Chapter 24
ပြီးတော့ ယန်ရှုမင်ကရော ?
ရာသီဥတုက အတော်အေးလာပေမဲ့ ပြေးဖို့ ထွက်လာသူတွေ၊ကွင်းထဲသို့ မသွားခင် အစာကြေဖို့အတွက် လမ်းလျှောက်နေကြတဲ့ စုံတွဲတွေ စသဖြင့် လူအများကြီး ရှိနေသည်။
ကွင်းထဲ၌ အတူလမ်းလျှောက်နေကြစဥ် လူတချို့က ယန်ရှုမင်ကို ပြတ်တောင်း ပြတ်တောင်း မှတ်မိလာကြသည်။ မမှတ်မိဖို့လည်း ခက်သည်လေ၊ ယန်ရှုမင်က လုံလောက်အောင် အရပ်မြင့်မားပြီး သူရဲ့နောက်ကျောပုံရိပ်သည်ပင် မှတ်မိဖို့ လွယ်ကူသည်။
မှိန်ပြပြ အလင်းသာ ရှိ၍ ယန်ရှုမင်၏ အင်္ကျီအိတ်ကပ်ထဲက မဲ့တုန်၏လက်ကိုတော့ သတိမထားမိကြပါ။ သူတို့က ယန်ရှုမင်ကို ကြုံတုန်းကြုံခိုက် လာနှုတ်ဆက်ကြပြီး ကွင်းထဲကို လမ်းလျှောက်ထွက်ဖို့ အားလပ်ချိန် ဘယ်လိုရလာတာလဲ လို့ အလာပ သလာပ မေးမြန်းကြသည်။
ယန်ရှုမင်က ဘာမှ ပြန်မပြောပေ။ ထိုအစား သူတို့၏ လက်များ ထည့်ဖွက်ထားသော အင်္ကျီအိတ်ကပ်ရှိရာသို့ ထိုလူကို မျက်လုံးများဖြင့် အချက်ပြပေးလိုက်သည်။မဲ့တုန်ကလည်း နှင်းဆီပန်းစည်း အကြီးကြီးကို ကိုင်ထားတာကို မြင်သဖြင့် ထိုသူက WTF လို့ တအံ့တဩဖြင့် ပြောပြီး နောက်လှည့်၍ ထွက်ခွာသွား၏။
မဲ့တုန်က တော်တော် ရှက်သွားပြီး သူတို့ရဲ့ အစမ်းတွဲကာလ အကြောင်းကို စိတ်ရောက်သွား၍ မကျေမနပ်ဖြင့် ပြောလာတော့သည်။
"သူတို့ အထင်လွဲသွားမှာကို ခင်ဗျားမကြောက်ဘူးလား? ကျွန်တော်တို့က အစမ်းတွဲကြည့်တဲ့ ကာာလမှာပဲ မဟုတ်ဘူးလား?"
ယန်ရှုမင်က သူ့မေးခွန်းကို မဖြေပဲ ပြန်မေးလိုက်သည်။
"ကိုယ် မင်းကို ဘယ်လိုမြင်လဲ မင်းသိချင်လား?"
မဲ့တုန်က သူ့ဘက်သို့ လှည့်လာသည်၊စဥ်းစားရ ခက်နေပုံပင်။
"ဟမ်?"
ယန်ရှုမင်၏ ဘဝတစ်လျှောက်လုံးတွင် အရာအားလုံးက အဆင်ပြေချောမွေ့မြဲ ဖြစ်သည်။
သူ့မိသားစု၏ ငွေရေးကြေးရေး အခြေအနေက မဲ့တုန်၏ တတိယမျိုးဆက်သူဌေးသား အခြေအနေနဲ့ မနီးစပ်သော်လည်း ယန်ရှုမင်တွင် အစားအသောက်၊အဝတ်အထည် စသဖြင့် ဘယ်တော့မှ ပြတ်လပ်သည်မရှိ။ ပညာရေးတွင်လည်း ထူးချွန်ထက်မြက်ပြီး မြင့်မားသော ကိုယ်ဟန်ကြောင့် ဘယ်နေရာသွားသွား 'တခြားသူရဲ့သား ကလေ' ဆိုတဲ့ စာလုံးရဲ့ ကိုယ်စားပြုသူအဖြစ် အမြဲထင်မြင်ခံရသည်။
သူ မူကြိုတက်တုန်းက ယန်ရှုမင်ကို သူ့အမေက အမြဲလာကြိုပေးသည်။တခြားအတန်းဖော်များနှင့် သူတို့၏ မိဘများနှင့် သူတို့က အိမ်ပြန်လမ်းတွင် တစ်ခါတစ်လေ ဆုံရတတ်သည်။တစ်ခါက အတန်းဖော်တစ်ယောက်၏ မိဘတစ်ဦးက ယန်ရှုမင်၏အမေနဲ့ စကားစမြည် ပြောနေရင်း ရယ်စရာအဖြစ် ပြောခဲ့သည်။
"ရှောင်ယန်က အရမ်းကို ခန့်ညားတာပဲ၊ အနာဂတ်မှာ သူက ကျွန်မတို့ရဲ့သားမက်လေး ဖြစ်လာမလား မသိဘူး?"
ငယ်ရွယ်လွန်းပြီး လူကြီးတွေ ဟာသလုပ်တာကို မသိသော ယန်ရှုမင်က အတော်လေး ကြွစောင်းစောင်းနိုင်သည်။သူက လက်များကို ဟန်ပါပါဖြင့် လက်ပိုက်လိုက်ပြီး ပြန်ဖြေသည်။
"ဒါဆို မင်း တန်းစီရတော့မယ်၊ ဟိုနေ့ကပဲ လျိုရှောင်းရိုလည်း ငါ့ကို လက်ထပ်ချင်တယ်လို့ ပြောထားတယ်"
သူ၏ တုံ့ပြန်ပုံက အမေနှစ်ယောက်လုံးကို အသားကုန် ရယ်မောစေခဲ့သည်။
သူက ကျောင်းသားဘဝတစ်လျှောက်လုံးနှင့် အခုအထိကို အတန်းခေါင်းဆောင် ဖြစ်ခဲ့သည်။မူလတန်းနှင့် အလယ်တန်း ကလေးများက ကိုင်တွယ်ရတာ အခက်ခဲဆုံးပင်။ဆရာတွေက သူတို့ကို မထိန်းချုပ်နိုင်သဖြင့် အတန်းခေါင်းဆောင်တွေကို ထိန်းချုပ်ခွင့် ပေးထားကြသည်။ စာသင်ခန်းတစ်ခုလုံး ဈေးထဲရောက်နေသလို ပွက်လောရိုက် ဆူညံနေပြီဆိုလျှင် အခြားအတန်းခေါင်းဆောင်များက ကျောက်သင်ပုန်းကို ဘောဖျက်နှင့် တဘန်းဘန်း ရိုက်ပြီး 'စကားမပြောကြနဲ့ ၊တိတ်တိတ်နေကြ'လို့ အော်နေကြလိမ့်မည်၊ယန်ရှုမင်ကတော့ အဲ့လိုမျိုး တစ်ခါမှ မလုပ်ပေ။
သူက လျှောက်လမ်းအတိုင်း ဖြတ်လာပြီး ပေါ့ပေါ့ပါးပါး ပြောဖို့သာ လိုသည်။
"ကောင်းပြီ အာ၊ စကားစမြည် ပြောတာ လုံလောက်ပြီ၊အခုက စာလေ့လာဖို့ အချိန်ပဲ"
အစကတော့ ကျောင်းသားတွေက သူ့ကို ဝိုင်းရယ်ကြပြီး အခြားအတန်းခေါင်းဆောင်များကဲ့သို့ ယန်ရှုမင်က လုပ်ပိုင်ခွင့်အာဏာမရှိပါလားလို့ နှိုင်းယှဥ်ကြသည်။သို့သော် ထိုသို့ ပြုမူသည်က လွဲ၍ သူတို့က စကားကောင်းကောင်း နားထောင်ကြသည်။ စာသင်ခန်းက မြန်မြန်ပဲ တိတ်ဆိတ်သွားပြီး လူတိုင်းက သူတို့၏ လေ့လာမှုဖြင့် နစ်မြုပ်သွားကြသည်။
ယန်ရှုမင်၌ သူ့တွင်သာရှိသည့် တစ်မူထူးသောအရှိန်အဝါတစ်ခုရှိသည်။သူက ခေါင်းဆောင်နေရာနှင့် အလွန်သင့်တော်သည်၊လူတိုင်းအတွက် ဦးဆောင်လမ်းပြပေးနိုင်၏။သူ ဘာကိုပဲ ရွေးရွေး လူတိုင်းက သူ့ကို ခြွင်းချက်မရှိ ယုံကြည်ကြသည်ပင်။လူတော်တော်များများက ယန်ရှုမင်၏ အပြုအမူ၊အပြောအဆိုနှင့် စကားလုံးများကို အတိအကျ ကူးယူ၍ လိုက်တုကြသည်။သို့သော် ဘယ်သူကမှ သူ့အတိုင်း မှန်မှန်ကန်ကန် ဖြစ်ပုံ မရပါ။
ဒါကြောင့် တစ်စုံတစ်ယောက်က ကျောင်းသားသစ်များကို ကိုယ်စားပြုရသော အရေးကြီးအခိုက်အတန့်တွင် သူရေးထားတဲ့ မိန့်ခွန်းကို သူ့ရှေ့မှာ ဖတ်ပြပြီး အမှားကြီးကြီး လုပ်လာလိမ့်မည်ဟု ယန်ရှုမင် မထင်ထားချေ။ စင်မြင့်ပေါ်က မဲ့တုန်သည် စိတ်မရှည်ဖြစ်နေပုံဖြင့် မြန်မြန် ပြောနေပြီး စကားသံကလည်း ထက်သန်တက်ကြွမှု ကင်းမဲ့လျက်၊ကျောင်းသားသစ်များအား ကိုယ်စားပြုရသည့် တာဝန်ကို အလျင်အမြန် ရှင်းထုတ်ပစ်ချင်သည့် ပုံစံ ဖြစ်နေသည်။
မဲ့တုန်ဆိုတဲ့ လူသစ်လေးက တမင်တကာ ရည်ရွယ်ပြီး ရန်စနေတာ မဖြစ်နိုင်ဘူးလို့ သူသိသည်။ဒါက အလွန်တိုက်ဆိုင်လွန်းနေတာပါပဲ။အင်တာနက်ထဲက ကြုံရာကျပန်း မိန့်ခွန်းတစ်ခုကို ကူးယူလာပေမဲ့ မနှစ်က သူကိုယ်တိုင် ရေးထားတဲ့ မိန့်ခွန်းကိုမှ ကူးမိသွားသည်။ ထိုစဥ်က ယန်ရှုမင်သည် ဒီကိစ္စကို ရယ်စရာကောင်းတယ်လို့ ထင်သည်၊ သူတို့နှစ်ယောက်က တွေ့ဆုံဖို့ ရေစက်ပါတာပဲလို့တောင် ခံစားခဲ့ရပါ၏။
အရည်အချင်းရှိတဲ့ သူတွေက အချင်းချင်း အမြဲလိုလို သတိပြုမိတတ်သည်၊ ဒါက သဘာဝပါ။ ယန်ရှုမင်ကလည်း အမြဲတမ်း မဲ့တုန်နှင့်သိကျွမ်းခွင့်ရဖို့ စိတ်အားထက်သန်ခဲ့သည်။
သို့သော်လည်း မဲ့တုန်က သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပါ။
ထိုသူက တကယ်ပဲ ထူးဆန်းသည်။ပညာရေးတွင် အဆင့်သတ်မှတ်ချက်က အမြဲတမ်း ထိပ်ဆုံး ဖြစ်သော်လည်း ထိုသူက အတန်းခေါင်းဆောင် ဖြစ်မလာသည့်အပြင် ဆရာများကို လက်တိုလက်တောင်း ကူညီပေးခြင်းလည်း မရှိပါ။အရေးပါသော ပြိုင်ပွဲများ၊ လှုပ်ရှားမှုအစီအစဥ်များတွင်လည်း ဘယ်တော့မှ မပါဝင်ခဲ့။ယန်ရှုမင်က ပြိုင်ပွဲတစ်ခုလို အခွင့်အရေးရမည့် နေရာအချို့ကို ရှာ၍ မဲ့တုန်နှင့် သိကျွမ်းခွင့်ရဖို့ အစီအစဥ် ဆွဲထားသည်။သို့သော် ဤသို့အခွင့်အရေးကို မရှာဘဲ ယန်ရှုမင်က နှစ်ဝက်တိတိ အချိန်ဆွဲနေခဲ့သည်။
သူ အထက်တန်း ပထမနှစ် အတန်းတင်စာမေးပွဲ ဖြေဆို၍အပြီး၊ မဲ့တုန်က ကျောင်းသားသစ်အဖြစ် ကျောင်းအပ်စာရင်းသွင်းပြီးချိန် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပသည့် မိဘဆရာအစည်းအဝေးပွဲကို မဲ့တုန်၏အဖိုးက ဟောင်းနွမ်းညစ်ပေသည့် အဝတ်အစားများကို ဝတ်၍ အစည်းအဝေးလာတက်ခဲ့သည့် အချိန်အထိ ယန်ရှုမင် အချိန်ဆွဲနေမိခဲ့၏။
ယန်ရှုမင်သည် ထိုအချိန်က အတန်းတင်စာမေးပွဲတွင် ထူးချွန်သူများအား ဂုဏ်ပြုသည့် ကြော်ငြာဘုတ် ရှေ့တွင် ရပ်နေခဲ့သည်။ဘယ်ဘက်ခြမ်းမှာ ပထမနှစ်ကျောင်းသားများအတွက် ဂုဏ်ပြုကြေညာသည့် နေရာဖြစ်ပြီး မဲ့တုန်၏ နာမည်က ထိပ်ဆုံးတွင် ထင်ထင်ရှားရှားရှိနေသည်။ ကြော်ငြာဘုတ်၏ အလယ်တွင် ဒုတိယနှစ်ကျောင်းသားများအတွက် ဂုဏ်ပြုကြေညာသည့် နေရာဖြစ်ပြီး ယန်ရှုမင်၏ နာမည်က ထိပ်ဆုံးနေရာတွင် ရှိနေပါသည်။
"ဟေး မင်း ကြားပြီးပြီလား၊ မဲ့တုန်တို့မိသားစုက တော်တော်ဆင်းရဲတာတဲ့၊ သူ့အဖိုးက အမှိုက်သိမ်းသမားလို့ ကြားတယ်၊မိဘဆရာအစည်းအဝေးကို အဝတ်အစားတောင် မလဲနိုင်ဘဲ အဖိုးဖြစ်သူက လာခဲ့တာတဲ့"
"အာ? အဖိုးက အမှိုက်သိမ်းတဲ့ အဝတ်အစားနဲ့လာတာပေါ့၊ သူတို့အိမ်မှာ အဝတ်အစားသန့်သန့် တစ်စုံတောင် မရှိဘူးလား? အနည်းဆုံးတော့ အဝတ်ကို လျှော်ဖွတ်ပြီးမှ ဝတ်သင့်တာလေ အာ"
ထိုစကားများကို ကြားတော့ ယန်ရှုမင်၏ မျက်ခုံးများက သူ့အလိုလို ကြုတ်သွားရ၏။ သူ ရှေ့ကို နှစ်လှမ်းတိုးပြီး လည်ချောင်းကို ရှင်းလိုက်သည်။
"အခြားသူတွေရဲ့ မိသားစုနောက်ခံဆိုတာ အတွင်းရေးကိစ္စတွေပဲ၊ ဒီလိုကိစ္စကို လူသိရှင်ကြား မပြောသင့်ဘူး"
ထိုနှစ်ယောက်က ယန်ရှုမင်၏ အပြုအမူကြောင့် ကြောင်အသွားသည်။သူတို့က "တောင်းပန်ပါတယ်၊စီနီယာ"လို့ ပြောပြီးနောက် အဝေးကို မြန်မြန် ထွက်သွားကြသည်။
သူ မြင်ရတာကို သူ ယုံကြည်မည်။ယန်ရှုမင်က မိဘဆရာအစည်းအဝေးပြုလုပ်ရာ မဲ့တုန်တို့အတန်းသို့ သွားရန် စာရွက်စာတမ်းအချို့ သွားပို့မည်ဟု အကြောင်းပြချက်ပေးလိုက်သည်။သူ ဝင်သွားပြီး အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်တော့ အခြားသော မိဘများနှင့် အဝတ်အစား၊ ပြုဆိုပြုမူပုံ လုံးဝကွာခြားပုံ ရသည့် အဖိုးတစ်ယောက်ကို သူ တွေ့လိုက်ရသည်။
ယန်ရှုမင်လည်း မတတ်နိုင်ဘဲ မဲ့တုန်အပေါ် သူ၏အမြင်ကို ပြန်ပြင်ဆင်ရလေသည်။မဲတုန်၏ မိသားစုအခြေအနေက ဒီလိုမျိုးပါလားလို့ သူ နားလည်လိုက်သည်။တသီးတခြားနေတတ်ပြီး အမှီအခိုကင်းသော ရွှယ်ပါ့အဖြစ်ကနေ အခြားသူတွေကို ဖွင့်မပြနိုင်တဲ့အထိ စိတ်မလုံခြုံမှုတွေ အပြည့်နဲ့ သနားစရာကောင်းတဲ့ ပုံစံအဖြစ် ချက်ချင်းပဲ ပုံစံပြောင်းသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကောလဟာလက အမြန်ပဲ လွင့်ပြယ်သွားခဲ့သည်။
မိုးရွာသောနေ့တစ်နေ့၏ ကျောင်းဆင်းချိန်တွင် ယန်ရှုမင်သည် မဲ့တုန်ကို ဘယ်သူကမှ လာမကြိုမှာကို စိတ်ပူသဖြင့် ထီးနှစ်ချောင်း ကိုင်၍ မဲ့တုန်ကို လိုက်ရှာတော့သည်။သို့သော် မဲ့တုန်က ကားတစ်စီးထဲကို ဝင်သွားပြီးနောက် ထိုကားက မောင်းထွက်သွားသည်ကိုသာ သူကြည့်နေလိုက်ရသည်။ထိုကားက မဲ့တုန်တို့ မိသားစုအဆင့်အတန်းအရ ဇိမ်ခံပစ္စည်း မဟုတ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူ့အဖွားက ထသွားထလာဝယ်ခဲ့သော ကားတစ်စီးသာ၊ ထိုကားကိုသာမန်မိသားစုတစ်စုအနေနဲ့တော့ ငွေအများအပြားစုဆောင်းပြီး ဝယ်ဖို့ လိုအပ်သည်။
မဲ့တုန်က မိုးရေထဲကနေ ကားထဲကို ဝင်သွားပြီး နောက် ယန်ရှုမင်ကတော့ ကျောင်းဂိတ်ပေါက်ဝတွင် ထီးအပိုတစ်ချောင်းကို ကိုင်၍ ရပ်ကာ ကျန်နေခဲ့သည်။ ယန်ရှုမင် သူ့ကိုယ်သူ မရယ်ပဲ မနေနိုင်ပေ၊ထို့နောက် လေသံမျှဖြင့် F*ck လို့ ရေရွတ်လိုက်၏။
သူတို့နှစ်ယောက် ဆုံဖို့လည်း အခွင့်အရေးမရကြပေ။နေ့တိုင်း ယန်ရှုမင်က ဒီအကြောင်းကိစ္စတွေကို တဝဲလည်လည် လုပ်နေဖို့ အချိန်များများစားစား မရှိပါ။မဲ့တုန်အပေါ် သူ အာရုံထားမှုက မသိစိတ်၏ စေ့ဆော်မှု အတိုင်း အမြဲရှိခဲ့သည်၊ ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်သူတွေရဲ့ နာမည်စာရင်းကို သူ အမြဲမေးသည်၊ဂုဏ်ပြု ကြေညာဘုတ်၏ ဘယ်နေရာမှာ မဲ့တုန်ရဲ့ နာမည်ရှိနေလဲ စစ်ဆေးသည်၊သူ့အဆင့်သတ်မှတ်ချက်က တိုးတက်လာလား ၊ဆုတ်ယုတ်သွားလား ကြည့်ရှုသည်။
သူ၏ စီနီယာနှစ်တွင် ယန်ရှုမင်က ကျောင်းအားကစားပွဲတွင် ပါဝင်ယှဥ်ပြိုင်သည်။လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ပြိုင်ပြီးနောက် သူ့အဆုတ်များက ပေါက်ကွဲတော့မလို ခံစားနေရ၏။အတန်း(၄)က အားကစားသမားအချို့က ပါဝင်ယှဥ်ပြိုင်လာသဖြင့် သူက ပထမဆုကို အရယူဖို့ မလုပ်တော့သော်လည်း သူ့ခွန်အားတွေကို အကုန်နီးပါး အသုံးပြုခဲ့သည်။သူက လက်ဆင့်ကမ်းတုတ်တံကို လှမ်းပေးလိုက်ရင်း နောက်ထပ်ဆက်ပြေးမည့် သူကို ပျော်စေပျက်စေအနေဖြင့် အနည်းငယ် ဆဲရေးလိုက်သေးသည်။
ကွင်း၏ တခြားဘက်မှ တာထွက်ရန် အချက်ပေးသည့် သေနတ်ဖောက်သံကို ကြားလိုက်ရ၍ ယန်ရှုမင်က တစ်ချက်ကြည့်လိုက်သည်။
"ငါ အဲ့ဒီဘက်ကို သွားကြည့်လိုက်ဦးမယ်"
သူ့သူငယ်ချင်းက သူ့ကို လှမ်းခေါ်သည်။
"မင်း ဘယ်သွားမလို့လဲ? မင်း အခုပဲ ပြေးထားတာလေ၊ နားပါဦးလား"
ဒါပေမဲ့ ယန်ရှုမင်က ထိုသူ၏ စကားဆုံးအောင်ပင် မစောင့်တော့ပါ။ တော်တော် ဝေးဝေးကို ရောက်ပြီးမှ နှုတ်ဆက်သည့်ဟန်ဖြင့် သူတို့ဘက်သို့ လက်ကို ဝေ့ယမ်းပြလေသည်။
ဒါက မဲ့တုန်တစ်ယောက် အုပ်စုလိုက် လုပ်ရှားမှုအစီအစဥ်မှာ ပထမဆုံး ပါဝင်ခဲ့တဲ့ အကြိမ်ဖြစ်သည်။ အထက်တန်းဒုတိယနှစ်မှ ပါဝင်ယှဥ်ပြိုင်သူစာရင်းထဲတွင် မဲ့တုန်၏အမည်ကို ယန်ရှုမင် တွေ့ခဲ့စဥ်က အမှန်တကယ်ကို အံ့ဩသွားရ၏။သူက လူနှစ်ယောက် ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲ စတင်မည့်အချိန်ကို မှတ်သားထားပြီး သူ့ပြိုင်ပွဲကို အချိန်မီ ပြီးအောင် ပြိုင်ဖို့ တွက်ချက်ထားခဲ့သည်။သို့သော်လည်း သူ အဲ့ဒီနေရာကို ရောက်ရောက်ချင်း မဲ့တုန်နှင့် သူ၏ပါတနာက မြေကြီးပေါ် အတူတူ လဲကျသွားသည်ကို သူ တွေ့လိုက်ရသည်။
ယန်ရှုမင် မျက်ခုံးများကို ကြုတ်ထားပြီး သူတို့ရှိရာကို အမြန်သွား၍ စစ်ဆေးကြည့်လိုက်ချင်သည်။ဒါပေမဲ့ တသီးတသန့်နေတတ်ပြီး စာလုပ်ဖို့ပဲသိတဲ့ ရွှယ်ရှန်အနေဖြင့် သူစိမ်းတစ်ယောက်က သူ့ဆီ အပြေးလာပြီး စိုးရိမ်ပူပန်နေတာကို ပြလာရင် ထူးဆန်းလိုက်တာလို့ ထင်သွားမှာ သူ ကြောက်သဖြင့် တုံ့ဆိုင်းနေမိသည်။
သူက ခဏကြာအောင် တုံ့ဆိုင်းနေမိစဥ်တွင် မဲ့တုန်က မတ်တပ်ထရပ်လိုက်ပြီး နောက်ထပ်တစ်ခါ လဲကျတာကို ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။
ဒီလို မိုက်မဲတဲ့သူက ရှိသေးတယ်လား? စာလေ့လာတာက လွဲပြီး သူတို့က ဘာတစ်ခုမှလည်း လုပ်တတ်တာ မဟုတ်ဘူး။ အဲ့ဒါကို လူနှစ်ယောက် ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ သူတို့က လုပ်သေးတယ်ပေါ့။
သူ၏သံသယတွေကို လျစ်လျူရှုထားပြီး ယန်ရှုမင်က မဲ့တုန်၏ ဘေးတွင် ထိုင်ချလိုက်ပြီး သူ့ကို ပိုးသတ်ဂွမ်းစ လှမ်းပေးလိုက်တော့၏။
မဲ့တုန်ကို အထက်တန်းကျောင်းမှာထဲက ကြိုက်ခဲ့တာလားလို့ သူ့ကို လီရှန့်နန် အရင်တစ်ခါ မေးခဲ့ချိန်က ယန်ရှုမင်က မရေမရာပဲ တုံ့ပြန်ခဲ့သည်။
မဲ့တုန်က ပိုးသတ်ထားသောဂွမ်းကို ယူလိုက်ပြီး အဲ့ဒီအရာကို စိုက်ကြည့်နေရင်း အတွေးထဲ နစ်မြောနေသလိုပင်၊ သူ့မျက်လုံးများကလည်း နီရဲနေလို့။ထိုပုံစံလေးက လူတစ်ယောက်ကို အလိုလို ကာကွယ်ပေးချင်စိတ်တွေ ထွက်လာအောင် မွှေနှောက်ပစ်လိုက်နိုင်သည်။သူ့လက်ကောက်ဝတ်များက သေးသွယ်ပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသဖြင့် ပိုးသတ်ဂွမ်းစကို မမြင်ရလုနီးပါး။ထိုခဏ၌ ယန်ရှုမင်မှာ ထိုသူကို ပွေ့ချီ၍ သယ်ထုတ်သွားလိုက်ချင်စိတ် ပေါက်လာတော့သည်၊သို့သော် သူတို့နှစ်ယောက်က သူစိမ်းများသာ၊ ထိုအပြုအမူက မဲ့တုန်အတွက် အနှောင့်အယှက် ဖြစ်သွားလောက်သည်။ဒါကြောင့် သူ မလုပ်ဖြစ်ခဲ့။
ယန်ရှုမင်အနေဖြင့် တစ်စုံတစ်ယောက်ကို ကြိုက်ခြင်း၊မကြိုက်ခြင်းနှင့် ပတ်သက်ပြီး စဥ်းစားကြည့်ဖူးခြင်း မရှိသည်မှာ အမှန်ပင်။ သူနဲ့ မဲ့တုန်က ဆုံတွေ့ဖို့ကို အခွင့်အရေး မရခဲ့ဘူးလေ၊ဒါကြောင့် ကြိုက်တာ ၊မကြိုက်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မရှိခဲ့တာ မဟုတ်လား?
ယန်ရှု၏ အတွေးစိတ်ကူးတွေက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အားကစားပွဲတော်ကျင်းပပြီး နောက်ပိုင်းမှာတော့ သူ မဲ့တုန်ကို နေရာတိုင်းတွင် ဖျတ်ခနဲ၊ဖျတ်ခနဲ တွေ့တွေ့လာရသည်။ စားသောက်တန်းမှာ၊စူပါမားကတ်မှာ ပြီးတော့ ကျောင်းဂိတ်ပေါက်နားက စာအုပ်ဆိုင်မှာ။
သူ့ဘေးပတ်ပတ်လည်ကို ဘယ်အချိန်ပဲ ကြည့်ကြည့်၊မဲ့တုန်၏ အကြည့်များကို ရိပ်ခနဲ မြင်မြင်နေရတာကို သူ ကျင့်သားရလာတော့သည်။တစ်ခါတစ်လေ သူတို့၏ မျက်လုံးများ မတော်တဆ ဆုံမိတတ်သည်။တစ်ခါတစ်လေ သူ့ရဲ့ ကျောင်းယူနီဖောင်းဝတ်ထားတဲ့ ပုံရိပ်လေး၊ပြီးတော့ တစ်ခါတစ်လေဆို သူ့ရဲ့ အပြာရောင် ကျောပိုးအိတ်လေး။
ယန်ရှုမင်က မဲ့တုန်နဲ့ သိကျွမ်းခွင့်ရဖို့အတွက် သူတို့နှစ်ယောက် ဆုံတွေ့ရမည့် အခွင့်အရေးကို အမြဲတမ်း ရှာဖွေချင်ခဲ့သည်။သို့ပေမဲ့ သူတို့၏ မျက်ဝန်းများ အချင်းချင်း ဆုံတွေ့မိရင်ပဲ မဲ့တုန်က အလျင်အမြန် ထွက်သွားတတ်၏။ယန်ရှုမင်မှာတော့ ခပ်တန်းတန်းနေတတ်တဲ့ ရွှယ်ပါ့က သူ့ကို သဘောမကျပါလားဆိုတဲ့ အတွေးများဖြင့် သူ့ကိုယ်သူ သံသယဝင်ပြီး အကြံအိုက်ရင်းနဲ့ပဲ ကျန်ကျန်ခဲ့လေသည်။
အထက်တန်းကျောင်းမှ ဘွဲ့ရပြီး စာမေးပွဲရလဒ်များ ထွက်လာချိန်တွင် အတန်းပိုင်ဆရာက ယန်ရှုမင်ကို ချက်ချင်း ဖုန်းခေါ်လာခဲ့သည်။ဆရာ၏ အသံက စိတ်လှုပ်ရှားစွာဖြင့် ယန်ရှုမင်က ပြည်နယ်တစ်ခုလုံးတွင် ပထမအဆင့်နှင့် မြို့တော်တစ်ခုလုံးတွင် ဒုတိယအဆင့် ချိတ်ခဲ့ပြီး မြို့တော်၏ ပထမအဆင့်ကို အမှတ်လေးမှတ်နဲ့ ပွတ်သီကပ်သီ လွဲချော်သွားရတာ နှမျောစရာပဲ ဟု ပြောလာသည်။ယန်ရှုမင်ကတော့ အရမ်းကြီး စိတ်ပျက်မနေခဲ့ပါ။သူက ဘယ်တော့မှ သိပ်ဂရုမထားတတ်၊အမှတ်က လျော့သင့်လို့ လျော့တာပဲလေ။သူ့အဆင့်တွေက အခြားသူတွေလောက် မကောင်းခဲ့ရင်လည်း နောင်တရနေစရာ အကြောင်းမှ မရှိဘဲ။
ဆရာက စီနီယာနှစ်ကို တက်ရောက်ရမည့် ဂျူနီယာကျောင်းသားများအတွက် အကြံဥာဏ်တချို့ မျှဝေပေးဖို့ အထက်တန်းကျောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောကြားပေးရန် သူ့ကို ဖိတ်ကြားလာခဲ့သည်။အခမ်းအနားမတိုင်မီ ည၌ ယန်ရှုမင်က သူ့အိမ်တွင် သူပြောရမည့် မိန့်ခွန်းကို ရေးသားနေခဲ့သည်။သူ ရေးနေရင်းနဲ့ လွန်ခဲ့သော နှစ်နှစ်က မဲ့တုန်သည် စင်မြင့်ပေါ်မှာ ရပ်ရင်း သူရေးထားတဲ့ မိန့်ခွန်းကို ဖတ်နေခဲ့တာကို ပြန်သတိရသွား၏။
ထိုအကြောင်း စဥ်းစားနေရင်း ယန်ရှုမင် ပြုံးလိုက်မိသည်။သူက အထက်တန်းကျောင်း သုံးနှစ်လုံးကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့သည်ဟု ခံစားမိ၏။မဲ့တုန်နှင့် ရင်းနှီးခွင့် မရခဲ့ခြင်းကသာ သူ့မှာ ရှိသော တစ်ခုတည်းသော နောင်တပင်။
အဆုံးမှာတော့ မဲ့တုန်က ဘယ်လိုလူစားမျိုးလဲ?
ယန်ရှုမင်သည် ထိုသူနှင့် ပတ်သက်ပြီး ဘာမှ မသိခဲ့ပေ။သူအနေဖြင့် သိနိုင်တာ တစ်ခုမှ မရှိသလို၊ သိအောင် လုပ်လို့ရမည့် နည်းလမ်းလည်း ရှိမနေခဲ့။ ထိုသူက အစောင့်အကြပ် တင်းကြပ်သော မြို့တော်တစ်ခုနှင့် တူပြီး၊အထဲဝင်ဖို့ တံခါးကို ဘယ်သူကမှ ရှာလို့ မတွေ့နိုင်ပေ။
++++++++