Chapter 17
တုချွမ်သည် မဲ့တုန်က ထိုသို့ ဆန်ကုန်မြေလေး အမျိုးသမီးတစ်ယောက်နှင့် ဘယ်လိုဖြစ်ပြီး ရင်းနှီးသွားရတာလဲဆိုတာ ထုတ်ပြောလာဖို့အတွက် နှိပ်စက်ပြီး မေးမြန်းစစ်ဆေးမိလုနီးနီးပင်။
လက်ရှိအချိန်တွင် မဲ့တုန်၏စိတ်ထဲ၌ မရေမရာ ရှုပ်ထွေးမှုများဖြင့် ပြည့်သိပ်ကြပ်နေသည်။ ရှုပ်ထွေးမှုများ၏ ဘယ်ဖက်ခြမ်းတွင် ယန်ရှုမင်က သူ့ကို ဒီည ဖွင့်ပြောမည် ဆိုသော အတွေးများ ဖိစီးနေပြီး ထိန်းမနိုင် သိမ်းမရဖြစ်နေသည်။ ညာဖက်ခြမ်း၏ ရှုပ်ထွေးနေမှုက ပိုဆိုးနေပြီး 'ယန်ရှုမင် ဘာကို ဆိုလိုချင်တာလဲ' ဆိုတာကသာ တဝဲလည်လည် ဖြစ်နေသည်။
သူက 'ဒီည'လို့ ပြောတယ်၊ ဒါပေမဲ့ ဘယ်လို'ဒီည'လဲ? 'ဒီည' ဆိုတာ သူက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ? ဒီညနေလား ဒါမှမဟုတ် ဒီနေ့ရဲ့ ည လို့ ပြောတာလား?
ရှုပ်ထွေးမှုများ၏ အလယ်တည့်တည့်တွင် တည်ငြိမ်နေပြီး တိတ်ဆိတ်ငြိမ်သက်မှုတစ်ခု ရှိသည် - 'ငါ ဘယ်သူလဲ? ငါ ဘယ်မှာလဲ?'
တုချွမ်က မေးခွန်း မေးလျှင် မဲ့တုန်က တွေးတောဆင်ခြင်နိုင်စွမ်း မရှိသလို ဒီတိုင်း အလိုအလျောက် ပြန်ဖြေသည်။
တုချွမ် : "မင်းတို့နှစ်ယောက် ဘယ်နေရာမှာ တကယ်ဆုံခဲ့ကြတာလဲ? အွန်လိုင်းကနေ တွေ့ခဲ့တာလား အာ?"
မဲ့တုန်က ခေါင်းကို ခါလိုက်သည်။ "ငါတို့က အထက်တန်းကျောင်းနေဖက်တွေ"
တုချွမ်မှာ သည်းခံနိုင်စွမ်းမရှိသဖြင့် ဒေါသထွက်လာတော့သည်။
"မင်းက သူမကို အထက်တန်းကျောင်းမှာထဲက ကြိုက်ခဲ့တာလား အာ?"
မဲ့တုန်က သနားစဖွယ် ခေါင်းငြိမ့်သည်။
တုချွမ် သက်ပြင်းချလိုက်၏။
"သူမက နန်ကျင်းတက္ကသိုလ် ကပဲလား? မင်းတို့တွေက နန်ကျင်းတက္ကသိုလ်ကို အတူတက်ဖို့ စီစဥ်ထားခဲ့တာလား?"
မဲ့တုန် ခေါင်းခါပြန်သည်။
"မဟုတ်ဘူး၊ သူက ငါ့ထက် တစ်နှစ် ပိုစောတယ်။ ငါ ... ငါက နန်ကျင်းတက္ကသိုလ်ကို ကိုယ့်ဘာသာ လာတက်တာပါ"
တုချွမ် ပိုပြီး ဒေါသထွက်လာတော့၏။
"ဘာဖြစ်လို့ ဒီလို ကောင်းကောင်းပြောနေရတာလဲ အာ? သူမကြောင့်သာ မဟုတ်ရင် မင်း နန်ကျင်းတက္ကသိုလ်ကို တက်ဖြစ်မှာတောင် မဟုတ်ဘူးမလား? တော်တော် စိတ်တိုဖို့ကောင်းတာပဲ! မင်းလို ဒုတိယမျိုးဆက် သူဌေးသား၊ရွှယ်ပါ့က အချစ်ရူးတစ်ယောက် ဖြစ်သွားပြီပဲ"
မဲ့တုန် : " မဟုတ်ဘူး ... နန်ကျင်းတက္ကသိုလ်က ကောင်းတဲ့ ကျောင်းတစ်ကျောင်းပါ ၊ပြီးတော့ ငါလည်း သေချာ စာကြိုးစား..."
တုချွမ် : "တော်ချင်ယောင် ဆောင်နေတာကို ရပ်လိုက်တော့! ငါ့ကို ပြောစမ်းပါ ၊မင်း သူမအတွက် ပိုက်ဆံဘယ်လောက်တောင် သုံးပြီးပြီလဲ?"
မဲ့တုန် မပြောရဲ ဖြစ်နေသဖြင့် တုချွမ်၏ မျက်လုံးများ ပြူးကျယ်လာတော့သည်။
"ယွမ်တစ်သောင်း လား ?!"
မဲ့တုန်က သူ့လက်ကို ယမ်းလိုက်သည်။
"မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ အဲ့ဒါ ... ယွမ်တစ်ထောင် မပြည့်ဘူး၊ ဖြစ်နိုင်တာက ၊ အာ ၊ယွမ်ခြောက်ရာ စွန်းစွန်းလေးပါပဲ"
တုချွမ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါသည်။
"ကောင်းပြီ၊ အနည်းဆုံးတော့ မျှော်လင့်ချက်မဲ့နေတာ မဟုတ်ဘူးပဲ"
အဆောင်ထဲတွင် လေးလေးနက်နက်နှင့် အကြိတ်အနယ် ဆွေးနွေးမှုတစ်ခု ပြုလုပ်နေပြီး စစ်ဆေးရေးဌာနတွင် စုံစမ်းမေးမြန်းသကဲ့သို့ လူသုံးယောက်က မဲ့တုန်ကို စိုက်ကြည့်နေကြသည်။
ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သော ဝူကျီမော့က မဲ့တုန်ကို လေးလေးနက်နက်ရှိသော လေသံဖြင့် စိတ်ပူပန်စွာ မေးသည်။
"ဒါပေမဲ့ ဒီကိစ္စက မဲ့ဇီ ပိုက်ဆံဘယ်လောက်ကုန်ပြီးပြီလဲ ဆိုတာ တစ်ခုတည်းနဲ့ မရဘူး၊ မဲ့ဇီ ၊ သူမကရော မင်းအတွက် ပိုက်ဆံဘယ်လောက် သုံးခဲ့လဲ?"
မဲ့တုန် ထိုမှတ်စုစာအုပ်ကို ရခဲ့ချိန်က သူ ထောင်ပေါင်းတွင် တိတ်တိတ်လေး ရှာကြည့်ခဲ့ဖူးသည်။ ထိုအခိုက်အတန့်တွင် သူ အပျော်လွန်သွားခဲ့သည်၊ စာအုပ်က ယွမ် ၆၀ကျော်ကျော် ရှိသည်၊ဒီလောက်ဈေးကြီးသော မှတ်စုစာအုပ်ကို သူ့အတွက်ဆိုပြီး သူကိုယ်တိုင်တောင် တစ်ခါမှ မဝယ်ခဲ့ဘူးလေ!သူသည် ယွမ် ၆၀ဟု မပြောရဲသဖြင့် ယွမ်တစ်ရာလို့ပဲ အကြမ်းဖျင်း ယူဆလိုက်သည်။
"ယွမ်တစ်ရာကျော်"
ဝူကျီမော့မှာ သက်ပြင်းကိုသာ အရှည်ကြီး ချလိုက်ရတော့၏။
"မဲ့တုန်၊ မင်းက တကယ်ကို လိမ်ပြောလို့ မရဘူးပဲ၊ မင်းမျက်လုံးတွေက ဘာအတွက် ဟိုကြည့်ဒီကြည့် လုပ်နေတာလဲ? အမှန်အတိုင်းပြော!"
မဲ့တုန် : "၆၈ ယွမ်"
တုချွမ်က ဒေါသဖြစ်ဖြစ်နဲ့ပဲ ရယ်မိသွားသည်။
"ဟုတ်ပြီ၊ သုညနည်းနည်း နဲ့ ဂဏန်းတစ်ခုတောင် ကွာတယ်၊
အထင်ကြီးလောက်စရာပဲ"
မဲ့တုန် တစ်ခုခုကို သတိရသွားဟန်ဖြင့် လက်ကို ဆတ်ခနဲ မြှောက်လိုက်သည်။
"အာ ၊ သူ ၊ သူက ငါ့အတွက် နို့လက်ဖက်ရည်တစ်ခွက်နဲ့ lollipop ၃ခု ဝယ်ပေးသေးတယ်"
သူ ဒါကို မပြောလိုက်မိရင် ပိုကောင်းမည်။ သူ ပြောလိုက်တာနဲ့ အခန်းထဲက လူတိုင်းက ဒေါသဖြစ်နေရင်းကနေ ရယ်ချင်လာကြတာကို တွေ့လိုက်ရတော့သည်။
တုချွမ်က သူ့ကို လက်မ မထောင်ပြဘဲ မနေနိုင်တော့ပေ။
"အထင်ကြီးလောက်ပါတယ် အာ၊ မဲ့ကော ! တကယ်ကို အထင်ကြီးစရာပါပဲ၊ မင်းအတွက် နို့လက်ဖက်ရည်နဲ့ lollipop လောက်ပဲ ဝယ်ပေးဖို့ ဆန္ဒရှိတဲ့ သောက်ကျိုးနည်း တစ်စုံတစ်ယောက်အပေါ် မင်းက ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာပဲ"
မဲ့တုန်သည် တုချွမ်၏စကားများထဲမှ ထေ့ငေါ့ချင်သည့် လေသံကို သူ ခံစားမိပါသည်၊ သို့သော် သူထပ်ရှင်းပြရန် တွန့်ဆုတ်နေပါ၏။သူ အမှားတွေ ထပ်ပြောမိပြီး ယန်ရှုမင်က မကောင်းတဲ့သူလို့ သူ့အခန်းဖော်တွေ ထင်သွားအောင် လုပ်လိုက်မိမှာ သူကြောက်နေသည်။
တုချွမ် အချိန်ဆက်မဖြုန်းချင်တော့။
"လာ ၊မင်းရဲ့ဖုန်းကို ထုတ်လိုက်၊ မင်း ဒီနေ့ သူမကို မင်းရဲ့ contacts ထဲက ဖျက်ပစ်တာကို ငါ စောင့်ကြည့်မယ်"
မဲ့တုန်ကတော့ ဆန္ဒမရှိပါ။
"မဟုတ်ဘူး ... မင်းတို့တွေ အထင်လွဲနေကြပြီ၊ ငါတို့ ... အာ၊ သူက ငါ့အတွက် ပိုက်ဆံသိပ်မသုံးခဲ့ဘူး ဆိုပေမဲ့၊ အာ ၊ ဘာပဲဖြစ်ဖြစ် ၊ ငါ ... ငါတို့ တကယ်ကို အဆင်ပြေပါတယ်၊ သူက ငါ့ကို အများကြီး ဂရုစိုက်တယ်၊ ပြီးတော့ ငါကလည်း သူ့ကို တစ်ဖက်သတ်ကြိုက်နေခဲ့တာ တော်တော်ကြာပြီလေ၊ သူက ငါ့အတွက် ပိုက်ဆံအကုန်ခံစရာ ဘာဖြစ်လို့ လိုမှာလဲ?"
တုချွမ် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ငါ မင်းကို လည်ပင်းညှစ်ပစ်နိုင်တယ်လို့ မင်း ယုံလား?"
မဲ့တုန်က သူ့ဖုန်းကို ကာကွယ်လိုက်သည်။
"ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့ကွာ"
ဝူကျီမော့က ရယ်ရယ်မောမောဖြင့် ကြားဝင်ဖျန်ဖြေပေးရင်း တုချွမ်ကို ရပ်တန့်စေလိုက်သည်။
"ဟေး ၊ ဒီကလေးက ဘာကိုမှ ကောင်းကောင်း မသိဘူးပဲ၊ ပြောလို့မရမဲ့ အတူတူတော့ ကြမ်းကြမ်းတမ်းတမ်း မလုပ်ရအောင်!"
တစ်စုံတစ်ယောက်က သူတို့ အိပ်ဆောင်အခန်းတံခါးကို ရုတ်တရတ် လာခေါက်ချိန်တွင် သူတို့က စကားပြောလို့ ကောင်းနေတုန်းဖြစ်သည်။
ဗိုက်တစ်ခုလုံး ဒေါသအပြည့်ဖြစ်နေသော တုချွမ်က ဆောင့်ကြအောင့်ကြီးဖြင့် တံခါးဖွင့်ရန် မာန်ပါပါဖြင့် ထသွားပြီးနောက် ထိုနေရာတွင် ထူးခြားပေါ်လွင်သော ယန်ရှုမင်က ရပ်နေတာကို တွေ့သွားပြီး အလွန်အမင်း အံ့ဩသွားတော့သည်။ တုချွမ်က ခဏတဖြုတ် ကြက်သေသေသွားပြီးမှ ထိုလူက အသက်ကယ်တဲ့ကြိုးတစ်ချောင်းဆိုတာကို နားလည်သွားသည်။ဒါကြောင့် သူ ချက်ချင်းပဲ ယန်ရှုမင်၏ လက်မောင်းကို လှမ်းဆွဲလိုက်တော့သည်။
"ဥက္ကဋ္ဌ၊ ခင်ဗျားက အချိန်ကိုက် ရောက်ချလာတာပဲဗျာ ၊ ကျေးဇူးပြုပြီး မဲ့တုန်နဲ့ စကားပြောရင်း သူ့ကို ဖြောင်းဖြပေးပါဦး၊သူ လှည့်ဖြားခံရပြီးတော့ အတွင်းခံဘောင်းဘီက လွဲလို့ သူ့မှာ ဘာမှ မကျန်တော့မှာကို ကျွန်တော်တို့ တကယ် စိတ်ပူနေတာ၊ပြီးတော့ ကျွန်တော်တို့ ဘယ်လို ရှင်းပြ ရှင်းပြ အရာမထင်ဘူး၊သူက အရမ်း ခေါင်းမာတယ်၊ ခင်ဗျားသာ ပြောရင်တော့ သူ ကျိန်းသေပေါက် နားထောင်မှာပါ၊ ကျေးဇူးပြုပြီးတော့ သူ့ကို ပြောပေးပါဦး"
ယန်ရှုမင်က ဒီအခြေအနေကို သိသည်။ ဆန်ကုန်မြေလေး အမျိုးသမီးတစ်ယောက်က မဲ့တုန်ကို လှည့်ဖြားနေသည်လို့ သူ့အခန်းဖော်တွေက တွေးမိပြီး အထင်လွဲနေကြတာ ဖြစ်သည်။ပြီးတော့ အဲ့ဒီ ဆန်ကုန်မြေလေး အမျိုးသမီးက သူ ဖြစ်နေသည်လေ။ သူ မေးလိုက်သည်။
"ဘာတွေ ဖြစ်နေကြတာလဲ?"
တုချွမ်က ချက်ချင်းပဲ စကားများသော လေအိုးတစ်ယောက် ဖြစ်သွား၏။
"ဥက္ကဋ္ဌ၊ ကျွန်တော် ခင်ဗျားကို ပြောပြပါရစေ၊ ကျွန်တော်တို့ မိသားစုရဲ့ မဲ့ဇီက လူကောင်းလေးပါ၊ ဒီကလေးရဲ့ ရုပ်ရည်က အနုပညာရှင်တွေကို မမှီပေမဲ့ အတော်လေး ကြည့်ကောင်းနေတုန်းပဲ၊သူ့မိသားစုက တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံး စာရင်းဝင်ထဲ မပါရင်တောင်မှ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးပါ၊ ထပ်မပြောချင်တော့ပေမဲ့ သူက အနာဂတ် လူ့အဖွဲ့အစည်းအတွက် ပင်မထောက်တိုင်တစ်ခု မဖြစ်လာရင်တောင်မှ သူ့မေဂျာမှာတော့ ထိပ်ဆုံးကျောင်းသားတစ်ယောက်ပါ၊ ဒါတွေ ခဏထားလိုက်ဦး ၊ ပြီးတော့ သူက ဘာမှ နားမလည်သေးဘူးဗျာ၊ သူ အထက်တန်းကျောင်းမှာထဲက ကောင်မလေးတစ်ယောက်ကို ကြိတ်ကြိတ်နေခဲ့တယ် ၊သူမအတွက် နန်ကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ သူ့ကို သူမက လျစ်လျူရှုထားတယ်။ အခုထိ သူက စွဲစွဲမြဲမြဲနဲ့ အချစ်ရူးတစ်ယောက် လုပ်နေပြီးတော့ သူမကို ပျိုးထောင်ပေးဖို့ ကြိုးစားနေတုန်းပဲ။တစ်စုံတစ်ယောက်က သူ့ကို တကယ်ကြိုက်တယ်ဆိုရင် ၊နှစ်တွေ ဒီလောက်ကြာတဲ့အထိ စောင့်မနေဘဲ အထက်တန်းကျောင်းမှာထဲက ကြိုးစားကြည့်သင့်တယ်လေ။သူတို့က သူ့ကို တကယ်မကြိုက်ဘူးဆိုရင် ဒီလိုမျိုး ကြိုက်တာလိုလို ၊မကြိုက်ဘူးလိုလို ပူလိုက်အေးလိုက် ကစားနေမဲ့အစား သူ့ကို ချက်ချင်း ငြင်းလိုက်သင့်တယ်လေ၊ခင်ဗျား သဘောမတူဘူးလား? အဲ့ဒီသူက လူကောင်းတစ်ယောက် လုံးဝမဟုတ်ဘူး!"
ယန်ရှုမင်က လေးလေးနက်နက်ဖြင့် ခေါင်းငြိမ့်ပြီး အပြုံးတစ်ပွင့်နှင့် မဲ့တုန်ကို ကြည့်လိုက်သည်။
'ဆန်ကုန်မြေလေး အမျိုးသမီး'ဆိုပြီး သူတို့ ခေါ်နေကြတဲ့ လူရဲ့ ရှေ့မှောက်မှာ တုချွမ်က ရှိသမျှအရာအားလုံး ထုတ်ပြောလိုက်သည်ကို မဲ့တုန် နားထောင်နေရင်း သူ့မျက်နှာက တွန့်လိမ်ရှုံ့တွသွားရပါ၏။ သူက အားနည်းစွာဖြင့် ရှင်းပြပါသည်။
"မဟုတ်ဘူး ... မင်းတို့တွေ တကယ်ကို အထင်လွဲနေကြပြီ"
ဒါ တကယ်ကို အထင်လွဲနေတာပါပဲ၊ဒါပေမဲ့ ရှင်းပြဖို့တော့ မလွယ်ပါ
ဆန်ကုန်မြေလေး အမျိုးသမီးဆိုတာ လုံးဝမရှိဘဲ၊ အဲ့ဒီလူက ယန်ရှုမင်ပါလို့ မဲ့တုန် ပြောလိုက်ရုံနဲ့ကို အထင်လွဲနေတာ အားလုံးက ရှင်းလင်းသွားလိမ့်မည်။ ဒါပေမဲ့ မဲ့တုန်က ဒါကို ပြောဖို့ မဖြစ်နိုင်ခဲ့ပေ။ဒါကြောင့် သူက အထင်လွဲနေကြတယ်လို့ အခိုင်အမာ ပြောနေခဲ့ပြီး၊ထပ်ရှင်းပြဖို့ကို ငြင်းဆန်နေသဖြင့် သူ့အခန်းဖော်တွေအတွက်တော့ သူက အချစ်ရူးတစ်ယောက်ထက် မပိုတဲ့ ပုံစံဖြစ်သွားသည်။
ယန်ရှုမင်က တုချွမ်၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး 'ဒါကို ငါ ကိုင်တွယ်နိုင်ပါတယ်'ဆိုသော အပြုအမူကို ထုတ်သုံးလိုက်သည်။သူက မဲ့တုန်ကို ပြောလာသည်။
"အပြင်သွားရအောင်လား? ရွှယ်ပါ့ ၊ မင်းကို ကိုယ် ထမင်းတစ်နပ်လောက် ကျွေးချင်လို့ ရမလား"
ထိုအချိန်၌ မဲ့တုန်သည် သူ့အခန်းဖော်များ ဘာတွေပြောနေကြလဲဆိုတာကို စိတ်မဝင်စားတော့ပေ။ ယန်ရှုမင်က သူ့ကို အပြင်မှာ ညစာ ထွက်စားဖို့ တကယ်ပဲ လာခေါ်တယ်လို့ ! သူ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီးမှသာ ယန်ရှုမင်၏ အသွင်အပြင်က နေ့လည်တုန်းက ပုံစံနဲ့ မတူဘဲ ထူးထူးခြားခြားဖြစ်နေသည်ဆိုတာ သတိထားမိတော့သည်။
နေ့လည်က ယန်ရှုမင်သည် သူ့ကို နားနေခန်းမှာ လာရှာခဲ့သည်။သူက မီးခိုးရောင်ဟူဒီ၏ အပေါ်တွင် အနက်ရောင် လေကာအင်္ကျီကို ထပ်ဝတ်ထားခဲ့သည်။ သူ၏ မြင့်မားသော အရပ်အမောင်းနှင့် ကောင်းမွန်သည့် ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ယန်ရှုမင်က အင်္ကျီချိတ်တစ်ခုအလား ဘာပဲဝတ်ဝတ် အလွန်တင့်တယ်သည်။
ဒါပေမဲ့ သူက အခုတော့ အရင်ထက်ပိုပြီး ထူးကဲစွာ ကြည့်ကောင်းနေသည်။ သားမွေးကုတ်အင်္ကျီက အတွင်းတွင် ဝတ်ထားသမျှကို ဖုံးကွယ်လုနီးပါး ဖြစ်သော်လည်း တစ်နည်းတစ်ဖုံအားဖြင့် အောက်ဘက်ရှိ အနက်ရောင်ဝတ်စုံ၏ အသွင်ကို ထင်ရှားနေစေသည်။
ယန်ရှုမင်က တကယ်ကို suit ဝတ်ပြီး လာခဲ့တာပဲ!
သူ၏ ဆံပင်စတိုင်ကိုလည်း အရေးကြီးချိန်းဆိုထားတာ ရှိနေသလို သေသပ်ရှင်းလင်းစွာ ပြင်ဆင်ထားသည်။
မဲ့တုန် မြန်မြန် ပြောလိုက်သည်။
"ကျွန်တော်လည်း အဝတ်အစားတွေလဲဖို့ လိုတယ်၊ ခင်ဗျား ကျွန်တော့်ကို အပြင်မှာ စောင့်နေပေးလို့ရမလား?"
သူ့အဝတ်ဘီရိုကို လှန်လှောပြီး အရင်တစ်ခါက ယန်ရှုမင်နဲ့ ညစာသွားစားဖို့ ဆိုပြီး ဝယ်ထားတဲ့ အဝတ်အစားအသစ်တွေကို မဲ့တုန် ရှာတွေ့သည်။ ထိုစဥ်က မဲ့တုန်သည် ဤအဝတ်အစားများအပေါ် စိတ်ကျေနပ်မှုရှိခဲ့သော်လည်း သူ ဒါတွေကို တစ်ကြိမ် ဝတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
ဒီလို အရေးကြီးတဲ့ အချိန်အခါမှာ အရင်တစ်ခါက ဝတ်ထားတဲ့ အဝတ်အစားကိုပဲ နောက်တစ်ခါထပ်ပြီး ဘာလို့ ဝတ်နေရမှာလဲ?
သူက အဝတ်အစားဝတ်တဲ့နေရာမှာ ခေတ်နဲ့အမှီ လိုက်ဝတ်နေလေ့မရှိပေ။များသောအားဖြင့် သူဝတ်သမျှက သက်တောင့်သက်သာ ရှိတာတွေပဲ ဖြစ်သည်။သူ့အဝတ်ဘီရိုထဲ ကြည့်ရင်း ဘာဝတ်ရမလဲ ဆိုပြီးလမ်းပျောက်နေရတာ အခုမှသာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
သူ အသက် ၁၈နှစ်ပြည့် မွေးနေ့တုန်းက သူ့အမေသည် မဲ့တုန်ကို ဝတ်စုံတစ်စုံ ပေးခဲ့သည်။လေးနက်ပြီး ရှေးရိုးဆန်သည့် ဝတ်စုံမျိုး မဟုတ်ပဲ သွက်လက်မြူးကြွသော ပုံစံဖြင့် ခေတ်ဆန်သော အဖြူရောင်ဝတ်စုံ ဖြစ်သည်။ သူ့အမေ၏ စကားများက အနည်းငယ် ပွင့်ပွင့်လင်းလင်း ရှိလှသည်။
"သားက အရပ်မှ သိပ်မရှည်ပဲ ၊ အနက်ရောင်ဝတ်စုံပြည့်က သားကို ထင်ရှားပေါ်လွင်နေအောင် မလုပ်နိုင်မှာ မေမေ စိုးရိမ်လို့လေ"
ဒါပေမဲ့၊ ဒါပေမဲ့ ...အခု ဒီလိုမျိုးဝတ်သွားရင် အရမ်း အကဲပိုနေမယ် ထင်တာပဲ
ယန်ရှုမင်က ဒီည ဖွင့်မပြောခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ? မဲ့တုန်က အခြေအနေကို အဓိပ္ပါယ်ကောက်လွဲပြီး ဒီဝတ်စုံကို ဝတ်သွားမိလို့ သူ့ကိုယ်သူ ဟာသဖြစ်အောင် လုပ်မိသွားမှာလား?
အခုထိ မဲ့တုန်မှာ သူ့ကိုယ်သူ မြန်မြန်လေး အားပေးနေရသည်။
မဟုတ်ဘူး ... အဲ့လိုမှ မဖြစ်နိုင်တာ
ယန်ရှုမင်ကတော့ သူ့ကို ယုံကြည်မှုလွန်ကဲနေသည့် ငတုံးတစ်ယောက် ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူ အသေအချာ ယုံကြည်ပါသည်။
ယန်ရှုမင်က အနောက်တိုင်းဝတ်စုံပြည့် ဝတ်၍ သူ့အဆောင်အထိ ရောက်လာပြီးတော့ သူ့ကို ညစာစားဖို့ ဖိတ်သည်။မဲ့တုန်သည် တစ်ခုခုဆို တွန့်ဆုတ်တတ်ပြီး သူရဲဘောကြောင်တဲ့သူ ထပ်မဖြစ်ချင်တော့ပါ၊ သူ အချိန်အကြာကြီး မဝံ့မရဲနဲ့ နေခဲ့ရပြီးပြီလေ။
မဲ့တုန်သည် နားနေခန်းမှ အဆောင်သို့ ပြန်ရောက်ပြီးနောက် စာရေးစားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူ တွေးနေတာကတော့ :
ယန်ရှုမင်က သူ့ကို အရင်ထဲက သတိထားမိတယ်ဆိုတော့ အားကစားပွဲတုန်းက အဖြစ်အပျက်က ဒီတိုင်း တိုက်ဆိုင်တာတော့ မဟုတ်နိုင်ဘူး၊ သူက ငါ့ကို တွေ့တယ်၊ ငါ ဒဏ်ရာရသွားတာကို တွေ့တယ်၊ဒါကြောင့် သူ လာခဲ့တာပေါ့၊ ပြီးတော့ ယန်ရှုမင်က အထက်တန်းကျောင်းတုန်းက အကြောင်းတွေ အကုန်သိနေတယ်၊တစ်စုံတစ်ယောက်က သူ့ကို ရည်မှန်းချက်ပန်းတိုင်အဖြစ်ထားပြီး သူ့နောက်ကနေ တိတ်တိတ်လေး လိုက်နေတာကို သိတယ်၊ အတန်းတိုင်းမှာ ထိပ်ဆုံးကျောင်းသားဖြစ်တဲ့ မဲ့တုန်ရဲ့ ဓါတ်ပုံက သူ့ဓါတ်ပုံရဲ့ ဘေးမှာရှိတာလည်း သိတယ်၊ အင်္ဂလိပ်စကားပြောပြိုင်ပွဲတုန်းက မဲ့တုန် ပေါက်ကရစိတ်ကူးနဲ့ ဂျာမန်လို ပြောခဲ့တာကိုလည်း သူသိနေတယ်
သူသာ အစောထဲက သတ္တိရှိခဲ့ရင် သူတို့ စောစောစီးစီးထဲက ဆုံတွေ့ခဲ့ရမှာလား?စိတ်ကူးယဥ် အိပ်မက်တွေက အမှန်တကယ် ဖြစ်လာနိုင်မှာလား? သူတို့ မတွဲဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ သူတို့ အချင်းချင်း သိနေလောက်ပြီပေါ့။
မဲ့တုန် အသက်ဝဝ ရှူလိုက်ပြီး သူ တစ်ခါမှ မဝတ်ဖူးပဲ၊ ဖုန်မတက်စေရန် အဝတ်အိတ်ထဲ အမြဲထည့်သိမ်းထားခဲ့ရသော၊ ဝတ်စုံအားလုံးထဲမှာ အခမ်းနားဆုံး၊ကြည့်အကောင်းဆုံး ဖြစ်သည့် အဖြူရောင်ဝတ်စုံကို ဘီရိုထဲမှ ထုတ်ယူလိုက်တော့သည်။
သူ့အခန်းဖော်တွေကတော့ အခုထိ သူ့ကို ဖြောင်းဖြနေကြဆဲ ဖြစ်သည်။
သူတို့စကားများ၏ အဓိကဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ : မင်းက ယန်ရှုမင်နဲ့ အပြင်ထွက်ပြီး ညစာသွားစားမယ်ဆိုကတည်းက မင်းကို ဖွင့်ပြောမယ်လို့ ပြောထားတဲ့ လူအကြောင်း ထပ်မတွေးနဲ့တော့ ၊ ယန်ရှုမင် ပြောသမျှ ဘာပဲဖြစ်ဖြစ် နားထောင်၊ငါတို့ကို မင်း မယုံဘူးဆိုရင်တောင် အနည်းဆုံးတော့ ယန်ရှုမင်ကို ယုံကြည်ပါ။
မဲ့တုန် အပြင်မသွားခင်မှာလည်း သူ့မှာ ယန်ရှုမင် ဘာပြောပြော သေချာ ဂရုတစိုက် နားထောင်ပါ့မယ်လို့ ကတိပေးခဲ့ရသေး၏။
အခန်းတံခါး၏ အပြင်ဘက်သို့ မဲ့တုန် ထွက်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရတ် သတ္တိတွေ တရှိန်ထိုး တက်လာသလို ခံစားရ၏။ ညစာစားချိန်ဆိုတော့ လူအများကြီးက အခန်းအပြင်ထွက်လာပြီး သွားလာနေကြသည်။ တချို့က ညစာထွက်စားဖို့ ပြင်ဆင်နေကြပြီး တချို့က ညစာစားပြီးလို့ ပြန်လာကြသည်၊ တခြားသူတွေက အောက်ထပ်ဆင်းပြီး ပါဆယ်မှာထားတာတွေကို သွားယူနေကြသည်။
ယန်ရှုမင်က နတ်သမီးပုံပြင်ထဲက မင်းသားလေးတစ်ပါးလို ဝတ်စားထားသည်။သူ မဲ့တုန်၏ အခန်းတံခါးမှာ ရပ်စောင့်နေတဲ့ပုံစံက ပုံပြင်စာအုပ်ထဲကနေ အပြင်ထွက်လာခဲ့သလိုပင်။ သူက လျှောက်လမ်းတစ်ဖက်ရှိ ပြတင်းပေါက်ဘောင်ကို မှီ၍ ရပ်နေရာမှ မဲ့တုန်ဆီသို့ လျှောက်လှမ်းလာလေသည်။
သူ၏ ဝတ်စုံကြောင့်လည်း ဖြစ်နိုင်သည်၊ ယန်ရှုမင်၏ ကိုယ်နေဟန်ထားက လူကြီးလူကောင်းဆန်စွာ မွန်မွန်ရည်ရည်ရှိလှသည်။ သူက မဲ့တုန်ကို အချိန်အချို့ကြာအောင် စောင့်နေခဲ့ရသည့်တိုင် စိတ်မရှည်သော အရိပ်အယောင် လုံးဝရှိမနေပါ။ သူ့၏ လေသံက နူးညံ့နေမြဲပင်။
"သွားတော့မလား? မင်းက ကိုယ့်ကို ဆန်ကုန်မြေလေး အမျိုးသမီး တစ်ယောက်လို သရုပ်ဆောင်ခိုင်းထားပြီးပြီဆိုတော့ ၊ကိုယ့်ကို အနည်းဆုံး ထမင်းတစ်နပ်နဲ့တော့ လျော်ကြေးပေးသင့်တာပေါ့၊ ဟုတ်တယ်မလား?"
မဲ့တုန်သည် ယန်ရှုမင်မှ သူ့ဆီ ကမ်းလင့်ပေးလာသော လက်ကို ကြည့်ပြီး ယုံကြည်မှုရှိရှိဖြင့် သူ့လက်ကိုပါ ဆန့်တန်းပေးလိုက်သည်၊ ပြီးတော့ ယန်ရှုမင်က သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။လူများ ရှုပ်ထွေးနေသော လျှောက်လမ်းတွင် ယန်ရှုမင်က သူ့လက်ချောင်းများဖြင့် မဲ့တုန်၏ လက်ချောင်းလေးများကို ထွေးယှက်ဆုပ်ကိုင်ထားလေသည်။
နှလုံးသားထဲတွင် မဲ့တုန် သူ့ကိုယ်သူ စကားပြောနေခဲ့သည်။
မဲ့တုန်၊ မဲ့တုန်၊ မင်း ဘာမှ လုပ်စရာမလိုပါဘူး၊မင်း လေးနှစ်ကြာအောင် ကြိုက်ခဲ့ရတဲ့လူက မင်းရဲ့အသည်းကို ဘယ်တော့မှ မခွဲဘူးဆိုတာပဲ ယုံကြည်ထားစမ်းပါကွာ
++++++++
စာရေးသူ၏ မှတ်စု
ဒန် တန် !မနေ့က ငါ နားရက်တစ်ရက်ယူပြီး ဒါကို ရေးနေခဲ့တာပါ ကိုယ့်လူတို့။
ပြီးတော့ ကလေးအချို့ကို အလွန်အမင်း ဆတ်ဆတ်ထိမခံနိုင်တဲ့သူတွေ၊ စကား လွန်လွန်ကျွံကျွံ ပြောတတ်တဲ့သူတွေဆီကနေ ကာကွယ်ပေးဖို့အတွက် ဒီအခန်းဖော်တွေက ပိုက်ဆံအကြောင်း ဘာလို့ ပြောနေရလဲဆိုတာ ငါ့ကို ရှင်းပြခွင့်ပြုနော်။
အခန်းဖော်တွေက မဲ့ဇီတစ်ယောက် လှည့်စားခံနေရတယ်လို့ အခိုင်အမာ ယုံကြည်ထားကြလို့ပဲ။ လှည့်စားခံရတာတွေက များသောအားဖြင့် ပိုက်ဆံကြောင့်နဲ့ relatio
nshipကိစ္စကြောင့်ပဲမဟုတ်လား။
ဒါပေမဲ့ မဲ့တုန်က video calls တွေ၊ အတွင်းကျကျကိစ္စတွေနဲ့ ပတ်သက်နေတတ်တဲ့သူမျိုးမှ မဟုတ်တာ၊ သူက လူတွေနဲ့ ဆက်ဆံရတာကို မကြိုက်တဲ့ ရွှယ်ပါ့လေးပါပဲ။ ချစ်ရေးချစ်ရာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံက မရှိသလောက် နည်းတာကြောင့်မလို့ မေးသမျှ မေးခွန်းတွေအကုန်လုံးက ပိုက်ဆံအကြောင်းပဲ ဖြစ်နေရတာပါလို့။အရမ်း အကဲဆတ်မနေကြပါနဲ့နော်!