Chapter 5
Viewers 174

Ch5 - လက်တွေ့ဘဝ




ဖန်ချန်း၏ မှတ်ဉာဏ်သည် ရှေ့နောက်မညီနေတာမျိုးမဟုတ်သလို အလုံးစုံကွက်လပ်လိုဖြစ်နေတာမျိုးလည်းမဟုတ်ပေ... ဒါပေမယ့် အရာအားလုံးက အကြောင်းအရာတစ်ခုထဲကိုသာတူညီစွာရှိနေလေသည်။ သူမှတ်မိသမျှမှာ သူသည် အလုပ်သွားရမှာဖြစ်ပြီး နောက်ကျလို့မရပေ....



မရေမတွက်နိုင်သော အစိတ်စိတ်အမွှာမွှာ မှတ်ဉာဏ်အပိုင်းအစအချို့သည် သူ့စိတ်ထဲမှာ ရှိနေသေးသည်။ ရံဖန်ရံခါတွင် သူသည် အရာတော်တော်များများက်ု ပြန်မှတ်မိနိုင်သော်လည်း တစ်ခါတစ်ရံတွင်မူ ဘာမှမမှတ်မိနိုင်ပေ။



ယုံလို့ရတဲ့လူမရှိတာကြောင့် ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူ့ကိုမျှ မပြောနိုင်ပေ။ ပတ်ဝန်းကျင်ရှိလူတိုင်းအပေါ် သံသယရှိသည့်စိတ်သည် သူ့ အမြင်အာရုံကို ဖုံးလွှမ်းနေသည်။



ဆေးရုံသို့ သွားလိုက်တာက ပိုကောင်းမည်ဟု စဉ်းစားလိုက်သည်။ဖန်ချန်း အလုပ်ပြီးသောအခါ ရင်းနှီးသောကတ္တရာလမ်းအတိုင်း လျှောက်လာရင်း တစ်ခုခုမှားနေလားဟု မေးခွန်းထုတ်ခဲ့မိသည်။ သူ့စိတ်နဲ့တော့ မကြာသေးမီက သူသတိလစ်ဟင်းနေခဲ့တာပဲ....



အများအားဖြင့် စည်ကားသောလမ်းသည် ယခုအခါ လူအနည်းငယ်သာရှိသဖြင့် ထူးထူးခြားခြား ခြောက်ကပ်နေပုံရသည်။ ဖန်ချန်းသည် ထူးဆန်းသလို ခံစားရသော်လည်း အတည်ပြုရန် တုံ့ဆိုင်းနေပြီး သူ့ကိုယ်ပိုင်မှတ်ဉာဏ်နှင့် ပတ်သက်ကာ သံသယများ ရှိလာသည်။



ခပ်ဆိတ်ဆိတ် လမ်းမပေါ်တွင် ရုတ်တရက်စက်ဘီးတစ်စီးသည် ခေါင်းလောင်းတီးပြီး သူ့ဘေးကဖြစ်သွားသည်။ စက်ဘီးကဘီးများသည် လူသွားလမ်းပေါ် လှိမ့်သွားပြီး ကြည်လင်သော ခေါင်းလောင်းသံက သူ့နားထဲပဲ့တင်သံထပ်သွားသည်။ ဖန်ချန်းက နောက်ပြန်လှည့်မကြည့်ဘဲ ဆက်လျှောက်သွားလိုက်သည်။



လမ်းထောင့်တစ်ခုကို ကွေ့ပြီး လမ်းဖြတ်ကူးပြီးတာနဲ့ တိုက်ခန်းကို ရောက်မှာဖြစ်သည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်သည်နှင့် သူ အိမ်ပြန်ရောက်တော့မည်သာ...



ဖန်ချန်း ရုတ်တရက် လမ်းထောင့်မှာ ရပ်လိုက်မိသည်။



သွေး....သွေးတွေ ထပ်တွေ့ပြန်ပြီ....!



ခြောက်သွေ့ပြီး ပျစ်‌ခဲနေသော သွေး၊ အမဲနဲ့အနီရင့်ရောင်ရောထားတဲ့ အကွက်ကြီးများသည် ပြန့်ကျဲနေကာ ဟိုနေ့ အိမ်မက်ထဲက သွေးများကိုဖန်ချန်းအမှတ်ရမိသွားသည်— သူ့ဘေးနားက အရာအားလုံးတဖြည်းဖြည်းချင်း ရွေ့လျား လှည့်ပတ်နေသည်များက ဝါးတားသွားသည်။ သူနဲ့ မနီးမဝေးရှိ လမ်းပေါ်တွင် လူနှစ်ယောက် လဲကျနေပြီး အဖြူရောင် ကိုယ်ပိုင်ကားတစ်စီးလည်းရှိလေသည်။



ဖန်ချန်းသည် ယခု မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေတဲ့ နှစ်ယောက်သည် ပထမထပ်မှ ဝူစုံတွဲဆိုတာကို ချက်ချင်းမှတ်မိလိုက်သည် ။ သူ့ရဲ့မျက်လုံးများက မစ္စစ်ဝူသည်လစ်ဟင်းနေသော အကြည့်များနဲ့ ပါးစပ်ပွင့်လျက်သားရှိနေကာ.. နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေသည်ကို မြင်မိလိုက်သည်။ သူမ၏ မျက်လုံးထောင့်များမှာလည်း သွေးများ စီးကျနေကာ မျက်လုံးတစ်ဖက်မှာ အနီရောင် အရောင်ဖျော့ရှိနေလေသည်။ သူမမျက်နှာပေါ်တွင် ထူးခြားသောအမူအရာရှိနေသည်။ သူမပါးစပ်ပုံစံကို ကြည့်ရတာ အကူညီတောင်းနေတဲ့ပုံမျိုးပင်...



ဖန်ချန်းသည် ပူလောင်နေသော ကတ္တရာပေါ်တွင် မှောက်လျက် လဲကျနေသော မစ္စတာ ဝူ ၏ မျက်နှာကို မမြင်ရဘဲ သူ့ကျောပေါ်မှ သွေးများသည် လည်ချောင်းအထိစီးကာ ကျနေသည်ကိုမြင်နေရသည်။



ရုတ်တရက် ပုံရိပ်များသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ဆူညံသံများ ထွက်ပေါ်လာကာ နာကျင်မှုတစ်ခုသည် ဖန်ချန်းရဲ့ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်- ကားဟွန်းတီးသံများ.... ဘရိတ်အုပ်သံများ... သွေးများ... နာကျင်ခြင်းများ အပူတပြင်း အသံဗလံနှင့် ခြောက်သွေ့သော အော်ဟစ်သံများ... ထို့နောက်တွင် အဆုံးမရှိသော စိတ်ပျက်အားငယ်မှု ခံစားချက်က သူ့ကို လွှမ်းခြုံသွားခဲ့သည်။



သူ့တစ်ကိုယ်နာကျင်လွန်းသဖြင့် ဒူးထောက်လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ စိတ်တည်ငြိမ်မှု အနည်းငယ်ပြန်ရလာသောအခါ၌ သူ့ကိုယ်သူ ငိုနေမှန်း သိလိုက်ရသည်။ သူ့ရင်ဘတ်ကို လက်တစ်စုံက ပြင်းပြင်းထန်ထန် ဖိထားသလို ခံစားလိုက်ရပြီး အသက်ရှုတိုင်း ရုန်းကန်နေရသည်။



သူ့ခေါင်းကို နောက်တစ်ကြိမ် မော့လိုက်သောအခါတွင် မစ္စဝူရဲ့ မျက်လုံးနီနီများက သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေကာ နာကျင်ခြင်းများဖြင့် ပြူးကျယ်လာပြီး မကြာမီ သေတော့မည်ကို ကြောက်နေသည့်ပုံစံရှိနေသည်။ သူမက ဖန်ချန်းကို ဘာကြောင့် လာမကယ်ရတာလဲလို့ တိတ်တဆိတ် မေးနေပုံမျိုးပင်.... သူမ အသက်ရှင်ချင်ချင်နေသည်... ကယ်တင်ခြင်းကို လိုချင်နေသည်။ ဒါပေမယ့် သူမပါးစပ်ဖွင့်လိုက်သည်နှင့်အမျှ သွေးများထွက်လာကာ တစ်ယောက်ယောက်က သူမလည်ချောင်းကို သံချေးတက်နေတဲ့ သံပိုက်နဲ့ထိုးထားသလိုမျိုး ကြောက်မက်ဖွယ်ရာ သွေးနှင့် အသားများစုတ်ပြဲနေတာကိုတွေ့နေရသည်။



ဖန်ချန်းသည် သူ့လည်ချောင်းများလည်းနာကျင်လာသည်ကို အမှန်တကယ်ခံစားလိုက်ရသည်။ သူ့လည်ပင်းကို ဆုပ်ကိုင်ထားလိုက်ပြီး ခြောက်သွေ့စွာ ချောင်းဆိုးလိုက်သည်။ သူထပ်ကြည့်လိုက်ရာ မစ္စဝူ၏ ခြေထောက်များမှာ ချွန်ထက်သော အရာဝတ္ထုအချို့ဖြင့် ထိုးဖောက်ခံထားရပုံပေါ်နေပြီး သွေးများဖုံးလွှမ်းနေသည့် ပြဲထွက်နေတဲ့အသားများကို မြင်ရနေသည်။ အဖြူရောင်ကိုယ်ပိုင်ကား၏ နံပါတ်ပြားပေါ်တွင် သွေးစွန်းနေတဲ့ အသားစတစ်ပိုင်းကို သူမြင်လိုက်ရသည်။



ပတ်ဝန်းကျင်တွင် လူတစ်ဦးတစ်ယောက်မျှ မရှိနေချေ... ဒီလင်မယားနှစ်ယောက် သေနေပြီလား?



သူတို့သေတာ ဘယ်လောက်ကြာပြီလဲ? ရဲတွေဘာလို့မလာသေးတာလဲ? ဘာလို့ဘယ်သူကမှ ဆေးရုံကားမခေါ်ကြတာလဲ?



ဖန်ချန်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းဟာ ထိပ်လန့်မှု နာကျင်မှုတွေနဲ့ တဆတ်ဆတ်တုန်ခါနေပြီး သူ့အရိုးတွေဟာ တစ်ခုခုနဲ့ ချေမွခံလိုက်ရသလိုပင်ဖြစ်နေသည်။ သူ့မျက်နှာပေါ်ကို မျက်ရည်များလည်း အဆက်မပြတ် စီးကျလာခဲ့သည်။ နာကျင်ကိုက်ခဲမှုနှင့် နားမလည်နိုင်သော ဝမ်းနည်းမှုတို့ကြောင့် နားမလည်နိုင်အောင်ငိုကျွေးနေမိသည်။ ရဲကိုဖုန်းဆက်ချင်ပေမယ့် သူ့အိတ်ကပ်ထဲကဖုန်းကိုယူဖို့ လက်ကိုတောင်မမြှောက်နိုင်တော့ချေ။



ဖန်ချန်းသည် သေဆုံးသွားသော ဇနီးမောင်နှံနှင့် ဆယ်မီတာသာဝေးသော လမ်းဘေးအစွန်းတွင် ဒူးထောက်ကာထိုင်နေမိသည်။



အချိန်အတော်ကြာပြီးနောက် ဖန်ချန်းသည် ခက်ခက်ခဲခဲ မတ်တပ်ရပ်နိုင်ခဲ့သည်။ ကိုယ်ပိုင်ကားထဲတွင် မည်သူမျှမရှိနေကာ ကားတံခါးနှစ်ဘက်လုံးဟာလည်း လုံခြုံစွာပိတ်လျက်သားရှိနေသည်။



...တိုက်ပြီး ထွက်ပြေးသွားတာလား?



ဖန်ချန်း၏လက်များသည် တုန်ရီနေပြီး ခေါင်းငုံ့ကာ ဖုန်းပေါ်တွင် နံပါတ် "1" ကို နှိပ်လိုက်သည်။ ရုတ်တရက် သူ့လက်ကောက်ကို အေးစက်နေသော အရာတစ်ခုက ဖုံးလွှမ်းသွားသလိုခံစားလိုက်ရသည်။



"ဖန်ချန်း...."



တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည်.....



ဖန်းချန်းက သူ့အလိုလို ခေါင်းကို လှည့်လိုက်မိသော်လည်း သူ့နောက်မှာ ဘာကိုမှ ရှာမတွေ့ချေ... ထို့နောက် ခေါင်းကိုလှည့်လိုက်သည်နှင့်.....တမဟုတ်ချင်း အရာအားလုံး ပျောက်ကွယ်သွားခဲ့သည် ။



ဖန်ချန်းသည် လူကူးလမ်း မီးနီနေသည်ကိုပင် သတိမထားမိဘဲ လမ်းအမြန်ဖြတ်ကူးလိုက်သည်။ မော်တော်ကားများက ကျယ်လောင်စွာ ဟွန်းတီးလာကြသော်လည်း သူကတော့ ဘာမှမကြားရပုံပေါ်နေသည်။



သူ့မှာ အတွေးတစ်ခုပဲရှိသည်... တတ်နိုင်သမျှ မြန်မြန် အိမ်ပြန်ရမယ်!! အိမ်ရောက်တာနဲ့ အရာအားလုံးဘေးကင်းသွားလိမ့်မယ်!!!



တိုက်ခန်းတွဲထဲ ဝင်လာတော့ ထုံးစံအတိုင်း အောက်ထပ်က တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေခဲ့သည်။ အရိပ်ထဲတွင် မည်သူမျှ ထိုင်ကာ မြူးမြူးကြွကြွ စကားမပြောနေခဲ့ကြပေ။ အရာအားလုံးက အရမ်းငြိမ်သက်နေခဲ့တယ်။ မစ္စဝူရှိတဲ့အချိန်တုန်းကသာ ထိုနေရာသည် အသက်ရှိနေခဲ့ပုံရသည်။



နေရောင်ခြည်သည် သစ်ပင်၏အရွက်များကြားတွင် တဖျပ်ဖျပ်ကခုန်နေဟန်ရှိနေသည်။ ဖန်ချန်းသည် သူ့ရဲ့ ဦးရေများပြား ထုံကျင်နေသည်ကိုပင် ခံစားနေရပြီး ကော်ရစ်ဒါထဲကို အမြန် ပြေးသွားခဲ့လိုက်သည်။ အေးစက်သောလက်တစ်စုံက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ထိပ်လန့်နေမှုကနေအမြန်ဆွဲထုတ်လိုက်သည်။



"အာ....."ဆိုပြီး မိန်းမပျိုငယ်လေးရဲ့အသံကြားလိုက်ရပြီး လှည့်ကြည့်လိုက်ရာ ဖန်ယင်းယင်းဖြစ်နေကြောင်းတွေ့လိုက်ရသည်။



"...တောင်းပန်ပါတယ်...ကိစ္စတစ်ခုခုရှိလို့လား?" သူကမေးလိုက်သည်။



ဖန်ယင်းယင်းက ခေါင်းခါပြလာပြီး "ရှင် ဘာဖြစ်နေတာလဲ" လို့မေးလာသည်။



"ဘာမှ...." ဖန်ချန်းသည် သွေးအိုင်ထဲတွင် လဲလျောင်းနေသော ဝူလင်မယားကို တွေးလိုက်မိကာ မအီမသာဖြစ်သွားတာကိုခံစားလိုက်ရသည်။ "...ဘာမှမဖြစ်ပါဘူး..." ဒါတွေအားလုံးက သူ့ထင်ယောင်ထင်မှားတွေပဲ...ဟုတ်တယ်!! ဒါတွေက... သူ့ရဲ့ ထင်ယောင်ထင်မှား တွေပဲ ဟုတ်တယ်မလား?



ဖန်ယင်းယင်းရဲ့ မျက်လုံးများသည် တုံ့ဆိုင်းသွားသကဲ့သို့ လှုပ်ခပ်သွားသော်လည်း နောက်ဆုံးတွင် သူမ ဘာမှ မပြောတော့ချေ။



 ဖန်ချန်း အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ခဏလောက်ထိုင်လိုက်သည်။ သူတကယ်ကို စိတ်ပညာရှင်နဲ့ တွေ့သင့်တယ်လို့ထင်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် သံသယဖြစ်စရာကောင်းလွန်းသဖြင့် လက်တွေ့လား ထင်ယောင်ထင်မှားဖြစ်ခြင်းလားဆိုတာ ခွဲခြားလို့မရပေ။



သူဘာကြောင့် ရုတ်တရက် မှတ်ဥာဏ်တွေပျောက်သွားရတာလဲ? ဖန်ချန်း သူ့ရဲ့ဖုန်းထဲက လွတ်နေတဲ့ အဆက်အသွယ်စာရင်းကို စိုက်ကြည့်လိုက်ပြီး သူ့လက်ချောင်းများ ဖုန်းကီးဘုတ်ပေါ် တန့်နေသည်။



"ဖန်ချန်း"



သူ အိပ်မက်ထပ်မက်နေပြန်ပြီလား....?



အိပ်မက်ထဲမှာ တစ်ယောက်ယောက်က သူ့နာမည်ကို ခေါ်နေသည်...



ဖန်ချန်းက လန့်ဖျပ်စွာ နိုးလာခဲ့သည်။ ညအမှောင်က အခန်းတစ်ခန်းလုံးကို အုပ်စိုးထားပြီး အမှောင်ထုကြားတွင် တစ်စုံတစ်ယောက်သည် ပြတင်းပေါက်နားမှာ ရပ်နေလေသည်။



အစကတော့ ဒါက အိပ်မက်လား လက်တွေ့လားဆိုတာ သူ မခွဲခြားနိုင်ခဲ့ပေ။ ရေချိုးခန်းသုံးဖို့ စဉ်းစားလိုက်ရင်း စောင်ကို မြှောက်လိုက်ကာ ခြေထောက်တွေကို ကုတင်ဘေးမှာ တွဲလောင်းချ ထိုင်လိုက်သည်။ ပြတင်းပေါက်မှလေပြေလေညင်းတိုက်ခတ်လာပြီး ကန့်လန်ကာက ရုတ်တရက် လွင့်တက်သွားပြီး ပြတင်းပေါက်နားရှိတစ်ဖက်လူရဲ့ ပြီးပြည့်စုံသည့် နူးညံ့သိမ်မွေ့သော ညှပ်ရိုးနဲ့ လည်ပင်းကို ပေါ်လွင်စေသည်။





သူရုတ်တရက် လေးနက်သွားသည်။ ဒါက အိပ်မက်တစ်ခု မဟုတ်နေဘူး!!



"ဖန်ချန်း?" ထိုလူက သူ့ကို စိတ်ရှုပ်ထွေးစေသော အသံဖြင့် ထပ်ခေါ်လာသည်။



ဖန်ချန်းသည် မလှုပ်ဝံ့ဘဲ တောင့်တောင့်ကြီး ထိုင်နေမိသည်။



လရောင်က မှိန်လွန်းလှသည်။ဖန်ချန်း ထိုလူရဲ့မျက်နှာကို မမြင်နိုင်ဘဲ ချောမွေ့ခြင်းကင်းနေပြီး အနီရောင် ကြွက်သားများနှင့်အောက်ဘက်တွင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲနေသည့် အရေပြားအနည်းငယ်သာမြင်နေရသည်။ အရေပြားပေါ်တွင် လတ်ဆတ်သောအနီရောင် သွေးများပြန့်ကျဲနေသည့် အကွက်အနည်းငယ်လည်းရှိနေသေးသည်။



ထိုလူသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ဖန်ချန်းအနားတွင် ရပ်လာသည်။ ဖန်ချန်းသည် ခြစ်ရာများနဲ့ အသားတွေဆွေးမြေ့နေကာ ပျက်စီးနေသော လက်ချောင်းများကို မြင်လိုက်ရသည်။အသားများသည် အရည်ပျော်ကျမတတ် ပုပ်နေပြီးသူ့ခြေထောက်ပေါ်ကို ပြုတ်ကျလုနီးဖြစ်နေသည်။ ထိုလက်များသည် သူ့ပါးပြင်များဆီသို့ တဖြေးဖြေးချင်းချဉ်းကပ်လာကာ မျှော်လင့်ထားသလိုပဲ စူးစူးရှရှအနံ့ဆိုးများနှင့် အအေးဒဏ်ကို ခံစားလိုက်ရသည်။



သူ့မျက်လုံးထဲကနေ မျက်ရည်များ ရုတ်ချည်း လျှံကျလာကာ ဖန်ချန်း ဘာသံမှ မထွက်ဝံ့ပေ...



သူ့တစ်ကိုယ်လုံး တုန်နေမိသည်။



ထိုလူ၏လက်သည် လုံးဝယိုယွင်းပျက်စီးနေပြီး ဖြူဖွေးသောအရိုးများပင် ပေါ်လွင်နေသည်။



 ဖန်ချန်းခံစားရသော တစ်ခုတည်းသော ခံစားမှုမှာ မာကျောကာ ငေါငေါထွက်နေတဲ့အရိုးများ နဲ့ ဆွေးမြေ့နေတဲ့ အသားများရဲ့ ပျော့ပျောင်းခြင်းမဟုတ်ဘဲ ထိုလူ့လက်ဖဝါးရဲ့ အေးခဲသော အထိအတွေ့သာ ဖြစ်သည်။



မူးမေ့လဲလုနီးပါး ခံစားနေရချိန်မှာပဲ ထိုလူက ရုတ်တရက် စကားပြောလာသည်။ သူ့ရဲ့ အသံသည် နက်ရှိုင်းနေပြီး ဖန်ချန်းဘဝတွင် ကြားဖူးသမျှ အသံအားလုံး ယောက်ျား၊ မိန်းမနှင့် တိရိစ္ဆာန်များ၏ အော်ဟစ်သံများရောနှောနေဟန်ဖြစ်နေသည်။ သေချာပေါက် ယောက်ျားအသံဖြစ်သည်ကို သူသိသော်လည်း အသံများသည် ခွဲခြားမရစွာ ရှုပ်ထွေး နေပြီးပေါင်းစပ်ထားသည်။



အဲဒီလူက သူ့အနားကို မှီလာပြီး "ကိုယ် မင်းအနားမှာ အမြဲရှိနေမှာပါ..." လို့ ပြောလာသည်။



မဟုတ်ဘူး...



ဖန်ချန်းရဲ့ လည်ချောင်းသည် ပိတ်ဆို့နေပြီး အသံမထွက်နိုင်သလို ခံစားလိုက်ရသည်။ သူ့အသိစိတ်သည် နက်နဲပြီး နက်မှောင်သော ရေတွင်းထဲသို့ တစ်ဖန်ပြန်ကျသွားပြန်သည်။ မောပန်းနွမ်းနယ်နေလာပြီး တစ်ဖန် လျင်မြန်စွာ အိပ်ပျော်သွားလေသည်။



လရောင်က အခန်းကို ဖြန့်ကျက်ပေးနေပြီး အထီးကျန်ညကို အလှဆင်ပေးနေသည်။ ကုတင်းဘေးကဖန်ခွက်တွင်မူ တစ်ကိုယ်လုံး ယိုယွင်းပျက်စီးနေသော လူတစ်ဦးမှ နူးညံ့သိမ်မွေ့စွာ ဖက်တွယ်ထားတာကိုခံနေရသည့် ဖန်ချန်းရဲ့ရုပ်သွင်က ရောင်ပြန်ဟပ်နေတော့သည်။



********