Chapter 2
Viewers 243

Ch2 အိမ်မက်ဓားစာခံ 


ဖန်ချန်းသည် လှည့်မကြည့်ခဲ့ချေ... သူ့လက်တွေက အနည်းငယ်တုန်နေပြီး သူ့ကျောဟာလည်း အေးစက်နေတဲ့ ချွေးများဖြင့်စိုရွဲနေသည်။ သူ့အသက်ရှုသံတိုင်းသည်ပင် အေးစိမ့်စိမ့်ခြောက်ခြားစရာခံစားမှုကို သယ်ဆောင်လာသည်။

အကြည့်တစ်စုံ....ထင်ထင်ရှားရှားရှိသော အရာတစ်ခုကဲ့သို့ ထိုအကြည့်တစ်စုံဖြင့်ကြည့်ခံနေရပြီး သူ့ကျောရိုးတစ်လျှောက်သို့ ဖြည်းညှင်းစွာ တက်လာသည်ကိုခံစားလိုက်ရသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေကာ ခန္ဓာကိုယ်တစ်ဝက်နီးပါးသည် ထုံကျင်နေသည်။ အပူချိန်အကူးအပြောင်းကြောင့် သူ့ခေါင်းထဲတွင် မူးဝေဝေဖြစ်နေသော ခံစားချက်ကို ခံစားနေရပြီး နွေးထွေးမှုနှင့် အေးစက်မှုနှစ်ခုလုံးကို တစ်ပြိုင်နက် ခံစားနေရသည်။ ထိုမျက်လုံးတစ်စုံက သူ့မျက်နှာကို ဖြတ်တိုက်သွားသလို လေလိုမျိုး သူ့ကို အကြာကြီးစိုက်ကြည့်နေတာကိုခံစားလိုက်ရသည်။ ဖန်ချန်းသည် ဆတ်ခနဲ လှည့်ကြည့်လိုက်တာသော်လည်း အဲ့လူ၏မျက်နှာကို မတွေ့ရတာကြောင့် အံ့ဩသွားမိသည်။

"ဖန်ချန်း?"

သူ့အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုလူသည်နားရွက်နားကပ်ပြီး ခေါ်တာမျိုးမဟုတ်သော်လည်း သူ့အနောက်တွင်ရှိနေသည်။ သူသည် ‌သူတို့ကြားအကွာအဝေးကိုပင် ထိန်းသိမ်းထားသည်။

ဒါက ဖန်ချန်းကို ပိုပြီးစိတ်တည်ငြိမ်စေမယ့်အစား ပိုတုန်လှုပ်သွားစေမိသည်။ သူ့အိမ်မက်ထဲမှာ သူ့ကို သေအောင်သတ်နေသလိုမျိုး ထပ်ခါထပ်ခါခေါ်နေတဲ့ ဒီအသံကို သူရင်းနှီးလွန်းနေသည်။ သူသည် ခေါင်းကိုလှည့်လိုက်ရာ သူ့နောက်နား၌ လရောင်ဖျော့ဖျော့ဖြာကျနေသည့်အောက်တွင် ရှိနေသည့်လူတစ်ယောက်၏မျက်နှာကို ပိုင်းခြားမြင်လိုက်ရသည်။

လူ...လူဆိုတာ ဒီလိုပုံပေါက်နေရမှာမဟုတ်ဘူး!!!

ထိုသူသည် အလွန်ပုပ်ပွနေလေသည်။ ဖန်ချန်းသည် သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ ထူးထူးခြားခြား လှုပ်ယမ်းနေသည်ကိုပင် တွေ့လိုက်ရသည်။ ရှပ်အင်္ကျီတစ်ပိုင်းကို လိပ်တင်ထားပြီး ခြစ်ရာ ရှာရာ ခရမ်းပုတ်ရောင် အညိုရောင်များ ရှိသည့် လက်ကောက်ဝတ်ပေါ်ရှိ ကြက်သွေးရောင်အသားစများသည်ပေါ်လွင်နေကာ သွေးများ စိမ့်ထွက်လုနီးနီး ဖြစ်နေတာကိုမြင်လိုက်ရသည်။

သွေးခဲများသည် အဆမတန်ကြီးထွားချဲ့ထွင်လာကာ ဖန်ချန်းမအော်နိုင်ခင်မှာပဲ သူ၏အမြင်အာရုံအားလုံးကို လွှမ်းခြုံသွားပြီးနောက် အသံတစ်ခုကိုထပ်ကြားလိုက်ရသည်-

"ဖန်ချန်း"

တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည်...

******

သူနိုးလာခဲ့ပြန်သည်...

အဝါနုရောင်ရှိသော ကုလားကာများမှတဆင့် နေရောင်ခြည်၏သိမ်မွေ့သော တောက်ပမှုကတိုးဝင်လာခဲ့သည်။ ဖန်ချန်းသည် ကုတင်ပေါ်တွင် ခဏလောက် လှဲနေရင်း မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်သည်။ အိပ်မက်က မှုန်ဝါးဝါးဖြစ်လာပြီး အသေးစိတ်အချက်အလက်တွေကို သူ မမှတ်မိတော့ချေ။ စောင်ကို မဖယ်သေးဘဲ မျက်လုံးကို ခေတ္တပြန်မှိတ်ထားလိုက်သည်။

နောက်ထပ်အိပ်မက်ဆိုးတစ်ခု......

မကြာသေးမီက သူ့တွင် ထူးထူးခြားခြားနှင့် ထူးဆန်းသောအရာများကို အိပ်မက်မက်နေခဲ့သည်။ အဲဒီအိပ်မက်တွေထဲမှာ ကြောက်ရွံ့မှုတွေ စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေပြီး နိုးထလာတဲ့အခါတွင်လည်း ရင်တုန်တာတွေ ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး အိပ်မက်ထဲအကြောင်းအရာများသည် ထိုမျှလောက်ကြီးကြီးမားမားမဟုတ်ကြောင်း သူ့ကိုယ်သူ သံသယ‌များလျော့ချစေခဲ့သည်။ တစ်ခါတလေကျတော့လည်း အိမ်မက်များကို ခဏလောက်မေ့သွားတတ်သည်။

ဧည့်ခန်းပြတင်းပေါက်သည် ပိတ်ထားတာကြောင့် ဖန်ချန်းသည် လှမ်းဖွင့်လိုက်သည်။ လေနုနုသည် တိုက်ခတ်လာကာ သူ့စိတ်ထဲရှိ ပူပင်သောကများနှင့် မငြိမ်မသက်မှုများကို တိုက်ထုတ်လိုက်သည်။ ထို့နောက်လန်းဆန်းစေရန် ရေချိုးခန်းသို့ သွားကာ သွားတိုက်တံကို ကောက်ကိုင်ပြီး ခဏရပ်လိုက်မိသည်။ 

အမ်? မနေ့ညက သူပြတင်းပေါက်ကို ပိတ်လိုက်လို့လား?သူ မမှတ်မိဘူး....

ဖန်ချန်းသည် သွားတိုက်တံကို ပါးစပ်ထဲထည့်လိုက်ပြီး ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်သည်။ ထားလိုက်ပါလေ မနေ့ညက အိပ်ခါနီးအအေးမမိအောင် သူပြန်ပိတ်လိုက်တာနေမှာပေါ့.....

အပြင်ထွက်ရန် ပြင်ဆင်ပြီးနောက် ဖန်ချန်းသည် တံခါးလက်ကိုင်ကို ကိုင်ပြီး ရပ်လိုက်သည်။ မနေ့ညက မက်ခဲ့တဲ့ အိပ်မက်က သူ့အတွက် နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေနေသေးပေမယ့်လည်း အခုချိန်မှာတော့ နည်းနည်း မှုန်ဝါးသွားသည်။ သို့သော်လည်း... သူသည် ဝင်ပေါက်ရှိ ကိုယ်လုံးပေါ်မှန်ကို လှည့်ကြည့်လိုက်သည်။ ရောင်ပြန်ဟပ်မှုအောက်တွင် သက်ဝင်တောက်ပသော မျက်လုံးတစ်စုံနှင့် ထိုအောက်တွင် နူးညံ့စိုပြေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ့တွင် နူးညံ့ပျော့ပျောင်းသော မျက်နှာအသွင်အပြင်ရှိပြီး သူ့ပြုံးလိုက်တိုင်း မျက်လုံးများ ကွေးတက်သွားပြီး အောက်မျက်ခမ်းများ ပျော့ပျောင်းလာကာ နုပျိုလန်းစမ်းသောအသွင်အပြင်ကို ပေးစွမ်း‌လေသည်။

ဖန်ချန်းသည် မှန်ကို လက်ချောင်းထိပ်များဖြင့် ပုတ်လိုက်ပြီး ခန္ဓာကိုယ်ကိုပြန်လှည့်လိုက်ကာ တံခါးလက်ကိုင်ကို လှည့်လိုက်သည်။ တံခါးအပြင်ဘက်မှာ အဖြူသန့်သန့် ကြွေပြားတွေကလွဲလို့ ဘာမှမရှိနေချေ.... ဓာတ်လှေကားကလည်း ပုံမှန်အတိုင်း လည်ပတ်နေသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်ကော်ရစ်ဒါမှာ အသံတွေ ကြားလိုက်ရသည်။

"ငါက ဘယ်လိုလုပ်သိမှာလဲ?" အမျိုးသမီးတစ်‌ယောက်ရဲ့ အသံဖြစ်သည်။

ဖန်ချန်းသည် တံခါးကို ပြန်ပိတ်လိုက်သည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဓာတ်လှေကားနဲ့မတက်ရန် ဆုံးဖြတ်လိုက်သည်။ ကော်ရစ်ဒါထဲကို လှမ်းကြည့်လိုက်တော့ လှေကားအကွေ့မှာ ရပ်နေတဲ့ စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။

ဖန်ချန်းက သူ့အထပ်မှာ နေထိုင်တဲ့ ရှဲ့ယင်း ဆိုသော အမျိုးသမီးဖြစ်တာကို မှတ်မိလိုက်သည်။ သူမသည် ထက်မြက်သော အလှတရားရှိပြီး ရှည်လျားပြီး ဆေးဆိုးထားသည့် ဆံနွယ်များသည် ပခုံးထက်တွင် အထပ်ထပ် ခွေကျနေလေသည်။ တစ်သမတ်တည်းရှိသော အရောင်ဖြင့် သူမ၏ မျက်ခွံနှင့် လက်သည်းများကို အလှဆင်ထားသည်။ သူမလက်နှစ်ဖက်ကို ဖြတ်ခနဲကြည့်လိုက်မိစဉ် ဖန်ချန်းသည် သူမ၏လက်သည်းပေါ်ရှိ ကွက်ကွက်ကွင်းကွင်း အနီရောင်အရိပ်ကို သတိပြုမိလိုက်ပြီး သူ့မှတ်ဉာဏ်ထဲက ရင်းနှီးသော်လည်း မှုန်ဝါးနေသော အနီရောင်တောက်တောက်အရာတစ်ခုကို သတိရမိသွားသည်။

ထိုအမျိုးသမီး၏ တစ်ဖက်တွင် ရပ်နေသော အမျိုးသားသည် ဖန်ချန်းနှင့် လုံးဝ ရင်းမနှီးနေပေ။ သူ့မျက်နှာအပြည့်အစုံကို မမြင်နိုင်ဘဲ ဘေးဘက်ခြမ်းတစ်ခုသာမြင်နေရသည်။ ထိုလူသည် ထူးထူးခြားခြား ချောမောနေပြီး အရပ်ရှည်ကာ နှာတံစင်းစင်းဖြင့် အအေးဓာတ်ကို ထုတ်လွှတ်နေသော မျက်နှာအမူအရာတို့ ရှိသည်။

ဖန်ချန်း ထွက်လာတာကို လူနှစ်ယောက်က သတိထားလိုက်မိကြပြီး စကားပြောရပ်လိုက်ကြကာ သူ့ကိုကြည့်လာကြသည်။

"အပြင်သွားတော့မလို့လား?" ရှဲ့ယင်းက ပြုံးပြီး မေးလာသည်။ သူမသည် ဆွဲဆောင်မှုရှိပြီး မိတ်ကပ်လိမ်းထားသည်ဖြစ်စေ မလိမ်းထားသည်ဖြစ်စေ သူမ၏ သဘာဝအလှကို မြင်တွေ့ရမှာဖြစ်သည်။

တစ်ဖက်လူကတော့ တိတ်ဆိတ်နေပြီး လှေကားဘေးရှိ ဖန်ချန်း တိတ်တဆိတ်ကြည့်နေသည်။ ဖန်ချန်းသည် သူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရပြီး ရှဲ့ယင်းနဲ့ထိုအမျိုးသားနှစ်ဦးသည် အလွန်လိုက်ဖက်ပြီး လှပသောစုံတွဲဖြစ်ကြောင်း သူခံစားလိုက်ရသည်။ သူတို့နှစ်ယောက်သည် ချစ်သူတွေဖြစ်ကြပြီး ရန်ဖြစ်နေကြတာ ဖြစ်နိုင်သည်။

ဖန်ချန်းသည် ထိုလူနဲ့ မျက်လုံးများ ဆုံလိုက်သောအခါတွင် ထူးဆန်းပြီး နားမလည်နိုင်သော ခံစားချက်တစ်ခု ဖန်ချန်းအပေါ်သို့ တိုးဝင်လာသည်။ သူသည် အနည်းငယ်စိတ်မသက်မသာဖြင့် ခေါင်းညိတ်နှုတ်ဆက်ပြကာ လှေကားမှ ဆင်းလာခဲ့လိုက်သည်။

ပထမထပ်တွင် ဖန်ချန်းသည် ဖန်ယင်းယင်းကို တစ်ကြိမ်ထပ်တွေ့လိုက်ရသည်။ ဒီတစ်ခါတော့ သူက ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေတဲ့ ကောင်မလေးကို ချန်ထားခဲ့လိုက်သည်။

အန်တီကြီးအုပ်စုတစ်စုသည် အောက်ထပ်တွင် စုရုံးကာ ဆူညံပွက်လောရိုက်ပြီး အတင်းအဖျင်းပြောဆိုနေကြသည်။ ဖန်ချန်း ကိုတွေ့လိုက်တော့ သူတို့အထဲက အန်တီဝူက သူမလည်ချောင်းကို ကျယ်လောင်စွာ ရှင်းပစ်လိုက်သည်။ "ဒေါ်လေးကိုတွေ့တာတောင်မှ နှုတ်မဆက်ဘူးလား"

ဖန်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခြောက်သွေ့နေသည့် နှုတ်ခမ်းများလျှာဖြင့်တစ်ချက်သပ်ကာ ဖျတ်ခနဲ ပြုံးပြလိုက်သည်။ သူဘာကိုကြောက်မှန်းမသိဖြစ်နေပေမယ့်... "မင်္ဂလာနံနက်ခင်းပါ အန်တီဝူ"

မစ္စစ်ဝူသည် နောက်ဆုံးတွင် စိတ်ကျေနပ်သွားပုံရသည်။ "မင်းကိုကြည့်ပါအုံး အိပ်ရေးပျက်နေတဲ့ပုံနဲ့... ဒီညပြန်လာလို့ အချိန်ရရင် အောက်ထပ်ကိုဆင်းလာပြီး အန်တီတို့နဲ့ ခဏလောက် စကားလာပြောလေ"

"ကောင်းပါပြီဗျ"

ဖန်ချန်းက အမှုမဲ့အမှတ်မဲ့သဘောတူလိုက်သော်လည်း ညနေပြန်ရောက်ရောက်ခြင်းမှာပဲ မစ္စဝူ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရမယ်ဆိုတာ သူမသိခဲ့ချေ။ အန်တီကြီးတစ်စုက သူ့ကို ဝိုင်းရံထားကြသဖြင့် ထွက်ပြေးရန် ခက်ခဲပေသည်။

ဒီတစ်ခါတော့ မစ္စတာဝူလည်းပါသည်။ အတင်းအဖျင်းပြောခြင်းဟူသည် လူများစွာစုချိန်တွင် မလွဲဧကန်ဖြစ်သည့်အရာဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ဘဝ၏မရေရာမှုများအတွက် ညီးညူကာငိုကြွေးမြည်တမ်းခြင်းကို နှစ်သက်ကြလေ့ရှိသည်။ ဒီလိုနဲ့စကားဝိုင်းက ကွေ့ကောက်သွားပြီး မစ္စစ်ဝူက ရုတ်တရက် အသံကို လျှော့လိုက်ကာ "လူသားတွေက တစ်ခါတစ်ရံကြ တကယ်ကို ဆိုးလွန်းတယ်" လို့ လျှို့ဝှက်ဟန်ဖြင့်ပြောလာခဲ့သည်။

လူတိုင်းက "ဘာကိုဆိုလိုတာလဲ" လို့ မေးလိုက်ကြသည်။

"အရင်တုန်းက ငါနဲ့ အဘိုးကြီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးမှာ သွားရောင်းကြတယ်မလား" မစ္စစ်ဝူ စကားပြောနေချိန်တွင် သူမယောက်ျားက ရုတ်တရက် ဆွဲလိုက်သည်။ "မင်းဘာပြောဖို့လုပ်နေတာလဲ?" သူမက မစ္စတာဝူကို လျစ်လျူရှုပြီး ခေါင်းကိုပြန်လှည့်ကာ "အဲ့နေ့တစ်နေ့က တောင်ပေါ်ကကြားဖြတ်လမ်းမှာ ငါဘာမြင်ခဲ့လဲ ခန့်မှန်းကြည့်စမ်း"

"ဘာမြင်တာလဲ?"

"ကားတိုက်မှုတစ်ခုလေ!"

တစ်ယောက်က "အမ် ဒါက သာမန်ပဲမဟုတ်ဘူးလား"

"ဒါက ဘယ်လိုလုပ်သာမန်ဖြစ်ရမှာလဲ!! အဲ့တုန်းက မနက်အစောကြီးပဲရှိသေးတာ လမ်းကလည်း ဘယ်သူမှမရှိဘူး... ကားနှစ်စီးပဲရှိတာ အဲဒီထဲက တစ်ယောက်က အရက်သောက်ပြီး ကားမောင်းနေတာလို့ ငါထင်တယ်...အမ်း အဲ့မှာ မူးမူးနဲ့ကားက ယိမ်းသွားပြီး တခြားကားကို တိုက်ချပစ်လိုက်တာ!! “

"ဟမ်!!!တိုက်ချလိုက်တယ်လား နောက်တော့ ဘာဖြစ်သွားလဲ"

"တိုက်ချလိုက်တဲ့ကားက ဘာမှမဖြစ်သွားဘူး- ပြီးတာနဲ့လှည့်ထွက်ပြေးသွားတာပဲ! ဒါကဘယ်လိုမှ မရိုးသားဘူး!!" မစ္စစ်ဝူသည် မယုံကြည်နိုင်လောက်သော အရိပ်အယောင်ကို မျက်နှာ၌ဖော်ပြနေပြီး လူတိုင်းအားမျက်လုံးများပြူကျယ်သွားစေသည်။ အဘိုးအိုဝူက သူ့ဘေးမှာထိုင်နေကာ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

"အဲဒါပြီးတော့ ဘာဖြစ်သွားတာလဲ...? တရားခံက ဒီအတိုင်း ထွက်ပြေးသွားတာလား?"

မစ္စစ်ဝူက သူမခြေထောက်ကို ပုတ်လိုက်သည်။ "ဟုတ်ပအေ!သူက ဆင်းတောင်မကြည့်သွားဘူး တိုက်မိတဲ့သူက ကယ်တင်ဖို့ အခွင့်အလမ်းရှိနေသေးတာကို ငါပြောနိုင်တယ်..."

"နောက်တော့တစ်ယောက်ယောက်က ရဲခေါ်လိုက်လား?" ဖန်းချန်က ရုတ်တရက် ကြားဝင်ကာမေးလိုက်သည်။

"ဒါ... ဒါတော့ငါမသိဘူး" မစ္စစ်ဝူသည် ဖန်ချန်း ပါ၀င်လာဖို့ မမျှော်လင့်ထားခဲ့ချေ။ သူမ၏ မျက်လုံးတွေက ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် သူမက "ဟုတ်မှာပေါ့ တစ်ယောက်ယောက်က ရဲကို ဖုန်းခေါ်လိုက်လောက်တယ်၊ ဖုန်းခေါ်တာမတွေ့လိုက်လို့နေမယ်"

အခြားလူတစ်ဦးက "လူကို ကယ်လို့ရခဲ့လား၊ ယာဉ်တိုက်ခဲ့တဲ့သူကို ဖမ်းမိလား" လို့ မေးလိုက်သည်။

မစ္စစ်ဝူက အဖြေမပေးနိုင်တော့ပေ။ "ဒါ...ဒါ‌တော့ ဘယ်လိုသိမှာလဲ..."

"လုံလောက်ပြီ! တခြားအကြောင်းပြောကြရအောင်" မစ္စတာဝူ သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းမနိုင်ဘဲဝင်ပြောလိုက်သည်။

"နေ့တိုင်း အဓိပ္ပါယ်မဲ့တဲ့ ဇာတ်လမ်းတွေချည်းပေါက်ပေါက်ဖောက်နေတာပဲ" 

မစ္စစ်ဝူက ဆိုသည်။ "အမလေးတော် ရှင် နားမထောင်ချင်ရင် တခြားနေရာကို သွားလေ။ ရှင်က နေ့တိုင်း လောင်းကစားလုပ်ဖို့ကိုပဲ သိတယ်။ ငါတို့အိမ်က လောင်းကစားတွင်းကြီးလို့ ရှင်ထင်နေတာလား ဟမ်! ရှင့်သမီး ပြန်ပို့တဲ့ ပိုက်ဆံကို ကြည့်လိုက်စမ်း။ ဒီလထဲမှာတင် အကုန်ကုန်သွားပြီ!"

ထို့နောက်အနီးနားရှိ လူအုပ်ကြီးက ဆက်လက်ဆွေးနွေးကြပြီး အတိုက်ခံရသူ၏ ကံကြမ္မာမှအစတိုက်ခဲ့သည့် ယာဉ်မောင်းကို အထင်အမြင်သေးခြင်းအဆုံး အာရုံပြောင်းသွားခဲ့သည်။ မစ္စစ်ဝူသည် ရံဖန်ရံခါ ခေါင်းညိတ်ပြပြီး သဘောတူကာ အလားတူဖြစ်ရပ်မျိုးဆီသို့ ဦးတည်ပြောဆိုခဲ့ကြသည်။

ဖန်ချန်း စိတ်မသာမယာဖြစ်နေပြီး မစ္စစ်ဝူသည် သူထွက်သွားချင်ပေမယ့် တွန့်ဆုတ်နေခြင်းကို သတိပြုမိသည်။ သူမကလက်ကို ဝှေ့ယမ်းပြီး "ကောင်းပြီ မင်းအရင်ပြန်သွားပြီး ထမင်းစားတော့.... မင်းတို့လူငယ်တွေက ငါတို့လူကြီးတွေနဲ့ အကြာကြီးမနေချင်ကြဘူးဆိုတာ ငါသိတယ်!"

ဖန်ချန်းက မသက်မသာဖြင့်ရယ်ပြလိုက်ပြီး ဓာတ်လှေကားနဲ့ အခန်းသို့ပြန်ခဲ့လိုက်သည်။

အောက်ထပ်ရှိ လင်မယားနှစ်ယောက်က ထပ်တက်ကြွနေပြန်သည်။ နေ့ရော ညပါ အချိန်မရွေး သူတို့လှုပ်ရှားနိုင်ပုံရသည်။ အမျိုးသမီး၏ ငိုယိုညည်းညူသံများကြောင့် ဦးရေပြား ထုံကျင်လာသည်။ နောက်ဆုံးတော့ မခံစားနိုင်တော့ဘဲပြတင်းပေါက်ကို တင်းတင်းစေ့လိုက်ပြီး လေအေးပေးစက်ကို ဖွင့်လိုက်သည်။ သူက ပုံမှန်အားဖြင့်လေအေးပေးစက် သုံးရတာ မကြိုက်ပေ။ အတုလုပ်၍ထွက်လာသော အေးစက်သောလေသည် သူ့အရိုးများအတွင်းသို့ စိမ့်ဝင်သွားပုံရပြီး အတွင်းမှ အေးစိမ့်သောခံစားမှုကို ဖန်တီးပေးသည်။

သူဆိုဖာပေါ်မှာ လဲလျောင်းလိုက်ရင်း သူ့ဖုန်းကို ခဏလောက် ကြည့်နေစဉ်မှာပဲ ဖန်ချန်း ငိုက်မျဉ်းလာပြန်သည်။ အိပ်တစ်ဝက်နိုးတစ်ဝက်မှာ တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေတာကို ကြားလိုက်ရပြန်သည်။ ဒီတစ်ခါတော့ အိပ်မက်တစ်ခုလို့ ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ အိပ်မက်ထဲမှာ သူ့လက်တွေကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားနေသည်။ ကျယ်ပြန့်ပြီး နွေးထွေးသော ထိတွေ့မှုက သူ့ကို နှစ်သိမ့်မှုပေးနေကာ ချမ်းအေးမှုများစွာကို ဖယ်ရှားပေးနေသည်။ သူ ပြောနေတာကို ကြားလိုက်ရသည်။

"အင်း...ဒီလိုဆို ပိုကောင်းလာလောက်တယ်"

သူဘယ်သူနဲ့စကားပြောတာလဲ? ဘာတွေကို ပိုကောင်းလာလောက်တာလဲ?

"ဒါဆို ကိုယ်တို့ အတူတူ လုပ်ကြရအောင်... ကိုယ်တို့ အတူတူ လက်တွဲပြီး ဘဝကို ဖြတ်သန်းကြမယ်"

မြင်ကွင်းကကြည်လင်လာပြီး ရေခဲမုန့်တစ်ခွက် ကိုင်ထားတဲ့ သူ့ကိုယ်သူ ငယ်ရွယ်တဲ့ ပုံစံနဲ့တွေ့လိုက်သည်။ လက်ဖဝါးတစ်စုံက သူ့ဆံနွယ်တွေကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး သူ့မျက်လုံးတွေက အရမ်းပျော်နေပုံပေါ်ကာ တောက်ပတဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေသည်။ "ငါ တကယ် တကယ်ကို မင်းကြောင့် စိတ်အနှောင့်အယှက်မရှိတော့ဘူး!"

ဖန်ချန်းသည် သူထိုကဲ့သို့ ရယ်မောခဲ့ဖူးတာကို မမှတ်မိနိုင်သလို သူနှင့် စကားပြောနေသည့်လူကိုလည်း မမြင်နိုင်ပေ။ ရုတ်တရက်သိမ်မွေ့ပြီး ထူထပ်သော အဖြူရောင် နှင်းပန်းများဖြင့် ဝန်းရံထားသည့် ဖောက်ထွင်းမြင်ရသော ဖန်လှောင်အိမ်ထဲသို့ရောင်သွားခဲ့သည်။ အလုံပိတ်ထားသကဲ့သို့ အရာအားလုံးသည် ဝိုးတိုးဝါးတားဖြင့်ထင်ယောင်ထင်မှား ဖြစ်နေသည်။ နှင်းပန်းအချို့က သူ့ပခုံးပေါ်သို့ ပြုတ်ကျလာပြီး လျင်မြန်စွာ ညှိုးနွမ်းသွားကာ ကြမ်းပြင်ပေါ်တွင် အဖြူရောင်လမ်းကြောင်းတစ်ခု ဖြစ်လာသည်။ ပွင့်ချပ်များမှတဆင့် အရာဝတ္ထုများကို တစေ့တစောင်း ကြည့်လိုက်ရာ အစိတ်စိတ်အမွှာမွှာဖြင့် မပြည့်စုံဘဲ တခဏချင်း ပျောက်ကွယ်သွားနိုင်သည့် ပုံရိပ်များကဲ့သို့ပင် ဝါးတားနေသည်။ သူ့ခံစားချက်တွေကို ထုတ်မပြနိုင်ချေ။

ဒီအိပ်မက်က နွေးထွေးနေပေမယ့် ထူးဆန်းလှသည်။

ဖန်ချန်းသည် အေးစက်မှုကြောင့် နိုးလာခဲ့ပြီး မျက်လုံးဖွင့်ကာ အပြင်ဘက်ရှိ မှိန်ဖျော့နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ အိပ်ရာထချိန်တွင် သူ့လက်နှင့်ခြေတို့က အေးစက်နေပြီး လည်ပင်းတွင် နာကျင်ခြင်းတစ်ခု ခံစားလိုက်ရသည်။ သူက ဆိုဖာပေါ်က ရီမုကို ရှာဖွေလိုက်ပြီး လေအေးပေးစက်ကို ပိတ်လိုက်သည်။ ကြမ်းပြင်ကို ခဏလောက် စိုက်ကြည့်နေပြီး သူ့ဗိုက်ထဲကတဒုန်းဒုန်းမြည်သံက သူ့ကို လက်တွေ့ဘဝထဲ ပြန်ဆွဲခေါ်လာပြီး ညစာမစားရသေးတာကို သတိရသွားသည်။

ဧည့်ခန်းထဲမှာ မတ်တပ်ရပ်လိုက်ရာ အသံများ ကြားလိုက်ရသည်။ အစပိုင်းတွင် ၎င်းအား ထင်ယောင်ထင်မှားဖြစ်နေတာ သက်သက်အဖြစ် ပယ်ချလိုက်သော်လည်း ဆူညံသံက ပိုမိုသိသာထင်ရှားလာကာ တံခါးအား လက်သည်းများဖြင့် ပေါ့ပါးစွာခေါက်နေသလိုလိုပါကြားနေရသည်။

ဘာရှိနေတာမှန်းမသိဘဲ တံခါးရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည့်အချိန်တွင် စိတ်မရှည်ခြင်းနှင့် အားပြင်းသော ခေါက်သံကြောင့် ရုတ်တရတ် တုန်လှုပ်သွားသည်။ ထိုဘာမှန်းမသိတာကြီးသည် တံခါးကို မဆုတ်မနစ်သော အင်အားဖြင့် ထုရိုက်နေသည်။ လန့်ဖျပ်သွားသော ဖန်ချန်းသည် အလိုလို နောက်ပြန်ဆုတ်မိသွားပြီး သူ့စိတ်ထဲတွင် မနေ့ညက အိပ်မက်ဆီသို့ ပြန်တွေးမိသွားကာ ရင်တထိတ်ထိတ်ဖြင့် သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။

အခု..အခုက...ဘယ်အချိန်ရှိပြီလဲ?ထိုမေးခွန်းသည် သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ သူ ခေါင်းကို ခပ်တင်းတင်း လှည့်လိုက်ပြီး ဧည့်ခန်းရှိ တိုင်ကပ်နာရီကိုကြည့်လိုက်မိသည်။

 မနက် ၂း၀၀ နာရီအတိ!!!!

***************