Chapter 11
တာယာအပို
ဒါပေါ့ ၊ ထိုစကားလုံး၏ အဓိပ္ပါယ်ကို မဲ့တုန်သိသည်။ အခန်းဖော်များက အသည်းအသန် မေးခွန်းများ မေးကြပြီးနောက် သူတို့က မဲ့တုန်ကြိုက်နေသောသူသည် မဲ့တုန်ကို တာယာအပိုတစ်ခုလို သဘောထားသည်ဟု ကောက်ချက်ချသွားကြတော့သည်။ မဲ့တုန်က တစ်စုံတစ်ယောက်ကို ပျိုးထောင်ပေးဖို့အတွက် ငွေတွေအများကြီး သုံးစွဲနေလား ဆိုတာကိုပါ သူတို့က ထပ်၍ စစ်မေးနေတော့သည်။ သူ ပိုက်ဆံတစ်ပြားတောင် မသုံးခဲ့တာကို မဲ့တုန် ကျိန်ဆိုရဲပါသည်။ပြီးတော့ သူက အရန်လေးပဲကို။
နောက်ဆုံးတော့ တုချွမ်က သူကို သနားသဖြင့် အကြံပေးလာ၏။
"ဒီကမ္ဘာကြီးမှာ လူတွေမှ အများကြီး ၊ မင်း သူမကို လက်မလွှတ်နိုင်တဲ့အကြောင်းရင်းက မင်း သူမကို မရနိုင်လို့ပဲ။ 'မရနိုင်တာတွေက အမြဲ ကမောက်ကမ ဖြစ်နေတာတွေပါပဲ' အဲ့လို သီချင်းစာသားတစ်ခုတောင် ရှိသေးတယ်။မင်းရဲ့ အခြေအနေကလည်း မဆိုးတဲ့အပြင် တော်တော် ကောင်းတဲ့အထဲ ပါနေသေးတယ်။ မိသားစုကလည်း အတော်လေးကို ချမ်းသာတယ်၊ ပညာရေးမှာလည်း ကောင်းကောင်းလုပ်ဆောင်နိုင်တယ် ၊ပြီးတော့ မင်းက ရုပ်လည်း ချောတယ်။ မင်းကို ကြိုက်နေတဲ့ တစ်ယောက်ကို မင်း ရှာမတွေ့နိုင်လို့လား?"
မဲ့တုန်သည် ဒိုင်ယာရီ ရှေ့တွင် ထိုင်နေရင်း စိတ်သောကရောက်နေသော ပုံစံဖြင့် သူ့မျက်နှာသူ ကိုင်နေမိ၏။
တစ်ဖက်က ကြည့်ရင် သူ့အခန်းဖော်တွေ ပြောတာက အဓိပ္ပါယ်ရှိသည်။ တစ်ဖက်လူက သူ့ကို မသဲမကွဲ ခံစားရအောင် လုပ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ထိုလူက သူ့ကို မကြိုက်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်သည်။ ဒါပေမဲ့ သိပ်မကြာခင်ကပဲ ယန်ရှုမင်ကို ဆန်ကုန်မြေလေးဆိုပြီး အထင်လွဲခဲ့မိတော့ မဲ့တုန်မှာ သူ့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေက သိပ်မယုံကြည်ရလောက်ဘူးလို့ ခံစားခဲ့ရသည်။
နောက်တစ်ခါထပ်ပြီး ဒီလိုမျိုး ရမ်းသမ်း ကောက်ချက်မချတော့ပါဘူးဆိုပြီး အရင်တစ်ခေါက်တည်းက သူ့ကိုသူ ကျိန်ဆိုခဲ့ပြီးဖြစ်သည်။ ဘာကိုမှ ရေရေရာရာ ကောက်ချက်မချနိုင်ခဲ့သဖြင့် နတ်ဘုရား ဒေါက်တာမဲ့က ဖောင်တိန်ကိုကိုင်ပြီး ဒိုင်ယာရီ ရေးတော့သည်။
၂၀၂၃ နိုဝင်ဘာ ၁၃ရက် ၊ နေသာတယ်
သူက ငါ့ကို တာယာအပိုလို သုံးမှာလား? တုချွမ်က အရမ်းကို အယုံသွင်းတတ်တာပဲ။ တစ်ခြားတစ်ယောက်ဆီမှာ အဲ့လိုဖြစ်လာရင်တော့ ငါ လက်ခံမိမှာ။ ဒါပေမဲ့ ဒါက အခု ငါ့ဆီမှာ ဖြစ်ပျက်နေတာလေ၊ ဘက်လိုက်တယ်ပဲ ပြောပြော ငါတကယ်ပဲ သူ့ကို ယုံကြည်ချင်ပါတယ်။ အရင်တစ်ခါကလည်း သူ့ကို ငါ တစ်ကြိမ် အထင်လွဲခဲ့မိလို့ ငါ့စိတ်ထဲက အကြောင်းပြချက်မရှိတဲ့ မကျေနပ်ချက်တွေကို သူသည်းခံနေရအောင် လုပ်မိခဲ့ပြီးပြီ။ သူ့ကို နောက်တစ်ခါ ထပ်ပြီး အထင်လွဲခဲ့ရင်တော့ အရမ်းများသွားပြီ။
ဒါဆို ဘာလို့ သူက အဲ့ဒီစာကို ပြန်ဖျက်လိုက်ရတာလဲ?
ပို့ပြီးသား စာတွေကို ပြန်ဖျက်တာရဲ့ နောက်ကွယ်က အကြောင်းရင်းကို ငါ နားလည်ပါတယ်။ ငါသာ သူ့နေရာမှာဆိုရင်လည်း တစ်ခါတစ်လေ မတတ်နိုင်ဘဲ စည်းကျော်နေတဲ့ စကားလုံးတွေများ လွှတ်ခနဲ ပါသွားရင်၊ အဲ့ဒါကို တစ်ဖက်လူ မမြင်သွားပါစေနဲ့လို့ ဆုတောင်းပြီး ချက်ချင်း ပြန်ဖျက်လိုက်ဖို့ ရွေးချယ်မိမှာပဲ။အဲ့လို လုပ်တာက နှစ်ယောက်ကြားမှာ မလိုလားဘဲ စိတ်ကသိကအောက်ဖြစ်တာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ သူ့အနေနဲ့ ငါကို ဘာပဲဖြစ်ဖြစ် ပြောလို့ရပါတယ်၊ ငါ သူ့ကို ကြိုက်တယ်ဆိုတာ သူ ကောင်းကောင်းသိတာပဲလေ။
ဒီလိုဆိုပေမဲ့ ပျော်စရာကိစ္စတွေလည်း ရှိသေးတယ်!
နောက်ဆုံးတော့ မနက်ဖြန်ရောက်ရင် ငါ သူနဲ့ အတူတူ ညစာစားခွင့်ရပြီ!ဒီတစ်ခါတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး၊ဟုတ်တယ်မလား? နိမ့်နိမ့်လေး မျှော်မှန်းတာက ကိစ္စတွေကို ပိုအဆင်ချောစေတယ်လို့ ငါကြားဖူးတယ်။ သိပ္ပံနည်းကျ အထောက်အထားတော့ မရှိဘူးဆိုတာ သိတယ်၊ ဒါပေမဲ့ ငါ့စိတ်က အဲ့လိုမျိုးတွေကို ယုံနေမိတာ ငါလည်း မတတ်နိုင်ဘူး။မျှော်လင့်ချက်တွေ နည်းနည်းပဲ ထားဖို့ မနည်းကြိုးစားနေရတယ်။
သူက အရမ်းအလုပ်များတာပဲ။ နောက်ဆုံး မိနစ်ရောက်မှ ချိန်းထားတာကို သူ ဖျက်မယ်ဆိုလည်း အဆင်ပြေပါတယ်။ အရေးကြီးတာက နောက်တစ်ကြိမ် သူနဲ့ အတူတူ ထပ်ပြီး ထမင်းစားနိုင်ဖို့ပဲ။
သူ့ကိုယ်သူ အတော်များများ နှစ်သိမ့်ပေးပြီးမှ မဲ့တုန် ဒိုင်ယာရီကို ပိတ်လိုက်သည်။
အင်္ဂါနေ့က မဲ့တုန်အတွက် မနက်ကနေ ညအထိ အတန်းလေးခု ဆက်တိုက် ပြည့်နေပြီး အတန်းချိန်အများဆုံးရှိသော နေ့ဖြစ်သည်။
အတန်းပြီးရင်တော့ သူနဲ့ယန်ရှုမင် သဘောတူထားသော အချိန်ရောက်ဖို့ တစ်နာရီခွဲသာ သူ့အတွက် အချိန်ရှိသည်။ အဆောင်ကို အပြေးအလွှား ပြန်ပြီး အဝတ်အစား မြန်မြန်လဲရမည်။မဲ့တုန်သည် လွန်ခဲ့သော ရက်အနည်းငယ်က အဝတ်အစားအချို့ ဝယ်ယူထားပါ၏။ သူ့ကိုယ်သူ ဝန်မခံချင်ပေမဲ့ ယန်ရှုမင်နဲ့အတူ ထမင်း အတူသွားစားရင် ဝတ်ဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ထားခဲ့တာ ဖြစ်သည်။ဒါပေမဲ့ တခြားကိစ္စတွေ ကျန်သေးသည်။
မဲ့တုန်က အရမ်း အရပ်မရှည်လှပါ။ သူက မြေပြင်ပေါ်မှာ မိုးပျံတိုက် ဆောက်သကဲ့သို့ ရှူးဖိနပ်ထဲကို အရပ်ပိုမြင့်စေသော ဖိနပ်အောက်ခံတစ်စုံ ထည့်လိုက်သည်။သည်။ထိုအခါ သူ့ အရပ်အမြင့်မှာ 1.74m မှ 1.8m သို့ ချက်ချင်း မြင့်တက်သွားလေသည်။ထို 'ဆင့်ပွားတိုးတက်မှု' က မြန်ဆန်ပြီး အံဩဖွယ် ဖြစ်သည်။သို့သော် အဲ့ဒါက မဲ့တုန်ကို လန့်သွားစေသဖြင့် ချက်ချင်းပဲ ထိုဖိနပ်အောက်ခံများကို ဖယ်ထုတ်ပြီး 3cm ခန့် ရှိသော တစ်စုံနှင့် ပြောင်းလဲလိုက်သည်။
အမ်း ... 1.74m ကနေ 1.77m ဆိုတော့ နည်းနည်း အရပ်ပိုရှည်သွားပြီး ခန္ဓာကိုယ်အချိုးအစားလည်း ပိုကြည့်ကောင်းသွားတဲ့ပုံပဲ
အခန်းထဲက လူတွေအားလုံး သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေကြပြီး သူ့ကို ဘယ်သူမှ သတိမထားမိလောက်ဘူးဟု မဲ့တုန် တွေးမိသဖြင့် မှန်ရှေ့တွင် ရပ်နေမိပြီး ခဏကြာအောင် ဟိုရွှေ့သည်ရွှေ့ လုပ်နေခဲ့သည်။ သူ နောက်ပြန်လှည့်လိုက်ချိန်မှာတော့ သူကို ပြုံးပြီး ကြည့်နေကြသော မျက်လုံးသုံးစုံကို မဲ့တုန် တွေ့လိုက်ရတော့သည်။
တုချွမ်က အရင် စပြောသည်။
"ယို့ ၊တာယာအပိုလေး ရွေ့လျားနေပြီပေါ့"
ဝူကျီမော့က သက်ပြင်းချလိုက်သည်။
"ငါတို့ရဲ့ စကားတွေက မင်းအတွက်တော့ အလကားပဲ မဟုတ်လား? မင်းက ပျိုးထောင်ရတာကို ဆက်လုပ်ချင်နေသေးတယ်ပေါ့ ၊ဟမ့်"
ကျန် အခန်းဖော်က လျိုဟယ်ဝေ့ဟု အမည်ရပြီး စကား သိပ်ပြောလေ့မရှိပဲ ၊ စာအရမ်းကြိုးစားပြီး မျက်မှန်လေးနဲ့ လူကောင်သေးသေး ဖြစ်သည်။ သူက မဲ့တုန်၏ မှတ်စုများကို အမြဲငှားရတာကို သဘောကျသည်။ လျိုဟယ်ဝေ့လို လူကတောင်မှ အတည်ပေါက် အမူအရာဖြင့် မေးလာသည်။
"မဲ့ဇီ ၊ ဒီည မင်း ဒကာခံရမှာ ဟုတ်လား?"
မလုံမလဲ ခံစားရသဖြင့် မဲ့တုန် ရှင်းပြလိုက်သည်။
"မဟုတ် ... တကယ်တော့ အဲ့လိုမျိုး မဟုတ်ဘူး၊ ငါက ယန်ရှုမင်နဲ့ အတူ ညစာစားဖို့ သွားမှာ၊ ငါတို့အရင်က ချိန်းထားပြီးသား မဟုတ်လား? ငါ ဖျားသွားလို့ အရင်တစ်ခါက ဖျက်လိုက်ရတယ်လေ"
တုချွမ်က လုံးဝ မယုံကြည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့် ၊ မင်းက ယန်ရှုမင်နဲ့ ညစာသွားစားမှာ ၊အဝတ်အစား အသစ်ချပ်ချွတ်တွေနဲ့ ဖိနပ်အောက်ခံတွေ ဝတ်ပြီးတော့လေ?"
မဲ့တုန်မှာ သူ့မျက်နှာကို အုပ်ထားချင်သော ဆန္ဒ ဖြစ်မိသည်။
ဒီလူတွေ ဘယ်လိုလုပ်ပြီးတော့ ဖိနပ်အောက်ခံတွေကို သတိထားမိသွားရတာလဲ အာ! သူ့မှာ သီးသန့်ကိုယ်ရေးကိုယ်တာကိစ္စလေး နည်းနည်းတောင် မရှိရတော့ဘူးလား?
သူက သနားစဖွယ် ရှင်းပြသည်။
"မရ ... ငါက ငါ့အိုင်ဒေါရှေ့မှာ ငါ့ကိုယ်ငါ သေချာချင်လို့ရော မရဘူးလား? ယန်ရှုမင်က အရပ်မြင့်တယ်လေ ပြီးတော့ ငါ့မှာ ကြွားစရာ ဘာမှ မရှိဘဲ"
အခန်းဖော်သုံးယောက်က တညီတညွတ်တည်း ကြားဖြတ်ပြောသည်။
"မင်းကို မယုံဘူး"
မဲ့တုန်သည် သူ့စကားများဖြင့် သူတို့ကို အယုံမသွင်းနိုင်ခဲ့သဖြင့် လွယ်လွယ်ပဲ လက်လျော့လိုက်တော့သည်။ အဝတ်အစား၊ဖိနပ်၊ အကုန်လုံးကို ဝတ်ဆင်လိုက်ပြီး နောက်ဆုံးမှ ဆံပင်ပုံစံကို မှန်ထဲတွင် သေချာအာရုံတစိုက် ပြင်ဆင်သည်။
မဲတုန်တွင် အလွန် ရိုးစင်းသော ခပ်တိုတို အုပ်အုပ်လေးနှင့် ရှေ့ချထားသည့် ဆံပင်ပုံစံ ရှိသည်။
သူက ဖက်ရှင် ရေစီးကြောင်းကိုလည်းအမှန်တကယ် နားမလည်ပါ။
ဆံပင်ညှပ်ဆိုင်ရောက်တော့ ဆံသဆရာက အခုခေတ် ကောင်ချောလေး ဆယ်ယောက်မှာ ကိုးယောက်က အဲ့ဒီလို ခပ်အုပ်အုပ်လေးနဲ့ ဆံပင်ရှေ့ချထားသော စတိုင် ထားတတ်သည်ဟု ပြောခဲ့၏။ မဲ့တုန် က အရမ်းသာမန်ဆန်လွန်းသည်ဆိုပြီး ငြင်းချင်သော်လည်း ဆံသဆရာက ထပ်ပြော၏။
"မင်းက နန်ကျင်းတက္ကသိုလ်ကပဲ ၊ ဟုတ်လား? အဲ့ဒီမှာလေ အချောဆုံး၊အခန့်ညားဆုံး ကောင်လေးတစ်ယောက်ရှိတယ်၊ နာမည်က ယန်ရှုမင် ဆိုလားပဲ? မင်းတို့ကျောင်းက ကောင်လေးတွေ ယန်ရှုမင်လိုမျိုး ဆံပင်ရှေ့ချထားတဲ့ ပုံစံညှပ်ဖို့ လာကြတာ အများကြီးပဲ"
ဒါကြောင့် မဲ့တုန် ပြတ်ပြတ်သားသားပဲ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုလဲ အဲ့ဒီလို ညှပ်ပေးပါ"
သူ နောက်မှသိတာကတော့ သူ့ဆံပင်ပုံစံက ယန်ရှုမင်ရဲ့ဆံပင်ပုံစံ နဲ့ လုံးဝမတူဘူး ဆိုတာပဲ။
မဲ့တုန်သည် သူ့ကိုယ်သူ မှန်ထဲတွင် တိတ်ဆိတ်စွာ ကြည့်နေမိသည်။ကံဆိုးစွာနဲ့ ဆံသစရာက သူ့ကို သဘောကျစွာ ကြည့်လာခဲ့သည်။
"ဘယ်လိုလဲ ? ခန့်ညားတယ် မဟုတ်လား?"
မဲ့တုန် ထိုအတွက် ပိုက်ဆံသာ ပေးလိုက်တော့သည်။
ယန်ရှုမင်၏ ဆံပင်စတိုင်က မွေးကတည်းက အဲ့ဒီဆံပင်ပုံစံ ရှိနေသကဲ့သို့ ကြိုးစားပြုပြင်ထိန်းသိမ်းနေစရာ မလိုအောင်ကို ထသွားထလာ ပေါ့ပေါ့ပါးပါး ပုံစံပေါက်သည်။ ညှိစရာ၊ ပုံသွင်းစရာ မလိုသည့်အတိုင်း အမြဲတမ်း ပြီးပြည့်စုံသော အခြေအနေမှာရှိသည်။ မဲ့တုန်၏ ခေါင်းပေါ် ရောက်လာသောအခါ ထိုဆံပင်ပုံစံက ဟန်ကြီးပန်ကြီး နိုင်သည့်အပြင် ခေတ်ဆန်ဖို့ အတင်းကာရော ကြိုးပမ်းနေသည်ဟု ထင်ရစေသည်။
မဲ့တုန်၏ အကြည့်များက တုချွမ် စားပွဲပေါ်မှာ တင်ထားသော ဆံပင်ပုံသွင်း စပရေးဘူးဆီသို့ ဆိုက်ရောက်သွားသည်။ သူ အဲ့ဒါကို နည်းနည်းလောက် တောင်းပြီး သုံးကြည့်ချင်ပေမဲ့ တုချွမ်က သူ့ကို ဒီညမှာ တစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ဖို့ အပြင်ထွက်သွားတယ်ဆိုပြီး ပိုအယုံသွင်းလာမှာ ကြောက်သဖြင့် တုံ့ဆိုင်းနေမိသည်။ ခဏကြာအပြင်းအထန် ကြိုးစားပြီးမှ သူ တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်သည်။
"တုချွမ်၊ ငါ မင်းရဲ့ ဆံပင်ပုံသွင်း စပရေးကို နည်းနည်းလောက် ယူသုံးလို့ရလား?"
တုချွမ်၏ မျက်လုံးများသည် မျဥ်းကြောင်းလေးတစ်ခုလို ကျဥ်းမြောင်းသွားပြီး ပုံသွင်း စပရေးဘူး ဆတ်ခနဲ လှမ်းယူလိုက်ကာ မဲ့တုန်၏ရန်မှ ကာကွယ်လိုဟန်ဖြင့် လက်မောင်းများကြားတွင် ပွေ့ပိုက်ထားလိုက်သည်။
"ငါ့ကို ပြောစမ်း၊ မင်း ဒီည တကယ်ပဲ ဘယ်နေရာကို သွားမလို့လဲ? ယန်ရှုမင်နဲ့ ညစာစားမှာလို့တော့ ထပ်မပြောနဲ့ ၊မင်းက သူနဲ့ ညစာစားရင်တောင်မှ ဆံပင်ပုံသွင်းစပရေးကို သုံးဖို့ လိုသေးလို့လား?"
မဲ့တုန် သူ့ကို လျစ်လျူရှုလိုက်တော့သည်။
"ထားလိုက်တော့ ၊ ငါ မလိုတော့ဘူး"
သူ အနည်းငယ် စိတ်ဆိုးသွားတာကို မြင်တော့ တုချွမ်က စပရေးဘူးကို မဲ့တုန်၏လက်ထဲသို့ ပြန်ထိုးထည့်ပေးလာသည်။
"သုံး ၊ ဒါကို သုံးလိုက်၊အိုင်း ... မဟုတ်သေးပါဘူး မဲ့ဇီရာ၊ ဒါတွေအကုန်က မင်းကောင်းဖို့ ငါတို့က လုပ်ပေးနေတာ မဟုတ်ဘူးလား?မင်းက တစ်ယောက်ယောက်နဲ့ တွဲကြည့်ဖူးတာလဲ မဟုတ်ဘူးလေ ပြီးတော့ သူများက မင်းကို တာယာအပို တစ်ခုလို ဆက်ဆံနေတာလေ။အခု မင်းက ညစာထွက်စားဖို့ကို သေချာ ကောင်းကောင်းမွန်မွန် ဝတ်စားပြီး သွားဖို့ လုပ်နေတာလေ။ လှည့်စားခံလိုက်ရပြီးတော့ မင်းမှာ အတွင်းခံဘောင်းဘီကလွဲလို့ ဘာမှ မကျန်ပဲ ဖြစ်နေမှာကို ငါတို့က စိတ်ပူနေကြတာ"
ဝူကျီမော့က တစ်ခုခုကို သတိရသွားသဖြင့် သူ့ကို အသံနိမ့်နိမ့်ဖြင့် မေးသည်။
"မင်း ဒီည ပြန်လာမှာလား?"
မဲ့တုန်သည် သူ့မေးခွန်းကြောင့် အလန့်တကြားဖြစ်သွားပြီး အမြန် ပြန်ဖြေလိုက်သည်။
"ဒါပေါ့၊ ငါပြန်လာမှာ ! ငါက တကယ်ကြီးကို ယန်ရှုမင်နဲ့ ညစာသွားစားရုံလေးပဲ၊ မင်းတို့ ငါ့ကို မယုံရင် သူ့ကိုမေးကြည့်ကြ"
မဲ့တုန်က 'မင်းတို့ ငါ့ကို မယုံရင် သူ့ကိုမေးကြည့်ကြ'လို့ ပြောလိုက်မိပေမဲ့ တုချွမ်က ယန်ရှုမင်ကို တကယ်ကြီးသွားမေးလိမ့်မယ်လို့ သူ ထင်မထားမိဘူးဆိုတာ ကျိန်ဆိုရဲပါသည်။
တုချွမ်က ယန်ရှုမင်နဲ့ ရင်းနှီးပြီး၊ သူနဲ့ယန်ရှုမင်က WeChat မှာ သူငယ်ချင်းဖြစ်ရုံလောက်ပဲ ရင်းနှီးသည်ဆိုတာကိုပါ သိထားတယ် တွေးမိသဖြင့် မဲ့တုန်က ဒီအတိုင်း ပြောလိုက်မိသည်သာ။ တုချွမ်က ဒီလို အသေးအဖွဲ့ကိစ္စအတွက်နဲ့ ယန်ရှုမင်ကို အနှောင့်အယှက်မပေးလောက်ဟု သူတွေးခဲ့သည်။
ငါးမိနစ်ခန့် ကြာပြီးနောက် တုချွမ်က ယန်ရှုမင်နှင့် ဖုန်းပြောနေသည်ကို မဲ့တုန် မျက်ရည်စက်လက်နဲ့ ကြည့်နေရတော့သည်။
"ဟေး ၊ ဥက္ကဋ္ဌ ၊ တုချွမ်ပါ ၊ခင်ဗျား ကျွန်တော့်ကို မှတ်မိလား? ... ဟုတ်တယ်၊ အင်း ၊မှန်ပါတယ်၊ ရှောင်တိရဲ့ချစ်သူကောင်လေးပါ ပြီးတော့ မဲ့တုန်ရဲ့ အခန်းဖော်ပါ။ အနှောင့်အယှက်ပေးမိလို့ အားနာပါတယ်ဗျ၊ ကျွန်တော် မေးကြည့်ချင်တာလေးရှိလို့ပါ ၊ ကျွန်တော်တို့ မဲ့တုန်က ခင်ဗျားနဲ့ ဒီည ညစာစားဖို့ ချိန်းထားတယ်ဆိုတာ ဟုတ်လားဗျ? ... အိုး ဟုတ်လား? တကယ်ပေါ့? .... အာ ၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို စိတ်ပူလို့ပါ။သူက အဆောင်မှာ အဝတ်အစား အသစ်တွေ လဲဝတ်ပြီး အရပ်ပိုမြင့်စေတဲ့ ဖိနပ်အောက်ခံတွေပါ ထည့်စီးနေလို့လေ။ ဆံပင် ပုံသွင်းမယ်ဆိုပြီး ကျွန်တော့်ဆီက စပရေးဘူးပါ လာငှားသေးတယ်။ကျွန်တော်တို့က သူ ဆန်ကုန်မြေလေး မိန်းမတစ်ယောက်နဲ့ ညစာသွားစားမှာလို့ ထင်နေကြတာ။ ကောင်းပါပြီ၊ သူက ခင်ဗျားနဲ့ ဆိုတော့ ကျွန်တော်တို့လည်း စိတ်ချပါပြီ။အခု အားလုံး အဆင်ပြေသွားပြီ၊ဥက္ကဋ္ဌရေ နှုတ်ဆက်ပါတယ်၊ ဘိုင့်ဘိုင်"
မဲ့တုန်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေတော့သည်။
"မင်း မေးချင်တာကိုပဲ မေးလေ၊ ဘာကိစ္စနဲ့ ငါ ဖိနပ်အောက်ခံထည့်စီးတာကို ပြောလိုက်ရတာလဲ?"
ချိန်းထားသောအချိန်က ည ၇ နာရီတွင် ဖြစ်သည်။ မဲ့တုန်က အသစ်စက်စက် ထွက်ရှိထားသော ဗီဒီယိုဂိမ်းအခွေကို လက်ဆောင်အဖြစ် ပေးရန် ပြင်ဆင်ထားသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယန်ရှုမင်သည် Weiboတွင် ထိုဂိမ်းအသစ် ထွက်ရှိလာမည် ဖြစ်ကြောင်း တင်ထားသော post ကို တစ်ဆင့် ပြန်တင် ထားခဲ့သည်။ ဒါကို ယန်ရှုမင် ဝယ်ထားပြီးပြီလားတော့ မဲ့တုန် သေချာမသိပါ။
မဲ့တုန်သည် ဟော့ပေါ့ဆိုင်ကို ၆နာရီ ၄၅မိနစ်တွင် ရောက်လာခဲ့ပြီး ယန်ရှုမင်က စားပွဲတစ်ခုတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူ့ရဲ့ပထမဆုံး စကားကတော့ တောင်းပန်တာပင်။
"တောင်းပန်ပါတယ် စီနီယာ၊ ကျွန်တော် နောက်ကျသွားတယ်"
ယန်ရှုမင်က သဘောကောင်းစွာ ပြုံးပြသည်။
"အခုထိ ချိန်းထားတဲ့ အချိန်မှ မရောက်သေးပဲ၊ ကိုယ်ကသာ စောစောထွက်လာခဲ့မိတာပါ"
မဲ့တုန် ထိုင်မည် လုပ်လိုက်ပြီးမှ ယန်ရှုမင်က သူ့ကို အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို သတိထားမိသွားသည်။ ချက်ချင်းပဲ သူလည်း ထိုင်ရနိုးနိုး မထိုင်ရနိုးနိုး မသေမချာဖြစ်သွားပြီး လေးပင်စွာဖြင့် မေးကြည့်လိုက်သည်။
"ဘာမှားနေလို့လဲဟင်?"
ယန်ရှုမင်က သူ့ကို ကြည့်လာသည်။
"အရပ်ပိုမြင့်လာဖို့ ရှူးဖိနပ်အောက်ခံတွေ ထည့်စီးလာတယ်ဆို? သိပ်လည်း များများစားစား ကွာခြားသွားတာတော့ မရှိဘူးပဲ"
မဲ့တုန်သည် ဘယ်လက်ဖြင့် မျက်နှာကို အုပ်ထားမိပြီး ရှက်ဒေါသကြောင့် သေဆုံးသွားတော့သည်။သူ ဖြည်းဖြည်းလေး ထိုင်ချလိုက်ပြီး သူ့အသံကလည်း နာကျင်မှုများ ပြည့်နေသည်။
"မဟုတ်ဘူး ... တုချွမ်က ခင်ဗျားကို အကုန်လုံး ပြောပြလိုက်တော့ ကျွန်တော်လည်း အဲ့ဒါတွေကို ဖယ်ထုတ်ခဲ့လိုက်တယ်"
ယန်ရှုမင် ခေါင်းငြိမ့်လိုက်ပြီး မဲ့တုန်ဆီသို့ မီနူးစာအုပ်ကို လှမ်းပေးလိုက်သည်။ မဲ့တုန် စာအုပ်ကို ယူလိုက်စဥ်မှာပဲ ယန်ရှုမင်က အမှုမဲ့ အမှတ်မဲ့ မေးလိုက်သည်။
"ဘယ်က ဆန်ကုန်မြေလေး အမျိုးသမီးလဲ?"
မဲ့တုန်၏ လက်မှာ တုန်ယင်သွားပြီး မီနူးစာအုပ်ကို ကြမ်းပြင်ပေါ်သို့ လွှတ်ချမိမတတ်ပင်။
"မဟုတ် ... ဘယ်က ဆန်ကုန်မြေလေး အမျိုးသမီးမှ မဟုတ်ပါဘူး ။ သူတို့ ဒီတိုင်း အထင်မှားနေတာပါ"
ယန်ရှုမင်က နားလည်လိုက်သည်။
"ဒါဆို ကိုယ်က ဒီတစ်ခါ ဆန်ကုန်မြေလေး အမျိုးသမီးတစ်ယောက် ဖြစ်သွားရပြီပေါ့လေ?"
မဲ့တုန်က အသနားခံနေသောဟန်ဖြင့် သူ့ကို လှမ်းကြည့်သည်။
"မဟုတ်ဘူး၊ မဟုတ်ပါဘူးလို့ ၊ ကျွန်တော့်ကို အဲ့ဒါနဲ့ ထပ်မစပါနဲ့တော့ဗျာ"
မဲ့တုန်က ရှောင်ပြေးချင်သဖြင့် စားစရာမှာသောအလုပ်၌ အာရုံစိုက်ထားလိုက်သည်။
ယန်ရှုမင်က အစပ်မကြိုက်ဘူး၊ အချဥ်တွေလဲ မကြိုက်ဘူး၊ ခေါက်ဆွဲခြောက် မကြိုက်ဘူး၊ ခရမ်းချဥ်သီးလည်း သိပ်မကြိုက်ဘူး။ သူကြိုက်တာက ချိုတာလေးတွေနဲ့ ဆိုဒါသောက်ရတာ လောက်သာ။ ကြိတ်ကြိုက်နေရသော လေးနှစ်ကာလအတွင်း၌ မဲ့တုန် နေရာပေါင်းစုံကနေ စုဆောင်းထားခဲ့သည့် ယန်ရှုမင်၏ သတင်းအချက်အလက်များ ရှိနေသည်လေ။ အတိအကျ ဟုတ် ၊မဟုတ်တော့ မဲ့တုန်လည်း သေချာမသိပါ။
အဆိုပါ 'ကြိုက်တယ်' နှင့် 'မကြိုက်ဘူး'များကို တွေးတောပြီးနောက် မဲ့တုန်က အရိုးပြုတ်ရည်နှင့် မှို အပါအဝင်၊ အချိုအစပ် တစ်ကန့်စီ သပ်သပ်ပါသော မန်ဒရင်းဘဲဟော့ပေါ့ကို မှာယူလိုက်သည်။
ယန်ရှုမင်က သူ၏ သမားရိုးကျ မဟုတ်သော ဟော့ပေါ့ အမျိုးအစား ရွေးချယ်မှုကို တအံ့တဩကြည့်လာသည်။
"မင်းက အစပ်မစားဘူးလား?"
မဲ့တုန် ပေကလတ် ပေကလတ် လုပ်လိုက်မိပြီး သူ နည်းနည်းသိထားသော အချက်အလက်၏ တိကျသေချာမှုကို သံသယဝင်သွားတော့သည်။ ထို့နောက် သတိထားရင်း မေးလိုက်သည်။
"ကျွန်တော်က ခင်ဗျား အစပ်မစားဘူးဆိုပြီး တွေးမိလို့ပါ"
ယန်ရှုမင်က ပြုံးလိုက်သည်။
"ဒါကို မင်း ဘယ်ကနေ ကြားလာတာလဲ?"
မဲ့တုန်က သူရွေးထားသော ဟော့ပေါ့အမျိုးအစားကို ခြစ်၍ ဖျက်ပစ်လိုက်ပြီး ယန်ရှုမင်ထံသို့ မီနူးကို ကမ်းပေးသည်။
"ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ။ ကျွန်တော်က ခင်ဗျား အစပ်မစားဘူး၊ ခရမ်းချဥ်သီး မကြိုက်ဘူးလို့ ထင်ခဲ့တာ"
ယန်ရှုမင်က ဟော့ပေါ့အတွက် ထောပတ်နှင့် ခရမ်းချဥ်သီး အတွဲအစပ်ကို ပြန်ရွေးချယ်လိုက်ရင်း မဲ့တုန်ကို မေးလိုက်သည်။
"မင်းက စပ်တဲ့အစားအစာတွေနဲ့ ခရမ်းချဥ်သီးကို ကြိုက်တယ်၊ မှန်ရဲ့လား?"
မဲ့တုန် ခေါင်းငြိမ့်လိုက်သည်။
စားစရာ မှာပြီးနောက် ယန်ရှုမင်က မဲ့တုန်အတွက် ရေထည့်ပေးလိုက်သည်။
မဲ့တုန်က ရေခွက်ကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး ယန်ရှုမင်၏ လက်ထဲက ရေကရားနှင့် ထိလုနီးနီးအထိ မြှောက်ထားလိုက်သည်။သူ့အမူအရာက ညစာစားပွဲမှာ ဝန်ထမ်းအသစ်လေးက အထက်လူကြီး စိတ်ကျေနပ်စေဖို့ ကြိုးစားနေသည့်ပုံစံနှင့်ပင် တူသေး၏။ယန်ရှုမင်က ရယ်မောချင်သွားပြီး မဲ့တုန်က ချစ်စရာလေးပဲဟု ခံစားမိလိုက်သည်။ သို့သော် သူက မဲ့တုန် တလွဲထင်သွားမှာ စိုးရိမ်သဖြင့် မရယ်မိအောင်ပဲ ထိန်းချုပ်ထားလိုက်ရသည်။
ရေထည့်ပေးပြီးနောက် မဲ့တုန်က ချက်ချင်း မသောက်လိုက်ပါ။ထိုအစား သေသပ်စွာ ထုပ်ပိုးထားသော လက်ဆောင်လေးကို ထုတ်ယူလိုက်သည်။
ထိုအရာကို ပေးသောအခါတွင်လည်း ယန်ရှုမင် လက်မခံမှာကို ကြောက်သဖြင့် မဲ့တုန် ဂရုစိုက်ထားသည်။
"စီနီယာ၊ကျွန်တော် ဝေပေါ်မှာ ခင်ဗျား ဒီဂိမ်းအကြောင်း ပြန်တင်ထားတာ တွေ့လိုက်မိတယ်၊ ဒါကို ခင်ဗျား ဝယ်ထားပြီးပြီလား ကျွန်တော် မသေချာတာမို့လို့ အဲ့ဒါကို ခင်ဗျားအတွက် လက်ဆောင်အနေနဲ့ ပြင်ဆင်ပြီး ယူလာခဲ့ပါတယ်"
လက်ဆောင်ထုပ်ကို ကိုင်ထားသော မဲ့တုန်၏ လက်က လေထဲတွင် ရစ်ဝဲနေသည်။ ယန်ရှုမင်က ချက်ချင်း မယူလိုက်ပါ၊ထိုအခြင်းအရာက မဲ့တုန်၏ လက်ဆောင်ကို သူက လက်မခံချင်ဘူးဆိုပြီး တွေးမိစေသဖြင့် မဲ့တုန် လက်ဆောင်မပေးဖြစ်ပဲ ပြန်ရုပ်သိမ်းသွားအောင် ပြုလုပ်နေမိသလိုပင်။ သို့သော် မထင်မှတ်ထားပဲ ယန်ရှုမင်ကလည်း သူ့ဘေးက ဘူးတစ်ဘူးကို ထုတ်ပြလာခဲ့ပါ၏။
"ဘာလို့များ အမြဲ တိုက်ဆိုင်နေရတာလဲ? ကိုယ်လည်း မင်းအတွက် လက်ဆောင်ပြင်လာခဲ့တယ် ၊ ဒါပေမဲ့ အဲ့ဒါက ... ကိုယ် ပြင်ဆင်လာခဲ့တဲ့ လက်ဆောင်က မင်းပေးတဲ့ဟာထက်တော့ တန်ဖိုး အရမ်းနည်းလွန်းတယ် ၊ အခုဆို ကိုယ် အဲ့ဒါကို မင်းဆီ လုံးဝမပေးလိုက်ချင်တော့ဘူး"
ယန်ရှုမင်မှာလည်း ကူကယ်ရာမဲ့ ဖြစ်နေတော့သည်။
++++++++