Chapter 1
Viewers 169

Ch1 - သာမန်နေ့တစ်နေ့.....


ထိုနေ့သည် ထူးထူးခြားခြား သာမန်နေ့တစ်နေ့ဖြစ်သဖြင့် ဖန်ချန်းသည် ဒီနေ့မနက်စာအတွက် သူဘာစားခဲ့သည်ကိုပင် မမှတ်မိနိုင်တော့ပေ။

အခြားနေ့များကဲ့သို့ပင် မနက်စာကို အလျင်စလိုယူရင်း အလုပ်သွားရန်ထွက်လာခဲ့ပြီး တံခါးဖွင့်နေတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ မတော်တဆ တွေ့ခဲ့သည်။ သာကြောင်းမာကြောင်းဖလှယ်လိုက်ကြပြီး ဓာတ်လှေကားစီးလိုက်ကြသည်။

"မစောလွန်းဘူးလား?" အိမ်နီးချင်းကမေးလာသည်။

ဖန်ချန်းက "အမ်... ဘယ်တတ်နိုင်မလဲဗျာ အလုပ်နောက်ကျလို့မှမရဘဲ...မဟုတ်ရင်ရက်မှန်ကြေး ဘောနပ်စ်ကို လက်လွှတ်ရလိမ့်မယ် ဟ ဟ" ဒီဘောနပ်စ်က သူ့အတွက် သိသိသာသာ အရေးပါလှသည်။

သူတို့ စကားနည်းနည်းထပ်ပြောလိုက်ပြီး မကြာခင်မှာပဲ ဓာတ်လှေကားက ပထမထပ်ကို ရောက်သွားခဲ့သည်။ ပထမထပ်၏ဘယ်ဘက်ခြမ်းတွင် အသက်ငါးဆယ်ကျော်ရှိဟန်တူသော သက်လတ်ပိုင်းစုံတွဲတစ်တွဲသည် အပြင်ဘက်ရှိ ခေါက်ထိုင်ခုံများပေါ်တွင် ထိုင်လေ့ရှိပြီး အခြားအိမ်နီးနားချင်းများနှင့် နံနက်ခင်းစကားစမြည်ပြောဆိုလေ့ရှိသည်။

 ခေါက်ထိုင်ခုံပေါ်တွင်ထိုင်နေသည့် အမျိုးသမီးက ဖန်ချန်းကို သတိပြုမိသွားပြီး "အလုပ်သွားပြီလား သား" ဟု နွေးထွေးစွာ နှုတ်ဆက်လာသည်။

ဖန်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး "အန်တီဝူ" လို့ နှုတ်ဆက်လိုက်ကာ "အန်ကယ်ရော ဘယ်မှာလဲဗျ" ဟု မေးလိုက်သည်။

အန်တီဝူက သက်ပြင်းတစ်ချက်ချလိုက်ရင်း မျက်လုံးမှိတ်ကာ ပြောလိုက်သည် "မနက်စောစောစီးစီး တခြားသူတွေနဲ့ လောင်းကစားလုပ်ပြန်ပြီလေ မနက်စာတောင် မစားရသေးဘူး... ပြောကြည့် သူပြန်လာရင်စားပွဲပေါ်မှာ ဒူးထောက်ရမှာမကြောက်ဘူးလား!?"

ဖန်ချန်းက ရယ်မောလိုက်ပြီးနှုတ်ဆက်ကာ လမ်းဆက်လျှောက်သွားလိုက်သည်။ စင်္ကြံလမ်းတွင် မနက်စာစားပြီး ပြန်လာပုံရတဲ့ ဖန်ယင်းယင်းကို တွေ့တာကြောင့် နှုတ်ဆက်လိုက်သည်။

ဖန်ယင်းယင်းက အနည်းငယ် တုန့်ပြန်ကာ ခေါင်းညိမ့်ပြလာပြီး စင်္ကြံထဲသို့ အလျင်အမြန် လျှောက်သွား၍ညာဘက်သို့ ချိုးကာ သူမ၏ တိုက်ခန်းထဲသို့ လျှင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

သူမသည် သီးသန့်ဆန်သောမိန်းကလေးတစ်ဦးဖြစ်ပြီး လူများကို ကြောက်ရွံ့သောအကြည့်ဖြင့် အမြဲလိုလိုကြည့်လေ့ရှိသည်။ အန်တီဝူသည် သူမအတင်းကို အခြားသူများနဲ့ ပြောလေ့ရှိပြီး သူတို့နဲ့ အနီးဆုံး နေထိုင်နေတဲ့ အဲ့ဒီမိန်းကလေးက မသန့်ရှင်းတဲ့ အရာတစ်ခုကို သယ်ဆောင်ထားသလိုမျိုးပဲ အုံ့မှိုင်းမှိုင်း လေထုကို ထုတ်လွှတ်တတ်ကာ သူမနဲ့ဆက်ဆံသူတိုင်းကံမကောင်းတတ်ဟု ဆိုသည်။ သူမသည် အမြဲလိုလို ခေါင်းငုံ့ လမ်းလျှောက်တတ်ပြီး ထူးဆန်းစွာ တစ်ခုခုကိုတုန်လှုပ်ချောက်ချားနေပုံရသည်။

အန်တီကြီးများသည် အသက်ကြီးလာသည်နှင့်အမျှ အတင်းအဖျင်းပြောကြလေ့ရှိကြပြီး သူတို့၏စကားများသည် သာယာဖွယ်မရှိသော်လည်း လူတိုင်းက နားထောင်ရုံဖြင့် ရယ်မောနိုင်ကြသည်။သူ့အထင်ပြောရရင် ဤမိန်းကလေးသည် သူမအကြောင်း ကောလာဟလများကို အနည်းငယ် ကြားခဲ့ရတာကြောင့် ထိုသက်ကြီးရွယ်အိုများနှင့် မပတ်သတ်ရန် ရွေးချယ်ခဲ့ပုံရသည်။

နေ့ခင်းဘက်တွင် ဖန်ချန်းသည် နေ့လည်စာစားရန် အိမ်သို့ပြန်လာခဲ့သည်။ ကော်ရစ်ဒါမှာရပ်လိုက်ပြီး ဓာတ်လှေကားရောက်ရန် စောင့်ဆိုင်းနေစဉ် လူတစ်ဦး အနီးမှဖြတ်သွားခဲ့သည်။ စတိုင်ကျသော အဖြူရောင်ရှပ်အင်္ကျီ စတိုင်ဘောင်းဘီ သားရေဖိနပ်ကိုဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ လှန်ဖီးထားကာမျက်မှန်ကို ၀တ်ဆင်ထားသည်။ တစ်ဖက်သူသည်လည်း အလုပ်မှ ပြန်လာပုံရသည်။

ဖန်ချန်းသည် သူ့အမည်အပြည့်အစုံကိုတော့ မသိပေမယ့်လည်း ဒုတိယထပ်တွင် နေထိုင်သူဖြစ်တာကိုတော့သိသည်။ သူ့နောက်ဆုံးနာမည်မှာ ရွှီ ဖြစ်ပြီး အိမ်နီးချင်းများနှင့် ဆက်ဆံခဲသည်။ သူသည် တစ်ယောက်တည်းနေသူဖြစ်ပြီး အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ အများကြီးရှိတယ်လို့ ကြားဖူးသည်။ အန်တီဝူသည် သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်များအကြောင်း မကျေမနပ်ဖြင့် မကြာခဏ ညည်းညူလေ့ရှိသည်။ သူ့ရဲ့ ကြောင်များနှင့် ခွေးများသည် ညဘက်တွင် သေလောက်အောင် ဆူညံလွန်းသည်ဟု သူမက ဆိုသည်။ ဖန်ချန်းအတွက်မူ ထိုကဲ့သို့သော အနှောင့်အယှက်အသံများကို တစ်ခါမှမကြားခဲ့ဖူးချေ။ သူကပဲ အရမ်းနှစ်ခြိုက်စွာအိပ်နေတာဖြစ်နိုင်သလို အန်တီဝူကပဲ ရည်ရွယ်ချက်ရှိရှိ အပြစ်လိုက်ရှာနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအဆောက်အအုံတွင် နေထိုင်သူအားလုံးသည် အန်တီဝူ၏ အဆက်မပြတ် အတင်းတုပ်ခြင်းများကို ကျင့်သားရပြီးသားဖြစ်သည်။

ထိုသူအပေါ်ထပ်သို့တက်နေသည့်ပုံအား မြင်လိုက်ရသဖြင့် ဖန်ချန်း၏ မသိစိတ်ကနေ "မင်္ဂလာနေ့လည်ခင်းပါ" ဟုနှုတ်ဆက်မိလိုက်သည်။

ထိုလူသည် အပေါ်တက်နေရင်း ပြန်လှည့်လာပြီး "မင်္ဂလာနေ့ခင်းပါ နေ့လည်စာစားဖို့ အိမ်ပြန်လာတာလား"

"ဟုတ်တယ်ဗျ"

ထိုအချိန်တွင် ဓာတ်လှေကား အတိအကျပွင့်လာခဲ့သည်။ ဖန်ချန်းသည် အထဲသို့ ဝင်လိုက်ပြီး နောက်တဖန် လှည့်ကြည့်လိုက်တော့ ထိုလူသည် အပေါ်ထပ်သို့ တက်သွားပြီဖြစ်သည်။

ဖန်ချန်းသည် စတုတ္ထထပ်တွင် နေထိုင်ပြီး သူ့အောက်တွင် ဇနီးမောင်နှံနှစ်ဦးရှိကာ အမျိုးသမီးမှာ ငယ်ရွယ်လှပသူဖြစ်ပြီး ယောက်ျားမှာ ချမ်းသာလှသည်။ သူတို့၏ တက်ကြွပြီး ရဲတင်းသော လှုပ်ရှားမှုအသံများသည် နေ့ခင်းကြောင်တောင်တွင် ပဲ့တင်ထပ်နေလေသည်။ "အာ့.... ဟင်း..." ဟူသော အသံများသည် ပြတင်းပေါက်မှ တစ်ဆင့် ဖန်ချန်း၏ နားထဲသို့ တိုးဝင်လာသည်။

နှုတ်ခမ်းကိုကိုက်လိုက်ကာ ဆူညံသံကို တိတ်တဆိတ် လျစ်လျူရှုပြီး အသားညှပ်ပေါင်မုန့်ကို အနည်းငယ် ကိုက်ယူလိုက်သော်လည်း ထပ်ပြီးဆက်စားချင်စိတ်မရှိတော့ချေ။ ဩဂုတ်လသည် အပူဆုံးလဖြစ်တာကြောင့် သူ့ကိုယ်သူ အသက်ရှူမဝမဖြစ်စေရန် ပြတင်းပေါက်ကို မပိတ်နိုင်ခဲ့ပေ။ ညီးညူသံများ နဲ့ အသားချင်းရိုက်ခတ်သံများကြောင့် မသက်မသာခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်များ မဲ့ကျသွားပြီး လည်ပင်းတွင် ချွေးစေးလေးများ ထူထပ်စွာ ထွက်လာတော့သည်။ ထိုအခိုက်အတန့်တွင် အေးမြသောလေနုအေးသည် သူ့နဖူးပေါ်မှ အပူများကို ချေမှုန်းပစ်လိုက်ရန် ခပ်ဖွဖွတိုက်လာခဲ့သည်။ ထို့နောက် စူးရှသော အမျိုးသမီး အသံတစ်ခုက ဟိုလင်မယားကိုအော်ဟစ်ဆဲဆိုလာတာကြောင့် တက်ကြွနေတဲ့နှစ်ယောက်၏ အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဖန်ချန်း နေထိုင်သည့် လူနေရပ်ကွက်သည် အသစ်မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူနေထိုင်လျက်ရှိသော အဆောက်အအုံသည် ပြုပြင်မွမ်းမံခံခဲ့ရသည်။ အပြင်ဘက်မှ ကြည့်လျှင် ကောင်းမွန်သော်လည်း အတွင်းပိုင်း နေထိုင်မှု အခြေအနေများသည် ကွာခြားလှသည်။ ဓာတ်လှေကားသည် မကြာခဏ ချွတ်ယွင်းတတ်ပြီး ရေပေးဝေမှုသည်လည်း မကြာခဏ ပြတ်တောက်သွားလေ့ရှိသည်။ အဆောက်အအုံစီမံခန့်ခွဲရေးကို တိုင်ကြားမှုများပြုလုပ်ကြပေမယ့် ပြဿနာများသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဒါကြောင့် သာမန်အားဖြင့် ပထမထပ် ဒုတိယထပ်ရှိသူများသည် လှေကားဖြင့်သာတက်လေ့ရှိကြသည်။

ရုတ်တရင်ဖန်းချန်းသည် သူ့နာမည်ကို တစ်ယောက်ယောက်က တိုးဖွစွာခေါ်နေသည်ကို ကြားလိုက်ရသည်။ ထိုအသံသည် ရင်းနှီးနေသလိုလိုရှိသော်လည်း အမည်ဖော်မရသော အသံဖြစ်သည်။ မည်သူမည်ဝါဖြစ်သည်ကို အတိအကျမသိနိုင်တာကြောင့် အသံကြားရာသို့ လှေကားမှဆင်းလာလိုင်ပြီး အသံနောက်လိုက်သွားလိုက်မိသည်။ ပထမထပ်ရောက်ခါနီးတွင် အသံတိတ်သွားခဲ့သည်။

ဖန်ချန်းသည် လှေကားလက်တန်းကို ဆုပ်ကိုင်လိုက်ရင်း သူ့အောက်က ကြမ်းပြင်က လှိုင်းထနေသလိုမျိုး ခံစားလိုက်ရသည်။ နေရာတစ်ခုလုံးက ပုံပျက်နေသလိုတွန့်နေလေသည်။ တစ်စုံတစ်ယောက်က သူ့နာမည် ခေါ်သံကိုထပ်ကြားလိုက်ရသည်။ သူ့နာမည်ကို အလွန်ညင်သာလွန်းသော အသံဖြင့် ရွတ်ဆိုနေရင်း ရှင်းမပြနိုင်သော သက်ရောက်မှုများနှင့် ညင်သာမှုတို့ကို သယ်ဆောင်လာပြီး သူ့နားထဲသို့ ရင်းနှီးစွာ စကားပြောနေသကဲ့သို့ အသံသည် တိုးဝင်လာခဲ့သည်။

"ဖန်ချန်း!"

အဲဒီလူက...အဲ့လူက သူ့နောက်မှာရှိနေတာလား..?

ဖန်ချန်း လှည့်ပြီးကြည့်ခါနီးမှာပဲ နှိုးစက်သံကမြည်လာခဲ့ပြီး လန့်နိုးသွားခဲ့သည်။သူ့မျက်လုံးကိုဖွင့်လိုက်ပြီး သူ့ကျောပြင်မှာ ချွေးတွေနဲ့ ဖုံးလွှမ်းနေတာကို ခံစားလိုက်ရသည်။

တိုတောင်းတဲ့ နေ့လယ်စာ အနားယူချိန်မှာ ထူးထူးဆန်းဆန်း အိပ်မက်တွေ မက်တာက သူ့စိတ်ကို ပိုလို့တောင် ကမောက်ကမ ဖြစ်စေခဲ့သည်။

ဖန်ချန်းသည် အိမ်မှ ပြန်ထွက်သောအခါ ဓာတ်လှေကားဖြင့်မဆင်းဘဲ ခေါင်းနည်းနည်းရှင်းရန် လှေကားကိုအသုံးပြုရန် ရွေးချယ်ခဲ့လိုက်သည်။ ကံဆိုးချင်တော့ သူက သုံးထပ်မြောက် လင်မယားနှစ်ယောက်နဲ့ တိုးမိသွားသည်။ သူတို့သည် လှေကားနားရှိတံခါးဘောင်ကို မှီ၍ ပြင်းပြင်းထန်ထန် နမ်းရှုံ့နေကြသည်။

ဖန်ချန်း အမြန်ဆုံး ထွက်သွားလိုက်သည်။ ယောက်ျားက မိန်းမဖြစ်သူကို အရင်လွှတ်လိုက်ပြီး "ဘေဘီ ကိုယ်အရင်သွားတော့မယ်" လို့ပြောလိုက်သည်။ ထို့နောက် သူသည် ကြီးမားသော ခြေလှမ်းများဖြင့် အောက်သို့ဆင်းလာကာ ဖန်ချန်း၏ ပုခုံးကို ပုတ်လိုက်သည်။ "အလုပ်သွားတော့မလို့လား?"

ဖန်ချန်းက ရုတ်တရက်ဆိုပေမယ့် မထိတ်လန့်ဘဲ သူ့အကြည့်တွေကို ရှောင်လိုက်ပြီး "အမ်း" ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူသည် ဤစုံတွဲအပေါ် နှစ်သက်ဖွယ် သဘောထားမရှိကာ အဘယ်ကြောင့်ဆိုသည်ကိုတော့ အတိအကျ မဖော်ပြနိုင်ပေ။

ပထမထပ်ကိုရောက်ပြီးနောက် ကော်ရစ်ဒါမှအပြင်မထွက်ခင်တွင် ဖန်ချန်းသည် ဖန်ယင်းယင်းကို ထပ်တွေ့လိုက်သည်။ သူမကို နှုတ်ဆက်ရမလား မနှုတ်ဆက်ရမလား စဉ်းစားနေစဉ်မှာပဲ သူမသည် ချီတုံချတုံဖြင့် ခေါင်းညိတ်ပြကာ အစပြုနှုတ်ဆက်လာသည်။ "ဟယ်လို မင်္ဂလာပါ"

ဖန်ချန်းက ပေါ့ပေါ့ပါးပါး ပြန်တုန့်ပြန်လိုက်သည်။
"အိုးဟေး မင်္ဂလာပါ"

ထို့နောက် ဆက်လျှောက်လာခဲ့ပြီးဝင်ပေါက်နားရှိ အေးမြတဲ့ အရိပ်အောက်မှာထိုင်နေသူ ယောက်ျားက သူကံဆိုးနေကြောင်း ပိုက်ဆံအကုန်ရှုံးသွားကြောင်းကို ရေရွတ်နေလေသည်။

ဒီနေ့၏ အပူဒဏ်က ပြင်းထန်လှသည်။ ဖန်ချန်း သူ့ဆံပင်ကို ကိုင်ကြည့်လိုက်ရာ စိုစွတ်နေတာကို တွေ့လိုက်ရပြီး မျက်တောင်တွေကလည်း ချွေးများဖြင့် ဖုံးလွှမ်းနေသလိုခံစားလိုက်ရသည်။

ကော်ရစ်ဒါအ၀င်ဝမှာ ခဏရပ်လိုက်ချိန်တွင် သူ့နောက်ကျောကို တစ်ယောက်ယောက်ပုတ်လိုက်သလို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ တတိယထပ်က အိမ်နီးချင်း ကောင်းချန်ကို တွေ့လိုက်ရသည်။ သူက အရပ်သိပ်မရှည်သော်လည်း နည်းနည်းထွားသည်။ထိုသူက ခပ်ွဖွ ပြုံးပြလာသည်။

ကောင်းချန်: "ဒီနေ့ နေတော်တော်ပူတယ်နော်"

ဖန်ချန်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "အင်း...ဟုတ်ပါ့ဗျာ... တော်တော်ပူတယ်" ပြောကာ အလုပ်သွားလိုက်တော့သည်။

ညနေခြောက်နာရီအချိန်ခန့်တွင် ဖန်ချန်း သည် အလုပ်ပြီးသွားသဖြင့် အိမ်ပြန်လာခဲ့သည်။လာရာလမ်းတွင် ဖန်ယင်းယင်းသည် အဆောက်အဦးအဝင်ပေါက်နားသို့ ပြေးလာခဲ့သည်နှင့်ထပ်တိုးခဲ့ပြန်သည်။ သူမသည် ပေါ့ပါးသောမိတ်ကပ်အချို့ကို ၀တ်ဆင်ထားပုံရပြီး နှုတ်ခမ်းပေါ်တွင် အနီဖျော့ဖျော့ဖျော့ဖျော့လေးလိမ်းထားသောကြောင့် သူမ၏အသားအရေကို ပိုမိုကြည့်ကောင်းစေသည်။

အကြည့်ချင်းဖလှယ်လိုက်စဉ် အန်တီဝူက သူ့ကို ကျယ်လောင်စွာ အော်ခေါ်လိုက်သည်ကိုကြားလိုက်ရပြီး သူမကို နှုတ်ဆက်လိုက်သည်။ အန်တီဝူသည် ကျယ်လောင်သောအသံဖြင့် သူ့နာမည်ခေါ်ကာ အဝေးကရောက်လာခဲ့ပြီး သူ့လက်မောင်းကို ဆွဲသွားကာတခြားအန်တီကြီးများအုပ်စုရှေ့ကို ခေါ်သွားခဲ့သည်။

"ဟေး ငါပြောနေတာ သူလေ... ကြည့်ပါဦး ရုပ်‌လေးချောချက်က...သူက နင့်သမီးနဲ့ဆိုလိုက်လောက်တယ်အေ "

ဖန်ချန်းသည် သက်ကြီးရွယ်အိုတစ်စု၏ ရှေ့သို့ ရုတ်တရက်အဆွဲခံလိုက်ရသဖြင့် ခဏတာ ထိတ်လန့်သွားသည်။

သူတို့အားလုံးသည်တူညီသောတိုက်ခန်းတွင်နေထိုင်သော်လည်း တော်တော်များများသည် သူ့ကိုပထမဆုံးအကြိမ်တွေ့မြင်ဖူးပုံပေါ်ရသည်။ အချို့က အနီးကပ်ကြည့်ရန် လည်ပင်းကို ကွေးကာ မတ်တပ်ထရပ်လိုက်ကြပြီး အချို့က ခေါက်ထိုင်ခုံများပေါ်တွင် ထိုင်နေကြပြီး နှုတ်ခမ်းကို အနည်းငယ်ခွဲကာ အံ့သြသွားကြပုံဖြင့် ဝိုင်းကြည့်နေကြသည်။

ဖန်ချန်းသည် မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသော်လည်း အန်တီဝူ၏ အကြည့်တစ်ချက်ကြောင့် အရှေ့ပြန်တိုးလိုက်မိသည်။ "လူငယ်လေး မင်းဘာတွေ ဖုံးကွယ်နေတာလဲ...မင်းကိုကြည့်ပါဦး ဒီအသက်အရွယ်ရှိနေပြီ....အလားအလာရှိတဲ့ လက်တွဲဖော်တစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတာကို မင်းမပျော်ဘူးလား!!သူတို့မိသားစုရဲ့ သမီးက အရည်အချင်းကောင်းတွေအများကြီး ရှိတယ် မင်းသိလား"

လေထုက ပြောင်းလဲသွားခဲ့သည်။ မကြာမီ ညမိုးချုပ်တော့မည်ကဲ့သို့ပင် အုံ့မှိုင်းမှောင်သွားခဲ့သည်။

အန်တီကြီးများလူအုပ်စုသည် ဖန်ချန်းကို စိုက်ကြည့်နေကြဆဲဖြစ်ပြီး သူ့အသက်ကို ခန့်မှန်းနေကာ အရာဝတ္တုတစ်ခုကို အကဲဖြတ်နေသလိုသူ၏ အားသာချက်များနှင့် ချို့ယွင်းချက်များကို ချိန်ဆကာ မည်မျှတန်ဖိုးရှိနိုင်ကြောင်း ဆွေးနွေးပြောဆိုနေသလို အဆက်မပြတ် စကားစမြည်ပြောဆိုနေကြသည်။

"သူ့ကြည့်ရတာ အရမ်းငယ်တဲ့ပုံပဲ.... အခုမှဘွဲ့ရထားတာလား?"

အန်တီဝူက အရမ်းစိတ်အားထက်သန်စွာပြောလာသည်။ "ဘယ်ဟုတ်မှာလဲ... သူ့ရဲ့ငယ်ရွယ်နုပျိုပြီး ချောမွတ်တဲ့ အသွင်အပြင်ကိုပဲမကြည့်နဲ့ ဒီကလေးက အသက်နှစ်ဆယ်....အင်း......ကျော်ပြီ" သူမက ဖန်ချန်းဘက်သို့လှည့်လာပြီး "အမလေး ငါ့မှတ်ဉာဏ်ကို ကြည့်ပါအုံး.... မင်းက ဒီနှစ်ဆို နှစ်ဆယ့်ဘယ်လောက်ပြည့်မှာလဲ?"

ဖန်ချန်းက ရုတ်တရက် တုံ့ဆိုင်းသွားပြီး မသက်မသာ ခံစားလိုက်ရတာကြောင့် အလိုလို မနေချင်တော့ချေ။ သူ့ကိုကိုင်ထားသည့် လက်ကို ညင်သာစွာဆွဲဖယ်လိုက်ပြီး သူ့အလုပ်ကပေးလိုက်တဲ့ လုပ်စရာတွေရှိလို့ အမြန်သွားရမည်‌ဖြစ်ကြောင်း ရိုင်းစိုင်းတဲ့ပုံမပေါက်စေရန် ယဉ်ကျေးစွာပြော၍ ထွက်လာခဲ့လိုက်သည်။ ကော်ရစ်ဒါအတွင်းဘက်သို့ လျှောက်သွားရင်း အနောက်ကဆူဆူညံညံ အသံများကို ချန်ထားခဲ့လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဘယ်သူမှသူ့နောက်မလိုက်လာခဲ့တော့ပေ။

လျှောက်လမ်းသည် အမှောင်ထုဖြင့် ဖုံးအုပ်ခံထားရသည်။ ဓာတ်လှေကားဆီ သွားရာလမ်းတွင် ဖန်ယင်းယင်းသည် သူမအိမ်၌ပြန်ရောက်နေပုံရတာကြောင့် ဖန်ချန်းကို အံ့အားသင့်သွားစေခဲ့သည်။ သူမသည် ဖော်ရွေသောအမူအရာဖြင့် သူ့ကိုပြုံးပြပြီး အနည်းငယ်ရှက်ရွံ့သောအမူအရာသည် သူမမျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ သူမသည် အလွန်သိမ်မွေ့သော အနီရောင် နှုတ်ခမ်းနီအချို့ကို လိမ်းထားဆဲဖြစ်သည်ကို သူ သတိပြုမိလိုက်သည်။ ထို့နောက်ဓာတ်လှေကားတံခါးပွင့်လာတာကြောင့် သူသည် သူမအား နှုတ်ဆက်ရန်မေ့သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ဝင်လိုက်ခဲ့သည်။

အိမ်သို့ရောက်သောအခါ ဖန်ချန်းသည် ဧည့်ခန်းရှိ တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်ရာ ခြောက်နာရီကျော်ပြီကို တွေ့ရတော့ အံ့အားသင့်သွားသည်။

ခေါင်းကို လှည့်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်ကြီး ညို့လာသည်ကို သတိပြုမိလိုက်သည်။ မှောင်မိုက်သော တိမ်တိုက်များသည် လေမတိုက်ပါဘဲ ကောင်းကင်ယံတွင် ပျံ့လွင့်နေပြီး အပူများနှင့်ပေါင်းစပ်ကာ လေထုသည် တင်းမာပြီး လေးလံ ထူထပ်စေပြီး အသက်ရှူရခက်ခဲစေသည်။

ဖန်ချန်း ခေါက်ဆွဲချက်ပြုတ်စားရန် မီးဖိုကိုဖွင့်ကာရေဆူအောင်စောင့်လိုက်သည်။ ရေဆူအောင်စောင့်နေတဲ့အချိန်တွင်းမှာ ဟင်းသီးဟင်းရွက်လှီးထားရမည်လို့ တွေးလိုက်မိပြီး ဓားကိုယူလိုက်သည်။မုန်လာဥနီ သို့မဟုတ် ဟင်းနုနွယ်ရွက်ထည့်ရန်စဉ်းစားလိုက်ပြီးနောက် အိမ်တွင် ဟင်းသီးဟင်းရွက်များကုန်နေသည်ကို သတိရမိလိုက်သည်။ဒါကြောင့် ဓားကို ဘေးပြန်ဖယ်ထားလိုက်သည်။ 

ရေများပွက်ပွက်ဆူပွက်ပွက်ဆူလာသည်နှင့် ခေါက်ဆွဲကို အလျင်အမြန်ထည့်လိုက်သည်။

ညစာစားပြီးနောက် ညအိပ်ရာဝင်ခါနီးတွင် ဖန်ချန်းသည် လန်းဆန်းစေရန်အတွက် အမြန်ရေချိုးလိုက်သည်။ ခေါင်းသုတ်လေ့မရှိသဖြင့် ဆံပင်ကို အစိုအတိုင်းထားကာ တိုက်ရိုက်လှဲချလိုက်သည်။ သို့သော်လည်း ခဏအကြာတွင် သူသည် ဖြည်းညှင်းစွာပြန်ထလိုက်ပြီး ဆံပင်လေမှုတ်စက်ကို ပလပ်ထိုးကာ ဆံပင်ကို အခြောက်ခံလိုက်သည်။ ဒီနေ့မှထူးထူးဆန်းဆန်း ခံစားနေရပေမယ့် ဘာထူးဆန်းနေတာလဲတော့ မပြောတတ်ပေ.... ကိစ္စတော်တော်များများက ပုံမှန်လိုမျိုးမဟုတ်ဘဲ တစ်ခုခု စီစဥ်မှုကင်းမဲ့နေသကဲ့သို့ပင်။ ဒီလိုမဖြစ်သင့်ဘူး...ဒါပေမယ့် ဒီလိုမဖြစ်သင့်ရင်လည်း... ဘယ်လိုမျိုးဖြစ်သင့်တာလဲ?

သူအဲဒါကို အဖြေမရှာနိုင်ပေ.....

*******

ဖန်ချန်း သူ့ကို တစ်စုံတစ်ယောက် ခေါ်နေတာကို ကြားလိုက်ရပြီး စကားလုံးတိုင်းက နှေးကွေးပြီး တမင်သက်သက် သူ့နားနားကို တိုးတိုးလေး တိုးတိုးလေး ကပ်ပြောနေသလိုမျိုးခံစားလိုက်ရသည်။ နူးညံ့သိမ်မွေ့ နွေးထွေးသော အသက်ရှုသံက သူ့နားထဲရောက်လာပြီး တစ်စုံတစ်ယောက်က ကုတင်ဘေးတွင် ရှိနေသည်ကို အရိပ်အမြွက်ပြနေသည်။ သူသည် လက်ချောင်းထိပ်များဖြင့် သူ့နားဖျားတစ်လျှောက် သိမ်မွေ့စွာ ပွတ်သပ်နေသည်ကို ခံစားနေရသည်။

ဓာတ်လှေကားသည် ဆက်တိုက် "ပီ" ဆိုပြီးသတိပေးသည့်အသံကို ပြုလုပ်နေပြီး စတုတ္ထထပ်ပေါ်တွင် ကြာရှည်စွာ ရပ်နေမှုကို ညွှန်ပြသည့် အသံဖြစ်သည်။ ဆူညံသံကြောင့် ဖန်ချန်းသည် အိပ်ပျော်နေရာမှ နိုးလာခဲ့ပြီး သူ့ဖုန်းကို စစ်ကြည့်လိုက်ရာ မနက် 2 နာရီ အတိအကျ ဖြစ်နေတာကိုတွေ့လိုက်ရသည်။

ညနက်သန်းခေါင်ကြီးမှာဘယ်သူက အိမ်ပြောင်းနေတာလဲ?ဓာတ်လှေကားနဲ့ ပစ္စည်းရွေ့နေကြတာလား? သူက စူးစမ်းချင်စိတ်နဲ့အတူ ဝင်ပေါက်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ မငြိမ်မသက်ဖြစ်နေသော "တ တောက်တောက် ရေစက်" အသံများနှင့်အတူ ထူးဆန်းစွာ 'အူသံ' တစ်ချို့ကို သူကြားလိုက်ရသည်။

တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ရင်း ဖန်ချန်းသည် သိပ်စဉ်းစားမနေဘဲ ပြုမူလိုက်သည်။ သူ့အသိစိတ်ထဲတွင် တစ်စုံတစ်ခုက သူ့ကို တံခါးဖွင့်ခိုင်းနေခဲ့သည်။ ကျယ်လောင်သော အသံနှင့်အတူ တံခါးသည်ပွင့်သွားခဲ့ပြီး မှောင်မဲနေသည့် ညအမှောင်ထဲ၌ အတွင်းမှ ကြည်လင်သော အဖြူရောင်အလင်းရောင်ဖြင့် ထွက်ပေါ်နေသည့် ပွင့်နေသော ဓာတ်လှေကားကိုမြင်လိုက်ရသည်။

ဖန်ချန်းသည် ကျယ်လောင်စွာ "ဘန်းခနဲ" တံခါးကိုပြန်ဆွဲပိတ်လိုက်သည်။ တံခါးကို အဖွင့်အပိတ်လုပ်တဲ့အချိန်က ဆယ်စက္ကန့်တောင် မကြာချေ။ ဒါပေမယ့် အဲ့အချိန် ခဏတဖြုတ်အတွင်း လူနှစ်ယောက် နဲ့ ပတ်ဝန်းကျင်ရှိ သွေးများကို မြင်လိုက်ရသည် ..။ သူတို့ထဲက တစ်ယောက်က လက်ထဲမှာ နီညိုရောင် အလုံးကြီးကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

သူသည် တစ်ဖက်လူကို သဲကြီးမဲကြီးစားနေတာ တွေ့လိုက်ရသည်။

ဖန်ချန်းသည် အရုပ်ကြိုးပျက် ထိုင်ချမိလိုက်ပြီး အားပျော့သွားသလို ခံစားလိုက်ရသည်။ သူ့လက်သည် တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူ့နှလုံးခုန်သံကိုပင် ပြင်းပြင်းထန်ထန် ခံစားနေရသည်။ ဧည့်ခန်းထဲ၌ မှန်တစ်ချပ် အပြည့်တစ်ခုရှိသည်။ ထိပ်လန့်မှုကြောင့် သူ့မျက်နှာသူပင် မော့မကြည့်ရဲတော့ချေ။

ပတ်ဝန်းကျင်သည် တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မှန်ကနေ အလင်းပြန်နေသည့် အလင်းရောင်များသည် ဖြေသိမ့်မှုကို ပေးစွမ်းပြီး ဖန်ချန်းအား စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် ကူညီပေးသည်။ သို့တိုင်အောင် သူ၏ အတွေးများသည် ကမောက်ကမ ဖြစ်နေဆဲပင်....

ပြတင်းပေါက်မှ လေပြည်က ဖြတ်တိုက်လာခဲ့သည်။ လေပြေသည် ဧည့်ခန်း အတွင်းဖြတ်သန်းတိုက်ခတ်နေပြီး ဖန်ချန်းး၏ အသက်ရှုသံများသည် မြန်လာတော့သည်။ သူက တံခါးလက်ကိုင်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့် ထပ်ဖွင့်ဖို့ကို သတ္တိမရှိတော့ချေ...

တိုက်....ဒီတိုက်ခန်းအပြင်မှာ တစ်ယောက်ယောက်ရှိနေပြီ.....