒီလောက် မြန်မြန် မကုန်သင့်ဘူး" 



မဲ့တုန်က စက်တစ်ခုကဲ့သို့ အလိုအလျောက် ခေါင်းငြိမ့်မိသည်။ "အမ်း ... ဟုတ်တာပေါ့" 



ယန်ရှုမင်က မေးသည်။ " မင်းရဲ့ထီး အခိုးခံလိုက်ရတယ်ဆိုတာ သတိပြုမိရင် ဘာလို့များ မင်းသူငယ်ချင်းတွေကို ထီးနဲ့ လာကြိုပေးဖို့ မခေါ်လိုက်တာလဲ?" 



မဲ့တုန်သည် မိုးမိ၍ ပြန်လာပြီးနောက် အရင်ဆုံးဒိုင်ယာရီရေးဖို့ ထိုင်မနေခဲ့ဘဲ ရေချိုးပြီး အိပ်ရာထဲ တန်းဝင်ခဲ့မိတာကို ကံကောင်းတယ်လို့ ခံစားရသည်။ မဟုတ်ရင်တော့ ယန်ရှုမင်က ဒီမေးခွန်းမျိုးကို မေးမှာ မဟုတ်ဘူး။ အရူးထပြီး မိုးရေထဲမှာ ရွှဲရွှဲစိုတဲ့အထိ ပြေးလွှားခဲ့တယ်ဆိုတဲ့ကိစ္စက သူတစ်ယောက်တည်းပဲ သိတဲ့ကိစ္စ ဖြစ်သွားပြီ။ နောက်ထပ်တစ်ယောက် သိဖို့ မလိုတော့ဘူး။ 



မဲ့တုန် လည်ချောင်းရှင်းလိုက်သည်။ သူက လိမ်ပြောတဲ့နေရာမှာ တကယ် မတော်ပါ ၊ အထူးသဖြင့် ယန်ရှုမင်၏ ရှေ့မှာဆိုရင်ပေါ့။သူ့ အကြည့်များက တဖြတ်ဖြတ် လှုပ်ခတ်နေပြီး သူ့အသံကလည်း တစ်မျိုး ထူးဆန်းနေ၏။ 



" သူတို့ကို ဒုက္ခမပေးချင်လို့ပါ ... နီးနီးလေးပဲ ပြေးလာရတာ၊ ကျွန်တော် ဖျားသွားလိမ့်မယ်လို့ကို လုံးဝ မထင်ထားဘူး" 



ကံကောင်းစွာဖြင့် ယန်ရှုမင်က ဆက်မေးရမည့်အစား ထိုသို့ ပြောလာသည်။ "နောက်တစ်ခါဆို မင်း ကိုယ့်ကို ရှာလို့ရတယ်"



မဲ့တုန် သဘောမပေါက်လိုက်ပါ ။ "ဘာကိုလဲ?" 



ယန်ရှုမင်က စိတ်ရှည်ရှည်နဲ့ ရှင်းပြရသည်။

"မင်း နောက်တစ်ခါ ထီးမေ့ခဲ့တယ်ဆိုရင် ကိုယ်ကို ဖုန်းခေါ်လိုက်၊ ကိုယ် မင်းကို လာကြိုမှာပေါ့" 



မဲ့တုန် ခေါင်းမငြိမ့်မိလိုက်ပါ။ သူ နှေးကွေးစွာဖြင့် အသက်ရှုသွင်းလိုက်ပြီး၊အဆုတ်များ ဖောင်းပွလာသဖြင့် သူ့ရင်ဘတ်ကလည်း မြင့်တက်လာသည်။ဘယ်လိုပဲ ဖြစ်ဖြစ် မဲ့တုန်ကတော့ သူ ရှုလိုက်မိတာ လေ မဟုတ်ဘဲ ရေနွေးငွေ့လို ပူလောင်နေတဲ့ ခံစားချက်တွေလို့ ခံစားရပြီး သူ့မျက်လုံးတွေက နောက်တစ်ကြိမ် နီရဲလာလေသည်။ 



မဲ့တုန် ဒီနေ့ ငိုထားခဲ့သည်။ အဖျားသွေးကြောင့် မျက်နှာတစ်ခုလုံးက နီမြန်းနေပြီး မျက်ဝန်းများကလည်း စိုစွတ်နေသည်။အဖျားရောဂါက သူ့ကို ယန်ရှုမင်အပေါ် အရမ်းကပ်တွယ်နေစေတာကြောင့် ဖျားနေတာကိုပဲ သူ အပြစ်တင်ရတော့မည်။သူ့မှာ မျက်ရည်တွေကို ဖြတ်သန်းပြီး ထွက်လာဖို့ လိုတဲ့ စိတ်ခံစားချက်တွေ အရမ်းများနေသလိုမျိုး တစ်ခါ ငိုခဲ့ပြီးတာတောင် နောက်ထပ် ငိုချင်မိတုန်းပဲ။ 



သူက "အမ်း" ဟု နူးညံ့စွာ ညည်းတွားလိုက်လေသည်။ လုံးလုံးလျားလျား သဘောတူခြင်း မဟုတ်သော်လည်း သူ သိရှိပါကြောင်း အသိအမှတ်ပြုခြင်းသာ ဖြစ်သည်။ 



ဒီလို အသေးအဖွဲ့ကိစ္စလေးနဲ့ ယန်ရှုမင်ကို သူ စိတ်အနှောင့်အယှက် ဖြစ်အောင် ဘယ်လိုလုပ်ရဲမှာလဲ? 



ယန်ရှုမင်ဘက်က စစ်မှန်သည်ဖြစ်စေ၊ ဟန်ဆောင်သည်ဖြစ်စေ မဲ့တုန်ကတော့ ယန်ရှုမင်က သူ့အပေါ် ကောင်းစွာ ပြုမူဆက်ဆံသည် ဟု ခံစားရသည်။ 



အမှန်တကယ်တော့ ယန်ရှုမင်ကို ဘာကြောင့်များလဲလို့ သူ မေးလိုက်ချင်ပါသည်။ 



မဲ့တုန် မဟုတ်တဲ့ တစ်စုံတစ်ယောက်ဆိုရင်ရော ယန်ရှုမင်က ဒီအတိုင်းပဲ ပြုမူမှာလား ? သူ့ကို လိုက်တဲ့သူတွေအပေါ် အမြဲတမ်း လူကြီးလူကောင်းဆန်ဆန်နဲ့ ညှာတာထောက်ထားနေမှာလား? အဲ့ဒါက ယဥ်ကျေးတဲ့ အပြုအမူဆိုပေမဲ့ ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ဘူးလေ။သူ့ကို လိုက်နေတဲ့သူတွေက အဲ့ဒီအပေါ် နားလည်မှုလွဲပြီး ပိုလို့တောင် စိတ်ကူးယဥ်အိပ်မက် မက်နေကြဦးမှာ။ 



အဲ့ဒါက ယန်ရှုမင်က တစ်နေ့ကျရင် သူတို့အပေါ် တကယ်ပဲ ချစ်လာပါလိမ်မည် ဆိုတဲ့ စိတ်ကူးအိပ်မက်ပေါ့။ 



အခုထိတော့ ဒိုင်ယာရီက လုံခြုံနေသေးသည်။ 



သိပ်မကြာခင်မှာ ဟောပြောပွဲ ပြီးဆုံးသွားသောကြောင့် သူ့အခန်းဖော်များ တစ်ယောက်ပြီး တစ်ယောက် ပြန်လာခဲ့ကြသည်။ 



ယန်ရှုမင်က အကြာကြီး မနေခဲ့ပါ။ မဲ့တုန်ကို ပိတ်ရက်မှာ ကောင်းစွာ အနားယူဖို့ ညွှန်ကြားခဲ့ပြီးနောက် သူလည်း ပြန်သွား၏။ 



မဲ့တုန်သည် အိပ်ရာပေါ်တွင် သနားစရာပုံစံဖြင့် လဲလျောင်းနေသည်။ သူ့ အခန်းဖော် သုံးယောက်က စိတ်အားထက်သန်စွာ စုံစမ်းစစ်ဆေးချင်ကြသဖြင့် သူ့ကို ဝိုင်းရံထားကြသည်။ 



"ပြောစမ်း ၊ မင်းနဲ့ ယန်ရှုမင်ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ?" 



" ရိုးရိုးသားသားပဲ ပြောပြလိုက်စမ်းပါ ၊ပြောရရင် မင်းတို့ နှစ်ယောက် လမ်းမှာ အချင်းချင်း နှုတ်ဆက်နေတာကို မြင်တဲ့အချိန်ထဲက ငါ အံ့ဩခဲ့ပြီးသားပါ။ မင်း နေမကောင်းဖြစ်တဲ့အချိန် သူ ဆေးဝယ်ပြီး ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားမိဘူး။ သေစမ်း ၊ ငါ အအေးမိရင်တော့ ငါ့ပါတနာက ငါ့ကို ဆေးဝယ်ပေးတာ ဖြစ်ဖြစ် ၊လူနာလာကြည့်တာပဲ ဖြစ်ဖြစ် မလုပ်ပေးဘူး" 



မဲ့တုန်က တိတ်တဆိတ် ကြားဖြတ်ပြောသည်။

"တုချွမ် ၊ မင်းရဲ့ ပါတနာက မိန်းကလေးလေ၊ အဲ့ဒီတော့ သူမက ယောကျ်ားလေးအိပ်ဆောင်ထဲ ဝင်လို့မှ မရတာ" 



တုချွမ်က မျက်လုံးများကို မှေးစင်းပြီး ကြည့်သည်။

"မနှောင့်ယှက်နဲ့စမ်း ! မင်းက ဘယ်လိုဖြစ်ပြီး ယန်ရှုမင်နဲ့ ရုတ်တရတ် အရမ်းရင်းနှီးသွားရတာလဲ?" 



မဲ့တုန်သည် အခန်းဖော်များကို ဘယ်လိုပြန်ဖြေရမလဲ မသိသဖြင့်တိတ်ဆိတ်နေမိသည်။ ယန်ရှုမင်နဲ့ ဘာကြောင့် ဒီလောက်အထိ နီးကပ်လာရလည်း သူကိုယ်တိုင်ပင် မသိပါ။ အကြောင်းပြချက်တစ်ခု ပေးရမယ်ဆိုရင်တော့ ယန်ရှုမင်က မဲ့တုန် သူ့ကို ကြိုက်နေတာ သိသွားခဲ့လို့သာ ဖြစ်မည်။ ဒါပေမဲ့ သူက ဒီအကြောင်းပြချက်ကြောင့်ပါဆိုပြီး သူ့အခန်းဖော်တွေကို ဘယ်လိုလုပ်ပြီး ရှင်းပြနိုင်မှာလဲ? 



ဒီမေးခွန်းကို မဖြေပဲ ရှောင်တိမ်းသွားဖို့သာ သူတတ်နိုင်သည်။ 

မဲ့တုန် ပြောလိုက်သည်။

"ငါတို့က ဒီနေ့ ညစာအတူစားဖို့ စီစဥ်ထားတာ၊ အဲ့ဒါကို ငါက ဖျက်လိုက်တယ်လေ။ သူက ညစာစားမဲ့နေရာကို သွားနေရင်းနဲ့ လမ်းကြုံလို့ ဝင်လာခဲ့တာ ဖြစ်လိမ့်မယ်" 



ဝူကျီမော့က သရော်လိုက်သည်။

"လမ်းကြုံလို့ ဝင်လာတာ ? လွန်ခဲ့တဲ့ ၂နာရီကမှ ဟောပြောပွဲကို ငါတို့ တက်ခဲ့တာလေ။ သူက မင်းရဲ့အိပ်ဆောင်အခန်းထဲမှာ နှစ်နာရီကြာအောင် ထိုင်နေခဲ့ပြီးမှ ပြန်ဆင်းလာခဲ့တာလား?" 



မဲ့တုန်၏ မျက်လုံးများ ပြူးကျယ်လာတော့သည်။ သူလည်း နှစ်နာရီလောက် ကြာသွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သူနိုးလာတဲ့အချိန်က စပြီး ယန်ရှုမင် မပြန်ခင်အထိ နာရီဝက်လောက်ပဲ ကြာခဲ့သည်။ ဒါဆို ယန်ရှုမင်က သူ့ဒိုင်ယာရီကို ဖတ်ရင်းနဲ့ တစ်နာရီခွဲ ကြာအောင် သူ့ကို ထိုင်စောင့်နေပေးခဲ့တာပေါ့! 



မဲ့တုန် နှာခေါင်းရှုံ့လိုက်သည်၊ သူ့ပုံစံကလည်း နာကျင်မှုများ ပြည့်နေ၏။ 



အိပ်မပျော်ခင်လေးမှာ မဲ့တုန်က ဒိုင်ယာရီကို အိပ်ရာထဲ ယူသွားပြီး တဖြည်းဖြည်း စတင်ဖတ်ကြည့်တော့သည်။ 



လူတော်တော်များများအတွက် သူတို့ရဲ့ ဒိုင်ယာရီထဲမှာရှိတာတွေက အချိန်နဲ့အမျှ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းကိစ္စတွေ ဖြစ်သည်။သူတို့အတွက် ဒိုင်ယာရီရေးတယ်ဆိုတာက ဘဝအကြောင်းကို မှတ်တမ်းတင်နည်းတစ်ခုသာဖြစ်ပြီး အနာဂတ်မှာ သူတို့ရဲ့ အတိတ်ကာလကို ပြန်လည်ခံစားနိုင်ဖို့ ခြေရာလက်ရာ အစအနလေးတွေ ချန်ထားခြင်းဖြစ်သည်။

သို့သော် မဲ့တုန်အတွက်တော့ မတူပါ။ သူ့ရဲ့စိတ်ခံစားချက်တွေကို သိမ်းဆည်းသိုဝှက်ထားဖို့ သင့်တော်တဲ့နေရာတစ်ခု ရှာသည့်အနေနဲ့ ဒိုင်ယာရီရေးခြင်း ဖြစ်ပါသည်။ 



မဲ့တုန်က သူ တက္ကသိုလ်တက်ခဲ့သည့် အစောပိုင်း နေ့ရက်များတွင် စတင်ရေးသားထားသော ဒိုင်ယာရီကို အခုမှ ပထမဆုံးအကြိမ် ပြန်၍ ဖတ်ကြည့်ခြင်းဖြစ်သည်။ 



' တက္ကသိုလ်က အထက်တန်းကျောင်းထက်တော့ ပိုပြီး သက်တောင့်သက်သာရှိတယ် ၊အနည်းဆုံး ငါ့အတွက်ပေါ့။ အခန်းဖော်တွေလည်း အစားစားဖို့ ၊ဂိမ်းဆော့ဖို့ အချိန်မရှိသလောက် အလုပ်ရှုပ်နေကြတာ။ကျောင်းသားသမဂ္ဂတို့ ကျောင်းတွင်းလှုပ်ရှားမှု ကလပ်အသင်းတို့မှာ ပါဝင်တာက သူတို့ကို ပိုအလုပ်ရှုပ်စေသလိုပဲ။ သူ ရှိနေတဲ့ ကျောင်းသားသမဂ္ဂကို ဝင်ရောက်ကြည့်ဖို့ ကြိုးစားသင့်လား၊ မသင့်ဘူးလား ငါ တွေးနေရတယ်။ 



ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးပေါ! ငါတို့က လုပ်ဖော်ကိုင်ဖက်အဖြစ်နဲ့ အဆုံးသတ်သွားရင် ဘယ်လိုတောင် စိတ်ကသိကအောက် ဖြစ်နေရမလဲ? ငါ သူနဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူး။သူ့ကို အဝေးကပဲ ငေးကြည့်ရင်း ဖြတ်သွားဖြတ်လာမှ ဆုံတွေ့ရတယ်ဆိုလည်း အဆင်ပြေနေတာပဲ ' 



' မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ သူက အဖြူရောင်ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ထားတယ်၊ ပြီးတော့ အလုပ်များနေတဲ့ပုံပဲ။သူက အထက်တန်းကျောင်းမှာဆို အဲ့လို တစ်ခါမှ မဝတ်ဖူးဘူး၊အခုနွေရာသီ ဖြစ်နေတာ စိတ်ပျက်စရာပဲ၊ သူ အပေါ်ထပ်ကုတ်အင်္ကျီ ဝတ်ဖို့ပဲ ကျန်တော့တာ။သူက အဲ့လိုဝတ်ရင် အရမ်းကြည့်ကောင်းတယ်။ငါက ဒီနှစ်မှရောက်လာတဲ့ ကျောင်းသားအသစ်လေး၊ သူကတော့ ဒုတိယနှစ်ကျောင်းသား။ ဒီနှစ်ပြီးရင် တက်ဖို့ကျန်တဲ့ နောက်သုံးနှစ်စာ အတွက် ငါကြိုတွေးနေမိပြီ။ ပြီးတော့ သူ ဘွဲ့ရသွားရင်တော့ ငါ သူ့ကို ထပ်မတွေ့ရလောက်တော့ဘူး ထင်တယ်နော်? ' 



'အတန်းပြီးတော့ ငါ့ခုံရဲ့ အရှေ့ခုံက မိန်းကလေးနှစ်ယောက် သူ့နာမည်ကို ပြောလိုက်တာ နားစွန်နားဖျား ကြားမိတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကောင်လေးတစ်ယောက်က သူ့ကို လိုက်နေတယ်လို့ သူတို့က ပြောတယ်။ အရင်အပတ်ကဆို အဲ့ဒီကောင်လေးက သူ့အဆောင်ခန်းကို နှင်းဆီပန်းတွေ ဝယ်ပို့ခဲ့သေးတယ် ဆိုပဲ၊ဒါပေမဲ့ သူက အဲ့ဒီလူကို ယဥ်ယဥ်ကျေးကျေးလေးနဲ့ ငြင်းပစ်လိုက်တယ်တဲ့။ကောင်လေးက လက်မလျှော့သေးဘူး။ မနက်တိုင်းလည်း သူ့ဆီကို မနက်စာ ဝယ်ပို့သေးတာ၊ဒါပေမဲ့ သူက တစ်ကိုက်လေးတောင် မစားဘူးတဲ့။ ငါ နည်းနည်းလေး ပျော်မိတယ်ဆိုပေမဲ့ အဲ့ဒီအတင်းတုပ်နေတာကိုကြားရတာ နည်းနည်းတော့ စိတ်အားငယ်မိတယ်။ ငါ သူ့ကို ဖွင့်ပြောဖို့ ရည်ရွယ်ချက် မရှိလို့ သူငြင်းတာ ငါမခံရတော့ဘူးဆိုပြီးလည်း ဝမ်းသာမိတယ်' 



မဲ့တုန် နောက်စာမျက်နှာကို လှန်လိုက်သည်။ သူ အဲ့ဒီစာကို ရေးခဲ့တုန်းက တစ်ခုခုထူးခြားနေတယ်ဆိုပြီး လုံးဝမခံစားခဲ့ရပေ။ သို့သော်လည်း အခု သူ ပြန်ဖတ်ကြည့်မှပဲ ချဥ်စူးစူးနှင့် သိပ်ယုတ္တိမရှိ သလို ခံစားရ၏။ 



ဒါပေါ့ ၊ တစ်ဖက်သတ် ချစ်နေရတဲ့သူရှိတဲ့ လူတွေက အဲ့လိုမျိုးပဲလေ။ အလယ်တန်းကျောင်းတက်တုန်းက QQ space မှာ မင်း တင်ထားမိတဲ့ ဒိတ်အောက်နေတဲ့ postတွေကို မင်း အသက်၂၀ အရွယ်ရောက်မှ ပြန်တွေ့လိုက်ရသလိုမျိုးပဲ။

ယန်ရှုမင် ဒါတွေကို မြင်သွားခဲ့သည်ဆိုတော့။မဲ့တုန် ထိုအတွေးကြောင့် စိတ်မကောင်းဖြစ်သွားသည်။ 



သူ ဘာဖြစ်လို့ စိတ်မကောင်းဖြစ်ရတာလဲ? 



သူ ရှက်သွားတာတစ်ခုတည်း မဟုတ်ပေ။ ရှက်ရွံ့တာက အစိတ်အပိုင်းလေး တစ်ခုသာသာပဲ။ ဝမ်းနည်းမှုနဲ့ ယှဥ်ရင် သိပ်အရေးမပါတဲ့ ခံစားချက်လေးပဲ။ မဲ့တုန်က သူရဲ့ ကိုယ်ကျင့်သိက္ခာကို အမြဲတစေ ထိန်းသိမ်းနေချင်သူ ဖြစ်သည်။ တကယ်တမ်းဆိုရင် ဘယ်သူကများ အောက်မေ့တမ်းတမှုအပြည့်နဲ့ ရေးထားမိတဲ့ စကားလုံးတွေကို ပေးဖတ်ချင်ပါ့မလဲ? 



သူ့ခေါင်းအုံးဘေးတွင် ရှိသော ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ 



မဲ့တုန်က စာ ရောက်နေသည်ဆိုသော အသိပေးချက်ကို ကြည့်လိုက်သည်၊ ယန်ရှုမင်ဆီက ဖြစ်ပါသည်။ 



ယန်ရှုမင် : "မင်းက ကိုယ် ရှပ်အင်္ကျီဝတ်ထားတာကို မြင်ရတာ သဘောကျတာလား?" 



မဲ့တုန်သည် သေမတတ် ရှက်သွားပြီး အမြန် ရှင်းပြတော့သည်။

"မဟုတ် ... မဟုတ်ဘူး၊ ကျွန်တော်က ဒီအတိုင်း လျှောက်ရေးထားမိတာ၊ ခင်ဗျား အတည် မှတ်ထားဖို့ မလိုပါဘူး" 



ယန်ရှုမင် : " အိုး ... ဒါဆို မကြိုက်ဘူးပေါ့?" 



မဲ့တုန် : " ..... ကြိုက်ပါတယ်"

ယန်ရှုမင် : "ကိုယ် မင်းအတွက် မနက်ဖြန်ကျရင် ဝတ်လာခဲ့ပေးမယ် ၊ ဟုတ်ပြီနော် ?" 



မဲ့တုန်တွင် ပြန်လည် တုံ့ပြန်ဖို့ စကားလုံးမရှိတော့ပေ။ 

သူ မျက်နှာပြောင်ပြောင်နဲ့ သဘောတူမိသွားတာကို အရမ်းရှက်နေမိပါသည် ၊ ဒါပေမဲ့ သူ ငြင်းမှ မငြင်းချင်တာကို။ 



ထို မတိုင်ခင်က ဝမ်းနည်းမှုမှာ ပျောက်ကွယ်သွားပြီး ၊အခုတော့ မဲ့တုန်က ဖုန်းစကရင်ကို စိုက်ကြည့်နေမိရင်း တိတ်တဆိတ် ပျော်ရွှင်ကြည်နူးနေမိသည်။ 



မဲ့တုန်သည် သူ့ကိုယ်သူ လေအပြည့်နှင့် ဖောင်းနေသော ဘောလုံးတစ်လုံးသဖွယ် မြင်နေတာကို မထိန်းထားနိုင်တော့ပေ။ ကိုယ့်ကိုကိုယ် လေးစားယုံကြည်မှု အားနည်းခြင်းနှင့် သူရဲဘောကြောင်ခြင်းတို့က တစ်ဖက် ၊ ယန်ရှုမင်၏ ညင်သာနူးညံမှုနှင့် နီးစပ်ချင်လိုသော စိတ်က တစ်ဖက် ၊ ဟိုဘက်ဒီဘက် အကန်ခံနေရသဖြင့် ရှေ့ရောက်လိုက် ၊ နောက်ရောက်လိုက် လူးလှိမ့်နေရသော ဘောလုံးလေးတစ်လုံးပေါ့။ 



အတော်လေး တွေးနေပြီးမှ မဲ့တုန်သည် ခေါင်းငြိမ့်နေသော emoji လေးဖြင့် စာပြန်မိသည်။ 



ယန်ရှုမင်၏ စာကို ပြန်ပြီးနောက် မဲ့တုန်သည် အိပ်ရာပေါ်က ဆင်း၍ ဖောင်တိန်ကို လှမ်းယူပြီး ဒီနေ့အတွက် ဒိုင်ယာရီကို အိပ်ရာပေါ်တွင် လှဲ၍ ရေးနေတော့သည်။ 



၂၀၂၃ အောက်တိုဘာ ၁၃ ရက် ၊ မိုးအရမ်းရွာတယ် 



သူ ငါ့ကို နည်းနည်းတော့ ကြိုက်နေတယ်လို့ ခံစားရတယ်။ 



ငါ ကိုယ့်ကိုကိုယ် အထင်ကြီးနေမိတာများလား? အဲ့လိုတော့ မဖြစ်နိုင်ဘူး၊ ငါက ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တဲ့သူမှ မဟုတ်တာ။ငါက သူ့ကို ကြိုက်နေမိတာလေ၊ သူ့ရဲ့အပြုအမူတွေကို တလွဲ တွေးပြီးတော့ သူ ငါ့ကို ကြိုက်နေတယ်လို့ လျှောက်ထင်နေမိတာလား ငါ့ဘာသာငါ မသေချာဘူး။ သူ့ဘက်က စဥ်းစားကြည့်မယ်၊ သူက ငါ့ကို ကြိုက်တာကြောင့် မဟုတ်ရင် ဘာလို့ သူက ငါ့ရဲ့ စကားရည်လုပြိုင်ပွဲကို လာကြည့်တာလဲ ၊ဘာလို့ ငါနဲ့ ညစာအတူစားဖို့ ချိန်းရတာလဲ၊ ငါ့ကို မြင်တိုင်း ဘာလို့ သူက နှုတ်ဆက်တာလဲ၊ ငါနေမကောင်းဖြစ်တော့ ဘာလို့ သူက ဆေးဝယ်ပြီး လာစောင့်ပေးခဲ့တာလဲ ? 



ငါက လိုက်နေရတဲ့သူလေ၊ ပြီးတော့ သူ့ဘဝမှာ အများဆုံးကလည်း သူ့ကို လိုက်နေတဲ့သူတွေပဲ။ 



မဲ့တုန် ၊ မဲ့တုန် ၊ဒါပေမဲ့ သူ ငါ့ကို ကြိုက်နေပြီလို့ မယူဆလိုက်ဖို့ ငါ့ကိုယ်ငါ ဖျောင်းဖျနေရတုန်းပဲ။ အဖျားကြောင့် ငါ့ခေါင်းက ရှင်းရှင်း မတွေးနိုင်တော့ဘဲ ယစ်မူးရီဝေနေပြီးတော့ ငါ့ဆုတောင်းလေးတွေ တကယ် ဖြစ်လာပြီလို့ ခံစားနေရတယ်။ အဖျားပျောက်သွားပြီး ယစ်မူးနေရတာတွေ ကုန်ဆုံးသွားရင်တော့ ဒါက ငါရဲ့စိတ်ကူးလေးတစ်ခု သက်သက်ပဲဆိုတာ ငါ နားလည်လာလိမ့်မယ်။ 



အား ... အား ၊ သူက မနက်ဖြန် ငါ့အတွက် ရှပ်အင်္ကျီ ဝတ်လာမယ်လို့ ပြောတယ်လေ! 



ဒါမျိုးက အဖြောင့်ကောင်တစ်ယောက်ပြောရမဲ့ စကားမျိုးမှ မဟုတ်တာ! သူက လုံးဝကြီးကို အဖြောင့်စစ်စစ် မဟုတ်တာလား? ငါက သူ့ကို အဖြောင့်လိုပဲ ယူဆနေခဲ့တာလေ၊ အဖြစ်အများဆုံး လိင်စိတ်တိမ်းညွှတ်မှုမို့လို့လေ။ ဒါပေမဲ့ သူ မိန်းကလေးတွေနဲ့ တွဲတာလဲ ငါ မမြင်ဖူးဘူးဆိုတော့ သူက ယောကျ်ားတွေကို ကြိုက်တာလည်း ဖြစ်နိုင်တယ်။ 



ဒါဆို ငါကရော? 



သူက ယောကျ်ားတွေကို ကြိုက်တာဆိုရင် ...ငါက သူတို့ထဲက တစ်ယောက် ဖြစ်နိုင်လောက်လား? 



မဲ့တုန်သည် ထိုပြဿနာကို တွေးနေရင်း အိပ်ပျော်သွားခဲ့ပြီး အတော်လေး ထူးခြားဆန်းကြယ်သော အိပ်မက်ကို မက်ခဲ့၏။ 



အိပ်မက်ထဲတွင် ယန်ရှုမင်က ဂေးဘားတစ်ခုရှိ ထိုင်ခုံမြင့် တစ်ခုံပေါ်တွင် ထိုင်နေပြီး သူ့ရှေ့တွင် အမျိုးသားမော်ဒယ်လ်များက စီတန်းရပ်နေကြသည်။ ယန်ရှုမင်တွင် ပွေရှုပ်လိုသော အမူအရာ ရှိနေပြီး သူ့အကြည့်များက အမျိုးသားမော်ဒယ်လ် အတန်းတစ်ခုလုံးတွင် ဝေ့ဝဲနေခဲ့၏။ သူက ပျင်းရိစွာဖြင့် လက်ညှိုးလေးကို ဆန့်ထုတ်လိုက်ပြီး အကြိမ်များစွာ လက်ညှိုးထိုး၍ ပြောသည်။ 



"မင်း ၊ မင်းရယ် ... ပြီးတော့ မင်း ၊မင်းတို့ နေခဲ့။ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ" 



မဲ့တုန်သည်လည်း ယန်ရှုမင် ရှေ့တွင် ရပ်နေခဲ့ပါ၏။ သို့သော် ကျန်နေခဲ့ရမဲ့ သူတွင် သူမပါပါ။ 



သူက တစ်ခဏအတွင်း နိုးကြားလာပြီး မေးခွန်းမေးရန် ရှေ့ကို တစ်လှမ်း တိုးလိုက်၏။ 



"ဘာလို့လဲ? ဘာလို့ ကျွန်တော် မဖြစ်ရတာလဲ? ကျွန်တော့်ကို ဘာဖြစ်လို့ မနေခိုင်းရတာလဲ?" 



ယန်ရှုမင်က သူ့ကိုကြည့်ရင်း မျက်မှောင်ကြုံ့ကာ အထင်အမြင်သေးသော အမူအရာဖြင့် ရှင်းရှင်းလင်းလင်း ပြောချလိုက်သည်။ 



"ရှိသင့်တဲ့ အရပ်အမြင့် မရှိဘူး ၊တင်ပါးကလည်း လုံလောက်အောင် လတ်ဆတ် မနေဘူး၊ ပြီးတော့ ဆွဲဆောင်မှုနည်းတဲ့ ပုံစံလည်းပေါက်တယ်" 



ရုတ်တရတ် မဲ့တုန် မျက်လုံးများ ပွင့်လာပြီး သူ့မျက်စိရှေ့တွင် ရင်းနှီးနေသော အိပ်ရာဘေး လိုက်ကာကို မြင်မှ စိတ်သက်သာရာရသွား၏။ ထို့နောက် နှေးကွေးစွာ ထလိုက်ပြီး ခဏကြာသည်အထိ ငေးငိုင်နေပြီးမှ အိပ်ရာပေါ်တွင် ဒူးထောက်လိုက်သည်။နောက်ကျောတစ်နေရာကို ကြည့်ရန်အတွက် သူ့ ခေါင်းကို လှည့်လိုက်ပြီးနောက် သနားစရာကောင်းအောင် သူ့ကိုယ်သူ တိုးတိုးတိတ်တိတ် သံသယဖြစ်နေတော့သည်။ 



"ဟမ့် ... မလတ်ဆတ်ဘူးပေါ့?"

++++++++

စာရေးသူ၏ မှတ်စု:
လတ်ဆတ်ပါတယ်နော်။