Ch13- စုဝေးခြင်း
ဖန်ချန်းသည် နျဲ့ရှီ ယခင်ကအသုံးပြုခဲ့ဖူးသော ဓားမြှောင်ကို ယူလိုက်ရင်း အနည်းငယ်အေးသောလက်ကိုင်ကို ဆုပ်ကိုင်လိုက်မိသည်နှင့်အမျှ လက်ကိုင်ပေါ်တွင်ထွင်းထားသော အမှတ်အသားများကို လက်မနဲ့ထိတွေ့မိသွားပြီး လက်တွေ့မကျသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဖန်ချန်းသည် နျဲ့ရှီက အံဆွဲကိုဆွဲဖွင့်လိုက်ပြီး ကျည်ကပ်ကို ပစ္စတိုထဲသို့ထည့်လိုက်၍ သေနတ်အိပ်ထဲထည့်ကာ ခါးဘေးတွင်ချိတ်ဆွဲလိုက်သည်ကို ကြည့်နေခဲ့သည်။ နျဲ့ရှီသည် ယခင်က အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် လုပ်ဖူးခဲ့သလိုမျိုး လှုပ်ရှားမှုများနှင့် အစီအစဥ်တစ်ခုလုံးသည် ချောမွေ့နေပြီးသဘာဝကျနေသည်။
ဖန်ချန်း၏ ခန္ဓာကိုယ်သည် အလိုလိုတုံ့ပြန်မိသွားပြီး နောက်ကိုယိုင်သွားမိသည်။ ဒီအခြေအနေမှာ သူကြောက်မိသွားတာကဖြစ်သင့်တာပင် ။ သို့သော်လည်း နျဲ့ရှီက သူ့အား စိုက်ကြည့်လာသည့်အခါတွင်မူ ဖန်ချန်းသည် တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီး သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူ၏စိတ်ထဲက ခေတ္တဆိုင်းငံ့ခံထားရသော တင်းမာမှုများသည် ချက်ချင်းပြန်ရောက်ရှိလာပြီး ထူးထူးခြားခြား ရှုပ်ထွေးသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
နျဲ့ရှီသည် အမြဲတမ်း အမူအရာအနည်းငယ်ကိုသာပြသခဲ့သည်။ သူ၏ သေမင်းတမန်နဲ့တူတဲ့ တိတ်ဆိတ်ပြီး ပြင်းထန်တဲ့ အကြည့်တွေက လူတွေစိတ်မသက်မသာဖြစ်စေသည်... အထူးသဖြင့် တစ်ယောက်ယောက်က တိုက်ရိုက်စိုက်ကြည့်ခံရတဲ့အခါမှာပေါ့... ကံမကောင်းစွာပဲ ဒီအကြောင်းအရာကို သက်သေပြနိုင်တဲ့ လူတွေထဲက တစ်ယောက်ဖြစ်သည့် စောနကအခန်းထဲမှာ ပြင်းထန်စွာစိုက်ကြည့်ခံခဲ့ရတဲ့ ဖန်ယင်းယင်းကဒီမှာမရှိနေပေ။ တစ်ဖက်တွင်မူ ဖန်ချန်းသည် မသိလိုက်စွာဘဲ လက်ဖဝါးမှာ ချွေးသီးများချွေးပေါက်များ ထွက်လာပြီး နျဲ့ရှီက သူ့ကို လှမ်းပစ်ပေးလာတဲ့ ဓားမြှောင်ခွံကိုပင် ဖမ်းဖို့မေ့လုနီးပါးဖြစ်သွားရသည်။
"မင်း...ငါ့ကိုတကယ်ပေးတာလား?" ဖန်ချန်းက နျဲ့ရှီပစ်ပေးလာတဲ့ဓားမြောင်ခွံကို ခါးတွင်ချိတ်လိုက်ပြီး မသေချာမရေရာ မေးလိုက်သည်။
"အင်း"
ထူးဆန်းတဲ့သတ္တဝါများနဲ့ အလောင်းကောင်ကို တွေးမိလိုက်ရင်း ဖန်ချန်းသည် တုန်လှုပ်သွားခဲ့သည်။ အထူးသဖြင့် မနေ့ညကအမဲလိုက်ခံရမလိုဖြစ်ခဲ့သည့်အခြေအနေတွင် ဖန်ချန်းသည် မည်သည့်အရာကိုမျှ ဤဓားမြှောင်ကိုသုံးပြီးတိုက်ခိုက်နိုင်မည်ဟုမထင်ပေ။
နျဲ့ရှီက မီးဖိုချောင်ဘက်သို့ လှည့်သွားတာကိုတွေ့လိုက်ရပြီး ဖန်းချန်က သူတစ်ခြားလက်နက် တစ်ခုခုကိုသွားယူတာဟု ထင်ခဲ့မိလိုက်သည်။ သို့သော် နျဲ့ရှီကရေခဲသေတ္တာကိုဖွင့်လိုက်ပြီး ဒိန်ချဉ်ဘူးနှစ်ဘူးကိုထုတ်ကာ ဖန်ချန်းအား တစ်ဘူး ပေးလာသည်... "နည်းနည်းလောက်လိုချင်လား?"
ဖန်ချန်း ခဏတာမျှ တိတ်ဆိတ်သွားမိသည် ။ ထို့နောက် နျဲ့ရှီ၏အကြည့်အောက်မှာပဲ ဒိန်ချဉ်ဘူးလက်ခံလိုက်ပြီး ပါးစပ်ဖြင့်ကိုက်ကာဖွင့်လိုက်သည်။ နျဲ့ရှီနဲ့အတူ မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် တစ်ဝက်ကို ငုံသောက်လိုက်သည်။ ဖန်ချန်းသည် ခုခံကာကွယ်ဖို့ လက်နက်တွေက သူတို့ နှစ်ယောက်တည်းအတွက်သာရှိနေသေးတာ ရိပ်မိလိုက်ကာ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး "အမ်... ဒါနဲ့..."
*************
"ဖန်ချန်းက ဘာလို့ ပြန်မလာသေးတာလဲ?" ဖန်ယင်းယင်းသည် အံကိုကြိတ်ထားကာ သူများဆံပင်များကိုဆွဲဆုပ်လိုက်သည်။
"အိုး... အခုမှ မိနစ်အနည်းငယ်ပဲရှိသေးတာကို... စိတ်မပူပါနဲ့ ခဏလောက်ထပ်စောင့်ကြရအောင်" ကောင်းချန်က နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ သူလည်း စိတ်မသက်မသာ ခံစားနေရတာကြောင့် ရှဲ့ယင်း အနားပြောင်းထိုင်လိုက်သည်။
ရှဲ့ယင်းသည် အစပိုင်းတွင် ခေါင်းငုံ့ထားသော်လည်း ဆိုဖာအိကျသွားသည်ကို ခံစားမိတာကြောင့် မော့ကြည့်လာသည်။
ကောင်းချန်က "ဟေးး အလှလေး...မင်းဒီမှာ ဘာဖြစ်နေတာတွေကိုဘယ်လိုထင်လဲ? ဒါက အရမ်းကြောက်ဖို့ကောင်းတယ်မလား" လို့မေးလိုက်သည်။
ရှဲ့ယင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒါက အိပ်မက်တစ်ခုလို့ ယုံကြည်ချင်နေတုန်းပဲ... အိပ်ယာနိုးလာတဲ့အခါကျ အိမ်မှာရှိနေတုန်းဖြစ်ချင်ဖြစ်နေမှာ"
ကောင်းချန်ခေါင်းညိတ်သဘောတူသည်.. "မှန်တယ်"
မိုးက ပိုသည်းလာပြီး ကောင်းကင်က တဖြည်းဖြည်း မှောင်မဲလာခဲ့သည်။ ဩဂုတ်လသည် ပူလောင်သောနွေရာသီဖြစ်သော်လည်း ပြတင်းပေါက်မှဝင်လာတဲ့လေများကြောင့် အခန်းတစ်ခန်းလုံး အေးမြနေစေသည်။
အပူချိန် ကျဆင်းမှုကြောင့် ကောင်းချန်သည် ကျက်သီးများထလာခဲ့သည်။ ပြတင်းပေါက်ပိတ်ဖို့ သူထခါနီးမှာပဲ ရှဲ့ယင်းက ရှေ့တစ်လှမ်းတိုးလာကာ ဝရံတာဘက်ကို သွားပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။ သူမ အောက်ကို ငုံ့ကြည့်လိုက်တော့ မိုးရေတွေနဲ့စိုစွတ်နေတဲ့ လမ်းလေးသည် မြူမှုန်တွေကြောင့် မှုန်ဝါးနေသည်။ ရှဲ့ယင်းက သူမလက်ကို မြှောက်ကာပြတင်းပေါက်ကမှန်ကို ထိလိုက်သည်။ဖန်မျက်နှာပြင်ပေါ်တွင် သူမရဲ့ အနီရောင် အဝတ်အစားများက မှိန်ဖျော့ဖျော့ဖျော့ ရောင်ပြန်ဟပ်နေပြီး ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးကိုပြသနေသည်။
"တစ်မြို့လုံး လွတ်သွားသလိုပဲ...ငါတို့ အနည်းစုပဲ ကျန်ခဲ့သလိုမျိုးခံစားရတယ်" သူမရဲ့ ပခုံးများက တသိမ့်သိမ့် တုန်ခါလာသည်။ သူမမျက်လုံးများကိုမှိတ်ထားလိုက်ပြီး နဖူးကို အေးမြနေတဲ့ ပြတင်းပေါက်မှန်ပေါ် ဖိလိုက်သည်.... "ဒါက ပုံမှန်လား?"
ရုတ်တရက်ပင် တံခါးအပြင်ဘက်မှ ပြင်းထန်စွာ ခေါက်သံ ထွက်ပေါ်လာခဲ့သည်။
"ဘန်း ဘန်း ဘန်း"
ကောင်းချန်၏ နှလုံးသားထဲ ဆောင့်ချက်တစ်ခု ရုတ်တရက်ဝင်လာခဲ့သည်။ ဖန်ယင်းယင်းက လန့်ဖျပ်သွားပြီး အော်သံထွက်မိသွားမှာကို ဟန့်တားဖို့ရာ သူမလက်ကို ကိုက်လိုက်သည်။
ရှဲ့ယင်းက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ပြတင်းပေါက်မှန်ပေါ်မှာ လှပကာ သွယ်လျတဲ့ အသွင်သဏ္ဍာန် ပေါ်လာခဲ့သည်။ သူမရဲ့ ရှည်လျားပြီးသွယ်လျှကျဆင်းနေတဲ့ ဆံပင်များက သူမရဲ့ လှုပ်ရှားမှုနှင့်အတူ အိခနဲလှုပ်ရှားသွားသည်။
"ဘယ်သူ..." ကောင်းချန်ကရဲ့စကားတစ်ဝက်ပင်မပြီးသေးဘဲ အပြင်ဘက်မှ အော်သံများထွက်လာခဲ့သည်။
"တံခါးဖွင့်ပေးပါ! အထဲမှာ တစ်ယောက်ယောက်ရှိတယ်မလား တံခါးဖွင့်ပေးပါ!"
ကောင်းချန်တို့အဖွဲ့လည်း တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြပြီး တံခါးပေါက်နားကို သတိထားပာ ချဉ်းကပ်လိုက်ကြသည်။ ဖန်ယင်းယင်း ဆိုဖာပေါ်မှထရန် ကြိုးစားလိုက်သော်လည်း လဲကျသွားတာပြီး ရှဲ့ယင်းက တိတ်တိတ်နေရန် "ရှူး" လို့အချက်ပြကာသတိပေးလိုက်သည်...
"အဆင်ပြေတယ် ဆက်သွားကြည့်ရအောင်" ဖန်ယင်းယင်းရဲ့ သိသာထင်ရှားစွာမြင်နေရတဲ့ တုန်လှုပ်ခြင်းများနဲ့ယှဉ်ရင် ရှဲ့ယင်းရဲ့အသွင်အပြင်သည် တည်ငြိမ်မှုကို ပေါ်လွင်စေသည်။
ကောင်းချန်သည် တံခါးရှိကြောင်မျက်လုံးပေါက်မှချောင်းကြည့်လိုက်ကာ လူနှစ်ယောက်၏ ဦးခေါင်းများကို မြင်လိုက်ရသည်။ သူကပြုံးလိုက်ကာ ရှဲ့ယင်းဘက်ကိုလှည့်လိုက်ပြီး "အိုး အဲ့ဒါက ကျန်းရွေ့နဲ့ ဝမ်ဟွေ့ဝမ်ပဲ" ဟုပြောလိုက်သည်။
ရှဲ့ယင်းက သူ့လေသံထဲမှာ တစ်ခုခုလွဲနေတာကို သတိထားမိလိုက်ပြီး "ဘာဖြစ်လို့လဲ...?"
ကောင်းချန်က ဒေါသတကြီးနဲ့ "သူတို့ စောနက အမြန်ဆုံး ထွက်ပြေးသွားကြတာလေ"ဟုပြောလိုက်သည်။ သူက ထိုလင်မယားနှစ်ယေုက်ကိုယ်လွတ်ရုန်းပြေးသွားတာကိုပဲမှတ်မိပြီး ဒုတိယထပ်တွင်ရှိနေစဉ်က သူကိုယ်တိုင်လည်း ကြောက်ပြီးနံရံကိုအမူအရာမဲ့မှီနေခဲ့ရတာကိုတော့သူမေ့လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်တံခါးအရင်ဖွင့်ရအောင်" ရှဲ့ယင်းသည် ကောင်းချန်၏ တုံ့ပြန်မှုကို အပြည့်အဝနားမလည်တာကြောင့် တံခါးလက်ကိုင်ကို လှည့်ကာ နှစ်ယောက်သားကို အတွင်းဘက်သို့ မဆိုင်းမတွ ဝင်ခွင့်ပြုလိုက်သည်။
ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ် နှစ်ယောက်လုံးသည် သူတို့ရှေ့က တံခါးပွင့်လာပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်သည်နှင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ဝမ်ဟွေ့ဝမ်သည် အထဲကိုဝင်ဝင်ခြင်း ကြမ်းပြင်ပေါ် ဒူးထောက်လဲကျသွားကြပြီး သူမတစ်ကိုယ်လုံး ချွေးများရွှဲနစ်နေကာ အဝတ်အစားများကအရေပြားပေါ်မှာကပ်နေပြီး အထဲကဘရာစီယာပင်မြင်နေရသည်။ကောင်းချန်က သူမကို အကြည့်အနည်းငယ် ခိုးကြည့်လိုက်ပြီး ရှဲ့ယင်းက သူမကြိဆိုဖာပေါ်မှာထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ထိုအချိန်တွင် ကျန်းရွေ့သည် အသက်ကိုအလုအယက်ရှုရန် အလွန်အလုပ်များနေပြီး စကားတစ်ခွန်းမှပင် မပြောနိုင်ပေ။
ဖန်ယင်းယင်းသည် ဘေးတွင် မဝံ့မရဲရပ်နေပြီး ထို အသက်ရှုသံများအောက်တွင် "ဖန်ချန်းက ဘာလို့ ပြန်မလာသေးတာလဲ..."ဟုတိုးညှင်းစွာထုတ်ပြောလာပြန်သည်။
တုန်လှုပ်ချောက်ချားမှုများမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ကျန်းရွေ့က ပထဆုံး "အပြင်မှာ ဘယ်သူမှ မရှိနေဘူး!" ဆိုတာကိုထုတ်ပြောလာသည်။ တခြားသူတွေ၏မျက်နှာပေါ်မှာ သိပြီးသားဆိုတဲ့ အမူအရာတွေကို မြင်လိုက်ရတော့ သူက အသက်ရှုကြပ်သလိုဖြစ်သွားပြီး "ငါတို့ကားမောင်းသွားခဲ့ကြတယ်…"
*************
ဒုတိယထပ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကို တွေ့ပြီးတာနဲ့ ဝမ်ဟွေ့ဝမ်နဲ့ ကျန်းရွေ့တို့ နှစ်ယောက်စလုံးသည် ခရီးဆောင်အိတ်များကို ချက်ချင်းဆွဲကာ ထွက်ပြေးခဲ့ကြတော့သည်။ သူတို့ကိုသေနတ်နဲ့ ချိန်ထားရင်တောင်မှ ဒီလို ငရဲလို နေရာမျိုးမှာ မနေနိုင်တော့ပေ။ ကားက လမ်းပေါ်ကို လှိမ့်ဆင်းလာချိန်မှာတော့ ဝမ်ဟွေ့ဝမ်က အိမ်ပြောင်းကုမ္ပဏီကို ဖုန်းခေါ်ဖို့ကြိုးစားလိုက်သော်လည်း သူမဖုန်းကလိုင်းမမိတော့တာကို တွေ့ခဲ့ရသည်။ သူတို့ ဆက်မောင်းသွားကြပြီးတော့ ကျန်းရွေ့သည် လူရိပ်ပျောက်ကာတိတ်ဆိတ်ငြိမ်သက်နေတဲ့ လမ်းတွေကို သတိထားမိလိုက်သည်။ လမ်းတစ်လျှောက်က ဆိုင်ခန်းမှန်သမျှသည် တံခါးများဖွင့်ထားသော်လည်း လူမပြောနဲ့ ဝိဉာဥ်တစ်စုံတစ်ယောက်ပင် မတွေ့ခဲ့ရပေ။
ဝမ်ဟွေ့ဝမ်က တုန်တုန်ယင်ယင်နဲ့ စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီးမီးညှိလိုက်သည်ာ မကြာခင်မှာပဲ ကားထဲမှာ ဆေးလိပ်နံ့တွေနဲ့ ပြည့်လာခဲ့သည်။ ကျန်းရွေ့သည် မီးခိုးငွေ့များကို ရှူရှိုက်ရင်း စိတ်နည်းနည်းငြိမ်သက်သွားကာ နေ့အလင်းရောင်သည် တဖြည်းဖြည်း မှိန်လာသည်ကို ချက်ချင်း သတိပြုမိသွားသည်။စောစောကမှ သက်သာရာရသွားသော သူ၏မျက်ခုံးမွှေးများသည် ချက်ချင်းပင်တွန့်ကွေးသွားတော့သည်။
ဝမ်ဟွေ့ဝမ်က စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိလာတာကြောင့် စီးကရက်ကို မီးသတ်လိုက်ပြီး "ကျွန်မတို့ အခုဘယ်သွားကြမှာလဲ" ဟု တုန်ယင်နေတဲ့အသံနဲ့မေးလိုက်သည်။ သူမ၏စိတ်သည် စိတ်ပျက်အားငယ်နေကာတုန်လှုပ်ခြောက်ခြားသည့်အခြေအနေတွင်ရှိနေပြီး ဒုတိယထပ်က ပိန်လှီနေတဲ့ သတ္တဝါကြီးနှင့် အမွေးအမှင်များနဲ့အလောင်းများကြောင့် ခြောက်ခြားသွားရသည်။ သူမ မပြန်သွားချင်ပေ... ဒါပေမယ့် သူတို့မှာ တခြားရွေးချယ်စရာတွေရှိလို့လား? ထိုအခိုက်အတန့်မှာပဲ ကောင်းကင်သည် တဖြေးဖြေးမှောင်မဲလာသည်။ ဆက်ပြီး မောင်းနှင်နေပါက မကောင်းဆိုးဝါးများ၏ ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားနိုင်သည်။
သို့သော်လည်း သူတို့ ဘယ်လိုပဲ လွတ်မြောက်ဖို့ ကြိုးစားနေပါစေ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက သူတို့ကို အစမှတ်ကို ပြန်ပြန် ဆွဲခေါ်လာနေပြီး အဲ့နားမှာတင်လည်နေခဲ့သည်။
တခြားရွေးချယ်စရာမရှိတော့တာကြောင့် ကျန်းရွေ့သည် အံတင်းတင်းကြိတ်လိုက်ပြီးကားကို အရှိန်နဲ့ နောက်ပြန်လှည့်လိုက်သည်။ သူတို့ တိုက်ခန်းတွေဆီပြန်ရောက်လာကြပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်ကာ တခြားသူများနဲ့အတူစုဖို့အတွက်တတိယထပ် ခလုတ်ကို ကြိမ်ဖန်များစွာ နှိပ်လိုက်သော်လည်း ခလုတ်က အလုပ်မဖြစ်ပေ။
"ကျွန်မတို့ လှေကားသုံးရမယ်လို့တော့ မပြောနဲ့နော်!!" ဝမ်ဟွေ့ဝမ်သည် အရမ်းတုန်လှုပ်ခြောက်ခြားသွားသည်။ ကော်ရစ်ဒါသည် အေးစက်နေပြီး မိုးရေတွေ စိုစွတ်နေဆဲဖြစ်သည်။ အေးစက်သောပတ်ဝန်းကျင်နှင့် ကြောက်ရွံ့မှုတို့ ပေါင်းစပ်မှုသွားပြီး သူမ၏အတွင်းစိတ်ရှိ ကြောက်စိတ်များ ပြင်းထန်လာသည်။
"လှေကားနဲ့ပဲတက်ကြရအောင်" ကျန်းရွေ့သည် မှောင်စပြုလာတာကြောင့် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး အခြားသူများနှင့် အမြန်ဆုံး ပြန်လည်စုဝေးရန် လိုအပ်လာပြီဟုတွေးလိုက်သည်။
လှေကားကို အတူတူတက်ခဲ့ကြပြီး ဒုတိယထပ်ကို ရောက်သည်နှင့် ဟိုတံခါးက ပွင့်နေသေးသည်ကို သတိပြုမိလိုက်သည်။ သူမရင်ဆိုင်ရမည့်အရာအတွက် ကြိုတင်မပြင်ဆင်ထားရသေးသည့် ဝမ်ဟွေ့ဝမ်သည် နှလုံးက ပါးစပ်ထဲကနေပြန်ထွက်လာမလိုမျိုး ပြင်းထန်စွာခုန်နေတာကိုခံစားလိုက်ရသည်။ သို့သော် ထိုအခန်းထဲတွင် ဘာဆို ဘာမျှမရှိနေတော့ပေ.....
အဝင်လမ်းတစ်ခုလုံး အလွတ်ဖြစ်နေကာကြမ်းပြင်သည်သန့်ရှင်းနေပြီး ကြမ်းပြင်ပေါ်တွင် အလောင်းလည်းမရှိသလို မည်သည့်အမွှေးအမှင်တစ်စလေးမှမရှိနေပေ။
သူမ..တော့ရူးတော့မည်သာ...
**************
သူတို့နှစ်ယောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့လက်နက်တွေရှိပြီးသားဖြစ်တာကြောင့်ဖန်ချင်းသည် နျဲ့ရှီအိမ်က နောက်ထပ်မီးဖိုချောင်သုံး ဓားတစ်ချောင်းကို အဖွဲ့ဆီ ပေးရန် ယူလိုက်သည်။
ဖန်းချန်းက သူ့လက်ထဲက မီးဖိုချောင်သုံးဓားကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ နျဲ့ရှီက ဖန်ချန်းကိုယ်တိုင် ဓားကိုကိုင်ထားဖို့ ဝန်လေးနေတယ်လို့တွေးလိုက်ပြီး လက်လှမ်းလိုက်သည့်အချိန်တွင် ဖန်ချန်းကလက်ရှောင်လိုက်သည်။
နျဲ့ရှီ စိတ်ရှုပ်သွားသည်။
ဖန်ချန်းက "ငါပဲ ကိုင်ထားလိုက်မယ်" ဟု ခြောက်ကပ်စွာ ပြန်ဖြေလိုက်သည်။ သူက ဓားကိုလှန်လိုက်ပြီး ဈေးနှုန်းကို ဖြုတ်လိုက်သည်။
နှစ်ယောက်သား ဘေးချင်းကပ်ကာ ကော်ရစ်ဒါတွင်လျှောက်လာခဲ့ကြသည်။ ဖန်ချန်းသည် ခေါင်းငုံ့ကာ အတွေးများနေသဖြင့် ခြေလှမ်းအနည်းငယ် နှေးကျန်ခဲ့သည်။ နျဲ့ရှီက ချက်ခြင်းရပ်လိုက်ပြီး ဘေးဘက်ကို လှည့်ကြည့်လိုက်သည် ။
"ဟမ်? ဘာဖြစ်တာလဲ? ဘာလို့ရပ်လိုက်တာလဲ" ဖန်ချန်းက ခေါင်းကိုမြှောက်ပြီး မေးလိုက်သည်။
လေကောင်းလေသန့်ရဖို့ ပြတင်းပေါက်ကိုဘယ်သူမှအလုပ်ရှုပ်ခံပြီးမဖွင့်ကြတာကြောင့် ကော်ရစ်ဒါသည် အမြဲလိုလို ပူလောင်နေသည်။ ဖန်ချန်းသည် ချွေးနံ့လို့ထင်ရတဲ့ ချဉ်စုတ်စုတ်အနံ့နဲ့ ငါးညှီနံ့တစ်ခုက လေထုထဲတိုးဝင်လာတာကိုခံစားလိုက်ရသည်။
နျဲ့ရှီက ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက် သူ့အကြည့်တွေကို အမြန်ပြန်ရုတ်လိုက်ပြီး "ဘာမှမဟုတ်ဘူး...သွားကြရအောင်"
ဖန်ချန်းသည် နျဲ့ရှီရဲ့နောက်က ကပ်လိုက်လာပြီးလှေကားနှစ်ထစ်ဆင်းလိုက်သည်။ စူးစမ်းချင်စိတ်ကြောင့် ခေါင်းကို တစ်ချက်မော့ကြည့်ရန် ရုတ်တရတ် ဆန္ဒရှိခဲ့သော်လည်း ချက်ခြင်းပင် နျဲ့ရှီက ခေါင်းကို ဆွဲလာခဲ့သည်... "ဆက်သွားကြမယ်" နျဲ့ရှီအနည်းငယ် ဩရှပြီး အေးစက်သောခပ်နိမ့်နိမ့်အသံသည် ဖန်ချန်းရဲ့နားထဲမှာ ပဲ့တင်ထပ်သွားသဖြင့် ခေါင်းသည်ခေတ္တထုံထိုင်းသွားကာ "မြောင်" ဆိုသောအသံကိုမကြားနိုင်ခဲ့ပေ။
လက်တစ်စုံက သူတို့ခေါင်းထက်က လက်ရန်းကို ဆုပ်ကိုင်လျက်ရှိသည်။ ထိုအရာသည်ခေါင်းကို ဘေးစောင်းကာငုတ်တုပ်ပုံစံဖြင့် လှေကားပေါ်တွင် ဝပ်နေသည်။ လှေကားလက်ရမ်းများကြားတွင် ခေါင်းတစ်ခုက ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အပြည့်ဖြစ်နေသော မျက်လုံးများက ထင်ရှားပေါ်လွင်လာခဲ့သည်.......
ဖန်ချန်းသည် ခေါင်းငုံ့ခံထားရသဖြင့် နောက်တစ်ကြိမ် ထပ်ကြည့်လို့မရတော့ပေ။နျဲ့ရှီ၏ တံတောင်ဆစ်သည် သူ့နောက်ကျောကို ဖိထားပြီးလက်ဖဝါးကြီးသည် သူ့ခေါင်းကိုအုပ်ထားလျက်ရှိသည်။ သူ့လက်နောက်တစ်ဖက်က ဖန်ချန်းပခုံးပေါ် တင်ထားပြီး ဖန်ချန်းသည် သူ့ရင်ခွင်ထဲကို လုံးလုံးလျားလျား ကျရောက်နေသည်။ ထို့နောက် နျဲ့ရှီက ကောင်းချန်၏တံခါးဖွင့်လိုက်ပြီး ဖန်ချန်းသည် အခန်းထဲတွန်းထည့်ခံလိုက်ရသည်။
တိုက်ခန်းထဲမဝင်မီတွင် နျဲ့ရှီသည် သူ့အကြည့်များကို အပေါ်ထပ်သို့ ပို့လိုက်သည်။ လှေကားထစ်သည် ယခုအခါ ဗလာဖြစ်နေသော်လည်း မနှစ်မြို့ဖွယ်ကောင်းသော အနံ့အသက်ဆိုးများက လေထဲတွင် ဝဲနေသေးသည်။
ဖန်ချန်းကဘာမှ မမြင်ရသော်လည်း နျဲ့ရှီ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုက သူ့ နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေကာ ကောင်းချန်စကားပြောလာသည်ကိုပင် မကြားလိုက်သည်အထိ ဖြစ်သွားသည်။
"ဖန်ချန်း?" ကောင်းချန်က "မင်းဘာလို့ မီးဖိုချောင်သုံးဓားကို ကိုင်ထားရတာလဲ?" ဟုမေးလိုက်သည်။
ဖန်ချန်းလည်း သတိပြန်ဝင်သွားပြီး နှုတ်ခမ်းကိုကိုက်လိုက်ကာ မီးဖိုချောင်သုံးဓား၏ ချွန်ထက်သောအစွန်အဖျားကို လူအများရှေ့ကို ကြောင်အစွာထိုးပေးလိုက်မိသည်။
ကောင်းချန်က ရှောင်လိုက်ပြီး "ဖန်ချန်း ဘာလုပ်တာတုန်းဟ"
ဒါမှသာ ဖန်းချန်လည်း သတိဝင်သွားပြီး ဓားကိုပြန်လှည့်ကာ လက်ကိုင်ကို ထိုးပေးလိုက်သည်... "ကိုယ့်ကိုကိုယ် ကာကွယ်လို့ရအောင်လို့"
ကောင်းချန်သည် ဖန်ချန်း၏ခါးပေါ်ရှိ ဓားမြှောင်ကို ငုံ့ကြည့်ပြီးနောက် သူ့လက်ထဲက မီးဖိုချောင်သုံးဓားကို ကြည့်လိုက်သည်... "ဒါက တကယ်လိုအပ်လို့လား? ပြီးတော့ ဖန်ချန်း မင်းမျက်နှာပေါ်က အမူအရာကို သုတ်လိုက်ပါအုံး.. မသိရင် မင်းကသူရဲကောင်းဆန်ဆန် ယဇ်ပူဇော်မှုကိုခံလိုက်ရတယ်လို့တောင် ထင်စရာကောင်းနေတယ်"
"ကျွန်မ ကိုပေး..." ရှဲ့ယင်းက ဖန်ချန်းဘက်သို့ လှည့်ကာ ရုတ်တရက်ဝင်ပြောလာသည်။ "တစ်ခုခုရှိတာက ဘာမှမရှိတာထက်တော့ ပိုကောင်းတယ်" သူမက လှပပြီး အနီရောင် ဆိုးထားသောလက်သည်းများရှိသည့် သေးသွယ်ပြီး ဖြူဖွေးတဲ့ လက်နှင့် မီးဖိုချောင်ဓားကို ယူလိုက်သည်။
ထိုအချိန်တွင်ပင် ဖန်ချန်းသည် တိုက်ခန်းထဲတွင် လူသစ်နှစ်ယောက်ဖြစ်သည့် ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ်ရှိနေတာကို သတိထားမိလိုက်သည်။ ဖန်ချန်း နှင့် နျဲ့ရှီကိုတွေ့လိုက်ကြတော့ ရှက်ရွံ့စိတ်နဲ့အတူ ကျေနပ်စွာပြုံးပြလာကြသည်။
"ကျန်းရွေ့ နဲ့ ဟွေ့ဝမ်က မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြခဲ့တယ်.. ညကကြားရတဲ့ ရုန်းရင်းဆန်ခတ်အသံတွေက တကယ့်အစစ်ပဲကိုး... "ရှဲ့ယင်း မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့သည်။ သူက တခြားသူတွေထက် အခြေအနေကို ပိုမြန်မြန်လက်ခံလိုက်ပုံရသည်။
“နောက်ပြီးတော့ ဒုတိယထပ်မှာ… ဘယ်သူမှ မရှိတော့ဘူး...ငါတို့ အပေါ်ထပ်ကို တက်လာတော့ တံခါးက ပွင့်နေပေမယ့် အထဲမှာ ဘာမှမရှိတော့ဘူး” ဟု ဝမ်ဟွေ့ဝမ်က တုန်လှုပ်စွာ ဆိုလာသည်။
လက်နှင့်ခြေများကတုန်ယင်နေသည်မှာအကြောက်တရားကနေ မသက်သာသေးကြောင်း ထင်ရှားတဲ့ လက္ခဏာတစ်ခုပင်...
"ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ထားလိုက်ရအောင်။ ညဘက်ရောက်ရင် ဒီမကောင်းဆိုးဝါးတွေကထွက်လာအုံးမလားမသိဘူး..." ရှဲ့ယင်းက မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမသည် သာမန်လူထက် ရဲရင့်နေသည်။
ဖန်ချန်းသည် ယခုအချိန်တွင် နျဲ့ရှီ၏မျက်နှာတွင် မည်သည့်အမူအရာရှိမည်ကို သိချင်လာသည်။ သူလှည့်ကြည့်လိုက်တော့ နျဲ့ရှီက ခေါင်းငုံ့ထားကာ မျက်လုံးများမှိတ်ထားပြီး အခြားသူများပြောနေသည့်စကားကို လုံးဝဂရုမစိုက်နေတာကိုတွေ့လိုက်ရသည်။
ကောင်းချန်က "အရင်ဆုံး ဧည့်ခန်းထဲကိုသွားရအောင်၊ ပြီးမှ ငါတို့ သေချာဆွေးနွေးကြမယ်"ဟုဆိုလိုက်သည်။
ဖန်ချန်းက နျဲ့ရှီ၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး "ဘာလို့လဲ ပင်ပန်းနေလို့လား?"
နျဲ့ရှီက မျက်လုံးအနည်းငယ်ဖွင့်လာပြီး ခေါင်းကို ခါယမ်းပြလာကာ ခပ်တိုးတိုးအသံဖြင့် "ဘာမှမဖြစ်ဘူး"ဟုပြောလာသည်။
"မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား"
နျဲ့ရှီ၏ မျက်နှာအသွင်အပြင်သည် အေးစက်ပြီး ပြတ်သားသောအသွင်အပြင်ရှိသော်လည်း သူ့မျက်လုံးများကမူ ခြားနားစွည နူးညံ့သိမ်မွေ့မှုကို ပိုင်ဆိုင်ထားသည်။ မျက်တောင်တစ်ခုချင်းစီကစင်းကျနေပြီး မျက်လုံးများကသိမ်မွေ့နေသည်။ သူကမျက်လုံးများပြန်မှိတ်သွားကာ ပင်ပန်းနွမ်းနယ်နေတဲ့ အသံဖြင့် ခေါင်းမာစွာပြောလာသည်။
"မပင်ပန်းဘူး"
ဖန်ချန်းက ရုတ်တရက် နျဲ့ရှီ၏ခေါင်းလေးကို ပွတ်သပ်ပေးချင်စိတ်ကို ဖြစ်သွားသည်။နျဲ့ရှီသည် နူးညံ့သိမ်မွေ့သူတစ်ယောက်လိုမျိုး အသွင်အပြင်မရှိသော်လည်း....
သူစဉ်းစားနေစဉ်မှာပဲ ရုတ်တရက် သူ့လက်သည် အဆွဲခံလိုက်ရပြီး သူ့အတွေးများကို အနှောင့်အယှက်ပေးလာသည်။ သူလှည့်ကြည့်လိုက်တော့ ဖန်ယင်းယင်း၏ မျက်ရည်စများဖုံးလွှမ်းနေသည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
စောနကအထိ ပိတ်နေခဲ့သော နျဲ့ရှီ၏မျက်လုံးများသည် ယခုအခါ အပြည့်အဝ ပွင့်လာခဲ့တော့သည်။