Chapter 13
Viewers 4k

Chapter 13




မဲ့တုန်က အဆောင်ရှိ လူအားလုံး၏ စာမေးပွဲရမှတ်များကို မေးမြန်းခဲ့ပြီးနောက် မျှော်လင့်ချက်ကင်းမဲ့မှုများသည် အဆောင်ခန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။ 



တရားခံဖြစ်သူကတော့ အခြေအနေတစ်ခုလုံးကို သတိမမူမိပါဘဲ စားပွဲခုံတွင် ထိုင်ကာ သူ၏ဒိုင်ယာရီအသစ်ကို ကိုင်ထားလေသည်။ညစာစားခဲ့စဥ် ယန်ရှုမင်က သူ့ရဲ့ ဒိုင်ယာရီအဟောင်းကို ဖတ်ချင်ပါသည်ဟု ပြောလာခဲ့သော အခိုက်အတန့်ကို မဲ့တုန် ပြန်သတိရသွားသည်။ သူတို့ အဆောင်အောက်ထပ်တွင် လမ်းခွဲခဲ့ပြီးနောက် မဲ့တုန် စာအုပ်သွားယူတာကို စောင့်နေပါမည်ဟု ယန်ရှုမင်က မပြောခဲ့ပေ။ဒါကြောင့် မဲ့တုန်က သူ ဟာသလုပ်နေတာပဲ ဖြစ်ရမည်ဟု ထင်လိုက်သည်။ 



သူက စာအုပ်အသစ်လေးကို သုံးဖို့ အနည်းငယ် ဝန်လေးနေမိသလို သုံးရဖို့ကိုလည်း မစောင့်နိုင် ဖြစ်နေပြန်သည်။ 



ဝက်ဝံရုပ်လေး၏ အထိအတွေ့က နူးနူးညံ့ညံ့နှင့် သက်တောင့်သက်သာရှိပြီး၊ ၎င်း၏ သေးငယ်တောက်ပသော အနက်ရောင်မျက်လုံးလေးများတွင် ဖြုတ်၍ တပ်၍ရသော၊ ရွှေရောင်အနားကွပ်မျက်မှန်ကိုင်းလေး တပ်ဆင်ထားပါ၏။စာအုပ်၏ ချိတ်လေးကို ဖွင့်လိုက်ရင် အထဲမှာ ချစ်စဖွယ် ပန်းရောင် ဝက်ဝံလက်ဖဝါးလေးများ ထွက်ပေါ်လာလေသည်။ 



ဒီအချိန်မှာတော့ အပြစ်ရှိစိတ် လုံးဝမဖြစ်ပဲ မဲ့တုန်က ရှေ့ဆုံးစာမျက်နှာကို လှန်လိုက်ပြီး ယန်ရှုမင်ဆိုသော စကားလုံး သုံးလုံးကို မျက်နှာပြောင်ပြောင်နဲ့ပင် ရေးသားလိုက်ရန် ရည်ရွယ်ထားသည်။ 



မမျှော်လင့်ပဲ ရှေ့ဆုံးစာမျက်နှာတွင် စာကြောင်းတစ်ကြောင်းက ရှိနေခဲ့ပြီး ဖြစ်၏ --

'၂၀၂၃ နိုဝင်ဘာ ၁၄ရက်၊ ယန်ရှုမင်က မဲ့တုန်ကို လက်ဆောင်ပေးခဲ့တယ်' 



သူ၏ စိတ်ခံစားချက်များက အဆောင်ပြန်ရောက်ပြီး အတော်ကြာသည်အထိ မတည်ငြိမ်နိုင်ခဲ့သလို၊ထို ရိုးရှင်းသောစာကြောင်းလေးကို မြင်သောအခါ သူ့နှာခေါင်းက ရှင်းမပြတတ်အောင်ကို ချဥ်စူးလာခဲ့သည်။ယန်ရှုမင်တွင် အလွန်လှပသော လက်ရေးရှိသည်၊ မဲ့တုန် ဒါကို အရင်ထဲက သိထားခဲ့ပြီး ဖြစ်၏။ 



အထက်တန်းကျောင်းတုန်းကဆိုလျှင် ယန်ရှုမင်၏စာစီစာကုံးများကို စီနီယာကျောင်းသားများသာမက အခြားအတန်းများရှိ ကျောင်းသားများပါမကျန် မိတ္တူအများကြီးကူးယူခဲ့ကြရသည်။ 



ယန်ရှုမင် ကောက်ရခဲ့သော ဒိုင်ယာရီတွင် ယန်ရှုမင်၏ နာမည်ရေးထားခဲ့ခြင်းသည် မဲ့တုန်၏ စိတ်ကူးယဥ်တတ်မှုကြောင့် ဖြစ်တည်လာသော ထုတ်ကုန်တစ်ခု ဖြစ်သည်။ယန်ရှုမင် လက်ဆောင်ပေးထားသော မှတ်စုစာအုပ်ဖြစ်သည်ဟု တစ်ခါတစ်လေ စိတ်ကူးယဥ်လို့ ရနိုင်ပြီး ကိုယ့်ကိုကိုယ် စိတ်သက်သာရာရစေဖို့နှင့် လိမ်လည်လှည့်ဖြားဖို့ ၎င်းက လုပ်ဆောင်ပေးသည်။ 



မဲ့တုန်က ထိုအကြောင်းကို ယန်ရှုမင်အား မပြောပြမိသော်လည်း သူက ထိုအရာကို တွေ့မိသွားပုံပေါ်သည်။ ယန်ရှုမင်က မဲ့တုန်ကို ရိုးရိုးရှင်းရှင်း သဘောထားနှင့် ဒိုင်ယာရီစာအုပ်တွင် 'ယန်ရှုမင်ကပေးသည်' ဟု တစ်ခါတည်း ရေးပြီး ပေးခဲ့သည်။ 



မဲ့တုန်က ထိုရှေ့ဆုံးစာမျက်နှာကို ချစ်ခင်မြတ်နိုးစွာ ရင်ဝယ်ပိုက်ထားပြီး ဓါတ်ပုံများစွာ ရိုက်ယူ၍ ထိုပုံများကို ငိုနေသော emojiနှင့်အတူ "'ကျေးဇူးပါ စီနီယာ'ဟု ရေးကာ ယန်ရှုမင်ထံသို့ ပို့လိုက်၏။ 



ယန်ရှုမင်က ချက်ချင်း မတုံပြန်ခဲ့သော်လည်း မဲ့တုန်က စဥ်းစားတွေးတောကြည့်ပြီးနောက် ၎င်းတို့ကို သူ့ Moments တွင် တင်လိုက်သည်။ 



သူ တောင့်မခံနိုင်တော့ဘူး သူ တကယ်ပဲ ကြွားပစ်လိုက်ချင်ပြီလေ 



မဲ့တုန်က WeChat Moments တွင် post တင်တာ အတော်နည်းသည်၊ ပြီးတော့သူက moments ကို ပွတ်ဆွဲပြီး ကြည့်ရတာကိုလည်း မကြိုက်ပါ။ သူနဲ့ စကားပြောနိုင်သည့် အခြေအနေအထိ ရောက်လာနိုင်သောသူက မရှိသလောက် နည်းသည်။WeChatက group မှ notiများ ကြည့်ရန်အတွက် ရံဖန်ရံခါမှ သုံးသော app ဖြစ်သည်။ ဒီတစ်ခါတော့ ဓါတ်ပုံများကို အသေအချာ ပြင်ဆင်တည်းဖြတ်ပြီးမှ ပုံနှစ်ပုံ ရွေးလိုက်သည်။ တစ်ပုံက မှတ်စုစာအုပ်၏ အမွေးပွပွ အပြင်ပိုင်းပုံဖြစ်ပြီး နောက်တစ်ပုံကတော့ ယန်ရှုမင်ဆီက လက်ဆောင်ရပါသည်ဟု ရေးထားသော ရှေ့ဆုံးစာမျက်နှာ၏ပုံ ဖြစ်သည်။ 



Post ၏ caption က ' ဒီနှစ် ဆောင်းရာသီမှာ နွေးနွေးထွေးထွေး လက်ဆောင်လေးတစ်ခု ရခဲ့တယ်' ဆိုပြီး ဖြစ်သည်။ 



ရိုးရိုးသားသား ပြောလျှင်တော့ မဲ့တုန် ထို captionကို သုံးဖြစ်ဖို့ အကြိမ်ပေါင်းများစွာ အတည်ပြုခဲ့ရသည်။ အတွင်းစိတ်ထဲတွင်တော့ သူက အာမေဋိတ်တွေပဲ ရေရွတ်နေလေသည်။

အား အား အား အား အား အား အား ၊ ငါ့အိပ်မက်လေး တကယ် ဖြစ်လာပြီလို့



သို့သော် သူ ဒီလိုမျိုး - 'ဘယ်သူကမှ ငါ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို နားလည်နိုင်မှာ မဟုတ်ဘူး၊ ဒီည ငါ ဒီမှတ်စုစာအုပ်လေးကို ဖက်ပြီးတော့ အိပ်ချင်တယ်' လို့ တိုက်ရိုက်ကြီး ရေးလို့မရမှန်း သိသည်။ ပြီးတော့ အဲ့လိုရေးတာက အရမ်းပိုလွန်းနေတယ်လေ။ 



အဆုံးတွင် သူက အေးချမ်းတည်ငြိမ်သော ခံစားချက်လေးကို ဖမ်းဆုပ်နိုင်သော ထိုစာကြောင်းကိုသာ သေသပ်ကျနစွာ ရေးလိုက်တော့သည်။ 



Moments တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ မဲ့တုန် နည်းနည်းပဲ သိပါသည်။ mutual friends များကသာ likes နှင့် comment ပေးနိုင်သော လုပ်ထုံးလုပ်နည်းကို သူ သဘောမပေါက်ခဲ့ပါ။ အထူးသဖြင့် Momentsများကို ဘယ်တော့မှ မတင်တတ်သူက ရုတ်တရတ် တစ်စုံတစ်ခုကို post တင်လိုက်လျှင် ဘယ်လို တုံ့ပြန်မှုမျိုး ရလာနိုင်လဲဆိုတာ သူ မတွေးမိပေ။ 



မဲ့တုန်၏ WeChat မှာ ပေါက်ကွဲထွက်သွား၏။ 



မိနစ် ၂၀ အတွင်း၌ moments ရှိ ထို post အောက်တွင် comments အတန်းရှည်ကြီး ဖြစ်ပေါ်လာလေသည်။ 



"ဘုရားရေ ၊ ရွှယ်ရှန် က moments မှာ post တင်လိုက်တယ်???"

[Xueshen - စာပေလေ့လာခြင်း နတ်ဘုရား] 



"H**y sh*t ငါပဲ ဒါကို မြင်နေရတယ်လို့ ထင်နေတာ ၊မဲ့တုန်က moments မှာ post တင်လိုက်တယ်တဲ့!" 



"ရှေ့ဆုံးအတန်း အုပ်စုလိုက်ဓါတ်ပုံ ၊လက်နှစ်ချောင်းထောင်!" 



" ရှေ့ဆုံးအတန်းရေ ဓါတ်ပုံကို ဒီနေရာမှာလဲ ရိုက်ဦး၊ ရွှယ်ရှန်ရဲ့ ပထမဆုံး moments တင်မကဘူး ဥက္ကဋ္ဌရဲ့ လက်မှတ်ပါ ရှိတယ်ကွ" 



"မဲ့တုန်နဲ့ ယန်ရှုမင်က တကယ်ကြီး အချင်းချင်းသိတယ်ပေါ့? လုံလောက်သွားပြီ ၊ မသေမျိုးတွေနဲ့ ဥာဏ်ကြီးရှင်တွေက နေတဲ့ ကမ္ဘာချင်း အတူတူပဲ" 



"သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး အပြန်အလှန် လက်ဆောင်ပေးရတဲ့ အခြေအနေထိ ရောက်နေတဲ့ ဆက်ဆံရေးမျိုးလား???" 



"မင်းတို့ကောင်တွေ အခုမှ onlineပေါ် ရောက်လာတာပဲ အာ! ထိပ်တန်းကျောင်းသားနဲ့ ဥက္ကဋ္ဌက ဖြတ်သွားဖြတ်လာရင်းနဲ့ အချင်းချင်း ဆုံခဲ့ရပြီးပြီ အာ" 



"ကိစ္စမရှိဘူး ၊ မင်းတို့အားလုံးဖယ်ကြ၊ဓါတ်ပုံတွေအတွက် ငါလာနေပြီ!" 



မဲ့တုန် : ...



မဲတုန်သည် တုံပြန်ရန် အနည်းငယ် နှောင့်နှေးနေပါသည်။ Moments တွင် noti များ လျင်မြန်စွာ တက်နေသော ဖုန်းကို သူ ကိုင်ထားမိသည်။အစကတော့ သူ ဖုန်းဖွင့်ပြီး စစ်ဆေးကြည့်မလို့ပင်၊သို့သော် ချက်ချင်းပဲ သူ အနှောင့်အယှက်ပေးတာကို ရပ်တန့်လိုက်သည်။ 



မဲ့တုန်သည် ရိုးရိုးရှင်းရှင်း moments ပို့စ်လေးတစ်ခုက ကြီးမားသော တုံပြန်ချက်များ ဖြစ်လာမည်ဟု မမျှော်မှန်းထားခဲ့ပါ။ အရာရာ လက်လွန်ပြီးမှ သူက မရည်ရွယ်ပါဘဲ ယန်ရှုမင်ကို အများကြီး ဒုက္ခရောက်စေမိပြီလို့ မဲ့တုန် ခံစားနေရလေသည်။ 



အခုတော့ ယန်ရှုမင်က သူ့ကို မှတ်စုစာအုပ်တစ်အုပ် ပေးခဲ့တာ တစ်ကမ္ဘာလုံး သိသွားကြပြီ 



မဲ့တုန်က ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ အမှန်တကယ် မထင်ထားခဲ့ပါ အာ! 



သူက ယန်ရှုမင်ကို တောင်းပန်ရမည်ဟု သနားစဖွယ် တွေးလိုက်ရင်း သူရဲ့ moments ကို screenshot ရိုက်ပြီး ယန်ရှုမင်ထံပို့ရန် ဆုံးဖြတ်လိုက်သည်။ 



မဲ့ဇီ : "အာ၊ အာ ၊အာ ၊စီနီယာ! ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို ထပ်ပြီး ဒုက္ခပေးမိတဲ့ပုံပဲ ! [Screenshot]" 



မဲ့တုန်က ဘယ်လိုရှင်းပြရမလဲကို သူ့ဘာသာ ချင့်ချိန်စဥ်းစားရင်း ၂မိနစ်ခန့် အပြင်းအထန် ကြိုးပမ်းနေချိန်တွင် သူ့၏ moment က notification ပမာဏ အမြင့်ဆုံးအဆင့် အသစ်တစ်ခုကို ရောက်သွားပြီဖြစ်ကြောင်း ရုတ်တရတ် သတိထားမိသွား၏။ အရှုံးပေးလိုသော စိတ်ဖြင့် မဲ့တုန်က ထို noti များကို ဖွင့်ကြည့်လိုက်လျှင် ယန်ရှုမင်က comment ဝင်ရေးထားသည်ကို အံ့အားသင့်ဖွယ်ကောင်းအောင် သူ တွေ့လိုက်ရတော့သည်။ 



ယန်ရှုမင် : " နောက်ဆုံးတန်း အုပ်စုလိုက် ဓါတ်ပုံ ၊ ရှောင်မဲ့ရဲ့ moments postက ငါနဲ့ သက်ဆိုင်တယ် ၊ လက်နှစ်ချောင်းထောင်" 



မဲ့တုန် : ... 



မဲ့တုန်သည် သူတို့ နှစ်ယောက်၏ သီးသန့်စကားပြောခန်းကို ရက်ရက်စက်စက် ရိုက်ဖွင့်လိုက်တော့သည်။ 



မဲ့ဇီ : "ခင်ဗျား ဘာတွေ လုပ်နေတာလဲ ...." 



ယန်ရှုမင် : "အုပ်စုလိုက် ဓါတ်ပုံ ရိုက်နေတာ" 



မဲ့ဇီ : "ခင်ဗျား စိတ်ဆိုးလား?" 



ယန်ရှုမင် : "ဘာကို စိတ်ဆိုးရမှာလဲ?" 



မဲ့ဇီ : "Moments ကို လူတွေအများကြီး ဝင်ကြည့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး ။ကျွန်တော်က နည်းနည်းလေးပဲ ကြွားချင်တာ ၊အခုတော့ အကြီးကြီး ကြွားလိုက်မိသလို ဖြစ်သွားတယ်၊ ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို မှတ်စုစာအုပ်ပေးခဲ့တာ လူတိုင်း သိသွားပြီလေ" 



ယန်ရှုမင် : " စိတ်မဆိုးပါဘူး" 



မဲ့ဇီ : "တော်သေးတာပေါ့!" 



ယန်ရှုမင် : "မင်း ဒီနေ့ရဲ့ ဒိုင်ယာရီကို ရေးပြီးသွားပြီလား?" 



မဲ့ဇီ : "အခုထိ မရေးရသေးဘူး" 



ယန်ရှုမင် : " ကိုယ်က အဲ့ဒါကို မျှော်နေတာ" 



မဲ့ဇီ : "အာ?" 



ယန်ရှုမင် : "အဲ့ဒါက ကိုယ် မင်းကို ပေးထားတဲ့ စာအုပ်ပဲ၊ ကိုယ်က တစ်နေ့နေ့မှာ အဲ့ဒီစာအုပ်ကို တစ်ချက်လောက် ကြည့်ချင်တယ် ဆိုတာက အကျိုးအကြောင်းသင့်တယ်လေ" 



မဲ့ဇီ : "?! ဘာဖြစ်လို့ ခင်ဗျားက အဲ့လိုလူမျိုး ဖြစ်နေတာလဲ?" 



ယန်ရှုမင် : "ကိုယ်က အမြဲတမ်း အဲ့လိုလူမျိုးပဲလေ"



မဲ့ဇီ : "T_T" 



မဲ့တုန်သည် moments post ကို ဖျက်ရန် တွန့်ဆုတ်နေသဖြင့် အခြားဌာနများရှိ ကျောင်းသားများကြားတွင် ထိုပုံများက အလွန်ရေပန်းစားသော အရာတစ်ခု ဖြစ်လာခွင့် ပြုလိုက်တော့သည်။ ဖုန်းကို ဘေးချထားခဲ့ပြီး သူ ရေချိုးပြီးနောက် အမွှေးနံသာအိုးကို ထွန်းညှိပြီးမှ ဒိုင်ယာရီအသစ်ကို သူဖွင့်လိုက်သည်။ 



၂၀၂၃၊ နိုဝင်ဘာ ၁၄ ရက်၊ နေသာတယ် 



ဒီမှတ်စုစာအုပ်ရဲ့ အစကို ဘာစကားလုံးတွေရေးပြီး စသင့်လဲဆိုတာ ငါ သိပ်မသေချာလို့ အကြာကြီး တုံ့ဆိုင်းနေမိတယ်။ သင့်တော်တဲ့ စကားစု မရှိခဲ့ဘူးပဲ။ ဒါကြောင့် ဒီစာအုပ်ကို ပြီးပြည့်စုံတဲ့ ဖွင့်ပွဲတစ်ခု လုပ်ပေးဖို့ ငါ့ရဲ့စိတ်အခြေအနေကို ရေးသားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်နည်းနည်းနဲ့တော့ သင့်တော်မယ်လို့ မျှော်လင့်ရတာပဲ။ 



ဒီနေ့ ငါ သူနဲ့အတူ ဟော့ပေါ့စားခဲ့တယ် ၊ပြီးတော့ သူ့ဆီက သူ့နာမည်ရေးထိုးထားပြီးသား အံဩစရာကောင်းတဲ့ ချစ်စရာဒိုင်ယာရီကို ရခဲ့တယ်။ငါက 'ပျော်ရွှင်ခြင်း'ဆိုတဲ့ ဓါတ်ငွေ့တွေ အပြည့်ဖြည့်ထားတဲ့ ပူဖောင်း တစ်လုံး ဖြစ်နေတယ်လို့ ခံစားနေရပြီ။အစစ်အမှန် မဟုတ်သလို စိတ်ကူးယဥ်ဆန်လွန်းလို့ အပ်ဖျားလေးနဲ့ ထိမိရင်တောင် ပေါက်ကွဲထွက်သွားမှာကို ငါ စိုးရိမ်မိတယ်။ 



မကြာခင်က ငါတင်ထားတဲ့ moments ကပဲ အရာအားလုံးက တကယ့် အစစ်အမှန်ပါဆိုတာကို သတိပေးလာခဲ့တဲ့ အထိပဲ။ 



လမ်းဖြတ်ကူးတော့လည်း သူက ငါ့လက်ကောက်ဝတ်ပေါ်ကို ကိုင်ထားခဲ့တယ်။အထက်တန်း ကျောင်းမှာ ငါ့လက်ကောက်ဝတ်ကို သူ ကိုင်ထားပေးပြီး ကွင်းထဲ လိုက်ပို့ခဲ့တဲ့အချိန်တုန်းက ငါ သူ့ကို ပထမဆုံး စကြိုက်မိတာကိုပဲ အမြဲတမ်း တွေးနေမိတယ်။  



သူ ဒီအဖြစ်အပျက်ကို မမှတ်မိလောက်ပါဘူး ၊ ပြီးတော့ သူ ထသွားထလာ ဂရုစိုက်ပေးခဲ့တဲ့ ဂျူနီယာလေးက ငါဆိုတာလဲ သူ တကယ် မသိလောက်ဘူး။ ဒါပေမဲ့ ငါ နောင်တ မရပါဘူး။အဲ့ဒီအစား ငါက ကံကောင်းတယ်လို့ပဲ ခံစားရတယ်။ ငါ ငယ်ငယ်က ထင်ယောင်ထင်မှားဖြစ်ခဲ့တာက လေးနှစ်ကြာပြီးတဲ့နောက်မှာ မမျှော်လင့်ဘဲ တကယ် ဖြစ်လာခဲ့ပြီ။ သုည ဖြစ်လုနီးပါး နည်းတဲ့ ဖြစ်နိုင်ချေ ကနေပြီး ဖြစ်ရပ်တစ်ခု မွေးဖွားလာသလိုပဲ။ 



ဒီနေ့တော့ ငါ တစ်ခုခုကို စပြီး ဆင်ခြင်သုံးသပ်ကြည့်မယ် - မဲ့တုန်က ဘယ်လိုလူမျိုးလဲ? 



ငါ ဒီမေးခွန်းကို တစ်ခါမှ မတွေးခဲ့မိဘူး၊ဒီကမ္ဘာကြီးမှာ မဲ့တုန်ဆိုတဲ့ လူတွေ မရေမတွက်နိုင်အောင် ရှိမယ်လို့ အမြဲတမ်း ငါ ယုံကြည်ထားခဲ့တယ်၊ ဒါကြောင့် ငါ အဲ့ဒီ လူအုပ်ထဲမှာ လမ်းပျောက်နေရတယ်ပေါ့။ ဒါပေမဲ့ ရုတ်တရက်ကြီး အဲ့လိုမဟုတ်ဘူးဆိုပြီး ငါနားလည်သွားတယ်။ 



အခြားဌာနက ပါမောက္ခတွေ ငါ့နာမည်ကို သိနေခဲ့ကြတယ်။ ချန်ရှီညန်ကလည်း ငါက စကားရည်လုတဲ့နေရာမှာ ထူးချွန်တယ်လို့ ယုံကြည်ချက် အပြည့်ရှိသလို၊ ငါကလည်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။လူတိုင်းကလည်း ငါ့ရဲ့ moments post ကို အာရုံရှိကြတယ်။ 



အတော်လေး ကိုယ့်ဘက်ကိုယ်ယက် နေမိရင်တောင်မှ ငါ တစိမ့်စိမ့်တွေးနေမိတယ်။ငါက လူတိုင်းရဲ့ မျက်လုံးထဲမှာ ထူးခြားတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေခဲ့ပြီးတော့၊ ချောင်ကျတဲ့ နေရာမှာပေါက်နေတဲ့ မှိုသေးသေးလေး တစ်ပွင့်မဟုတ်ဘူးလားပေါ့? အာ ! ဒီနေ့ရဲ့ ဒိုင်ယာရီက တော်တော် လေးနက်သွားပြီပဲ ၊ ဒါပေမဲ့ စာအုပ်အသစ်မှာ ပထမဆုံး စရေးရတာဆိုတော့ စိတ်အခြေအနေက ထူးခြားနေတတ်တာ ပုံမှန်ပါပဲ။ 



နောက်ဆုံးတော့ ငါက မဲ့တုန်ရဲ့ ဘဝအကြောင်း အချက်အလက်ကို အမှန်ပြင်ပေးဖို့ လိုနေပြီ။ ယန်ရှုမင်ကို ချောင်ထဲကနေ ပုန်းလျှိုးကွယ်လျှိုး ကြိုက်နေရတဲ့ သတ္တဝါ အဖြစ်ကနေ ယန်ရှုမင်နဲ့ ဟိုလိုလို ဒီလိုလို ဆက်ဆံရေးတစ်ခု ရှိနေတဲ့ ၊အရမ်းကို ကံကောင်းပါသော ဥာဏ်ကြီးရှင် သေးသေးလေး အဖြစ်ကိုပေါ့! 



မဲ့တုန် အိပ်ရာမဝင်ခင် moments ကို ဖွင့်လိုက်သည်၊ အံ့ဩနေစရာမလိုအောင် ဖုန်းမျက်နှာပြင်တစ်ခုလုံးနှင့် မဆံ့လောက်သည်အထိ likesနှင့် comment များ ရှိနေသည်။သူက moments ၏ စည်းမျဥ်းများကို နားမလည်ပါ၊ ယန်ရှုမင်၏ comment ကို လူတိုင်းတွေ့မြင်နိုင်သည်ဟု သူထင်မိသည်။ အမှန်ကတော့ သူတို့နှစ်ယောက်စလုံးတွင်ရှိသော mutual friends များကသာ replies များကို မြင်နိုင်တာဖြစ်သည်။ 



"မင်းတို့နှစ်ယောက်က အချင်းချင်းသိကြတယ်ပေါ့ အာ ၊မဟုတ်သေးဘူး ၊နေဦး၊ လူတိုင်းက မင်းကို ဘယ်လိုသိနေတာလဲ အာ?" 



"ယန်ကော ၊ မဲ့ရွှယ်ရှန် ကို မင်းသိလား? ငါ့ကို ကူညီပြီး မိတ်ဆက်ပေးပါဦး၊ ဟုတ်ပြီလား? သူ့ကို ငါ add ထားတာ တစ်လလောက်ရှိပြီ၊ ငါ အခုထိ သူနဲ့ တစ်ခါလေးတောင် စကားသွား မပြောဖြစ်သေးဘူး" 



"သေချာတာပေါ့ ကောင်စုတ်လေး၊ငါ မင်းအတွက် ဒီနေရာကို ရောက်နေသလို ဟန်ဆောင်နေတာ၊ အခု ရွှယ်ရှန်ရဲ့ momemts ထဲမှာ လိုက်ကြွားနေလိုက်" 



မဲ့တုန်သည် တုန်ရီစွာဖြင့် ထိုcomment များကို ဖတ်ကြည့်နေမိသည်။ယန်ရှုမင် ဘာလို့ reply လုပ်တာလည်းဆိုတာ မဲ့တုန် နားလည်မိသလိုလိုနဲ့ တစ်ချိန်တည်းမှာပဲ နားမလည်နိုင်သေးပေ။ 



လွန်ခဲ့တဲ့ တစ်လက သူ့ကို လာadd ထားတယ် ဆိုတဲ့သူကိုပဲ သူ ပြန်စဥ်းစားနေမိသည်။ထိုသူက စီနီယာတစ်ယောက်ဖြစ်ပြီး project နှင့် ဆက်စပ်သည့် မေးခွန်းအချို့ မေးရန်ဟု ဆိုကာ သူ့ WeChat ကို လိုချင်ခဲ့သူဖြစ်သည်။မဲ့တုန်က ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး project တို့ ဘာတို့ သူ့ဆီမှာ ဘာမှ မရှိပါ။သို့သော် အခြားသူတွေကလည်း ထိုသူနှင့် ဆွေးနွေးတိုင်ပင်နေခဲ့တာကြောင့် သူလည်း ထိုစီနီယာကို သူ့ဆီ add ခွင့်ပေးလိုက်ရသည်။ 



သူ အဲ့ဒီအကြောင်းထဲ တဝဲလည်လည် စဥ်းစားနေသောအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ယန်ရှုမင်က သူအိပ်နေပြီလားလို့ မေးတဲ့ WeChat message ပို့လာသည်။မဲ့တုန်က 'မအိပ်သေးဘူး'လို့ စာပြန်လိုက်တာနဲ့ ယန်ရှုမင်က ချက်ချင်းပဲ ဖုန်းခေါ်တော့သည်။ 



ယန်ရှုမင်ရှိသော ဘက်တွင် အတော်လေး ဆူညံနေပြီး ယောကျ်ားတစ်ယောက်က တစ်မျိုးတစ်မည် ထူးဆန်းနေသော လေသံဖြင့် 'မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ'လို့ အော်လိုက်တာကို မဲ့တုန် မသဲမကွဲကြားလိုက်ရသည်။ အဲ့ဒါကြောင့် ယန်ရှုမင်တို့ အဆောင်ထဲမှာ အချင်းချင်း သဟဇာတဖြစ်ရဲ့လားလို့ မဲ့တုန်ကို သံသယဝင်လာစေတော့သည်။နောက်ဆုံးတွင် သူက "အဲ့ဒါက မဲ့တုန်လား အာ?"ဆိုသော ပို၍ ထူးဆန်းသော မှတ်ချက်ကို ထပ်ကြားလိုက်ရ၏။ 



မဲ့တုန် ခပ်မတ်မတ် ထိုင်ပြီး ယန်ရှုမင် စကားပြောလာမည်ကို စောင့်နေသည်။ 



ယန်ရှုမင်က စတင်ရယ်မောလိုက်ပြီး၊ အသံနိမ့်နိမ့်ဖြင့် 'ထွက်သွား' ဟု ရေရွတ်လိုက်သည်။ ပြီးမှ မဲ့တုန် ဖုန်းကိုင်လိုက်သည်ကို သတိထားမိဟန်ဖြင့် မဲ့တုန်ကို 'ဆောရီး' လို့ ပြောလေသည်။ 



မဲ့တုန် ခေါင်းကို အမြန်ခါလိုက်ပြီး မေးလိုက်သည်။

"အာ ရပါတယ်၊ ဒါနဲ့ ဘာကိစ္စရှိလို့လဲ?" 



အဆောင်အပြင်ဘက် ရောက်သွားသည့်နှယ် ယန်ရှုမင်ဘက်က ရုတ်တရတ် တိတ်ဆိတ်သွားသည်။ 

"အမ်း မင်း moments က comment တွေကို တွေ့ခဲ့လား?ကျောင်းသားသမဂ္ဂက သူငယ်ချင်းတစ်ယောက်က မင်းကို သူသိတယ်တဲ့၊ ပြီးတော့ သူတို့ကို မင်းဘက်က ကူညီပေးစေချင်တဲ့ ကိစ္စတစ်ခုရှိတယ်၊ ကျောင်းမှာ နိုင်ငံတကာ စကားရည်လုပြိုင်ပွဲအသင်း ရှိတာ မင်းသိလား?" 



မဲ့တုန် တကယ်ကို ဒီလိုမျိုးတွေအပေါ် သိပ်အာရုံမထားပါ။

"အာ ၊ တောင်းပန်ပါတယ်၊ ကျွန်တော် မသိခဲ့ဘူး" 



ယန်ရှုမင် : "ဘာလို့ တောင်းပန်တာလဲကွာ? အဲ့ဒါ ရှိတယ်ပဲထား၊ ဇန်နဝါရီလမှာ ဂျာမနီက တက္ကသိုလ်တစ်ခုနဲ့ စကားရည်လုပြိုင်ပွဲ လုပ်ဖို့ သူတို့ စီစဥ်ထားတယ်၊ ပြီးတော့ သူတို့က ဂျာမန်ဘာသာစကားနဲ့ ပံ့ပိုးပေးမဲ့ လူတစ်ယောက် လိုအပ်နေတာ" 



မဲ့တုန် ထိတ်လန့်သွားသည်။

"ဂျာမနီက ကျောင်း ?" 



ယန်ရှုမင် : "အမ်း၊ အမှန်ကတော့ ကိုယ်တို့ ကျောင်းနဲ့ ကျောင်းသားချင်း ဖလှယ်မှုအစီအစဥ် လုပ်နေတဲ့ တွဲဖက်ကျောင်းတစ်ကျောင်းပဲ ဆိုရမှာပေါ့။ကျောင်းအချင်းချင်းက အဲ့လောက်ထိ အကျွမ်းတဝင် ရှိတာတော့ မဟုတ်ဘူး၊သိတယ် ဆိုရုံပဲ။သူတို့က စကားရည်လုပြိုင်ပွဲ လုပ်ချင်ကြတယ်၊ဝင်ပြိုင်မဲ့သူတွေကတော့ ကျောင်းပြောင်း ကျောင်းသားတွေချည်းပဲ။သူတို့က ဂျာမန်လိုရော၊ တရုတ်လိုပါ ပြောနိုင်ကြပါတယ်၊ ဒါပေမဲ့ စကားရည်လုဖို့ကျတော့ ပြင်ပအကူအညီ လိုလာတယ်လေ။ကိုယ်က မင်း စကားရည်လုနေတဲ့ ဗီဒီယိုတစ်ခု ကြည့်ဖူးတယ်၊ ပြီးတော့ မင်းက မင်းရဲ့မေဂျာမှာလဲ ထိပ်ဆုံးကျောင်းသားဆိုတော့ မင်းကိုပဲ အကူအညီတောင်းဖို့ ဖိတ်လိုက်ရမလားဆိုပြီး ကိုယ် တွေးမိလို့" 



ဒါက နည်းနည်း ထူးဆန်းနေတယ်လို့ မဲ့တုန် ထင်မိ၏။

"သူက ကျွန်တော်ဆီကို ဘာလို့ တိုက်ရိုက်လာမပြောတာလဲ?" 



ယန်ရှုမင် : "မင်းကို ကိုယ်ကသာ ပြောရင် ပိုပြီး အောင်မြင်နိုင်မဲ့ အလားအလာ ရှိတယ်လို့ သူ ထင်နေတာ၊အဲ့ဒါ မှန်ရဲ့လား? ကောင်းပြီ၊ ပြီးတော့ ကိုယ်လည်း သူနဲ့ အယူအဆချင်း အတူတူပဲ၊ကိုယ်က ကိုယ့်ကိုကိုယ် အရမ်းပဲ ယုံကြည်မှုအပြည့် ရှိနေတယ်လို့ မင်းထင်လား?"

++++++++