Chapter 10
Viewers 210

Chapter 10



မဲ့တုန်သည် အအေးမိခြင်းနှင့် အချိန်အတော်ကြာသည်အထိ တိုက်ခိုက်နေခဲရပြီး အပြည့်အဝ ပြန်လည်သက်သာဖို့ လဝက်အထိ ကြာခဲ့သည်။ 



အစကတော့ သူ နှစ်ရက်ပဲ ဖျားခဲ့တာ ဖြစ်သည်။ အဖျားကျသွားပြီးနောက် အအေးမိဝေဒနာ လက္ခဏာများက မပျောက်နိုင်ဘဲ အချိန်အတော်ကြာ ကျန်နေခဲ့၏။ ခေါင်းမူးခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် အဆိုးဆုံးကတော့ အဆက်မပြတ် ချောင်းဆိုးနေရခြင်း ဖြစ်ပြီး ထိုအခြေအနေများမှ ပြန်တိုးတက်လာဖို့ လဝက်ကြာအောင် အချိန်ပေးခဲ့ရသည်။ 



ထို လဝက်တာကာလ၌ မဲ့တုန်သည် ယန်ရှုမင်နဲ့သူ အတူတူ ညစာစားဖို့ လွတ်သွားခြင်းကိုသာ ထပ်တလဲလဲ တွေးနေမိသည်။ ယန်ရှုမင်ကတော့ ဒါကို မေ့သွားခဲ့သည့် ပုံပေါ်သည်။ ဟုတ်တယ်လေ ၊ယန်ရှုမင်အတွက် ဒါက အရေးမပါသည့် အသေးအဖွဲကိစ္စလေးသာဖြစ်၍ အလွယ်လေး မေ့သွားနိုင်သည်။သူက မဲ့တုန်လိုမျိုး တစ်ပတ်တိတိ စောင့်မျှော်နေခဲ့တာမှ မဖြစ်နိုင်ဘဲလေ။ 



မဲ့တုန် သူ့ကိုယ်သူ စိုးရိမ်နေခဲ့သည်။ဒီကိစ္စကို အစဖော်လိုက်ခြင်းက ယန်ရှုမင်ကို ဒုက္ခပေးမိမှာ ကြောက်နေသည်။ 



အခုတလော ယန်ရှုမင်ကို တွေ့မြင်ရတာ အတော်နည်းသည်။ကျောင်းသားသစ်များ စာရင်းပေးသွင်းခြင်း လုပ်ငန်းပြီးဆုံးတာ နှစ်လခန့် ကြာသွားခဲ့ပြီဖြစ်ပြီး နောက်ဆုံးတစ်ပတ်ကဆို ကျောင်းသားသမဂ္ဂ၏ ခေါင်းဆောင်ရာထူးတွင် အပြောင်းအလဲတစ်ခု ရှိခဲ့သည်။ ကျောင်းသားသမဂ္ဂသို့ ဝင်ရောက်လာသော ကျောင်းသားသစ်များက အခြေခံလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ကြသဖြင့် ဒုတိယနှစ်၊တတိယနှစ် စီနီယာကျောင်းသားများက အားလုံး ရာထူးတိုးကုန်သည်။ ယန်ရှုမင်သည်လည်း လွယ်ကူချောမွေ့စွာဖြင့် ယခု ပြန်လည်ဖွဲ့စည်းလိုက်သော ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌအသစ်စက်စက်လေး ဖြစ်လာတော့၏။ 



ထိုသူက အရင်ကထက် အလုပ်ပိုများလာတာ သဘာဝကျပါသည်။တတိယနှစ် သင်ခန်းစာများကို သင်ယူရခြင်း၊ ကျောင်းသားသမဂ္ဂ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရခြင်းနှင့် စာသင်နှစ် တစ်ဝက်၌ အလုပ်သင်ဆင်းဖို့ ပြင်ဆင်ရခြင်းတို့ဖြင့် သူ၏ အချိန်ဇယားများမှာ အရင်ထက် ပို၍ ရှုပ်ထွေးကြပ်ညှပ်နေတော့သည်။ အလုပ်တာဝန်ပမာဏ အနည်းအများ ရှိနိုင်သော်လည်း များသောအားဖြင့် အဆက်အသွယ် ရှိသော ကျောင်းသားများသည် ပထမနှစ်ဝက်ထဲက အလုပ်သင်ဆင်းရန် စတင် ရှာဖွေလေ့ရှိကြသည်။ 



မဲ့တုန်သည် သူ့ကို အနှောင့်အယှက်ပေးရန် တုံ့ဆိုင်းနေခဲ့ပါသည်။ ရာသီဥတု အရမ်းအေးလာသည့် နိုဝင်ဘာလ မရောက်ခင်အထိ သူတောင့်ခံထားခဲ့၏။ 



ဟော့ပေါ့ဆိုင်သစ် တစ်ဆိုင် ကျောင်းအနီးအနားတွင် ဖွင့်လှစ်လာသည်။ တုချွမ်သည် ယွမ် ငါးဆယ်လျှင် 9.9% ဈေးလျော့ပေးမည့် ကူပွန်တစ်ရွက် ရအောင် လုပ်လာနိုင်ခဲ့ပြီးနောက် အဆောင်တစ်ခုလုံး လိုက်ကြွားနေခဲ့၏။ ထိုအခြင်းအရာက မဲ့တုန်ကို အတွေးတစ်ခု ပေါ်လာစေသဖြင့် ထိုကိစ္စကို အစပြု၍ ယန်ရှုမင်ထံသို့ စာပို့ရန် မဲ့တုန် ဆုံးဖြတ်လိုက်သည်။ 



မဲ့ဇီ : "စီနီယာ ၊ ကျောင်းနားမှာ ဟော့ပေါ့ဆိုင်သစ် ဖွင့်တယ်၊ ပြီးတော့ ကျွန်တော် လျော့ဈေးကူပွန်တစ်ရွက် မတော်တဆ ရလာလို့ ၊ဒါကို မသုံးပဲ ဒီတိုင်းထားဖို့ကျတော့ မကောင်းဘူးလေ၊ စီနီယာ ... ကျွန်တော်နဲ့ အတူတူ ဟော့ပေါ့သွားစားချင်လားဟင်?" 



ညစာစားချိန် မရောက်ခင် ညနေခင်းတွင် မဲ့တုန် ထိုစာကို ပို့လိုက်မိသည်။ ယန်ရှုမင်က စာမပြန်ခဲ့ပေ။ 



မဲ့တုန်သည် ဖုန်းကို ကိုင်ထားပြီး စာပြန်လာမည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကာ အနည်းငယ်လည်း စိုးရိမ်နေခဲ့ပါ၏။ 



ညစာစားချိန်တွင် လူနှစ်ယောက်သည် စားသောက်ဆိုင်ထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။ ယန်ရှုမင်က လူတစ်ယောက်နှင့် ထိုင်နေပြီး မြေအိုးထမင်းကို အတူတူ စားနေပါ၏။ မဲ့တုန်သည် ထိုလူကို တစ်ခါမှ မတွေ့ဖူးပေမဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်သစ် တစ်ဦးဟု သူ ခန့်မှန်းနိုင်ပါသည်။ 



နောက်ကနေ တကောက်ကောက် လိုက်ခဲ့သော အတွေ့အကြုံများကြောင့် ယန်ရှုမင်နှင့် နီးစပ်သော လူတိုင်းကို မဲ့တုန် သိသည်။ ထိုသူ၏ အပြုံးများက တောက်ပနေသည်၊ စကားတော်တော်များများကိုလည်း ထိုသူက စပြောခြင်းဖြစ်ပြီး ယန်ရှုမင်က တစ်ခါတစ်လေမှ အပြုံးလေးနဲ့ တုံ့ပြန်တတ်သည်။ 



မဲ့တုန်မှာ သူတို့ကို သွားနှုတ်ဆက်ဖို့ သတ္တိမရှိခဲ့ဘဲ သူတို့ကို ဖြတ်ကျော်၍ အသံပင် မထွက်အောင် ခပ်ကုပ်ကုပ်လေး သွားလိုက်သည်။ 



ယန်ရှုမင်ကလည်း မဲ့တုန်ကို သတိမထားမိပါ။သူသည် ထိုလူ ပြောနေသည်ကို ဂရုတစိုက်နှင့် အပြည့်အဝ အာရုံထားနေသည်။ 



အတိတ်တုန်းကတော့ ယန်ရှုမင် ယောကျ်ားလေးများနှင့် ဘယ်လိုပဲ ပိုနီးကပ်နေပါစေ မဲ့တုန် မနာလိုမဖြစ်ဖူးခဲ့။သို့သော် ယန်ရှုမင်က မဖြောင့်နိုင်ဟု သူတွေးမိပြီးနောက် ယန်ရှုမင်နှင့်အတူ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို မြင်ရတိုင်း မဲ့တုန်မှာ မသိစိတ်က အလိုလို တွဲပေးတတ်ပြီး သူတို့ အတူတူရှိရင် ဘယ်လိုပုံစံ ဖြစ်နေမလဲပဲ နှိုင်းယှဥ်ကြည့်နေမိတော့သည်။ 



ဒီလိုလုပ်နေတာက မယဥ်ကျေးမှန်း မဲ့တုန်သိသော်လည်း သူ့ကိုယ်သူ ထိန်းမထားနိုင်ပါ။ 



ယန်ရှုမင်နှင့် အတူထိုင်နေသူသည် လှပသော အပြုံးနှင့် တက်ကြွသော စရိုက်ရှိသဖြင့် အွန်လိုင်းပေါ်တွင် မကြာခဏ နေရာတကာ တွေ့ရလေ့ရှိသည့် 'ပျော်ရွှင်နေသော ခွေးပေါက်လေး'ဆိုတာကို မဲ့တုန် မတွေးမိဘဲ မနေနိုင်ခဲ့ပေ။ မဲ့တုန် တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုလူက ဂေးဆိုတာ ပြောနိုင်သည်။ယန်ရှုမင်ကို ကြည့်နေသော အကြည့်များက အမှတ်မှားစရာ မလိုအောင်ကို တောက်ပလင်းလက်ပြီး ယုံကြည်မှုအပြည့် ရှိနေသည်။ 



မဲ့တုန် သူ့ကိုယ်သူ ထိုလူနှင့် နှိုင်းယှဥ်ကြည့်နေမိပြီး သူ လမ်းတစ်ဝက်မှာ လဲကျသွားသလို ခံစားလိုက်ရသည်။ 



ဒါကြောင့် ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတာကို အနည်းငယ် ဖြေလျော့လိုက်မိသည်။ယန်ရှုမင်က သူ့စာတွေကို စာပြန်ရေးဖို့ သိပ်စိတ်မဝင်စားတော့ဘူး ဖြစ်နေတယ်ဆိုတာ မဲ့တုန်ထက်ပိုပြီး ကြိုးကြိုးစားစား လိုက်နေတဲ့သူတစ်ယောက် ဘေးနားမှာ ရှိနေတာကြောင့်ကိုး။ အခု သူ ကျောင်းသားသမဂ္ဂကို ဝင်ရောက်ဖို့ မကြိုးစားခဲ့တာကို တကယ် နောင်တရနေမိသည်။သူ ကြိုးစားခဲ့ရင် အခုဆို ယန်ရှုမင်ဘေးမှာ ရှိနေတဲ့လူက သူဖြစ်နေမှာပဲ။ 



နောက်ဆုံးတော့ ယန်ရှုမင်ထံက ပြန်စာက မဲ့တုန်ဆီသို့ မိုးမချုပ်ခင်လေးမှ ရောက်လာခဲ့သည်။ 



ယန်ရှုမင် : "ဒီဆိုင် လား ?" 



ယန်ရှုမင် : [link] 



မဲ့တုန် : "အမ်း ... ခင်ဗျား သွားချင်လား?" 



ယန်ရှုမင် : "အရသာ မဆိုးဘူးလို့ ကိုယ်ကြားမိတယ်" 



မဲ့တုန် ချက်ချင်း မှန်းဆမိလိုက်သည်။ တစ်ယောက်ယောက်က ယန်ရှုမင်ကို အဲ့ဒီဟော့ပေါ့ဆိုင်သွားဖို့ ဖိတ်ခဲ့တာ ဖြစ်နိုင်တယ်မလား? ဒါကြောင့် အရသာမဆိုးဘူး ဆိုတာ သူသိသွားတာပေါ့? ညနေက စားသောက်ဆိုင်မှာ သူနဲ့ အတူ တွေ့ခဲ့ရတဲ့ သူများလား? 

မဲ့တုန် ဘယ်လိုပြန်ဖြေရမလဲ မသိသဖြင့် တုံ့ဆိုင်းနေသည်။ ပြန်ရေးမည့် စာကို သေချာစဥ်းစားပြီး ပြင်လိုက် ၊ ဖျက်လိုက် လုပ်နေတော့သည်။ 



တစ်ခဏအတွင်း၌ ပထမက' ခင်ဗျား ကျွန်တော်နဲ့ အတူသွားချင်လား? ' ဆိုပြီး ဖြစ်သည်။ပြီးတော့ 'အိုး ၊ ခင်ဗျား သွားစားကြည့်ပြီးပြီလား?' ဟု ပြောင်းသွားပြီး ၊ ထို့နောက် "ကောင်းပြီ ၊ ထားလိုက်ပါတော့'ဟု ဖြစ်သွား၏။ ယန်ရှုမင် နောက်ထပ် စာပို့လာသည်အထိ မဲ့တုန်မှာ တွန့်ဆုတ်နေဆဲဖြစ်လေသည်။ 



ယန်ရှုမင် : "ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို ပြောပြခဲ့တာ ၊ အရသာ ကောင်းတယ်တဲ့၊ အဲ့ဒါကြောင့် ကိုယ်က မင်းနဲ့အတူ သွားစားမယ်ဆိုပြီး မင်းကို ဖိတ်လိုက်တာ" 



မဲ့တုန်၏ တွန့်ဆုတ်နေမှုများ ၊ အတွေးလွန်နေမှုများသည် တစ်ခဏ၌ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားတော့သည်။ သူက ချက်ချင်းပဲတွေးတောလေသည်။ ' ဘုရားရေ ၊အာ ... မဲ့တုန်၊ မင်းက အချစ်တွေ ဦးနှောက်ထဲ ပြည့်နေတဲ့သူ ဖြစ်သွားပြန်ပြီလား? ခုနလေးက မင်း ဘယ်လို တွေးထား တွေးထား၊ ယန်ရှုမင် က ဒီတိုင်း ပြောလိုက်တာနဲ့ပဲ ဘာဖြစ်လို့ မင်းက ယုံကြည်လိုက်ရတာလဲ? သူက တစ်ခုခု ပြောလိုက်ရုံနဲ့ မင်းကို အလွယ်လေး ချော့လို့ရတာပဲ' 



မဲ့တုန် ရှုံးနိမ့်သွားတာကို သူ့ကိုယ်သူ ဝန်ခံလိုက်ပြီး ပျော်ရွှင်စွာ စာပြန်လိုက်သည်။ 



"တကယ်လား ? တိုက်ဆိုင်လိုက်တာနော်!" 



ယန်ရှုမင် : "တကယ်ပေါ့ ၊ မနက်ဖြန်ည ဆိုရင်ရော?" 



မနက်ဖြန်သည် အင်္ဂါနေ့ ဖြစ်ပြီး ယန်ရှုမင်က သူနဲ့ မနက်ဖြန်မှာ တွေ့ရန် ခွင့်ပန်မည်ဟု မဲ့တုန် မမျှော်လင့်ထားပါ။ 



အရင်တစ်ခါက သူတို့ သောကြာနေ့မှာ ညစာစားဖို့ ချိန်းထားခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် မဲ့တုန်သည် တစ်ပတ်လုံးလုံး စိုးရိမ်ကြောင့်ကြစွာ စောင့်ဆိုင်းနေခဲ့ရပြီးမှ နောက်ဆုံး၌လည်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ယန်ရှုမင်က ပိတ်ရက်မှပဲ အချိန်ရှိလောက်သည်ဟု သူထင်သဖြင့် ပြန်မေးလိုက်သည်။ 



မဲ့ဇီ : "ခင်ဗျား အဆင်ပြေလို့လား? သောကြာနေ့ည၊ ဒါမှမဟုတ် ပိတ်ရက်ဆိုလည်း ကျွန်တော်က ရပါတယ်" 



ယန်ရှုမင် : "ချိန်းထားတဲ့နေ့ ရောက်ခါနီးမှ တွေ့ဖို့ လွဲချော်ခဲ့ရတဲ့ ဟိုအရင်တစ်ခါလိုမျိုး ၊ နောက်ထပ်တစ်ပတ် ကိုယ် ထပ်မစောင့်ချင်ဘူး၊ ကျောင်းသား ရှောင်မဲ့" 



မဲ့တုန်၏ နှလုံးသားမှာ အပြင် ခုန်ထွက်လုမတတ် ဖြစ်နေသည်။ကြောင်နဲ့ကြွက် ကာတွန်းကားထဲမှာဆိုရင် လှလှပပ အဖြူရောင်ကြောင်မလေးကို မြင်ရင် တွမ်ဆိုတဲ့ ကြောင်ရဲ့ နှလုံးသားကြီး အပြင်ထွက်ကျလာသလိုမျိုး၊ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲနေ လေပေါ် မြောက်တက်နေသလို ဖြစ်ခဲ့သည်။ 



ယန်ရှုမင်နှင့် စာရိုက်ပြီး ဆက်စကားပြောနိုင်မည့် တည်ငြိမ်မှုကို ပြန်လည်ရရှိရန် မဲ့တုန်မှာ ဖုန်းကို စားပွဲပေါ် တင်ပြီး အသက်ပြင်းပြင်း ရှူရှိုက်နေရသည့် အတိုင်းအတာအထိ ဖြစ်သွားရသည်။ 



သို့သော် သူ ဘယ်လိုတုံပြန်ရမလဲ မသိသေးပေ။ 



မဲ့တုန်က အရူးတစ်ယောက် မဟုတ်ပါ။ ယန်ရှုမင်က အခု သူကို လာပြီး ပရောပရည်လုပ်နေကြောင်း သေချာပါသည်။ ဒါပေမဲ့ မဲ့တုန်တွင် ပရောပရည် လုပ်ဖို့ပင် မဆိုထားနှင့်၊ ချိန်းတွေ့ဖူးတဲ့ အတွေ့အကြုံပင် မရှိပါ။ 



သူ့ မျက်နှာကို အကြိမ်များစွာ ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး အရမ်းကြီး ပြုံးမနေမိဖို့ ကြိုးစားကာ ၊အသက်ရှုနှုန်း တည်ငြိမ်အောင် လုပ်ပြီးမှ၊ မဲ့တုန်သည် ဖုန်းကို ပြန်ကောက်ကိုင်လိုက်ပြီး ယန်ရှုမင် ထိုစာကို ပြန်ဖျက်သွားလားဆိုတာကို ကြည့်မိသည်။ 



"ဟာ ... !!!" 



နတ်ဘုရား ဒေါက်တမဲ့သည် ဆက်ထိန်းထား၍ မရနိုင်တော့သဖြင့် အိပ်ဆောင်ထဲ၌ပင် အာမေဋိတ်အကြီးကြီး ပြုလိုက်မိတော့၏။ 



တခြားတော့ မဟုတ် ၊ဒီတစ်ကြိမ် သူ screenshot မယူလိုက်မိလို့ သူ့ကိုယ်သူ တကယ် မုန်းမိသည်။ သက်သေအထောက်အထားက မရှိတော့ဘူး! ယန်ရှုမင် သူ့ကို လာပြီး ပရောပရည်လုပ်နေပါတယ်ဆိုတဲ့ သက်သေက မရှိတော့ဘူးလို့! 



"ငါယိုး ၊ လန့်လိုက်တာကွာ၊ ဘာများဖြစ်လို့လဲဟ?" 

မဲ့တုန်၏ ဘေးဘက်တွင် ဂိမ်းဆော့နေသော ဝူကျီမော့က အလန့်တကြား ဖြစ်သွားပြီး ဂိမ်းထဲတွင်လည်း သေနတ်ပစ်တာ လွဲချော်သွားတော့သည်။ 



"ဘာမှ မဟုတ်ဘူး" မဲ့တုန်က အားမရှိစွာ ပြန်ဖြေသည်။ 



ယန်ရှုမင်က နောက်ထပ် စာတစ်စောင် ပို့ခဲ့သည်။ 



ယန်ရှုမင် : "ကိုယ် မနက်ဖြန်ည အားတယ် ၊ မင်းရော အဆင်ပြေလား?" 



ခုနက စာကို သူ သေချာမြင်လိုက်ရပြီးမှ ဘာဖြစ်လို့ ပြန်ဖျက်သွားတာလဲဆိုပြီး ယန်ရှုမင်ကို မေးလိုက်ချင်သည်။ ယန်ရှုမင် စာပြန်ဖျက်သွားတယ်ဆိုတာ အကြောင်းအရင်းတစ်ခုခုတော့ ရှိရမယ်။ ဖြစ်နိုင်တာ သူက ပရောပရည် လုပ်ပြီးသွားမှ နောင်တရသွားတာ ၊ ဒါမှမဟုတ် ဆက်ပြီး ပရောပရည် လုပ်ချင်စိတ် မရှိတော့တာ တစ်ခုခုပဲ။မေးလိုက်မိမှ စိတ်မကောင်းဖြစ်နေရဦးမယ်။ 



မဲ့ဇီ : "အမ်း ... မနက်ဖြန်ည ပေါ့" 



ယန်ရှုမင် : "ကောင်းပြီ ၊ စောစောအိပ်ရာဝင်တော့လေ၊ ကောင်းသောညပါ" 



မဲ့တုန်သည် ဒီလူကို မယုံကြည်နိုင်ပါ။ ယန်ရှုမင်က သူ့ကို ပရောပရည် လုပ်ခဲ့တာပဲလေ ၊ပြီးမှ သူက ဘာဖြစ်လို့များ စိတ်ပြောင်းသွားရတာလဲ? ဘာကြောင့်လဲမသိ၊ မနေ့ညက ထူးထူးဆန်းဆန်း အိပ်မက်ကြီးကို မဲ့တုန် သတိရသွားသဖြင့် ထိုင်ခုံပေါ်မှ ဆတ်ခနဲ ထရပ်လိုက်မိတော့သည်။ 



သူရဲ့ အထိတ်တလန့် အပြုအမူက ဝူကျီမော့ကို တစ်ညထဲတွင် နှစ်ကြိမ်တိတိ လန့်ဖျပ်သွားစေခဲ့သည်။ 



ဝူကျီမော့၏ ဂိမ်းဇာတ်ကောင်မှာ ခေါင်းကို အပစ်ခံလိုက်ရသည်။ သူ သက်ပြင်းချလိုက်ပြီး မတတ်သာတော့သဖြင့် မောက့်စ်ကို အဝေး တွန်းထုတ်ပစ်လိုက်ပြီး မဲ့တုန်ကို ကြည့်လာသည်။

"မင်း ဘာဖြစ်နေတာလဲကွာ အာ?" 



မဲ့တုန်က ဝူကျီမော့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ငါ့ပုံစံကို မင်း ဘယ်လိုထင်လဲ?" 



ဝူကျီမော့၏ မျက်လုံးများ ပြူးသွားသည်။ သူက မဲ့တုန်၏ နဖူးကို လှမ်း၍ စမ်းသပ်ကြည့်လိုက်ပြီး သူ့ဘာသာ တိုးတိုးလေး ပြောနေ၏။

"အဖျားလည်း မရှိပါဘူး၊ အရင်တခါ ဖျားတုန်းက မင်းဦးနှောက်ပါ လောင်ကျွမ်းသွားတာတော့ မဟုတ်လောက်ပါဘူးနော်?" 



မဲ့တုန် သူ့လက်ကို ဖယ်ထုတ်ပစ်ပြီး အတည်ပေါက် ထပ်မေးသည်။

"ငါက အရမ်းပိန်နေလား? ငါ gymသွားပြီး လေ့ကျင့်ခန်းနည်းနည်းလောက် လုပ်လိုက်ရင် ငါပုံစံက ပိုအဆင်ပြေသွားမယ်လို့ မင်း ထင်လား?" 



ဝူကျီမော့၏ အမူအယာက ရှုံ့တွသွားတော့သည်။ မဲ့တုန်၏ စကားများကို ကြားလိုက်သောအခါ သူ့အလိုအလျောက်ပဲ မဲ့တုန်၏ မျက်နှာကို ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် တွဲ၍ ဝူကျီမော့ မြင်ကြည့်လိုက်မိသည်။ 



"ကြောက်စရာကောင်းလိုက်တာ ၊ဒါနဲ့ မင်း ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ?" 



မေးလိုက်ပြီးမှ ဝူကျီမော့သည် မဲ့တုန်က သူ့၏ အသွင်အပြင်နှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်း သိသွားသည်။ အနည်းနဲ့ အများ သူတွေးမိသွားတာကတော့ မဲ့တုန်မှာ ချစ်သူရှိနေပြီ ၊ ဒါမှမဟုတ် မဲ့တုန် ကြိုက်နေမိတဲ့သူ တစ်ယောက်ယောက် ရှိနေပြီ ဆိုတာပဲ ဖြစ်သည်။ 



ဝူကျီမော့ မျက်စိကို မှေး၍ ကြည့်လိုက်ပြီး

"အိုး၊ အရင်တုန်းက ငြင်းနေခဲ့ပြီးမှ အခုတော့ မင်း ဝန်ခံလိုက်ပြီပေါ့လေ ၊ မင်းမှာ ကြိုက်နေရတဲ့သူ ရှိတာ သေချာတယ်၊ ဘာမှားနေလို့လဲ? အဲ့ဒီသူက အရမ်းကြည့်ကောင်းနေပြီးတော့ သူနဲ့ မင်းက မထိုက်တန်လောက်ပါဘူးဆိုပြီး ခံစားနေရတာ မဟုတ်လား အာ?" 



မဲ့တုန် တွေးလိုက်မိသည်၊ယန်ရှုမင်၏ အသွင်အပြင်က ဘယ်လိုမျိုးလဲ? 



သူ ထိုသို့ တွေးမိသည်နှင့် သူတို့အိပ်ဆောင် အောက်ထပ်မှာ ယန်ရှုမင်က မဲ့တုန်ကို သူ့လက်မောင်းများထဲသို့ ဆွဲသွင်းလိုက်မိသောနေ့ကို ချက်ချင်း ပြန်သတိရသွားပြီး သူ့မျက်နှာက နီမြန်းလာတော့သည်။ 



အဲ့ဒီတုန်းက သူ့မျက်နှာက ယန်ရှုမင်၏ ရင်ဘတ်ကြွက်သားတွေ အပေါ် ကို တကယ်ကြီး ထိကပ်မိသွားတယ်လေ ... ကယ်ကြပါဦး အား! 

အဲ့ဒီတုန်းက သူ များများမတွေးမိခဲ့ပေမဲ့ အခုမှ သူ ရှက်လာမိတော့သည်။ 



ဒါကြောင့် မဲ့တုန် သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး ညာပြောလိုက်သည်။ "ငါ့မှာ ကြိုက်နေတဲ့သူ မရှိပါဘူး" 



ဝူကျီမော့ : "..." 



မဟုတ်သေးဘူး။ လူတိုင်းက မဲ့တုန်ကို လိမ်မပြောတတ်ဘူးဆိုပြီး ဘာလို့ ပြောနေကြတာ ဖြစ်မလဲ? သူ့မျက်နှာက နီရဲနေပြီး ခေါင်းကိုလည်း အသားကုန် ခါနေမိပါ၏။ ဘယ်သူက အဲ့ဒါကို ယုံမှာလဲ အား! 



မဲ့တုန် တစ်ယောက် ချစ်ရမဲ့သူ တွေ့နေပြီ ဆိုသော သတင်းသည် အဆောင်တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ 



အဆောင်တစ်ခုလုံးတွင် ချစ်သူကောင်မလေးရှိသူက တုချွမ်တစ်ယောက်တည်းသာ ဖြစ်သည်။တုချွမ်က သူ့ဆီရောက်လာပြီး မဲ့တုန်၏ ပုခုံးပေါ် လက်တင်၍ 



"မဲ့ဇီ ၊ မင်းရဲ့ကော ကို အဲ့ဒီအကြောင်း ပြောပြလေ၊ ဟမ့် ?ငါက တွဲတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ပြောလို့မရရင်တောင် အနည်းဆုံးတော့ မင်းထက် အတွေ့အကြုံ ပိုရှိတယ်လေ။မင်းက ထိပ်တန်းကျောင်းသားဆိုတော့ မှန်းကြည့်နေဖို့တောင် မလိုဘူး။ မင်းမှာ တွဲနေတဲ့သူ ရှိတာ လုံးဝကို သေချာတယ်" 



သူ့မှာ ချစ်နေရတဲ့သူ မရှိပါဘူး ဆိုတာကို တစ်ဆောင်လုံးက ဘာလို့များ ယုံကြည်ဖို့ ခက်နေကြတာလဲ။ သူ အတိုက်အခံ လုပ်နေတာကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ 



"တကယ်က အဲ့လိုမျိုး မဟုတ်ပေမဲ့ ... ဟုတ်တယ်၊ ငါ သူ့ကို ကြိုက်နေတာ" 



အဆောင်ထဲတွင် လူတော်တော်များများ ဝိုင်းအုံလာကြသည်။

"ဟမ် ? သူမက မင်းကို မကြိုက်ဘူးလား ? ဘာလို့လဲ?" 



မဲ့တုန် မျက်တောင်ခတ်လိုက်သည်။

"သူ ငါ့ကို မကြိုက်တာ ပုံမှန်ပါပဲ၊ ငါ့လိုလူကို သူက ဘာလို့ ကြိုက်နေမှာလဲ? သူက အရမ်းကောင်းလွန်းတယ် ပြီးတော့ သူ့ကိုကြိုက်နေတဲ့လူတွေက အများကြီးပဲ" 



တုချွမ်က စဥ်းစားနေဟန်ဖြင့် မျက်ခုံးကို တွန့်လိုက်သည်။

"ငါတို့ကျောင်းကပဲလား?" 



မဲ့တုန် ခေါင်းငြိမ့်လိုက်၏။ သူ့အခန်းဖော်များက သူကြိုက်နေတာ မိန်းကလေးတစ်ယောက်လို့ ထင်နေကြသည်၊ ဒါပေမဲ့ သူ ရှင်းပြမနေတော့ပါ။ ယောကျ်ားလေးတစ်ယောက်ပါလို့ သူပြောလိုက်တာနဲ့ ယန်ရှုမင်ပဲ ဆိုပြီး ကွက်တိခန့်မှန်းနိုင်တယ်ဆိုတာကို သူ့အနေနဲ့ သံသယဖြစ်စရာပင် မလိုပါ။ 



ဝူကျီမော့ကလည်း တွေးနေသည်။

"မင်း ဘယ်မိန်းကလေးနဲ့မှ နီးနီးကပ်ကပ်ရှိတာကို ငါ မမြင်ဖူးပါဘူး။နေဦး၊ မင်း အဝေးကနေပဲ တိတ်တိတ်လေး ကြိတ်ကြိုက်နေတာမဟုတ်လား?မင်းရဲ့ ဖြစ်တည်မှုကို သိတောင် မသိတဲ့သူက ရှိနိုင်လို့လား?" 



မဲ့တုန် ခေါင်းငြိမ့်ရန် အနည်းငယ် စောင်းငဲ့လိုက်ပြီး ၊ဝူကျီမော့ ပြောနေသည်မှာ ယန်ရှုမင် သူ့ရဲ့ ဒိုင်ယာရီကို ရှာမတွေ့သေးခင်ကအခြေအနေအတိုင်း ဖြစ်သည်ဟု တွေးမိသွားသည်။ အဲ့ဒီအချိန်ကဆို မဲ့တုန်က တိတ်တိတ်လေး ခိုးချစ်နေရပြီး ယန်ရှုမင်က ဒီကမ္ဘာပေါ်တွင် မဲ့တုန်ဆိုသော လူတစ်ယောက်ရှိမှန်း သိပင် မသိခဲ့ပေ။ အခုတော့ အရာရာ ပြောင်းလဲသွားခဲ့ပြီ။ ယန်ရှုမင် သူ့အပေါ်မှာ ဟိုလိုလို ဒီလိုလို ခံစားချက်တွေ ရှိလုနီးပါး ဖြစ်နေပြီလေ။ 



မဲ့တုန် အချိန်အတော်ကြသည်အထိ တွေးနေခဲ့သည်။ တုချွမ်က သတိထားမိသွားပြီး မေးသည်။

"စကားပြောဖြစ်လား?" 



မဲ့တုန် ခေါင်းငြိမ့်သည်။

" ဒီလိုပါပဲ ... ရံဖန်ရံခါ မှ စကားပြောဖြစ်တယ်။ တစ်ခါတစ်လေ သူက ငါ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံနေတယ်လို့ ငါ ခံစားရတယ်၊ တစ်ခါတစ်လေကျတော့လဲ သူက ငါ့ကို လာပြီး ပရောပရည်လုပ်နေပြန်ရော၊တစ်ခါတစ်လေကျတော့ သူက ငါ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တဲ့ပုံပဲ" 



တုချွမ်က သဘောပေါက်သွားပုံဖြင့် အံဩဖွယ် မှတ်ချက်ကို ပေးလေသည်။ 



"သိသာနေတာပဲ မဟုတ်လား? သူမက မင်းကို တာယာအပို အနေနဲ့ အသုံးချနေတာကွ" 



++++++++