Chapter 25
စီနီယာကျောင်းသားများ၏ ဘွဲနှင်းသဘင်အခမ်းအနားသည် မနှစ်ကထက် ပို၍ ခမ်းနားလှသည်။သုံးနှစ်တာကာလ၌ ဤအထက်တန်းကျောင်း၏ အထူးချွန်ဆုံးကျောင်းသား ဖြစ်သော ယန်ရှုမင်က ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် သူတို့ကျောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပြည်နယ် ပထမအဆင့်နှင့် မြို့တော်တစ်ခုလုံးတွင် ဒုတိယအဆင့် ဟူသော အောင်မြင်မှုရရှိခဲ့၍ ဖြစ်ပေမည်။ဆရာ၊ဆရာမအားလုံးက ပီတိဖြာနေကြပြီး ယန်ရှုမင်ထံသို့ တစ်ယောက်ပြီး တစ်ယောက်လာ၍ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားကြသည်။
သို့သော် သူတို့ ပြောသမျှတွေက အပ်ကြောင်းထပ်နေသည့် စကားများသာ။ ဘယ်လိုတောင် နှစ်တွေအများကြီး စာသင်ကြားပြီးတဲ့နောက် နောက်ဆုံးတော့ လွတ်မြောက်သွားပြီ ဆိုသည့်အကြောင်း၊ကြိုးစားမှုမှန်သမျှက ဘယ်လို အရာထင်ပါသည် ဆိုသည့်အကြောင်း၊ကောလိပ်ရောက်ရင်လည်း အမြဲ အနားယူနေလို့မရဘဲ စာကို ဘယ်လို ဆက်ပြီး ကြိုးစားနေသင့်ကြောင်း၊ကျောင်းက သူ့အပေါ် ဘယ်လောက်တောင် ဝမ်းသာဂုဏ်ယူနေပါကြောင်း၊ဂျူနီယာကျောင်းသားများက သူ့ကို ဘယ်လောက်အထိ စံနမူနာအဖြစ် ထားကြမည် ဖြစ်ပါကြောင်း ... ထိုအကြောင်းတွေသာ ဖြစ်သည်။
ယန်ရှုမင်က ထိုသို့ လူမှုဆက်ဆံရေးကောင်းများတွင် ပါဝင်ပတ်သက်ရတာ ဝါသနာမပါပေ။သူဘေးမှာ ဆရာတွေ ဝိုင်းအုံနေသော်လည်း သူကတော့ ထူးထူးဆန်းဆန်းပဲ မဲ့တုန်ကိုသာ တွေးနေမိသည်။မဲ့တုန်လို တသီးတသန့်နေတတ်ပြီး ချဥ်းကပ်ဖို့ခက်တဲ့ အတန်းဖော်တစ်ယောက် ရှိတာလည်း ကောင်းတဲ့အချက်ရှိတာပဲလို့ သူ ခံစားမိသည်။အကယ်၍ နောက်နှစ် မဲ့တုန်က ယခုလိုအောင်မြင်မှုမျိုး ရလာတဲ့အချိန်တွင်တော့ ဆရာဆရာမတွေက သူ့ကို ဒီလိုမျိုး ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဖို့ ဝိုင်းအုံနေကြမှာ မဟုတ်။
သူ မဲ့တုန်အကြောင်း တွေးမိကတည်းက ယန်ရှုမင်က သူ့ကိုယ်သူ အတွက် နောင်တတစ်ခုတောင် ချန်ရစ်ထားခဲ့ချင်စိတ် မရှိပါ။သူက နောင်တတရားကို မွေးမြူတတ်တဲ့ လူအမျိုးအစား မဟုတ်ပေ။
စင်နောက်ဘက် ကန့်လန့်ကာ အဟကြားမှ အပြင်ကို ကြည့်မိတော့ မဲ့တုန်က ထိုင်ခုံရှေ့ဆုံးအတန်းတွင် ဖြောင့်ဖြောင့်မတ်မတ် ထိုင်နေသည်ကိူ သူ တကယ်ပဲ တွေ့လိုက်ရသည်။
ယနေ့က ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရာနေ့ဖြစ်ရာ ယန်ရှုမင်က ဘွဲ့ရကျောင်းသားများ၏ ကိုယ်စားပြုသူ ဖြစ်၍ ဘွဲ့ယူပြီးနောက်တွင်တော့ သူက မိန့်ခွန်းပြောကြားပေးရမည် ဖြစ်၏။အလားတူ အထက်တန်းဒုတိယနှစ်တွင်လည်း စီနီယာကျောင်းသားများ၏ ကြိုးပမ်းမှုကို စင်မြင့်ပေါ် တက်ရောက်ပြီး ချီးကျူးဂုဏ်ပြုစကား ပြောကြားပေးရမည့် ကျောင်းသားကိုယ်စားပြုတစ်ယောက်ရှိသည်။သိုသော် ယခုအကြိမ်တွင်တော့ မဲ့တုန်က ကျောင်းသားကိုယ်စားပြုတစ်ယောက် မဟုတ်ပေ။
နောက်ဆုံးတွင် စိတ်လှုပ်ရှားနေသော ဆရာဆရာမများကြားမှ လွတ်မြောက်လာရပြီးနောက် ယန်ရှုမင်က စင်မြင့်နောက်ရှိ လေးလံလှသော ကန့်လန့်ကာကို မတင်၍ ယခုမှ ပြင်ဆင်နေဆဲဖြစ်သည့် မိန့်ခွန်းပြောစင်မြင့်ငယ်ကို ဖြတ်ကျော်ပြီး ပရိသတ် ထိုင်ခုံများဘက်သို့ ခြေလှမ်းကြဲကြဲဖြင့် သွားလိုက်သည်။သူက မဲ့တုန်ဘေးရှိ ထိုင်ခုံမှာ သွားထိုင်ဖို့ စီစဥ်နေ၏။သို့သော် အံဩစရာပင်၊သူ စင်မြင့်ပေါ်မှ ခြေလှမ်းအနည်းငယ် ဆင်းလာသည်နှင့် တပြိုင်နက် မဲ့တုန်က ရှေ့ဆုံးခုံတန်းမှ ကမန်းကတမ်း မတ်တပ်ထရပ်ပြီး တစ်နေရာရာကို အမြန် ထွက်သွားလေသည်။
ယန်ရှုမင်၏ ခြေလှမ်းများက မဝံ့မရဲဖြင့် တုံဆိုင်း တုံ့ဆိုင်း ဖြစ်သွားခဲ့သည်။သူ့ကိုယ်သူ နည်းနည်း စပြီး သံသယဖြစ်နေမိသည်။
မဲ့တုန်က သူ့ကို တကယ်ပဲ သဘောမကျဘူးလား
ဒီနေ့ ပွဲအခမ်းအနားတစ်ခုလုံးက ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားသည်။ယန်ရှုမင်၏ မိန့်ခွန်းက လက်ခုပ်ဩဘာသံများစွာ ရရှိခဲ့ပြီး လူတိုင်းကလည်း သူ့အတွက် အမှန်စင်စစ် ဂုဏ်ယူဝမ်းမြောက်နေကြသလိုပင်။သို့သော် ပွဲအခမ်းအနားတစ်ခုလုံး ပြီးဆုံးသည်အထိ မဲ့တုန်ကတော့ သူ့ထိုင်ခုံရှိရာကို ပြန်မလာခဲ့ပေ။
ဆယ်ကျော်သက်အရွယ်မှာ လွဲချော်သွားခဲ့တဲ့ အခွင့်အရေးတွေ အများကြီး ရှိသည်။လွဲချော်သွားသော အခွင့်အရေးများက ငယ်ရွယ်နုပျိုမှုနှင့် အနက်အဓိပ္ပါယ် အတူတူပင်ဖြစ်သည်။
တုံဆိုင်းနေရင်း၊တွန့်ဆုတ်နေရင်းဖြင့် ...အခမ်းအနားပြီးသွားသည် နှင့်တပြိုင်နက်၊ နောက်ဆုံးမှာတော့ ယန်ရှုမင်သည် မဲ့တုန်၏ အတန်းဖော်တစ်ယောက်ကို မေးကြည့်နိုင်ဖို့ သတ္တိများကို စုစည်းလိုက်သည်။
"ခွင့်ပြုပါ အတန်းဖော်၊မဲ့တုန် ဘယ်သွားလဲ မင်းသိလား"
ကောင်လေးက ခေါင်းခါလိုက်သည်။
"ကျွန်တော် မသိဘူး အာ၊ အခမ်းအနားမစခင်ထဲက သူ ထွက်သွားတာပဲ၊ ကျွန်တော် သူနဲ့ ကောင်းကောင်း မသိဘူး"
ယန်ရှုမင်က ကျေးဇူးတင်ဟန်ဖြင့် ခေါင်းငြိမ့်သည်၊ပြီးတော့ ဘာတစ်ခွန်းမှ ဆက်မပြောတော့ပေ။
မဲ့တုန်က အမြဲတမ်း အခြားသူတွေနဲ့ အကွာအဝေးတစ်ခု ခြားထားပြီး၊ဘယ်သူကမှ မဲ့တုန် ဘယ်မှာရှိသည်၊ဘာတွေ လုပ်နေသည်၊ဘာတွေတွေးနေသည် ဆိုတာ မသိကြပေ။ယန်ရှုမင်လည်း လူမရှိသော ထိုင်ခုံလေးကို ကြည့်နေမိပြီး ဘာလုပ်လို့ လုပ်ရမည်ကို မသိ ဖြစ်နေမိသည်။သူက မဲ့တုန်အတွက်တော့ နောက်ထပ်'သူစိမ်း' တစ်ယောက်ဖြစ်နေမည်ဆိုတာ နားလည်သည်။ယခုလက်ရှိတွင် သူက 'တစ်ကမ္ဘာလုံးရဲ့အချစ်ခံလေး' ဖြစ်နေရင်တောင်မှ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်မထားရဲပေ။သူက မဲ့တုန်အတွက် အမှန်စင်စစ် 'သူစိမ်း'နောက်တစ်ယောက်သာ ဖြစ်ပါသည်။
ယန်ရှုမင်က တည်ငြိမ်သော လေသံဖြင့် ထိုစကားများကို ပြောပြနေစဥ်မှာ မဲ့တုန်၏နှလုံးသားက တုန်ယင်နေသည်။ထိုခဏ၌ သူ ဘယ်လို တော့ တုံ့ပြန်လိုက်သင့်သည်၊သူ ဘယ်လိုမျိုး ရှင်းပြသင့်သည်ကို မဲ့တုန် မသိတော့ပေ။သူတို့ ဒီတစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် လွဲချော်နေခဲ့ကြသည်ဟု သူ မထင်ထားမိပါ။ရုတ်တရက် နှင်းဆီပန်းတွေက ခြေထောက်ပေါက်ကာ အဝေးကို ထွက်သွားပြီး အခွင့်အရေးတစ်ခု ထပ်လွဲချော်သွားမှာ စိုးသည့်နှယ် မဲ့တုန်က သူ့လက်မောင်းကြားထဲက နှင်းဆီပန်းများကို တင်းတင်းကြပ်ကြပ် ဖျစ်ညစ်လိုက်တော့၏။
မဲ့တုန် စိတ်မချမ်းမြေ့နိုင်ပေ။သူ အတိတ်က ဟိုဟိုဒီဒီ အတွေးလွန်ခဲ့သည့်အတွက် သူ့ကိုယ်သူ ဒေါသထွက်မိသည်။
အဲ့ဒီတုန်းက မဲ့တုန် ဘာတွေ တွေးနေခဲ့တာလဲ
ခန့်မှန်းကြည့်ရန် အရမ်းလွယ်သည်။မဲ့တုန် ပြန်တွေးနေဖို့ပင်မလိုအောင် သိသည်။အစက သူသည် ကျောင်းသားကိုယ်စားပြုဖြစ်ရမည်ကို ငြင်းဆိုပြီး ဘွဲ့နှင်းသဘင်အခမ်းအနားမှ ထွက်ပြေးသွားခဲ့သည်။တကယ်ပဲ ရိုးရှင်းပါသည်၊ယန်ရှုမင်က သူ့ဘဝထဲမှာ ရောက်ရှိနေခဲ့ပြီးသားဆိုရင်တောင်မှ ဤအချိန်တွင်တော့ သူ ယန်ရှုမင်ကို အသိအမှတ် မပြုနိုင်သေး၍ ဖြစ်သည်။ဒါကြောင့် အခု သူ ထပ်ပြီး ထွက်သွားရမည်လို့ တွေးခဲ့သည်။
မဲ့တုန်မှာ ပြင်ပအရာများအပေါ် လိုအင်ဆန္ဒ အလွန်နည်းသဖြင့်၊ တစ်ခုခုဆို ကြီးကြီးကျယ်ကျယ် နှစ်မြှုပ်ခံစားသက်ဝင်တတ်သော အကျင့် ရှိသည်။သူက တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်ကို တစ်ကြိမ်တစ်ခါ ကြိုက်မိပြီဆိုလျှင်၊အချိန်အကြာကြီးအထိ သူဆက်ကြိုက်နေဦးမည် ဖြစ်၏။နေ့တိုင်းနေ့တိုင်း သူ စိတ်ကူးထားသည့် ပျော်ရွှင်ဖွယ် ချိုမြိန်မြိန် အခိုက်အတန့် သေးသေးလေးတွေကို အားကိုးပြီးရှေ့ဆက် လျှောက်နေလိမ့်မည်။
ဒါပေမဲ့ အခု သူ့အတွက် စိတ်ကူးယဥ်ဖို့ အခွင့်အရေး မရှိတော့ပေ။ယန်ရှုမင်က ဘွဲ့ရသွားသည့်အတွက် ကျောင်းမှာ ဆက်ရှိနေနိုင်တော့မည် မဟုတ်။နေရာအမျိုးမျိုးတွင် ယန်ရှုမင်ကို တွေ့နေရမည့် အခွင့်အရေး မဲ့တုန်မရနိုင်တော့ပေ။
မဲ့တုန်က သတ္တိများကို စုစည်းပြီး အိတ်ကပ်ထဲက ယန်ရှုမင်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။သူ့အသံကလည်း မုန်တိုင်းကြားက သစ်ရွက်လေးသဖွယ် သနားစရာဖြစ်၏။
"အဲ့ဒီတုန်းက ကျွန်တော် မသိခဲ့ဘူး ... အမှန်တော့ ခင်ဗျား ဘွဲ့ရသွားလို့ ကျွန်တော် ဝမ်းနည်းနေတာလေ၊ခင်ဗျားဘက်က မသိပေမဲ့ ကျွန်တော် အထက်တန်းဒုတိယနှစ်မှာ ခင်ဗျားအပေါ် ခံစားချက်တွေ အများကြီးရှိနေခဲ့ပြီ။ကျွန်တော်မှာ အဲ့လိုခံစားချက်တွေ ရှိနေတာက တကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်၊ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့ မသိကျွမ်းရဲခဲ့တာ"
ယန်ရှုမင်က အိတ်ကပ်ထဲရှိ သူတို့၏လက်များ၏ အနေအထားကို ပြုပြင်လိုက်သည်။အိတ်ကပ်က မသေးသော်ငြား ယောကျ်ားနှစ်ယောက်၏ လက်များနှင့် ပြည့်ကြပ်နေသဖြင့် အနည်းငယ်တော့ ကျဥ်းကျုတ်နေသည်။သူတို့ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားမနေဘဲ ဖြည်လိုက်သည်။
"ဒါကြောင့်ပဲ ဒီဒိုင်ယာရီကို ရှာတွေ့တော့ ကိုယ် တကယ်ရှော့ခ်ရသွားတာ၊မဲ့တုန်၊မင်းက မင်းနှလုံးသားထဲက ကိုယ့်ပုံရိပ်ကို အထက်တန်းဒုတိယနှစ် စတက်ချိန်ကစပြီး အကြိမ်ပေါင်းများစွာ ပုံစံအသစ်သွင်းနေခဲ့တာပဲ"
မဲ့တုန်က နှုတ်ခမ်းကို သပ်၍
"ဒိုင်ယာရီထဲမှာ ရေးထားတာတွေက ဖြစ်နိုင်တာတော့ ပိုပြီး စစ်မှန် ..."
ယန်ရှုမင် ဘာလို့မှန်းမသိ နောက်တစ်ခါ ထပ်ရယ်မိပြန်သည်။
"အမ်း၊ကိုယ်ကြားဖူးတာ မင်းက အိပ်မက်ထဲမှာတောင် ကိုယ့်အပေါ် များများစားစား မပြုမူရဲဘူးဆို၊ အဲ့ဒါ မင်းလား"
မဲ့တုန်မှာ ယန်ရှုမင်၏ အမှတ်မထင် ဝေဖန်ထောက်ပြမှုများကြောင့် ရှက်သွေးဖြာရတာကိုပင် ကျွမ်းကျင်လာသည်။သူရဲ့ ရှက်ရွံ့နေမှုကို ဖုံးထားဖို့ ကြိုးစားချင်သလို လည်ချောင်းကို ရှင်းလိုက်သည်။
"ကျွန်တော် ...ကျွန်တော်က ဒီအတိုင်း ယဥ်ကျေးမှုရှိတာပါ၊မဟုတ်ဘူးလား"
သူတို့နှစ်ယောက် ဒီပုံစံအတိုင်းပင် အဆောင်ဘက်ကို အေးအေးလူလူ ပြန်လျှောက်လာကြသည်။စနေနေ့ ဖြစ်၍ သွားနေ၊လာနေကြသူတွေက အနည်းငယ်သာ ရှိ၏။ကွင်းထဲမှာတုန်းက မှောင်နေသဖြင့် မဲ့တုန်အတွက် နည်းနည်းပို၍ သက်တောင့်သက်သာရှိခဲ့သည်။ ဒါပေမဲ့ အဆောင်အောက်မှာတော့ လမ်းမီးတိုင်များ တသီတတန်း ရှိပြီး တောက်ပလင်းထိန်နေသည်။
သူတို့ အဆောင်ကို မရောက်ခင်တည်းက မဲ့တုန်သည် ယန်ရှုမင်၏ အင်္ကျီအိတ်ကပ်ထဲရှိ သူ့လက်ကို အရင်ဆုံး ဆွဲထုတ်ထားပြီး ဖြစ်သည်။
သူတို့ ချိန်းတွေ့ဖို့ အဆောင်မှ ထွက်ခဲ့စဥ် သူတို့၏လက်များ တွဲထားခဲ့သည်ကို ပြန်တွေးကြည့်တော့ ထူးဆန်းနေသည်။ထိုအချိန်က မဲ့တုန်၏ ခေါင်းထဲတွင် ယန်ရှုမင်က သူ့ကို ခံစားချက်တွေ ဖွင့်ပြောလာတော့မည် ဆိုတဲ့ အတွေးများနဲ့ ပြည့်နေခဲ့သည်။ ထိုပျော်ရွှင်မှုက သူ့ကို လွှမ်းခြုံထားသဖြင့် သူ တခြားအရာတွေကို ဂရုမစိုက်မိခဲ့ပေ။ အခု သူ နည်းနည်း တည်ငြိမ်သွားချိန်မှာတော့ ရုတ်တရတ်ကြီး သူ ရှက်လာတော့သည်။လက်ထဲက နှင်းဆီပန်းစည်းကို မြှောက်၍ မျက်နှာကို မမြင်အောင် ကွယ်ထားရင်း ရှက်ရွံ့နေလေသည်။
ယန်ရှုမင်က သူ တိတ်ဆိတ်သွားသည်ကို သိသဖြင့်
"မင်း ပြန်သင့်ပြီ"
ယန်ရှုမင်က လက်ကို မြှောက်၍ မဲ့တုန်၏မျက်နှာရှေ့က ပန်းစည်းကို အောက်ဆွဲချလိုက်ပြီး မဲ့တုန်၏ မျက်ဝန်းများကို ထွက်ပေါ်လာစေသည်။သူ ဘာမှ မပြောရသေးခင် မဲ့တုန်က ရှောင်တိမ်းလိုက်ရင်း ညည်းညူလိုက်သေးသည်။
"ခင်ဗျား ကျွန်တော့်ရဲ့ပန်းတွေကို ဘာဖြစ်လို့ ဒီလို ဆက်ဆံနေရတာလဲ"
ယန်ရှုမင်၏ စကားလုံးများက ပါးစပ်ဖျား၌ တခဏမျှ တစ်ဆို့သွားရသည်။ 'ကောင်းသောညပါ'လို့ ပြောမည့်အစား သူက စကားလုံးများကို ပြန်မျိုချလိုက်သည်။
"အစမ်းတွဲကြည့်မဲ့ကာလက တော်တော် အရေးကြီးနေသေးတဲ့ ပုံပဲ"
မဲ့တုန် စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။
"ဘာကြောင့်လဲ"
ယန်ရှုမင်က သူ့မျက်လုံးများကို စိုက်ကြည့်လျက်
"အဆောင်အောက်မှာ မင်း ကိုယ့်ကို နှုတ်ဆက်အနမ်း ပေးရဲတဲ့အထိ အစမ်းတွဲကြည့်ရမယ်"
!
မဲ့တုန်၏မျက်နှာက နီရဲသွားပြီး နောက်ကို ပြန်မလှည့်ကြည့်ဘဲ အဆောင်ထဲ ပြေးဝင်သွားတော့၏။
အခန်းတံခါးရှိရာ အမြန်ပြေးသွားပြီးမှ နောက်ထပ်ကိစ္စ အကြီးကြီးကို မဲ့တုန် ရုတ်တရက် သတိရသွားသည်။
သူ့အခန်းဖော်တွေ ယူဆတာက သူကသာ ယန်ရှုမင်နှင့် ညစာသွားစားမယ်ဆိုရင် သူ့အနေနဲ့ ဖွင့်ပြောတယ်ဆိုတဲ့ ကိစ္စကို နောက်ထပ် မစဥ်းစားနေတော့ဘူးပေါ့။သူတို့မသိတာက သူ့ကို ဖွင့်ပြောမဲ့သူက ယန်ရှုမင် ဆိုတာပဲ။အခု သူက အဆောင်ကို ပန်းတွေ ကိုင်ပြီး ပြန်လာပြီဆိုတော့ သူတို့ရဲ့ မေးခွန်း တသီတတန်းကြီးကို မရှောင်နိုင်လောက်တော့ဘူး၊ သူ ဘယ်လို တုံ့ပြန်သင့်လဲ။
အခုထိ သူနဲ့ ယန်ရှုမင်က ရှင်းပြဖို့ခက်တဲ့ အစမ်းတွဲကာလမှာပဲ ရှိသေးတာလေ။ဒါက သူတို့ လူသိရှင်ကြား တွဲမယ်လို့ ဆိုလိုတာလား၊ မတွဲဘူးလို့ ဆိုလိုတာလား။
လုပ်ငန်းခွင်မှာဆို အစမ်းခန့်ကာလဆိုတာ ရှိတာပဲ၊ ပြီးတော့ အစမ်းခန့်ကာလမှာ အလုပ်လုပ်တာကို အလုပ်လုပ်တယ်ဆိုပြီး ထည့်တွက်ကြတာပဲလေ။ တွဲကြတဲ့ ဆက်ဆံရေးမှာရော ဒါနဲ့ အတူတူပဲလား။
မဲ့တုန် သူ့ဘာသာသူ တွေးနေမိသည်။
ဒါတောင် သူမှာ ဒီအကြောင်းကို ပြောပြဖို့ စကားလုံးတွေ ရှာလို့ မတွေ့ဘူး။ပြီးတော့ သူနဲ့ ယန်ရှုမင် အတူရှိနေကြပါပြီဆိုတာကို သူ ထုတ်မပြောနိုင်တာ ဘာကြောင့်လဲတော့ သူလည်း မရှင်းပြတတ်ဘူး။
လူတွေက သူရဲ့လိင်စိတ်တိမ်းညွှတ်မှုကို သိမှာ မကြောက်သလို၊သူ ယန်ရှုမင်ကို အချိန်အကြာကြီး တစ်ဖက်သတ်ကြိုက်ခဲ့ရတာကို သိမှာလည်း သူ မကြောက်ပေ။သူ ကြောက်နေတာ ဘာကိုလဲဆိုတာ မဲ့တုန် အခုထိ သဘောမပေါက်ပေ။ အစမ်းတွဲမည့်ကာလက သူ့ကြောင့် လိုအပ်သည်လို့ ယန်ရှုမင် ပြောခဲ့သည့် အကြောင်းရင်းကို မဲ့တုန် မရေမရာ ဖြစ်မိနေဆဲပင်။
အကြိမ်ကြိမ်စဥ်းစားတွေးတောပြီးနောက် နတ်ဘုရား ဒေါက်တာမဲ့က ယန်ရှုမင်ကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သူက ပြတင်းပေါက်နားတွင် နှင်းဆီပန်းစည်းကို ကိုင်၍ ရပ်နေရင်း ပြတင်းပေါက်အပြင်ဘက်က လကို ငေးကြည့်နေမိပြီး ဖုန်းခေါ်ဆိုနေသည့် 'ဘိပ် ဘိပ် ဘိပ်' အသံကို နားထောင်နေမိသည်။ဒီနေ့ နည်းနည်း အုံမှိုင်းနေသဖြင့် လကို သေးသေးလေးနှင့် မှုန်ဝါးဝါးသာ မြင်ရသည်။တခဏ အကြာတွင် တစ်ဖက်ကဖုန်းပြန်ဖြေလာပြီး ယန်ရှုမင်၏ အသံက ဖုန်းစပီကာကို ဖြတ်၍ မဲ့တုန်၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"အွန်း... "
မဲ့တုန်၏နားများ နီရဲလာပြန်သည်။ယန်ရှုမင်က ဒီစကားလုံးကို တမင်တကာ သုံးပြီး သူ့ကို စနောက်နေသည်လို့ သူ သံသယမဝင်ပဲ မနေပေ။နူးညံ့စွာ မမေးလိုက်ခင် သူ အရင်ဆုံး ဖုန်းကို မသိမသာလေး ညာဘက်နားရွက်ကနေ ဘယ်ဘက်နားရွက်ဆီသို့ ပြောင်းပြီး နားထောင်လိုက်သည်။
"ကျွန်တော် ... ကျွန်တော် ပြန်ရောက်ရင် အခန်းဖော်တွေကို ဘာပြောပြသင့်လဲ"
"မင်း ဘာပြောပြချင်လဲ"
ယန်ရှုမင်က သူ့မေးခွန်းကို သူ့ဆီ ပြန်ပစ်ထုတ်လိုက်သည်။
"ကျွန်တော်လည်း မသိဘူး၊ဒါကြောင့် ကျွန်တော် ခင်ဗျားကို လာမေးတာ ..."
မဲ့တုန် စိတ်သောကရောက်နေပါ၏။
"ကိုယ်က မင်းရဲ့ချစ်သူကောင်လေး ဖြစ်နေတာကို ရှက်စရာကောင်းတယ်လို့ မင်း တွေးနေတာလား"
"လုံးဝ မဟုတ်ပါဘူးနော်၊ ဒီလိုစကားမျိုး မပြောပါနဲ့၊ကျွန်တော် ဘာကို ဆိုလိုချင်တာလဲ ခင်ဗျား သေချာပေါက် သိတာပဲလေ ..."
""အဲ့လိုဆို ဒါကို ပြောလိုက်ပေါ့၊ မင်း ပြောရမှာ တစ်မျိုးဖြစ်နေရင် ကိုယ် မင်းအတွက် ဒါကို ပြောပေးရမလား"
ကြားရနိုင်ချေရှိသော စကားကို ကြိုတင်မျှော်မှန်းထားသူ မဲ့တုန်ကို ယန်ရှုမင်၏ အဆိုပြုချက်က ထိတ်လန့်သွားစေသည်။
"မဟုတ်၊ မဟုတ်ဘူး၊ ဒါကို ကျွန်တော့်ဘာသာ ပြောမယ်"
ထိတ်လန့်သွားသဖြင့် သူ ပြန်ဖြေပြီးသည်နှင့် မြန်မြန် ဖုန်းချလိုက်သည်။
မဲ့တုန် သူ့ဘာသာ တွေးနေပြန်၏။
သူတို့နှစ်ယောက်လုံးအတွက် အစမ်းတွဲကြည့်ဖို့ လိုအပ်တယ်ဆိုကတည်းက တခြားသူတွေကို သူတို့ကြားက ဆက်ဆံရေးအကြောင်း သာမန်ကာ လျှံကာ ထုတ်ပြောဖို့ မလိုအပ်ဘူး။ဆိုရိုးစကား ရှိတယ် ' အစီအစဥ်တွေကို အောင်မြင်လာတဲ့အထိ ထိန်းသိမ်းထားပါ၊ စကားတွေကို အရေးပါချိန်ရောက်လာတဲ့အထိ သိမ်းဆည်းထားပါ' ဆိုတာလေ။သူတို့သာ အစမ်းတွဲကြည့်တာကို အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့ရင်၊အခြားသူတွေကို ထုတ်မပြောပြခဲ့တော့ အရာအားလုံးက ဆိုးဆိုးဝါးဝါးနဲ့ ကသိကအောက်ဖြစ်မလာဘူးမလား။
မဲ့တုန် လိမ္မော်ရောင်နှင်းဆီပန်းစည်းကြီးကို ကိုင်၍ ပြန်လာချိန်တွင် တုချွမ်က ဂိမ်းဆော့ရင်း အလုပ်ရှုပ်နေသည်။
မဲ့တုန် အပြင်ထွက်သွားတော့ သူတို့အားလုံး စိတ်သက်သာရာ ရသွားပြီး၊ ယန်ရှုမင်နဲ့ အပြင်ထွက်တယ်ဆိုကတည်းက အားလုံး အဆင်ပြေသွားပြီလို့ တွေးနေကြသည်။ဒါပေမဲ့ သူ့ကို ယခုလို ပုံစံနဲ့ တွေ့လိုက်တော့၊သူ့တစ်ခေါင်းလုံး အချစ်အကြောင်း အတွေးလေးတွေနှင့် ပြန်လာတဲ့ပုံ ပေါက်နေသည်။ ဒါ့အပြင် လက်ထဲတွင်လည်း နှင်းဆီပန်းတွေ အပြည့်၊အခြားသူတစ်ယောက်က သူ့ကို ပေးလိုက်သည်လား၊ဒါမှမဟုတ် သူကပဲ အခြားသူကို ပေးဖို့ ဝယ်လာခဲ့သည်လား ဆိုတာ သူတို့ မပြောနိုင်ခဲ့ပေ။
တုချွမ် သက်ပြင်းချလိုက်၏။ "ရှင်းပြ"
စစ်ဆေးမေးမြန်မှုအတွက် သူ့ကိုယ်သူ မဲ့တုန် ပြင်ဆင်လိုက်ပြီး မြန်မြန် ပြန်ဖြေသည်။
"သူ တကယ်ပဲ ငါ့ကို ဖွင့်ပြောခဲ့တယ်၊သူက မလိမ်ဘူး ပြီးတော့ သူက မကောင်းတဲ့သူလည်း မဟုတ်ဘူး။ဒီည ညစာကလည်း အရမ်းဈေးကြီးတယ် ပြီးတော့ ဒါကို သူက ရှင်းပေးခဲ့တယ်။"
သူ အခုတော့ ယန်ရှုမင်နဲ့အကြောင်းကို ပြောပြချင်စိတ် မရှိသော်လည်း သူ့အပေါ်မှာ အထင်အမြင်ကောင်းလေးတော့ ချန်ထားပေးချင်သည်။
တုချွမ်က စစ်ဆေးမေးမြန်းမှုတွင် ပါဝင်ချင်ပေမဲ့ ဂိမ်းတစ်ဖက်နဲ့ အလုပ်ရှုပ်နေသဖြင့် စစ်မေးသည့်တာဝန်က ဝူကျီမော့နှင့် လျိုဟယ်ဝေ့ထံသို့ ကျရောက်လာတော့သည်။သူတို့နှစ်ယောက်က ထိုင်ခုံများကို ဆွဲလာပြီး မဲ့တုန်၏ ဘေးပတ်လည်တွင် ထိုင်လိုက်ကြသည်။
ဝူကျီမော့က တရားသူကြီးတစ်ဦးလို မျက်နှာထား တင်းတင်းဖြင့် "ရှင်းပြ"
မဲ့တုန်က ယန်ရှုမင်က သူ့ရဲ့ဘယ်သူဘယ်ဝါ ဆိုသည့်အကြောင်း၊ တစ်ဖက်လူရဲ့လိင်အမျိုးအစား၊ထို့အပြင် အနောက်တိုင်း စားသောက်ဆိုင်၏ သန့်စင်ခန်းထဲမှာ ဘာတွေဖြစ်ခဲ့သည် ဆိုတာတွေကိုတော့ ချန်လှပ်ထားခဲ့သည်။ ထိုအစား သူတို့က အထက်တန်းကျောင်းမှာတည်းက တစ်ယောက်နဲ့တစ်ယောက် သတိထားမိပေမဲ့ ၊အကြောင်းအမျိုးမျိုးကြောင့် မဆုံတွေ့နိုင်ခဲ့ ဟု ပြောပြသည်။ အခု သူတို့၏နောင်တတွေကို ရှင်းလင်းပစ်ပြီး ခံစားချက်တွေကို အချင်းချင်း ဝန်ခံရင်း၊ ပန်းစည်းတွေ ပေးကြသည်၊ အဲ့ဒီနောက် သူတို့ရဲ့ ဆက်ဆံရေးက အစမ်းတွဲကြည့်သည့် ကာလသို့ ချောမွေ့စွာ ရောက်သွားသည် ဟု ရှင်းပြလိုက်၏။
အစကတော့ ဝူကျီမော့လည်း သူကြားရသမျှကို စိတ်ကျေနပ်မှု ရှိနေပြီး မဲ့တုန်က ဆက်ဆံရေးတစ်ခုကို ရရှိအောင် စီမံနိုင်ခဲ့သဖြင့် အံဩမိလုနီးပါး ဖြစ်နေခဲ့သည်။ဒါပေမဲ့ သူ့အတွေးတွေကို ထုတ်မပြောရသေးခင်တွင် တစ်စုံတစ်ခုကို သတိထားမိသွားပြီး အံ့အားသင့်စွာ ပြောတော့သည်။
"ဒါက ဘယ်လိုကြီးလဲ၊ အစမ်းတွဲကြည့်မဲ့ ကာလ တဲ့ ။ "
++++++++