Chapter 26
"မဟုတ်သေးပါဘူးကွာ ၊အချစ်ဇာတ်လမ်း စဖို့ကို အရင်အစမ်းတွဲကြည့်တာဆိုတော့ ဘယ်မိသားစုက လူကောင်းလေးများပါလိမ့် အာ"
ဝူကျီမော့နှင့် လျိုဟယ်ဝေ့သာမက ဂိမ်းဆော့နေသော တုချွမ်ပါ တိတ်ဆိတ်လို့ သွား၏။သူက အရမ်းဒေါသထွက်နေတာကြောင့် သူ့ရဲ့စိတ်ပျက်မှုတွေကို ဂိမ်းထဲမှာ ထုတ်ဖော်ပစ်လိုက်မိသဖြင့် ဂိမ်းဇာတ်ကောင်၏ တည်နေရာက ပေါ်သွားပြီး ခပ်ဝေးဝေးက မြက်ခင်းတစ်နေရာတွင် ပုန်းအောင်းနေသည့် လောင်ယင်ပိထံမှ ခေါင်းတည့်တည့် လှမ်းပစ်တာကို ခံလိုက်ရလေသည်။
[Old Yinbi - ဂိမ်းထဲရှိ မသိမသာနေရာ၌ ပုန်းအောင်းနေပြီး အခြားကစားသမားများကို တိုက်ခိုက်ရန် စောင့်နေသူ]
ဂိမ်းမျက်နှာပြင်တစ်ခုလုံးက မှောင်မည်းသွား၏။ တုချွမ်လည်း မောက်စ်ကို လွှင့်ပစ်လိုက်ပြီး မဲ့တုန်ကို ကြည့်ရန် ခေါင်းလှည့်လာခဲ့သည်။
"မဟုတ်သေးဘူး ၊အစမ်းတွဲကြည့်တဲ့ ကာလက ဘာဆိုတာကို ရှင်းပြဖို့ မင်းမှာ အချိန်သုံးမိနစ်ရမယ် အာ"
အစမ်းတွဲကြည့်တဲ့ ကာလက ဘာအဓိပ္ပါယ်လဲဆိုတာ မဲ့တုန်က ဘယ်လိုသိမှာလဲ အာ။
သူကိုယ်တိုင် ယန်ရှုမင်ကို အစမ်းတွဲကြည့်တာရဲ့ တကယ့်အဓိပ္ပါယ်ကို မေးကြည့်ချင်သည်။ မဲ့တုန်လည်း လိပ်ပြာမလုံသဖြင့် ဘာမှ ထပ်မပြောနိုင်တော့။သူ၏ စကားရည်လုနိုင်သော အစွမ်းကိုလည်း ယခုအချိန်တွင် လက်ဆုပ်လက်ကိုင် ပြုလို့မရပေ။
တုချွမ်က လေးနက်စွာ ပြောသည်။
"မဲ့ဇီ ၊မင်းကို ငါ တခြားဘာမှတော့ မပြောချင်ပါဘူး၊ မင်းက တုံးအနေတာမှာ မဟုတ်ပဲ၊သူမရဲ့ ရည်ရွယ်ချက်တွေကို မင်းက ဘယ်လိုများ ထွင်းဖောက်မြင်နိုင်မှာလဲ။ တစ်ယောက်ယောက်က ချိန်းတွေ့မှာကို အရင် အစမ်းတွဲကြည့်သေးတယ်လို့ မင်း ဘယ်နေရာမှာ ကြားဖူးလို့လဲ? ငါ မင်းကို တည့်တည့်ပဲ မေးတော့မယ်၊ မင်းတို့နှစ်ယောက် အစမ်းတွဲကြည့်ပြီးရင် လူသိရှင်ကြား တွဲကြမှာလား၊မတွဲကြဘူးလား။"
ဒီတစ်ခါတော့ မဲ့တုန် ပိုပြီး ပြတ်သားနိုင်လာသည်။သူ လျှောက်လမ်းမှာထဲက ဒီမေးခွန်းအကြောင်း တွေးထားခဲ့ပြီးသား ဖြစ်၏။
"ငါတို့ တွဲကြမှာ"
တုချွမ်က သူ့လက်ကို ဖြန့်လိုက်သည်။
"ကောင်းပြီလေ၊ ငါ့ကို သူမရဲ့ WeChat ကြည့်ခွင့်ပေး၊သူမက ဒါကို Moments မှာ လူသိရှင်ကြား တင်ထားပြီးပြီလား၊မင်းတို့က တွဲကြတဲ့ဆက်ဆံရေး ဖြစ်လာပြီဆိုရင် လူသိရှင်ကြားထုတ်ပြသင့်တာက လုပ်သင့်တဲ့ကိစ္စပဲ မဟုတ်လား။"
မဲ့တုန် နောက်တစ်ခါ ဆွံ့အသွားရ၏။ခဏကြာပြီးနောက် သူ ပြောဖို့ လုပ်လိုက်သည်။
"ငါ ... ငါတို့နှစ်ယောက်လုံး ဒါကို လူသိရှင်ကြား မလုပ်သေးဘူး အာ"
တုချွမ်လည်း ပို၍ စိတ်တိုလာမိ၏။
"အဲ့လိုဆိုတော့ မင်းလည်း ဆန်ကုန်မြေလေးတစ်ယောက်ပဲ၊ မင်းက ဘာလို့ လူသိရှင်ကြားတွဲဖို့ မလုပ်ရတာလဲကွာ"
မဲ့တုန်၏တွေးခေါ်နိုင်စွမ်းက ဒီတစ်ခါ ပို၍ ပြတ်သားလာသည်။
"ဘာလို့လဲဆိုတော့ ငါတို့က အစမ်းတွဲကြည့်ဦးမှာ မို့လို့လေ၊ဒီလိုလုပ်ကြည့်ပြီးမှ လူသိရှင်ကြား တွဲတာက ပိုကောင်းတယ်လေ၊မဟုတ်ဘူးလား။ အစမ်းတွဲကြည့်တာက အလုပ်မဖြစ်ဘူးဆိုရင် ရှက်စရာကောင်းတယ်လေ ..."
လျိုဟယ့်ဝေက ကြားဖြတ်ပြောလိုက်သည်။
"ဒါဆို သူမက မင်းကို စမ်းသပ်ကြည့်နေတာပေါ့၊မင်း အလှည့်စားခံနေရပြန်ပြီလို့ပဲ ငါ ဘာကြောင့် ခံစားနေရပါလိမ့်။"
သူ့ အခန်းဖော်၏ မေးခွန်းကို ကြားတော့ မဲ့တုန်၏ စိတ်က ယန်ရှုမင်၏ ကူကယ်ရာမဲ့သော စကားလုံးများကို ဖျတ်ခနဲ တွေးမိသွားသည်။
"မဲ့တုန်၊ ဒီအစမ်းတွဲကြည့်မဲ့ကာလ ဆိုတာ မင်းအတွက်ပါ၊ ကိုယ့်အပေါ် အမှတ်တွေ လျှော့ပစ်ဖို့လေ"
အဲ့ဒီအချိန်က သူဒါကို များများစားစား မတွေးမိခဲ့။ ဘာလို့ အစမ်းတွဲကြည့်နေရသေးတာလဲဆိုပြီး အဲ့ဒီကိစ္စကိုပဲ စိတ်ရောက်နေခဲ့သည်။ဒါပေမဲ့ အခု သူ့အခန်းဖော် ပြောလိုက်တော့မှ မဲ့တုန် ဒီအကြောင်းကို ပြန်ပြီး တွေးနေမိသည်။
သူနှလုံးသားက နောက်တခါ အခုန်မြန်လာပြန်သည်၊ သူ့မျက်နှာကလည်း နီမြန်းလာခဲ့သည်။
ဘယ်လိုလုပ်ပြီး ယန်ရှုမင်က ဒီလိုမျိုး ကြည်နူးစရာကောင်းတဲ့ စကားကို ပြောတတ်ရတာပါလိမ့်? လုံးဝကို မမျှတနေဘူး၊မဲ့တုန်ကျတော့ မပြောတတ်မဆိုတတ်နဲ့ မိုက်မဲတဲ့ကလေးတစ်ယောက် ဖြစ်နေရောပဲ။
မဲ့တုန်က အတွေးထဲ နစ်မြောနေစဥ် အခန်းဖော်တွေက သူ့ရဲ့အမူအရာကို လေ့လာနေကြသဖြင့် မဲ့တုန်၏ မျက်နှာပေါ်တွင် 'အချစ်တွေပြည့်နေသော ဦးနှောက်' ဟု စာလုံးအကြီးကြီးနဲ့ ရေးထားသည်ကို သူတို့ မြင်လိုက်ရတော့၏။
ပတ်ပတ်လည်တွင် သက်ပြင်းချသံများ အလျှိုအလျှို ထွက်လာပြီးနောက် အားလုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေရန် ဆုံးဖြတ်လိုက်တော့သည်။
ဒီနေ့တော့ ဆက်ပြီး ပြောဆိုဆွေးနွေးနေလို့ မဖြစ်ဘူးပဲ၊ နည်းနည်းလေးတောင် မထိရောက်ပါလား။
မဲ့တုန်တွင် ပန်းအိုးတစ်လုံးပင် မရှိသဖြင့် မနက်ဖြန်ရောက်ရင် ပန်းအိုးတစ်လုံး ဝယ်ရမည်လို့ သူ ဆုံးဖြတ်လိုက်သည်။ပါဆယ်လာပို့မည့်အချိန်ကို စောင့်ပင် မစောင့်ချင်တော့။ဒီနေ့တော့ သူ နှင်းဆီပန်းတွေကို လသာဆောင်မှာပဲ ထားလိုက်ပြီး မနက်ဖြန်ရောက်မှ ပန်းအိုးထဲ ထည့်မည်။ ပန်းစည်းကို ဓါတ်ပုံ အတော်များများ ရိုက်လိုက်ပြီး၊စိတ်ကျေနပ်စရာကောင်းသည့် ပုံ မရမချင်း၊တစ်ကြိမ်ပြီး တစ်ကြိမ် ရိုက်ယူပြီးမှ ဖုန်းကို ဘေးဖယ်လိုက်ပြီး ဒိုင်ယာရီကို ဖွင့်လိုက်သည်။
၂၀၂၃ နိုဝင်ဘာ ၂၅ ရက် ၊ နေသာတယ်
ဒီနေ့ မေမေပေးထားတဲ့ ဝတ်စုံကို ငါ ဝတ်ခဲ့တယ်၊ နောင်တရစရာကောင်းတာကတော့ ငါ အရပ် ပိုမရှည်လာတာပဲ။ 'အသက် ၂၃နှစ်မှာ အရပ်ပိုရှည်လာတတ်တယ်'လို့ ပြောကြတာရှိတယ်၊ဒါပေမဲ့ ယုံချင်စရာ မကောင်းဘူးမလား။ဒါမှမဟုတ် အရပ်ပိုရှည်လာဖို့ ငါ့အသက် ၂၃နှစ်ရောက်တာကို စောင့်ဖို့ လိုတာလား။
ငါ တကယ်ပဲ အရပ်နည်းနည်း ပိုရှည်ချင်တာပါ။ဒါဆို သူနဲ့ လမ်းလျှောက်ရတာ ပိုပြီးအဆင်ပြေမယ် ထင်တယ်။သူက ငါလိုက်မှီနိုင်ဖို့ ဖြည်းဖြည်းလေး လှမ်းနေရတာ ငါသိတယ်။ T_T ဒါပေမဲ့ အဲ့ဒါ နည်းနည်းတော့ ရှက်ဖို့ ကောင်းတာပဲ။ ငါက 174cmဖြစ်နေတာတောင် ခြေထောက်တိုတိုလေးတွေ ရှိနေတာနဲ့ တူတယ်။ယောကျ်ားလေးတွေအတွက် 174cmက အရပ်မမြင့်ဘူးလို့ ယူဆလို့ရပေမဲ့ ခြေထောက်တွေက တိုတယ်လို့ ယူဆလို့ရတာလဲ ဟုတ်မနေဘူးလေ။
အချစ်ရေးမှာ အစမ်းတွဲကြည့်တယ်ဆိုတာက အတိအကျ ဘာကို ဆိုလိုပါလိမ့်။
တုချွမ်နဲ့ တခြားသူတွေရဲ့ စိုးရိမ်မှုကို ငါ နားလည်နိုင်ပါတယ်။သူတို့က ငါ့ပါတနာကို မကောင်းတဲ့သူလို့ ယူဆနေတာကိုလည်း ငါ စိတ်မဆိုးပါဘူး၊ အဲ့ဒီအစား သူတို့က ... ဖြစ်နိုင်ရင် နည်းနည်းလေးတော့ ပျော်ရွှင်နေသင့်တယ်၊ ဟုတ်တယ်မလား။ငါ လှည့်စားခံရမှာကို သူတို့ မလိုချင်ကြတာ။သူတို့က ငါ့ကို သူငယ်ချင်းလို့ သတ်မှတ်ထားကြတာလား။သူတို့ရဲ့ စိုးရိမ်မှုတွေအားလုံးက ငါ့ပါတနာက ဘယ်သူဆိုတာ မသိရတော့ ငါ့တစ်ယောက်ကိုပဲ အပြစ်ပြောနေရတာပေါ့။ ငါ့မှာလည်း ထုတ်ပြောဖို့ သတ္တိမှ မရှိတာ၊ရလဒ်က ဆိုးဆိုးဝါးဝါး ဖြစ်လာမှာကို ငါကြောက်တယ်။
အစမ်းတွဲကြည့်တဲ့ ကာလမှာ ငါတကယ်ပဲ ကောင်းကောင်း ပြုမူရမယ်၊ ဒါပေမဲ့ အဆောင်အောက်မှာ နမ်းဖို့အထိကျတော့ ... ကယ်ကြပါ။ငါ လုံးဝ မလုပ်နိုင်လောက်ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ်! ငါ ဘာလုပ်သင့်လဲ? အတွဲတွေ အဆောင်အောက်မှာ မကြာခဏ နမ်းကြတာ အမှန်ပဲ ဆိုပေမဲ့ ငါကတော့ မလုပ်နိုင်လောက်ဘူး ထင်တယ် အား အား အား! ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း မရင်းနှီးသေးတာကြောင့် မဟုတ်သလို ငါ သူ့ကို လုံလောက်အောင် မကြိုက်နေလို့ လည်း မဟုတ်ဘူး။ ဒါက ဒီအတိုင်း ပဲ၊ မဲ့တုန်က ဒါမျိုးတွေ မလုပ်နိုင်လို့ပေါ့။
မဲ့တုန်၊ မင်းက တကယ့်ကို အရူးလေးပဲ၊ ဒီကိစ္စလေးတောင် ဘာလို့ မလုပ်နိုင်ရတာလဲကွာ။
T_T
ငါ တကယ် မလုပ်နိုင်လောက်ဘူးလို့။
ဒီဇင်ဘာလ၊ခရစ်စမတ်နေ့မှာ ကျောင်းမှာ ပွဲတစ်ခု ကျင်းပမှာမို့လို့ကျောင်းသားသမဂ္ဂက အခုထဲက ပြင်ဆင်နေပြီလို့ ငါ ကြားတယ်။သိပ်မကြာခင် နှစ်တွေမှာ ခရစ်စမတ်ပွဲတော်က အတော်လေး ရေပန်းစားလာတာ၊ပြီးတော့ ဒီနှစ်လည်း ခရစ်စမတ် ဆုတောင်းပွဲ ပါတီ လုပ်ဖို့ အစီအစဥ်ဆွဲနေတယ်တဲ့။
မဲ့တုန် ဒီအကြောင်းကို တုချွမ်ဆီက ကြားခဲ့ခြင်း ဖြစ်သည်။သူ့ကောင်မလေးက ဟန်ဖုကလပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်သည်။ ဒါကြောင့် သူမက ဒါကို ပိုသိသည်။
ခရစ်စမတ်အကြိုနေ့တွင် ခရစ်စမတ်သစ်ပင်ကြီးကို ကွင်းထဲတွင် စိုက်ပြီး အပင်ဘေးပတ်ပတ်လည်တွင် ဆုတောင်းစာများ ကပ်ရန် နံရံများ ထားရှိမည်ဖြစ်သည်။လူတွေက ကတ်တွေပြင်ဆင်ပြီး သူတို့၏ ဆုတောင်းများကို ကတ်ပေါ်တွင် ချရေးကြမည်။တစ်ယောက်ယောက်ကတော့ သူတို့၏ဆုတောင်းတွေကို ဖြည့်ဆည်းပေးကောင်း ဖြည့်ဆည်းပေးနိုင်လေသည်။
"ငါ့ရဲ့ ဆုတောင်းကို ဘယ်သူက ပြည့်အောင် လုပ်ပေးမှာလဲ၊ဆန်တာကလော့စ် လား။"
ဝူကျီမော့က မေးသည်။
"မင်းအဖေ ငါပေါ့ကွ၊ ယွမ် ၂၀ မကျော်တဲ့ ဆုတောင်းတစ်ခုသာ ချရေးလိုက်၊အချိန်တန်ရင် ငါ မင်းအတွက် သွားကောက်လာပေးမယ်"
တုချွမ်က မျက်လုံးကို လှိမ့်လိုက်၏။
"ငါ သဘောမပေါက်သေးဘူး" ဝူကျီမော့က ထပ်မေးသည်။
"ရိုးရိုးလေး ပါကွာ၊ လူတိုင်း ကတ်တစ်ကဒ် ရမယ်၊မင်းရဲ့ ဆုတောင်းရယ် မင်းကို ဆက်သွယ်ရမဲ့ အချက်အလက်ရယ်ကို အဲ့ဒီပေါ်မှာ ချရေးလိုက်၊ပြီးရင် အဲ့ဒီကဒ်ကို ဆုတောင်းနံရံမှာ ချိတ်။ ဒါက အားလုံး လူမြင်သူမြင်ပဲ။ မင်းရဲ့ ဆုတောင်းက သင့်လျော်မှု ရှိပြီး စိတ်ကောင်းရှိတဲ့ နတ်ဘုရားရဲ့မျက်လုံးကို ဖမ်းစားနိုင်ခဲ့ရင်တော့၊ သူတို့က မင်းရဲ့ကတ်ကို ယူပြီး မင်းဆုတောင်းကို ဖြည့်ဆည်းပေးမှာလေ။"
တုချွမ် ရှင်းပြလိုက်သည်။
"သဘောပေါက်ပြီ၊ဒါက အောင်သွယ်လုပ်ပေးတာနဲ့ တူလိုက်တာ"
ဝူကျီမော့က မှတ်ချက်ချသည်။
"ဟေး ၊ မင်းခေါင်းထဲကို သံရိုက်ထည့်ထားတာပဲ။ငါလည်း ဒါကို စစချင်း ကြားရတော့ မင်းနဲ့ အတူတူပဲ တွေးမိတယ်"
[Hit the nail on the head - idiom ၊ အခြေအနေ၊ပြဿနာနဲ့ ပတ်သက်ပြီး အတိအကျ ရှာတွေ့တယ်၊ ကွက်တိ စဥ်းစားမိတယ်]
သူတို့နှစ်ယောက် စိတ်ကြီးဝင်သွားပြီး အော်ရယ်နေတော့သည်။ဝူကျီမော့က သူ့ဆုတောင်းနဲ့ပတ်သက်ပြီး သေချာတွေးနေပြီးမှ၊ ကမ္ဘာပေါ်က အခြေခံအကျဆုံး ဆုတောင်းတစ်ခု ဖြစ်တဲ့ 'ကမ္ဘာကြီး ငြိမ်းချမ်းပါစေ'ဟု ရေးချင်သွားသည်။
မဲ့တုန်ကလည်း ဒီပွဲတော်ကို မျှော်လင့်စောင့်စားနေပြီး WeChat ကနေ ယန်ရှုမင်ကို တိတ်တဆိတ် စာပို့လိုက်သည်။
မဲ့ဇီ : "ခရစ်စမတ်ပွဲတော်အကြောင်း ကျွန်တော် ကြားခဲ့တယ်"
ယန်ရှုမင် : "အမ်း ၊ ပါဝင်ဆင်နွှဲချင်လို့လား"
မဲ့ဇီ : "ဟုတ်"
ယန်ရှုမင် : "ကိုယ်တို့ ပြင်ဆင်နေကြတာ၊ ကျောင်းသားသမဂ္ဂ ရုံးခန်းမှာ ခရစ်စမတ်သစ်ပင်ကို စပြီး တပ်ဆင်နေကြပြီ၊ လာပြီး ကစားချင်လား"
မဲ့ဇီ : "ခင်ဗျားတို့တွေက အလုပ်များနေတာလေ၊ ကျွန်တော် လာလို့ အဆင်ပြေရဲ့လား"
ယန်ရှုမင် : "ဘာမှ မဖြစ်ဘူး၊ လာခဲ့။ ဆုတောင်းစာကတ် နည်းနည်း ပို ယူလာ"
မဲ့ဇီ : "မလို ၊မလိုပါဘူး၊ တစ်ကဒ်ဆို ရပါပြီ"
ဒီနှစ်ရဲ့ အပူချိန်က ပုံမှန်နှစ်တွေထက် ပိုနိမ့်တယ်။ဒီဇင်ဘာလ ထဲရောက်လာတာက လောကအသစ်တစ်ခုကို ဖြတ်သန်းရသလိုပဲ။ လွန်ခဲ့တဲ့ ရက်နည်းနည်းက ဆောင်းဦးမှာ ဝတ်တဲ့ကုတ်အင်္ကျီ တစ်ထည်ထဲနဲ့ ဟိုဟိုဒီဒီ သွားလို့ရနေသေးတယ်၊ ဒါပေမဲ့ အခုတော့ လည်စည်း၊လက်အိတ်၊ဦးထုပ် အပြည့်အစုံ မဝတ်ဘဲ ညဘက် အပြင်သွားရင် အေးလွန်းလို့ ငါ့ခြေထောက်တွေကို လှုပ်လို့တောင် ရမှာ မဟုတ်ဘူး။
မဲ့တုန်သည် နို့လက်ဖက်ရည်ဆိုင်မှ ပါဆယ်ပို့ပေးသည့် ကောင်လေး နောက်ကနေ လိုက်လာပြီး၊ သူတို့ ကျောင်းသားသမဂ္ဂ ရုံးခန်းကို ရောက်လာကြသည်။
ရုံးခန်းထဲတွင် အပူပေးစက်က ပေါက်ကွဲထွက်မတတ်ပင်။သူတို့ အထဲဝင်သွားတာနှင့် တပြိုင်နက် ပူနွေးလာရသည်။မဲ့တုန်၏ အသံက သူ့လည်စည်းကြောင့် သဲသဲကွဲကွဲ မကြားရအောင် ဖြစ်နေ၏။သူ ကျယ်ကျယ်လဲ မအော်ရဲပေ။ယန်ရှုမင်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး တီးတိုးပြောသည်။
"ကျွန်တော် အားလုံးအတွက် နို့လက်ဖက်ရည် ဝယ်လာခဲ့တယ်။ခင်ဗျား သူတို့ကို ပြောပေးနိုင်မလား"
ယန်ရှုမင်က မဲ့တုန်၏ လည်စည်းပဝါကို လှမ်း၍ ဖယ်ပေးရန် လုပ်လိုက်သည်။
"ဒါကို ပတ်ထားတုန်းပဲပေါ့ ၊ မင်း မပူဘူးလား"
လည်စည်းက သူ့ရဲ့သံချပ်ကာ ဖြစ်နေသဖြင့် မဲ့တုန် လက်ကို အမြန် မြှောက်လိုက်ရသည်။ ကျောင်းသားသမဂ္ဂက ဘယ်သူ့ကိုမှ သူ မသိပါ၊ဒါကြောင့် ထိုလည်စည်းက သူ့ကို ဒီနေရာကို လာရဲမည့် သတ္တိအများကြီးကို ပေးနိုင်သည်။သူ့မှာ တုံ့ဆိုင်းနေခဲ့ပြီး အဆောင်ခန်းထဲမှာ အေးအေးဆေးဆေး အကြာကြီး စဥ်းစားနေခဲ့ပြီးမှ၊ယန်ရှုမင်နှင့်အတူ ခရစ်စမတ်သစ်ပင်ကို ပြင်ဆင်ခွင့်ရမည့် သွေးဆောင်ဖြားယောင်းမှုကို မလွန်ဆန်နိုင်တာကြောင့် အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ရ၏။ဒါကြောင့် လည်စည်းကို ဖယ်ပြီး ကုတ်အင်္ကျီကိုသာ ချွတ်လိုက်ရင် သူ့ကိုယ်ပေါ်မှာ ဘာမှ မဝတ်ထားရသလို ခံစားရသည်။
မဲ့တုန်၏အသံက မသဲမကွဲ ဖြစ်နေသဖြင့် ရှက်ရွံ့နေသည့် အသံလိုပင်။
"မဖယ်ပစ်လိုက်နဲ့၊ ကျွန်တော် မပူဘူးလို့"
ယန်ရှုမင်က သူပြောသည်ကို မကြားသည့်အတိုင်း လည်စည်းကို ဖယ်ဖို့ ပို၍ အားထုတ်လာ၏။ယန်ရှုမင်က လည်စည်း၏ အနားစွန်းတစ်နေရာကို ဖမ်းဆွဲကာ အောက်ဆွဲချလာသဖြင့် မဲ့တုန်လည်း ချာချာလည်နေတော့သည်။ သူ ပြန်တည်ငြိမ်သွားချိန်မှာ သူ့လည်စည်းက ယန်ရှုမင်၏ လက်ထဲ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။
ယန်ရှုမင်က သံသယဖြစ်စရာမလိုသော လေသံဖြင့်
"အထဲမှာ အပူပေးစက်ရှိတယ်၊ မင်းရဲ့ ကုတ်အင်္ကျီကို မချွတ်ရင် မင်း အအေးမိသွားနိုင်တယ်"
" ... အို့" မဲ့တုန် ခေါင်းငြိမ့်လိုက်ပြီး နာခံစွာဖြင့် ကုတ်အင်္ကျီကို စပြီးချွတ်လေသည်။
ယန်ရှုမင်က ပါဆယ်ပို့သော ကောင်လေး၏လက်ထဲက ဘူးကို ယူလိုက်သည်။ထို့နောက် လူတိုင်းက ဝိုင်းအုံလာပြီး သူတို့၏ နို့လက်ဖက်ရည်ခွက်များကို ကိုယ်စီလာယူကြ၏။ မိနစ်အနည်းငယ်ကမှ ဖျော်ထားတာဖြစ်၍ ခွက်အားလုံးသည် အငွေ့တထောင်းထောင်းနှင့် ပူနွေးနေ၏။
" မဆိုးဘူးပဲ အာ ၊ ယန်ကော၊ ခင်ဗျား ဒီနေ့ ဘာဖြစ်နေတာပါလိမ့်။ ကျွန်တော်တို့ကို နို့လက်ဖက်ရည်တွေ ဘာတွေ ဝယ်တိုက်လို့ပါလား"
"ခင်ဗျားမှာ ဒီလို အသိစိတ်ဓါတ် ရှိလို့ပဲ၊မဟုတ်ရင် ကျွန်တော်က အဆောင်ကနေ လမ်းလျှောက်ထွက်လာတဲ့ ရေခဲလုံးကြီး ဖြစ်တော့မလို့"
"ဟေး မင်းတို့မှာ သကြားမပါတဲ့ဟာ ရှိလား"
သူတို့က ရယ်မော၍ သောက်စရာများကို ယူနေချိန်တွင် ယန်ရှုမင်က သူတို့ကို အေးတိအေးစက် ကြည့်လိုက်သည်။
"ငါက အဲ့လောက် ရက်ရောတတ်လို့လား။ ဝယ်တိုက်တဲ့လူက ငါ မဟုတ်ဘူး"
ချက်ချင်းပဲ တစ်ယောက်က မေးသည်။
"ဒါဆို ဝယ်ပြီး ဒကာခံတဲ့ ဘုရားလောင်းလေးက ဘယ်သူပါလိမ့်။"
ယန်ရှုမင်က စားပွဲခုံအလယ်ကို မှီနေရင်း သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက နောက်လှည့်ပြီး မဲ့တုန်ကို ကြည့်လာသည်။
"လာပြီး နှုတ်ဆက်လိုက်"
မဲ့တုန်မှာ အခုပဲ ကုတ်အင်္ကျီကို သေသပ်စွာခေါက်၍ ထိုင်ခုံပေါ် တင်နေခဲ့သည်။ သူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး သေချာအောင် လုပ်သည်။
"ကျွန်တော်လား"
ယန်ရှုမင် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
မဲ့တုန် ငိုချင်သော်လည်း မျက်ရည်က မထွက်ပေ။
ယန်ရှုမင်ကို နို့လက်ဖက်ရည် ဝေခိုင်းတယ်ဆိုတာက သူ့အနေနဲ့နှုတ်ဆက်စကားပြောဖို့ ရှက်လို့လေ၊မဟုတ်ဘူးလား။ ဒီလူက ဘယ်လိုဖြစ်ရတာလဲ။ ဒီလိုဖြစ်မယ်ဆိုတာ သိရင် သူ နို့လက်ဖက်ရည်ဝယ်လာမိမှာ မဟုတ်ဘူး။ တိတ်တိတ်လေး ခိုးကြောင်ခိုးဝှက်နဲ့ နေလိုက်တာက သူ့အပေါ် အာရုံစိုက်မှု နည်းစေတယ်လေ။
မဲ့တုန်၏ ခြေလက်များက တောင့်တင်းနေပြီး ယဥ်ကျေးသော အပြုံးတစ်ပွင့် မျက်နှာပေါ်မှာ ရောက်လာဖို့ အတော်ကို အားစိုက်လိုက်ရသည်။သူက ယန်ရှုမင်၏ ဘေးဘက်သို့ နေရာရွေ့လိုက်ပြီး
"အာ ... မင်္ဂလာပါ၊ အားလုံးပဲ ကျွန်တော်က မဲ့တုန်ပါ၊ ဒီနေ့ အရမ်းအေးလို့ ၊ကျွန်တော် လူတိုင်းအတွက် နို့လက်ဖက်ရည် ဝယ်လာပေးတာပါဗျ"
"ရွှယ်ရှန် ၊မင်း ယန်ရှုမင်နဲ့ တကယ်သိတာပဲ၊ ငါ ထင်မထားမိဘူး"
[ရွှယ်ရှန် - စာပေလေ့လာခြင်းနတ်ဘုရား]
"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ငါတို့နဲ့အတူ ပါဝင်ဖို့ မင်းကို ကြိုဆိုပါတယ်နော်၊ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သက်တောင့်သက်သာ နေလို့ရတယ်၊ငါတို့အားလုံး မင်းကို သိပြီးသားပါ"
"နို့လက်ဖက်ရည်အတွက် ကျေးဇူးပါ၊ ရွှယ်ရှန်။နောက်တစ်ခါကျရင် ငါတို့ တွေ့ဆုံပွဲလုပ်မှာ၊မင်းလည်း လာလို့ ရတယ်နော်"
"နေပါဦး ၊ ယန်ကော၊ မင်း ငါတို့ကို ဘာဖြစ်လို့ မိတ်မဆက်ပေးရတာလဲ? မင်း မဲ့တုန်နဲ့ သိတယ်လေ အာ"
ယန်ရှုမင်က စားပွဲခုံအစွန်းကို မှီနေပြီး နေပုံထိုင်ပုံကလည်း သက်တောင့်သက်သာ ဖြစ်နေသကဲ့သို့ ၊ ပြီးမှ သူ့ဘေးမှာ မတ်တပ်ရပ်နေသော မဲ့တုန်ရှိရာဘက်သို့ ပိုတိုး၍ မှီလိုက်သည်။ သူတို့ နှစ်ယောက်က အနည်းကပ် ဖိကပ်မိနေသဖြင့်၊ ထိုမေးခွန်းကို ကြားလိုက်ပြီးနောက် ယန်ရှုမင်က ခပ်တိုးတိုး ရယ်လိုက်သည်ကိုပါ မဲ့တုန် ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ထို့နောက် ယန်ရှုမင်က ပြောပါ၏။
"မဲ့တုန်နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် သိတာ အတော်ကြာခဲ့ပြီ၊ သူက ငါ့ရဲ့ ..."
"သူငယ်ချင်း ပါ "
မဲ့တုန်သည် အမြီးတက်နင်း ခံလိုက်ရသလို ဖြစ်သွားပြီး၊ရှေ့နောက်စဥ်းစားမနေဘဲ ယန်ရှုမင်၏စကားကို ကမန်းကတမ်း ကြားဖြတ်ပြီး ပြောချလိုက်သည်။ လက်ရှိအချိန်တွင် မဲ့တုန်၏ ပါးစပ်က ဦးနှောက်ထက် ပိုမြန်သွားသည်။ ဒီလို ပြောလိုက်ပြီးမှ သူ ချက်ချင်းပဲ နောင်တရလာတော့သည်။
သူတို့က အစမ်းတွဲကြည့်နေပြီလေ၊ဒါဆို ဘာကြောင့်မို့လို သူက သူ့ရဲ့အနေအထားကို ဝန်မခံနိုင်သလို လုပ်နေရသေးတာလဲ အာ။ သူ ဒါအတွက် အမှတ်လျော့ခံရနိုင်လား အာ။
ထင်ထားသည့်အတိုင်း ယန်ရှုမင်က ခဏရပ်တန့်သွားခဲ့ပြီး ထို့နောက်တွင်တော့ နှေးကွေးစွာ ပြောလေသည်၊သူ့ရဲ့အသံထဲတွင်လည်း စိတ်ခံစားချက်များ မသိမသာ ပြည့်နှက်နေခဲ့သည်။
"အို့ ၊ အဲ့လိုဆိုလည်း သူငယ်ချင်းတွေပေါ့"
++++++++