Chapter 21
မဲ့တုန်သည် ချမ်းသာကြွယ်ဝပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစု၏ ကလေးတစ်ယောက် ဖြစ်သည်။
မိဘတွေက အလုပ်အမြဲရှုပ်နေပြီး၊သူတို့ရဲ့ကလေးတွေ ကြီးပြင်းတဲ့အထိ အဖော်မပြုနိုင်တဲ့ သမားရိုးကျ မိသားစုပုံစံနှင့် ခြားနားစွာ၊ မဲ့တုန်၏မိဘများက သူ၏ကလေးဘဝတစ်လျှောက်လုံးတွင် အရေးပါတဲ့ အဖြစ်အပျက်တွေနဲ့ မလွဲချော်သွားရအောင် အမြဲတမ်း အားစိုက်ခဲ့ကြပါ၏။
ဟုတ်တာပေါ့၊ မဲ့တုန် မူကြိုကျောင်းတက်စဥ်ကာလနှင့် မူလတန်းကျောင်း တက်ရောက်သောကာလမှ အဖြစ်အပျက်မှန်သမျှကို ထုတ်ဖော်ဖွင့်ဟလိုက်ပါပြီ။
မူကြိုတက်တုန်းက မိသားစုအားကစားပွဲတော်နေ့ တစ်နေ့လုံး သူတို့မိသားစုလေးက အားအင်အပြည့်နဲ့ ကြိုးစားခဲ့ကြသည်။သူ့မိဘတွေက မဲ့တုန်လေးကို အားကစားပွဲတိုင်းမှာ ကျွမ်းကျွမ်းကျင်ကျင် လမ်းညွှန်ပေးပြီး သူ့အဖိုးအဖွားတွေကလည်း ပရိသတ်ကြားထဲကနေ အကျယ်ကြီး အားပေးခဲ့ကြသည်။အားကစားပွဲတော် ပြီးသွားသောအခါ မဲ့တုန်လေး၏ ပါးမို့မို့က နီရဲနေတော့သည်။ ထို့နောက် မိသားစုတစ်စုလုံးက အောင်ပွဲခံရန် KFC သို့ သွားခဲ့ကြ၏။
ရလဒ်အနေနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို သူ ပထမဆုံး ဖြတ်ခနဲ မြင်လိုက်ရချိန်မှာတော့ စိတ်ရှုပ်စရာပဲလို့ ခံစားခဲ့ရ၏။ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းခဲ့ရပြီး အသက် အရမ်းငယ်နေသေးသဖြင့် ၊ကမ္ဘာပေါ်က လူတိုင်းက ငွေရေးကြေးရေး အခက်အခဲမရှိဘဲ နေထိုင်ကြသည်လို့ သူ ထင်ထားခဲ့၏။ကလေးတိုင်းမှာ သူတို့ကို ချစ်ပေးတဲ့ မိဘတွေ ရှိပြီး၊လူတိုင်းက သန့်စင်တဲ့ မေတ္တာနဲ့၊ ချစ်ခင်ရင်းနှီးစိတ်နဲ့ တခြားသူတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံကြသည်ပေါ့။
သူ၏ မူလတန်းကျောင်းနေ့ရက်များတွင် မဲ့တုန်သည် ကမ္ဘာကြီးကို ရှာဖွေလေ့လာပြီး နားလည်သိရှိလာစေဖို့ အချိန်အကြာကြီး ရခဲ့သည်။
ထိုစဥ်က သူ၏ ပညာထူးချွန်ထက်မြက်မှုကြောင့် မဲ့တုန်က အတန်းခေါင်းဆောင်ဖြစ်လာပြီး ဆရာ၊ဆရာမများ၏ အလုပ်တာဝန်များကို ဝိုင်းကူညီပေးခဲ့၏။
သူ မှတ်မှတ်ရရ ဖြစ်မိသော ပထမအဖြစ်အပျက်က အတန်းထဲမှာ အဆင့်အလယ်အလတ်ရသော မိန်းကလေးတစ်ယောက်နှင့် ဖြစ်၏။ သူမ၏အိမ်စာ စာအုပ်များကို သိမ်းဆည်းရသည့် အချိန်တိုင်း သူမက 'အိမ်မှာ စာအုပ်မေ့ကျန်ခဲ့လို့၊ မနေ့ညက သူမ နေမကောင်းဖြစ်နေလို့' စသော အကြောင်းပြချက်အမျိုးမျိုး ပေးတတ်သဖြင့် စာအုပ်သိမ်းရတာ မဲ့တုန်အတွက် စိန်ခေါ်မှုတစ်ခုလိုပင်။
ထပ်တလဲလဲ ဖြစ်လာတော့ မဲ့တုန်က အတန်းပိုင်ဆရာကို ထိုအခြေအနေအကြောင်း တင်ပြမိသည်၊ ဒါပေမဲ့ ဆရာက နောက်ဆို ဒီကိစ္စကိုသိပ်ဂရုမထားဖို့ သူ့ကို အကြံပေးလာ၏။
ထိုမိန်းကလေး၏ အဖေက သူ့အမေအပေါ် ဖောက်ပြန်ပြီး သူတို့မိသားစုကို ပစ်ထားခဲ့မှန်း မဲ့တုန် နောက်မှသာ သိရတော့သည်။သူမ၏ အမေက အိပ်ယာထဲ လဲနေပြီး၊နေ့တိုင်း သူမ ကျောင်းက ပြန်ရောက်တာနဲ့ သူ့အမေစားဖို့ ချက်ပြုတ်၊သူ့အမေကို အိပ်ရာပေါ်ကနေပြောင်းရွေ့ပြီး ဆေးကြောသန့်စင်ပေးနေရသဖြင့် သူမမှာ အိမ်စာကို ပြီးအောင်လုပ်ဖို့ အချိန်နည်းနည်းပဲ ရှိသည်တဲ့။
ထိုသို့ သိလိုက်ချိန်မှာ မဲ့တုန် သူမကို မကြာမကြာ စူးစမ်းလေ့လာကြည့်တော့သည်။
အခြားအတန်းဖော်တွေကို သူတို့မိဘတွေက ကျောင်းပို့ ကျောင်းကြို လုပ်ပေးကြပေမဲ့ သူမက အမြဲတမ်း တစ်ယောက်တည်း အပြေးအလွှား လာရသည်။ရာသီဥတု ဆိုးရွားလျှင် သူမက ကျောင်းနောက်ကျတတ်သည်။သူမက အခြားသူတွေနဲ့ စကားပြောရတာကို သဘောမကျသလို နေ့လည်စာစားဖို့ စားသောက်တန်းကိုလည်း မသွားပေ။
တစ်နေ့တွင် နေ့လည်စာ စားချိန်ရောက်တော့ မဲ့တုန်က အိမ်က ယူလာတဲ့ ထမင်းဘူးကို သွားအယူ၊ သူမက သူမ၏စာရေးခုံမှာ ထိုင်ရင်း ဈေးအသက်သာဆုံးနှင့် ပုံပန်းမလှသော ပေါင်မုန့်ကို စားနေတာ သူ သတိထားမိသွားသည်။
မဲ့တုန် ရက်ပေါင်းများစွာ ကြာသည်အထိ စိတ်ဒုက္ခရောက်သွားရသည်။ထိုစဥ်က သူ မာနဆိုသည့် အကြောင်းအရာကို သင်ယူခဲ့ရသည်လေ။ အမျိုးမျိုးစဥ်းစားပြီးနောက် မဲ့တုန်က သူမကို နေ့လည်စာ ယူကျွေးရန် ဆုံးဖြတ်လိုက်တော့သည်။သူတို့မိသားစု၏ နာနီကို နှစ်ယောက်စာ နေ့လည်စာဘူးပြင်ဆင်ပေးဖို့ သူ့မှာ ညဘက်မှာထဲက အထူးမှာထားခဲ့သည်။နောက်နေ့ နေ့လည်စာစားချိန်မှာ သူ စားသောက်တန်းကို တမင်တကာ အမြန်ပြေးသွားတော့ ထင်ထားသည့်အတိုင်း သူမက ပေါင်မုန့်ကို တတိတိ ကိုက်ဝါးနေခဲ့၏။
မဲ့တုန်၏ အကြောင်းပြချက်ကတော့ သူ့အဖေရဲ့ ထမင်းဘူးကို မတော်တဆ မှားယူလာခဲ့ပြီး သူ တစ်ယောက်တည်း စားဖို့ အရမ်းများနေလို့ပါပေါ့။မိန်းကလေးက ဗလာသက်သက် စိုက်ကြည့်နေခဲ့ပြီးမှ သူမ၏ မျက်လုံးများ နီရဲလာပြီး "မလိုဘူး"လို့ အခိုင်အမာ ပြောလာခဲ့သည်။
ဘာလုပ်ရမှန်း မသိပေမဲ့ သူကတော့ သူမ၏မာနကို မထိခိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲလို့ မဲ့တုန် တွေးမိခဲ့သည်။
မိန်းကလေးက အမြီးတက်နင်းခံလိုက်ရတဲ့ ကြောင်ကဲ့သို့ ဖြစ်သွားပြီး၊သူ့ကို ပြောသည်။
"ဒီရက်တွေထဲ နင်က ငါ့ကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့ပြီးတော့ ငါ့ကို တမင်တကာ နေ့လည်စာ လာကျွေးတယ်ဆိုတာ သိတယ်၊ဒါပေမဲ့ ငါက အခြားသူတစ်ယောက် ပေးကမ်းစွန့်ကြဲတာကို လိုအပ်ရတဲ့အထိ သနားစရာကောင်းနေတာတော့ မဟုတ်ဘူး"
မဲ့တုန် တကယ်ပဲ ဝမ်းနည်းသွားရ၏။သူ ဘာ အမှားတွေ လုပ်ခဲ့လို့လဲ သူ နားမလည်ခဲ့ပေ။
ဒါပေမဲ့ မဲ့တုန်က ထိုမိန်းကလေးကို အပြစ်မတင်ပါ။သူကိုယ်တိုင်က မှန်မှန်ကန်ကန် မချဥ်းကပ်တတ်လို့ပဲ ခံစားရသည်။
အတန်းထဲမှာ လမ်းလျှောက်ရင် သိသိသာသာ ခွေယိုင်နေသည့် မသန်စွမ်း ကောင်လေးတစ်ယောက် ရှိသည်။သူ ငယ်ငယ်တုန်းက အပြင်းဖျားပြီး သေချာ ထိထိရောက်ရောက် မကုသခဲ့သဖြင့် ထိုသို့ ဖြစ်ရတာလို့ ဆိုသည်။သူက ဆက်တိုက်ဆိုသလို အဖျားပြင်းထန်နေပေမဲ့ သူ့မိဘတွေက သာမန်အအေးမိသည်လို့ ထင်ခဲ့ကြသည်။ကံဆိုးတာကတော့ ၎င်းက ကြာရှည်စွဲမြဲနေသည့် အခြေအနေ ဖြစ်သွားရတာပင်။
သူက ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသလို ပညာရေးမှာလည်း အတော်ညံ့ဖျင်း၏။ အဖျားကြောင့် သူ့ဦးနှောက်က ထိခိုက်သွားသည်ဟု လူတွေက မှန်းဆကြသည်။အတန်းဖော်တွေက ထိုကောင်လေးကို 'ငတုံး'လို့ ခေါ်ကြပြီး၊ စနောက်ကြကာ၊ မကြာခဏဆိုသလို ထိုကောင်လေး၏ ပစ္စည်းများကို ဆွဲလုကြသည်။ပစ္စည်းများကို ဟိုဘက် ဒီဘက် လျှောက်ပစ်ပေးကြပြီး၊ ထိုကောင်လေးက ယိုင်တိုင် ယိုင်တိုင်နဲ့ သူတို့ကြားမှာ သွားနေတာကို ကြည့်ပြီး ရယ်မောနေကြသေးသည်။ အတန်းခေါင်းဆောင်ဖြစ်သူ မဲ့တုန်က အကြိမ်များစွာ ကြားဝင်ဖျန်ဖြေသည့်အနေဖြင့် သူခိုးကောင်လေးများကို နှောင့်ယှက်ဟန့်တားပြီး သူတို့၏ စိတ်ပါဝင်စားမှုကို လျော့နည်းသွားအောင်လုပ်သဖြင့် သူတို့ကလည်း ကြမ်းပြင်ပေါ်သို့ ပစ္စည်းများကို ပစ်ချသွားခဲ့၏။
ကောင်လေးက မဲ့တုန်ကို 'ကျေးဇူးတင်ပါတယ်'လို့ တီးတိုးပြောသည်။သူ့ပစ္စည်းများကို မြန်မြန်ဆန်ဆန် လိုက်ကောက်နေပြီး မဲ့တုန်ကိုတော့ တစ်ချက်ပင် မကြည့်ခဲ့။သူက ထပ်၍ပြောသည်။
"အတန်းခေါင်းဆောင်၊ကျေးဇူးပြုပြီး ငါ့ကို ထပ်မကူညီချင်ပါနဲ့တော့၊မင်း ငါ့ကို ကူညီပေးလေလေ၊သူတို့က ငါ့ကို အနိုင်ပိုကျင့်လေလေပဲမို့"
ထိုကိစ္စကို မဲ့တုန်က ကျောင်းတွင်းအနိုင်ကျင့်မှုဟု သတ်မှတ်ပြီး အတန်းပိုင်ဆရာကို တိုင်ကြားခဲ့သည်။ဆရာက စိတ်ဆိုးဆိုးနဲ့ ကောင်လေးကို အနိုင်ကျင့်သည့် ကျောင်းသားများကို ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်စာများ ရေးခိုင်းပြီး အပြစ်ပေး၏။မဲ့တုန်ကတော့ ထိုပြစ်ဒဏ်က စိတ်ရှုပ်စရာကောင်းတာကို တွေ့ခဲ့သည်၊ မြှောက်တော့ မြင့်မြင့်၊ပြန်ကျတော့ ပေါ့ပေါ့ပါးပါး။
လေ့လာရေးကော်မတီ အဖွဲ့ဝင်ကျောင်းသားတစ်ယောက်က မဲ့တုန်ကို တိုးတိုးတိတ်တိတ် ပြောပြလာသည်၊ ထိုကျောင်းသားများထဲမှ တစ်ယောက်က အတန်းပိုင်ဆရာနဲ့ ဆွေမျိုးတော်စပ်တာကို လူတော်တော်များများက သတိမထားမိဘူးတဲ့။ဒါကြောင့် အတန်းပိုင်ဆရာက သူတို့ကို ထိထိရောက်ရောက် အပြစ်မပေးတာဖြစ်လိမ့်မည်။
ထိုသို့ အပြစ်ပေးပြီးနောက် အချို့သူတွေက တခြားကျောင်းသားများအပေါ် အနှောင့်အယှက်ပေးတာက ပိုလို့ပင် ဆိုးရွားပြင်းထန်လာခဲ့၏။ မဲ့တုန်မှာ ဘေးဖယ်နေခဲ့ရပြီး စိတ်ထဲမှာတော့ ကူကယ်ရာမဲ့ ဝမ်းနည်းနေခဲ့သည်။သူ တကယ်ပဲ အမှားတစ်ခုခု လုပ်မိသွားသည် ဟူသော ခံစားချက်ကြောင့်တော့ မတုန်လှုပ်သွားခဲ့ပေ။
နောက်တော့ မဲ့တုန်သည် သူ့ကိုယ်သူ အေးစက်စက်နဲ့ လျစ်လျူတတ်သူတစ်ယောက်လို့ ခံစားလာရသည်။
ရံဖန်ရံခါ သူ့ကိုယ်တိုင်အပေါ် ဆင်ခြင်သုံးသပ်ကြည့်ရင်း ဒီကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ အများကြီးဆိုတာ နားလည်လာတော့သည်။ပျော်ရွှင်စရာ မိသားစုရှိတာ၊စာမေးပွဲမှာ အဆင့်ကောင်းကောင်းရတာ၊သုံးစရာမုန့်ဖိုး များများပိုရတာ ဖြစ်သော်ငြား မဲ့တုန်က သူတို့ကို လက်ကမ်းပြီး ကယ်ဆယ်ပေးလိုစိတ် ပြင်းပြင်းပြပြ ဖြစ်မလာတော့ပေ။
မဲ့တုန်မှာ လူ့လောက၏ မပြောင်းလဲသော အနေအထားကို သနားစဖွယ်ကောင်းအောင် အသက်ငယ်ငယ်လေးနဲ့ သိရှိသွားခဲ့ပြီ။သူတို့က နာကျင်ခံစားရတာကို ကျင့်သားရသွားကြသည်။သူတို့ကိုသူတို့ တခြားကံမွဲသောလူတွေနဲ့ လိုက်နှိုင်းယှဥ်ကြည့်ရင်း ပျော်ရွှင်မှု၊သာယာမှုကို ရှာဖွေကြသည်။သူတို့ အတွင်းထဲက ဘဝင်မြင့်တဲ့ အာသီသကို ကျေနပ်နှစ်သိမ့်နိုင်ဖို့ ဆင်းရဲချို့တဲ့သူများကို နင်းချေဖျက်ဆီးလေ့ရှိကြသည်။
အလယ်တန်းကျောင်းတက်စဥ်တွင် မဲ့တုန်က အတန်းခေါင်းဆောင်လုပ်ရန် ဆရာ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သော ကိစ္စနှင့် အစပြု၍ သူနဲ့ သူ့အမေ ရင်းနှီးပွင့်လင်းစွာ စကားပြောခဲ့ဖူးသည်။သူကအတန်းပိုင်ဆရာကို အေးစက်စက် ကြည့်၍ ဆရာတွေကို အလုပ်တာဝန်တွေ မကူညီပေးလိုတော့ပါကြောင်း၊အတန်းဖော်များကို မကူညီနိုင်တော့ကြောင်း၊သူ့ရဲ့စာလေ့လာမှုကို အနှောင့်အယှက်ပေးသဖြင့် ထိုအတန်းခေါင်းဆောင်တာဝန်ကို မယူနိုင်ပါကြောင်း ပြောတော့သည်။
အတန်းပိုင်ဆရာက မဲ့တုန်၏အမေကို ဆက်သွယ်၍ မဲ့တုန်မှာ ကိုယ်ရည်ကိုယ်သွေး၊အကျင့်စရိုက်နှင့် ပတ်သက်ပြီး တစ်ခုခုဖြစ်နေတာ ရှိ၊မရှိ စုံစမ်းမေးမြန်းလာခဲ့သည်။
မဲ့တုန်က သူ့အမေကို ပြောပြခဲ့သည်။
"အတန်းခေါင်းဆောင်ဖြစ်တော့ ကျွန်တော့်အတွက် ဘာများ ရခဲ့လဲ?ဆရာတွေက မျက်နှာသာပေးတယ်၊ အတန်းဖော်တွေက လေးစားတယ် ၊ဒါမှမဟုတ် ဖေဖေနဲ့ မေမေက ဂုဏ်ယူရတယ်ပေါ့။ကျွန်တော့်အတွက် ရှေ့နှစ်ခုက မလိုအပ်ပါဘူး၊နောက်ဆုံးတစ်ခုအတွက်ကတော့၊ကျွန်တော် အတန်းခေါင်းဆောင်မဖြစ်လည်း ဖေဖေနဲ့ မေမေက ကျွန်တော့်အပေါ် စိတ်ပျက်မှာ မဟုတ်မှန်း ကျွန်တော်သိနေတာပဲ။ဘာတွေ ဆုံးရှုံးနိုင်လဲ? ဆရာတွေရဲ့ အလုပ်ကို ကူလုပ်ရတယ်၊အတန်းဖော်တွေရဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ကူညီပေးရတယ်၊အသေးအဖွဲကိစ္စလေးတွေမှာ ပါဝင်ရတယ်၊ ပြီးတော့ ဘာရလဒ်ကောင်းမှ မရလာဘူး။ ကျွန်တော် ဒါကို လုပ်ဖို့ ဆန္ဒမရှိဘူး။ မေမေ ၊အခြားသူတွေကို ကူညီဖို့ ကျွန်တော်ရဲ့ အချိန်တွေနဲ့ စွမ်းအင်ကို စွန့်လွှတ်အနစ်နာခံရတာက လုပ်ကို လုပ်ရမဲ့ဟာလား? အခြားသူတွေကို ကူညီဖို့ ဆန္ဒမရှိတာက မှားနေလားဟင်?"
မဲ့တုန် အလယ်တန်းကျောင်း ပထမနှစ်တက်ရောက်သည့် ပထမဆုံးအပတ်တွင် သားအမိနှစ်ယောက်က သူတို့အိမ်ရဲ့ခေါင်မိုးထပ်မှာ ရှိနေခဲ့သည်။နွေရာသီဖြစ်သဖြင့် ကောင်းကင်မှာ ကြယ်များက ပြည့်နှက်လျက်။သူ့အမေက မဲ့တုန်၏ ကိုယ် အပေါ်ပိုင်းကို ညာလက်ဖြင့် ညင်ညင်သာသာ သိုင်းဖက်ရင်း မေးသည်။
"သား ဘာဖြစ်လို့ သူများတွေကို မကူညီချင်ရတာလဲ မေမေ့ကို ပြောပြနိုင်လား?"
မဲ့တုန်က ပြောသည်။
"မေမေ့ ချစ်သည်းလေးက တခြားသူတွေကို ကူညီခဲ့ပါတယ်ဗျာ။မူကြိုဆရာမက သူမရဲ့အမေကို ကယ်တင်ပေးဖို့ မေမေ့ကို တောင်းပန်ခဲ့ပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ သူမက မေမေ့အပေါ် အကြွေးတင်သွားပြီလို့ ထင်နေခဲ့တယ်၊ပြီးတော့ သူမက ကျွန်တော့်ဆီကို ပြန်ပေးဆပ်ချင်ခဲ့တယ်။ဒါကြောင့် သူမက ကျွန်တော့်အပေါ် အမြဲကောင်းနေခဲ့တာပဲ။ကျွန်တော်က တော်တော် နုံအတယ်၊လူတွေက ကျွန်တော့်လိုပဲ ပျော်နေရတယ် လို့ ထင်ခဲ့တာ၊လူတွေက သူတို့မပျော်မရွှင် ဖြစ်နေတာကို ဖုံးကွယ်ထားပြီး သူများကို ထုတ်မပြချင်မှန်း နောက်တော့ ကျွန်တော် နားလည်သွားပြီ။ကျွန်တော် လူတိုင်းကို မကူညီနိုင်ဘူးလေ"
သူ့မေမေလည်း မဲ့တုန်၏ စကားများကို ဇာတ်ရည်လည်ဖို့ အချိန်အချို့ ယူလိုက်ရ၏။သူ၏ ဖော်ပြပုံနဲ့ စကာလုံးသုံးနှုန်းပုံက ကလေးဆန်ပြီး နုံအတာကို ပေါ်လွင်စေပေမဲ့ ထိုစကားများအောက်က အသိဥာဏ်ပညာကတော့ လူကြီးများပင်လျှင် လေ့လာနေကြဆဲ အကြောင်းအရာဖြစ်နေသည်လေ။ ခဏကြာပြီးနောက် သူ့အမေက ပြောသည်။
"ဒါဆို သားက တကယ်တော့ လူတိုင်းကို ကူညီပေးချင်တယ်၊ဒါပေမဲ့ အဲ့ဒီလူကို ကူညီလိုက်ရတဲ့ အကြောင်းအရင်းက မျှမျှတတ မဖြစ်မှာကို ကြောက်တယ်၊ ဟုတ်ရဲ့လား?"
မဲ့တုန် ခဏလောက် တွေးနေသဖြင့် မျက်မှောင်ကြုတ်ထားမိပြီး၊ထို့နောက် ခေါင်းငြိမ့်ခဲ့သည်။
"ဟုတ်၊ ဖြစ်နိုင်ပါတယ်၊ဒါ့ကြောင် ကျွန်တော် ဘယ်သူ့ကိုမှ ကူညီမပေးချင်တော့တာပါ"
အမေက တခစ်ခစ် ရယ်မောလိုက်သည်။
"ဒါဆို ငါတို့ရှောင်မေ့က တကယ်ကို ကြင်နာပြီး စိတ်ကောင်းရှိတဲ့ ကလေးပဲ၊ ဒါဆို လုံလောက်ပါပြီ"
ဒါကို အပြည့်အဝ သဘောပေါက်ဖို့ မဲ့တုန်က အလွန်ငယ်လွန်းနေသည်။
"ကျွန်တော့်ကို ဘာလို့ အဲ့ဒီလိုမျိုး ထင်ရတာလဲဗျာ? တစ်ခါတစ်လေဆို ကျွန်တော်က အရမ်းတကိုယ်ကောင်းဆန်တယ်လို့ ခံစားရတယ်"
အမေက သူ့ခေါင်းကို ခါလိုက်သည်။
"မေမေကလည်း တကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ပဲလေ၊မေမေ့သားလေး ပျော်ရွှင်နေတာကိုပဲ မြင်ချင်တာ၊ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံး၊သားကို ပျော်အောင်လုပ်နိုင်သမျှ၊ဘာပဲဖြစ်ဖြစ် မေမေက သားကို ပံ့ပိုးပေးနေမှာပဲ၊ ရှုထောင့်အချို့ကနေကြည့်ရင် သားတွေးတာက အမှန်ပါပဲ၊ ဒီကမ္ဘာကြီးမှာ အကူအညီလိုနေတဲ့ လူတွေ အများကြီး ရှိမှာပဲ၊ကမ္ဘာပေါ်က လူတိုင်းကို သားက ပျော်ရွှင်စေချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် နောက်ဆုံးတော့ သားပဲ ပင်ပန်းတာနဲ့ အဆုံးသတ်သွားမှာ၊တခြားတစ်ဖက်မှာ သားက တစ်ယောက်တည်းနေဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ သား ပျော်ရွှင်ရမှာပါ"
မဲ့တုန်သည် အပြည့်အဝ နားမလည်ပုံရသဖြင့် သူ့အမေက မေးခွန်းနောက်တစ်ခု ထပ်မေးသည်။
"သား အမြဲတမ်း အထီးကျန်တယ်လို့ ခံစားရလား?သားနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအကြောင်း သား ပြောတာကို မေမေ မကြားဖူးသလိုပဲ"
မဲ့တုန် စိတ်မပါသလို ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့ ၊ ကျွန်တော် အထီးကျန်တယ်၊ ဒါပေမဲ့ အခြားသူတွေနဲ့ ဘယ်လို သူငယ်ချင်းဖြစ်အောင် လုပ်ရမလဲ ကျွန်တော် မသိဘူး၊အခြားသူတွေက ကျွန်တော့်အပေါ် မျှော်လင့်နေမှာကို ကျွန်တော် ကြောက်တယ်၊မေမေ တကယ်လို့ အခြားသူတွေက ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေထားနေရင် ကျွန်တော်က ကျွန်တော်ဆိုပြီး ဖြစ်တော့မှာ မဟုတ်ဘူး"
အမေက သူ့ကို လေးလေးနက်နက် ကြည့်သည်။
"ဒါဆို အခုလက်ရှိ မဲ့တုန်အတွက် ဘာက ပိုအရေးကြီးလဲ? ကိုယ့်ကိုကိုယ် စစ်မှန်ဖို့လား ဒါမှမဟုတ် သူငယ်ချင်းတွေ ရှိဖို့လား?"
မဲ့တုန် ခဏ တွေးလိုက်ပြီး
"ကျွန်တော့်ကို ကျွန်တော် သစ္စာရှိရှိ စစ်မှန်နေစေချင်တယ်"
မဲ့တုန်ရဲ့ သူ့ကိုယ်သူ အစစ်အမှန် ဖြစ်ချင်ခဲ့သော ဆန္ဒက အောင်မြင်ခဲ့သည်၊ ဒါပေမဲ့ သူ ကြီးပြင်း လာချိန်မှာ သူ့အမေ မေးခဲ့သော မေးခွန်းက ပို၍ ထင်ရှားပြတ်သားလာလေပြီ။အသက်ကြီးလာလေလေ၊သူငယ်ချင်းတွေ ပိုလိုအပ်လာလေလေပဲ။ မဲ့တုန်မှာတော့ အခုထိ သူငယ်ချင်းတစ်ယောက်မှ မရှိပါ။
အထက်တန်း ပထမနှစ်မှာတော့ မဲ့တုန်သည် သူ့ထိုင်ခုံဖော်နှင့် သူငယ်ချင်းကောင်းများ ဖြစ်လာစေဖို့ တိတ်တိတ်လေး ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုင်ခုံဖော်က အိမ်စာကူးရေးချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် မဲ့တုန်က ကူးခွင့်ပြုသည်။သူ့ထိုင်ခုံဖော်က စားသောက်ဆိုင်တန်း သွားဖို့ အရမ်းပျင်းတယ်လို့ ခံစားနေရရင် မဲ့တုန်က သူဖို့ စားစရာတွေ သွားယူလာပေးသည်။ သူ ထင်သည့်အတိုင်း ထိုင်ခုံဖော်က သူ့အပေါ် မျှော်လင့်ချက်တွေ ထားလာပါ၏။မဲ့တုန်၏ အိမ်စာကို နေ့တိုင်း ကူးရေးချင်ပြီး စားသောက်ဆိုင်တန်းကို သွားဖို့ လုပ်ကို မလုပ်တော့။ထိုမျှော်လင့်နေမှုများက မဲ့တုန်ကို မွန်းကြပ်လာစေသည်။
ရက်နည်းနည်းကြာသည်အထိ မျိုသိပ်ထားခဲ့ပြီးနောက် မဲ့တုန်က အိမ်စာပေးကူးတာကို ရပ်လိုက်ပြီး စားသောက်ဆိုင်တန်းက စားစရာတွေကိုလည်း ထိုင်ခုံဖော်ဆီ ယူလာမပေးတော့ပေ။ထိုင်ခုံဖော်က စိတ်ဆိုးသွားပြီး နေ့တိုင်းနီးပါး ကျယ်ကျယ်လောင်လောင်နဲ့ ငြင်းခုံစကားများ ပြကာ သူတို့နှစ်ယောက်ကြားက ပဋိပက္ခကို အတန်းပိုင်ဆရာ အာရုံစိုက်လာစေဖို့ ကြိုးစားတော့သည်။
လူ့အသိုင်းအဝိုင်း၏ ရှုပ်ထွေးပွေလီမှုနှင့် လူလူချင်း ဆက်ဆံရေးတွေက မဲ့တုန်ကို စိတ်သောကရောက်စေခဲ့သည်။သူ့ဘဝတစ်လျှောက်လုံး ထို လူမှုဆက်ဆံရေးအကြောင်းအရာတွေကို နားလည်လာဖို့ မဖြစ်နိုင်တော့လို့ သူတွေးမိချိန်မှာပဲ ယန်ရှုမင်က သူ့ဘဝထဲကို ဝင်ရောက်လာခဲ့လေသည်။
++++++++