Chapter 6
Viewers 171

Ch6 - အမှန်တရားလား လှည့်စားမှုပေလား?




တစ်ဖန် ဖန်ချန်းသည် နို့နှစ်ရောင်ပန်းပွင့်များဖြင့် အလှဆင်ထားသည့် နေရာတစ်ခုကိုရောက်သွားပြန်သည်။ အကန့်အသတ်မရှိသော အဖြူရောင်ပန်းများသည် မိုးရေများကို လွှမ်းခြုံထားပြီး ရနံ့မရှိပေ။ ဖန်ချန်းသည် ဘယ်ရောက်နေမှန်းမသိဘဲ ဦးတည်ရာမရှိ မသေချာမရေရာစွာ ရှေ့သို့ ဆက်လက် သွားခဲ့လိုက်သည်။



တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ရနံ့ကင်းစင်နေသော ဤနေရာတွင် ပန်းပွင့်များက သူ့ပေါ်ကျလာကြသော်လည်း ထိတွေ့ခံစားနိုင်မှု တစ်စုံတစ်ရာမရှိချေ။ ရုတ်တရက် မြေပြင်ပေါ်၌ ကြွေကျနေသော အဖြူရောင် ပွင့်ချပ်များသည် သွေးများ စိမ့်ထွက်လာကြပြီးတဖြည်းဖြည်း ပတ်ဝန်းကျင်ကို ကြက်သွေးရောင် ခြယ်မှုန်းလာလေတော့သည်။



 ဖန်ချန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို မော့လိုက် လမ်းလယ်၌ လဲလျောင်းနေကြသည့် ဝူလင်မယားကို ထပ်မံမြင်တွေ့လိုက်ရသည်။အမျိုးသမီးဝူ သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက်ရှိနေကာ မျက်လုံးများပြူးကျယ်နေပြီး ပါးစပ်မှ သွေးများ ဆက်လက်စီးကျနေသည်...။



သူ့နားထဲတွင် ချက်ချင်းပင် ဆူညံသံများ ပြည့်နှက်သွားသည်။ လူတစ်ချို့က လမ်းလျှောက်လာကြ၍ ကားတွေကလည်း ဖြတ်မောင်းသွားကြရင်း လူတိုင်းက လဲကျနေတဲ့ သူတို့နှစ်ယောက်ကို ငေးကြည့်လိုက်ကြကာ ရှေ့ကို ဖြတ်ကျော်သွားပြီး သက်ဆိုင်ရာ ပန်းတိုင်ဆီ ဦးတည်သွားကြတော့သည်။



လမ်းပေါ်တွင် ဖြတ်သွားသည့်စုံတွဲတစ်တွဲသည် မည်သည့်စားသောက်ဆိုင်၌ စားရန်ကို ဆွေးနွေးနေကြဆဲကာ... အဘွားကြီးတစ်ဦးသည် သူ့မြေးနဲ့အတူ လမ်းလျှောက်လာသည် ... ပတ်ဝန်းကျင်သည် ထူးထူးခြားခြား အသက်ဝင်နေသော်လည်း မြေပြင်၌မူလင်မယားနှစ်ယောက်စလုံး သေမင်းကို ပွေ့ဖက်ထားကြရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေကြရသည်။



ဖန်ချန်ူသည် ထိတ်လန့်နေသင့်သော်လည်း သူ့သွေးများကအေးစက်သွားသလိုမျိုး မလှုပ်မယှက် ရပ်နေမိသည်။ တိုးတိုးတိတ်တိတ် သက်ပြင်းချသံက သူ့နားကိုဝင်ရောက်လာပြီး ခံစားချက်များနဲ့ အိမ်မက်က တဖြေးဖြေးပျောက်ကွယ်လာတော့သည်။



*************



ဖန်ချန်း ဒီနေ့ ခါတိုင်းထက်စောပြီး နိုးနေလေသည်။



သူ မနေ့ညက ပြတင်းပေါက်တွေကိုပိတ်ထားပြီး ကန့်လန့်ကာတွေကို တင်းတင်းကျပ်ကျပ်ဆွဲထားတာကြောင့် တိုက်ခန်းအတွင်း တင်းမာတဲ့လေထုကို ဖြစ်ပေါ်နေစေသည်။



သူ့စိတ်တွေက မကောင်းနေပေ... သူတကယ်ကို ဆရာဝန်ပြသင့်ပေမယ့်ဖြစ်ကောင်းဖြစ်နိုင်တာက... သူညင်သာစွာ အသက်ရှူထုတ်လိုက်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက....ရူးသွပ်နေတာက သူမဟုတ်ဘဲနဲ့ အဲဒီအစား ဒီရပ်ကွက်က တစ်ခုခုမှားနေတာဆိုရင်ရော?



ဖန်ချန်းသည် ဖုန်းကိုယူကာ လွတ်နေသော အဆက်အသွယ်စာရင်းကို ကြည့်လိုက်ပြီး ဖန်းမျက်နှာပြင်ကို အင်အားအနည်းငယ်ဖြင့် ညင်သာစွာ ဖိလိုက်ရာ သူ့လက်မသည် ဖြူဖွေးလာခဲ့သည်။ ထို့နောက် ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်နှစ်ဖက်ကြားတွင် မြှုပ်ထားလိုက်သည်။ ဒီရပ်ကွက်က တစ်ခုခုမှားနေမည့်အစား သူသည် ရူးသွပ်သူဖြစ်လိုက်ရန်ကိုသာ လိုလားသည်။



အပြင်သို့ထွက်ကာ လှေကားဘက်သို့ အလိုလိုသွားမိလိုက်ကာ ခြေလှမ်းအနည်းငယ် ဆင်းလိုက်ပြီးနောက် ဓါတ်လှေကားကို ထပ်မသုံးတော့သည်ကို သတိထားမိလိုက်သည်။ ဒုတိယထပ်သို့ရောက်သောအခါတွင် ကြောင်အော်သံကိုကြားရပြီး မျှော်ကြည့်လိုက်တော့ ခပ်ပွပွအလုံးလေးတစ်ခုကို ဝါးတားတားမြင်လိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးခုန်နှုန်း စောင့်ခုန်သွားသည်။



***************

ဖန်ချန်းသည် ကုသမှုခံယူရန် ဆေးရုံသို့လာခဲ့ပြီး စာရင်းသွင်းနေချိန်တွင် မမျှော်လင့်ဘဲ တစ်ထပ်ထဲတွင်နေထိုင်သော ရှဲ့ယင်း နှင့် တွေ့လိုက်ရသည်။



ရှဲ့ယင်းသည် တောက်ပပြီး စတိုင်ကျသော အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူမက ပီကေကိုဝါးနေပြီး ဖန်ချန်းအား သတိပြုမိသွားသောအခါ၌လက်ကို ဝှေ့ယမ်းပြလာသည်။



"...တိုက်ဆိုင်လိုက်တာ" ဖန်ချန်းသည် အကြာကြီး တုံ့ဆိုင်းနေပြီးမှသာ ဤစကားလုံးသုံးလုံးကို ထုတ်ပြောနိုင်ခဲ့သည်။



ရှဲ့ယင်း သည် မျက်ခုံးပင့်ကာ ခေါင်းကို စောင်းပြီးသူ့ကို စေ့စေ့ကြည့်လာသည်။ "တကယ်ပဲ တိုက်ဆိုင်လိုက်တာ... ရှင်လည်းပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်နေတာလား"



ဖန်ချန်း : "..."



ရှဲ့ယင်းက သူ့ပခုံးကို ပုတ်လိုက်ပြီး "ဘာလို့ ချီတုံချတုံနဲ့ ကြောက်နေရတာလဲ"



ဖန်ချန်းသည် တစ်စက္ကန့်မျှ မှင်တက်သွားမိသည်။



ရုတ်တရက် နပ်စ်မက သူ့နံပါတ်ကို ခေါ်လာခဲ့တာကြောင့် ရှဲ့ယင်းက "ရှင့်ကိုခေါ်နေတယ် မြန်မြန်သွားတော့" ဟုပြောကာ နှုတ်ဆက်လိုက်တော့သည်။



ဆေးရုံမှထွက်လာပြီးနောက် ဖန်ချန်း၏ စိတ်အခြေအနေသည် လုံးဝမသက်သာတော့ပေ။ း ဆရာဝန်က မေးခွန်းအရှည်ကြီးတွေကိုမေးခဲ့ကာ သူကလည်း အများကြီးပြောပြခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဝန်က သူ့အိပ်ချိန်ကို ပိုအာရုံစိုက်ဖို့သာ ပြောခဲ့သည်။



ဒါက...တကယ်ပဲ ဒီအတိုင်း ရိုးရိုးရှင်းရှင်းပဲလား?



ဆရာဝန်မေးသောမေးခွန်းများကို သူ မမှတ်မိတော့ကာ ဆရာဝန်ရဲ့ အေးခဲနေတဲ့အကြည့်နှင့် အသံကိုသာ မှတ်မိနေတော့သည်။ ထို့နောက် အိပ်မက်ထဲမှ တစ်ကိုယ်လုံး ယိုယွင်းပျက်စီးနေပြီး သူ့ကို တုန်လှုပ်သွားစေသည့် ယောက်ျားအကြောင်းကို သူတွေးလိုက်မိသည်။



မွန်းတည့်ချိန်၌ တိုက်ခန်းကို ပြန်ရောက်ခဲ့ပြီး အရင်ကလိုပဲ အောက်ထပ်မှာ လူတစ်ဉီးမှ မရှိတော့ချေ။ ဖန်ချန်းသည် တစ်ခါမှ ဤမျှလောက်စိတ်ပျက်အားငယ်မှု မခံစားခဲ့ဖူးချေ။ သူသည် မစ္စဝူထံ ပြေးသွားချင်မိသည်...သူကြုံတွေ့နေသမျှအရာများအားလုံးသည် လှည့်စားမှုများသက်သက်သာဖြစ်ပြီး လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း စိတ်ချနိုင်ဖို့ မျှော်လင့်မိသည်...



ကော်ရစ်ဒါတွင် ခေါင်းလောင်းသံ 'ကလင်' က ပဲ့တင်ထပ်သွားသည်။ ဖန်ချန်းသည် လှေကားထစ်ရဲ့ တစ်ခုမှာ အဖြူအမည်းစပ်ကြောင်တစ်ကောင် ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်း၏ဘယ်ဘက်မျက်လုံးသည် အနက်ရောင်အမွေးများဖြင့် ဝန်းရံထားပြီး ၎င်း၏ညာဘက်မျက်လုံးတွင် အနက်တစ်ဝက်နှင့် အဖြူရောင်တစ်ဝက်အမွေးများရှိသည်။ သူသည် ဖန်ချန်းကို တိုက်ရိုက်ကြည့်နေကာ လူများကို မကြောက်ပုံရပြီး မျက်နှာကို ပွတ်သပ်ရန်ခြေထောက်ကို ပင့်တင်လိုက်သည်။



"ဟေး..ကလေးလေး လမ်းပျောက်နေတာလား?" ကော်ရစ်ဒါအလွတ်၌ သူ့စကားသံသည် ပဲ့တင်ထပ်သွားခဲ့သည်။ ဖန်ချန်းသည် ဒုတိယထပ်တွင် အိမ်မွေးတိရစ္ဆာန်မွေးသည့် မစ္စတာ ရွှီ ကို သတိရမိလိုက်ပြီး သူ့ခြေထောက်ကို အနည်းငယ်လှုပ်လိုက်သည်။



ကြောင်လေးသည် ခေါင်းမော့ကာ ခန္ဓာကိုယ်ကိုလှည့်ပြီး လှေကားပေါ် ခုန်တက်သွားသည်။



ဖန်ချန်း အနည်းငယ် စိတ်ပူသွားသည်။ လှေကားထစ်အပေါ်ကို လှမ်းကြည့်လိုက်တော့ ကြောင်လေးပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ အိမ်ပြန်တာဖြစ်နိုင်သည်။



သူခန္ဓာကိုယ်ကိုလှည့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ဖန်ယင်းယင်းက သူ့နောက်မှာ ပေါ်လာခဲ့သည်။



“ဘာလုပ်နေတာလဲ” 



"ကြောင်တစ်ကောင်ကို တွေ့လိုက်လို့ အပေါ်ထပ်က အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ကောင် ဖြစ်နိုင်တယ်"



"ကြောင်တစ်ကောင်လား?"



"ဟုတ်တယ်" ဖန်ချန်းက ခေတ္တရပ်လိုက်ပြီး "မသိဘူးလား?အပေါ်ထပ်က တစ်ယောက်က အိမ်မွေးတိရစ္ဆာန်တွေမွေးထားတယ်လေ"



ဖန်ယင်းယင်းက ခေါင်းခါလိုက်သည်။



"ထားပါတော့ ကြောင်တစ်ကောင်ပဲဟာ လမ်းလျှောက်ထွက်တာနေမယ်" ဖန်ချန်း မသေချာမရေရာ ပြောလိုက်သည် ။



ညနေပိုင်း၌လည်း အောက်ထပ်မှာ ဘယ်သူမှ မရှိသေးချေ။ ဖန်ချန်းသည် တည်ငြိမ်မှုကို ဆက်မထိန်းထားနိုင်တော့ပေ။



ပြီးတော့ သူ့စိတ်ကမငြိမ်မသက်ဖြစ်နေသည်... တိုက်ဆိုင်စွာပင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနဲ့ တိုးမိခဲ့သည်။



အန်တီဝူနဲ့ စကားစမြည်ပြောလေ့ရှိတဲ့သူပင်...သူမထိန်းနိုင်ဘဲ “အန်တီ...ခဏလောက်နေပါအုံးဗျ... ဒီနေ့ မစ္စဝူကို မတွေ့မိဘူးလားဗျ” ဟု မေးလိုက်သည်။



သက်လတ်ပိုင်းအမျိုးသမီးက ရပ်လိုက်ပြီး "ကောင်လေး ဘယ်သူအကြောင်းပြောနေတာလဲ?" လို့မေးလာသည်။



"အာ...ပထမထပ်မှာနေတဲ့သူလေ မနေ့ကတနေ့ကတင် အန်တီနဲ့စကားပြောနေသေးတယ်"



ရုတ်တရက်ဖန်းချန်းက ရှင်းပြလို့မရတဲ့ စိုးရိမ်စိတ်တစ်ခု ခံစားလိုက်ရသည်။



လူလတ်ပိုင်းအမျိုးသမီးက "တိုက်ခန်း 3 ထဲက တစ်ယောက်လား?"



"မဟုတ်ဘူး...သူက ကျွန်တော်တို့တို့ အဆောက်အဦးကပဲ တိုက်ခန်း ၁ ကလေ" သူ့အသက်ရှုများကျပ်လာသလိုပင် ခံစားလိုက်ရသည်။



"အန်တီတော့ သူ့ကိုတစ်ခါမှမတွေ့ဖူးဘူးရော ကောင်လေး မင်းလူမမှားတာသေချာရဲ့လား?" လူလတ်ပိုင်းအမျိုးသမီးက သူတို့အဆောက်အဦးကို လှမ်းကြည့်ပြီး "ပထမထပ်မှာ တစ်ယောက်ယောက်ထပ်ရှိသေးလို့လား ကောင်မလေးတစ်ယောက်ပဲရှိတယ်ဆိုတာ မှတ်မိပါတယ်"



ဖန်ချန်းသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရင်းနှီးနေသော မျက်နှာများစွာကို တွေ့ကာထပ်မေးလိုက်သည်။ သူတို့၏ တုံ့ပြန်မှုများသည် တသမတ်တည်းဖြစ်သည်- ပထမထပ်တွင်နေထိုင်သော သက်လတ်ပိုင်းစုံတွဲတစ်တွဲကို မည်သူမျှ မှတ်မိကြသူမရှိချေ...



ဒါတွေအားလုံးက သူ့ပြဿနာတွေပဲလား? ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်သမျှအားလုံးက သူ့စိတ်ကူးထဲက ထွက်လာတာလား?သူတို့လင်မယားနှစ်ယောက်က သူ့စိတ်ကူးယဉ်ပုံရိပ်တွေပဲလား?တဖြေးဖြေး မိုးချုပ်လာခဲ့ပြီး ဖန်ချန်းချွေးများရွှဲနေပြီဖြစ်ကာ သူ့လက်ချောင်းထိပ်များက အေးစက်နေတော့သည် ။ သူထိုင်ချလိုက်မိပြီး ပျို့တက်လာကာ အဆက်မပြတ် ခါးသီးသော အက်ဆစ်အရည်များကို အန်ထုတ်လိုက်သည်။



တစ်ယောက်ယောက်က သူ့ဆီ တစ်ရှူးတစ်ရှူး လာပေးခဲ့သည်။ သူလက်ခံပြီး ကျေးဇူးတင်လိုက်တယ်... သူကြည့်လိုက်တော့ တတိယထပ် လင်မယားနှစ်ယောက်ထဲက အမျိုးသမီး ဝမ်ဟွေ့ဝမ်ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူမက ပန်းသီးတစ်ထုပ်ကို သယ်ထားလျက်သူ့ဘေးနားရပ်လာခဲ့သည်။ "အဆင်ပြေရဲ့လား အပူရှပ်တာလား?"



"နည်းနည်း နေလို့မကောင်းတာပါ..." ဖန်းချန်၏ မျက်နှာသည် ဖြူဖျော့နေကာ သူ့မျက်လုံးများက မျက်ရည်များရစ်သိုင်းကာအလွှာတစ်ခုဖြင့် ရောင်ပြန်ဟပ်နေသည်။



ဝမ်ဟွေ့ဝမ်က သူ့ကို အကြာကြီး စိုက်ကြည့်လညပြီး ပန်းသီးတစ်လုံး ပေးလာသည်... "အပူလျော့ချဖို့ ပန်းသီးလိုချင်လား"



"ရပါတယ်မလိုတော့ဘူး ကျေးဇူးတင်ပါတယ်"



ဖန်ချန်း၏စိတ်များထွေပြားကာ ဝရုန်းသုန်းကား ဖြစ်နေသည်။ ဖန်ယင်းယင်းသည် သူမ၏ကိုယ်ပိုင်တိုက်ခန်းတံခါးဘေးတွင်ရပ်နေကာ သူမစိတ်ထဲတွင် စိုးရိမ်မှုအချို့ရှိနေပုံပေါ်သည်။ ဖန်ချန်း နဲ့ ဝမ်ဟွေ့ဝမ်တို့က သူမကို မနှုတ်ဆက်ဘဲ အဆောက်အဦးထဲကို ဝင်သွားတာကို မြင်လိုက်ရတော့ သူမ တံခါးကို မှီပြီး စိုက်ကြည့်နေရုံသာ ကျန်ခဲ့တော့သည်...။



ဝမ်ဟွေ့ဝမ်သည် ထိုအကြည့်အောက်တွင် စိတ်မသက်မသာ ခံစားရပြီး ခေါင်းကို လှည့်လိုက်တော့ ဖန်ချန်းရဲ့ ခေါင်းငုံ့ပြီး အတွေးများနေပုံကို တွေ့လိုက်ရသည်။ သူ့ဘေးဘက်မျက်နှာသည် ချောမောနေပြီး သူ့မျက်တောင်ရှည်ရှည်များနဲ့ မျက်လုံးအောက်က ထင်ရှားတဲ့ အမဲရောင်စက်ဝိုင်းတွေကို သတိထားမိလိုက်သည်။



ဖန်ချန်းအပေါ် ဝမ်ဟွေ့ဝမ်ရဲ့ပထမဆုံးအမြင်မှာ သူမနှင့် ကျန်းရွေ့ တို့သည် တံခါးဘောင်ကို မှီ၍ ပြင်းပြင်းထန်ထန် နမ်းရှုံ့ကြနေခဲ့တဲ့ တစ်ခုသောနေ့လည်ခင်းတွင် စတင်ခဲ့သည်။ ဖန်ချန်းက အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ သူမ စိတ်ထဲတွင် ထူးဆန်းသော အခိုက်အတန့်ကို ခံစားလိုက်ရသည်။ ဟုတ်တာပေါ့ ဒါက သူမရဲ့ နှလုံးသားက ဖန်ချန်း အတွက် ခံစားချက်ကို ရုတ်တရက် ရှိမိသွားတာတော့ မဟုတ်ဘူး။ ပြောရရင် အဲ့ဒီလူငယ်လေးနဲ့ တစ်ခါမှပင် နှုတ်မဆက်ဖူးပေ။ သူ့မှာဆွဲဆောင်မှုရှိတဲ့အသွင်အပြင်ရှိသော်လည်း ယခင်က ဖန်ချန်းအပေါ် သူမတွင် ဘာထင်မြင်ချက်မှမရှိခဲ့ဘဲ ရိုးရှင်းစွာပင်ဖြစ်သည်။ သူတို့ရဲ့နောက်ထပ်တွေ့ဆုံမှုကတော့ ဖန်ချန်းက သူ့နာမည်သိလားလို့ မေးဖို့ အစပြုလိုက်တာပင်...



*******



မနက်နှစ်နာရီဝန်းကျင်လောက်တွင် ကော်ရစ်ဒါတစ်လျှောက်မှာ ထူးဆန်းတဲ့အသံတွေ ပဲ့တင်ထပ်နေပြန်သည်- ကလေးလေးရဲ့ ရယ်မောသံနဲ့ ဆင်တူပေမယ့် "အား, အား" ဆိုပြီး ထပ်ခါထပ်ခါ အော်နေပြန်တဲ့အသံတွေလည်းရှိနေပြန်သည်။



အခန်းသည် အလွန်မှောင်နေပြီး ဖန်ချန်းသည် အိပ်မပျော်နိုင်ဘဲ အိပ်ရာပေါ်တွင် လှဲနေလေသည်။ အိပ်မပျော်တော့ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ချေ။ ဝူလင်မယားကို မည်သူမျှ မမှတ်မိသောကြောင့် တစ်ခုခုတော့ မှားနေပြီဟုသာ ယူဆနိုင်သည်။



ရုတ်တရက် တံခါးကို စူးစူးရှရှ သံချောင်းများ ခြစ်လိုက်သကဲ့သို့ ဝင်ပေါက်မှ ကုတ်ခြစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဖန်ချန်းသည် မလှုပ်မယှက်ဖြစ်သွားပြီး အမူအရာတောင့်တောင့်ကြီးဖြင့် နားစွင့်နေလိုက်သည်။ ခဏအကြာတွင် ခပ်တိုတိုနှင့် စူးရှသော အော်သံကို ကြားလိုက်ရပြီး ခေါက်သံက ရုတ်တရက် ရပ်တန့်သွားသည်။



သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေသည်။ စက္ကန့်တိုင်း ဖြတ်သန်းလာတိုင်း တစ်စုံတစ်ယောက် ချဉ်းကပ်လာပြီး ပိုနီးကပ်လာသလို ခံစားရတယ်။ 



ဖန်ချန်းသည် သူ့ ခန္ဓာကိုယ်ပေါ်ရှိ အေးမြမှုကို ခံစားနိုင်လုနီးပါးပင်။ ချဉ်းကပ်လာသော လူသည် စောင်ကို မလိုက်ပြီး အိပ်ယာပေါ်တက်လာခဲ့သည်။



ဖန်ချန်း ချက်ချင်း အိပ်ပျော်သွားနိုင်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ... သူသည် သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတွင် သူ့ဘေးက သူနဲ့ဝေူရာသို့ နောက်ပြန်ဆုတ်သွားလိုက်ပြီး နာကျင်မှုနဲ့အတူ အမှောင်ထုထဲကျသွားတော့သည်။



သေလောက်အောင် တိတ်ဆိတ် သွားပြန်ခဲ့တော့သည်။



 အေးစက်ခြင်းမရှိ ပုတ်ဆွေးမြေ့နေခြင်းမရှိတော့ဘဲ ဖန်ချန်းသည် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ကိုယ်သူ မမြင်ရနိုင်သည့် အမှောင်ထုက ဝိုင်းရံထားတာတွေ့လိုက်ရသည် ။



ဖန်ချန်းသည် လာမယ့်နေ့ကို ဘယ်လိုရင်ဆိုင်ရမလဲ ဒါမှမဟုတ် ဘယ်လိုစိတ်ခံစားမှုမျိုးနဲ့ ကျော်ဖြတ်ရမယ်ဆိုတာ မသေချာတော့ချေ....



သူ အိပ်ယာမှထကာ မှန်ကိုကြည့်မဝံ့မရဲကြည့်လိုက်သည်။



အုံ့မှိုင်းသော သူ့ပုံရိပ်က ရောင်ပြန်ဟပ်နေလေသည်။



သူကြုံတွေ့နေတဲ့ဒါတွေက အစစ်အမှန်မဟုတ်ဘူးဆိုရင် သူ ဒီဟာတွေကနေဘယ်လိုနိုးထရမလဲ?



"ကလင်"



ခေါင်းလောင်းသံကို ထပ်မံကြားလိုက်ရပြီး ခဏအတွင်း သူကဒုတိယထပ်၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။



တိုက်ဆိုင်စွာပင် ရွှီဝမ်လောင် သည် သူ့အိမ်မှ ထွက်လာပြီး ဖန်ချန်းရဲ့ အလွန်အခြေအနေဆိုးနေပုံကို မြင်လိုက်ရသဖြင့် ခဏတာ အံ့အားသင့်သွားသည်။



"မစ္စတာ ရွှီ" ဖန်ချန်းသည် စိတ်ကို စုစည်းပြီး နှုတ်ဆက်လိုက်သည်။



ရွှီဝမ်လောင်က ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သားကြား ခဏတာ တိတ်ဆိတ်သွားကြသည်။



ကော်ရစ်ဒါထွက်ပေါက်ကိုရောက်ခါနီးတွင် ဖန်ချန်းသည် ရုတ်တရက် တစ်ခုကိုသတိရသွားသည်။ "အာ ဒါနဲ့ မနေ့က ကော်ရစ်ဒါမှာ အဖြူအမည်း စပ်နဲ့ ခေါင်းလောင်းနဲ့ ကြောင်တစ်ကောင်တွေ့သေးတယ် အဲဒါ ခင်ဗျားကြောင်လားလို့ သိချင်နေတာ"



ရွှီဝမ်လောင်က ထွက်ခွာပြီးဖြစ်သော်လည်း သူ့ပြောတာကိုကြားသောအခါ နောက်ပြန်လှည့်ကာ ခဏရပ်ပြီးနောက် "...မဖြစ်နိုင်ပါဘူး" ဟု ပြန်ပြောလာသည်။



"မဟုတ်ဘူးလား" ဖန်ချန်းက ဒီလိုမမျှော်လင့်ထားဘူး။ "ဒါဆို ဒီနားမှာ ကြောင်တစ်ကောင်ဘယ်သူမွေးတာ ရှိသေးလို့လဲ... အဲ့ကြောင်လေးဘယ်ရောက်သွားတာလဲသိချင်မိတယ်"



ရွှီဝမ်လောင် ထွက်သွားစဉ်မှာပဲ ဖန်ချန်းက သူ့လက်ကောက်ဝတ်ကို တစ်ကြိမ်ထပ်ဆွဲခံလိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ ဖန်ချန်းသည် လန့်မနေတော့ပေ။သူ့မှာ ကြောက်ဖို့ ခွန်အားမရှိတော့ချေ။



 တစ်ဖက်တွင် ဖန်ယင်းယင်းသည် အတော်လေး စိတ်ဆင်းရဲနေပုံရသည်။ သူမသည် ဖန်ချန်း လက်ကောက်ဝတ်ကို အင်အားအနည်းငယ်ဖြင့် ဆုပ်ကိုင်ထားပြီး "ဖန်ချန်း...မစ္စဝူနှင့် မစ္စတာဝူတို့

 နှစ်ရက်လောက် ရှိပြီ ပြန်မလာကြသလိုပဲ... သူတို့မတော်တဆတစ်ခုခုနဲ့ တွေ့နေကြတာများလား?" ဟု မေးလာခဲ့သည်။



ဖန်ချန်းသည် ထိုနေရာတွင်ဘဲ အေးခဲစွာ ရပ်လိုက်မိတော့သည်။