Chapter 12
Viewers 4k

Chapter 12




မဲ့တုန် ကျေနပ်အားရစွာဖြင့် အံ့အားသင့်သွားမိသည်။

သူ့မှာ ဘယ်လိုလုပ်ပြီး လက်ဆောင်တွေရဲ့ တန်ဖိုးကို နှိုင်းယှဥ်ကြည့်တတ်တဲ့ နှလုံးသား ရှိပါ့မလဲနော်? 



ယန်ရှုမင်က လက်ဆောင်ကို ယူလိုက်သည်၊ အထဲမှာ ဘာပါနေလဲ သိရဖို့ ဖွင့်ကြည့်ရန် မလိုပါ။မဲ့တုန်က သေချာ ပြောထားပြီးပြီလေ။ သူက လက်ဆောင်ကို သူ့ဘေးနားမှာ ထားလိုက်ပြီး ကျေးဇူးတင်တာကို ဖော်ပြလိုက်သည်။

"ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်" 



"အမ်း ... ရပါတယ်ဗျ" 

မဲ့တုန် နည်းနည်းတော့ မူးဝေနေဆဲပင်။ လက်ဆောင်ကို လှမ်းယူလိုက်ရင်း လက်များက လေထဲတွင် ခဏကြာအောင် တိုးလို့တန်းလန်းဖြစ်ပြီးမှ၊ နောက်ဆုံးမှာ လက်များကို ပြန်ရုတ်သိမ်းနိုင်လိုက်သည်။ သူ ထပ်မစောင့်နိုင်တော့ပဲ မေးလိုက်သည်။

"ကျွန်တော် ဒါကို အခု ဖွင့်ကြည့်လိုက်လို့ ရလား" 



ဟော့ပေါ့အိုး ရောက်ရှိလာသဖြင့် တစ်ခဏအတွင်း အငွေ့အနည်းငယ် ထွက်လာသည်။ အဖြူရောင် အခိုးအငွေ့များကို ဖြတ်၍ သူ့မျက်နှာ ထွက်ပေါ်လာပြီးနောက် ယန်ရှုမင် ခေါင်းငြိမ့်ပြလိုက်သည်။ 



ဘူးကို ထုပ်ပိုးထားတာက အတော်လေး လှပသည်။ ဒီအတိုင်း အသင့်ဝယ်လိုက်တာလား ၊ယန်ရှုမင် ကိုယ်တိုင် ထုတ်ပိုးထားခဲ့တာလား မဲ့တုန် သိချင်နေလေသည်။ 



ဒါပေါ့ ၊ မဲ့တုန်ကတော့ ဒုတိယဖြစ်နိုင်ချေကိုသာ ယုံကြည်ဖို့ ပိုအားသာသည်။ 

ဘူးကို ဖွင့်လိုက်သောအခါ အညိုရောင် အမွေးပွပွများနှင့် အဖုံးပြုလုပ်ထားသော ဝက်ဝံရုပ်ပုံစံ မှတ်စုစာအုပ်တစ်အုပ်ကို မဲ့တုန်တွေ့လိုက်ရသည်။ အရမ်းချစ်စရာကောင်းသဖြင့် အစက မဲ့တုန်မှာ ထိပင် မထိတွေ့ရဲပေ။ 



သူက တအံ့တဩဖြင့် မော့ကြည့်လာပြီး နောက်တစ်ကြိမ်ထပ်၍ အတည်ပြုသည်။

"ဒါက ကျွန်တော့်အတွက်လားဟင်?" 



ယန်ရှုမင်က မေးသည်။ "မင်း ဒါကို သဘောကျရဲ့လား?" 



မဲ့တုန် ပြင်းပြင်းထန်ထန်ပဲ ခေါင်းကို ငြိမ့်ပစ်လိုက်သည်။

"သဘောကျတာပေါ့!" 



ဟုတ်တယ်လေ ၊ သူ အဲ့ဒါကို သဘောကျတယ်၊အများကြီးပဲ သဘောကျတယ် 



မဲ့တုန်သည် ယန်ရှုမင်ထံမှ လက်ဆောင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပါ၊ အထူးသဖြင့် ဒီလိုအရမ်းချစ်စရာကောင်းတာလေးပေါ့။ ဒါလေးက အရမ်းကို ထူးခြားတယ်၊ ဒါက ယန်ရှုမင် သူ့အတွက် သေချာရွေးပြီး ဝယ်ထားပေးတယ်ဆိုတာကို သက်သေပြနိုင်မဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ပဲ။ ဒါ့အပြင် မဲ့တုန်က သူကိုယ်တိုင် ဆောင်းရာသီမှာ အမွေးပွ မှတ်စုစာအုပ် ဝယ်ရန် မတွေးကြည့်မိခဲ့ပါ။ 



ဒီအကြောင်းကို ဘယ်လိုပဲ တွေးတွေး မဲ့တုန် နည်းနည်းတော့ မရေမရာဖြစ်နေသေးသည်။မဲ့တုန် ဒိုင်ယာရီထဲမှာ ရေးသမျှက သူ့အကြောင်းတွေပဲ ဆိုတာကို ယန်ရှုမင် ကိုယ်တိုင်လည်း သိနေရဲ့သားနဲ့၊ သူက မဲ့တုန်ကို ဒိုင်ယာရီစာအုပ် ပေးတယ်တဲ့လား။ 



သူက ငါကို လာပြီး ပရောပရည်လုပ်နေပြန်ပြီဆိုတာ သေချာတယ်၊ ဟုတ်တယ်မလား?

မဲ့တုန် စဥ်းစားမိသည်။ 



ညစာစားရတာ သဟဇာတဖြစ်နေသည်။ ယန်ရှုမင်က လူကြီးလူကောင်း ဆန်စွာ ပြုမူပြီး မဲ့တုန်အတွက် အသားများကို လှီးဖြတ်ပေးခြင်း၊ဟော့ပေါ့စားရန်အတွက် လိုအပ်တာတွေကို ပြင်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေသည်။ရွေးချယ်ပြင်ဆင်ထားပေးတာတွေကလည်း သေချာ စဥ်းစားပေးထားပါ၏။ နှမ်းအနှစ်ဆော့စ်၊ တို့စားရမည့် ဆော့စ်၊ ပုစွန်လုံးတွေအတွက် အထူးပြုလုပ်ထားသည့် ပင်လယ်စာ ဆော့စ် စသဖြင့် မဲ့တုန်၏ အကြိုက် အမျိုးမျိုးအပေါ် မူတည်၍ ပြင်ဆင်ပေးလေသည်။ 



မဲ့တုန်မှာ ကောင်းစွာ ဂရုစိုက်ခံနေရသည်။ သူတို့ကြားမှာ ထွက်ပေါ်လာသော ပန်းရောင်ပူဖောင်းလေးများ မတော်တဆ ပေါက်ထွက်သွားအောင် လုပ်မိမှာ ကြောက်သဖြင့် မဲ့တုန်မှာ စကားပင် လွယ်လွယ် မပြောရဲပေ။ 



ဟော့ပေါ့ စားပြီး၊ သောက်စရာအအေးများကို သောက်ပြီးနောက် မဲ့တုန်သည် သူ့ဗိုက်လေးကို ပွတ်၍ ဆိုဖာပေါ်သို့ မှီထားပြီး ကျေနပ်အားရသွားဟန်ဖြင့် လေပင် တက်လိုက်မိတော့သည်။ သူ့ရဲ့စိတ်က အတော်လေး လေပေါ် မြောက်နေသဖြင့် ယန်ရှုမင်ရှေ့တွင် သူ့ပုံရိပ်ကို ထိန်းသိမ်းထားဖို့ မေ့သွားတော့သည်။ 



ယန်ရှုမင်က ခပ်တိုးတိုး ရယ်လိုက်ပြီး သူ့ကို ဗိုက်ဝသွားပြီလားလို့ မေးလာမှသာ မဲ့တုန်သည် လက်ရှိအခြေအနေသို့ ချက်ချင်းပြန်ရောက်လာပြီး သူထိုင်နေသော အနေအထားကို အလျင်အမြန် ပြန်ပြင်ဆင်လိုက်ကာ ရိုးသားစွာပဲ ပြန်ဖြေသည်။

"ပြည့်သွားပြီ" 



ပြီးတော့ ယန်ရှုမင်က ထပ်မေးသည်။

"ကူပွန်တွေရော?" 



မဲ့တုန် ထိုခဏတွင် အေးခဲသွားရပြီး 'မကောင်းတော့ဘူး'လို့ တိတ်တိတ်လေး ပြောလိုက်မိသည်။ 



သူက ဘယ်နေရာကနေ ကူပွန် ရလာမှာလဲ အာ? တုချွမ်ဆို ကူပွန်က အစောင်ရေ တစ်ရာလောက်ပဲ ပေးတယ်ဆိုတာ ကြားမိတော့ ၊ အဲ့ဒီကူပွန်လုဖို့ alarm ပေးပြီး သေချာစောင့်နေခဲ့ရတာ။ ကူပွန် ရထားတယ်ဆိုတာက ယန်ရှုမင်ကို အတူသွားစားကြမယ်ဆိုပြီး ဖိတ်ဖို့ အကြောင်းပြတာ သက်သက်ပဲလေ! 



မဲ့တုန်က လည်ချောင်းကို ရှင်းပြီး လိမ်ပြောလိုက်သည်။

"အာ ၊ မနေ့က ကျွန်တော့်မှာ ရှိပါတယ်၊ဒါပေမဲ့ ကျွန်တော့် အခန်းဖော်တွေကို ပေးလိုက်ပြီ။ အဆင်ပြေပါတယ်။ ဘေလ်ကို ကျွန်တော် ရှင်းမှာပါဗျ"

ထိုသို့ ပြောပြီး မဲ့တုန်က သူ့ဖုန်းကို ထုတ်လိုက်က ငွေရှင်းဖို့အတွက် ကောင်တာကို ပြေးထွက်သွားတော့သည်။ သူ့အခန်းဖော်တွေရဲ့ ထူးထူးဆန်းဆန်း မေးခွန်းများက သူ့စိတ်ထဲမှာ ဖြတ်ခနဲပေါ်လာခဲ့သည်၊ ဒီည မင်း ဒကာခံရမှာလား ဆိုတာလေ။ 



ငွေရှင်းပြီးနောက် သူက ထိုင်ခုံသို့ပြန်လာပြီး သိမ်းဆည်းဖို့ လုပ်သည်။ဒိုင်ယာရီစာအုပ်လေးကို ဘူးထဲသို့ သေချာလေး ပြန်ထည့်သည်။ ရုတ်တရတ် ယန်ရှုမင်က မေးလာသည်ကို သူ ကြားမိ၏။

"ဒီညလည်း မင်း ဒိုင်ယာရီရေးဦးမှာလား?" 



သူ သေချာပေါက် ရေးမှာပေါ့ ၊ ပြီးတော့ ရေးစရာတွေလည်း အများကြီး ရှိတယ်လေ။ သူ့ခေါင်းထဲမှာ တပုံကြီးပဲ။

ဒါကြောင့် သူ ခေါင်းငြိမ့်မိသည်။ "ဟုတ်ကဲ့" 



"ကိုယ်နဲ့ ဒီည ညစာအတူစားတဲ့အကြောင်း မင်း ရေးမှာလား?" 



"... အမ်း" 



"ကိုယ် မင်းကို ပေးတဲ့ မှတ်စာစာအုပ်ကို သုံးမှာပေါ့?" 



"အမ်း !" 



"အရင် တစ်အုပ် ... ကိုယ် အဲ့ဒါကို ကြည့်လို့ ရလား?" 



"အမ်း! ... ဟမ်?" 



မဲ့တုန် သူ့ကို ကြည့်လိုက်တော့ ကျီစယ်လိုဟန် အဓိပ္ပါယ်ကို ယူဆောင်လာသည့် ရင်းနှီးနေသော မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်း ဆုံသွားတော့သည်။ 



ဟော့ပေါ့ဆိုင်အတွင်းရှိ အပူချိန်က မြင့်မားပြီး ယန်ရှုမင်က မဲ့တုန် နှစ်သက်ရပါသော အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ထားခဲ့၏။

ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကုတ်၏အောက်တွင် ဝတ်ထားသည့် ဒေါင်လိုက် အစင်းကြောင်းများပါသော အစိမ်းရင့်ရောင် ရှပ်အင်္ကျီကို ထုတ်ဖော်ပြလာသည်။ ကြယ်သီးအနည်းငယ်ကို တပ်ထားသော်လည်း အပေါ်ဘက်ဆုံးရှိ ကြယ်သီးနှစ်လုံးကို ဖြုတ်ပြီး အင်္ကျီကို အနည်းငယ် ဟထားသည်။ 



မဲ့တုန်က ဒါကို မြင်သဖြင့် ရှက်သွေးဖြာသွားပြီး အမြန်ပဲ အကြည့်လွှဲလိုက်ရသည်။

"ခင်ဗျား လုံလောက်အောင် ကြည့်ခဲ့ပြီးပြီလေ" 



ယန်ရှုမင်က လက်ပေါ်ကို မေးထောက်လိုက်သည်။

"အကုန် မပြီးသေးဘူး" 



မဲ့တုန် ငြင်းတော့သည်။

"မရဘူး ၊ ဒါက ကျွန်တော့် ဒိုင်ယာရီလေ!" 



ယန်ရှုမင်က အနည်းငယ် နောင်တရသွားပုံဖြင့် စိတ်မကောင်း ဖြစ်နေပုံပင်။

"ကိုယ် ကြည့်ချင်တယ်ဆိုရင် မင်းက ကိုယ့်ကို ပေးဖတ်လိမ့်မယ်လို့ ကိုယ် ထင်ထားခဲ့တာ" 



မဲ့တုန်က သူ့ရဲ့ ဝမ်းနည်းနေသော လေသံကို တောင့်မခံနိုင်ဖြင့် ချက်ချင်းပဲ စိတ်ပျော့သွားပြီး ချီတုံချတုံ ဖြစ်နေတော့သည်။

"အမ်း ... ကောင်းပြီလေ ၊ ခင်ဗျား တကယ်ပဲ အဲ့ဒါကို ကြည့်ချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားအတွက် ယူလာခဲ့ပေးရမလား?" 



ယန်ရှုမင်၏ တဒင်္ဂ ဝမ်းနည်းနေမှုက ပျောက်ကွယ်သွားသည်။ 

"အိုကေလေ" 



သူက မဲ့တုန်ကို လိမ်လည်လှည့်ဖျားနေတယ်ဆိုတာ သိပေမဲ့ မဲ့တုန်မှာလွန်ဆန်နိုင်သော နည်းလမ်းမရှိပေ။ သို့သော် မဲ့တုန်က သူ့ကိုယ်သူ အလွယ်တကူ အခွင့်အရေး ယူ၍ရသော လက်ဝှေ့ထိုး သဲအိတ် တစ်ခုလို့ မမြင်ပါ။ ယန်ရှုမင်က သူအပေါ် လှည့်ကွက်လေးတွေ ထုတ်သုံးနေကတည်းက ၊သူ့နှလုံးသားထဲက မေးခွန်းတွေ ထုတ်မေးဖို့ ဆုံးဖြတ်ထားပြီးသားပင်။ ဒါကြောင့် မဲ့တုန် သူ့ကို ကြည့်လိုက်သည်။ 



"မနေ့ညက အဲ့ဒီစာကို ခင်ဗျား ဘာဖြစ်လို့ ပြန်ဖျက်လိုက်ရတာလဲ? ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးသားလေ ..." 



စာကြောင်း၏ ပထမတစ်ဝက်က ယုံကြည်မှုအပြည့်နှင့် ဖြစ်သော်လည်း ကျန်တစ်ဝက်မှာတော့ အတော်လေး ယုံကြည်မှု လျော့နည်းသွားရပါ၏။ 



အကယ်၍ မဲ့တုန်ကသာ စာကို ပြန်ဖျက်ခဲ့သူဆိုရင် သူတို့ မျက်နှာချင်းဆိုင် တွေ့ရပြီ ဆိုတာနဲ့ ဘယ်လိုရှင်းပြရမလဲ မသိအောင် ပြောစရာစကားမရှိပဲ ဖြစ်နေမှာကို သံသယဖြစ်နေဖို့ မလိုပါ။ 



ယန်ရှုမင်ကတော့ ရှက်ရွံ့နေသော အရိပ်အယောင်ပင် မရှိဘဲ ပေါ့ပေါ့ပါးပါး ရှင်းပြသည်။

"မင်း အဲ့ဒီစာကို ချက်ချင်း စာမပြန်တော့ ကိုယ့်စကားတွေက မင်းကို မသက်မသာဖြစ်အောင် လုပ်မိပြီဆိုပြီး ကိုယ် တွေးမိလို့လေ" 



ဒါဆို သူ့ကို ပရောပရည် လုပ်နေပြီးမှ ချက်ချင်းပဲ စိတ်ပြောင်းသွားတာ မဟုတ်ဘူးပေါ့ 



မဲ့တုန် နည်းနည်း ဝမ်းသာသွားပေမဲ့ ထုတ်မပြမိပေ။ သူတို့ နှစ်ယောက်လုံးက ပရောပရည် လုပ်ရမဲ့ ကစားပွဲကို ရင်ဆိုင်နေရပြီး နှစ်ယောက်လုံးရဲ့ အဆင့်တွေက အခုတော့ ညီတူညီမျှပဲ ဖြစ်သည်။ မဲ့တုန်မှာလည်း သူ့မာနနဲ့ သူ ရှိသည်။ အထူးသဖြင့် တုချွမ်က ဒီနေ့ သူ ဖိနပ်အောက်ခံတွေ ထည့်စီးလာတယ်ဆိုပြီး အတင်းကာရော ပြောပြလိုက်ပြီးနောက် သူ့ကိုယ်သူ နောက်တစ်ခါ ထပ်ပြီး အရှက်မကွဲစေချင်တော့ပေ။ 





ဒါကြောင့် မဲ့တုန် တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းငြိမ့်သည်။

"အိုး ၊နောက်တစ်ခါကျရင် စာတွေကို ပြန်မဖျက်ပစ်နဲ့တော့လေ၊ အဆင်ပြေလား?" 



ယန်ရှုမင်ကလည်း သူပြောသမျှ နားထောင်သလိုမျိုး ပြုမူသည်။

"အဆင်ပြေတယ်" 



ညစာစားပြီးနောက် သူတို့နှစ်ယောက်က ကျောင်းကို အတူတူ ပြန်လာကြသည်။ ပထမတော့ သူတို့ကြားမှာ ယဥ်ကျေးမှုဖြင့် အကွာအဝေးအနည်းငယ်ခြား၍ ထိန်းထားခဲ့သည်။ လမ်းဖြတ်ကူးချိန်မှာတော့ ယန်ရှုမင်က မဲ့တုန်၏ လက်ကောက်ဝတ်ကို ဆွဲယူသွားပြီး ဘေးကင်းစွာ လမ်းဖြတ်ကူးပြီးသည်အထိ ပြန်မလွှတ်ပေးပေ။ 



နတ်ဘုရား ဒေါက်တာမဲ့သည်လည်း ဟော့ပေါ့ဆိုင်က သူတို့ ထွက်လာပြီးနောက် သူ စဥ်းစားထားသည်များကို မေ့သွားတော့၏။ 



ဘာ 'တူညီတဲ့ အခြေအနေ'လဲ ဘာ 'တစ်ယောက်ကို တစ်ယောက် ရှက်ရွံနေတာ' လဲ၊ အကုန်လုံး လေထဲပါသွားပြီ။ အခု ခြေလှမ်းတိုင်းက တိမ်တွေပေါ် နင်းနေရသလိုပဲ။ လက်တစ်ဖက်က အဖိုးတန် လက်ဆောင်ဘူးကို ကိုင်ထားရပြီး ကျန်တဲ့ လက်တစ်ဖက်ကို ယန်ရှုမင်က ကိုင်ထားသည်။ မဲ့တုန်မှာ သူက ယန်ရှုမင် ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်လေးလို့ ခံစားနေရသည်။ 



ကျောင်းဂိတ်ပေါက်ဝ သို့ရောက်သောအခါ သူတို့နှစ်ယောက်သည် ယန်ရှုမင် စိတ်ကြိုက်ရွေးချယ် တက်ရောက်သော ဘာသာရပ်ကို သင်ကြားသည့် ဆရာမနဲ့ သွားဆုံလေသည်။ 



ထို ပါမောက္ခက အသက်၄၀ကျော်ခန့် ရှိပြီး ရင်းနှီးဖော်ရွေသူဟု လူသိများသည်။သူမက ကျောင်းသားများကို တခါတလေ သူမ၏အိမ်ကို ထမင်းစားဖိတ်တတ်သေးသည်။ နန်ကျင်းတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ တော်တော်များများက သူမ၏ လမ်းညွှန်သင်ကြားပေးမှုကြောင့် သက်ဆိုင်ရာဘာသာရပ်မှ ဘွဲ့ရရှိကြသည်ဟုပင် ကောလဟာလ ဖြစ်နေခဲ့သည်။ ယန်ရှုမင်နှင့် သူမက အတော်ကို ရင်းနှီးကြောင်း မဲ့တုန်အနေနဲ့ ပထမဆုံး သိလိုက်ရသည်။သူက ဘေးနားတွင် ကျိုးနွံစွာ ရပ်နေခဲ့ပြီး သူတို့ အပြန်အလှန်ပြောနေသော စကားများကို ခိုးနားထောင်ဖို့ ထိန်းမထားနိုင်တော့ပေ။ 



"ပါမောက္ခ ၊ အခုမှ ပြန်လာတာလား?" 



"အေး ဟုတ်တယ်၊ဘွဲ့လွန် ပထမနှစ် ကျောင်းသားတစ်ယောက်က ဆရာမနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေလို့လေ။ ဆရာမလည်း သူ စာတမ်းပြုစုဖို့ အကြောင်းအရာခေါင်းစဥ် ရွေးပေးနေတာနဲ့ ဒီအချိန်အထိ ကြာသွားတယ်။ မင်း အပြင်ထွက်ပြီး သွားကစားတာလား?" 



"ညစာသွားစားတာပါ ဗျာ" 



မင်းက သမဂ္ဂမှာ ဥက္ကဋ္ဌဖြစ်လာတယ်လို့ သူတို့ပြောတာ ဆရာမ ကြားခဲ့တယ်၊ မင်းတော့ အလုပ်များနေမှာပဲ?" 



"နည်းနည်းတော့ အလုပ်များပေမဲ့ အဆင်ပြေအောင် ကိုင်တွယ်နိုင်ပါတယ်ဗျ၊ အလုပ်တွေပြီးရင် အပြင်မှာ ညစာထွက်စားဖို့ အချိန်ရပါသေးတယ်" 



သူတို့ စကားပြောနေကြရင်း ပါမောက္ခ၏ အကြည့်က မဲ့တုန်ဆီသို့ရောက်လာသည်။ 



မဲ့တုန် ခိုးပြီး နားထောင်နေတာကို လူမိသွားသဖြင့် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ကသိကအောက်နဲ့ပဲ သူ နှုတ်ဆက်လိုက်ရသည်။

"ပါမောက္ခ ခင်ဗျာ" 



မမျှော်လင့်ပဲ ပါမောက္ခက သူ့နာမည်ကို မှတ်မိနေသည်။

"မင်းက မဲ့တုန်၊ ဟုတ်တယ်မလား?" 



မဲ့တုန် အမှန်တကယ် လန့်သွားရပြီး ယန်ရှုမင်ကို အလိုလို ကြည့်လိုက်မိသည်။ ယန်ရှုမင်က အဆင်ပြေပါတယ်ဆိုသော အမူအရာဖြင့် ခေါင်းဆတ်ပြ၏။ ထို့နောက်မှ မဲ့တုန်က ကျည်ဆံကို ကိုက်ပြီး ပြန်ဖြေလိုက်သည်။

"အမ်း ...မင်္ဂလာပါ ပါမောက္ခ ခင်ဗျာ၊ကျွန်တော်က နိုင်ငံခြားဘာသာဌာနက ကျောင်းသားမဲ့တုန်ပါ" 



ပါမောက္ခက နွေးထွေးစွာ ပြုံးသည်။

"ဆရာမ မင်းကို သိပါတယ်၊ မင်းရဲ့ဆရာတွေက မင်းကို အမြဲတမ်း ချီးကျူးနေကြတာ၊ မင်းက အဓိကဘာသာရပ်တွေမှာ အရမ်းပဲ ထူးချွန်ထက်မြက်တယ်၊ ဒါပေမဲ့ သင်ခန်းစာပြင်ပ လှုပ်ရှားမှုတွေမှာတော့ ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့ပုံပဲ ဆို၊ အဲ့ဒါ တကယ်ပဲလား?" 



အခုမှ မဲ့တုန် တကယ် ရှက်ရွံ့သွားတော့သည်။ နိုင်ငံခြားဘာသာဌာနမှာ သူက မထင်မရှား ကျောင်းသားလေးပဲလေ၊ ဒါဆို တခြားဌာနက ပါမောက္ခကတောင် သူ့နာမည်ကို ဘယ်လိုသိနေရတာလဲ? 

ဘယ်လို တုံ့ပြန်ရမလဲ မသိသဖြင့် သူ ယန်ရှုမင်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ 



ယန်ရှုမင်က သူ့ကို ညင်ညင်သာသာ ဆွဲလိုက်ပြီး သူ့ဘေးတွင် မဲ့တုန်ကို နေရာချပေးပြီးမှ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး သူ့ကို ဒုက္ခမပေးပါနဲ့ဗျာ၊ ဒီတစ်ယောက်က ရွှယ်ပါ့လေးဆိုတော့ သင်ခန်းစာတွေက လွဲပြီး တခြားအရာတွေကို သေချာ မကိုင်တွယ်နိုင်လို့ပါ" 



တဖက်လူက ပြုံးပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမက ယန်ရှုမင်နဲ့ စကားနည်းနည်း ထပ်ပြောပြီးနောက် သူတို့ သုံးယောက် လူစုခွဲလိုက်တော့သည်။ 



ပါမောက္ခ၏ ပုံရိပ် ပျောက်ကွယ်သွားတာကို ကြည့်ရင်း နောက်ဆုံးတွင် မဲ့တုန်သည် လက်ကိုမြှောက်၍ သူ့မျက်နှာကို ပွတ်လိုက်မိတော့သည်။ 



သိပ်မကြာခင်က သူသည် ယန်ရှုမင် ဦးဆောင်ရာသို့ အတင်းလုပ်ယူပြီး ပြုံးကာ လိုက်ခဲ့ရသဖြင့် မျက်နှာက အကြောလိုက်လုနီးပါးပင်။မျက်နှာကို ပွတ်သပ်လိုက်ပြီးနောက် သူ မတတ်နိုင်ဘဲ မေးလိုက်မိသည်။

"သူမက ကျွန်တော့်အကြောင်းကို ဘာကြောင့်များ သိနေရတာလဲ အာ?" 



ယန်ရှုမင် မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။

"မင်းကိုမင်း သာမန်ကျောင်းသားလေး ပါပဲလို့ ထင်နေတာလား?" 



မဲ့တုန် မျက်တောင်ခတ်လိုက်မိသည်၊ သူ မသေချာပါ။ "အာ ?" 



ယန်ရှုမင်က ပြောသည်။ "အတန်းတစ်တန်းလုံးရဲ့ နောက်ဆုံးစာမေးပွဲအမှတ်စာရင်းတွေကို မင်း သွားကြည့်ဖူးလား?" 



မဲ့တုန် ခဏတော့ တွေးနေသော်လည်း သူ အဲ့လို တစ်ခါမှ မလုပ်ဖူးတာကို သိသွား၏။ သူက ဘာလို့များ အခြားသူတွေရဲ့ အဆင့်ကို အာရုံစိုက်နေရမှာလဲ? အမှတ်စာရင်းထွက်လာပြီဆိုရင် ကျောင်းဝက်ဆိုဒ်ထဲ ဝင်ပြီး သူ့အမှတ်ဘယ်လောက်ရလဲ ရှာကြည့်ပြီးရင် လုံလောက်ပြီ။ သူက ရိုးရိုးသားသား ခေါင်းယမ်းလိုက်သည်။ 



ယန်ရှုမင်က တကယ်ပဲ မဲ့တုန်၏ မျက်နှာကို ဖျစ်ညှစ်ပစ်လိုက်ချင်ပါသည်။

"ကောလိပ်စာမေးပွဲတွေမှာ ပြီးပြည့်စုံတဲ့အမှတ် ရဖို့က လွယ်တယ်လို့များ ထင်နေတာလားကွာ ...? ဘယ်သူက မင်းလိုမျိုး အမှတ်ပြည့် ရနိုင်ပါ့မလဲ?" 



မဲ့တုန် အံ့အားသင့်သွားသည်။သူက ယန်ရှုမင်ကို ကြည့်၍

"ခင်ဗျားလဲ မရနိုင်ဘူးပေါ့?" 



ယန်ရှုမင် ဆွံ့အသွားပါ၏။ ယန်ရှုမင်အတွက် ဘာပြောရမလဲ မသိအောင် ဆွံ့အသွားဖို့က တော်တော်ရှားသည်။ 



မဲ့တုန် အမြန်ပဲ တောင်းပန်မိသည်။

"ကျွန်တော် တောင်းပန်ပါတယ်နော်၊ အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ ကျွန်တော်က အခြားသူတွေရဲ့ အဆင့်ကို အမှန်ပဲ ဂရုမစိုက်တာပါ။ ကျွန်တော် ဂရုစိုက်ချင်ရင်တောင် သူတို့ရဲ့အဆင့်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှာမတွေ့နိုင်ဘူးလေ ..." 



သူတို့နှစ်ယောက်လုံး တိတ်တဆိတ် လမ်းလျှောက်ခဲ့ကြသည်။ 

အောင့်အီးမထားနိုင်တော့ဘဲ မဲ့တုန် မေးလိုက်သည်။

"ဒါပေမဲ့ ခင်ဗျား အထက်တန်းကျောင်းတက်တုန်းက အဆင့်တွေဆို ကျွန်တော့်ထက် ပိုကောင်းတယ်လေ ... အတန်းချင်း မတူတာတောင်မှ ကျွန်တော်က ကျွန်တော့်ရဲ့အဆင့်တွေကို ခင်ဗျားနဲ့ အမြဲယှဥ်ကြည့်တတ်တယ်၊ပြီးတော့ ကျွန်တော်က ခင်ဗျားကို တစ်ခါမှ မကျော်ဖူးဘူး"

မဲ့တုန် သူ့မေးခွန်းကို အသံထွက်ပြောပြီးမှ တစ်ခုခု လွဲနေမှန်း အာရုံရသွားသည်။ 



အထက်တန်းကျောင်းမှာတုန်းက သူတို့ အားလုံးက ကျောင်းသားသာသာပဲ ဖြစ်သည်။ အထက်တန်းကျောင်းမှာလည်း ကျောင်းကောင်စီ ရှိသော်လည်း ဟန်ပြသက်သက်သာဖြစ်သည်။ အထက်တန်းကျောင်းသားတိုင်းတွင် အဓိကတာဝန်တစ်ခုတည်းသာ ရှိသည် -- စာကြိုးစားရန်။ 



သို့သော် တက္ကသိုလ်မှာတော့ ထိုသို့ မဟုတ်ပေ။ အတော်အသင့် လွတ်လပ်မှုရှိပြီး တစ်ချို့က ကလပ်အသင်းများထဲ ဝင်ကြသည်၊တစ်ချို့က ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်၊ကျောင်းသားအနည်းစုကတော့ ဝင်ငွေရှာရန် အချိန်ပိုင်းအလုပ်များကို နေ့စဥ်လုပ်ကြရပြီး ထို့အပြင် ဂိမ်းဆော့ဖို့ အတန်းလစ်တတ်သော ကျောင်းသားများပင် ရှိသည်။ယန်ရှုမင်မှာလည်း ထမ်းဆောင်နေရသော တာဝန်ဝတ္တရားများ အမြောက်အမြားရှိပြီး၊ ကျောင်းသားသမဂ္ဂ၏ တာဝန်များကို ဆောင်ရွက်ဖို့ စွမ်းအင်နှင့်အချိန်ကို သိသိသာသာ အတိုင်းအတာတစ်ခုအထိ ခွဲဝေပိုင်းခြားပေးနေရ၏။ 



မဲ့တုန်အတွက်ကတော့ အထက်တန်းကျောင်းတုန်းကကဲ့သို့ စာကြိုးစားခြင်း တစ်ခုတည်း အပေါ်တွင်သာ အာရုံစူးစိုက်ဖို့ လိုအပ်ခဲ့သည်။ 



ယန်ရှုမင်က ရှင်းပြရန် လိုအပ်သည်ဟု မခံစားရဘဲ ညင်ညင်သာသာ ပြုံးနေမိ၏။မဲ့တုန်ရဲ့ ဒီလိုပုံစံလေးက တအားချစ်ဖို့ကောင်းတယ်ဆိုတာ သူတွေ့လိုက်ရသည်။ 



သို့သော် မဲ့တုန်က သူ့ဘာသာ သဘောပေါက်သွားပြီး ယန်ရှုမင် မျက်နှာမပျက်ရအောင် ပြောလာသည်။

"ဒီတော့ ခင်ဗျားသာ ကျောင်းသားသမဂ္ဂကို မဝင်ခဲ့ဘူးဆိုရင် ခင်ဗျားရဲ့အဆင့်တွေက ကျွန်တော့်ထက်ကို သေချာပေါက် ပိုကောင်းနေဦးမှာပဲ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့်နှလုံးသားထဲမှာ ခင်ဗျားက အကောင်းဆုံး၊ အတော်ဆုံးလူပဲ"

အဆောင် အောက်သို့ရောက်သောအခါ သူတို့နှစ်ယောက် အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။တစ်လမ်းစီ ခွဲသွားရသော်လည်း မဲ့တုန်၏စိတ်ထဲမှာတော့ အဆင့်များနှင့် ပတ်သက်သည့် အကြောင်းအရာက တဝဲလည်လည် ဖြစ်ပြီး ကျန်ခဲ့သည်။ တခြားသူတွေရဲ့ အဆင့်တွေကို သူ အခုမှ ပထမဆုံးအနေနဲ့ စုံစမ်းမေးမြန်းချင်လာတော့သည်။ယန်ရှုမင်ကို မေးကြည့်ဖို့ရာ ချီတုံချတုံ ဖြစ်နေခဲ့သဖြင့် အခန်းဖော်တွေဆီ အရင်စုံစမ်းကြည့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။ 



အိပ်ဆောင်ပြန်ရောက်ပြီးနောက် သူပထမဆုံး လုပ်သောအရာက ကံဆိုးရှာသူ တုချွမ်ကို စောင့်ဖမ်းခြင်းဖြစ်သည်။

"တုချွမ်၊အရင် စာသင်နှစ်ဝက်ရဲ့ စာပေဆိုင်ရာ ဘာသာပြန်စာမေးပွဲမှာ မင်း အမှတ်ဘယ်လောက်ရခဲ့တာလဲ?" 



တုချွမ်သည် ကြောက်လန့်တကြား လှည့်ကြည့်လာပြီး မဲ့တုန်၏ နဖူးပေါ်သို့ သူ့လက်နှစ်ချောင်းဖြင့် ဖိကပ်၍ ရေရွတ်လိုက်သည်။

"မကောင်းဆိုးဝါး ဝိညာဥ်တွေနဲ့ သရဲတစ္ဆေတွေ အခု ထွက်သွား!" 



မဲ့တုန်ကတော့ စိတ်ရှုပ်နေဟန်ဖြင့် တုချွမ်ကို ကြည့်လာ၏။ 



သူတို့ဘေးတွင်တော့ ဝူကျီမော့က အသည်းအသန် အော်ရယ်နေတော့သည်။

"တုချွမ် ၊ မင်းက ငါ့ထက် ခြေတစ်လှမ်း ပိုမြန်သွားတယ်ကွာ အာ! ငါမှတ်မိတာ မှန်ရင်တော့ တုချွမ်က အဲ့ဒီ စာသင်နှစ်ဝက် စာမေးပွဲမှာ ၄၇ မှတ်ဆိုလား ရလို့ စာမေးပွဲ နောက်တစ်ခါ ပြန်ဖြေရတယ်လေ" 



လေးဆယ်နဲ့ ... ခုနစ်မှတ် ? မဲ့တုန်၏ လောကအမြင်မှာ ပြောင်းပြန်လန်သွား၏။ သူက ဝူကျီမော့ ဘက်သို့ လှည့်လိုက်ပြီး

"မင်းကရော ?" 



ဝူကျီမော့ သူ့ဆံပင်သူ သပ်တင်၍ အတော်ကို ဂုဏ်ယူနေသည့်ပုံဖြင့်

" ၆၁ မှတ်လေ ၊ အံဩဖို့ကောင်းတယ် မဟုတ်လား?" 



မဲ့တုန်က စိတ်ကသိကအောက် ဖြစ်နေပုံဖြင့်

"အံ့ဩစရာ ... ဘယ်နေရာမှာလဲ?" 



ဝူကျီမော့မှာ မဲ့တုန်ကို လည်ပင်းညှစ်မိလုနီးပါးပင်။

"စာမေးပွဲအောင်တယ်လေ ! ငါ စာမေးပွဲအောင်တယ်လို့ !!" 



မဲ့တုန် : "..."

++++++++