Chapter 16
Viewers 4k

Chapter 16




အသားကင်ထမင်း၏ ရနံ့က မွှေးကြိုင်ပါသည်။ 



ဘယ်လိုပဲ မွှေးပါစေဦးတော့ မဲ့တုန်က အသားကင်ထမင်းအနံ့ ရှိနေစဥ်မှာ ယန်ရှုမင်နှင့် အနမ်းဖလှယ်ဖို့ တွန့်ဆုတ်မိပါသည်။ ဒါ့အပြင် သူတို့နှစ်ယောက်က အခု နမ်းဖို့ သင့်တော်ရဲ့လား ၊သူ့အနေနဲ့ မသေချာသေးပါ။ သူတို့အချင်းချင်း ချစ်နေကြပြီလား? မဖြစ်နိုင်။မဲ့တုန်က ထိုကဲ့သို့ တိုးတက်ဖွံ့ဖြိုးမှု အကြီးကြီးကို မလွတ်သွားစေချင်မိခဲ့ပေ။ ထို့ပြင် သူတို့နှစ်ယောက်မှာ အခုထဲက ချစ်ကြည်နူးဖွယ် ဆက်ဆံရေးတစ်ခု ရနေပြီဆိုတာကို သူ လုံးလုံးလျားလျား သတိမမူမိပေ။ 



ယန်ရှုမင်က နမ်းဖို့ တိုးကပ်လာသည်ကို မဲ့တုန် ရှောင်တိမ်းလိုက်ပြီး ပထမဆုံးအနမ်းကို လွယ်လွယ်နဲ့ မပေးလိုက်သင့်ဟု ခံစားရသည်၊ တစ်ချိန်တည်းမှာပဲ ယန်ရှုမင်ကို အနမ်းပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် နောင်တရနေမိသည်။ 



သူ့ရဲ စည်းမျဥ်းစည်းကမ်းတွေက တစ်ခါတစ်လေ ရှိချင် ရှိတယ်၊ တစ်ခါတစ်လေဆို လုံးဝမရှိဘူး။ သူ ယန်ရှုမင်ကို အများကြီး ကြိုက်တယ် ဆိုရင်တောင် သူ့ရဲ့ ကိုယ်ပိုင်စည်းမျဥ်းစည်းကမ်းတွေကိုတော့ ထိန်းသိမ်းသင့်သည်ဟု မဲ့တုန် ထင်သည်။တခြားအချိန်တွေကျတော့ လည်း ယန်ရှုမင်တစ်ယောက်တည်း အတွက် စည်းမျဥ်းစည်းကမ်းတွေအားလုံးကို မဲ့တုန်က ယာယီ ဖယ်ရှားပေးထားပြန်သည်။ 



ယန်ရှုမင်၏ ချဥ်းကပ်မှုကို မဲ့တုန်၏ ရှောင်တိမ်းမှုက တားမြစ်လိုက်သည်။ ထိုအစား ယန်ရှုမင်က နောက်ကို နည်းနည်း ပြန်ဆုတ်ပြီး စားပွဲပေါ်ရှိ စာအုပ်ကို မဲ့တုန်ဘက်သို့ တွန်းပို့ပေးလိုက်သည်။ သူ့လက်ချောင်းများက စာမျက်နှာများကို လျင်မြန်စွာ လှန်၍ သူက ပြောလိုက်သည်။

"ဒီနေရာကို ကြည့်" 



မဲ့တုန် ဖတ်ကြည့်ရန် အနည်းငယ် ငုံ့လိုက်ပြီး ယန်ရှုမင်က စာပိုဒ်တစ်ခုကို ညွှန်ပြနေခဲ့သဖြင့် သူ ဖတ် -- 



'ဒီနေ့ ငါ အရမ်းထူးဆန်းတဲ့ အိပ်မက်မက်ခဲ့တယ်၊ ငါတို့ အထက်တန်းကျောင်းတက်တုန်းက နွေရာသီစခန်းချ ခရီးအတူတူထွက်ခဲ့ရတာကို မက်ခဲ့တာ၊ ငါက ဒုတိယနှစ်အတန်းရဲ့ တာဝန်ရှိသူ ၊ သူကတော့ တတိယနှစ်အတန်းရဲ့ တာဝန်ရှိသူ၊ ငါတို့ အတူတူ ဆရာတွေနဲ့ သွားတွေ့ရတယ်တဲ့။ အိပ်မက်ကနိုးလာတော့ ငါတော်တော် စိတ်ဓါတ်ကျသွားတယ်။ လုပ်စမ်းပါ မဲ့တုန်ရာ၊ ဒါက အိပ်မက်ပဲလေ၊ မင်း အိပ်မက်ထဲမှာ သတ္တိက အစည်းအဝေးကို အတူသွားတက်ဖို့လောက်ပဲ ကန့်သတ်ထားလို့လား အာ! သူ့ရဲ့နှုတ်ခမ်းကို နမ်းလိုက်လေ အာ! မင်း သူ့ကို နမ်းပစ်လိုက်သင့်တယ် အား!' 



မဲ့တုန်၏ ခေါင်းမှာ ပေါက်ထွက်မတတ် ဖြစ်လာ၏။ ဒါမျိုး ရေးခဲ့မိတာကို သူ ပြန်မမှတ်မိတော့ပါ။ အဲ့ဒါ ဘယ်တုန်းကလဲ ...? သူက မထိရောက်သော ဖြေရှင်းချက်ကို ပေးလိုက်သည်။

"ကျွန်တော် ... ကျွန်တော် ဒီတိုင်း ရေးမိသွားတာ" 



ယန်ရှုမင်က 'အို့' ဟု နောင်တရသွားဟန်ဖြင့် အသံထွက်လိုက်သည်။

"မင်းက ကိုယ့်ကို တကယ်ပဲ နမ်းချင်ခဲ့တယ်လို့ တွေးမိသွားတာ" 



မဲ့တုန်က အမြန် ခေါင်းငြိမ့်သည်။

"အိုင်း ... ဟုတ်တယ်လေ" 



ယန်ရှုမင် ရယ်လိုက်သည်။

"ကိုယ်က မင်းကို စနေတာ ၊ ကိုယ့်အစား ကိုယ်စားတော့" 



မဲ့တုန်က အသားကင်နှင့် ထမင်းကို ဝါးနေရင်း 'ဒီအခြေအနေက ဘာဖြစ်လို့ စနောက်နေတာပါ ဆိုပြီး ဖြစ်သွားရပြန်တာလဲ' ဆိုသော အတွေးများဖြင့် အာရုံလွင့်နေတော့သည်။ အကယ်၍ သူကသာ ဒီအနမ်းကို မရှောင်မိဘူးဆိုရင်၊ အဲ့ဒါက တကယ်ကြီး ဖြစ်သွားမှာလား? 



ယန်ရှုမင်က သူ့လက်ပ်တော့ကို ယူလာခဲ့ပြီး သူတို့နှစ်ယောက်လုံးက နားနေခန်းထဲတွင် နေ့လည်ခင်းကို အတူတူ ကုန်ဆုံးနေကြသည်၊သူတို့၏ ကိုယ်ပိုင်အလုပ်များတွင် ဈာန်ဝင်နေကြရင်းနဲ့ပေါ့။ 



မဲ့တုန်က ဂျာမန်ဘာသာနဲ့ တရုတ်ဘာသာကို အကြိမ်ကြိမ် ပြောင်းလဲပြီး ဗလုံးဗထွေး ရေရွတ်နေသည်။ မဲ့တုန်က အတွေးထဲ နစ်မြောနေပြီဆိုရင် ဘောပင်ကို အမှတ်တမဲ့ ဝါးနေတတ်သည့် အကျင့်ဆိုးတစ်ခု ရှိသည်။ယန်ရှုမင်က သတိထားမိပြီး အကြိမ်ကြိမ် ပြုပြင်ပေးဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။ ကြာရှည်စွဲမြဲနေတတ်သော အလေ့အကျင့်တစ်ခုကို လွယ်လွယ်နဲ့ ပြောင်းလဲပစ်လို့ မရဘူးဆိုတာကို သဘောပေါက်ပြီး ယန်ရှုမင် ချက်ချင်း အရှုံးပေးကာ စတိုးဆိုင်သို့ သွားခဲ့သည်။ သူက မဲ့တုန်၏ပါးစပ်ထဲ ထည့်ထားပေးဖို့အတွက် lollipop အနည်းငယ် ဝယ်၍ ပြန်လာခဲ့သည်။ 



သူ့ပါးစပ်ထဲက ချိုမြိန်မှုကြောင့် မဲ့တုန် အနည်းငယ် အပြစ်ရှိသလိုခံစားရ၏။

"ဘာကြောင့်လဲ ... ကျွန်တော်လဲ ကြိုးစားပြီး ပြင်ကြည့်နေတာပဲလေ ၊ဒါပေမဲ့ lollipopတွေကို တကယ်ကြီး အားကိုးဖို့အထိ လိုအပ်လို့လား? ခင်ဗျားက ကလေးတစ်ယောက်ကို လာချော့နေတာများလား?" 



ယန်ရှုမင်က လက်ပ်တော့ ကီးဘုတ်ပေါ် စာရိုက်နေရင်း ခေါင်းငြိမ့်သည်။

"မင်းက ကိုယ့်ထက် ပိုငယ်တာ မဟုတ်ဘူးလား?" 



မဲ့တုန်သည် အကြိမ်အနည်းငယ် ညည်းညူပြီးနောက် သူ့၏ဘောပင်ကိုက်ခြင်းက lollipop၏ တုတ်ချောင်းကို ကိုက်ခြင်းအဖြစ်သို့ပြောင်းလဲသွားသည်။ 



နေ့လည်ခင်း၌ နားနေခန်းထဲတွင် အခြားသူများလည်း ရှိခဲ့သည်။ မဲ့တုန်ကို WeChat တွင် အရင်ဦးဆုံးလာအပ်ခဲ့သော ဂျာမန်ကျောင်းသူ၏ တရုတ်အမည်မှာ "လီရှန့်နန်" ဟူ၍ ဖြစ်ပါ၏။ သူမ၏ ဂျာမန်နာမည်က ကျော့ရှင်းပြီး ဥာဏ်ပညာထက်မြက်သူဟု အမည်ရသော်လည်း သူမက ဘာလို့များ အဓိပ္ပါယ်ချင်း ခြားနားလှပါသော ထိုတရုတ်နာမည်ကို ရွေးချယ်လိုက်မှန်း မဲ့တုန် နားမလည်ပါ။ အားလပ်ချိန်တွင် အဆိုပါ လီရှန့်နန်က မဲ့တုန်ကို စကားစမြည် လာပြောပါ၏။

"မင်းရဲ့ ချစ်သူကောင်လေးက အရမ်းကိုမှ တွယ်ကပ်နေလိုက်တာနော်၊ ပိတ်ရက်တွေတောင်မှ သူက မင်းနဲ့အတူ ရှိချင်နေသေးတယ်" 



မဲ့တုန် ယန်ရှုမင်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး တွေးမိလိုက်သည်။

'ကံကောင်းလိုက်တာ သူက လီရှန့်နန် ဘာပြောနေတယ်ဆိုတာ နားမလည်နိုင်ဘူးပဲ'။ အစကတော့ မဲ့တုန်လည်း ယန်ရှုမင်က သူ့ကောင်လေး မဟုတ်ဘူးလို့ ရှင်းပြမလို့ပါပဲ၊ ဒါပေမဲ့ လူတိုင်းက အဲ့ဒီလို ခိုင်ခိုင်မာမာ ပြောနေကြတော့ သူလည်း တိတ်တိတ်လေးနဲ့ မသိမသာ တကိုယ်ကောင်းဆန်ချင် လာတော့သည်။ယန်ရှုမင်လည်း နားမှ မလည်တဲ့ဟာ၊ မဲ့တုန် သူမကို မဟုတ်ပါဘူးလို့ ထပ်ရှင်းပြမနေတော့ပေ။ 



မဲ့တုန်က တီးတိုးပြောသည်။

"အမှန်တော့ သူက အတော်လေး အလုပ်များပါတယ်၊ငါတို့ နေ့တိုင်းအတူတူ အချိန်မဖြုန်းပါဘူး" 



လီရှန့်နန်က မျက်လုံးကို မှေးလိုက်ပြီး တခစ်ခစ်နဲ့ ရယ်မောလိုက်သည်။

"မဲ့ ၊ မင်းနဲ့ မင်းရဲ့ကောင်လေးက တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ၊မင်းတို့နှစ်ယောက် ဘယ်လို ဆုံခဲ့ရတာလဲ?" 



မဲ့တုန် ခဏတော့ စဥ်းစားနေမိသည်။ အမှန်တကယ်တော့ ယန်ရှုမင်က သူ့ရဲ့ဒိုင်ယာရီကို ရှာတွေ့ချိန်တွင် သူတို့ နှစ်ယောက် ရင်းနှီးလာကြသည့်အကြောင်းကို နောက်ကြောင်းပြန်တွေးနေမိသည်။ အထက်တန်းကျောင်း အားကစားပွဲတော်တွင် ယန်ရှုမင်က သူ့ကို ကူညီပေးခဲ့ဖူးပေမဲ့ သူက မဲ့တုန်၏ နာမည်အပြည့်အစုံကိုပင် မသိပါ။ ဒါကြောင့် မဲ့တုန်က အမှန်အတိုင်း ဖြေလိုက်သည်။

"ဘယ်လိုလဲဆိုတော့ ... သူက ငါ့ရဲ့ဒိုင်ယာရီကို ကောက်ရသွားပြီး ငါ့ရဲ့လျှို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့တယ်လေ" 



လီရှန့်နန် တစ်ယောက် ချက်ချင်းပဲ မျက်လုံးပြူးကျယ်သွား၏။

"အံ့ဩစရာပဲ ကြည်နူးစရာကောင်းလိုက်တာနော်! မဲ့၊ ငါလေ အဲ့လိုအဖြစ်အပျက်ကို ရုပ်ရှင်တွေထဲမှာက လွဲပြီး ဘယ်မှာမှ မတွေ့ဖူးဘူး၊မင်းတို့နှစ်ယောက်က အစထဲက အတူရှိဖို့ မွေးဖွားလာတာပဲဖြစ်ရမယ်၊ အဲ့လိုသာ မဟုတ်ရင် မင်းတို့တွေကို ဘုရားသခင်က ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ကောင်းချီးပေးနိုင်ပါ့မလဲ?" 



သူမက တကယ်ကို ချဲ့ကားပြောနေတာပဲ။ မဲ့တုန်မှာ ယန်ရှုမင်နှင့်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို လုပ်ဇာတ်ခင်းပြီး ပြောခဲ့တာသာဖြစ်ပြီး သူမက ယခုလို မတရားချီးမွမ်းနေတာကြောင့် အပြစ်မကင်းသလို ခံစားရ၏။သူ့မှာ ကသိကအောက်နဲ့ပဲ ပြုံးနေရပြီး ခေါင်းလဲ မခါ၊ ခေါင်းလဲ မငြိမ့်ခဲ့မိပေ။ 



မဲ့တုန် ဘာမှ မပြောရသေးခင်ပဲ 'ငါတို့က အထက်တန်းကျောင်းအတန်းဖော်တွေပါ ပြီးတော့ ငါတို့ အထက်တန်းကျောင်းမှာ ဆုံခဲ့တယ်'လို့ ဂျာမန်လို ပြောနေသည့် အမျိုးသမီး AI အသံက ယန်ရှုမင်၏ဘေးကနေ ထွက်လာတာကို သူ ကြားလိုက်ရ၏။ 



?! 



နတ်ဘုရားဒေါက်တာမဲ့၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားတော့၏။ သူ့ခေါင်းကို ဖြည်းဖြည်းလေး လှည့်ကြည့်လိုက်တော့ ယန်ရှုမင်က မျက်ခုံးတစ်ဖက်ကို ပင့်လျက် သူ့ဖုန်းကို မဲ့တုန် မြင်အောင် ရမ်းခါပြနေသည်ကို တွေ့ရသည်။ ဖုန်း၏ မျက်နှာပြင်တွင် ဂျာမန်စကားကို တစ်ခါထဲ ချက်ချင်း ဘာသာပြန်ထားသည့်စာကြောင်းက ရှိနေသည်။ 



အာ:?! ဒီနေ့ခေတ်မှာ နည်းပညာက ဒီလောက်တိုးတက်နေတာကို သူမေ့သွားတာ။ နိုင်ငံခြားဘာသာနဲ့ စကားပြောတာကို နားလည်နိုင်ဖို့က ဒီလောက် လွယ်လွယ်လေးပဲကို! တစ်ချိန်တည်း ချက်ချင်း ဘာသာပြန်ပေးခြင်း! 

မဲ့တုန်၏ မျက်လုံးများ မှောင်မည်းသွားတော့သည်။သူ ခုနက ယန်ရှုမင်၏ ဖုန်းကို လှမ်းကြည့်လိုက်စဥ်က 'ချစ်သူကောင်လေး' ဆိုသည့် တရုတ်စကားလုံးအချို့ကို သိသိသာသာပဲ တွေ့လိုက်ရပါသည်။ 



မဲ့တုန်မှာ အလျင်စလို လေသံဖြင့် အမြန် ရှင်းပြတော့၏။

"အာ သူမက ခင်ဗျားကို ကျွန်တော်ရဲ့ ချစ်သူကောင်လေးလို့ တောက်လျှောက်ပြောနေခဲ့တာ၊ ကျွန်တော်လည်း ရှင်းပြပါတယ်၊ တကယ်ပါဗျာ၊ ကျွန်တော် ရှင်းပြတာလည်း အကြိမ်ကြိမ်ပဲ၊ သူမက လုံးဝကို မယုံဘူး၊ အဲ့ဒါနဲ့ပဲ ဒီတစ်ခါတော့ ကျွန်တော်လည်း ထပ်မရှင်းပြမိဘူး ဖြစ်သွားတယ်" 



လီရှန့်နန်သည် မဲ့တုန် တရုတ်လို အမြန်ပြောနေတာကို လိုက်မမှီပေ။သူမက ယန်ရှုမင်ကို အံ့ဩနေသလို ကြည့်နေပြီး ထိုစကားကို စပြောချလိုက်ပါသည်။

"အိုး? ဒါဆို အထက်တန်းကျောင်းတက်တုန်းက မင်းက မဲ့ရဲ့မှတ်စုစာအုပ်ကို ရှာတွေ့ခဲ့တာပေါ့၊ အထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲ? ဒါပေါ့ ၊ပြောဖို့အဆင်မပြေရင် မင်း မပြောပြလို့ ရတယ်နော်" 



ယန်ရှုမင်က သူ့ဖုန်းသူ တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်တည်း ချက်ချင်း ဘာသာပြန်ပေးသည်က အတိအကျတော့ မဟုတ်ပေ၊ ဒါပေမဲ့ ရိပ်မှန်းသံမှန်း နားလည်တာကိုက လုံလောက်နေပြီ။ ယန်ရှုမင်က သူ့ဖုန်းထဲတွင် တရုတ်ဘာသာမှ အခြားဘာသာသို့ ပြန်ပေးတာကို ထည့်မထားမိပေ။

အဲ့ဒီအစား သူက မဲ့တုန်ကို ကြည့်ရင်း ပြောသည်။

"ကိုယ်က မင်းရဲ့ ဒိုင်ယာရီကို ရှာတွေ့တာ တက္ကသိုလ်ရောက်မှပါ လို့၊ ပြီးတော့ ကိုယ်တို့နှစ်ယောက်က အထက်တန်းကျောင်းမှာထဲက တစ်ယောက်ကို တစ်ယောက် သိပြီးသားလို့ သူမကို ပြောလိုက်လေ" 



မဲ့တုန်က သူတို့နှစ်ယောက်အတွက် ဘာသာပြန်ပေးရသည့် အလုပ်ကို ယူလိုက်ရသည်။ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေဖြစ်သွားစတာလဲဆိုပြီး စိတ်ဓါတ်ကျနေမိပါ၏။ယန်ရှုမင်ကို သူတို့ဘယ်အချိန်မှာ အတိအကျ ဆုံတွေ့ခဲ့တာလဲဆိုတာ သူ ကြားဖြတ်မေးလိုက်ချင်ပေမဲ့ ယဥ်ကျေးမှု မရှိသလို ခံစားရသည်။ အခုတော့ သူလည်း စိတ်ခံစားချက်မရှိဘဲ ပြောသမျှကို ချက်ချင်း ဘာသာပြန်ပေးသည့် စကားပြန်အနေနဲ့ပဲ ဆောင်ရွက်နေလိုက်သည်။ 



လီရှန့်နန် အံ့အားသင့်သွားသည်။

"ဝါး ... ငါ အခု သိပြီ၊ မဲ့က မင်းတို့နှစ်ယောက် ကောလိပ်ရောက်မှ ဆုံဖူးတာလို့ ထင်နေပေမဲ့ တကယ်တမ်းတော့ မင်းက သူ့ကို အထက်တန်းကျောင်းတက်ထဲက သိနေခဲ့တာပေါ့" 



ယန်ရှုမင်က ပြန်ဖြေသည်။

"ဟုတ်တယ် ၊ မင်းက အရမ်းတော်တာပဲ" 



လီရှန့်နန်က ဆက်ပြောပါ၏။

"မင်းက မဲ့ကို အထက်တန်းကျောင်းမှာထဲက ကြိုက်ခဲ့တာလား? အရမ်းကြည်နူးဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပဲနော်! ငါ့ ဂျာမန်သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်" 



ယန်ရှုမင်က ပြောသည်။

"မဲ့တုန်က အဲ့ဒါကို အခုထိ မသိဘူး ဒါပေမဲ့ ငါက သူ့ကို အထက်တန်းကျောင်းတက်ထဲက သေချာသိခဲ့တာ၊ သူ့ကို ကြိုက်တဲ့ အဆင့်အထိတော့ မရောက်ခဲ့ဘူးပေါ့။ငါ အတိအကျတော့ မပြောနိုင်လောက်ဘူး၊ ပြီးတော့ တော်တော်ကြာခဲ့ပြီလေ" 



မဲ့တုန် ထိုစာကြောင်းကို ဘာသာပြန်ပေးရင်းနဲ့ ငေးနေမိသည်။ ဂျာမန်လို ပြောပြီးတာနဲ့ သူ ထိန်းမထားနိုင်တော့ဘဲ ယန်ရှုမင်ကို တရုတ်လို ခပ်တိုးတိုးမေးလိုက်သည်။

"အရင်တစ်ခါက ခင်ဗျား ကျွန်တော့်ကို အထက်တန်းကျောင်းမှာထဲက သိနေတာလားလို့ ကျွန်တော်မေးတော့ ခင်ဗျား ဘာလို့ မဖြေခဲ့တာလဲ?" 



ယန်ရှုမင်မှာ သက်ပြင်းသာ ချလိုက်၏။

"ကိုယ် မင်းကို နောက်ကျ ပြန်ဖြေတာပဲ၊ မင်းက အရမ်းထူးချွန်တဲ့လူပဲ၊ မင်းကို မသိတဲ့လူ ဘယ်လိုရှိနိုင်ပါ့မလဲကွာ?" 



လီရှန့်နန်က စိတ်လှုပ်ရှားနေခဲ့သဖြင့် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်ထား၏။

"မဲ့ ၊ မင်း သူ့ကို ဘယ်အချိန်တုန်းက စကြိုက်ခဲ့တာလဲ?" 



မဲ့တုန်မှာ ထိုမေးခွန်းကို ဖြေဖို့ရာ အတော်လေး ရှက်နေသည်။ သူအမှန်တကယ်ပဲ ဒုက္ခရောက်ပြီ ၊ နိုင်ငံခြားသားတွေ အကုန်လုံးက ဒီလောက်တောင် ပွင့်လင်းပြီး စိတ်အားထက်သန်ကြတာလား? တရုတ် လူမျိုးတို့၏ ယဥ်ကျေးမှုအရတော့ ယခုလို အကြောင်းအရာကို ဆွေးနွေးမယ်ဆိုရင်တော့ ပေါ့ပေါ့တန်တန် လုပ်၍မရပေ။ ဆွေးနွေးမည့်လူများကြားတွင် အတော်လေးကို ရင်းနှီးကျွမ်းဝင်တဲ့ အဆင့်တစ်ခု ရှိဖို့ လိုအပ်ပါသည်။ 



မဲ့တုန်က သူ့လျှာကို ထိန်းချုပ်ထားရင်း ဘေးဘီဝဲယာကို လှည့်ကြည့်ပြီးမှ နောက်ဆုံးတော့ ပြောလာသည်။

"..... အထက်တန်းကျောင်းမှာ" 



လီရှန့်နန်က ပျော်မြူးစွာဖြင့် စူးခနဲ အော်ပြောလိုက်သည်။

"အထက်တန်းကျောင်းမှာ မင်းတို့က တစ်ယောက်ကို တစ်ယောက် ကြိုက်နေကြတယ်၊ပြီးတော့ ကောလိပ်ရောက်မှပဲ မင်းတို့ စပြီး တွဲဖြစ်တယ်! ဘုရားသခင် ဘယ်လို အချစ်ဇာတ်လမ်းမျိုးပါလိမ့် အာ?" 



သူမက စိတ်လှုပ်ရှားနေမြဲပင်။ မဲ့တုန်က ယန်ရှုမင်ကို ခိုးကြည့်လိုက်သည်။ယန်ရှုမင်၏အမူအရာက ပြုံးနေတာနဲ့ တူသည်၊ သို့သော် တကယ် ပြုံးတာတော့ မဟုတ်။ မဲ့တုန်လည်း သူ့မျက်နှာကို မြေကြီးထဲသာ မြှုပ်ထားလိုက်ချင်ပါသည်။ 



လီရှန့်နန်က ဆက်မေးသည်။

"ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဖွင့်ပြောတာလဲ?" 



သူ့အဖို့ ပြင်ပအကူအညီနဲ့ အသက်ရှူရန် လိုအပ်လာနိုင်သည်ဟု မဲ့တုန်မှာ သူ့စိတ်သူ ပြင်ဆင်နေရသည်။လီရှန့်နန်ကို ဒီအကြောင်း ဆွေးနွေးတာ ဒီနေရာမှာ ရပ်သင့်ပြီဖြစ်ကြောင်း၊ထပ်ပြီး ဆက်သွားနေမယ်ဆိုရင် အတော်လေး မယဥ်ကျေးရာကျကြောင်း သူ အရိပ်အမြွက် ပြောပြချင်သည်။ သူ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ဖို့လည်း ရှက်နေခဲ့သည်။ 



မထင်မှတ်ပဲ ယန်ရှုမင်က လက်ရှိအခြေအနေကို အတော်လေး အရသာတွေ့နေပြီး မဲ့တုန်ကို စကားပြန်အဖြစ် အသုံးပြုနေဆဲပင်။ 



ယန်ရှုမင်က ထိုမေးခွန်းကို နားထောင်ပြီးနောက် ခဏမျှ စဥ်းစားနေပုံပေါ်သည်။ 

"ကိုယ်" 



မဲ့တုန်က ဒီစကားလုံးကို ဘာသာပြန်ပေးစရာ မလိုပါ၊ ရိုးရှင်းသော စကားတစ်လုံးဖြစ်ပြီး တရုတ်နိုင်ငံတွင် ကျောင်းလာတက်သော လီရှန့်နန်ကလည်း ဘာသာပြန်ပေးဖို့မလိုအောင် နားလည်ပါသည်။ 



မဲ့တုန်က သူ့အသံကို တိုး၍

"ဘယ်တုန်းက ခင်ဗျား ဖွင့်ပြောလို့လဲ? ခင်ဗျား ဘာလို့ လိမ်နေရတာလဲ?" 



ယန်ရှုမင်၏ တုံ့ပြန်မှုကြောင့် မဲ့တုန် အံ့ဩသွားပြီး အလိုအလျောက် ရှေ့ကို အနည်းငယ် ငုံ့ကိုင်းလိုက်မိသွားသည်။ သူ ဘာလုပ်မိလဲ သတိထားမိချိန်မှာတော့ သူတို့နှစ်ယောက်က အတော်လေး နီးကပ်နေခဲ့ပြီ။ မဲ့တုန်၏ နှလုံသားကလည်း နောက်တစ်ခါ ထပ်၍ နာခံမှုမရှိတော့ဘဲ အရူးအမူးဖြင့် စတင် ခုန်ပေါက်လာတော့သည်။ တဒင်္ဂ တုံ့ဆိုင်းနေပြီးနောက် သူ နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ယန်ရှုမင်က သူ့ကို လှမ်းဆွဲလိုက်၏။ 



ထို့နောက် မဲ့တုန်၏ နားထဲသို့ ယန်ရှုမင်က စကားတစ်လုံးကို တိုးတိုးလေး ကပ်ပြောလာခဲ့လေသည်။

"ဒီည" 



မဲ့တုန် ဒီနေ့ အသက်ပြင်းပြင်းရှူနေတာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီ။ 



ဒီနေ့အတွက် ပြိုင်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို ဘာသာပြန်ပြီးချိန်တွင် ညနေလေးနာရီဝန်းကျင် ရှိနေပြီဖြစ်ရာ မဲ့တုန် လည်း အဆောင်သို့ ပြန်လာခဲ့သည်။ 



သူ လမ်းလျှောက်တော့ တုန်တုန်ယင်ယင်ဖြစ်နေသဖြင့် ခြေရော၊လက်ရော နှစ်မျိုး သုံး၍ လေးဘက်ထောက်သွားမိလုနီးပါးပင်။ ယန်ရှုမင်က သူ့ကို အဆောင်သို့ ပြန်လိုက်ပို့ခဲ့သည် ၊သို့သော် ထုတ်မပြောရသေးတဲ့ စကားတွေ ဗိုက်နှင့် မဆန့်အောင် ဖြစ်နေသော မဲ့တုန်ကတော့ ယန်ရှုမင်ကို 'ဒီည' ဆိုတဲ့ စကားလုံး၏ နောက်ကွယ်က အဓိပ္ပါယ်ကို မမေးရဲခဲ့ပါချေ။ သူက ယန်ရှုမင်ကို ဒီည ညစာအတူစားမှာလားလို့ ထင်သွားစေနိုင်တဲ့ မေးခွန်းမျိုး၊ ဒါမှမဟုတ် အဲ့လို ဆင်တူယိုးမှား မေးခွန်းမျိုး မေးမိသွားမှာကို ရှောင်ရှားနေမိသည်။ 



ဒီနေ့ တုချွမ်ကလည်း သူ့ကောင်မလေးနှင့် အပြင်မှာ ချိန်းတွေ့ခဲ့ပြီး ငါးနာရီလောက်မှ အဆောင် ပြန်ရောက်လာသည်။ တုချွမ် အခန်းထဲ ဝင်ဝင်ချင်း မဲ့တုန်က စာရေးစားပွဲရှေ့မှာ ထိုင်နေသည်ကို တွေ့ရ၏။ပထမ တစ်ခါကြည့်တုန်းကတော့ မဲ့တုန် ဒိုင်ယာရီရေးနေတယ်လို့ သူထင်တာကြောင့် သိပ်ဂရုမထားမိ၊ဘေးကနေ ဖြတ်သွားရင်းနဲ့မှ မဲ့တုန်ကို တစ်ချက် အမြန်ကြည့်လိုက်မိသည်။ ထိုအခါ တုချွမ်တစ်ယောက် လန့်သွားတော့၏။ 



မဲ့တုန်၏ စားပွဲပေါ်တွင် ပြောင်ရှင်းနေသည်။ ဖုန်း၊ဒိုင်ယာရီ နှင့် အခြားစာရွက်စာတမ်းများ စသဖြင့် ဘာတစ်ခုမှ မရှိ။ ထိုသူက ဒီအတိုင်း တည့်တည့်မတ်မတ် ထိုင်နေတာဖြစ်သည်။ 



တုချွန်လည်း သတိကြီးကြီးထား၍ မေးရသည်။

"မဲ့ဇီ ၊ ဘာဖြစ်လို့လဲ? ဟို ဆန်ကုန်မြေလေး အမျိုးသမီးက မင်းကို ပစ်ထားခဲ့လို့လား? အဆင်ပြေပါတယ် အာ ! တစ်ခုခုဆို မင်းရဲ့ ညီအစ်ကိုတွေကို ပြောလေ၊ မင်းရဲ့ညီအစ်ကိုတွေက မင်း စဥ်းစားထားတဲ့အတိုင်း လိုက်ကူညီပေးကြမှာပါကွာ" 



မဲ့တုန်က စိတ်လွတ်နေသည့်အတိုင်း ငေးကြောင်ကြည့်နေသည်။

"သူက ဒီည ငါ့ကို ဖွင့်ပြောမယ်လို့ ပြောတယ်" 



တစ်နေကုန် ဘယ်မှမသွားဘဲ အဆောင်၌ တွင်းအောင်းနေသော ဝူကျီမော့က ရုတ်တရက်ပဲ သူနေသော အိပ်စင်အပေါ်ထပ်ကနေ အောက်သို့ ငုံ့ကြည့်လာသည်။

"အာ! ဖွင့်ပြောမယ်ဆိုတာကို ကြိုပြောတယ်? သူမက အတော်လေး ပွေရှုပ်တတ်မဲ့ပုံပဲ၊ မဲ့ဇီ ၊ငါကတော့ မင်း သူမကို နိုင်အောင် မကစားနိုင်ဘူးလို့ ခံစားနေရပြီ" 



တုချွမ်က ကြားဖြတ်ပြော၏။

"ဒါဆို ဒီည ဘာအစီအစဥ်ရှိလဲ? ဘယ်နေရာမှာ ဖွင့်ပြောမှာတဲ့လဲ အာ? WeChat မှာလား၊ လူချင်းတွေ့ပြီးတော့လား?" 



မဲ့တုန် ခေါင်းခါလိုက်၏။ "မသိဘူး" 



တုချွမ်က စိတ်ဆင်းရဲနေသော မျက်နှာထားကို တပ်ဆင်လိုက်သည်။

"အခုပဲ ငါးနာရီကျော်နေပြီကို၊ မင်း မသိသေးဘူးပေါ့? သူမက မင်းနဲ့ ဂိမ်းတစ်ခု ကစားနေတာများလားကွာ? ငါလည်း မင်း သူမကို နိုင်အောင် မကစားနိုင်ဘူးလို့ တကယ်ကြီး ထင်နေပြီ ၊ မဲ့ဇီ ရေ"

++++++++