Chapter 3
Viewers 176

Ch3 လက်တွေ့ 


ဖန်ချန်းသည် သူ့ကိုယ်သူ ဒီလောက်အကြာကြီး အိပ်ပျော်သွားမိတာကို အံ့သြသွားမိသည်။

လက်တွေ့မကျသော ခံစားချက်တစ်ခု သူ့အပေါ် တိတ်တဆိတ် ဝင်ရောက်လာပြီး မူးဝေဝါးတားနေသော အာရုံဝေဝါးမှုကို ခံစားလိုက်ရသည်။ တကယ်တော့ ဒီခံစားချက်က လွန်ခဲ့တဲ့တစ်ရက်ကတည်းက သိသိသာသာ ပြင်းထန်လာခဲ့တာပင်။ စိတ်မသက်မသာ ဖြစ်ရသည့် ဒီခံစားချက်က ဘယ်ကလာမှန်း မသိချေ... သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်- အခုကြုံတွေ့နေရသည့် အရာများသည် အစစ်အမှန်မဟုတ်ပေ။ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး သူ့အခန်းဆီသို့ ခြေလှမ်းများ နောက်ပြန်ဆုတ်ကာ အဝတ်အစားပင်မလဲတော့ဘဲ ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။

တံခါးကို အဆက်မပြတ်ခေါက်သံက ဆက်ပြီးထွက်ပေါ်နေသေးသည်......

 ဆာလောင်သည့်ခံစားချက်ကြီးထွားလာသည်နဲ့အတူ သူ့ခန္ဓာကိုယ်သည် ပိုမိုလေးလံလာပြီး အနက်ရောင် ချောက်ကြီးတစ်ခုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသည်မှာ ဒီဟာက တံခါးအပြင်ဘက်ရှိအရာများကို တွေးတောခြင်းမှ အာရုံပြောင်းစေခဲ့သည် ။ သူ့အသိစိတ်တွေ တဖြည်းဖြည်း မှုန်ဝါးလာပြီးနောက်ပိုင်း ဘာကိုမှ မမှတ်မိတော့ချေ...

နောက်တစ်နေ့မနက် အိပ်ရာက နိုးလာသည့်အချိန်တွင် ဖန်ချန်းသည် ကုလားကာတွေက တစ်ဝက်လောက်ပွင့်နေပြီး သူ့ကိုယ်သူ စောင်တစ်ထည်ခြုံထားလျက်ရှိနေကြောင်းသိလိုက်ရသည်။အိပ်ခန်းတံခါးသည် ပွင့်နေပြီး နောက်ကျောဘက် ဧည့်ခန်းထဲရှိ လေအေးပေးစက်အသံက ဆူညံစွာထွက်ပေါ်နေသည်။

နောက်ထပ်အိပ်မက်ဆိုးတစ်ခုပဲ..... 

သူအိမ်စီးဖိနပ်ကို ကောက်၀တ်ပြီး ရေမိုးချိုးဖို့ ရေချိုးခန်းဆီ လျှောက်သွားလိုက်သည် ။

ဖန်ချန်း၏ ငယ်ရွယ်သော မျက်လုံးများအောက်ရှိ အနက်ရောင်စက်ဝိုင်းများသည် အိပ်ရေးမဝတာကြောင့် ပိုမိုနက်ရှိုင်းလာပုံရသည်။ မှန်ထဲ၌ ထင်ဟပ်နေသော သူ့ပုံရိပ်ကို စိုက်ကြည့်ရင်း ရေစက်လေးများသည် သူ့ပါးပြင်ပေါ် လျှောကျသွားသည်ကိုမြင်နေရသည်။ သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ကာ ဆက်လက်ဆေးကြောလိုက်သည်။

ကော်ဖီစားပွဲပေါ်ရှိ လေအေးပေးစက်အဝေးထိန်းခလုတ်ကို ရှာတွေ့ပြီးနောက် ဖန်ချန်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး အစားအသောက်ပြင်ဆင်ရန် မီးဖိုချောင်သို့ မသွားမီ လေအေးပေးစက်ကို ဂရုမစိုက်ဘဲ ပိတ်ပစ်လိုက်သည်။ မနေ့ညက အစာမစားထားတာကြောက့် ပြင်းပြင်းထန်ထန် ဆာလောင်နေပေမယ့် ရိုးရှင်းတဲ့ အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို ပြုတ်စားခဲ့လိုက်သည်။ တူချောင်းနှစ်ချောင်းနဲ့ ခေါက်ဆွဲကို ကောက်ယူပြီး တဟူးဟူးမှုတ်ကာ ပါးစပ်ထဲထည့်ကာ ဝါး၍ မျိုချလိုက်သည်။

အိပ်မက်ထဲ၌ သူသည် လေအေးပေးစက်ကို ပိတ်ပြီး ကော်ဖီစားပွဲပေါ် ရီမုတ်ကို ထားခဲ့လိုက်တာမှတ်မိသည်...

ဖန်ချန်း၏အကြည့်သည် တံခါးအဝ နားရှိ လျှောက်လမ်းဘက်သို့ ရွေ့သွားပြီး ဖိနပ်စင်နှင့် နံရံကပ်နာရီ ရောင်ပြန်ဟပ်နေသည့် ကိုယ်လုံးပေါ်မှန်တစ်ချပ်အပေါ်ရောက်သွားသည်။

အကယ်၍ ဒါကအိပ်မက်မဟုတ်ခဲ့ရင်ရော....?

ဒါတွေက အိပ်မက်မဖြစ်နိုင်ဘူးဆိုရင်....? မနေ့ညက တစ်စုံတစ်ယောက်က တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်ခဲ့တာမှတ်မိသည်။သူက အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ပေါ် လှဲချလိုက်ပြီး အိပ်ပျော်ခါနီးအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို စောင်ခြုံပေးလာကာ လေအေးပေးစက်ကိုပင် ဖွင့်ပေးခဲ့သေးသည်။

ဒါ...ဒါပေမယ့် သူကတစ်ယောက်ထဲနေတာလေ....

ဖန်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်ခြောက်ခြားသွားသည်။ အစာမရှိတာကြောင့် ဗိုက်ကထိုးအောင့်နေပေမယ့် ဘာမှမစားနိုင်တော့ချေ။ မနေ့ညက အဖြစ်အပျက်တွေကသာ အစစ်အမှန်ဆိုရင်....ဟိုနေ့ညကရော ?

သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကြမ်းပြင်မှာ လူတစ်ယောက် လဲလျောင်းနေခဲ့သည်... ဖန်ချန်းသည် အစက သူ သေသွားပြီလားဆိုတာ မသေချာခဲ့ပေမယ့် အခုချိန်မှာ ပြန်တွေးကြည့်ရရင် လူတစ်ယောက်ရဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အခြားတစ်ယောက်က ထုတ်ယူစားသောက် နေတာကြီးကို ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ??

ခေါက်ဆွဲခြောက်၏ အဆီအနှစ်ရနံ့က သူ့နှာခေါင်းထဲ ပျံ့နှံ့လာသည်။ ပျို့အန်ချင်သလို ခံစားလိုက်ရသော်လည်း သူ့လက်သူ တင်းတင်းဆုပ်ထားပြီး ထိန်းချုပ်လိုက်သည်။ သူ ဗိုက်ဆာတာကိုဖြည့်ရန်လိုသေးသည်...

ဖန်ချန်းသည် လှေကားကနေ ဆင်းရန်သာ ထပ်ရွေးချယ်ခဲ့လိုက်သည်။ ကော်ရစ်ဒါ၌လျှောက်လိုက်ပြီး တမင်တကာမဟုတ်ဘဲ မနေ့က ရှဲ့ယင်းနဲ့ အမျိုးသားတစ်ဦး စကားပြောနေတာကို မြင်ခဲ့သည့်နေရာကို ငေးကြည့်မိလိုက်သည်။ထိုနေရာသည် ယခုအခါ၌ အဖြူရောင် နံရံများ၊ အဖြူရောင် ကြွေပြားများဖြင့် ပြုပြင်ထားတာကိုတွေ့လိုက်ရသည်။

နံနက်ခင်းသည် ဆိတ်ငြိမ်လွန်းလှသည်.... အထဲကို ဖြာကျလာတဲ့ နေရောင်ခြည်က အနည်းငယ် တောက်ပနေခဲ့သည်။ ဖန်ချန်း တတိယ်ထပ်သို့ ရောက်လာပြီး ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သောအချိန်တွင် ကော်ရစ်ဒါ၌ "ပီ" ဟူသောအသံကို ပဲ့တင်သံထပ်ကာကြားလိုက်ရသည်။ ဓာတ်လှေကား တက်လာတာဖြစ်သည်။ ဓာတ်လှေကားက တတိတယ်ထပ်ကိုကျော်သွားပြီး ခုနစ်ထပ်ကို တက်သွားသည်...

ခုနစ်ထပ်မှာ ဘယ်သူတွေကနေတာလဲ?? ဖန်ချန်းသည် ခဏတာ ရပ်လိုက်မိသည် ။

ထို့နောက်ခေါင်းကို ခါထုတ်လိုက်ပြီး ဆက်ဆင်းလာခဲ့ရာ ဒုတိယထပ်ရောက်ခါနီးတွင် အိမ်တံခါးဖွင့်သံနှင့်အတူ တုန်လှုပ်နေသည့် ကြောင်အော်သံကို ကြားလိုက်ရသည်။ ရှေ့ကိုဆက်သွားလိုက်ရင်း ဖန်ချန်း သည် ဒုတိယထပ်တွင်နေထိုင်သော အမျိုးသားသည် တံခါးအတွင်းရှိ ခြေထောက်ပေါ်မှတစ်စုံတစ်ခုကို ဖယ်ရှားနေသည်ကိုတွေ့လိုက်ရသည်။

ဖန်ချန်းသည် ထိုသူ၏နောက်ဆုံးနာမည်မှာ ရွှီဖြစ်ကြောင်းမှတ်မိလိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ မစ္စတာ ရွှီ"

ဖန်ချန်းသည် ဓာတ်လှေကားကိုစွန့်ပစ်ပြီး လှေကားဖြင့်ဆင်းလာသည်ကို ထိုလူက အံ့အားသင့်သလိုကြည့်လာတာကြောင့် ဖန်ချန်းသည်မျက်နှာလွှဲလိုက်သည်။ ထိုသူ့မျက်မှန်နောက်မှာ မျက်လုံးများကအနည်းငယ် ကျဉ်းမြောင်းသွားပြီး "အိုး မင်္ဂလာနံနက်ခင်းပါ" ဟု ပြန်နှုတ်ဆက်လာသည်။

မစ္စတာရွှီက တံခါးကိုပိတ်လိုက်ပြီး လှေကားဆင်းရန်လုပ်လိုက်ပြီ ဖန်ချန်းသည် ကြောင်အော်သံကို ထပ်မံကြားလိုက်ရသည်။ "အိုး ငါ့ကြောင်လေ...သူက တော်တော်လူကပ်တာ"

"သူ့နာမည်ဘယ်လိုခေါ်လဲ?" ဖန်ချန်း မေးလိုက်သည်။

မစ္စတာ ရွှီက သူ့စကားကိုပြန်တုံ့ပြန်ဖို့ အချိန်တော်တော်ယူလိုက်ရသည်။

 "ဟမ် ဘယ်ဟာကိုလဲ?"

ဖန်ချန်းမျက်တောင်ခတ်လိုက်သည်။ "အာ ကြောင်လေးကိုပြောတာ သူ့မှာနာမည်မရှိဘူးလား...?"

မစ္စတာရွှီက စကားပြန်မပြောခင် ခဏရပ်လိုက်ပြီး "... ရှောင်မြောင်"

"အိုး" ဖန်ချန်းက ခေါင်းညိတ်လိုက်သည်။ "ချစ်ဖို့ကောင်းသားပဲ" 

သူ့စိတ်ထဲ၌ တစ်စုံတစ်ခုက အာရုံစူးစိုက်မှု ကင်းမဲ့အောင်လုပ်နေပုံရသည်။

အောက်ထပ်သို့ရောက်လာပြီးနောက် ဒီမနက် ထူးထူးခြားခြား တိတ်ဆိတ်နေတာကိုခံစားလိုက်မိသည်။ မစ္စစ်ဝူသည် ခါတိုင်းလို အောက်ထပ်တွင် တခြားသူများနှင့် စကားစမြည်ပြောနေခြင်းလည်းမရှိသလို သူမနှင့် အတင်းအဖျင်းပြောနေကြ အသိမိတ်ဆွေများလည်း ရှိမနေပေ။

အဆောက်အအုံ ဝင်ပေါက်တွင် ဖန်ချန်သည် ဖန်ယင်းယင်းနဲ့ တိုးမိခဲ့သည်။ ဖန်ချန်းကိုမြင်တော့ အမျိုးသမီးငယ်၏ မျက်လုံးများ တောက်ပလာပြီး "မင်္ဂလာနံနက်ခင်းပါ" ဟု အားတက်သရော နှုတ်ဆက်လာသည်။

"အင်း မောနင်း" ဖန်ချန်းက တုံ့ပြန်ပြီး ချက်ချင်းထွက်ခွာရန်ပြင်လိုက်သည်။

"ဟေး" ဖန်ယင်းယင်းက ရုတ်တရက် သူ့ကို တားလိုက်သည်။ "အန်တီ...အန်တီဝူ ဒီနေ့ ဒီမှာမရှိသလိုပဲ"

"အင်း... ကျွန်တော်လည်း သတိထားမိတယ်" ဖန်ချန်းသည် ပြန်ဖြေလိုက်ရင်း သူမ၏နောက်ထပ်ပြောလာမည်ကို စောင့်လိုက်သည်။

"အိုး ကျွန်မ ကြားတာတော့... သူ့သမီး ဆုံးသွားလို့တဲ့" ဖန်ယင်းယင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်... "သူမငှားထားတဲ့ တိုက်ခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတဲ့....."

"...အာ..." ဖန်ချန်းက ဘယ်လိုတုံ့ပြန်ရမှန်းမသိချေ.. ဒါက တခြားသူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး သူပြောဖို့က မသင့်လျော်ဘူးလို့ ခံစားရသည်။

ဖန်ယင်းယင်းသည် သူမစကားမှားသွားသည်ကို သဘောပေါက်လိုက်ပြီး အမြန်စကားပြောင်းရန်ကြိုးစာလာသည်။
"အာ...ရှင် အလုပ်သွားမလို့မလား? ဒါဆို မြန်မြန်သွားသင့်ပြီ..." လို့ ထူးထူးခြားခြား တွန့်ဆုတ်နေတဲ့ လေသံနဲ့ ပြောလာခဲ့သည်။

***

ညနေပိုင်းတွင် ဖန်ချန်းသည် မစ္စစ်ဝူကို ခါတိုင်းနေရာတွင်ပြန်တွေ့လိုက်သည်။ သူမသည် ခါတိုင်းလိုပင် ခေါက်ထိုင်ခုံပေါ်တွင် ထိုင်နေကာ လူအုပ်စုနှင့် စကားစမြည်ပြောရင်း ရယ်မောနေသည်။ ဖန်ချန်း အပေါ် ထားသည့်သူမ၏ ချစ်ခင်ကြင်နာမှုသည် နားမလည်နိုင်စွာ ဆက်လက်တည်ရှိနေပြီး သူ့ကို တွေ့လိုက်သောအခါတွင် သူမသည် ဝမ်းသားအားရပုံဖြင့် သူ့ကို နှုတ်ဆက်လာခဲ့သည်။

မနက်ခင်းတုန်းက ဖန်ယင်းယင်း၏ စကားတွေကို မတွေးရန် ဖန်ချန်း မတားနိုင်ခဲ့ပေ။

မစ္စစ်ဝူသည် ဖန်ချန်း၏ တုံ့ဆိုင်းနေမှုကို သတိမထားမိပုံရသည်။သူမက ဆက်လက်ပြီး အသိများနဲ့ စကားဆက်ပြောနေသည်။

"အိမ်ရှင်ဆီက လျော်ကြေးတောင်းပေမယ့် ငြင်းခံလိုက်ရတယ်အေ အဲဒီလူက တကယ်ကိုပဲ သူတို့နေရာမှာ သေထားတာကို ပိုက်ဆံလေးတောင် မပေးချင်ဘူး"

ဖန်ချန်းသည် နောက်ထပ်ခြေတစ်လှမ်းမလှမ်းနိုင်တော့ဘဲ အဲ့နေရာ၌ရပ်နေမိကာ မနက်အစောပိုင်းက ဖန်ယင်းယင်း ပြောခဲ့သည့် စကားများက အတွေးများထဲပဲ့တင်ထပ်နေသည်။ မစ္စစ်ဝူ၏သမီးသည် အငှားတိုက်ခန်းတစ်ခုတွင် သတ်သေသွားသည်ဆိုတာက ယုံရခက်သည်။သူမကြည့်ရတာ ဝမ်းပင်မနည်းနေပေ....

အံ့သြစရာကောင်းတာတစ်ခုက အနီးနားပတ်ဝန်းကျင်ကလူတွေက စိတ်မကောင်းဖြစ်တာမျိုးဘာညာရှိနေဘဲ မစ္စဝူ၏ စကားကိုတညီတညွတ်တည်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေကြပြီး တစ်စုံတစ်ယောက်မှ ကန့်ကွက်ခြင်း သတိပေးခြင်းရှိမနေချေ....

ဒါက ထူးဆန်းလှသည်.... အလွန်ထူးဆန်းသည်...

တဖြေးဖြေးကောင်းကင်ကြီးက မှောင်လာပြီး မစ္စတာဝူအကြောင်း တစ်ယောက်ယောက်က မေးနေတာကို သူကြားလိုက်ရသည်ည်။ မစ္စစ်ဝူ၏ လေသံသည် ပြင်းထန်လာကာ "အမလေးအေ၊ အဲ့လူ လောင်းကစား သွားလုပ်ပြန်ပြီလေ၊ သူ့သားရဲ့အိမ်က ကိစ္စတွေက မငြိမ်သေးတာကို သူကတော့ဖြင့် နေ့တိုင်း သူများတကာကိုပိုက်ဆံပေးပြီးလုပ်ကျွေးနေတယ်"

ရုတ်တရက် လေတစ်ချက် ဝေ့တိုက်လာသည်ကို ဖန်ချန်းခံစားလိုက်ရသည်ည်။မိုးရွာတော့မည်ဖြစ်သည်။ ဖန်ချန်းသည် အသက်ရှူမဝသလို ခံစားလိုက်ရတာကြောင့် နောက်ဆုံးတွင် ကော်ရစ်ဒါထဲသို့ လှမ်းဝင်ရန် ခွန်အားကို စုဆောင်းခဲ့သည်။

ဓာတ်လှေကားနှင့် လှေကားကြားတွင် နှစ်စက္ကန့်ကြာ တုံ့ဆိုင်းနေပြီးနောက် ဖန်ချန်းသည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

"ပြန်လာပြီလား?"

အေးစက်မှုတစ်ခုက သူ့လည်ပင်း၏အရိုးထဲကို စိမ့်ဝင်လာပြီး ဖန်ချန်း လှည့်ကြည့်လိုက်ရာ ဖန်ယင်းယင်း သူမ၏တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမ၏ ကိုယ်ပိုင်တိုက်ခန်းတွင် ရှိနေသည့်တိုင် အဖြူရောင် ပိုးသားဂါဝန်ကို ၀တ်ဆင်ထားပြီး eyeshadow နှင့် နှုတ်ခမ်းနီကို လိမ်းခြယ်ထားကာ နူးညံ့သိမ်မွေ့ သောအသွင်အပြင်ကို ပြသထားသည်။

"အာ ဟယ်လို..." ဓာတ်လှေကားတံခါးသည် ပွင့်သွားသော်လည်း မဝင်သေးတာကြောင့် ဖန်ယင်းယင်းသည် ဖန်ချန်းကို ဆက်လက် ငေးကြည့်နေရင်း သူပြောစရာ ရှိသေးသည်ဟု ထင်သွားသည်။ "အပြင်ထွက်ဖို့ ပြင်ဆင်နေတာလား?"

ဖန်ယင်းယင်းက တုံ့ပြန်မှု မရှိချေ။

ဖန်ချန်းက ဓာတ်လှေကားထဲဝင်လိုက်ပြီး "အပြင်ထွက်တဲ့အခါကျ ထီးယူဖို့ မမေ့နဲ့အုံးနော် ကြည့်ရတာ မိုးရွာတော့မယ့်ပုံပဲ" ဟု ထပ်ပြောလိုက်သည်။

သူတို့နှစ်ယောက်ကြားရှိ တံခါးကတ‌ဖြေးဖြေး ပိတ်လာပြီး ဖန်ယင်းယင်းသည် နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုချိတ်ဆွဲလာပြီး ပိတ်သွားသည့်တံခါးဆီ "အိုခေ" လို့ ပြောလိုက်သည်။

ဖန်ချန်း တိုက်ခန်းထဲပြန်ရောက်ပြီးမကြာခင်မှာပဲ မိုးရွာလာသည်။ ပြတင်းပေါက်များဆီသို့ မိုးရေစက်များက စည်းချက်ညီညီ လာရောက်ရိုက်ခတ်သည်။ ဖန်ချန်းသည် ပြတင်းပေါက်ကိုဖွင့်လိုက်ရာ လေများသည် မိုးရေစက်များကိုသယ်ဆောင်လာပြီးတိုက်ခတ်လာသည်။ တစ်ချို့က သူ့မျက်နှာနဲ့ ဆံပင်တွေတောင် စိုသွားစေခဲ့သည်။

သူသည် အိမ်ရှိ မီးအားလုံးကို ဖွင့်လိုက်ရာ ဧည့်ခန်းထဲရှိ အလင်းရောင်သည် အခြားအခန်းများထက် မှိန်နေသည်ကို သတိပြုမိလိုက်သည်။ ဤအားနည်းသောအလင်းရောင်ကို ကျင့်သားရမနေတာကြောင့် နောက်နေ့တွင် မီးသီးလဲရန် တွေးတောလိုက်မိသည်။

ဖန်ချန်းက ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ကွတ်ကီးစားနေလိုက်သည်။ သူ့ခြေထောက်ပေါ် သို့ ကွတ်ကီးအမှုန်များက ပြုတ်ကျလာပြီး ကျေနပ်လောက်တဲ့ ကွတ်ကီးဝါးသံ"တဂွတ်ဂျွတ်" ကထွက်လာသည်။ လောလောဆယ်တော့ အိမ်မှာ ချက်စားချင်စိတ်မရှိတာကြောင့် စူပါမားကတ်ထဲက အဆင်ပြေသည့် မုန့်နဲ့ အဆာပြေတွေရွေးချယ်ပြီးကို ဝယ်လာခဲ့လိုက်သည်။

ညသည် အပ်ကျသံကြားရသည်အထိတိတ်ဆိတ်လုနီးပါးရှိသော တိတ်ဆိတ်ငြိမ်သက်မှုကို ဆုပ်ကိုင်ထားသည်။ အရင်တုန်းက ညတွေတုန်းကရော ဒီလိုပဲလား?

ဆန့်ကျင်ဘက် အဆောက်အဦးတွင် မီးအနည်းငယ် ဖွင့်ထားပြီး ဖန်ချန်းသည် သူ့အိမ်ရှိ မီးရောင်များနှင့်အတူ သူတို့အဆောက်အဦး လှမ်းကြည့်လိုက်ချိန်မှာပဲ တပြိုင်နက် မှောင်မဲသွားခဲ့သည်။

မီးပျက်သွားတာပင်....

ရုတ်တရက်တစ်စုံတစ်ယောက်သည် လေးလံသော ခြေသံများဖြင့် ကော်ရစ်ဒါ၌ လျှောက်လာသည်ကိုကြားလိုက်သည်။ ဖန်ချန်း အသက်ရှုရပ်မတက်ဖြစ်လာချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရသည်။

ဒေါက်...ဒေါက်

"ဖန်ချန်း အိမ်မှာရှိလား?"

အဲ့တာကတတိယထပ်က ကောင်းချန် ပင်...

ဖန်ချန်း၏ အသက်ရှုသံသည် ပုံမှန်ပြန်ဖြစ်သွားပြီး စိတ်လျှော့လိုက်ကာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည်အဝင်ဝကို သတိထား ချဉ်းကပ်သွားပြီး "ရှိတယ် ဘာဖြစ်လို့လဲ?"

"အိုးးတော်သေးတာပေါ့ အခု မီးပြတ်သွားတယ်မလား...အဲ့တာ ငါ့မှာ ဖယောင်းတိုင်ထွန်းဖို့မရှိလို့ မင်းမှာရှိရဲ့လား"

ဖန်ချန်းက တံခါးလက်ကိုင်ကို သတိတကြီးလှည့်လိုက်ပြီး အပြင်မှာ ရပ်နေတဲ့ ခပ်ပိန်ပိန် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကောင်းချန်သည် ရုပ်ရည်ချောမောသူဖြစ်ပြီး ရိုးရိုးရှင်းရှင်း ရိုးသားသောအသွင်အပြင်ရှိကာ အသက် 20 ငယ်ရွယ်သူဖြစ်သည်။

 သူက ဖန်းချန်ကို ပြုံးပြလာပြီး "မင်းမှာ ဖယောင်းတိုင်တွေ ရှိလား?"

"အာ...အင်း" ဖန်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ဒါပေမယ့် သူအိမ်မှာ ဖယောင်းတိုရှိတာကို အမှတ်ရနေပေမယ့် ဘယ်မှာလဲဆိုတာ အတိအကျ မမှတ်မိတော့ချေ "ခဏနေဦးနော် ရှာလိုက်အုံးမယ်"

"ကောင်းပြီ" အလျင်မလိုဘူး။" ကောင်းချန် သည် တံခါးဘောင်ကို မှီကာ‌ပြောလာသည်။

"ဟူး....အိမ်ခြံမြေ စီမံခန့်ခွဲရေးကိုတိုက်ခန်း အခကြေးငွေ ကျွန်တော် ပေးချေပြီးသွားပေမယ့်လည်း မိုးနည်းနည်းသည်းတာနဲ့ မီးကပြတ်ပြတ်သွားတယ်... ဒီယိုယွင်း ပျက်စီးနေတဲ့ အဆောက်အအုံကြီးကို ကျွန်တော်တော့တကယ်ကို ငြီးငွေ့နေပြီ...."

ဖန်ချန်းသည် အံဆွဲများကို လိုက်လံရှာဖွေရင်း ခေါင်းညိတ်ပြလိုက်သည်။ အံဆွဲထဲတွင် ပစ္စည်းများစွာစီ တန်းစီထားသော်လည်း ဖယောင်းတိုင်မရှိနေပေ.....

"မင်းမှာ ရှိရဲ့လား? မရှိလည်း ရတယ်နော်"

"ငါ့ဆီမှာရှိလောက်တယ်" ဖန်ချန်းက ရှာမတွေ့တာကြောင့်အနည်းငယ် အံ့ဩသွားကာ ခေါင်းကို မော့လိုက်သည်။ "ရှိတာကိုတော့သတိရတယ် ဒါပေမယ့်…" ဒါပေမယ့်လို့ သူဘယ်မှာထားထားလဲဆိုတာကိုတော့ မမှတ်မိတော့ချေ...

"ရတယ်၊ အချိန်ယူပြီး ရှာကြည့်လိုက်"

ဖန်ချန်က ဆက်လက်ရှာဖွေနေပြီး ကောင်းချန်က မေးလာသည်။ "ကျွန်တော်တို့ရဲ့ တစ်ဖက်မှာ နေတဲ့ စုံတွဲကို သိလား"

"အမ်" ဖန်ချန်းသည် အောက်ထပ်ရှိ နေ့တိုင်း ချစ်ခြင်းမေတ္တာအတွက် တစ်ဖတ်ဖတ်လုပ်နေတတ်သော စုံတွဲအကြောင်းကို သတိရမိလိုက်သည်။ "အင်း ...ငါသူတို့ကိုသိတယ်"

"စောနက သူတို့ တံခါးကို သွားခေါက်ပေမယ့် ဘယ်သူမှ ပြန်မဖြေခဲ့ဘူး" ကောင်းချန်က သူ့နှုတ်ခမ်းသူ ပွတ်သပ်လိုက်သည်။ "သူတို့မှာ ဖယောင်းတိုင်တွေမရှိရင် မရှိဘူးလို့ပြောလို့ရပါတယ် အသံတိတ်နေစရာမလိုတာကို..."

"သူတို့အိမ်မှာ မရှိနိုင် ဖြစ်နိုင်တယ်မလား" ဖန်ချန်းက အတန်ကြာရှာပြီးနောက် နောက်ဆုံးအံဆွဲထဲတွင် ဖယောင်းတိုင်တစ်ချောင်းကို တွေ့လိုက်ရပြီး ကောင်းချန်အပြောကိုပြန်ဖြေခဲ့လိုက်သည်။ ဒီနေရာမှာ ဖယောင်းတိုင်ထားခဲ့လား ထားခဲ့တာလား သူ မမှတ်မိနိုင်ပေ....

ကောင်းချန်က ဘာမှတ်ချက်မှထပ်မပေးဘဲ "ဟင်း" ဟူသော အသံဖြင့် ဖန်းချန်ဆီမှ ဖယောင်းတိုင်ကို ပြုံးကာ ယူလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

"ရတယ်ပြဿနာမရှိဘူး"

ကောင်းချန်လည်း သူ့အခန်းသူပြန်သွားပြီဖြစ်ကာအပြင်၌လည်း မိုးရွာနေတုန်းပင်။ လျှပ်စီးသည် ကောင်းကင်ကို ဖြတ်၍ ကခုန်နေကာ အက်ကွဲသံများနှင့် အတူအဝေးမှ မိုးခြိမ်းသံများကို ဖန်တီးနေသည်။

လုံးဝ ငြိမ်သက်ခြင်း မရှိသော်လည်း ထူးထူးခြားခြား သူ့အတွက်နှစ်သိမ့်မှုကို ယူဆောင်လာခဲ့နိုင်သည်။