Chapter 4
Viewers 168

Ch4 မှတ်ဉာဏ် 


ဒီလိုနဲ့ပဲဖန်ချန်း အိပ်ပျော်သွားခဲ့သည်။ရုတ်တရက် သူ့ကိုနိုးသွားမှာကြောက်သလို မျိုးအခန်းထဲ၌ တစ်ယောက်ယောက်သည် တိုးသက်စွာ လှုပ်ရှားနေတာကို သူခံစားလိုက်ရသည်။

သူ့စိတ်များ ဖရိုဖရဲဖြစ်သွားတော့သည်။ အိပ်ရာဘေး၌ တစ်ယောက်ယောက်က ဝင်ထိုင်လာပြီး အိပ်ပျော်နေတဲ့သူ့ကြည့်နေသလိုမျိုးခံစားလိုက်ရသည်။ သူမျက်လုံးဖွင့်လိုက်ပါကမျက်လုံးချင်းဆုံသွားမှာကို စိုးရိမ်တာကြောင့် မျက်လုံးမဖွင့်ရဘူးလို့သာ စိတ်ထဲမှာအကြိမ်ကြိမ်ရွတ်လိုက်သည်။

မှုန်ဝါးဝါး အသိစိတ်တစ်ခုက သူ့ဆီတိုးဝင်လာပြီး မကြာမီ ငိုက်မျဉ်းသွားပြန်တော့သည်။

မနက်ခင်း၌ပုံမှန်အတိုင်းအိပ်ရာနိုးလာခဲ့ပြီး မနက်စာစားပြီးချိန်မှာတော့ ဖန်ချန်းသည် အိမ်ထဲကနေထွက်လာခဲ့ပြီး ခြောက်ထပ်မှာရပ်နေတဲ့ ဓာတ်လှေကားကို သတိထားမိလိုက်သည်။ သူက ခေတ္တတုံ့ဆိုင်းနေပြီးနောက် ဓာတ်လှေကားခလုတ်ကို ပြတ်ပြတ်သားသား နှိပ်လိုက်သည်။ဓာတ်လှေကားသည် အောက်ထပ်ကို တဖြေးဖြေးဆင်းလာခဲ့သည်။

ဓါတ်လှေကားသည် စတုတ္ထထပ်တွင် ရပ်သွားပြီး အထဲမှာ တက္ကသိုလ်ကျောင်းသားဖြစ်ပုံရသည့်လူတစ်‌ေယာက်ကို တွေ့လိုက်ရသည်။ ဖန်ချန်းက သူ့အပေါ်ကို တစ်ဦးခြင်းထင်မြင်ချက် မရှိပေမယ့်လည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး အဲဒီလူက ပြန်တုံ့ပြန်ကာပြုံးလာခဲ့သည်။

သူတို့သည် ဓာတ်လှေကားထဲတွင် ဘေးချင်းကပ်ရပ်လိုက်ကြပြီး ဖန်ချန်းသည် မတတ်နိုင်ဘဲထိုလူကို အကြိမ်ကြိမ် ခိုးကြည့်မိလိုက်သည်။

ဓာတ်လှေကားက အောက်ထပ်၌ရပ်တန့်သွားပြီး ဓာတ်လှေကားပေါ်ကမဆင်းခင်တွင် ဖန်ချန်းက "အာ တစ်ချက်လောက်...မေးလို့ရမလား... ဘယ်ထပ်မှာနေလဲဗျ?"

ထိုလူသည် ခေတ္တရပ်သွားသော်လည်း သူမျက်နှာပေါ်တွင် အပြုံးဆင်မြန်းထားနေသေးသည်။ ဖန်ချန်းကို တွေ့လိုက်ကတည်းက သူသည် ဆက်တိုက်ပြုံးနေပုံရပြီး "ခြောက်ထပ်မှာနေတာပါ" ဟု ပြန်ဖြေသည့်တိုင်အောင် အပြုံးသည် သူ့နှုတ်ခမ်းမှာ တဆက်တည်း ရှိနေသေးသည်။

"အိုးး" ဖန်ချန်းသည် ထိုလူကော်ရစ်ဒါသို့ ထွက်သွားပြီး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည် ။ ဤလူအပေါ် ဘာအထင်အမြင်မှမရှိသော်လည်း စိတ်ထဲဝင်လာသည့် ထူးဆန်းသော ခံစားချက်ကို သူ မဖယ်ထုတ်နိုင်ချေ...

"မင်္ဂလာနံနက်ခင်းပါ" ရုတ်တရက်အမျိုးသမီးအသံတစ်ခုက သူ့အတွေးတွေကို နှောင့်ယှက်သွားသည်။

ဖန်ချန်း ခေါင်းကို လှည့်ကြည့်လိုက်တော့ ဖန်ယင်းယင်းသည် သူမ၏ တံခါးဝတွင် ရပ်နေတာကို တွေ့လိုက်ရသည်။ နှုတ်ဆက်နေကြဖြစ်တာကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည် သူ မလန့်သွားခဲ့ပေ။ "မောနင်းပါ" သူခေတ္တရပ်လိုက်ပြီး "ဒါနဲ့...ခြောက်ထပ်မှာ နေတဲ့သူ... အမ်းစောနထွက်သွားတဲ့လူကို သိလား?"

ဖန်ယင်းယင်းက ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။ "အဲဒီအထပ်ကလူတွေနဲ့ သိပ်မရင်းနှီးဘူး..."

နားလည်နိုင်ပါသည်... ဒီမိန်းမပျိုသည် ပုံမှန်အားဖြင့် သီးသန်နေသူဖြစ်သည်။

"ဘာဖြစ်လို့လဲ?" ဖန်ယင်းယင်းက မေးလာသည်။

"ဘာမှမဟုတ်ပါဘူး" ဖန်ချန်း က ခေါင်းခါလိုက်ပြလိုက်ပေမယ့် သူ့အတွေးတွေကတော့ သံသယအချို့ ဖုံးလွှမ်းနေဆဲပင်...

ကော်ရစ်ဒါအပြင်ဘက်တွင် မစ္စစ်ဝူသည် သူမ၏ပုံမှန်နေရာ၌ ထိုင်နေခဲ့သည်။ ဤတစ်ကြိမ်တွင် မစ္စတာဝူလည်း သူ့ဘေးမှာ ထိုင်နေသည်။ လင်မယားနှစ်ယောက် ကပ်နေကြပြီး နှစ်ယောက်သား ကြိတ်ကြိတ်တိုးကာ စကားတွေပြောနေပုံရသည်။

မစ္စဝူသည် သူ့ကိုမြင်သောအခါ ဖန်ချန်းအား နွေးထွေးစွာ နှုတ်ဆက်လာပြီး သူ့ခင်ပွန်းဘက်သို့ လှည့်ကာ "တခြားမိသားစုရဲ့ သားကို ကြည့်လိုက်စမ်းပါဦး တက်ကြွမှုအပြည့်နဲ့... ဒါပေမယ့်ငါတို့သားကလည်း အရမ်းမညံ့နေပါဘူး"

ဖန်ချန်းသည် အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် လင်မယားနှစ်ယောက်ကြား စကားပြောသံကို သူကြားနေရဆဲဖြစ်သည်။

"အဲဒီမိန်းကလေး ဆုံးပါးသွားတော့ တစ်ခုခုချန်ထားခဲ့မယ်လို့ထင်လား? အိုက်ယား တစ်ကယ်ပါပဲ ဒီအကြွေးတောင်ကြီးကို ဘယ်လိုဖြေရှင်းမလဲ... ဘယ်သူက တာဝန်ယူမှာလဲ"

"အဲဒါတွေအားလုံးက မင်းသားရဲ့ ထက်မြက်လှတဲ့ အတိုးမြင့်ချေးငွေတွေ ချေးဖို့ စိတ်ကူးကြောင့်ပဲလေ..."

"တော်စမ်းပါ မင်းသား၊ ငါ့သားနဲ့တွန်းမနေနဲ့ သူကလည်း ရှင့်ရဲ့သားပဲ မဟုတ်လား?"

ဖန်ချန်းက သူ့သွားနေတဲ့အရှိန်ကို မြှင့်လိုက်သော်လည်း ပတ်ဝန်းကျင်မှ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။ စကားတစ်ခွန်းမှ မကြားချင်တောါတာကြောင့် နားရွက်ကို အုပ်ထားလိုက်ချင်သည်... စကားများရန်ဖြစ်နေသော လင်မယားနှစ်ယောက် ကြောင့် သူသည်ဆက်တိုက်ဆိုသလိုပင် လျင်မြန်စွာ လမ်းလျှောက်လာခဲ့သည်။ ဩဂုတ်လ၏ ပြင်းထန်သော အပူရှိန်ကြောင့် သူ့လက်များသည် ချွေးစေးများကျနေကာအလောင်းကောင်ကဲ့သို့ အေးစက်နေတော့သည်။

****

မွန်းတည့်ချိန် အိမ်ပြန်လမ်းတွင် သူသည် ကော်ရစ်ဒါ၌ ကောင်းချန်နှင့် တွေ့ခဲ့ရသည်။ ဒီတစ်ခါတော့ ဖန်ယင်းယင်းသည် သူ့ကို နှုတ်မဆက်လာပေ။ သူမသည် တံခါးဘေးတွင် ရပ်နေကာ ဓာတ်လှေကားထဲသို့ လူနှစ်ယောက်ဝင်သွားသည်ကို ကြည့်နေခဲ့သည်။

ဓာတ်လှေကားတံခါးများပိတ်သွားသောအခါ၌ ကောင်းချန်က ဖန်ချန်း လှမ်းဆွဲလိုက်ပြီး မျက်မှိတ်ပြလာသည်။ "ဝိုး အဲ့ကောင်မလေး မင်းကို စိတ်ဝင်စားနေပြီပဲ"

ဖန်ချန်းက နားမလည်နိုင်ချေ.. "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ငါတို့ စကားနည်းနည်းပဲ ပြောဖူးကြတာကို"

ဓာတ်လှေကားက တတိယထပ်မှာ ရပ်သွားပြီး ကောင်းချန်လည်းထွက်သွားခဲ့သည်။ ဖန်ချန်းက တစ်ခုခုကို သတိရပြီး ရှေ့ကို လှမ်းလိုက်၍ "ဒါနဲ့ မင်း ခြောက်ထပ်မှာ နေထိုင်တဲ့သူကိုသိလား" လို့ မေးလိုက်သည်။

ကောင်းချန်သည်လမ်းလျှောက်တာရပ်သွားပြီး နံရံကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"အင်း... အခု မင်းပြောမှပဲ ရှိမှန်းသတိရတယ်....အပေါ်ကသူတွေနဲ့ သိပ်မရင်းနှီးဘူး။ သူတို့ကိုလည်း သိပ်မတွေ့ဖူးဘူး"

"...အာ ဟုတ်လား" ရုတ်တရက် ဓါတ်လှေကားမှ အချက်ပေးသံ မြည်သံ ထွက်လာပြီး နှစ်ယောက်စလုံး လန့်သွားသည်။ အကြောင်းအရင်းမသိရတာကြောင့် ဖန်ချန်း၏နှလုံးသည် ထိတ်လန့်တကြားခုန်လာသည်။ သူက စကားစဖြတ်လိုက်ပြီး "အင်း ငါအရင်တက်တော့မယ် သွားပြီနော်"

အိမ်ပြန်ရောက်တော့ ဖန်ချန်းသည် အိမ်တံခါးကိုပိတ်လိုက်သည်။ ရင်းနှီးသော ဝင်ပေါက်ရှိကိုယ်လုံးပေါ််မှန်သည် သူ့ဘေးပုံရိပ်ကို ထင်ဟပ်စေသည်။ မကြာသေးမီက ပို၍ပို၍ ထူးဆန်းသော အဖြစ်အပျက်များကြောင့် သူ့မျက်လုံးအောက်ရှိ အနက်ရောင်စက်ဝိုင်းများသည် ပိုမိုထင်ရှားလာပြီး တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေပုံရသည်။

တံခါးကို ကျောပေးရင်း သူသည် ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်ရာ မသက်မသာ ခံစားချက်များ ပိုမို ပေါ်လွင်ကာဖြစ်လာသည်။ သူ့အိမ်က ဒီလိုပုံစံရော တကယ်ပဲဟုတ်ရဲ့လား? ဟုတ်တယ် သူ့မှတ်ဉာဏ်ထဲမှာတော့ ဒီလိုပဲ.. ဒါပေမယ့် အဲဒီမှတ်ဉာဏ်က ဘယ်ကနေလာနေတာလဲ? သူ ဒီတိုက်ခန်းကို ငှားတာ ဒါမှမဟုတ် ဝယ်ခဲ့တာလား? ဒီအိမ်က သူ့အိမ်ဘယ်လိုဖြစ်လာတာလဲ? ဖန်ချန်းသည် ရုတ်တရက် အားပြတ်သွားသလိုဖြစ်သွား ကြမ်းပြင်ပေါ်တွင် ထိုင်ရန် ဖြည်းညှင်းစွာ လျှောချလိုက်သည်။

သူ့နာမည်က ဖန်ချန်းဖြစ်ပြီး သူ့အိမ်က ကုမ္ပဏီနဲ့ နီးတယ်... သူက ပုံမှန်ဘဝဖြင့် နေထိုင်ခဲ့တဲ့ သူဖြစ်တယ်...သူငယ်ချင်းဆိုတာ သူ့မှာရှိရောရှိလား?? သူ့မှတ်ဥာဏ်ထဲမှာတော့ သူဘယ်သူ့နဲ့မှ အနီးကပ် အဆက်အသွယ်မရှိခဲ့ဘူး...သူကအသက်ဘယ်လောက်ရှိပြီလဲ? အသက်နှစ်ဆယ်ကျော်ဒါပေမယ့် နှစ်ဆယ့်ငါးနှစ်လား နှစ်ဆယ့်ခြောက်လား? ပိုပြီးတိတိကျကျ သိနိုင်သေးလား? ဖန်ချန်းက စိုးရိမ်တကြီးဖြင့် သူ့ဖုန်းကို ထုတ်လိုက်ပြီး အဆက်အသွယ်စာရင်းကို ဖွင့်လိုက်သည်။

အနည်းဆုံး လူတစ်ဦး၏ နံပါတ်ကို သတိရသင့်သည်ဟု သူထင်သည်။ သူမှတ်မိသင့်တယ်!!!

ဖန်ချန်းသည် ခလုတ်များကို အမှတ်တမဲ့ နှိပ်လိုက်သော်လည်း နောက်ဆုံးတွင် သူ ဘာမှ မမှတ်မိတော့ကြောင်း သိလိုက်ရသည်။

သူသည် မှန်ကို မျက်နှာမူရန် ခေါင်းကို လှည့်လိုက်ရာ မျက်လုံးများထဲတွင် သွေးထွက်နေသကဲ့သို့ သွေးကြောများဖြင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက နာကျင်မှု ပြင်းထန်နေပုံရသည်ည်။ မျက်လုံးမျာကို ပိတ်လိုက်သည်နှင့် မျက်ရည်များ စီးကျလာတော့သည်။

အရေးကြီးတာတစ်ခုခုရှိနေပေမယ့် သူမေ့နေသည်....အဲ့တာက ဘာများလဲ...?

သူ မမှတ်မိနိုင်ပေ....

နေ့လည်စာစားရန်နားချိန်ပြည့်သွားပြီး အလုပ်ချိန်ရောက်လာပြီဖြစ်သည်။ ထုံးစံအတိုင်း ဖန်ချန်းသည် သူ့တိုက်ခန်းမှ ထွက်လာခဲ့သည်။ ဓာတ်လှေကားက ဆယ်ထပ်ကနေ ဆင်းလာခဲ့သည်။ သူ့မျက်လုံးများသည် ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသော်လည်း နောက်ဆုံးတွင် ဓာတ်လှေကားခလုတ်ကို မနှိပ်ခဲ့လိုက်ပေ။

ခြောက်ထပ် သို့မဟုတ် အထက်ပိုင်းတွင်နေထိုင်သူတွေ မည်သူကိုမျှ ရင်းနှီးခြင်းမရှိပေ။ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တာက သူတစ်ခါမှ မမြင်ဖူးတဲ့ လူတွေနဲ့ ကြုံတွေ့ရနိုင်သလို သူစိတ်ထဲက ထူးဆန်းစွာပြိုကွဲမှုကို ထိန်းထားနိုင်အုံးမလားဆိုတာ မသေချာနေချေ....

သူလှေကားကနေဆင်းလာရင်း တတိယထပ်ရှိ ဘယ်ဘက် တံခါးသည် ပွင့်နေပြီး ငယ်ရွယ်တဲ့လင်မယားနှစ်ယောက်သည် တိတ်တိတ်ဆိတ်ဆိတ် အချင်းချင်းမှီတွယ်ကာ စကားစမြည်ပြောနေခဲ့ကြသည်။ ဖန်ချန်းသည် သူတို့နားတိတ်တဆိတ် ဖြတ်သွားပြီးနောက် ထောင့်နားတွင် ရုတ်တရက် ရပ်လိုက်ပြီး "မင်းတို့... ငါ့နာမည်ကို သိကြလား?"

ယောင်္ကျားဖြစ်သူက လှည့်ကြည့်လာပြီး အံ့အားသင့်တဲ့ပုံမျိုးဖြစ်သွားသည်။ "ဖန်ချန်းလေ ဟုတ်တယ်မလား?" အမျိုးသမီးကလည်း သူ့ကို မသိမသာ စိုက်ကြည့်နေသည်။

ဖန်ချန်း၏ လက်ချောင်းများသည် အနည်းငယ် တင်းကြပ်သွားသည်။

 "အာ...အမ်"

"ဘာမှားလို့လဲ?" အမျိုးသမီးကဆက်ပြီး "ရှင့်ကြည့်ရတာ သိပ်အဆင်မပြေ‌တဲ့ပုံပဲ" လို့ အစမ်းသဘောမေးလာသည်။

ဖန်ချန်းက အတင်းပြုံးပြလိုက်ပြီး "ဘာမှမဟုတ်ပါဘူး... မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ပါ"

ဒီလင်မယားနှစ်ယောက်၏ နာမည်တွေကို မှတ်မိသည်။ အမျိုးသားမှာ ကျန်းရွေ့ဖြစ်ပြီး အမျိုးသမီးမှာ ဝမ်ဟွေ့ဝမ် ဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် နာမည်တွေ ဖလှယ်တဲ့အချိန်ကိုတော့ မမှတ်မိတော့ချေ...

သူ့မှတ်ဥာဏ်တွေက မှုန်ဝါးနေပြီး တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်မဟုတ်တဲ့ မှားယွင်းတဲ့ အမှတ်တရတွေကို ထည့်သွင်းထားသလိုမျိုး....ပုံဖော်ဖန်တီးထားသလိုပဲ…

ဖန်ချန်းသည် သူ့ငယ်ဘဝကို သတိရရန်အပြင်းအထန်ကြိုးစားခဲ့သော်လည်း ၎င်းတို့သည် အကွဲကွဲအပြားပြားဖြစ်နေခဲ့သည်။ မှတ်ဉာတ်ထဲတွင် မြူခိုးများအထပ်ထပ်ပေါ်လာပြီး မြေကြီးနဲ့ သွေးရနံ့ကို ဖမ်းမိခဲ့သည်။ ဒူးခေါင်းရှိ ခြစ်ခံထားရသည့် ဒဏ်ရာများ၌ သွေးနှင့် အသားများ ရောနှောကာ အရေပြားပေါ်တွင် ကပ်နေပြီး ရွံ့ရှာဖွယ်အရာများ နှင့် ပေကျံနေသည်။

လက်တစ်ဖက်က သူ့ဒဏ်ရာတွေကို အရက်ပြန်နဲ့ ဂရုတစိုက် ပွတ်ပေးနေသည်.....

သွေးထဲကနေ ချိုမြိန်မှုအရိပ်အမြွက်ကို သူခံစားရလိုက်သည်။

ရုတ်တရင်သူ့ပခုံးကို တစ်ချက်ပုတ်ခံလိုက်ရပြီး လက်တွေ့ဘဝကို ပြန်ရောက်လာခဲ့သည်။ လှည့်ကြည့်လိုက်ရာ ကျန်းရွေ့က သူနဲ့အတူ လမ်းလျှောက်နေတာကို တွေ့လိုက်ရသည်။

"ဘာဖြစ်နေတာလဲ?မင်းစိတ်တွေ တခြားနေရာကို လျှောက်သွားနေတဲ့ပုံပဲ" ကျန်းရွေ့သည် ပါးစပ်၌ စီးကရက်တစ်လိပ်ခဲလိုက်ပြီး သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို ထုတ်လိုက်သည်။

"ဒါနဲ့... ငါတို့စတွေ့ခဲ့တဲ့နေရာကို မင်းမှတ်မိသေးလား?" ဖန်ချန်းက မေးလိုက်သည်။

စီးကရက်မီးကို ထွန်းညှိသည့် အသံ ထွက်လာသည်။ ကျန်းရွေ့က တစ်ရှိုက်သောက်ယူလိုက်ပြီး "ဒါကို ငါကဘယ်လိုမှတ်မိရမှာလဲ?"

"ဒါဆို ငါ့နာမည်ကို ဘယ်လိုသိတာလဲ?"

ကျန်းရွေ့ခေတ္တရပ်လိုက်ပြီး သူ့ပါးစပ်ထဲက စီးကရက်ကို ထုတ်ကာ စဉ်းစားလိုက်သည်။

"မမှတ်မိတော့ဘူး... တစ်နေရာရာမှာ ကြားဖူးတာဖြစ်မယ် ဘာကိစ္စရှိလို့လဲ"

ဖန်ချန်းက နောက်ဆုံးမေးခွန်းတစ်ခုမေးလိုက်သည် "ဒါဆို ခြောက်ထပ်မှာ နေတဲ့သူတွေကိုကော သိလား?"

မျှော်လင့်ထားသည့်အတိုင်း ကျန်ရွေ့က ခေါင်းယမ်းပြလာသည်။ "သူတို့ကို အရင်က တစ်ခါလောက်ပဲမြင်ဖူးသလိုပဲ"

ပထမထပ်သို့ရောက်သောအခါ ကျန်းရွေ့သည် သူ့ကားကိုယူရန် မြေအောက်ထပ်သို့ ဆက်လက်ဆင်းသွားခဲ့သည်။

အဆောက်အဦးအဝင်ဝ၌ လမ်းခွဲလိုက်ကြပြီး ဖန်ချန်းက မစ္စစ်ဝူထိုင်လေ့ရှိတဲ့နေရာ၌ ဖန်ယင်းယင်းထိုင်နေတာကို တွေ့လိုက်ရသည်။

မိန်းမပျိုက သူ့ကိုကြည့်နေခဲ့သည်။

"...မင်္ဂလာနေ့လည်ခင်းပါ" ဖန်ချန်းက ခဏတာ တုံ့ဆိုင်းသွားသော်လည်း နှုတ်ဆင်လိုက်သည်။

"မင်္ဂလာနေ့လည်ခင်းပါ" မိန်းမပျိုက ပြုံးပြလာသည်။ သူမသည် တည်ငြိမ်သောအသွင်အပြင်ရှိပြီး နှုတ်ခမ်းနီမပါပဲ ပို၍ပင်ကြည့်ကောင်းလောက်ပေမည်။ ဖန်ချန်း၏ အကြည့်များသည် စူးစမ်းလိုစိတ်သက်သက်ဖြင့် သူမ၏ နီရဲသော နှုတ်ခမ်းများပေါ်တွင် တခဏတာ ငြိမ်သက်နေခဲ့သည်။ ဖန်ယင်းယင်းကို ပထမဆုံးအကြိမ်မြင်ဖူးရုံမျှတုံးက သူမသည် မိတ်ကပ်မလိမ်းထားဘဲ ပုံမှန်လက်တိုအင်္ကျီကိုသာ ၀တ်ထားခဲ့သည်...

ခဏလေး.... အဲ့နေ့က ဖန်ယင်းယင်းကို ပထမဆုံးအကြိမ်တွေ့ဖူးတာလား? မစ္စစ်ဝူနဲ့တွေ့ပြီး ဖန်ယင်းယင်းနဲ့ တခြားသူတွေကို တွေ့တဲ့ မနက်စောစောက သူ့အကြောင်း သူ့မှတ်ဉာဏ်များ စတင်ခဲ့တာဖြစ်သည်... လူတိုင်းအပေါ်ထင်မြင်ချက်တွေက အဲဒီနေ့က စတင်ခဲ့ပုံရသည်။ သူ...သူတို့ကို သိသလိုလို ခံစားရပေမယ့် ဒါတွေကတကယ်လား?

သူ မနက်စာ ဘာစားခဲ့တာလဲ?

သူ့စိတ်ထဲ ဘာတစ်ခုမှ ပေါ်မလာဘူး။ ဒါမှမဟုတ် သူ့ မနက်စာ လုံးဝမစားခဲ့တာလည်းဖြစ်နိုင်သည်။ မနက်စာစားပြီးတာနဲ့ သူထွက်သွားလာခဲ့တာကိုပဲ မသိစိတ်အရ ခံစားခဲ့ရတာဖြစ်သည်။

ဖန်ချန်းက သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး သူမဆီ လှမ်းမေးလိုက်သည်... "လွန်ခဲ့တဲ့... ရက်အနည်းငယ်တုန်းကလေ မနက်ခင်းလောက်မှာ ဒီနေရာမှာ ငါတို့ အချင်းချင်း တွေ့ခဲ့ကြတာမှတ်မိလား? ငါ မင်းကို နှုတ်ဆက်ခဲ့ပေမယ့် မင်းကဘာမှ ပြန်မပြောဘူးလေ... မင်းမှတ်မိလား?" သူကကျောက်တုံးလမ်းကို ညွှန်ပြလိုက်သည်။

"ဟမ်?" ဖန်ယင်းယင်း သူမရှင်းပြတော့မည့်ဟန်ဖြင့် ခေါင်းကို မော့လိုက်သည်။ "ကျွန်မ တမင်မဖြေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး..."

"မင်း...အရင်တုန်းက ငါ့ကို သိလား"

ဖန်ယင်းယင်းသည် မျက်လုံးမှိတ်ချလိုက်ပြီး သူမ၏အကြည့်သည် ဖန်ချန်းဆီ ပြန်မရောက်မီ ကျောက်တုံးလမ်းဆီသို့ ရွေ့သွားခဲ့သည်။ "မရင်းနှီး‌ပေမယ့် ရှင့်နာမည်ကိုတော့ သိတယ်"

ဖန်ချန်းက ဆက်မေးသည်။ "အဲဒါကလွဲရင် တခြားဘာမှ မရှိဘူးလား?"

ဖန်ယင်းယင်းသည် သူမကိုသူမ မှတ်မိအောင် အစွမ်းကုန် ကြိုးစားနေပုံရပြီး သူမ၏ မျက်ခုံးများသည် တဖြည်းဖြည်း တွန့်လာသည်။ "တောင်းပန်ပါတယ် ကျွန်မ..."

ဖန်ချန်း၏ မျက်နှာသည် သိသိသာသာ ညှိုးနွမ်းသွားတာကိုမြင်လိုက်ရတော့ ကောင်မလေးက "ကျွန်မပြောတာ မှားသွားလို့လား? တောင်းပန်ပါတယ်.... အရင်က တခြားသူတွေနဲ့ သိပ်မဆက်ဆံဘူးတော့ ဒါကြောင့်... စကားသိပ်မပြောတတ်လို့ပါ..."

ဖန်ချန်းက အမြန်ခေါင်းကို ခါယမ်းလိုက်ပြီး "မဟုတ်ဘူး...မင်းကြောင့် မဟုတ်ပါဘူး...အဲဒါငါ့ရဲ့ သီးသန့်ကိစ္စကြောင့်ပါ"

သူ ခန္ဓာကိုယ်လှည့်လိုက်ပြီး ရပ်ကွက်ကို စူးစမ်းလိုက်သည်။ ရှေ့တည့်တည့်လမ်းလျှောက်ရင် ငါးမရှိတဲ့ကန်ဆီ ဦးတည်သွားမယ်ဆိုတာ သူသိသည်။ ဘယ်ဘက်အကွေ့မှာတော့ ညဘက်မှာ သီချင်းဖွင့်ပြီး ရေပန်းရှိတဲ့ ဗဟိုစမ်းရေတွင်းနဲ့ ပန်းခြံတစ်ခုရောက်သွားလိမ့်မယ်... ဒါပေမယ့် သူအရင်က အဲဒီနေရာတွေကို တကယ်ရောက်ဖူးရဲ့လား?သူ့မှတ်ဥာဏ်ထဲမှာတော့ သူက တစ်နေ့ပြီးတစ်နေ့ တခြားနေရာကို လှည့်မကြည့်ဘဲ အလုပ်ကနေ အိမ်ကို တည့်တည့်သွားနေကြ အရင်က သူအဲဒီကိုသွားဖူးခဲ့ရဲ့လား? ဒါပေမယ့်လည်း သူ့ အတိတ်ကို လုံးဝမမှတ်မိနိုင်တော့ချေ....

အရာအားလုံးသည် ထိုနေ့မှစတင်ခဲ့သည်သာ.....