Chapter 20
ဟင်းလျာများက ထူးခြားဆန်းပြားသည်၊ မဲ့တုန်၏ နှလုံးသားမှာ ချိုမြိန်မှုနှင့် မကျေမနပ် ဖြစ်မှုတို့ကို တပြိုင်တည်း ခံစားနေရပါ၏။
အစမ်းတွဲတဲ့ ကာလဆိုတာ ဘာကြီးလဲ? ယန်ရှုမင်က သူ့ကို အရင် ဖွင့်ပြောလာတယ်။သူ့ဘက်က နည်းနည်း တုံ့ဆိုင်းနေမိတာကြောင့် ယန်ရှုမင်အတွက်တော့ ဒီလိုမျိုး ထူးဆန်းတဲ့ 'အစမ်းတွဲကြည့်မဲ့ကာလ'ကို အကြံပေးရတဲ့အထိ ဖြစ်သွားခဲ့တာပဲ။ ဒါက ဘာပဲဖြစ်ဖြစ် ယန်ရှုမင်က သူ့ကို လုံလုံးလောက်လောက် ကြိုက်မနေပါဘူးလို့ ဆိုလိုနေတာမှ မဟုတ်တာ။
သူ့ကိုယ်သူ ဘယ်လိုပဲ ဖြောင်းဖြနေသည်ဖြစ်စေ မဲ့တုန်သည်
မရေမရာဖြစ်နေခြင်းကို မဖယ်ရှားနိုင်ခဲ့ပေ။ဒီလို အစမ်းတွဲကြည့်တဲ့ကာလမှ ယန်ရှုမင်က သူ့ရဲ့ချစ်သူကောင်လေးရော တကယ်ဟုတ်ပါ့မလားလို့ သိချင်နေတာကို ထိန်းလို့မရပါ။
သူတို့ လက်ချင်းတွဲလို့ ရလား? သူတို့ အချင်းချင်း ပွေ့ဖက်လို့ ရလား? ခုနက လုပ်သလိုမျိုး သူတို့ နမ်းလို့ရော ရလား?
မကြာသေးမီက ထိုအနမ်းကြောင့် မဲ့တုန်မှာ နှိပ်စက်ညှင်းပန်းခံရ လုနီးပါး ဖြစ်သွားရပေမဲ့၊ အဲ့ဒါကို သူ သဘောကျတယ်ဆိုတာတော့ ဝန်ခံရမည်။ဒီလိုဖြစ်ရတာကလည်း သူ့မှာ အတွေ့အကြုံ မရှိတာကြောင့်၊ဘယ်လိုမျိုး တုံ့ပြန်ပေးရမလဲဆိုတာကို အခုထိ မလေ့လာရသေးတာကြောင့် ဖြစ်လိမ့်မည်။
ညစာစားပြီးနောက် မဲ့တုန်က ပန်းစည်းကို ကိုင်ထားခဲ့သည်၊ဒါပေမဲ့ ယန်ရှုမင်ကတော့ သူ့လက်ကို တွဲမထားခဲ့ချေ။
အနည်းငယ် စိတ်ထိခိုက်နေခဲ့သဖြင့် မဲ့တုန်က ယန်ရှုမင်၏ ဘေးတွင် ကပ်၍ အမှီ လိုက်လျှောက်နေမိ၏။ သို့သော် ပန်းစည်းကို သယ်လာရတာက သူ့အတွက် သိပ်အဆင်မပြေသလို ယန်ရှုမင်၏ ခြေထောက်များက သူ့ထက် အများကြီး ပိုရှည်လေသည်။ယန်ရှုမင်ကလည်း သူ့အတွက် အရှိန်ကို လျှော့ပေးရန် မကြိုးစားသဖြင့် မဲ့တုန်မှာ မလွဲမသွေပင် ခပ်လှမ်းလှမ်း၌ အနည်းငယ် နောက်ကျကျန်ခဲ့လေသည်။
သူက တစ်လမ်းလုံး ယန်ရှုမင်နောက်ကို တကောက်ကောက် လိုက်ခဲ့ရပါသည်၊ အနည်းငယ်လည်း ဝမ်းနည်းနေမိ၏။နောက်ဆုံးတော့ လူကူးမျဥ်းကြားအရောက်မှာ မဲ့တုန်က ခြင်သံလို တိုးသော အသံနှင့် ပြောလိုက်ပါသည်။
"ယန်ရှုမင်၊ ကျွန်တော် ခင်ဗျားရဲ့လက်ကို ခဏလောက်တွဲမယ်ဆိုရင် စိတ်မရှိဘူး မလား?"
ယန်ရှုမင်က မကြားပါ။
သူ့မှာ ဘယ်လို နားအမျိုးအစားများ ရှိနေတာပါလိမ့်
မဲ့တုန်သည် ၎င်းက ယန်ရှုမင်၏ အမှားမဟုတ်တာ သူ သဘောပေါက်ပေမဲ့ သူ့စိတ်ထဲတွင်တော့ အကျယ်ကြီး အပြစ်ပြောနေမိသည်။လမ်းဆုံးတွင် ကားများ ပြည့်ကြပ်နေပြီး မော်တော်ဆိုင်ကယ်များ ဟွန်းများကို စူးစူးရှရှ အဆက်မပြတ်တီး၍ လူသွားလမ်း စင်္ကြံပေါ်အထိ တက်၍ သွားလာနေကြသည်။ သူ အစကတော့ ယန်ရှုမင် သေချာ ကြားရသည်လို့ ထင်သဖြင့် အသံကျယ်ကျယ် မပြောရဲခဲ့ပေ။
ထင်ထားသလို သူက မဲ့တုန်ပြောတာကို မကြားရပေမဲ့ မဲ့တုန်မှာ လက်လျှော့လိုစိတ် မရှိပါ။သူက ယန်ရှုမင်၏ အင်္ကျီကို ညာဘက်လက်ဖြင့် ညင်ညင်သာသာ ဆွဲလိုက်ပြီး အသံကို နည်းနည်းမြှင့်ပြီး ပြောသည်။
"စီနီယာ ၊ ခင်ဗျား စိတ်မရှိရင် ကျွန်တော့်လက်ကို ခဏလောက် ကိုင်ထားပေးပါလား?"
ထို့နောက် သူ့လက်ကို ခပ်နွေးနွေးလက်ဖဝါးတစ်ခုက ဆုပ်ကိုင်လာပါ၏။ ချက်ချင်းပဲ မဲ့တုန်၏ မျက်လုံးများ နီရဲလာပြန်သည်။ ဒီလို ကတ်သီးကတ်သတ် အစမ်းတွဲကာလ ဆိုတာကြီးကို သူ မကျိန်ဆဲပဲ မနေနိုင်ပါ။ပြီးပြည့်စုံသော ဖွင့်ဟဝန်ခံခြင်းတစ်ခု စတင်လာခဲ့လျှင် သူလုပ်ရမှာ အားလုံးက ယန်ရှုမင်နဲ့အတူ ပျော်ရွှင်ဖွယ် ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ လက်ခံသဘောတူဖို့ တစ်ခုတည်းပင်။ ဒါပေမဲ့ သူရဲ့ အတွေးလွန်ခြင်းနှင့် တွန့်ဆုတ်နေခဲ့ခြင်းတို့က ယန်ရှုမင်ကို မဲ့တုန်မှာ သူနဲ့အတူရှိချင်တဲ့ ဆန္ဒ ရှိရောရှိပါ့မလားဆိုပြီး နားလည်မှုလွဲသွားစေခဲ့သည်။
သူ တုံ့ဆိုင်းနေတာက ယန်ရှုမင်ကြောင့် မဟုတ်သလို၊ သူတို့ရဲ့ ဆက်ဆံရေးကြောင့်လည်း မဟုတ်ပဲ ဝမ်းနည်းစရာအမှတ်တရ တချို့ကြောင့်ပါလို့ ယန်ရှုမင်ကို သူတကယ်ပဲ ရှင်းပြချင်လှသည်။ သူ့အနေနဲ့ အစမ်းတွဲကြည့်သည့် ကာလဆိုတာ မလိုပါကြောင်း၊ သူ ဘယ်တော့မှလဲ နောင်တရမည် မဟုတ်ကြောင်း သူ ယန်ရှုမင်ကို အသည်းအသန် ထုတ်ပြောပြလိုက်ချင်ပါသည်။သူ လိုချင်တာမှန်သမျှကတော့ အခုချက်ခြင်း ယန်ရှုမင်၏ လက်ကို တွဲနိုင်ဖို့၊ပွေ့ဖက်နိုင်ဖို့နှင့်၊ အခုချက်ချင်းပဲ ယန်ရှုမင်ကို နမ်းနိုင်ဖို့ ဖြစ်ပါသည်။
အရင်က နှစ်ကြိမ် အတူတူ လမ်းကူးခဲ့သလိုမျိုး ယန်ရှုမင်က သူ့လက်ကို ကိုင်ထားပေးသည်။
ထိုအပြုအမူက မဲ့တုန်ကို တော်တော်လေး စိတ်အလိုမကျဖြစ်စေသည်။ အခုလက်ရှိမှာ အရာအားလုံးက အရင်လိုမှ မဟုတ်တော့ဘဲ၊ပြီးတော့ သူတို့နှစ်ယောက်လုံးက ဒီနေ့မှာ တော်ဝင် ညစာစားပွဲတစ်ခုကို တက်ရောက်လာခဲ့တဲ့ ပုံစံဖြစ်နေသည်လေ။သူက တောက်ပသော နှင်းဆီပန်းစည်းကြီးကို ကိုင်ထားပြီး၊ အစမ်းတွဲကြည့်နေတယ် ဆိုတာကလွဲရင်၊ သူတို့နှစ်ယောက်က စုံတွဲတွေပါပဲ။
မဲ့တုန်က အသိစိတ်မရှိသလို လမ်းလျှောက်နေခဲ့ပြီး ရုတ်တရတ် ဆတ်ခနဲ အနောက်ဖက်ကို လှမ်းဆွဲတာ ခံလိုက်ရသည်။ သူကြည့်မိတော့ လျှပ်စစ်စကူတာတစ်စီးက ခုနက သူရပ်နေမိတဲ့ လမ်းကြောင်းကနေ မောင်းနှင်သွားသည်ကို သိလိုက်မိသည်။စကူတာ ပိုင်ရှင်က မီးစိမ်းနေတာ ရပ်တန့်သွားတာနဲ့ အတော်လေး အလျင်စလို မောင်းနှင်သွားပုံရသည်။မဲ့တုန် များများစားစား မတွေးမိပေမဲ့ ယန်ရှုမင်ကတော့ မျက်မှောင်ကြုတ်သွား၏၊ မျက်လုံးများကလည်း မဲ့တုန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"မင်းကို တိုက်မိသွားသေးလား?"
မဲ့တုန် ခေါင်းခါလိုက်သည်။
"ဟင့်အင်း"
ထို့နောက် ယန်ရှုမင်က မဲ့တုန် လက်ကို ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်ထားတော့သည်။
မဲ့တုန်မှာ နာကျင်မှုအနည်းငယ်ကိုပင် ခံစားနေရ၏။ပြီးတော့ သူပြောလိုက်တော့သည်။
"ယန်ရှုမင်၊ကျွန်တော် အစမ်းတွဲကြည့်တဲ့ကာလကို မလိုချင်ဘူး"
ယန်ရှုမင်က "ဟင်" လို့ အသံနိမ့်နိမ့်နဲ့ ရေရွတ်ပြီးတော့ မေးသည်။
"ဘာဖြစ်လို့လဲ?"
မဲ့တုန်က သူ့ခံစားချက်များကို အလျင်စလို သွန်ထုတ်လာတော့သည်။
"အစမ်းတွဲကြည့်တယ်ဆိုတာက တွဲကြည့်တဲ့ ဆက်ဆံရေးလိုပဲ ဆိုပေမဲ့၊ ဒီလို အစမ်းတွဲနေရင်း ခင်ဗျား ကျွန်တော့်အပေါ် အကောင်းမြင်နေတဲ့ အမှတ်တွေ လျော့သွားနိုင်တာမျိုး ဖြစ်လာမှာလား မသိနိုင်ဘူး၊ကျွန်တော်ကတော့ သေချာ အတည်အတံ့ မလုပ်နိုင်မှာ စိတ်ပူတယ်"
ယန်ရှုမင် စိတ်ရှည်ရှည်နဲ့ အမှားပြင်ပေးသည်။
"မဲ့တုန်၊ ဒီအစမ်းတွဲကြည့်မဲ့ကာလ ဆိုတာ မင်းအတွက်ပါ၊ ကိုယ့်အပေါ် အမှတ်တွေ လျှော့ပစ်ဖို့လေ"
မဲ့တုန် မျက်တောင်ခတ်လိုက်သည် "ဟမ်?"
ယခုက ဒီဇင်ဘာလ၊ခရစ်စမတ်ပွဲတော် ကျင်းပချိန်နှင့် နီးကပ်နေသည့် ကာလဖြစ်သည်။ယခုကဲ့သို အားလပ်ရက်များက လူငယ်များအကြားတွင် တဖြည်းဖြည်းနှင့် ပို၍ လူသိများလာလျက်။ နိုဝင်ဘာလကုန် ရောက်သည်နှင့် ဈေးဝယ်စင်တာကြီးများတွင် ခရစ်စမတ်သစ်ပင် အမြောက်အမြားများကို ပြင်ဆင်ထားတတ်သည်။သူတို့နှစ်ယောက် ကျောင်းဝင်ပေါက်နားရှိ လူသွားစင်္ကြံပေါ်တွင် လမ်းလျှောက်နေတုန်း ကွင်းပြင်၏အလယ်တွင် ဘယ်အချိန်က စိုက်ထူလိုက်မှန်း မသိသော ခရစ်စမတ်သစ်ပင်တစ်ပင်ကို သတိထားမိလိုက်သည်။
ကျောင်းသားများက ထိုသစ်ပင်နဲ့ ဓါတ်ပုံ လာရိုက်ရင်း တဖြည်းဖြည်း လူအစုအဝေးတစ်ခု ဖြစ်လာခဲ့ပြီး ပွဲတော်တစ်ခု ကျင်းပနေခဲ့သလိုပင်။
ယန်ရှုမင်ကို သိတဲ့လူတွေ တပုံတပင်ရှိသော ကျောင်းဝင်းအတွင်းသို့ သူတို့နှစ်ယောက် ဝင်လာပေမဲ့ ယန်ရှုမင်ကတော့ မဲ့တုန်၏ လက်ကို ကိုင်ထားမြဲဖြစ်သည်။ယန်ရှုမင် အာရုံစိုက်ခံရတာကို ရှောင်မနေတော့သလို မဲ့တုန်နှင့် အကွာအဝေးတစ်ခု ခြားမနေခဲ့ပါ။ချစ်ကြည်နူးဖွယ် ဖွင့်ဟဝန်ခံမှုမှ ရရှိလာသော ပန်းစည်းကို ပွေ့ထားသည့် အစမ်းခန့် ချစ်သူကောင်လေး၏လက်ကိုပဲ ယန်ရှုမင်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။
ယန်ရှုမင်က သူ့ကို ရှင်းပြသည်။
"ကိုယ် မင်းရဲ့ ဒိုင်ယာရီကို ဖတ်လို့မပြီးသေးပေမဲ့ တော်တော်များများကိုတော့ ကိုယ် ကျော်ပြီး ဖတ်ထားတယ်၊ မင်း ကိုယ့်ကို ပုံဖော်ထားခဲ့တဲ့ ပုံစံက နည်းနည်းတော့ လွဲနေတယ်၊ ကိုယ်က မင်းထင်သလောက် မကောင်းဘူး"
မဲ့တုန် ခေါင်းခါသည်။
"မဟုတ်ပါဘူး၊ ခင်ဗျားက တကယ်ကောင်းပါတယ်"
ယန်ရှုမင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒါဆို မင်း ကိုယ့်ရဲ့ မကောင်းတဲ့အချက် သုံးခုကို စာရင်းလုပ်ပြ"
မဲ့တုန် မျက်ခုံးများ တွန့်လိုက်ပြီး သူ့ဦးနှောက်ကို နှိပ်စက်လိုက်သည်။သူက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အပြောင်းအလဲကို အပြည့်အဝ ချိန်ညှိယူလို့ မရသေးဘူး၊နောက်ပြီး ဒီစကားလုံးများက သူ့အပေါ် တနည်းတဖုံ ရက်စက်ရာကျသည်။ လေးနှစ်ကြာအောင် ကြိုက်ခဲ့ရတဲ့ လူရဲ့ မကောင်းတဲ့အချက်သုံးခုကို စာရင်းလုပ်ပေးဆိုပြီး ဘယ်လိုများ အတင်းအကြပ် ခိုင်းရတာပါလိမ့်? ယန်ရှုမင်မှာ ဘယ်လို မကောင်းတဲ့အချက်တွေရှိမလဲ သူလည်း သိချင်လာသဖြင့် ထပ်တလဲလဲ စဥ်းစားကြည့်လေသည်။
ယန်ရှုမင်က ရယ်လေသည်။
"တစ်ခုလေးတောင် မပြောနိုင်ဘူးပေါ့?"
မဲ့တုန် ခေါင်းငြိမ့်လိုက်၏။
"အမ်း ၊ ခင်ဗျားမှာ မကောင်းတဲ့အချက် မရှိဘူး"
ထို့နောက် "ကမ္ဘာပေါ်မှာ အစစ အရာရာ ပြီးပြည့်စုံတဲ့လူဆိုတာ ရှိလား?" လို့ ယန်ရှုမင်က မေးလေသည်။
သူ သိပ်ပြီး အကျိုးသင့် အကြောင့်သင့် မပြောတတ်ဟု မဲ့တုန် ခံစားလိုက်ရ၏။
"အဲ့လိုလူ မရှိဘူးဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ မျက်လုံးထဲမှာတော့ ခင်ဗျားမှာ အပြစ်အနာအဆာ မရှိဘူး၊ရှိနေခဲ့ရင်လည်း ကျွန်တော့်အတွက်တော့ ကိစ္စမရှိဘူး။ တစ်စုံတစ်ယောက်မှာ အပြစ်အနာအဆာ ရှိနေတာနဲ့ အဲ့ဒီလူကို သဘောမကျတော့ဘူးဆိုတာမျိုး ရှိလို့လား?ဒါဆို ကမ္ဘာပေါ်က ဘယ်သူကမှ ကြိုက်ချင်စရာ မဟုတ်ဘူး၊ ကျွန်တော့်ကိုလည်း ဘယ်သူကမှ ကြိုက်မှာမဟုတ်ဘူး"
ယန်ရှုမင်လည်း ပြောစရာစကား မရှိ ဖြစ်သွားတော့သည်။အခုမှပဲ မဲ့တုန်က စကားရည်လုပြိုင်ပွဲမှာ ဘာလို့ ဝင်ပြိုင်သင့်တာလဲဆိုတာ ကိုပါ နားလည်သွားရပြီ။ သူက တကယ်ကို စိတ်ဆတ်တတ်တဲ့ လူမျိုးပဲ။
မဲ့တုန်က လူတွေနဲ့ ဆွေးနွေးငြင်းခုံဖို့အတွက် အရမ်းသင့်တော်သည်။ မျက်နှာစိမ်းတွေ ပတ်သက်ရချိန်မှာလည်း မဲ့တုန်က မျက်နှာပေါ်တွင် အမူအရာ များများစားစား ထုတ်ပြလေ့မရှိ။ ကောင်းတာဆို စူးစူးစိုက်စိုက် ကြည့်မည်၊မကောင်းတာဆိုရင် မျက်နှာထားတင်းတင်း ထားမည်။သူ အယူအဆတွေကို ထုတ်ပြောပြီဆိုရင် အခြားသူတွေ ပြန်ငြင်းခုံဖို့ ခက်ခဲအောင် လုပ်နိုင်တဲ့ သူ့ရဲ့တင်တင်စီးစီး ပြောပုံဆိုပုံကို ထုတ်သုံးမည်။
ယန်ရှုမင်ကတော့ မဲ့တုန်က တမင်တကာ ရည်ရွယ်ပြီး ပြုမူတာမဟုတ်မှန်း ယုံကြည်ပါသည်။ဒါက စာပေလေ့လာခြင်းနတ်ဘုရားတစ်ပါး ဆိုသော မဲ့တုန်၏ဂုဏ်ပုဒ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါဟု သူမှန်းဆမိသည်။
မဲ့တုန်ကတော့ သူ ချက်ကျလက်ကျ ရှင်းပြနိုင်ပြီဟု ထင်လေသည်။ အဲဒါ မမှန်လို့လား?
'အလှတရားဆိုတာ ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ ရှိတယ်' လို့ ဆိုရိုးစကားတစ်ခု ရှိသည်လေ၊အဲ့ဒါနဲ့ သူပြောတာက ဆိုလိုချင်တာချင်း ဆင်တူသည်။ဒါပေါ့၊ လွယ်လွယ် ကျော်သွားပေးလို့ရတဲ့ အပြစ်အနာအဆာက စည်းလွတ်ဘောင်လွတ်တွေတော့ မဖြစ်သင့်ဘူးပေါ့။ ထိုကဲ့သို့ အချက်တွေက လွဲရင် ကျန်တဲ့ အနာအဆာတွေ၊မကောင်းတာတွေကို ဘေးချိတ်ထားလို့ ရသည်၊အခုမှ စတွဲခါစ စုံတွဲတွေကတော့ ဒါမျိုးကို ပိုထူးချွန်တာပေါ့။
သူက သူ့ကိုယ်သူ ခုခံပြောဆိုလိုက်၏။
"ကျွန်တော် တွန့်ဆုတ်နေတာက ခင်ဗျားကြောင့် မဟုတ်ပါဘူး၊ ကျွန်တော် ကလေးဘဝက အကြောင်းတချို့ကို သတိရသွားလို့ပါ၊ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို ကြိုက်တယ်လို့ ပြောတဲ့အခါ ကျွန်တော် ချက်ချင်း မယုံနိုင်ခဲ့ဘူးလေ"
ညလေညှင်းက အနည်းငယ် ချမ်းစိမ့်စိမ့် ဆိုပေမဲ့ သူတို့ကို ဖြတ်တိုက်သွားချိန်မှာတော့ သိပ်အေးမနေပါ။ မဲ့တုန်၏ လက်တွေက အပြင်မှာ ရှိနေသဖြင့် နည်းနည်းတော့ အေးသွားသည်။ယန်ရှုမင်က မဲ့တုန်၏ လက်ကို ဆွဲယူလိုက်ပြီး သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်တော့၏။သူတို့သည် တက္ကသိုလ်ပရဝုဏ်ထဲတွင် လမ်းလျှောက်နေခဲ့ပြီး မဲ့တုန်က နှင်းဆီပန်းများကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားခဲ့မြဲ။ယန်ရှုမင်က ပန်းစည်းကို လောလောဆယ် ခဏဘေးဖယ်ထားဖို့ အကြံပေးသော်လည်း မဲ့တုန် ငြင်းလိုက်သည်။
"ပြန်ပြောပြရမယ်ဆိုရင် မင်းကို ကိုယ် တကယ် သိချင်ခဲ့တာ။အဲ့ဒီနေ့က မင်း ကိုယ့်ရဲ့မိန့်ခွန်းကို ဖတ်ခဲ့တယ်ဆိုပေမဲ့ ကိုယ် မင်းကို ဟယ်လို လို့ မပြောခဲ့မိဘူး။ကိုယ်ထင်တာက နောက်လည်း မင်းနဲ့ ဆုံရဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်ပေါ့။ကျောင်းတွင်းလှုပ်ရှားမှုတွေ၊ ပြိုင်ပွဲတွေ၊အဲ့လိုမျိုး ကိုယ်တို့ ဆုံတွေ့နိုင်တဲ့ နေရာတွေပေါ့။ မင်းနဲ့ကိုယ်က ကံအားလျော်စွာနဲ့ တစ်ကြိမ်တစ်ခါတောင် မတွေ့ရဘူးလို့ တကယ်ကို ထင်မထားမိဘူး"
ယန်ရှုမင်က အတိတ်က အထက်တန်းကျောင်းသားလေး မဲ့တုန်ကို ပြန်တွေးနေသဖြင့် အသံက နူးညံ့နေပြီး ခပ်ဖြည်းဖြည်းလေးပင်။အဲ့ဒီအချိန်က မဲ့တုန်သည် အခုထက် အရပ်ပိုပု၊ပိုသေးသွယ်ပြီး၊ တစ်ယောက်ထဲ တသီးတသန့်နေကာ၊ သွေးအေးလူသတ်သမားကဲ့သို့ အသက်မပါသော မျက်နှာနှင့် ဖြစ်၏။
မဲ့တုန်သည်လည်း ယန်ရှုမင်ကြောင့် အတိတ်ကို ပြန်တွေးလိုက်မိသည်။
သူရဲ့ ကိုယ်ပိုင်အတိတ်အကြောင်း စေ့စေ့စပ်စပ် တွေးကြည့်တာ တော်တော်ရှားသည်၊ ဒါက သူ ဒိုင်ယာရီရေးတတ်သည့် အကျင့် ဖြစ်လာရသော အကြောင်းအရင်းများထဲက တစ်ခုပင်။
သူ့အတိတ်အကြောင်းတွေကို သူ သိပ်မမှတ်နိုင်သလိုပင်။မဲ့တုန်က သူ့မှတ်ဥာဏ်နန်းတော်ထဲမှာ ကလေးဘဝမှ လက်ရှိအချိန်အထိ ဘဝတစ်လျှောက်စာ အဖြစ်အပျက် အသေးစိတ်တိုင်းကို သိမ်းဆည်းထားနိုင်မည့် သီးသန့်နေရာတစ်ခု ဖန်တီးဖို့ရာ သူ့ရဲ့ စွမ်းအင်တွေကို အသုံးမပြုချင်ခဲ့ပေ။ထိုအစား နေ့စဥ် ဖြစ်ပျက်ခဲ့သမျှကို ချရေးလိုက်ဖို့ သူ ရွေးချယ်ခဲ့သည်။သူလိုငါလို နေ့စဥ်ဘဝကို မှတ်တမ်းရေးရုံမျှသာ။
အမှန်စင်စစ် မဲ့တုန်၏ဘဝက အကြောင်းထူး သိပ်မများပေ။အတန်းထဲမှာ ထိပ်ဆုံးအဆင့်ကို အမြဲရသည်၊မိဘများနှင့် အငြင်းအခုံ ဖြစ်တာနည်းတဲ့ ပျော်စရာမိသားစုလေး ရှိသည်၊မိုးရေထဲ အရူးထပြီး ပြေးတာလိုမျိုး လူငယ်ဘဝရဲ့သည်းထိပ်ရင်ဖိုကိစ္စတွေမှာ စိတ်အားထက်သန်ကြတဲ့ သူငယ်ချင်းတွေ မရှိ။ သင်ခန်းစာပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ရမှာကိုလည်း သူက အမြဲရှောင်နေတတ်သည်။သူ့ဘဝရဲ့ မှတ်တိုင်အဖြစ် ဆုတစ်ချို့ ရလာသလို အချိန်မျိုးကိုလည်း သူ တိတိကျကျ ရှာမတွေ့ခဲ့ပါ။
နေ့တိုင်း ကျောင်းသွားသည်၊ကျောင်းမှာ စာသင်ယူသည်၊အိမ်မှာ စာလေ့လာသည်၊ပြီးရင် အိပ်စက်သည်။
ဒါက သူ့အတွက် အတိတ်က အမှတ်တရတွေ မပီမပြင် ဝိုးတဝါးဖြစ်နေရသည့် အကြောင်းပင်။
"မင်း သိလား?ကျောင်းမှာ မင်းရဲ့မိသားစုနောက်ခံအကြောင်း ကောလဟာလတွေ ပျံ့နှံ့ခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့တယ်။မင်းတို့ အထက်တန်းပထမနှစ်မှာ ပထမဆုံး မိဘဆရာအစည်းအဝေး ကျင်းပတုန်းက မင်းရဲ့ဖိုးဖိုး လာတက်ခဲ့တယ်။သူက စုတ်စုတ်ပြတ်ပြတ် ဝတ်လာပြီး လက်တွေကလည်း ညစ်ပတ်လို့၊ အဝတ်တွေပေါ်မှာလည်း ဆေးရောင်လား၊တခြားဟာလား မသိတဲ့ အစွန်းအကွက်တွေ ရှိသေးတယ် ဆိုပြီး လူတွေက ပြောနေခဲ့တယ်။ပြီးတော့ မင်းရဲ့မိသားစုက အရမ်းဆင်းရဲပြီး မိဘတွေလည်း မရှိတော့ဘူးတဲ့၊မင်းရဲ့ဖိုးဖိုးက အမှိုက်ကောက်ပြီး မင်းကို ကျောင်းထားပေးရတာလို့ လူတိုင်းက ထင်နေခဲ့တယ်"
ယန်ရှုမင်က ဒီအကြောင်းကို ရယ်သံလေးနှော၍ ပြော၏။ အဲ့တုန်းကသူကိုယ်တိုင်လည်း အဲ့လို ထင်နေခဲ့တာလေ။
မဲ့တုန် အတော်လေး ရှက်သွားသည်၊သူ ဒီအကြောင်းကို တကယ် မသိခဲ့ပေ။ ကျောင်းက အတင်းအဖျင်းတွေကို သူ ဘယ်တုန်းကမှ စိတ်မဝင်စားပါ။သို့ပေမဲ့ ယန်ရှုမင် ဤသို့ ပြောလာမှ မဲ့တုန် တစ်ခုခုကို အမှတ်ရသွားသည်။
အာ ... အံဩစရာမရှိဘူးပဲ။အထက်တန်းပထမနှစ် စာသင်နှစ်ဝက်မှာ တခြားသူတွေက သူ့အပေါ် ဆက်ဆံပုံ ပြောင်းသွားတယ်လို့ ခံစားခဲ့ရတာ မဆန်းတော့ပါဘူး။ပြောင်းလဲသွားတာက သူ့ကို မုန့်တွေ ခဏခဏ ဝယ်ကျွေးကြတာပါပဲ။အစကတော့ မဲ့တုန် ငြင်းသေးတယ်၊ဒါပေမဲ့ သူက ငြင်းဆန်လေ သူ့ကို ခဏခဏ မုန့်ဝယ်ကျွေးတဲ့သူတွေက ပိုများလာ လေလေပဲ။သူတို့က စိတ်ဆုံးဖြတ်ချက်ချထားသလိုမျိုး သူ လက်မခံမချင်း အတင်း မုန့်တွေ ဝယ်ကျွေးခဲ့ကြတာလေ
အဲ့ဒီတော့ သူတို့က သူ့ကို မုန့်ဝယ်စားဖို့တောင် မတတ်နိုင်ဘူးဆိုပြီး နားလည်မှုလွဲသွားကြတာပေါ့ ...
မဲ့တုန်က ကသိကအောက်နဲ့ ရှင်းပြသည်။
"အဲ့ဒီအချိန်က ကျွန်တော့်ရဲ့ မိဘတွေခမျာ တကယ်ကို အလုပ်များနေကြတာ၊ကျွန်တော့်ဖိုးဖိုးကလည်း ရုပ်ထုထုတာလား၊ဘာလား တစ်ခုခုလုပ်နေတော့ အမြဲ ညစ်ပတ်နေတတ်တယ်။ဖိုးဖိုးက ဒါကို သိပ်ဂရုမစိုက်မိဘဲ ကျောင်းကို မလာခင် သေချာ မသန့်ရှင်းလာခဲ့ဘူးလေ"
ယန်ရှုမင် ရယ်ချင်တာကို ထိန်းထားရ၏။
"အမ်း၊ မင်းဖိုးဖိုးက အနုပညာရှင်တစ်ယောက်လို့ မင်းပြောပြတော့ မှ ကိုယ်လည်း ဒါကို တွေးမိတယ်၊နားလည်မှုလွဲတာ အကြီးကြီး ဖြစ်ခဲ့တာပဲ။အဲ့ဒီအချိန်တုန်းက ကိုယ် မနက်စာဝယ်တိုင်း မင်းအကြောင်းကို အမြဲတွေးမိတယ်၊ ဒီလို ဆင်းရဲတဲ့ ကလေးက ကျောင်းကို ဘာမှ မစားဘဲ ဗိုက်ဟောင်းလောင်းနဲ့ လာခဲ့တာလား ဆိုပြီးလေ"
++++++++